← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃)

ချစ်လှစွာသောသားလေး

ယဲ့ယီ သတင်းထောက်များကို စီစဉ်ထားရုံသာမက ဂျက်နီစစ်ဖျော်ဖြေရေး၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာတွင်လည်း နန်ချင်ဝမ်အနေဖြင့် ဒုက္ခပင်လယ်ဝေရာမှ လွတ်မြောက်လာခြင်းအတွက် နွေးထွေးစွာ ဂုဏ်ပြုကြောင်း တစ်စုံတစ်ယောက်ကို တင်ခိုင်းထားသေး၏။

နန်ချင်ဝမ်သည် အေးအေးလူလူပင် ထွက်ခွာသွားနိုင်ခဲ့သော်လည်း သွမ့်ဟွေကျိုမှာမူ သတင်းထောက်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို နာရီပေါင်းများစွာ ခံလိုက်ရလေသည်။

တရားရုံးအပေါက်ဝတွင် သတင်းထောက်များ ရှိနေလိမ့်မည်ဟု သွမ့်ဟွေကျို မမျှော်လင့်ထားသဖြင့် သူသည် သက်တော်စောင့် တစ်ဦးတစ်ယောက်ကိုမျှ ငှားရမ်းထားခြင်း မရှိခဲ့ပေ။

ယဲ့ယီသည် နန်ချင်ဝမ်ကို သူမ ဗီလာအိမ်ကြီးသို့ ကားဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့၏။ဘသို့သော် နန်ချင်ဝမ်ကမူ အတိတ်ကို အပြီးတိုင် နှုတ်ဆက်ရန်အတွက် ထိုအိမ်ကို ရောင်းချပစ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။

နန်ချင်ဝမ်သည် ထိုနေ့ညနေစာအတွက် ယဲ့ယီနှင့် ကုရှီချန်းတို့ကို ဖိတ်ကြားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမအား ရှေ့နေချန်ရှော့နှင့် ချိတ်ဆက်ပေးခဲ့သူမှာ ကုရှီချန်းပင် ဖြစ်သောကြောင့် သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်လို၏။

ကုရှီချန်းသာ ကြားဝင်ပြောဆိုပေးခြင်း မရှိပါက ချန်ရှော့ကဲ့သို့သော ရှေ့နေတစ်ဦးက သူမအတွက် ဤအမှုအသေးအဖွဲလေးကို မည်သို့လက်ခံဆောင်ရွက်ပေးမည်နည်း။

ယဲ့ယီ ပထမဦးစွာ သဘောတူလိုက်သော်လည်း ကုရှီချန်း အား၊ မအားကိုမူ ဦးစွာ မေးကြည့်ရဦးမည်။ ယဲ့ယီသည် ဗီလာသို့ ပြန်ရောက်သောအခါ ကုရှီချန်းကို အိမ်မှာ တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး စပ်စုကြည့်လိုက်မိသည်။

“ဒီနေ့ အလုပ်မသွားဘူးလား”

[ကုမ္ပဏီများ ဒေဝါလီခံသွားရပြီလား]

ကုရှီချန်းတစ်ယောက် မျက်မှောင်ကြုတ်သွားလေ၏။

“စာရွက်စာတမ်း ကျန်ခဲ့လို့ လာယူတာ”

“ဪ... အင်းပါ”

ယဲ့ယီ ခေါင်းငြိမ့်ပြလိုက်သည်။

[ကြည့်ရတာ ကုမ္ပဏီကတော့ ဒေဝါလီ မခံသေးဘူးထင်တယ်]

ကုရှီချန်း အတော်ပင် စိတ်အိုက်သွားရလေ၏။

’ဘာလို့ သူ ကုမ္ပဏီကို ဒေဝါလီခံစေချင်နေရတာလဲ’

နန်ချင်ဝမ် ပြောခဲ့သည်ကို သတိရကာ ယဲ့ယီက ကုရှီချန်းအား မေးလိုက်သည်။

“ဒီနေ့ည ရှင် အားလား”

“ဘာကိစ္စရှိလို့လဲ”

ယဲ့ယီက နန်ချင်ဝမ် သူတို့နှစ်ဦးကို ညစာ ဖိတ်ကျွေးချင်နေကြောင်း ကုရှီချန်းအား ပြန်လည် ပြောပြလိုက်သည်။

ကုရှီချန်း နားထောင်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။

“အဲ့အချိန်ကျရင် စားသောက်ဆိုင် လိပ်စာသာ ပို့ပေး”

“အင်း”

