← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇)

ပရိုမိုးရှင်းဆင်းခြင်း

နောက်ဆုံးတွင် ယဲ့ယီသည် သူမ ထိုင်ခုံကို ဖယ်ပေးလိုက်မှသာ ထိုကိစ္စမှာ ပြေလည်သွားခဲ့၏။ ကုစဲ့မှာမူ အလွန်အမင်း စိတ်ပျက်အားငယ်နေသော မျက်နှာလေးဖြင့် မိန်းကလေးငယ်နှစ်ဦး၏ကြားတွင် မတတ်သာဘဲ ထိုင်လိုက်ရလေသည်။

ချန်ဟောင်ယုကလည်း မန်ဇီထုံ ဘေးတွင် ထိုင်ရန် ဇွတ်အတင်းတောင်းဆိုနေသဖြင့် နောက်ဆုံးတွင် ကလေးလေးယောက် စလုံးမှာ တစ်စုတစ်ဝေးတည်း ထိုင်မိလျက်သား ဖြစ်သွားကြတော့၏။

ကံကောင်းထောက်မစွာ သူတို့အားလုံးမှာ မူလတန်းအရွယ်များ ဖြစ်သောကြောင့် အမြဲတစေ ဂရုစိုက်ပေးနေရန် မလိုပေ။ သို့မဟုတ်ပါက ထိုအခြေအနေမှာ အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်နေပေလိမ့်မည်။

ကုစဲ့၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာလေးကို မြင်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်အပိုင်းရှိ အင်တာနက်အသုံးပြုသူများက သူ၏ ကံကောင်းမှုကို မသိလေစွ ဟု ဝိုင်းဝန်းရေရွတ်နေကြတော့သည်။

ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် ကျန်ရှိသည့် စားသောက်ချိန်သည် အနှောင့်အယှက်ကင်းစွာ ကုန်ဆုံးသွားခဲ့သည်။ အပေါ်ယံကြည့်လျှင် အလွန်ပင် သဟဇာတဖြစ်လှသည်။ ဒါရိုက်တာဖြစ်သူမှာ စိတ်အေးလက်အေး ဖြစ်ခါစ ရှိသေး၏၊ မျှော်လင့်မထားသည့် အရာတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြန်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုသို့ မှတ်ချက်များစွာ တရဟော ဝင်ရောက်လာခဲ့ကြသည်။

[အားလုံးပဲ အွန်လိုင်းပေါ် အမြန်သွားကြည့်ကြပါဦး။ သတင်းအကြီးစားကြီး တက်နေပြီဟေ့]

[မြန်မြန်... မြန်မြန်... သတင်းထူးနားထောင်ချင်တဲ့ ညီမလေးတို့ အခုပဲ အွန်လိုင်းကို ဖွင့်ကြည့်လိုက်ကြတော့]

[ဒါကတော့ တကယ့်ကို ပေါက်ကွဲစေမယ့် ကိစ္စပဲ။ ကမ္ဘာပျက်မတတ် အတင်း တွေဟ]

[ဖျော်ဖြေရေးလောကရဲ့ တုန်လှုပ်ချောက်ချားစရာ အရှုပ်တော်ပုံကြီးပဲ]

ဒါရိုက်တာဖြစ်သူမှာ ဖန်သားပြင်ပေါ်ရှိ ပြည့်နှက်နေသော မှတ်ချက်များကို ကြည့်ပြီး ဒေါသထွက်သွားလေ၏။

‘ဘယ်ကောင်က ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို နှောင့်ယှက်ဖို့ အင်တာနက်ဂျလေဘီတွေ ငှါးထားတာလဲ’

သို့သော် သူကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာကို ဖွင့်ကြည့်လိုက်၏။ ထိပ်ဆုံးတွင် ရေပန်းစားနေသော သတင်းခေါင်းစဉ်များကို မြင်လိုက်ရသည့်အခါတွင်မူ အမြင်များ ဝေဝါးသွားကာ ထိုင်ခုံပေါ်ကနေ လဲကျလုမတတ် ဖြစ်သွားရလေသည်။

#နာမည်ကြီးအမျိုးသမီး အဆိုတော်က ညကလပ်မှ အမျိုးသားဖျော်ဖြေရေးသမားတစ်ဦးကို မွေးထားသည်#

#အံ့အားသင့်ဖွယ်ရာ၊ မန်ဇီထုံ၏ ဖခင်မှာ အမှန်စင်စစ် သူဖြစ်နေသည်#

#နာမည်ကြီးအမျိုးသမီးအဆိုတော် မန်ရှင်း၏ ဖုံးကွယ်ထားသော အတိတ်

တုန်ရီနေသော လက်များဖြင့် ဒါရိုက်တာသည် လင့်ခ်ကို နှိပ်ကြည့်လိုက်သည်။ အတင်းအဖျင်း သတင်းများကို အထူးပြုတင်ဆက်သည့် ဘလော့ဂါတစ်ဦး မန်ရှင်း၏ ကိုယ်ရေးကိုယ်တာဘဝမှာ အလွန်ပင် ရှုပ်ထွေးပွေလီကြောင်း သူမ အထက်တန်းကျောင်းသူဘဝက ကိုယ်ဝန်ဖျက်ချခဲ့ဖူးကြောင်း၊ ညကလပ်များသို့ ခဏခဏ သွားရောက်လေ့ရှိပြီး မကြာသေးမီကပင် ညကလပ်မှ အမျိုးသား ဖျော်ဖြေရေးသမားတစ်ဦးကို ထောက်ပံ့ခေါ်ယူထားကြောင်း ထုတ်ဖော် ထားလေ၏။

