← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉)

ကိုင်တွယ်ဖြေရှင်းခြင်း

ကုရှီချန်း ယဲ့ယီ၏ ရင်တွင်းစကားများကို ရှင်းရှင်းလင်းလင်း ကြားလိုသော်လည်း အချို့သောအရာများကိုမူ မည်သို့ပင် ကြိုးစားပါစေ မကြားရသည်ကို သူ သတိပြုမိလိုက်၏။

ကုရှီချန်း ကြားခွင့်မရသည့် ယဲ့ယီ၏ စိတ်ထဲမှ အချို့သောအတွေးများမှာ သူမ ယခင်ဘဝမှ အမှတ်တရများပင် ဖြစ်လေသည်။

တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း မှတ်ချက်အပိုင်းရှိ အင်တာနက်အသုံးပြုသူများမှာမူ သူတို့နှစ်ဦးကို ကြည့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ သဘောကျနေကြတော့သည်။

[ဝတ္ထုထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်လာတာပဲ။ တကယ်ကို လိုက်ဖက်လွန်းတယ်]

[စီအီးအိုကု တကယ့်ကို အပြောကောင်း အဆိုကောင်းပဲ။ သူ့မျက်လုံးထဲက အချစ်တွေက ငါ့ကိုတောင် နစ်မြောသွားစေတယ်]

[အစတုန်းက လူအများ အမြင်မကြည်ဆုံး စုံတွဲက အခုတော့ အချိုမြိန်ဆုံး စုံတွဲ လေးဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ]

[စီအီးအိုကုရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို တကယ် မျှော်လင့်မိတယ်။ ဇာတ်သိမ်းပါတီမှာတောင် စီအီးအိုကုက ဒီလောက် ရက်ရက်ရောရော ရှိခဲ့တာ။ တကယ် မင်္ဂလာဆောင်ရင် ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ]

[ယဲ့ယီရေ... မြန်မြန်လုပ်ပါ၊ စီအီးအိုကုကို ရာစုနှစ်ရဲ့ မင်္ဂလာပွဲကြီး ကျင်းပခိုင်းလိုက်စမ်းပါ။ ငါတို့လို လူဆင်းရဲလေးတွေလည်း လောကကြီးကို အမြင်ကျယ်သွားအောင် လိုက်ဖ်လွှင့်ပေးဦးနော်]

နောက်တစ်ယောက်အနေဖြင့် မေးခွန်းဖြေကြားရန် မဲပေါက်သူမှာ လန်ရွှယ် ဖြစ်လေသည်။ မိမိရှေ့မှ လူများ၏ အခြေအနေကို မြင်တွေ့ထားရသဖြင့် လန်ရွှယ် အတော်လေး ပူပန်နေပြီး ပရိသတ်များမှ မမေးသင့်သောအရာများကို မမေးပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။

သို့သော် ပုန်ကန်လိုသော ခေတ်သစ်ပရိသတ်များ၏ ထူးခြားချက်မှာ မိမိအား မမေးစေချင်သော အရာကိုမှ ကွက်တိ ရွေးချယ်မေးမြန်းတတ်ခြင်းပင် ဖြစ်လေ၏။

“အဲဒီတုန်းက သွမ့်ဟွေကျိုနဲ့အတူတူ စုံတွဲစားသောက်ဆိုင်မှာ သွားစားဖို့ ဘာလို့ ရွေးချယ်ခဲ့တာလဲ”

ထိုမေးခွန်းကို မေးလိုက်သည်နှင့် လန်ရွှယ် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ချန်ထျန်မင်း၏ မျက်နှာမှာ မည်းကျသွားလေ၏။ ထို့နောက် နေရာမှ ထ၍ ထွက်သွားရန်ပင် ပြင်လိုက်တော့သည်။ ချန်ထျန်မင်း၏ အမူအရာကို ကြည့်ပြီး ယဲ့ယီသည် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။

[သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ဒီလောက်တောင် အားနည်းရတာလား။ တကယ့်ပွဲကောင်းကြီးကို လက်လွတ်ရတော့မှာပဲ]

ယဲ့ယီ၏ ရင်တွင်းစကားများကို ကြားနေရသော ကုရှီချန်းမှာမူ မိန်းကလေးတစ်ယောက် မိမိကို သဘောကျလာစေရန် သူမ ဆန္ဒများကို အစွမ်းကုန် ဖြည့်ဆည်းပေးရမည်ဟု စာအုပ်ထဲတွင် ဖတ်ဖူးသည်ကို သတိရလိုက်သည်။

‘ယဲ့ယီက ပြဇာတ်ကောင်းကောင်း ကြည့်ချင်နေမှတော့ ဖြည့်ဆည်းပေးရမှာပေါ့’

ကုရှီချန်း ချန်ထျန်မင်းကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်လေ၏။

“စီအီးအိုချန်... ခင်ဗျား မကြားသင့်တဲ့ အရာတွေကို ကြားရမှာကို ဒီလောက်တောင် ကြောက်နေတာလား”

