အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁)
ပိုင်ဆိုင်မှုများ
အစီအစဉ် ရိုက်ကူးရေး ပြီးဆုံးသွားပြီးနောက် ယဲ့ယီသည် လသာဆောင်သို့ ပြန်လာကာ နောက်ဆုံးအကြိမ်အဖြစ် ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကို ကြည့်ရှုရင်း လဲလျောင်း အနားယူနေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ မြို့သို့ ပြန်ရောက်သည်နှင့် အလုပ်ပြန်စရတော့မည် ဖြစ်ရာ ယခုကဲ့သို့ အေးအေးလူလူ နေရန် အချိန်ရတော့မည် မဟုတ်။
အလုပ်လုပ်ရမည်ဟု တွေးလိုက်ရုံနှင့် ယဲ့ယီ တစ်ယောက် စိတ်ပျက်သွားပြီး အေးအေးဆေးဆေး အနားယူရသည့် ဘဝမျိုးကိုသာ သူမ တမ်းတနေမိတော့သည်။
ယဲ့ယီသည် ထိုနေရာတွင် တခဏတာ လဲလျောင်းနေစဉ်အတွင်း ကုရှီချန်းလည်း သူမ ဘေးနားသို့ မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိ ရောက်လာသည်။
အမှန်အားဖြင့် ကုရှီချန်း ရောက်မလာခဲ့လျှင် ယဲ့ယီသည် သူ့ကို သွားရောက်ရှာဖွေမည် ဖြစ်သည်။ သုံးလတာ ကာလမှာ ကုန်ဆုံးသွားပြီဖြစ်ရာ သူတို့နှစ်ဦး ကွာရှင်းမည့် အရေးကိစ္စများကို ဆွေးနွေးရန် အချိန်တန်ခဲ့ချေပြီ။
[ငါ ပြန်ပြီး အပျိုကြီး ဘဝကို ရောက်တော့မယ်။ တွေးကြည့်ရုံနဲ့တင် တကယ်ကို ပျော်စရာကြီးပဲ။ အခုလည်း တစ်ကိုယ်တည်းသမားနဲ့ သိပ်မထူးခြားပေမဲ့ ကွာရှင်းပြီးသွားရင်တော့ ငါကြိုက်တဲ့ ချောချောလှလှ ယောင်္ကျားလေးတွေကို လိုက်ကြည့်လို့ ရပြီလေ၊၊ ဟားဟားဟား]
ယဲ့ယီ ကွာရှင်းပြီးနောက် သူမ ဖြတ်သန်းရတော့မည့် လှပသော ဘဝကြီးကို စိတ်ကူးယဉ်ကာ အိပ်မက်မက်နေတော့သည်။
ထိုအချိန်တွင် သူမဘေး၌ ရပ်နေသော ကုရှီချန်း၏ မျက်နှာအမူအရာမှာ မည်သည့်အရာကို တွေးတောနေမှန်း ဖတ်ရခက်လှသည်။
“မင်း တကယ်ပဲ ကွာရှင်းချင်တာလား”
ကုရှီချန်း ယဲ့ယီကို ကြည့်ကာ ထပ်မံမေးမြန်းလိုက်သည်။သူမ အဖြေကို ခန့်မှန်းနိုင်သော်လည်း သူသည် အနည်းငယ် မျှော်လင့်နေမိသည်။
သူမ စိတ်ပြောင်းသွားလောက်ပြီ ဟု တွေးနေမိသော်လည်း ယဲ့ယီ သူမ၏ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ထားပြီး ဖြစ်သည်။
“ဒါပေါ့၊ ရှင်က ကျွန်မ ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းထားမလို့တော့ မဟုတ်ပါဘူးနော်”
သူမ နောက်ပြောင်သည့် လေသံဖြင့် ဆိုလိုက်၏။ ကုရှီချန်းက ဘာမှ ပြန်မပြောဘဲ ယဲ့ယီကိုသာ တိတ်တဆိတ် ကြည့်နေမိသည်။ ထိုအကြည့်များကြောင့် ယဲ့ယီမှာ အနည်းငယ် နေရခက်သွားသည်။
ယဲ့ယီသည် ကုရှီချန်း၏ ဆိုလိုရင်းကို မေးရန်ဟန်ပြင်လိုက်စဉ်မှာပင် ကုရှီချန်း အရင်စကားစလိုက်သည်။
“ကိုယ် အခု မင်းကို ချစ်မိသွားပြီလို့ ပြောရင် ကိုယ်တို့ မကွာရှင်းဘဲ နေလို့ရမလား”
ကုရှီချန်း ဤစကားကို ပြောနေစဉ် အပြင်ပန်း၌ အလွန်ပင် တည်ငြိမ်နေပုံရသော်လည်း ယဲ့ယီသာ သူ့ကို မော့ကြည့်လိုက်မည်ဆိုပါက သူ့နားရွက်များမှာ နီရဲနေသည်ကို သတိပြုမိပေလိမ့်မည်။