ယဲ့ယီ ကုရှီချန်း သဘောတူသည်ကို ကြားလိုက်ရသည်နှင့် နန်ချင်ဝမ်ထံသို့ စာတိုပေးပို့လိုက်တော့သည်။

ကုရှီချန်း စာရွက်စာတမ်းကို ယူကာ ကုမ္ပဏီသို့ ပြန်သွားလေ၏။ သူသည် တကယ်တမ်းလည်း ထိုစာရွက်ကို လာယူခြင်းသာ ဖြစ်လေ၏။

အချိန်နီးကပ်လာသောအခါ ယဲ့ယီသည် ကုရှီချန်းထံသို့ စားသောက်ဆိုင်လိပ်စာကို ပေးပို့လိုက်သည်။ ၎င်းမှာ သူတို့နှစ်ဦး WeChat တွင် သူငယ်ချင်းဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နှုတ်ဆက်စကားမှလွဲ၍ အပြန်အလှန် ပေးပို့ဖူးသော ပထမဆုံး စာတိုပင် ဖြစ်လေ၏။

ကုရှီချန်းထံ စာပို့ပြီးနောက် ယဲ့ယီ ကုစဲ့ကို ကျောင်းကြိုရန် သွားတော့သည်။

ကုစဲ့ ကျောင်းဆင်းချိန်တွင် ယဲ့ယီကို ကျောင်းဂိတ်ဝ၌ တွေ့လိုက်ရသဖြင့် ကုစဲ့မှာ သူ့မျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

ယဲ့ယီသည် ကုစဲ့၏ ဆံပင်များကို ဖွလိုက်ရင်း မေးလိုက်၏။

“ကျောင်းမှာ ဘယ်လိုလဲ။ ငါ့မျက်နှာ ပျက်အောင်တော့ မလုပ်ခဲ့ဘူး မဟုတ်လား”

[ငါ့ရဲ့ ချစ်လှစွာသော သားလေးက ဘာလို့ ပိုပြီး ခန့်ညားလာရတာလဲ]

ကုစဲ့ မျက်နှာလေးမှာ နီရဲသွားပြီးနောက် ဂုဏ်ယူစွာ ပြောလိုက်၏။

“သား ဒီနှစ်လယ်စာမေးပွဲမှာ တစ်ကျောင်းလုံးမှာ ပထမရတယ်”

ယဲ့ယီ သူ့အား မယုံကြည်မှာကို စိုးသဖြင့် ကုစဲ့သည် လွယ်အိတ်ထဲမှ ရီပိုကတ်ကို ထုတ်ပြလေသည်။ ယဲ့ယီသည် ရီပိုကတ်ကို ယူကြည့်လိုက်ရာ စာရွက်ပေါ်တွင် အမှတ် (၁၀၀)ဟု ရေးထားသော ဂဏန်းကြီးကို မြင်လိုက်ရ၏။

ယဲ့ယီ ဂုဏ်ယူလွန်းသဖြင့် သူမ၏ ပြုံးမိတော့မည့် အရေးကို မနည်း ထိန်းထားရသည်။

[ဟားဟား... ငါ့သားပဲ။ မျှော်လင့်ထားတဲ့အတိုင်းကို ဦးနှောက်လေးက ငါ့လိုပဲ ထက်မြက်တာ]

သို့သော်လည်း အပြင်ပန်းတွင်မူ သူမ ခပ်အေးအေးပင် ပြောလိုက်၏။

“ကောင်းပါတယ်၊ ဒီအတိုင်းပဲ ဆက်ကြိုးစား”

သို့သော်လည်း ကုစဲ့မှာ သူ့မေမေသည် စိတ်ထဲရှိသည်နှင့် ဆန့်ကျင်ဘက် စကားများကို ပြောတတ်သည်ကို နေသားကျနေပြီ ဖြစ်သဖြင့် အခြေအနေ မည်သို့ပင်ဖြစ်စေ သူ့မိခင်က သူ့ကို ဂရုစိုက်ကြောင်း သိရှိထားလေ၏။

“မေမေ၊ ဒီနေ့ ဘာလို့ ကျောင်းကို လာကြိုတာလဲ”

ကုစဲ့က စပ်စုကာ မေးလိုက်သည်။

“ဒီနေ့ည အန်တီချင်ဝမ်က ငါတို့ကို ညစာကျွေးမလို့လေ၊ အဲဒါကြောင့် မင်းကို လာကြိုပြီး တစ်ခါတည်း သွားမလို့”

တစ်ခုခုကို သတိရသွားကာ ကုစဲ့ မေးလိုက်၏။

“ဒါဆို ဖေဖေကော”