ထိုဘလော့ဂါသည် မန်ရှင်း ညကလပ်တစ်ခုတွင် ရှိနေသည့် ဗီဒီယိုတစ်ခုကိုလည်း တင်ပေးခဲ့သည်။ ထိုဗီဒီယိုထဲတွင် သူမသည် အပေါ်ပိုင်းကိုယ် တုံးလုံးဖြင့် အမျိုးသားဖျော်ဖြေရေးသမား လေးငါးဦး၏ ဝန်းရံခြင်းကို ခံနေရပြီး နောက်ဆက်တွဲ မြင်ကွင်းများမှာလည်း ကြည့်ရဆိုးလှသည့် မြင်ကွင်းများသာ ဖြစ်လေသည်။

မန်ဇီထုံ၏ နောက်ခံသမိုင်းကြောင်းမှာလည်း အင်တာနက် အသုံးပြုသူများကို တုန်လှုပ်စေခဲ့၏။ ထိုဘလော့ဂါသည် မန်ရှင်း ကိုယ်ဝန်ဆောင်စဉ်က အမျိုးသားတစ်ဦးနှင့်အတူ ကိုယ်ဝန်ဆောင်စစ်ဆေးမှု သွားရောက်ပြုလုပ်နေသည့် ဓာတ်ပုံတစ်ပုံကို တင်ပေးခဲ့သည်။ ထိုဓာတ်ပုံထဲမှ အမျိုးသားမှာ ယခင်က အလွန်ပင် ရေပန်းစားခဲ့သည့် ထိပ်တန်းအိုင်ဒေါဟောင်းတစ်ဦး ဖြစ်နေပြန်၏။

အရေးအကြီးဆုံးအချက်မှာ သူ့ဇနီးမှာ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူသည် အိမ်ပါသမက်ဖြစ်နေလေ၏။

မန်ဇီထုံ၏ အသက်အရွယ်အရ တွက်ချက်ကြည့်ပါက ထိုအမျိုးသား အိမ်ထောင်ကျပြီးနောက်မှ မန်ဇီထုံကို ကိုယ်ဝန်ရရှိခဲ့ခြင်းဖြစ်သောကြောင့် ၎င်းမှာ အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခု ဖြစ်နေခဲ့သည်။

‘ဘုရားရေ...’

လိုင်းပေါ်ကပို့စ်များမှာ အလွန်ပင် အုတ်အော်သောင်းနင်း ဖြစ်နေသကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်အပိုင်းမှာလည်း အလားတူပင် ဖရိုဖရဲ ဖြစ်နေတော့သည်။

ဒါရိုက်တာသည် ကင်မရာဆရာအား မန်ရှင်းနှင့် မန်ဇီထုံတို့ ရိုက်ကူးနေခြင်းကို ရပ်တန့်ရန် ညွှန်ကြားလိုက်ပြီး သူတို့နှစ်ဦးကို ဘေးသို့ ခေါ်ထုတ်သွားရန် လူတစ်ယောက်ကို စေလွှတ်လိုက်၏။

ကံကောင်းထောက်မစွာ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်နေသောကြောင့်သာ တော်တော့သည်။ သို့မဟုတ်ပါက ယနေ့ ရိုက်ကူးမည့် ဇာတ်သိမ်းပိုင်းကို ဆက်လက် ရိုက်ကူးနိုင်တော့မည် မဟုတ်ပေ။

ဝန်ထမ်းများက သူတို့ကို ခေါ်ထုတ်မသွားမီ တစ်စက္ကန့်အလိုအထိ မန်ရှင်းသည် ချန်ထျန်မင်းနှင့် စကားပြောနေဆဲဖြစ်၏။ လန်ရွှယ်ကိုလည်း ရန်စသော အကြည့်များဖြင့် ကြည့်နေခဲ့သေးသည်။

လန်ရွှယ်သည် ဝန်ထမ်းများက မန်ရှင်းနှင့် မန်ဇီထုံတို့ကို ခေါ်ထုတ်သွားသည်ကို မြင်လိုက်ရသည်နှင့် လျုံရုံကို ခိုင်းထားသည့် ကိစ္စမှာ အောင်မြင်သွားပြီ ဖြစ်ကြောင်း လန်ရွှယ် သိလိုက်သည်။ ထို့ကြောင့် စိတ်ထဲတွင် ချက်ချင်းလက်ငင်း ကြည်နူးသွားလေတော့သည်။

သို့သော်လည်း သူမ စိတ်ထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်လိုက်ပြီး အပြင်ပန်းတွင်မူ ဘာမှမသိသလို ဟန်ဆောင်နေလိုက်၏။

မန်ရှင်း ဒါရိုက်တာရှေ့သို့ ခေါ်ဆောင်လာခြင်း ခံရသည့်အချိန်အထိ လုံးဝ ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။

“ဒါရိုက်တာ ဒါ ဘာအတွက်လဲဟင်”

ဒါရိုက်တာသည် သူ့ဒေါသကို ထိန်းချုပ်ရင်း ဖုန်းကို မန်ရှင်းအား ပေးလိုက်သည်။ ဖုန်းထဲမှ အကြောင်းအရာများကို မန်ရှင်း မြင်လိုက်ရသည့်အခါတွင်မူ ခြေဖျားလက်ဖျားများ အေးစက်လာပြီး တတွတ်တွတ် ရေရွတ်နေမိတော့၏။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီအကြောင်းတွေကို ဘယ်သူက သိနိုင်မှာလဲ”