ဤသည်မှာ ကုရှီချန်း၏ ပထမဆုံးသော ဖွင့်ပြောစကားပင် ဖြစ်သည်။ အပြင်ပန်းတွင် မည်မျှပင် ဟန်ဆောင် တည်ငြိမ်နေပါစေ ရင်ထဲမှာတော့ အလွန်အမင်း ရင်ခုန်တုန်လှုပ်နေ၏။
ယဲ့ယီ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
“ဟင့်အင်း၊ အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက် ကြားက ကိစ္စလေ။ ရှင် ကျွန်မကို ချစ်နေရင်တောင် ကျွန်မက ရှင့်ကို မချစ်ဘူး”
ယဲ့ယီအနေဖြင့် ကုရှီချန်းအပေါ်တွင် ကောင်းမွန်သော ခံစားချက် အချို့ ရှိလာသည်ကို ဝန်ခံသော်လည်း ၎င်းမှာ အနည်းငယ် သဘောကျရုံမျှသာ ဖြစ်ပြီး အချစ်ဟု ခေါ်ဆိုရန် မလုံလောက်သေးပေ။
ကုရှီချန်း၏ နှလုံးသားမှာ ချက်ချင်းပင် နစ်မွန်းသွားရတော့သည်။ သူ မျှော်လင့်ထားသော်လည်း ပထမဆုံးသော ဖွင့်ပြောမှုတွင် ငြင်းပယ်ခံလိုက်ရသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
သို့သော် ယဲ့ယီ ပြောသည်မှာ မှန်ကန်ပေသည်။ အိမ်ထောင်ရေးဟူသည် လူနှစ်ဦး၏ အရေးကိစ္စဖြစ်ရာ သူ ချစ်သော်လည်း သူမက မချစ်ပါက သူမအား အိမ်ထောင်ရေးတွင် ဆက်လက် ရှိနေရန် မည်သည့် အခွင့်အရေးဖြင့် တောင်းဆိုနိုင်မည်နည်း။
ကုရှီချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယဲ့ယီသည် သူ့ကို တစ်ချက် ခိုးကြည့်လိုက်လေ၏။
[သူ ငါ့ကြောင့် စိတ်ဓာတ်ကျသွားတာတော့ မဟုတ်ပါဘူးနော်။ ဘယ်သူကများ အရှိန်အဝါကြီးတဲ့ စီအီးအိုတစ်ယောက်ကို ငြင်းရက်မှာလဲ။ ကံမကောင်းစွာနဲ့ပဲ ငါက သာမန်မိန်းကလေး တစ်ယောက် မဟုတ်ဘူးလေ]
“ကောင်းပြီလေ”
ကုရှီချန်း၏ အေးစက်သော အသံကို ကြားလိုက်ရသောကြောင့် ယဲ့ယီသည် သူ့ကို မော့ကြည့်လိုက်မိ၏။
[ဒါပဲလား၊ ငါထင်တဲ့အတိုင်းပဲ၊ သူ ငါ့ကို ချစ်တယ်ဆိုတာ အလိမ်အညာတွေပဲ။ ယောင်္ကျားတွေရဲ့ စကားကို တကယ် ယုံလို့မရဘူး]
ယဲ့ယီ၏ စိတ်ထဲက အတွေးများကို ကြားနေရသော ကုရှီချန်းမှာ ရင်ထဲတွင် သက်ပြင်းချနေမိသည်။
‘သူ့အမြင်မှာ ငါက တကယ်ပဲ အဲ့လိုလူစားလို့ မြင်နေတာလား’
“ကိုယ် ကွာရှင်းဖို့ သဘောတူပါတယ်၊ ဒါပေမဲ့ ကိုယ် မင်းကို ချစ်တယ်လို့ ပြောတာဟာ တကယ်ပါ ကွာရှင်းပြီးရင် မင်းကို တရားဝင် ပိုးပန်းသွားမယ်”
ယဲ့ယီ ကုရှီချန်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်၏။
“ရှင်က ကျွန်မကို ပိုးပန်းမယ် ဟုတ်လား”
[သူ ငါ့ဆွဲဆောင်မှုအောက်မှာ ပစ်ကြွေသွားတာလား]
ကုရှီချန်း ပြုံးလိုက်ပြီး ယဲ့ယီကို ကြည့်ကာ မေးလိုက်၏။
“မင်း အဲ့ဒီအခွင့်အရေးကို ကိုယ့်ကို ပေးနိုင်မလား”
ယဲ့ယီ ကြောင်အမ်းသွားသည်။ ဤအမျိုးသား၏ အပြုံးမှာ အမှန်တကယ်ကို ဆွဲဆောင်မှု ရှိလွန်းသည်။
သူမ စိတ်ကို အမြန်ပြန်စုစည်းကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်လေ၏။