ယဲ့ယီ သည် ယခင်တစ်ခေါက်ကလို သူ့ဖခင်ကို ချန်ထားခဲ့လိမ့်မည် မဟုတ်ဟု မျှော်လင့်မိကာ မေးလိုက်သည်။

[ဒီကလေးက ကုရှီချန်းကို တကယ်ပဲ စိုးရိမ်နေတာပဲ]

“မင်းဖေဖေကတော့ အလုပ်ဆင်းရင် လိုက်လာလိမ့်မယ်”

ကုရှီချန်းပါ လိုက်လာမည်ဆိုသည်ကို ကြားလိုက်ရသဖြင့် ကုစဲ့ ပို၍ ပျော်ရွှင်သွားတော့သည်။

သူသည် ဤလူနှစ်ဦး၏ အချစ်ရေးအတွက် အလွန်ပင် စိုးရိမ်ပူပန်နေ၏။ ယခုအခါ သူ့ဖခင်သည် သူတို့နှင့်အတူ ညစာ စားနိုင်ပြီ ဖြစ်သဖြင့် သူတို့နှစ်ဦး ကွာရှင်းကြတော့မည် မဟုတ်ဟု တွေးနေမိတော့သည်။

ထိုသို့ တွေးလိုက်မိသည်နှင့် ကုစဲ့၏ မျက်နှာလေးမှာ ပျော်ရွှင်သော အပြုံးများဖြင့် ဝင်းပနေတော့သည်။

ယဲ့ယီကမူ ကုစဲ့ စာမေးပွဲတွင် ပထမရရှိသဖြင့် ယခုလို ပျော်ရွှင်နေခြင်း ဖြစ်သည်ဟု ယူဆလိုက်၏။ ထို့နောက် သူမ ချစ်လှစွာသော သားလေးကို အားပေးသည့်အနေဖြင့် လက်ဆောင်တစ်ခု ပြင်ဆင်ပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

ယဲ့ယီနှင့် ကုစဲ့တို့ စားသောက်ဆိုင်သို့ ရောက်ရှိသွားချိန်တွင် နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့လည်း ရောက်နှင့်နေကြပြီဖြစ်သည်။

ကုရှီချန်းကို မတွေ့ရသဖြင့် နန်ချင်ဝမ် သူ တစ်ခုခု အလုပ်ရှုပ်နေသဖြင့် မလာနိုင်တော့ခြင်း ဖြစ်မည်ဟု ထင်မှတ်ကာ မေးလိုက်၏။

“စီအီးအိုကု လာဦးမှာလား”

ယဲ့ယီ ကုရှီချန်း ယခုလေးတင် ပေးပို့လိုက်သော စာကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

“လာမှာပါ။ သူ အလုပ်လေး နည်းနည်း ရှင်းပြီးတာနဲ့ လာလိမ့်မယ်။ ကျွန်မတို့ကို အရင် စားနှင့်ခိုင်းထားတယ်”

ထိုသို့ကြားလိုက်ရသဖြင့် နန်ချင်ဝမ်မှာ ထပ်မမေးတော့ဘဲ ယဲ့ယီအား အစားအစာများ မှာရန် ပြောကြားလိုက်လေ၏။

သွမ့်ကျားကျားမှာ ယနေ့တွင် အခြေအနေ သိပ်မကောင်းလှသဖြင့် ယဲ့ယီသည် နန်ချင်ဝမ်ကို မျက်ရိပ်ပြကာ မေးမြန်းလိုက်၏။

နန်ချင်ဝမ်သည် အကြည့်ချင်း ပြန်လည် တုံ့ပြန်လိုက်ရာ ယဲ့ယီသည် ချက်ချင်းပင် နားလည်သွားခဲ့သည်။ သွမ့်ကျားကျားသည် သူမ မိဘများ ကွာရှင်းလိုက်သည်ကို သိသွားပုံရသည်။

သွမ့်ဟွေကျို မည်မျှပင် ဆိုးသွမ်းသူဖြစ်ပါစေ သွမ့်ကျားကျားမှာ ကလေးတစ်ဦးသာ ဖြစ်၏။ သူမ အနေဖြင့် ဘာနားလည်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ သွမ့်ဟွေကျိုသည် သူမ၏ ဖခင် ဖြစ်နေသောကြောင့် သူမအနေဖြင့် ဝမ်းနည်းနေမည်မှာ ဧကန်မလွဲပင်။

ယဲ့ယီ ကုစဲ့ အနားသို့ ကပ်ကာ စကားအချို့ တိုးတိုးလေး ပြောလိုက်၏။ ကုစဲ့သည် နားထောင်ပြီးနောက် သွမ့်ကျားကျားထံသို့ လျှောက်သွားကာ သူမအား စတင် နှစ်သိမ့်ပေးလေတော့သည်။