ဒါရိုက်တာသည် ကုရှီချန်းကို ကယ်တင်ရှင်တစ်ယောက်အလား ကြည့်လိုက်မိသည်။ ချန်ထျန်မင်းကို မည်သို့ ဆွဲထားရမည်ကို သူ စဉ်းစားနေစဉ်မှာပင် ကုရှီချန်းက ဝင်ပြောပေးလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ချန်ထျန်မင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူသည် ကုရှီချန်းကို စိုက်ကြည့်ကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ အကယ်၍ သူသာ ယခု ထွက်သွားလိုက်လျှင် ကုရှီချန်း ပြောသည့်အတိုင်း ကြောက်၍ ထွက်ပြေးခြင်း ဖြစ်သွားပေလိမ့်မည်။

ချန်ထျန်မင်း ကုရှီချန်း၏ ရှေ့တွင် မျက်နှာကို အပျက်ခံရန် လုံးဝ ခွင့်မပြုနိုင်ပေ။

ယဲ့ယီ စိတ်ထဲမှနေ၍ ကုရှီချန်းကို လက်မထောင်ကာ ချီးကျူးလိုက်မိတော့သည်။

[ဒါမှ ငါ့စီအီးအိုကုပဲ၊ စကားတစ်ခွန်းတည်းနဲ့ ချန်ထျန်မင်းကို လက်ဖဝါးပေါ် တင်ထားနိုင်တာ]

ကုရှီချန်းသည် ဂုဏ်ယူသော အမူအရာဖြင့် ခေါင်း အနည်းငယ် မော့လိုက်၏။

[ရယ်လိုက်ရတာ။ ကျေးဇူးပါ စီအီးအိုကုရယ်၊ မဟုတ်ရင် ငါတို့ ဒီပြဇာတ်ကို ကြည့်ရတော့မှာ မဟုတ်ဘူး]

[စီအီးအိုကုက တကယ်ကို ထက်မြက်တာပဲ]

[ပြောရရင်တော့ ချန်ထျန်မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက တကယ်ကို အားနည်းလွန်းတယ်။ မေးခွန်းတစ်ခုလေး မေးတာကို ဒီလောက်အထိ ဒေါသတကြီး ထွက်သွားဖို့ လိုလို့လား]

[ချန်ထျန်မင်းက ငါတို့ စီအီးအိုကုကို တကယ် မမီပါဘူး။ ရုပ်ရည်ချင်း မယှဉ်နိုင်တာ ထားပါဦး၊ တခြား အချက်အလက်တွေမှာလည်း ယှဉ်လို့မရဘူး]

[ငါကတော့ စီအီးအိုကုရဲ့ အလံကိုပဲ ကိုင်ထားတော့မယ်]

ချန်ထျန်မင်း ပြန်ထိုင်ပြီးနောက် လန်ရွှယ်သည် မေးခွန်းကို အံကြိတ်ကာ ဖြေကြားလိုက်ရတော့သည်။

“ကျွန်မ ဟွေကျိုကို အမြဲတမ်း သူငယ်ချင်းကောင်း တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။ စားသောက်ဆိုင် ကိစ္စကတော့ အဲဒါက စုံတွဲစားသောက်ဆိုင် ဖြစ်နေမှန်း ကျွန်မ တကယ် မသိခဲ့ပါဘူး”

လန်ရွှယ် စကားပြောရာတွင် အလွန်သနားစဖွယ်ကောင်းသော အမူအရာကို လုပ်ထားပြီး သူမကပင် မတရားခံခဲ့ရသည့် ပုံစံကို ပုံဖော်ထားလေ၏။ လန်ရွှယ်၏ ပရိသတ်များက သူမ စကားကို ယုံကြည်ကြသော်လည်း အခြား အင်တာနက်အသုံးပြုသူများကမူ သူမကို လုံးဝ အလျှော့မပေးကြပေ။

[ငါတို့ကို ငတုံးတွေလို့ ထင်နေတာလား။ ဒီစားသောက်ဆိုင် ဒီလောက်နာမည်ကြီးတာ သူ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘာတွေကို ဟန်ဆောင်နေတာလဲ]

[လန်ရွှယ်က တကယ့် ကောင်မပဲ။ အဲဒါ စုံတွဲစားသောက်ဆိုင် မဟုတ်ရင်တောင်မှ ယောက်ျားတစ်ယောက်နဲ့ နှစ်ယောက်တည်း သွားစားစရာလား]

[ငါ့အမြင်မှာတော့ လန်ရွှယ်က သွမ့်ဟွေကျိုကို အရန်လူလိုပဲ အမြဲ သဘောထားခဲ့တာ။ အရင်က သူတို့ ဆက်ဆံပုံတွေက တကယ်ကို မသဲမကွဲ ဖြစ်နေတာ]

[ချန်ထျန်မင်း ဒီလောက်အထိ ဒေါသထွက်တာ မဆန်းပါဘူး။ သူ့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ဒေါသထွက်မှာပဲ။ ဒါက သူ့ခေါင်းပေါ်မှာ ချီးပါချတာနဲ့ အတူတူပဲ]

နောက်ဆုံး မေးခွန်းအမေးခံရသူမှာ ယဲ့ယီ ဖြစ်လေ၏။ဝန်ထမ်းက မေးခွန်းကို ဖတ်ပြရန် ပြင်လိုက်ချိန်တွင် လူတိုင်းမှာ အသက်ပင် အောင့်ထားကြရသည်။