ဒါရိုက်တာမှာ မန်ရှင်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ အပြီးသတ်သတိပေးချက်ကို ထုတ်ပြန်လိုက်လေ၏။

“မင်း ဒီအစီအစဉ်ရဲ့ ကျန်တဲ့အပိုင်းတွေကို ဆက်ပြီး ရိုက်ဖို့ မလိုတော့ဘူး။ နောက်ဆက်တွဲကိစ္စတွေကို မင်းရဲ့မန်နေဂျာနဲ့ ဆွေးနွေးဖို့ ငါလူလွှတ်လိုက်မယ်”

“ဒါရိုက်တာ... နာရီပိုင်းလောက်ပဲ ကျန်တော့တာပါ။ တောင်းပန်ပါတယ်၊ ဒီနောက်ဆုံးနာရီပိုင်းလေးကိုပဲ ရိုက်ကူးခွင့်ပေးပါနော်”

မန်ရှင်းသည် အသနားခံနေမိသည်။ သူမသည် ချန်ထျန်မင်းထံသို့ သွားရန် အသည်းအသန် ဖြစ်နေရှာသည်။ အကြောင်းမှာ သူမကို ကယ်တင်နိုင်မည့်သူမှာ သူတစ်ဦးတည်းသာ ရှိတော့သည်ဟု ယူဆထားသောကြောင့်ပင်။

“မန်ရှင်း ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ကား စီစဉ်ထားပြီးပြီ”

ဒါရိုက်တာသည် အလွန် စိတ်တိုနေသည်။ သို့သော် သူ၏ စိတ်ရှည်သည်းခံတတ်သည့် စရိုက်ကြောင့် မန်ရှင်းကို ဆူပူကြိမ်းမောင်းခြင်း မပြုပေ။

အခြေအနေများက တော်တော်လေး ဆိုးရွားနေသဖြင့် အစီအစဉ် ရိုက်ကူးမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ချန်ထျန်မင်းအား သွားရောက်ရှာဖွေရန် သူမ ဆုံးဖြတ်လိုက်တော့သည်။

မန်ဇီထုံမှာမူ သူမနှင့် မိခင်ဖြစ်သူမှာ အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာသွားရသည်ကို နားမလည်နိုင်ဘဲ အပြစ်ကင်းစွာ မေးလိုက်၏။

“မေမေ... သမီးတို့ ဘာလို့ ပြန်ရမှာလဲ။ အစီအစဉ်က ရိုက်နေတုန်းပဲ မဟုတ်လား”

မန်ရှင်းသည် သူမကို ပြန်လည်ဖြေကြားရန် စိတ်မပါတော့ပဲ ငေါက်ငမ်းလိုက်သည်။

“ကလေးဆိုတာ လျှာမရှည်ရဘူး”

မန်ဇီထုံကို ကြည့်လိုက်တိုင်း သူမသည် ထိုအမျိုးသမီးကို သတိရမိနေသည်။ အကယ်၍ ထိုအမျိုးသမီးသာ သူမ ခိုးကြောင်ခိုးဝှက်ဖြင့် ကလေးတစ်ယောက် မွေးဖွားထားသည်ကို သိသွားခဲ့ပါက သူမကို လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

ဒါရိုက်တာသည် ကျန်ရှိနေသည့် ဧည့်သည်များကို ရှင်းပြလိုက်ရသည်။

“ရုတ်တရက် အရေးပေါ်ကိစ္စ ပေါ်ပေါက်လာတာကြောင့် မန်ရှင်းက ကျန်တဲ့ရိုက်ကူးရေးမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”

လန်ရွှယ် မည်သူမျှ မမြင်နိုင်သည့်နေရာတွင် ယုတ်မာစွာ ပြုံးလိုက်လေ၏။

ချန်ထျန်မင် ဇဝေဇဝါဖြင့် ဘာဖြစ်သွားသည်ကို မေးခွန်းထုတ်ခဲ့သေး၏။ သို့သော် ဒါရိုက်တာသည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသည်ကို တွေ့ရသဖြင့် ဆက်လက် မမေးမြန်းတော့ပေ။

သို့သော်လည်း မှတ်ချက်အပိုင်းရှိ အင်တာနက်အသုံးပြုသူများကမူ သူ၏မေးခွန်းကို တက်ကြွစွာ ဖြေကြားပေးနေကြလေ၏။

[ရှင် ရိုက်ကူးရေး ပြီးသွားရင် သိရပါလိမ့်မယ်]

[လူလေး... မသိသင့်တဲ့ အရာတွေကို လိုက်မမေးပါနဲ့]

[မန်ရှင်းက လန်ရွှယ်ကို တကယ်ပဲ ဖယ်ထုတ်နိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ သူ ဒီလောက်မြန်မြန် ပြုတ်သွားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ လန်ရွှယ်နဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ်။ သူပဲ နောက်ကွယ်က ကြိုးကိုင်နေတာ ဖြစ်မယ်]

[ဒီထုတ်လုပ်ရေးအဖွဲ့က လူရွေးတာ တကယ်ကို တော်တာပဲ။ ပထမဆုံး သွမ့်ဟွေကျို၊ အခုတော့ မန်ရှင်း။ သူတို့က ဖောက်ပြန်တဲ့ ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမ နှစ်ယောက်လုံးကို စုစည်းပေးလိုက်တာပဲ]