စကားပြောနေကြရင်း သွမ့်ကျားကျားမှာ တရှုံ့ရှုံ့နှင့် စတင် ငိုကြွေးလာရာ ကုစဲ့သည် ယဲ့ယီကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ယဲ့ယီ အားပေးသော အမူအရာ ပြလိုက်သဖြင့် ကုစဲ့မှာ မတတ်သာတော့ဘဲ သွမ့်ကျားကျားကို ဆက်လက် နှစ်သိမ့်ပေးနေရတော့သည်။

“အစ်မနန်ချင်၊ ကျားကျားက အခု ဘယ်ကျောင်းမှာ တက်နေတာလဲ”

ယဲ့ယီ စပ်စုကာ မေးမြန်းလိုက်သည်။

ကျောင်းကိစ္စနှင့် ပတ်သက်လာလျှင် နန်ချင်ဝမ်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“မပြောပါနဲ့တော့။ ကျားကျားရဲ့ အတန်းပိုင် ဆရာမက အစ်မ နဲ့ သွမ့်ဟွေကျို ကွာရှင်းလိုက်တာကို သိသွားကတည်းက ကျားကျားကို သွားကြိုတိုင်း အစ်မကို မျက်စောင်းထိုးနေတာ။ သူ ကျားကျားအပေါ်မှာလည်း ကောင်းကောင်း ဆက်ဆံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ အဲဒါကြောင့် ကျားကျားကို ကျောင်းပြောင်းပေးဖို့ စဉ်းစားနေတာ”

“ကျားကျားကို ရှောင်စဲ့ တက်နေတဲ့ ကျောင်းကိုပဲ ပြောင်းပေးလိုက်ပါလား။ ဒါဆို ကလေးနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပေးလို့ ရတာပေါ့”

[ငယ်သူငယ်ချင်းလေးတွေ၊ အပြစ်ကင်းစင်လိုက်ကြတာ၊ ဟီးဟီးဟီး]

“ရှောင်စဲ့ တက်တဲ့ကျောင်းက ဝင်ဖို့ လွယ်မှာ မဟုတ်ဘူး ထင်တယ်”

သူမသည် သွမ့်ကျားကျားအတွက် အကောင်းဆုံးကျောင်းကို ရွေးချယ်ပေးချင်သည်မှာ မှန်သော်လည်း ကုစဲ့ တက်နေသောကျောင်းမှာ သာမန်လူများ ဝင်နိုင်သည့် ကျောင်းမျိုး မဟုတ်ကြောင်း သူမ သိထား၏။

“အချိန်တန်ရင် ကျွန်မ ကုရှီချန်းကို ဝင်ဖို့ နည်းလမ်းရှိမလား မေးကြည့်ပေးမယ်လေ”

ကုရှီချန်းအနေဖြင့် ကူညီပေးလိမ့်မည်ဟု ယဲ့ယီ ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် သူ့သားအတွက် အနာဂတ် ဇနီးလောင်းကို ကြိုတင် ရှာဖွေပေးခြင်းနှင့် အတူတူပင် မဟုတ်လော။

နန်ချင်ဝမ်မှာ ကုရှီချန်းကို ထပ်မံ၍ အလုပ်မရှုပ်စေချင်တော့ပေ။ သူသည် ကွာရှင်းမည့်ကိစ္စတွင် သူမကို အများကြီး ကူညီပေးထားပြီး ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းပြောင်းသည့် ကိစ္စကိုပါ ထပ်မံ အကူအညီတောင်းရမည်ဆိုပါက သူမအတွက် အရှက်မရှိရာ ရောက်ပေလိမ့်မည်။

“ထားလိုက်ပါတော့”

ယဲ့ယီ ဘာမှ ထပ်မပြောတော့သော်လည်း ကုရှီချန်းမှ မကူညီလျှင်ပင် သူမကိုယ်တိုင် သွမ့်ကျားကျားကို ထိုကျောင်းသို့ ဝင်ခွင့်ရအောင် လုပ်ပေးမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ယဲ့ယီသည် ဤကလေးနှစ်ယောက်ကို သဘောတူလိုရုံသာမက သူမကိုယ်တိုင်ကလည်း သွမ့်ကျားကျားလေးကို အမှန်တကယ် ချစ်သောကြောင့် ဖြစ်လေ၏။

ဤကိစ္စကို သူမအနေဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယဲ့ယီ ယုံကြည်ထား၏

အဘယ်ကြောင့်ဆိုသော် သူမလည်း ယခုအခါ အတန်အသင့် အရှိန်အဝါရှိသော စီအီးအို တစ်ဦး ဖြစ်နေပြီ မဟုတ်လော။