“မေမေနဲ့ ဖေဖေ၊ ဘယ်သူ့ကို ပိုချစ်လဲ”

ထိုမေးခွန်းကို ဖတ်လိုက်သောအခါ ယဲ့ယီ အပါအဝင် လူတိုင်း အံ့ဩသွားကြပြီး ၊ ယဲ့ယီကလည်း ဝန်ထမ်းများကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။

ယဲ့ယီ မသေချာသဖြင့် မေးလိုက်သည်။

“ဖတ်တာ မှားနေတာလား”

ဝန်ထမ်းကလည်း လေးလေးနက်နက်ပင် ပြန်ဖြေလေ၏။ သူမကို ဖတ်ပြသည်မှာ မမှားကြောင်းနှင့် ဤမေးခွန်းသည် ပရိသတ်များ မေးထားသည့် မေးခွန်းဖြစ်ကြောင်း ပြောပြလိုက်သည်။

လန်ရွှယ်က မကျေမနပ်ဖြင့် ဝင်ပြောလိုက်လေသည်။

“ဒါရိုက်တာ ဒါက နည်းနည်းတော့ ခွဲခြားဆက်ဆံရာ မကျဘူးလား”

‘ဘာလို့ သူတို့ကိုကျတော့ တဲ့တိုးကိစ္စတွေကို မေးပြီး ယဲ့ယီကျမှ ဒီလိုရိုးရှင်းနေရတာလဲ’

ဒါရိုက်တာသည် ခဏမျှ စဉ်းစားလိုက်ပြီး လန်ရွှယ်ကို ပြန်မေးလိုက်လေ၏။

“ဒါဆို မင်းကရော မင်းအဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲ”

လန်ရွှယ် : ……

မှတ်ချက်အပိုင်းမှ နက်တီဇင်များ : ……

[ဟားဟားဟားဟား... အနုပညာလောကထဲ ရောက်နေတာ ဒီလောက်ကြာပြီ၊ ဒီမေးခွန်းကို ပြန်အမေးခံရတုန်းပဲ။ ကဲ... လူတိုင်းပဲ၊ အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်ကြလဲ]

[ဒီမေးခွန်းက တကယ်တော့ မေးခွန်းတွေအားလုံးထဲမှာ ဖြေရအခက်ဆုံးပဲ ဟားဟား။]

[ယဲ့ယီ : အဲဒီတော့ ဘာဖြစ်လဲ]

လန်ရွှယ် ပြန်မဖြေနိုင်သည်ကို မြင်သောအခါ ဒါရိုက်တာက အောင်နိုင်သူအမူအရာဖြင့် ပြောလိုက်တော့သည်။

“တွေ့လား၊၊ မင်းလည်း မဖြေနိုင်ဘူးလေ၊၊ အဲဒါကြောင့် ခွဲခြားဆက်ဆံတယ်ဆိုတာ မရှိပါဘူး”

လန်ရွှယ် ခဏမျှ ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်သွားရ၏။

ဒါရိုက်တာက ယဲ့ယီကို ပြန်ကြည့်ကာ မေးလိုက်ပြန်သည်။

“ယဲ့ယီ ကျေးဇူးပြုပြီး ဖြေပေးပါဦး”

ယဲ့ယီ : ……

ယဲ့ယီသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲဆိုတာ ကျွန်မ တကယ် မသိပါဘူး”

မှတ်ချက်အပိုင်းမှ အင်တာနက်အသုံးပြုသူများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြသည်။

[ယဲ့ယီ ဘာကို ဆိုလိုတာလဲ၊ ငါတို့ကို ကစားနေတာလား၊ ဒါက မဖြေတာနဲ့ ဘာထူးမှာလဲ]

[ယဲ့ယီ နည်းနည်းတော့ လွန်သွားပြီ၊ ထုတ်လုပ်ရေးအဖွဲ့က သူ့ကို အလျှော့ပေးထားတာတောင်မှ ဖြေတဲ့ပုံစံကို ကြည့်စမ်း]

[ဟုတ်တယ်၊ တစ်ယောက်ယောက်ကို ရမ်းရွေးပြီး ပြောလိုက်ရင် ပြီးနေတာပဲကို]

ဖန်သားပြင်ပေါ်မှ မှတ်ချက်များကို ကြည့်ပြီး ဒါရိုက်တာက ချောင်းတစ်ချက်ဟန့်ကာ ယဲ့ယီကို ပြောလိုက်၏။

“မင်း တစ်ယောက်ယောက်ကိုတော့ ရွေးရလိမ့်မယ်”

ကုရှီချန်း တစ်စုံတစ်ခုကို သတိရသွားပြီး ဝင်ပြောရန် ပြင်လိုက်သော်လည်း ယဲ့ယီ အရင်ဦးအောင် ပြောလိုက်လေ၏။

“ကျွန်မ အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲဆိုတာ တကယ် မသိတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မ မိဘတွေက ကျွန်မ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြလို့ပါ။ ကျွန်မ သူတို့နဲ့ အတူတူ အချိန်အများကြီး မကုန်ဆုံးခဲ့ရဘူး။ အဲဒါကြောင့် မရွေးချယ်နိုင်တာပါ”