“အခွင့်အရေးလား ပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ ကျွန်မကို တကယ် အရယူနိုင်မလား ဆိုတာကတော့ ရှင့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်”
ကုရှီချန်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
“ကိုယ် လုပ်နိုင်မယ်လို့ ယုံကြည်တယ်”
ယဲ့ယီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
“ယုံကြည်ချက်တွေ အပြည့်နဲ့ပါလား။ ကျွန်မက ပိုးပန်းရ သိပ်လွယ်တဲ့သူ မဟုတ်ဘူးနော်”
[ဒီဘုရင်မကို ပိုးပန်းခဲ့တဲ့သူတွေ အများကြီးပါ၊ ဒီဘုရင်မက အဲ့ဒီလောက် အလွယ်တကူ ချစ်တတ်တဲ့သူ မဟုတ်ဘူး]
ကုရှီချန်း ဘာမှ ပြန်မပြောတော့ပေ။ သူသည် သူလိုချင်သည့် အရာတိုင်းကို မရရအောင် ရယူနိုင်သူ ဖြစ်သည်။ သူသည် ယဲ့ယီကို သဘောကျသွားပြီ ဖြစ်ရာ သူမကို သေချာပေါက် အရယူပေတော့မည်။
ထိုစဉ် ယဲ့ယီ မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်လေ၏။
“ရှင် ပိုင်ဆိုင်မှုတွေ ခွဲဝေတဲ့အခါမှာတော့ လျှော့မပေးဘူး မဟုတ်လား”
ကုရှီချန်းမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို မင်းကို ပေးမယ်”
ယဲ့ယီ မျက်လုံးများမှာ ချက်ချင်းလက်ငင်း တောက်ပသွားသည်။
“ရှင့်ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ဆိုတာ ဘယ်လောက်တောင် ရှိမှာလဲ”
[ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာတော့ အနည်းဆုံး သန်းရာနဲ့ချီ ရှိရမှာ မဟုတ်လား]
ကုရှီချန်းကိုယ်တိုင်ပင် သူ၏ စည်းစိမ်ဥစ္စာ မည်မျှရှိသည်ကို အတိအကျ မမှတ်မိတော့ပေ။
“မင်း တစ်သက်လုံး ကောင်းကောင်းမွန်မွန် နေသွားလို့ရတဲ့ အထိတော့ ရှိမှာပါ”
ယဲ့ယီ တစ်ယောက် ပြုံးဖြီးဖြီး ဖြစ်နေသော သူမ နှုတ်ခမ်းသားများကို မနည်း ထိန်းချုပ်ထားရသည်။
“တကယ်တော့ အဲ့ဒီလောက်ကြီး မပေးလည်း ရပါတယ်။ နည်းနည်းပါးပါးဆိုရင်ကို ရပါပြီ”
[ဘာမှလည်း မလုပ်ပေးဘဲနဲ့ သူ့ပိုင်ဆိုင်မှုတွေ အများကြီး ယူရတာ နည်းနည်းတော့ အားနာစရာပဲ။ နောက်ပြီး ကုရှီချန်းရဲ့ အနာဂတ် ပိုင်ဆိုင်မှုတွေက ငါ့သားလေးအတွက်လေ၊ သားလေးအတွက် အများကြီး ချန်ထားပေးရမယ်]
ယဲ့ယီ၏ စိတ်ထဲက အတွေးများကို ကြားပြီးနောက် ကုရှီချန်း ကုစဲ့ကို ပို၍ပင် မနာလိုဖြစ်သွားသည်။
‘ယဲ့ယီသာ ငါ့ကိုလည်း ဒီလို ဂရုစိုက်မယ် ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ’
“မင်းက မယူချင်ဘူးဆိုတော့လည်း ကိုယ် အတင်းမပေးတော့ပါဘူး။ ဒါဆို ကိုယ် မင်းကို ငါးသိန်းပဲ ပေးမယ်”
ကုရှီချန်း ယဲ့ယီကို ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ပြောင်လိုက်၏။ ယဲ့ယီ မျက်နှာပေါ်မှ အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
[ငါ အာချောင်ခဲ့မိတာ မှားပြီ။ ငါ့ပိုက်ဆံတွေ... အဟင့်...]