ကုစဲ့လေး မိန်းကလေးများကို ချော့မြှူရာတွင် အတော်ပင် တော်ပုံရပြီး ခဏအတွင်းမှာပင် သွမ့်ကျားကျားကို ပြန်လည် ပျော်ရွှင်သွားအောင် လုပ်ပေးနိုင်လိုက်၏။ သို့သော်လည်း ကုရှီချန်းမှာမူ ယခုအချိန်ထိ ရောက်မလာသေးပေ။

ယဲ့ယီသည် ကုရှီချန်းလာမလာ စာတိုပေးပို့ရန် ပြင်လိုက်စဉ်မှာပင် သီးသန့်ခန်းတံခါး ပွင့်လာသည်။

ဝင်လာသူမှာ ကုရှီချန်းပင် ဖြစ်၏။ သို့သော်လည်း ကုရှီချန်းကို မြင်လိုက်ရသည့် ခဏ၌ ယဲ့ယီနှင့် နန်ချင်ဝမ်တို့ နှစ်ဦးလုံးမှာ အံ့အားသင့်သွားရတော့သည်။

ကုရှီချန်းသည် အလွန်အမင်း ခမ်းနားကြီးကျယ်သော ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ အမြဲတမ်း ဝတ်စုံအပြည့် ဝတ်လေ့ရှိသော်လည်း ယနေ့ ဝတ်ဆင်ထားသော ပုံစံမှာမူ ဒီဇိုင်နာတစ်ဦးဦးက သေချာ စနစ်တကျ ပြင်ဆင်ပေးထားသည့် ပုံစံမျိုး ပေါက်နေသည်။

“ရှင် နန်းတွင်းပွဲတစ်ခုခုကနေ ပြန်လာတာလား”

ယဲ့ယီသည် သူမ စိတ်ထဲက သံသယကို ထုတ်မေးလိုက်၏။

“ထူးဆန်းလို့လား”

ကုရှီချန်း အနည်းငယ် စိုးရိမ်စိတ်ဖြင့် ပြန်မေးလိုက်သည်။ သူသည် ယနေ့ ဝတ်စုံအတွက် ဒီဇိုင်နာတစ်ဦးနှင့် အချိန်အတော်ကြာအောင် သေချာ ပြင်ဆင်ခဲ့ရလေ၏။

နန်ချင်ဝမ်သည် ယဲ့ယီ၏ အခင်ဆုံးသူငယ်ချင်းဖြစ်ကြောင်း ကုရှီချန်း သိထား၏။ သူ ဖတ်ဖူးသော စာအုပ်များထဲမှ ဗဟုသုတများအရ အခင်ဆုံး သူငယ်ချင်းဆိုသည်မှာ အနာဂတ် ယောက္ခမနှင့် အလားတူသည်ဟု ဆိုထားသဖြင့် ကုရှီချန်းသည် ယနေ့ ညစာစားပွဲကို အလွန်ပင် အလေးအနက် ထားနေခဲ့သည်။

အခန်း (၁၁၄)

ပြောင်းပြန်အကျိုးသက်ရောက်မှု

“နည်းနည်းတော့ ဟိတ်ဟန်ထုတ်လွန်းနေသလိုပဲ”

ယဲ့ယီ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ကုရှီချန်းမှာ အနည်းငယ် ရှက်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သော မျက်နှာပေးကို ဖန်တီးကာ ပြောလိုက်၏။

“ကိုယ် အခုလေးတင် စားသောက်ပွဲတစ်ခုကနေ လာခဲ့တာမလို့ပါ”

ယဲ့ယီ ခေါင်းညိတ်ပြလိုက်ပြီး ကုရှီချန်း သူမအပေါ် လိမ်ညာလိမ့်မည်ဟု အနည်းငယ်မျှ မသံသယဖြစ်မိပေ။

နန်ချင်ဝမ်သည် ကုရှီချန်းကို နှုတ်ဆက်ရန် မတ်တတ်ရပ်လိုက်ပြီးနောက် မီနူးကို သူ့ထံသို့ ကမ်းပေးကာ ပြောလိုက်၏။

“စီအီးအိုကု၊ ဘာများ သုံးဆောင်လိုသလဲဆိုတာ ကြည့်ပါဦး”

ကုရှီချန်းသည် မငြင်းဆန်ဘဲ မီနူးယူကာ သူတို့ မမှာရသေးသည့် ဟင်းပွဲအချို့ကို ထပ်မံမှာယူလိုက်လေသည်။