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများသည် သူမ မူလတန်းကျောင်းသူဘဝတွင် ကားအက်စီးဒင့်ဖြင့် ဆုံးပါးသွားခဲ့ကြခြင်း ဖြစ်ပြီး သူမကို ပြုစုပျိုးထောင်ပေးခဲ့သော အဖွားဖြစ်သူမှာလည်း လွန်ခဲ့သော နှစ်နှစ်ကပင် ကွယ်လွန်သွားခဲ့သည်။ လက်ရှိ ယဲ့ယီမှာ အထီးကျန်နေသူတစ်ဦးသာ ဖြစ်သည်။

ယဲ့ယီ၏ အဖြေကို ကြားလိုက်ရသောအခါ ဒါရိုက်တာနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေကြသော ပရိသတ်များမှာ ဆွံ့အသွားကြတော့သည်။

ဒါရိုက်တာနှင့် အင်တာနက်အသုံးပြုသူများ: “ငါက တကယ့်ကို လူယုတ်မာပဲ”

ကုရှီချန်းသည်လည်း ဤအချက်ကို ယခုမှ သတိရလိုက်သဖြင့် ဒါရိုက်တာကို တားရန် ဟန်ပြင်လိုက်ခြင်း ဖြစ်သော်လည်း ယဲ့ယီက ဦးစွာ ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယဲ့ယီသည် ပြုံးနေဆဲ ဖြစ်သော်လည်း သူမ စိတ်ထဲတွင်မူ အလွန် ဝမ်းနည်းနေလိမ့်မည်ဟု ကုရှီချန်း ထင်နေမိ၏။

အကယ်၍ ယဲ့ယီသာ ကုရှီချန်း၏ အတွေးကို သိခဲ့ပါက သူ အတွေးလွန်နေခြင်းဖြစ်ကြောင်း ပြောပေလိမ့်မည်။

ကုစဲ့ ရှေ့သို့တိုးလာပြီး ယဲ့ယီကို ဖက်ထားကာ တိုးတိုးလေး ပြောလိုက်လေ၏။

“မေမေ... မေမေ့မှာ သားရှိသေးတယ်နော်”

ယဲ့ယီသည် ကုစဲ့ကို ပွေ့ချီလိုသော်လည်း ဆန္ဒကို အောင့်ထားလိုက်ရပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

[ဒီလောက် ကောင်းတဲ့သားလေးကို ငါ ဘာလို့ မမွေးခဲ့ရတာလဲ။ ငါတို့ ကွာရှင်းတဲ့အခါ သူ့ကို ငါနဲ့အတူ ခေါ်သွားလို့ ရမလားမသိဘူး]

ကုစဲ့သည် ယဲ့ယီကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်မိ၏။

မှတ်ချက်အပိုင်းရှိ အင်တာနက်အသုံးပြုများမှာမူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေကြတော့သည်။

[ငါ တကယ့်ကို လူယုတ်မာပဲ၊ ဒီမေးခွန်းကို မေးခဲ့တဲ့သူက ငါကိုယ်တိုင်ပဲ။ ယဲ့ယီရဲ့ မိဘတွေ ဆုံးသွားပြီဆိုတာ ငါ တကယ် မသိခဲ့ဘူး]

[ယဲ့ယီ တကယ် သနားဖို့ကောင်းပါတယ်]

[ငါ မှားသွားပါတယ်၊ အရင်က ယဲ့ယီကို မဆဲခဲ့သင့်ဘူး]

သို့သော်လည်း ယဲ့ယီသည် သနားစရာကောင်းအောင် တမင် လုပ်နေခြင်းဖြစ်သည်ဟု ယူဆနေသော အမာခံ ဆန့်ကျင်သူများလည်း ရှိနေဆဲပင် ဖြစ်သည်။

[မေးခွန်းတစ်ခု ဖြေတာပဲလေ။ ဒီလောကမှာ မိဘမဲ့တွေ အများကြီး ရှိတာပဲ]

[ငါတို့တွေ သနားအောင် သူ တမင် ရည်ရွယ်ပြီး ပြောနေတာလို့ ငါထင်တယ်]

ယဲ့ယီမှာမူ ဤအချက်ကို သုံးပြီး အသနားခံရန် လုံးဝ မစဉ်းစားခဲ့ပေ။ သူမသည် အမှန်တရားကိုသာ ပြောပြခဲ့ခြင်း ဖြစ်ပေသည်။

အပိုင်း (၁၁၀)

ခွေးအချင်းချင်း ပြန်ကိုက်ခြင်း

သူတို့သည် နောက်ထပ်မေးခွန်းအချို့ကို ဆက်လက် ဖြေကြားခဲ့ကြသော်လည်း နောက်ပိုင်းမေးခွန်းများမှာ ပုံမှန်မေးခွန်းများသာဖြစ်ပြီး တမင်သက်သက် ပြဿနာရှာခြင်းမျိုး မရှိတော့ပေ။