ကုရှီချန်း တစ်ယောက် ခိုးပြုံးလိုက်ပြီး စောစော နားတော့ဟု ပြောကာ သူ့အခန်းထဲသို့ တန်းဝင်သွားတော့သည်။
ယဲ့ယီမှာမူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဒေါသတကြီးဖြင့် ခြေဆောင့်နေတော့သည်။
သူမ ပိုက်ဆံထုပ်လေးများမှာ သူမအား နှုတ်ဆက်ကာ ပျံသန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ငါးသိန်းဆိုသည်မှာလည်း နည်းလှသည် မဟုတ်သော်လည်း ကုရှီချန်းကဲ့သို့ ဝတ္ထုထဲက အရှိန်အဝါကြီးသော စီအီးအိုတစ်ဦးအတွက် ဤပမာဏမှာ အလွန်ပင် နည်းပါးလှ၏။
သို့သော် သူမကိုယ်တိုင် စကားမှားခဲ့မိခြင်း ဖြစ်ရာ ကံကြမ္မာကိုသာ အပြစ်တင်ရင်း လက်ခံလိုက်ရတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လူတိုင်း အပန်းဖြေစခန်းမှ ကားဖြင့် ပြန်ခဲ့ကြသည်။ သို့သော် နန်ချင်ဝမ်သည် သွမ့်ဟွေကျိုနှင့်အတူ မပြန်ဘဲ သွမ့်ကျားကျားကို ခေါ်ကာ ယဲ့ယီ၏ ဗီလာသို့ လိုက်ပါလာသည်။
ဤသည်မှာ ယဲ့ယီ၏ အကြံပြုချက်ပင် ဖြစ်သည်။ အဓိကအားဖြင့် သူ့တို့နှစ်ဦးမှာ ယနေ့တွင် လုပ်ဆောင်စရာ အရေးကြီးကိစ္စများ ရှိနေပြီး သွမ့်ကျားကျားကို ခေါ်သွားရန် အဆင်မပြေပေ။ ထို့ကြောင့် ကုစဲ့အား သွမ့်ကျားကျားကို ကြည့်ရှုပေးရန် အိမ်တွင် ထားခဲ့ရသည်။
ယဲ့ယီသည် နန်ချင်ဝမ်ကို ဥပဒေအကျိုးဆောင်ရုံးသို့ ခေါ်သွားသည်။ နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့၏ ကွာရှင်းမှု စောင့်ဆိုင်းကာလမှာ ကုန်ဆုံးသွားပြီ ဖြစ်ရာ ပိုင်ဆိုင်မှုများ ခွဲဝေရေးအတွက် ဆွေးနွေးရန် အချိန်တန်ခဲ့လေပြီ။
သူတို့ ရောက်ရှိသွားချိန်တွင် ချန်ရှောမှာ နေရာတွင် မရှိသေးဘဲ အပြင်ရောက်နေခဲ့သည်။ သူတို့ ရုံးခန်းတွင် တစ်နာရီနီးပါး စောင့်ဆိုင်းပြီးနောက်မှသာ ချန်ရှော ပြန်ရောက်လာသည်။
“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”
ချန်ရှောသည် သူတို့နှစ်ဦးကို အားနာစွာဖြင့် ပြောလိုက်သည်။
နန်ချင်ဝမ် ပြုံးလျက် ပြန်ပြောလိုက်သည်။
“ကျွန်မကသာ ကြိုမမေးဘဲ ရုတ်တရက် ရောက်လာမိတာပါ”
ချန်ရှော့ ဘေးတစ်ဖက်တွင် ထိုင်ကာ ရေတစ်ခွက်သောက်လိုက်၏။
“မစ္စနန် ဒီနေ့ ရောက်မလာရင်တောင် ကျွန်တော် မနက်ဖြန် လာရှာမှာပါ။ အခုဆိုရင် ကလေးအုပ်ထိန်းခွင့်ကိုတော့ သေချာပေါက် ရနိုင်ပါပြီ။ ဒါကြောင့် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး မစ္စနန်မှာ ဘယ်လို အစီအစဉ် ရှိလဲဆိုတာ မေးချင်လို့ပါ”
“ကျွန်မ ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်မှ မကျန်အောင် အကုန်ယူမယ်”
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုအပေါ် မည်သည့် သနားစိတ်မျှ ရှိမနေတော့ဘဲ သူမ ရပိုင်ခွင့်ရှိသမျှ အရာအားလုံးကို ပြန်လည် ရယူရန် ဆုံးဖြတ်ထားသည်။
ယဲ့ယီ နန်ချင်ဝမ်ကို စိတ်ထဲမှနေ၍ ချီးကျူးလိုက်မိသည်။ နန်ချင်ဝမ်၏ အချစ်ကြောင့် စုံလုံးကန်းနေသည့် ဝေဒနာမှာ လုံးဝ ပျောက်ကင်းသွားပုံရသည်။
“ကောင်းပါပြီ၊ မစ္စနန် ရသင့်တဲ့ ပိုင်ဆိုင်မှု အစိတ်အပိုင်းတွေကို ရအောင် ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ်။ ကလေးစရိတ်နဲ့ ပတ်သက်လို့လည်း တတ်နိုင်သမျှ အများဆုံး ရရှိအောင် ကျွန်တော် ကြိုးစားပေးပါ့မယ်”