ဟင်းပွဲများအားလုံး စုံလင်စွာ ရောက်ရှိလာသောအခါ သူတို့အုပ်စုသည် စားသောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။

“ဒီတစ်ခေါက်မှာတော့ အားလုံးက စီအီးအိုကုရဲ့ ကျေးဇူးကြောင့်ပါပဲ။ မဟုတ်ရင်တော့ သွမ့်ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ကျွန်မ ရနိုင်ပါ့မလားတောင် မသိဘူး”

နန်ချင်ဝမ်သည် ကုရှီချန်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမ သူ့အပေါ် အမှန်တကယ်ပင် ကျေးဇူးတင်နေမိသည်။

“ကိစ္စမရှိပါဘူး”

ကုရှီချန်း ထိုသို့ပြောဆိုလိုက်သော်လည်း ရှေ့နေချန်ရှော့၏ ရှေ့နေခကို ထည့်မဆိုခင် သာမန်လူတစ်ယောက်အနေဖြင့် ငွေကြေးရှိလျှင်ပင် ချန်ရှော့ကို ငှားရမ်းနိုင်ရန် မလွယ်ကူကြောင်း နန်ချင်ဝမ် သိထား၏။

ထိုကဲ့သို့သော အမှုအသေးအဖွဲလေးအတွက် သူ့လို ပါရမီရှင်တစ်ဦးကို အသုံးပြုရခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှသည်။ ထို့အပြင် ချန်ရှော့သည် သူမထံမှ ပုံမှန်ရှေ့နေခ၏ တစ်ဝက်ကိုသာ ယူခဲ့၏။

နန်ချင်ဝမ် ယဲ့ယီကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။

“ရှောင်ယီ... ကျေးဇူးတင်ပါတယ်နော်။ ညီမနဲ့ စီအီးအိုကုတို့ တစ်သက်လုံး အတူတူ ပေါင်းဖက်သွားကြဖို့ မျှော်လင့်ပါတယ်”

ယဲ့ယီ ရေသောက်နေဆဲဖြစ်ရာ နန်ချင်ဝမ်၏ စကားကြောင့် သီးသွားကာ သေလုမတတ် ဖြစ်သွားရလေသည်။

“အဟွတ်…အဟွတ်”

ယဲ့ယီ အားနာစွာ ပြုံးလိုက်မိသည်။

[အို... တစ်သက်လုံး အတူတူ ပေါင်းဖက်ရမယ် ဟုတ်လား ငါတို့က ကွာရှင်းတော့မှာကို]

သို့သော် ကုရှီချန်းသည် နန်ချင်ဝမ်၏ စကားကို အတော်ပင် သဘောကျနေပုံရပြီး ပြန်ပြောလိုက်လေ၏။

“ဒီစကားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲ ဖြစ်မှာပါ”

[ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ]

ယဲ့ယီသည် ထပ်မံ တွေးတောနေသော်လည်း ကုရှီချန်းကမူ ယဲ့ယီ၏ အတွေးများကို မကြားချင်ယောင်ဆောင်ကာ ဆက်လက် စားသောက်နေလေသည်။ ကုရှီချန်းနှင့် ယဲ့ယီတို့၏ လိုက်ဖက်ညီလှသော အလှတရားကို ကြည့်ရင်း နန်ချင်ဝမ်မှာ အားကျနေမိသည်။

အကယ်၍ သူမသာ ယခင်က မျက်စိစုံလုံးကန်းပြီး သွမ့်ဟွေကျိုကို မချစ်ခဲ့မိပါက သူမအတွက်လည်း သူမကိုသာ အစဉ်တစိုက် ကြည့်နေမည့်သူမျိုးနှင့် ဆုံတွေ့နိုင်ကောင်း ဆုံတွေ့နိုင်ပေလိမ့်မည်။

“ရှောင်ယီ၊ ပြန်ရောက်တဲ့အခါ ရုပ်ရှင်ရဲ့ လက်မှတ်ရောင်းအားကို ကြည့်လိုက်ဦးနော်။ အခုဆိုရင် ၂၄ နာရီ ပြည့်တော့မယ်”

နန်ချင်ဝမ် သတိပေးလိုက်သည်။

ယဲ့ယီ ခေါင်းညိတ်ပြလိုက်၏။ ဤရုပ်ရှင်သည် သူမ ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် ပထမဆုံးရိုက်ကူးသည့် ရုပ်ရှင်ဖြစ်သဖြင့် အလွန်ပင် အရေးကြီးလှသည်။

ညစာစားပြီးနောက် ကုရှီချန်းသည် နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့ကို အိမ်သို့ ဘေးကင်းစွာ ပြန်နိုင်ရန် ကားတစ်စီး ခေါ်ပေးလိုက်၏။