အမေးအဖြေကဏ္ဍ ပြီးဆုံးသွားသောအခါ ထုတ်လုပ်ရေးအဖွဲ့သည် လူတိုင်းအတွက် ကိတ်မုန့်တစ်ခု ပြင်ဆင်ပေးခဲ့သည်။ ကိတ်မုန့်စားပြီးသွားချိန်တွင် သုံးလကြာ ကျင်းပခဲ့သော ရသစုံအစီအစဉ်သည်လည်း နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။

သို့သော်လည်း အချိန်မှာ အလွန်နောက်ကျနေပြီဖြစ်ပြီး မြို့လယ်ခေါင်နှင့်လည်း အလှမ်းဝေးသောကြောင့် လူတိုင်း ထိုနေရာ၌ပင် တစ်ညတာ တည်းခိုခဲ့ကြရ၏။

ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင် ချန်ထျန်မင်းသည် သူ့ဖုန်းကို ပြန်လည်ရရှိခဲ့ပြီး ဖုန်းထဲတွင် မန်ရှင်းထံမှ ခေါ်ဆိုထားသော ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့်ကို တွေ့လိုက်ရသည်။

ချန်ထျန်မင်း ဖုန်းပြန်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် လန်ရွှယ်က သူ့ကို တားလိုက်၏။

“ကို... ကျွန်မ တစ်ခု ရှာတွေ့ထားတာရှိတယ်။ အဲဒါကို အရင်ဖတ်ကြည့်ပြီးမှ အဲဒီဖုန်းကို ဆက်သင့်၊ မဆက်သင့် ဆုံးဖြတ်ပါ”

လန်ရွှယ် သူမ၏ဖုန်းကို ချန်ထျန်မင်းထံ ကမ်းပေးလိုက်သည်။

ချန်ထျန်မင်းသည် ဖုန်းကိုယူ၍ စတင်ဖတ်ရှုလိုက်လေသည်။ ခဏအကြာတွင် သူ့မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားတော့၏။ အကြောင်းအရာများကို ဖတ်ပြီးနောက်တွင် ဒေါသအလိပ်လိပ် ထွက်လာကာ ဖုန်းကို အဝေးသို့ လွှင့်ပစ်လိုက်တော့သည်။ လန်ရွှယ်သည် စိတ်ဆိုးခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှေ့သို့တိုးကာ ဖုန်းကို ပြန်ကောက်လိုက်၏။

ချန်ထျန်မင်းက ဒေါသတကြီးဖြင့် မေးလိုက်သည်။

“ဒါတွေအားလုံးက အမှန်ပဲလား”

လန်ရွှယ်သည် ရင်ကွဲမတတ် ဝမ်းနည်းနေဟန် ဆောင်ကာ ပြောလိုက်လေ၏။

“ကိုရယ် အခုချိန်မှာ ကို ကျွန်မကို မယုံဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို စုံစမ်းဖို့ လူလွှတ်ကြည့်လို့ ရတာပဲလေ”

“တောက်... မန်ရှင်း၊ သူက ငါချန်ထျန်မင်းကို ဒီလောက်ထိ အတယ်လို့များ အောက်မေ့နေတာလား”

လန်ရွှယ်သည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိ၏။

‘သူက တကယ် အယုံလွယ်တာပဲ မဟုတ်လား၊ အခုတောင် ငါ့လှည့်စားမှုကို ခံနေရတာပဲလေ’

လန်ရွှယ်သည် တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ရာတွင် မန်ရှင်းနှင့် လျုံယီရန်တို့သည် အထက်တန်း ကျောင်းနေဖက်များ ဖြစ်ကြသော်လည်း အပြင်လောကတွင် မည်သည့် ထိတွေ့ဆက်ဆံမှုမျှ မရှိခဲ့ကြောင်း ရှာတွေ့ခဲ့သည်။

သူတို့သည် မန်ရှင်းပြောသကဲ့သို့ ရင်းနှီးသော သူငယ်ချင်းများ မဟုတ်ကြပေ။

ထို့အပြင် လန်ရွှယ်သည် လူလွှတ်၍ အချက်အလက်အချို့ကို ထပ်မံဖြည့်စွက်ခိုင်းခဲ့ပြီး မန်ရှင်းသည် ကျောင်းတုန်းက လျုံယီရန်ကို အနိုင်ကျင့်ခဲ့ဖူးသည် ဟူသော သက်သေအတုများကိုပါ ဖန်တီးခဲ့လေသည်။

မန်ရှင်းသည် လျုံယီရန်နှင့် ရင်းနှီးသည်ဟု အကြောင်းပြကာ ချန်ထျန်မင်းနှင့် ပတ်သက်ခွင့်ရခဲ့သည် မဟုတ်လော။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူမကို လျုံယီရန်ကြောင့်ပင် အနက်ရှိုင်းဆုံး ချောက်ထဲသို့ ပို့ဆောင်ပေးလိုက်မည် ဖြစ်သည်။

အချက်အလက်အချို့မှာ လုပ်ကြံထားခြင်းဖြစ်သော်လည်း ချန်ထျန်မင်းသည် သူ့ဇနီးဟောင်းအပေါ် မည်မျှအထိ တန်ဖိုးထားကြောင်းကို ထောက်ထားပါက ခိုင်လုံသောသက်သေမရှိသရွေ့ မန်ရှင်းကို အလွှတ်ပေးမည် မဟုတ်ပေ။