[ဒါရိုက်တာကတော့ လူကဲခတ် တကယ်တော်တာပဲ။ ယဲ့ယီတစ်ယောက်ပဲ အခုထိ အရှုပ်တော်ပုံ မရှိသေးတာ။ ငါက အစက ဖြစ်ချင်းဖြစ် သူပဲအရင်ဆုံးဖြစ်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ သူက အဆုံးသတ်မှာ နိုင်သွားမယ်လို့]

ဒါရိုက်တာမှ တိတိကျကျ ထုတ်မပြောသော်လည်း ယခင်ဘဝက ဖျော်ဖြေရေးလောကတွင် ကျင်လည်ခဲ့သည့် အတွေ့အကြုံများအရ မန်ရှင်း တစ်ခုခု ဖြစ်သွားမှန်း ယဲ့ယီ သိလိုက်၏။

သို့သော်လည်း ၎င်းမှာ သူမနှင့် ပက်သက်မှုမရှိ သူမ ကိစ္စလည်း မဟုတ်သဖြင့် သူမအနေဖြင့် စိုးရိမ်ပူပန်နေစရာ မလိုပေ။

မန်ဇီထုံ ထွက်ခွာသွားပြီးနောက် သွမ့်ကျားကျားသည် ကုစဲ့ကို အောင်မြင်စွာ လက်ဝါးကြီးအုပ်နိုင်သွားသည်။ သူတို့နှစ်ဦးစလုံးသည် ချန်ဟောင်ယုနှင့် မကစားလိုသဖြင့် ချန်ဟောင်ယု တစ်ဦးတည်းသာ အထီးကျန်စွာ ကျန်ရစ်တော့၏။

နေ့လယ်စာ စားပြီးနောက် ထုတ်လုပ်ရေးအဖွဲ့က သူတို့အား သစ်သီးခြံအတွင်း လှည့်လည်ကြည့်ရှုရန်နှင့် သစ်သီးခြံ၏ စိုက်ပျိုးရေးထွက်ကုန်များကို ကြော်ငြာပေးရန် စီစဉ်ပေးသည်။

အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီမှာပင် ညသို့ ရောက်ရှိလာလေပြီ။

အစီအစဉ်၏ နောက်ဆုံးနေ့တွင် အသေးအဖွဲ အနှောင့်အယှက်လေးများ ရှိသော်လည်း ထုတ်လုပ်ရေးအဖွဲ့က သူတို့အတွက် နှုတ်ဆက်ပွဲလေးတစ်ခုကို စနစ်တကျ ပြင်ဆင်ပေးသည်။

ထို့ပြင် ဒါရိုက်တာသည် ယဲ့ယီနှင့် လန်ရွှယ်တို့အား သူတို့သက်ဆိုင်ရာ ရုပ်ရှင်ကားများကို ကြော်ငြာရန် အထူးအခွင့်အရေး ပေးသေး၏။

လန်ရွှယ် ပထမဆုံး စတင်ခဲ့သည်။ သူမသည် ကင်မရာကိုကြည့်ကာ ချိုသာသော အပြုံးပန်းတစ်ပွင့် ကို ဆင်မြန်းလိုက်၏။

“ဟိုင်ထျန်ဖျော်ဖြေရေး ရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ ‘သန်ခေါင်ယံမှ ခေါင်းလောင်းသံ’ ကို ဒီည ကိုးနာရီမှာ တရားဝင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ သွားရောက်အားပေးကြဖို့ မျှော်လင့်ပါတယ်။ ဆယ်နာရီမှာတော့ ကံထူးရှင်အချို့ကို ရွေးချယ်ပြီး လျှို့ဝှက်ထူးခြားတဲ့ ဆုကြီးတွေကို ပေးအပ်သွားဦးမှာပါရှင်”

[အရမ်း စိတ်လှုပ်ရှားနေပြီ၊ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး]

[ငါ့ရဲ့ လန်ရွှယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကို ပြန်မြင်ရတော့မယ်။ တကယ်ကို မျှော်လင့်မိတယ်၊ ဒါဟာ သူ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ပဲ]

[ဆုကြီးကို တကယ်လိုချင်တာပဲ။ လန်ရွှယ်ရဲ့ လက်မှတ်ပါတဲ့ ဓာတ်ပုံ ပါတယ်မလား။ သူ့လက်မှတ်ကို တကယ် ရချင်တာ]

ယဲ့ယီအလှည့် ရောက်သောအခါတွင်မူ သူမက ရိုးရှင်းစွာပင် ပြောကြားခဲ့၏။

“ပရိသတ်ကြီးတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

[ယဲ့ယီကတော့ မာန်တက်လွန်းနေပြန်ပြီ။ ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ ပြောရအောင် သူ ဘယ်လောက်တောင် ယုံကြည်မှု ရှိနေလို့လဲ]

[နင်တို့ကလည်း အူကြောင်ကြောင်နိုင်လိုက်တာ။ မျှော်လင့်ချက်မရှိရင် စိတ်ပျက်စရာက ဘယ်မှာရှိမှာလဲ။ ငါထင်တာကတော့ သူ လူတွေကို ကြည့်ချင်လာအောင် တမင်လုပ်နေတာ]

[ယဲ့ယီ ဘယ်လို အမှိုက်မျိုးကို ရိုက်ကူးထားလဲဆိုတာ ငါကြည့်ချင်သေးတယ်။ ရယ်ရလွန်းလို့ သေသွားမှာကိုပဲ ကြောက်မိတယ်]