ပြီးခဲ့သည့်အကြိမ်က မူးခဲ့သည့် အတွေ့အကြုံကြောင့် ယဲ့ယီသည် ယနေ့တွင် အရက်ကို လုံးဝမထိခဲ့ပေ။ ထို့ကြောင့် ကားမောင်းဖို့ တာဝန်ကြီးမှာ သူမခေါင်းပေါ်သို့ ကျရောက်လာတော့၏။

ကံကောင်းသည်မှာ ယဲ့ယီ ကားမောင်း အတော်လေး ကျွမ်းကျင်ပြီး သူမသည် အနည်းငယ်မျှ စိုးရိမ်စိတ်မရှိပေ။ ကုရှီချန်းသည် ကားရှေ့ခန်းတွင် ထိုင်နေပြီး ကုစဲ့ကမူ ကားနောက်ခန်းတွင် တစ်ယောက်တည်း ထိုင်နေလိုက်သည်။

ယဲ့ယီ၏ ကျွမ်းကျင်လှသော ကားမောင်းဟန်ကို ကုရှီချန်း ကြည့်နေပြီး ခဏတာ စဉ်းစားပြီးနောက် မေးလိုက်၏။

“မင်း ကားကို ခဏခဏ မောင်းဖြစ်လား”

ယဲ့ယီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ရှင့်ညီမလေးက ‘တောင်ကြားလမ်း အမြန်မောင်းသမား’ လို့ နာမည်ကြီးတာလေ၊ ကျွန်မ ကားမောင်းလာတာ ဆယ်နှစ်ရှိပြီ သိရဲ့လား”

ကုရှီချန်းသည် ရုတ်တရက် ရယ်မောလိုက်သည်။ ကုရှီချန်းသည် သူမ၏ အရည်အချင်းကို လှောင်ပြောင်နေသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ကားမောင်းကွက်အချို့ကို ထုတ်ဖော်ပြသလိုက်ရာ ကားနောက်ခန်းမှ ကုစဲ့မှာ ကြောက်လန့်တကြား တုန်လှုပ်သွားသည်။

သူမ စွမ်းဆောင်ရည်ကို ပြသပြီးနောက် ယဲ့ယီသည် ဂုဏ်ယူစွာဖြင့် လေချွန်ပြလေ၏။ သို့သော် ကုရှီချန်း ထပ်ပြောလိုက်သည့် စကားကြောင့် သူမ ဆွံ့အသွားရသည်။

“ကိုယ် မှတ်မိသလောက်တော့ မင်း လိုင်စင်ရတာ မနှစ်ကမှလေ။ ဘယ်လိုလုပ်ပြီး ဆယ်နှစ်တောင် ရှိသွားတာလဲ”

ယဲ့ယီ အခြေအနေမဟန်တော့ကြောင်း တွေးလိုက်သည်။

[ငါ အရမ်း ပေါ့ဆသွားပြီ။ ဆင်ခြေတစ်ခုခု ရှာမှဖြစ်မယ်]

သူမ ယခင်ဘဝတွင် အသက် (၁၈)နှစ်ကတည်းက လိုင်စင်ရခဲ့ပြီး အသက် (၃၈) နှစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သဖြင့် အမှန်အားဖြင့် ကားမောင်းသက်တမ်းမှာ နှစ် နှစ်ဆယ် တိတိ ရှိခဲ့ပြီ ဖြစ်သည်။

“ကျွန်မ PUBG ဂိမ်းထဲမှာ ကားမောင်းတာ ဆယ်နှစ်ရှိပြီလေ၊ အဲဒါ မရဘူးလား”

ယဲ့ယီ အထွန့်တက်သလို ပြောလိုက်သည်။

“ရတာပေါ့”

ကုရှီချန်းသည် ထပ်မပြောတော့ချေ။ ယဲ့ယီ၏ လက်ရှိတုံ့ပြန်မှု၊ သူမ ပြောင်းလဲမှုများနှင့် သူမ၏ အတွေးများကို ပေါင်းစပ်ကြည့်လျှင် သူ၏ မျက်စိရှေ့က အမျိုးသမီးသည် မူလယဲ့ယီ မဟုတ်ကြောင်း ကုရှီချန်း အတည်ပြုနိုင်ခဲ့လေပြီ။

သို့သော် ဤခန္ဓာကိုယ်မှာ ယဲ့ယီ၏ ခန္ဓာကိုယ် စစ်စစ်ဖြစ်ရာ အဘယ်ကြောင့် အခြားသူတစ်ဦးက လာရောက်ပူးကပ်နေရသည်ကို ကုရှီချန်း အလေးအနက် စဉ်းစားနေမိ၏။