ထို့အပြင် မန်ရှင်းသည် လျုံယီရန်၏ အမည်ကို အသုံးချကာ ချန်ထျန်မင်းထံမှ အကျိုးအမြတ်များစွာကို ရယူခဲ့သည်။ ချန်ထျန်မင်းကဲ့သို့သော ဂုဏ်သိက္ခာကို အလေးထားသော အမျိုးသားတစ်ဦးသည် မိန်းမတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရမှန်း သိသွားပါက ဘယ်သောအခါမှ အလွှတ်ပေးလိမ့်မည် မဟုတ်။

အမှန်ပင် ချန်ထျန်မင်းသည် မန်ရှင်းကို လွှတ်ပေးရန် အစီအစဉ်မရှိတော့ပေ။

လျုံယီရန်သည် သူ့ဘဝတွင် အလေးထားရဆုံး အမျိုးသမီးဖြစ်၏။ ထိုအချက်ကြောင့်ပင် မန်ရှင်းသည် ချန်ထျန်မင်းအနားသို့ ချဉ်းကပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မန်ရှင်း သူမနှင့် လျုံယီရန်တို့မှာ ရင်းနှီးသောသူငယ်ချင်းများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ချန်ထျန်မင်းသည် အတိတ်ကို လွမ်းဆွတ်တန်ဖိုးထားသောကြောင့် သူမအား အခွင့်အရေးများစွာ ပေးခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ မန်ရှင်းသည် လျုံယီရန်၏ သူငယ်ချင်းကောင်း မဟုတ်သည့်အပြင် သူမကို အနိုင်ကျင့်ခဲ့သူဖြစ်ကြောင်း သိရှိသွားချိန်တွင် ချန်ထျန်မင်းအနေဖြင့် ဤအရှက်ခွဲမှုကို မည်သို့မျှ သည်းခံနိုင်မည် မဟုတ်တော့ပေ။

“ကျွန်မ ဒါကို စုံစမ်းခဲ့တာက တခြားကြောင့် မဟုတ်ပါဘူး၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေ ဟောင်ယုအနားကို ကပ်လာမှာ စိုးရိမ်လို့ပါ”

လန်ရွှယ်သည် သူမကိုယ်သူမ မိထွေးကောင်းတစ်ယောက်ဖြစ်ကြောင်း ပုံဖော်ရန်အတွက် သူမ ရည်ရွယ်ချက်ကို တမင်သက်သက် ရှင်းပြလိုက်တော့သည်။

လန်ရွှယ်အနေဖြင့် ဤအရာကို စုံစမ်းရာတွင် သူမကိုယ်ကျိုးစီးပွားအတွက် ပါဝင်နေမှန်း ချန်ထျန်မင်း ကိုယ်တိုင်လည်း သိသော်လည်း သူမ ရှင်းလင်းချက်အရ ချန်ဟောင်ယု၏ ဘေးကင်းရေးနှင့် သက်ဆိုင်နေသဖြင့် လန်ရွှယ်အပေါ် ထားရှိသော သူ့ဒေါသမှာလည်း အနည်းငယ် လျော့ပါးသွား၏။

ထိုအချိန်တွင် အခြားတစ်ဖက်၌ မန်ရှင်းသည် ချန်ထျန်မင်းထံသို့ ဖုန်းများ အဆက်မပြတ် ခေါ်ဆိုနေဆဲပင်။ ယခုအချိန်တွင် သူမနှင့် မန်စီထုံတို့သည် ဟိုတယ်တစ်ခုတွင် ပုန်းအောင်းနေကြပြီး အပြင်ထွက်ရန်ပင် အလွန်အမင်း ကြောက်လန့်နေကြသည်။

ချန်ထျန်မင်းသည် သူမကို သေချာပေါက် ကယ်တင်လိမ့်မည်ဟု ယုံကြည်ကာ မျှော်လင့်ချက်အားလုံးကို ပုံအောထားခဲ့သည်။

သို့သော် မည်မျှပင် ဖုန်းခေါ်ဆိုစေကာမူ ချန်ထျန်မင်း၏ဖုန်းသို့ ဆက်သွယ်၍မရပေ။ အခန်းထဲမှ အပြင်ထွက်ရန်လည်း သူမ မဝံ့မရဲ ဖြစ်နေ၏။

ဤကိစ္စသည် အွန်လိုင်းပေါ်တွင် အကြီးအကျယ် ပွက်လောရိုက်သွားခဲ့တော့သည်။ မန်စီထုံ၏ ဖခင်အရင်းဖြစ်သူက ဆိုရှယ်မီဒီယာပေါ်တွင် မန်စီထုံကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း တင်ခဲ့သော်လည်း မန်ရှင်းအကြောင်းကိုမူ လုံးဝ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

တရားမဝင် ရရှိထားသော သမီးတစ်ယောက်ကို ပြန်ခေါ်သွားလျှင်ပင် သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည် မဟုတ်ပေ။