နန်ချင်ဝမ်သည် ချန်ရှောကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်ကာ ဆိုလိုက်လေ၏။
“ကျေးဇူးတင်ပါတယ် ရှေ့နေချန်”
ချန်ရှော့က အပြုံးမပျက် ပြန်လည် ဖြေကြားလိုက်သည်။
“ဒါ ကျွန်တော့်ရဲ့ တာဝန်ပါပဲ”
အခန်း (၁၁၂)
သူငယ်ချင်းကောင်းလေး
နောက်တစ်နေ့တွင် နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့ မိမိတို့၏ ရှေ့နေကိုယ်စီနှင့်အတူ တရားရုံးသို့ ရောက်ရှိလာကြသည်။
သွမ့်ဟွေကျို ငှားရမ်းထားသော ရှေ့နေမှာလည်း နိုင်ငံအတွင်း နာမည်ကျော်ကြားသူတစ်ဦး ဖြစ်လေ၏။သို့သော်လည်း ရှေ့နေချန်ရှော့ကို မြင်လိုက်ရသည့် ခဏ၌ပင် သူ့အရှိန်အဝါတို့မှာ ထက်ဝက်ခန့် လျော့ကျသွားရလေသည်။
ထိုသို့ ဖြစ်ရခြင်းမှာလည်း မထူးဆန်းပေ။ ချန်ရှော့သည် လုပ်ငန်းနယ်ပယ်တစ်ခုလုံးက အသိအမှတ်ပြုထားသူ မဟုတ်လော။
ကလေးအုပ်ထိန်းခွင့်နှင့် ပတ်သက်လာလျှင် မိမိအနေဖြင့် အနိုင်ရရန် မဖြစ်နိုင်ကြောင်း သွမ့်ဟွေကျိုလည်း သိရှိထားသဖြင့် ဝင်ရောက် မငြင်းခုံတော့ပေ။ သို့သော် ပိုင်ဆိုင်မှု ခွဲဝေရေးအပိုင်းသို့ ရောက်ရှိလာသောအခါတွင်မူ သွမ့်ဟွေကျို ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့၏။
ချန်ရှော့ ရေးသားထားသော ကွာရှင်းပြတ်စဲရေး သဘောတူညီချက်တွင် နန်ချင်ဝမ်အတွက် ခွဲဝေပေးထားသည့် ပိုင်ဆိုင်မှုစာရင်းကို ကြည့်ပြီး သွမ့်ဟွေကျိုသည် မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
“သူ့ကို ဘာအကြောင်းပြချက်နဲ့ ဒီလောက်အများကြီး ပေးရမှာလဲ”
ချန်ရှော့ စိတ်ရှည်လက်ရှည်ပင် မေးမြန်းလိုက်၏။
“ခင်ဗျားအနေနဲ့ ဘယ်အချက်ကို မသင့်တော်ဘူးလို့ ခံစားနေရတာလဲ”
သွမ့်ဟွေကျို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ဗီလာအိမ်ကြီးကိုလည်း သူ့ကို ပေးပြီးပြီပဲ၊ ဘာဖြစ်လို့ ကျွန်တော်က နောက်ထပ် ငွေငါးသိန်း ထပ်ပေးရဦးမှာလဲ”
အကယ်၍ ယခင်တုန်းကသာ ဖြစ်ခဲ့ပါက သွမ့်ဟွေကျိုအနေဖြင့် ထိုပမာဏကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။သို့သော် ယခုအခါတွင်မူ အခြေအနေများက ပြောင်းလဲသွားခဲ့လေပြီ။
စာချုပ်ဖောက်ဖျက်မှု လျော်ကြေးများ ပေးဆောင်လိုက်ရသဖြင့် သူ့ပိုင်ဆိုင်မှု အများစုမှာ ကုန်ဆုံးနေပြီဖြစ်ရာ ဤငွေကို နန်ချင်ဝမ်အား ထပ်ပေးရမည်ဆိုပါက သူ အမှန်တကယ်ပင် မွဲသွားပေတော့မည်။
ထို့အပြင် ဖျော်ဖြေရေး အစီအစဉ် ပြီးဆုံးသွားသည့် အချိန်မှစ၍ သွမ့်ဟွေကျို၏ လက်ထဲတွင် မည်သည့် အခွင့်အလမ်းမှ မရှိတော့ချေ။ ယခင်က ညှိနှိုင်းထားသော ရုပ်ရှင်များနှင့် ကြော်ငြာများအားလုံးမှာလည်း ပျက်ပြယ်သွားခဲ့လေပြီ။
ချန်ရှော့သည် သက်သေအထောက်အထားကို အစဉ်လိုက်ထုတ်ပြရင်း သွမ့်ဟွေကျိုအား ရှင်းပြလေသည်။
“ဒီဗီလာဟာ ကျွန်တော့်အမှုသည်ရဲ့ အိမ်ထောင်မပြုမီကတည်းက ပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် သူပိုင်တာသူ ပြန်ယူတာ သဘာဝကျပါတယ်။ ဒါ့အပြင် ကျွန်တော့်အမှုသည်ဟာ ကလေးကိုလည်း ပြုစုစောင့်ရှောက်ရဦးမှာ ဖြစ်လို့ ခင်ဗျားရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ယှဉ်ရင် ယွမ်ငါးသိန်းဆိုတာ မများပါဘူး”