[ဘယ်ရုပ်ရှင်က ဝင်ငွေပိုရမလဲဆိုတာကိုပဲ ငါ ပိုစိတ်ဝင်စားတယ်။ ဒီရုပ်ရှင်နှစ်ကားက စရိုက်ကတည်းက တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်နေကြတာလေ]

အင်တာနက် အသုံးပြုသူများမှာ ထိုရုပ်ရှင်နှစ်ကား ရုံတင်ပြသတော့မည့်အချိန်ကို အသည်းအသန် မျှော်လင့်နေကြတော့၏။

အခန်း (၁၀၈)

မျက်နှာပြောင် တိုက်ခိုက်ခြင်း

လန်ရွှယ် ယဲ့ယီအပေါ် အထင်အမြင်သေးစွာ ကြည့်နေသည်။ ယဲ့ယီလို လူတစ်ယောက် ကောင်းမွန်သော ရုပ်ရှင်ကားကို အမှန်တကယ်ရိုက်ကူးနိုင်လိမ့်မည်ဟု သူမ လုံးဝမယုံကြည်ပေ။

မန်ရှင်းကို ရှင်းလင်းပြီးနောက် နောက်ထပ် သူမ ကိုင်တွယ်မည့်သူမှာ ယဲ့ယီပင် ဖြစ်သည်။ သူမ လမ်းကြောင်းကို ပိတ်ဆို့လာမည့် မည်သူမဆို အလွတ်ပေးမည် မဟုတ်ပေ။

ထို့နောက် ရိုက်ကူးရေးအဖွဲ့သည် ပုံမှန်အတိုင်းပင် ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရန် လိုက်ဖ်လွှင့်ပေးခဲ့သည်။ ပရိသတ်များ မေးခွန်းများမေးကြပြီး သက်ဆိုင်ရာလူက ပြန်လည်ဖြေကြားရမည် ဖြစ်သည်။

ဤအစီအစဉ်သည် အဆုံးထိ ရိုက်ကူးပြီးစီးသည့်အတွက် အပိုဆု ရိုက်ကူးရေးအပိုင်း တစ်ခုပင် ဖြစ်၏။ တစ်ဦးချင်းစီ မေးမြန်းရခြင်းနှင့်မတူဘဲ ဤအချိန်တွင် မေးမြန်းသော မေးခွန်းများသည် ရောက်ရှိနေသည့် ဧည့်သည်များနှင့် တိုက်ရိုက်သက်ဆိုင်လေ့ရှိသည်။ ထုတ်လုပ်ရေးအဖွဲ့ က ဤကဏ္ဍကို ထည့်သွင်းရခြင်းမှာ ဧည့်သည်များအားလုံးကို ပိုမိုလူသိများလာစေရန်အတွက် ဖြစ်သည်။

အဓိကအားဖြင့် ယခင် အစီအစဉ် များမှ ဧည့်သည်မိသားစုများမှာ အချင်းချင်း ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်။ ပုဂ္ဂိုလ်ရေးအရ အငြင်းပွားစရာ အနည်းငယ်ရှိလျှင်ပင် ယခုအုပ်စုကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

ဒါရိုက်တာဖြစ်သူမှာ ရှင်းမပြနိုင်သည့် ခံစားချက်ဆိုးတစ်ခုကို ခံစားနေရ၏။ ဤပုန်ကန်တတ်သော အင်တာနက်အသုံးပြုသူအုပ်စုသည် ပြဿနာတစ်ခုခုကို မရ ရအောင် မွှေနှောက်ကြလိမ့်မည်ဟု သူအမြဲခံစားနေရသည်။

အင်တာနက်အသုံးပြုများကလည်း ဒါရိုက်တာ ထင်သည့်အတိုင်း မသွေမသိမ်းလုပ်ကြလေ၏။ ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော အကွက်တစ်ခုကို ထုတ်သုံးလိုက်လေတော့သည်။

ပထမဆုံး အမေးခံရသူမှာ ချန်ထျန်မင်း ဖြစ်၏။ထို့နောက် မေးခွန်းကို ကြားလိုက်ရချိန်တွင် ဒါရိုက်တာမှာ ခေါင်းနားပန်းကြီးသွားတော့သည်။

“ရှိုးပွဲပြီးရင် သွမ့်ဟွေကျိုကို နာမည်ပျက်စာရင်း သွင်းမှာလား”

ထိုမေးခွန်းကို မေးလိုက်သည်နှင့် တစ်ပြိုင်နက် ထုတ်လွှင့်မှုတွင် ရှိနေသူအားလုံး၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွား၏။ အမေးခံလိုက်ရသော ချန်ထျန်မင်း၏ မျက်နှာမှာလည်း မည်းကျသွားပြီး သွမ့်ဟွေကျိုနှင့် လန်ရွှယ်တို့မျက်နှာများမှာလည်း မသာမယာ ဖြစ်သွားကြလေသည်။

ယဲ့ယီမှာ ထိန်းမနိုင်သိမ်းမရ ရယ်မောချင်မိသော်လည်း ကင်မရာရှေ့တွင် ဖြစ်နေသဖြင့် အတင်းအောင့်ထားရလေ၏။ ရယ်ချင်စိတ်ကို အောင့်ထားလွန်း၍ သူမကိုယ်သူမ Meme တစ်ခု ဖြစ်တော့မည့်အလားပင်။