မန်ရှင်း မည်မျှပင် သတိထားနေပါစေ ညမိုးချုပ်ချိန်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသောအမျိုးသားတစ်စုက သူမတို့ကို ရှာဖွေတွေ့ရှိသွားခဲ့၏။

တံခါးခေါက်သံကို ကြားလိုက်ရချိန်တွင် မန်ရှင်းမှာ အလွန်အမင်း ကြောက်လန့်သွားပြီး အသက်ပင် မရှုဝံ့ပေ။

တံခါးခေါက်သံမှာ အတော်ကြာအောင် မြည်နေပြီးမှ ရပ်တန့်သွားလေ၏။

အပြင်ကလူများ ထွက်သွားပြီဟု မန်ရှင်း ထင်လိုက်မိစဉ်မှာပင် တံခါးမှာ ဝုန်းခနဲ ပွင့်သွားလေတော့သည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားအချို့

တိုးဝင်လာကြလေ၏။

“နင်တို့ ဘာလုပ်မလို့လဲ”

မန်ရှင်းသည် ထိတ်လန့်တကြားဖြင့် မန်စီထုံကို ဆွဲကာ နံရံထောင့်သို့ ရောက်သည်အထိ တစ်လှမ်းချင်း နောက်ဆုတ်သွားလေသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားများ ဘေးနှစ်ဖက်သို့ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် သူတို့ကြားမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။

ထိုအမျိုးသားမှာ အခြားသူမဟုတ်ဘဲ မန်စီထုံ၏ ဖခင်အရင်းဖြစ်သူ၊ လက်ရှိ ဖျော်ဖြေရေးလောကတွင် အထွတ်အထိပ် ရောက်နေသည့် နာမည်ကြီးအိုင်ဒေါ ရှောင်ဟယ်ပင် ဖြစ်သည်။ သူ့ဘေးမှ အမျိုးသမီးမှာမူ သူ၏ဇနီးဖြစ်သူ လီရွှမ် ဖြစ်လေသည်။

လီရွှမ်သည် မန်ရှင်းနှင့် မန်စီထုံတို့ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီးနောက် ပစ္စည်းတစ်ခုကို ဝယ်ယူနေသည့် လေသံမျိုးဖြင့် မန်ရှင်းကို ပြောလိုက်၏။

“နင်ကို ငါ တစ်သန်းပေးမယ်။ ဒီကလေးမလေးကို ထားခဲ့ပြီး သူ့ရှေ့မှာ နောက်ထပ် ဘယ်တော့မှ ပေါ်မလာနဲ့တော့”

“ကျွန်မသမီးကို ခေါ်သွားဖို့ မစဉ်းစားနဲ့၊ သူကျွန်မ ဘယ်တော့မှ မခွဲဘူး”

မန်ရှင်းသည် မန်စီထုံကို တင်းကျပ်စွာ ဖက်ထားရင်း ရှောင်ဟယ်နှင့် လီရွှမ်တို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

လီရွှမ် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

ထိုစဉ် ရှောင်ဟယ်က မန်ရှင်းကို ပြောလိုက်သည်။

“မင်းလိမ္မာပါးနပ်ဖို့ ငါ အကြံပေးချင်တယ်။ ငါ့ဇနီးက ဒီကလေးကို သဘောကျတာကိုက ဒီကလေးအတွက် ကံကောင်းခြင်းတစ်မျိုးပဲ”

မန်ရှင်းသည် မန်စီထုံကို သူမ၏ ရင်ခွင်ထဲတွင် မြဲမြံစွာ ဖက်ထားဆဲ ဖြစ်သည်။ ချန်ဟောင်ယု၏ မျက်နှာသာပေးမှုကို ရရှိရန် မန်စီထုံကို အသုံးချခဲ့သည်မှာလည်း မန်စီထုံ အတွက် ပိုမိုကောင်းမွန်သော ဘဝလေးတစ်ခုကို ပေးလိုသောကြောင့် ဖြစ်သည်။

“ရှောင်ဟယ်... ငါ နင့်ကို တစ်ခါမှ ဒုက္ခမပေးခဲ့ဖူးဘူး။ ငါ အသက်ဆက်ရှင်နိုင်ဖို့ လမ်းလေးတစ်ခုလောက်တော့ ပေးလို့မရဘူးလား”

မန်ရှင်းသည် မန်စီထုံကို မွေးဖွားခဲ့သော်လည်း ငွေအချို့ကို ရရှိပြီးနောက် ရှောင်ဟယ်ကို ဘယ်သောအခါမှ ဆက်သွယ်ခြင်း မပြုခဲ့သလို မန်စီထုံ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

မန်စီထုံကို ရှောင်ဟယ်ထံ သွားနေခိုင်းရန် သူမ တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။

လီရွှမ်သည် အထက်စီးဆန်သော အနေအထားမှ မန်ရှင်းကို ငုံ့ကြည့်ကာ ခံစားချက်မဲ့သော လေသံဖြင့် ပြောလိုက်သည်။