ရုပ်ရှင်ဧကရာဇ် တစ်ဦးအနေဖြင့် ငွေငါးသိန်းမှာ အမှန်တကယ် မများပေ။ သို့သော် ပြဿနာမှာ သူ၏ ရုပ်ရှင်ဧကရာဇ် ဘွဲ့ထူးမှာ ယခုအခါတွင် အမည်ခံမျှသာ ဖြစ်နေပြီး သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ခြောက်သိန်းမှ ခုနစ်သိန်းဝန်းကျင်သာ ရှိတော့လေ၏။
ဗီလာအိမ်ကြီးမှာ နန်ချင်ဝမ်၏ အိမ်ထောင်မပြုမီက ပိုင်ဆိုင်မှုဖြစ်ပြီး ယခုတစ်ဖန် နန်ချင်ဝမ်ကို ငွေအမြောက်အမြား ထပ်ပေးရမည်ဆိုပါက သွမ့်ဟွေကျို တစ်ယောက် လက်ဗလာနှင့်သာ ထွက်သွားရပေတော့မည်။
သွမ့်ဟွေကျို အနည်းငယ်မျှ ဆက်လက်ငြင်းဆန်ချင်သေးသော်လည်း ချန်ရှော့ သူ၏ လက်ရှိ ရုပ်ရှင်သရုပ်ဆောင်ခများကို ထုတ်ပြကာ ငွေငါးသိန်းဆိုသည်မှာ သွမ့်ဟွေကျိုအတွက် သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်ကြောင်း ကျိုးကြောင်းပြ ရှင်းပြပြန်သည်။
“အဲဒါတွေက အရင်ကလေ။ အခုဆို ကျွန်တော် ဘာရုပ်ရှင်မှ ရိုက်ခွင့်မရတော့သလို စာချုပ်ဖောက်ဖျက်ကြေးတွေလည်း အများကြီး ပေးထားရတယ်”
သွမ့်ဟွေကျိုသည် ငွေနည်းနည်းသာ ပေးချင်သည်။ ယခု သူ၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ချန်ရှော့ သွမ့်ဟွေကျို၏ အခြေအနေကို ကောင်းမွန်စွာ သုံးသပ်ပြလိုက်လေ၏။
“ရုပ်ရှင်ဧကရာဇ်သွမ့်က ဖျော်ဖြေရေး လောကရဲ့ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ ဟိုင်ထျန့်ဖျော်ဖြေရေးမှာ ရှိနေတာပဲ၊ ကုမ္ပဏီနဲ့လည်း စာချုပ် မဖျက်ရသေးဘူး မဟုတ်လား။ ခင်ဗျား ဘယ်လိုလုပ် သရုပ်ဆောင်ခွင့် မရဘဲ နေမှာလဲ”
ချန်ရှော့ ဤသို့ပြောလိုက်ခြင်းမှာ တစ်ခုခုကို အရိပ်အမြွက် ပြောနေခြင်း ဖြစ်သည်ဟု သွမ့်ဟွေကျို ခံစားလိုက်ရ၏။ သူသည် ဟိုင်ထျန့်ဖျော်ဖြေရေးတွင် ရှိနေခြင်းကြောင့်ပင် မည်သည့်ရုပ်ရှင်မှ ရိုက်ခွင့်မရတော့ခြင်း ဖြစ်သည်။
ဟိုင်ထျန်ဖျော်ဖြေရေးသည် သူ့ကို မည်သည့်အခါမှ စွန့်ပစ်မည်မဟုတ်ကြောင်း သူ ယခင်က ထင်မြင်ခဲ့၏။သို့သော် ချန်ထျန်မင်းသည် သူ့ကို အနုပညာလောကမှ ပယ်ထုတ်ပစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သွမ့်ဟွေကျို နန်ချင်ဝမ်ဘက်မှ ထိုငွေကို မယူဘဲ စိတ်ပြောင်းသွားရန်သာ ဆုတောင်းနေမိ၏။
“ရှောင်ဝမ်၊ မင်း ငါ့ရဲ့ လက်ရှိ အခြေအနေကို သိပါတယ်။ ဒီပိုက်ဆံကို မယူလို့ မရဘူးလား။ နောင်ကျ ငါ ပိုက်ဆံအများကြီး ရှာနိုင်တဲ့အခါ မင်းကို နှစ်ဆ ပြန်ပေးပါ့မယ်”
နန်ချင်ဝမ် သွမ့်ဟွေကျိုကို မျက်စောင်းထိုးကြည့်လိုက်သည်။
‘ဒီလူငါ့ကို ဘာမဟုတ်တဲ့ ကတိတွေနဲ့ လှည့်စားဖို့ကြိုးစား နေတာလဲ’
သူမသည် ယခင်ကကဲ့သို့ အချစ်ရူးမလေး မဟုတ်တော့ပေ။ ယခုအခါတွင် စွမ်းအားရှင် နန်ချင်ဝမ် ဖြစ်နေလေပြီ။
“စိတ်မရှိနဲ့နော် ကျွန်မကတော့ ဒီငွေငါးသိန်းကို မရရအောင်ယူမှာ”
နန်ချင်ဝမ် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သွမ့်ဟွေကျိုအား စေတနာဖြင့် သတိပေးလိုက်သေး၏။
“နောင်ကျရင် ကလေးအတွက် လစဉ် ထောက်ပံ့ကြေးကို ကျွန်မရဲ့ ကတ်ထဲကို လွှဲပေးဖို့ မမေ့နဲ့ဦးနော်။ ရုပ်ရှင်ဧကရာဇ်သွမ့်က ဒီလို ကိစ္စအသေးအဖွဲလေးအတွက်နဲ့ တရားရုံး ထပ်ရောက်ချင်မှာ မဟုတ်ဘူး မဟုတ်လား”