[ဒီကမ္ဘာက ပရိသတ်တွေက ဒီလောက်တောင် သတ္တိရှိကြတာလား]

ကုရှီချန်းမှာ မျက်မှောင်ကြုတ်သွား၏။

‘ဒီကမ္ဘာ ဆိုပါလား’

အကယ်၍ လူတစ်ယောက်ကို အကြည့်ဖြင့် သတ်၍ရပါက ဒါရိုက်တာမှာ ချန်ထျန်မင်း၏ အကြည့်အောက်တွင် အပိုင်းပိုင်း ပြတ်နေလောက်လေပြီ။ ဒါရိုက်တာကမူ အရာအားလုံးကို မျက်ကွယ်ပြုထားလေ၏။ အစီအစဉ်၏ ကြည့်ရှုနှုန်း တက်လာဖို့အတွက်ဆိုလျှင် သူသည် မည်သည့်အရာကိုမဆို အစွမ်းကုန် လုပ်ရပေလိမ့်မည်။

ချန်ထျန်မင်းသည် အလွန်အမင်း ဝန်လေးနေသော်လည်း အံကြိတ်၍သာ ဖြေကြားလိုက်ရတော့သည်။

“ကျွန်တော်က စီးပွားရေးသမားတစ်ယောက်ပဲလေ။ ဖျော်ဖြေရေးလောကက ကိစ္စတွေက ကျွန်တော့်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိပါဘူး”

ချန်ထျန်မင်း မေးခွန်းကို ရှောင် ဖြေလိုက်ခြင်းသာ ဖြစ်သည်။ ရှိုးပွဲပြီးနောက် သွမ့်ဟွေကျိုကို နာမည်ပျက်စာရင်း သွင်းရန် အမှန်တကယ် ရည်ရွယ်ထားခဲ့ရင်တောင်မှ ယခုလို ကင်မရာရှေ့၌ ထုတ်ပြောရန် မဖြစ်ချေ။

သို့သော် သူထုတ်မပြောလျှင်ပင် ပရိသတ်များ မည်သို့ မခန့်မှန်းနိုင်ဘဲ ရှိမည်နည်း။ အကယ်၍ ဤကဲ့သို့သော အခြေအနေမျိုးကို သည်းခံနိုင်ပါက သူ အရင်းရှင်တစ်ယောက် မဟုတ်တော့ပေ။

သို့သော် သွမ့်ဟွေကျိုကမူ ချန်ထျန်မင်း၏ စကားများကို အတည်ယူ၍ သူ့ကို ဒုက္ခပေးလိမ့်မည်မဟုတ်ဟု နုံအစွာဖြင့် တွေးတောနေ၏။ ထို့ကြောင့် သူ့စိတ်အခြေအနေမှာ ရုတ်တရက် ကောင်းမွန်သွားလေတော့သည်။

သူသည် အကယ်ဒမီဆုရ မင်းသားတစ်ယောက်ဖြစ်ပြီး ‘ဟိုင်ထျန်’ ဖျော်ဖြေရေးကုမ္ပဏီ လက်အောက်တွင် ရှိနေသူဖြစ်ရာ ချန်ထျန်မင်းအနေဖြင့် ဤကဲ့သို့ ကိစ္စသေးသေးဖွဲဖွဲ လေးတစ်ခုအတွက်နှင့် မိမိအပေါ် အငြိုးထားလိမ့်မည် မဟုတ်ဟု ထင်မှတ်နေသည်။

တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း အင်တာနက်အသုံးပြုသူများသည် သွမ့်ဟွေကျို၏ အမူအရာ ပြောင်းလဲသွားပုံကို ကြည့်ရင်း ပြောစရာ စကားပင် ပျောက်ဆုံးသွားကြတော့၏။

[သူ တကယ်ပဲ ချန်ထျန်မင်း ပြောတာကို ယုံနေတာလား။ သူများမိန်းမကို ပေါ်တင်လုဖို့ ကြိုးစားပြီးမှ တစ်ဖက်လူက လွှတ်ပေးထားမယ်လို့ သူ ဘယ်လိုများ ထင်နိုင်တာလဲ]

[ဦးနှောက်မရှိတဲ့သူတွေ အများကြီး မြင်ဖူးပေမယ့် ဒီလောက်အထိဖြစ်တာတော့ ဒါပထမဆုံးပဲ။ ယောက်ျားတွေထဲမှာလည်း နုံအလွန်းတဲ့ သူတွေ ရှိတာပဲနော်။]

[ဟွေကျိုရေ... ကျေးဇူးပြုပြီး ဦးနှောက်လေး နည်းနည်းလောက် သုံးစမ်းပါဦး]

[ကယ်ကြပါဦး ငါ အရင်က ဘယ်လိုစိတ်နဲ့ ဒီလောက် ဦးနှောက်မရှိတဲ့လူကို အားပေးခဲ့မိတာလဲ။ ငါ့ဦးနှောက်မှာရော ပြဿနာများရှိနေလို့လား]

နန်ချင်ဝမ်၏ အတွေးများသည်လည်း သွမ့်ဟွေကျို၏ ပရိသတ်များကဲ့သို့ပင်။

‘အရင်က ငါဘာကြောင့် ဒီလို လူမျိုးကို ကြိုက်ခဲ့မိပါလိမ့်’