“နင်က ဒီကလေးကို မွေးပြီးပြီဆိုတော့ ငါ့ခင်ပွန်းရဲ့ သွေးသားကို အပြင်မှာ ပစ်ထားဖို့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။ စိတ်ချပါ၊ ငါ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်။ သူ အရွယ်ရောက်လာတဲ့အခါ လက်ထပ်ဖို့အတွက် ချမ်းသာတဲ့ အမျိုးသားတစ်ယောက် ရှာပေးမယ်။ သူသာ လိမ္မာမယ်ဆိုရင် အနာဂတ်ဘဝက သိပ်တော့ ဆိုးမှာမဟုတ်ပါဘူး”

မန်ရှင်းမှာ ရင်ကွဲမတတ်ခံစားလိုက်ရပြီး ဒေါသတကြီးဖြင့် ဟောက်လိုက်တော့သည်။

“ငါ့သမီးက နင်တို့ အကျိုးစီးပွားအတွက် လက်ထပ်ဖို့ သုံးရမဲ့ ကိရိယာ မဟုတ်ဘူး၊ သူ့ကို ခေါ်သွားဖို့ မကြိုးစားနဲ့”

လီရွှမ်သည် တရားမဝင်ရထားသော သမီးတစ်ယောက်အပေါ် ကောင်းပေးလိမ့်မည် မဟုတ်ကြောင်း မန်ရှင်းလည်း သိသည်။ သူတို့သည် မန်စီထုံကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချမည့် ကိရိယာတစ်ခုအဖြစ်သာ ရှူမြင်ကြပေလိမ့်မည်။

မန်ရှင်းသည် ငွေကို မက်မောသူဖြစ်သော်လည်း သူမသည်လည်း မိခင်တစ်ဦးပင် မဟုတ်လော။ ငွေအတွက်နှင့် မိမိ၏ ရင်သွေးကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။

ထို့အပြင် သူမ မန်စီထုံအပေါ် အမှန်တကယ် ကောင်းမွန်ခဲ့သည်။ သို့မဟုတ်ပါက လူအဖွဲ့အစည်း၏ ဖိအားများကို ခါးစည်းခံပြီး သူမတစ်ဦးတည်း ဤကလေးကို ပြုစုပျိုးထောင်လာခဲ့မည် မဟုတ်ပေ။

“နင့်မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး၊ ငါက နင့်ကို အသိပေးရုံသက်သက်ပဲ”

လီရွှမ် က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူမ၏ သက်တော်စောင့်များကို အချက်ပြလိုက်ရာ သူတို့သည် ချက်ချင်းပင် ရှေ့သို့တိုးကာ မန်ရှင်း၏ ရင်ခွင်ထဲမှ မန်စီထုံကို လုယူလိုက်ကြ၏။

မန်ရှင်းသည် တားဆီးရန် ကြိုးစားသော်လည်း သူမ ခွန်အားမှာ သက်တော်စောင့်များကို မယှဉ်နိုင်ပေ။ မန်စီထုံမှာ ဤသို့ဖြင့် လုယူခံလိုက်ရလေ၏။

မန်စီထုံကလည်း အလွန်အမင်း ထိတ်လန့်သွားပြီး အသံကုန် အော်ငိုလေတော့၏။

“ဟီး... မေမေ... သမီး မေမေ့ကိုပဲ လိုချင်တယ်၊ မေမေနဲ့ မခွဲချင်ဘူး”

မန်ရှင်းသည် ရှောင်ဟယ်ကို အော်ဟစ်လိုက်၏။

“ရှောင်ဟယ်... ငါ့သမီးကို ပြန်ပေး၊ နင်တို့ လုပ်နေတာက ဥပဒေနဲ့ မညီဘူး”

ရှောင်ဟယ်သည် မန်ရှင်းကို ကြည့်ကာ အေးစက်စက်ပင် ပြောလိုက်သည်။

“ငါက ဒီကလေးရဲ့ အဖေဆိုတာလည်း မမေ့နဲ့”

“ကုမ္ပဏီမှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်၊ ဒါကို မြန်မြန် အဆုံးသတ်လိုက်တော့”

လီရွှမ်သည် နောက်ဆုံးအမိန့်ကို ပေးပြီးနောက် အပြင်သို့ ထွက်သွားလေသည်။ ရှောင်ဟယ် ဒေါ်လာတစ်သန်းတန် ချက်လက်မှတ်တစ်ခုကို မန်ရှင်းထံ ပစ်ပေးလိုက်၏။

“မင်း ဖျော်ဖြေရေးလောကမှာ ဆက်ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။ ဒီတစ်သန်းကို ယူပြီး ထွက်သွားတော့”

ထိုသို့ပြောပြီးနောက် ရှောင်ဟယ်သည် လှည့်ထွက်သွားလေတော့သည်။ သက်တော်စောင့်များသည် မန်စီထုံကို ပွေ့ချီကာ အပြင်သို့ ခေါ်ဆောင်သွားကြ၏။ မန်ရှင်းသည် မန်စီထုံကို ပြန်လုရန် အပြေးလွှားသော်လည်း မြေပြင်ပေါ်သို့ ကန်ချခြင်း ခံလိုက်ရ၏။

သူမ၏ မန်စီထုံလေး ခေါ်ဆောင်သွားခြင်း ခံရသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှအပ အခြားမတတ်နိုင်ခဲ့ပေ။

All Chapters