သွမ့်ဟွေကျို အလွန်ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ နန်ချင်ဝမ်ကိုသာ စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။
နန်ချင်ဝမ်ကမူ သူ့ကို နည်းနည်းမှ အဖတ်မလုပ်ပေ။သို့သော် နန်ချင်ဝမ်၏ စကားမှာ အတည် ဖြစ်၏။အကယ်၍ သွမ့်ဟွေကျိုသည် ကလေးအထောက်အပံ့ကြေးကို ပေးဆောင်ရန် ပျက်ကွက်ခဲ့မည်ဆိုပါက သူမအနေဖြင့် တရားစွဲရန်လည်း ဝန်လေးမည် မဟုတ်ပေ။
သူမသမီးနှင့် ထိုက်တန်သည့် အရာမှန်သမျှ ဆုံးရှုံးသွား၍ မဖြစ်ပေ။
နောက်ဆုံးတွင် နှစ်ဖက်အငြင်းပွားမှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို ငွေငါးသိန်း ပေးဆောင်ရန် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့လေ၏။
တရားရုံးမှ ထွက်လာကြစဉ် သွမ့်ဟွေကျို နန်ချင်ဝမ်အား အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“မင်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။ ငါ မင်းအပေါ် တကယ် စိတ်ပျက်မိတယ်”
နန်ချင်ဝမ် အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားရတော့သည်။ သူမသည် သူမနှင့်ထိုက်တန်သည့် အရာများကိုသာ ပြန်လည် တောင်းဆိုခြင်း ဖြစ်သော်လည်း သွမ့်ဟွေကျို၏ ပြောဆ်ိုနေပုံမှာ သူမကပင် အလွန်တရာ ဆိုးသွမ်းသည့် အမှုကြီးတစ်ခုကို ကျူးလွန်ထားသကဲ့သို့ပင်။
‘စိတ်ပျက်တယ် ဟုတ်လား။ အရှက်ကို မရှိဘူး’
သူတို့နှစ်ဦး တရားရုံးအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် သတင်းထောက်များက ဝိုင်းရံနေသည်ကို တွေ့လိုက်ရတော့သည်။
သွမ့်ဟွေကျို နန်ချင်ဝမ်ကို စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်၏။
“ဒီသတင်းထောက်တွေကို မင်းခေါ်ထားတာလား”
နန်ချင်ဝမ်လည်း သတင်းထောက်များကို မြင်လိုက်ရသည့်အခါ ဝေခွဲမရ ဖြစ်သွား၏။ သွမ့်ဟွေကျို၏ ဂုဏ်သိက္ခာ ပျက်စီးသွားသည်ကို သူမ မြင်ချင်သော်လည်း ဤသတင်းထောက်များကို သူမ ငှားရမ်းခဲ့ခြင်း မဟုတ်ပေ။
နန်ချင်ဝမ်သည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သောအခါ လူအုပ်ထဲ၌ အလွန် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရ၏။
ထိုသူသည် ရုပ်ဖျက်ထားသော်လည်း နန်ချင်ဝမ်ကမူ ယဲ့ယီဖြစ်ကြောင်း ကြည့်လိုက်ရုံဖြင့် သိလိုက်လေသည်။
ဤသတင်းထောက်များကို ယဲ့ယီ စီစဉ်ထားခြင်းပင် ဖြစ်သည်။ နန်ချင်ဝမ် စိတ်ထဲမှနေ၍ ယဲ့ယီကို လက်မထောင်ကာ ချီးကျူးလိုက်မိ၏။
‘အရမ်းတော်တယ်’
သွမ့်ဟွေကျိုသည် ဤပြဿနာများကြားမှ အမြန်ဆုံး ထွက်ခွာသွားလိုသော်လည်း သတင်းထောက်များ ဝိုင်းအုံနေသဖြင့် ရွေ့လျားဖို့ပင် အနိုင်နိုင် ဖြစ်နေတော့၏။
“ရုပ်ရှင်ဧကရာဇ်သွမ့်ကို မေးပါရစေ၊ ဇနီးနဲ့ ဘာကြောင့် ကွာရှင်းတာလဲ။ လန်ရွှယ်ကြောင့်လား”
“ရုပ်ရှင်ဧကရာဇ်သွမ့် အခုလို လုပ်ရပ်ဟာ ကျေးဇူးကန်းရာ မရောက်ဘူးလား”
“ရုပ်ရှင်ဧကရာဇ်သွမ့် ဇနီးဖြစ်သူကို ပိုင်ဆိုင်မှု ဘယ်လောက် ခွဲပေးခဲ့လဲ။ ကွာရှင်းပြီးရင် လန်ရွှယ်ကို ဆက်ပြီး လိုက်မှာလား”
သတင်းထောက်များ၏ မေးခွန်းများမှာ တစ်ခုပြီးတစ်ခု ကျရောက်လာတော့သည်။ သွမ့်ဟွေကျို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားရလေသည်။ ပိုင်ဆိုင်မှုများ ခွဲဝေပေးခဲ့ရသဖြင့် သူ ဒေါသထွက်နေ၏။ ယခုတစ်ခါ သတင်းထောက်များကိုပါ ထပ်ဆင့် ရင်ဆိုင်နေရပြန်၏။