နန်ချင်ဝမ်သည် သွမ့်ကျားကျားကို စိုးရိမ်တကြီး ကြည့်လိုက်၏။

‘သူ့အဖေသွေးတော့ မပါလောက်ပါဘူးနော် ‘

သွမ့်ဟွေကျိုမှာ လူတိုင်း၏ အမြင်တွင် သူသည် ဦးနှောက်မရှိသော လူအအတစ်ယောက် ဖြစ်နေပြီမှန်း မသိသေးပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဒုတိယမြောက် အမေးခံရသူမှာ သွမ့်ဟွေကျို ဖြစ်လာ၏။ ရိုက်ကူးရေးအဖွဲ့က မေးခွန်းကို ဖတ်လိုက်သောအခါ လူတိုင်း မတားဆီးနိုင်ပဲ အော်ဟစ်ရယ်မောလိုက်ကြတော့၏။

“မင်းသားကြီးသွမ့်ကို မေးပါရစေ၊ ရှင့်သရုပ်ဆောင်အရည်အချင်းတွေကို ဦးနှောက်နဲ့ လဲထားတာလား”

ဤမေးခွန်းသည် ပရိသတ်များအားလုံး၏ ရင်တွင်းခံစားချက်ကို ထုတ်ဖော်ပြောလိုက်ခြင်းပင် ဖြစ်လေသည်။

[ဘယ်ညီမလေးကများ ဒါကို မေးလိုက်တာလဲ၊ ရယ်လိုက်ရတာ၊ တကယ့်ကို မျက်နှာပြောင်တိုက်တာပဲ ဟားဟား]

[ဒီမေးခွန်းမေးတဲ့သူကို သူရဲကောင်းအဖြစ် ဂုဏ်ပြုပေးကြပါဦး၊ ဒါက တကယ့်သူရဲကောင်းပဲ]

[ဟားဟား... ဒီတစ်သုတ် ပရိသတ်တွေက တကယ် ပြောရဲဆိုရဲရှိတာပဲ]

သွမ့်ဟွေကျို၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး ချက်ချင်းပင် ပြေးထွက်သွားချင်စိတ် ပေါက်သွားတော့၏။ သို့သော်လည်း နောက်ဆုံးတွင် သူ ဒေါသကို ထိန်းချုပ်ကာ အံကြိတ်၍ ဖြေလိုက်ရတော့၏။

“လုံးဝမဟုတ်ပါဘူး၊ ပရိသတ်အနေနဲ့ ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်တာမျိုး မလုပ်ပါနဲ့”

[ဟားဟားဟား... ပရိသတ်ကလည်း တကယ်ပဲ၊ ဘာလို့ အမှန်တရားကြီးကို လျှောက်ပြောနေတာလဲ]

[အမှန်အတိုင်း ပြောတာပဲကို၊ အဲ့တာကို ဘယ်လိုဖြစ်လို့ ပုတ်ခတ်တာ ဖြစ်ရတာလဲ]

[တကယ်တော့ ပရိသတ်က ယဉ်ကျေးပါသေးတယ်။ အနည်းဆုံးတော့ သူ့ကို ‘မင်းသားကြီး’ လို့ ခေါ်ပေးထားသေးတာပဲ]

ဒါရိုက်တာမှာ ဤဧည့်သည်အုပ်စုကို မကြည့်ရဲတော့ပေ။ အင်တာနက်အသုံးပြုသူများ သူ့ကို မီးထဲထည့်ကင်နေကြသကဲ့သို့ ခံစားနေရ၏။

ပထမနှစ်ခု၏ စံနမူနာများရှိနေသဖြင့် နောက်ဆက်တွဲ မေးခွန်းများမှာ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာတော့သည်။

ယခုအကြိမ် အမေးခံရသူမှာ ကုရှီချန်း ဖြစ်သည်။

မိမိအမေးခံရခြင်း မဟုတ်သည်ကို သိရသောအခါ ယဲ့ယီသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသွားသည့် အမူအရာ ဖြစ်သွားလေ၏။ ပရိသတ်များက မည်သို့သော မေးခွန်းများ မေးဦးမည်ကို သူမ မသိပေ။

ကိုယ်ကျင့်တရားအရ အနည်းငယ် မလျော်ကန်သော်လည်း ပရိသတ်များက ကုရှီချန်းကို အခက်တွေ့အောင် မေးမြန်းပါစေဟု ယဲ့ယီ ဆုတောင်းနေမိသည်။ ဤသို့သော အခွင့်အရေးမျိုးမှာ ရှားပါးလှသည် မဟုတ်လော။

သို့သော် ပရိသတ်များ၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမ ချက်ချင်းပင် ဆွံ့အသွားရသည်။

“စီအီးအိုကု... အရင်က ယဲ့ယီကို ဘာလို့ မင်္ဂလာမဆောင် ပေးခဲ့တာလဲ။ သူ့ကို မချစ်လို့လား”

ပရိသတ်များ တကယ်ပင် ရဲတင်းလွန်းကြပေ၏။ ယဲ့ယီသည် စိတ်ထဲမှ ညည်းညူလိုက်သည်။

[ဒါက မေးနေဖို့ လိုသေးလို့လား။ သိသာနေတာပဲလေ။ ဘယ်ယောက်ျားကမှ သူချစ်တဲ့ မိန်းကလေးကို မင်္ဂလာမဆောင်ပေးဘဲ လက်ထပ်မှာလဲ။ မိသားစု နှစ်စုရဲ့ ခင်မင်ရင်းနှီးမှုသာ မရှိရင် ကုရှီချန်း ငါ့ကို ဘယ်လိုလုပ် လက်ထပ်မှာလဲ]