သွမ့်ဟွေကျိုသည် နောက်ဆုံးတွင် မအောင့်အည်းနိုင်တော့ဘဲ အော်ဟစ်လိုက်၏။
“မင်းတို့အားလုံး ထွက်သွားကြစမ်း”
သူ ထိုသို့ အော်ဟစ်လိုက်သောအခါ သတင်းထောက်များမှာ မထွက်သွားသည့်အပြင် ပို၍ပင် တိုးဝှေ့လာကြတော့၏။
နန်ချင်ဝမ်ကိုလည်း သတင်းထောက်အချို့က ဝိုင်းထားကြသော်လည်း သွမ့်ဟွေကျိုလောက် မများပေ။
နန်ချင်ဝမ်သည် သတင်းထောက်များ၏ မေးခွန်းများကို ဖြေဆိုရင်း အပြင်သို့ ထွက်လာခဲ့လေသည်။
“မစ္စနန်၊ ကွာရှင်းပြီးရင် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ”
နန်ချင်ဝမ်သည် သတင်းထောက်များကို ယဉ်ကျေးစွာ ပြုံးပြရင်း ဖြေကြားလိုက်သည်။
“ကျွန်မ အခု ဂျက်နီစစ်ဖျော်ဖြေရေးမှာ အလုပ်လုပ်နေပါတယ်။ နောင်လည်း အဲ့မှာပဲ ဆက်ပြီး အလုပ်လုပ်သွားမှာပါ”
“မစ္စနန်၊ ရုပ်ရှင်ဧကရာဇ်သွမ့်နဲ့ ဘာကြောင့် ကွာရှင်းတာလဲ။ သွမ့်ဟွေကျိုနဲ့ လန်ရွှယ်တို့ရဲ့ ကိစ္စကြောင့်လား”
နန်ချင်ဝမ်
“အဲဒါက ကွာရှင်းရတဲ့ အကြောင်းအရင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါပေမဲ့ အဲ့တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး”
သတင်းထောက်များ နောက်ထပ် မေးခွန်းများ မေးမြန်းရန် ပြင်နေစဉ်မှာပင် နန်ချင်ဝမ်သည် သက်တော်စောင့်များ၏ အစောင့်အရှောက်ဖြင့် အနက်ရောင် ကားပေါ်သို့ တက်ရောက်သွားခဲ့လေပြီ။
ယဲ့ယီသည် တရားရုံးမလာမီ သက်တော်စောင့်အချို့ ခေါ်ဆောင်လာရန် အဘယ်ကြောင့် အတင်းအကျပ် တိုက်တွန်းခဲ့သည်ကို နန်ချင်ဝမ် ယခုမှ နားလည်တော့သည်။
သွမ့်ဟွေကျို ရန်ပြုမည်ကို စိုးရိမ်သောကြောင့်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုအချက်အပြင် သတင်းထောက်များဒဏ်မှ ကာကွယ်ရန်လည်း ပါဝင်နေလေ၏။
နန်ချင်ဝမ် ကားပေါ်သို့ ရောက်ရှိသွားသောအခါ ကားထဲ၌ နောက်ထပ် လူတစ်ဦး ရှိနေသည်ကို တွေ့လိုက်ရသည်။
“ရှောင်ယီ”
နန်ချင်ဝမ် အံ့အားသင့်စွာ ရေရွတ်မိ၏။
စောနက ယဲ့ယီကို ဖျက်ခနဲ မြင်လိုက်ရပြီး အဘယ်ကြောင့် ရုတ်တရက် ပျောက်သွားရသနည်းဟု သူမ တွေးနေခဲ့သည်။ ယခုမှ ယဲ့ယီသည် ကားပေါ်သို့ ကြိုတင်ရောက်နှင့်နေခြင်း ဖြစ်မှန်း သိသွားရတော့၏။
ယဲ့ယီ သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး မေးလိုက်၏။
“ဘယ်လိုလဲ။ ကျွန်မ ဒီနေ့ စီစဉ်ပေးထားတာတွေကို စိတ်တိုင်းကျရဲ့လား”
နန်ချင်ဝမ် ယဲ့ယီကို တင်းကျပ်စွာ ဖက်လိုက်လေ၏။
“ရှောင်ယီ၊ အစ်မ အပေါ်မှာ တကယ်ကို ကောင်းလွန်းပါတယ်”
ယဲ့ယီ ပြုံးလိုက်သည်။ အစပိုင်းတွင် သူမသည် မိခင်အချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့် နန်ချင်ဝမ်ကို ကူညီခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း နောက်ပိုင်း အပြန်အလှန် ဆက်ဆံမှုများမှတစ်ဆင့် နန်ချင်ဝမ်ကို သူမ၏ သူငယ်ချင်းတစ်ဦးကဲ့သို့ တဖြည်းဖြည်း သဘောထားလာခဲ့၏။
ထို့အပြင် နန်ချင်ဝမ်သည် သူမ၏ သူငယ်ချင်းဖြစ်ရုံသာမက ကုမ္ပဏီ၏ အရည်အချင်းရှိသော လက်အောက်ငယ်သား တစ်ဦးလည်း ဖြစ်လေသည်။ ယဲ့ယီသည် သူမ၏ လူများအပေါ်တွင် အမြဲတမ်း အကာအကွယ် ပေးတတ်သူပင် မဟုတ်လော။