ကုရှီချန်းသည် ယဲ့ယီ၏ ရင်တွင်းစကားများကို ကြားနေရသည်။ အမှန်ပင် သူ ထိုစဉ်က မိသားစုနှစ်စု၏ ခင်မင်မှုကို ထောက်ထား၍သာ ယဲ့ယီကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သူ့ အနေဖြင့် မင်္ဂလာမဆောင်လျှင်လည်း ဖြစ်သောကြောင့် မင်္ဂလာပွဲကျင်းပရန် မစဉ်းစားထားချေ။

ကွန်မန့်များမှ အင်တာနက်အသုံးပြုသူများကလည်း အပြင်းအထန် ဆွေးနွေးနေကြတော့၏။

[ယဲ့ယီနဲ့ စီအီးအိုကု လက်ထပ်တုန်းက မင်္ဂလာဆောင် မကျင်းပခဲ့တာကို ငါမေ့နေတာ။ ဒါဆို သူတို့နှစ်ယောက်က တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိကြဘူးပေါ့လေ]

[ချမ်းသာတဲ့ မိသားစုတွေမှာ လက်ထပ်ပြီးမှ ချစ်ကြတာက ပုံမှန်ပဲ မဟုတ်ဘူးလား။ အဲဒါက ဘာထူးဆန်းလို့လဲ။ ဒီရှိုးပွဲပြီးရင် စီအီးအိုကုက ယဲ့ယီအတွက် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ ကျင်းပပေးရင် ကျင်းပပေးမှာပေါ့]

[ကုရှီချန်းက ယဲ့ယီကို လုံးဝမချစ်ဘူး၊ သိလား။ သူတို့ဆက်ဆံရေးက ဇနီးမောင်နှံတွေနဲ့ လုံးဝမတူဘူး]

[ယဲ့ယီလို မိန်းမမျိုးကို ကုရှီချန်းက တစ်နေ့နေ့မှာ စွန့်ပစ်မှာပဲ]

[ပြဿနာမရှိတဲ့ တစ်ခုတည်းသော အုပ်စုကပါ ပြဿနာ တက်တော့မှာလား။ ဒီရှိုးပွဲရဲ့ လူရွေးစွမ်းရည်ကတော့ တကယ်ကို အံ့မခန်းပဲ]

လူတိုင်း၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ကုရှီချန်းက စတင် ပြောလိုက်သည်။

“အစပိုင်းမှာတော့ ကျွန်တော့်ဇနီးအပေါ် ခံစားချက် မရှိခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အတူတူ နေထိုင်လာရင်းနဲ့ ကျွန်တော်တောင် မသိလိုက်ဘဲ သူ့ကို ချစ်မိသွားခဲ့ပါတယ်။ သူသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခုကို သေချာပေါက် ကျင်းပပေးချင်တယ်”

စကားပြောနေစဉ်အတွင်း ကုရှီချန်း၏ အကြည့်များသည် ယဲ့ယီအပေါ်တွင်သာ စွဲမြဲနေလေ၏။ သူ့မျက်လုံးများထဲမှ အချစ်ရိပ်များမှာ အလွန်ပင် သိသာထင်ရှားနေတော့သည်။

သူ ပရိသတ်များ၏ မေးခွန်းကို ဖြေကြားနေခြင်းဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူ့ခံစားချက်များကို ယဲ့ယီအား ဖွင့်ပြောနေခြင်းလည်း ဖြစ်လေ၏။

လန်ရွှယ် အလွန်အမင်း မနာလိုဖြစ်နေမိသည်။ နှစ်ယောက်စလုံး ချမ်းသာသော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သော်လည်း ယဲ့ယီသည် ကုရှီချန်း၏ အထူးဂရုစိုက်မှုကို ရရှိနေချိန်တွင် သူမသည် နေရာတိုင်း၌ သူတစ်ပါးမျက်နှာကို လိုက်ကြည့်နေရ၏။

ယဲ့ယီကို ကြည့်နေသော လန်ရွှယ်၏ အကြည့်များမှာ ဖုံးကွယ်၍မရသော မနာလိုမှုများဖြင့် ပြည့်နှက်နေလေ၏။

ယဲ့ယီကမူ ခေါင်းငုံ့ထားသည်။ ပရိသတ်များက သူမ ရှက်နေသည်ဟု ထင်ကြသော်လည်း ကုရှီချန်းကမူ ယဲ့ယီသည် သူ့ကို ငြင်းပယ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။

ကုရှီချန်း နှလုံးသားမှာ ချက်ချင်းပင် လေးလံသွားတော့၏။

‘သူ အခုထိ လက်မခံနိုင်သေးဘူးလား ‘

ယဲ့ယီ ကုရှီချန်း၏ ခံစားချက်များကို နားလည်သော်လည်း ကုရှီချန်း ချစ်နေသည့် ယဲ့ယီမှာ မည်သူဆိုသည်ကို သူမ မဝေခွဲနိုင်ပေ။

သူသည် မူလယဲ့ယီ၏ ရုပ်ရည်ကို ချစ်နေခြင်းလော သို့မဟုတ် ဤခန္ဓာကိုယ်ထဲမှ သူမကိုယ်တိုင်ကို ချစ်နေခြင်းလော။

သူမအနေဖြင့် ဤပြသနာကို ဝေခွဲမရဘဲ ရှိနေလေတော့၏။

All Chapters