ယဲ့ယီသည် ကုရှီချန်းနှင့် ဆက်လက် စကားမပြောဝံ့တော့ပေ။ သို့မဟုတ်ပါက သူမကိုယ်သူမ ဖော်ထုတ်မိမည်ကို စိုးရိမ်နေမိသည်။

အိမ်သို့ပြန်ရောက်သောအခါ ကုစဲ့ နောက်ခန်းတွင် အိပ်ပျော်နေ၏။ ကုရှီချန်းသည် ကုစဲ့ကို သူ့အခန်းသို့ ချီသွားစဉ် ယဲ့ယီမှာမူ ကုရှီချန် တစ်ယောက် မေးခွန်းများ ထပ်မေးလာမည်ကို ကြောက်သဖြင့် သူမ အခန်းထဲသို့ အမြန်ပြေးဝင်သွားတော့သည်။

အခန်းထဲသို့ ရောက်သောအခါ ယဲ့ယီသည် ကွန်ပျူတာကိုဖွင့်၍ ရုပ်ရှင်၏ လက်မှတ်ရောင်းအားကို စစ်ဆေးကြည့်လိုက်၏။ ထိုအချိန်မှာပင် လန်ရွှယ်လည်း ရောင်းအားကို စစ်ဆေးနေခဲ့သည်။

ရောင်းအားကိန်းဂဏန်းများကို မြင်လိုက်ရသောအခါ သူမ မျှော်လင့်ထားပြီး ဖြစ်သော်လည်း အံ့အားသင့်သွားခဲ့ရသည်။ လက်မှတ်ရောင်းအားမှာ သူမ ခန့်မှန်းထားသည်ထက် နှစ်ဆ ဖြစ်နေခဲ့၏။

ယဲ့ယီသည် ပထမဆုံးနေ့တွင် ငါးသိန်းခန့်သာ ရမည်ဟု ခန့်မှန်းထားခဲ့ပြီး ထိုခန့်မှန်းချက်ပင် မြင့်နေမလားဟု တွေးထားခဲ့သော်လည်း လက်တွေ့တွင်မူ တစ်သန်းအထိ ရရှိနေ၏။

ဤလောကတွင် လူဦးရေ ထူထပ်လွန်း၍လား သို့မဟုတ် သူမ ရုပ်ရှင်က အလွန်ပင် ကောင်းမွန်နေ၍လားဆိုသည်ကို သူမ မဝေခွဲနိုင်တော့ပေ။

သို့သော် ရောင်းအားအပြင် ပရိသတ်များ၏ ဝေဖန်ချက်များကိုလည်း သူမ သိချင်နေမိ၏။

သူမသည် ဗီဒီယိုပလက်ဖောင်းသို့ ဝင်ရောက်ကာ မှတ်ချက်များကို ကြည့်ရှုရင်း ရုပ်ရှင်ကို စတင်ကြည့်ရှုလိုက်သည်။

ပထမဆုံး ၁၀ မိနစ်ခန့်တွင် မှတ်ချက်များမှာ ယဲ့ယီကို လှောင်ပြောင်နေကြသည့် မှတ်ချက်များသာ ဖြစ်သော်လည်း၊ ဇာတ်လမ်းအရှိန်တက်လာသည်နှင့်အမျှ လှောင်ပြောင်မှုများ လျော့နည်းသွားကာ လူအများက ယဲ့ယီ၏ သရုပ်ဆောင်မှုကို ချီးကျူးလာကြသည်။

နောက်ပိုင်းတွင် လှောင်ပြောင်သည့် မှတ်ချက်များ မရှိသလောက် ပျောက်ကွယ်သွားပြီး ဇာတ်လမ်းအကြောင်းကိုသာ ဆွေးနွေးလာကြတော့သည်။

ဇာတ်သိမ်းပိုင်းသို့ ရောက်သောအခါ မှတ်ချက်များအားလုံးက တညီတညွတ်တည်း အံ့ဩနေကြရသည်။ မည်သူမျှ ထိုကဲ့သို့သော ဇာတ်သိမ်းမျိုးကို မမျှော်လင့်ထားခဲ့ကြပေ။

ဇာတ်သိမ်းမှာ အပေါ်ယံကြည့်လျှင် အဓိပ္ပာယ်မရှိသကဲ့သို့ ထင်ရသော်လည်း ရှေ့မှ ဇာတ်လမ်းများနှင့် ပြန်လည် ဆက်စပ်ကြည့်လျှင်မူ အားလုံးမှာ အကြောင်းအကျိုး စီလျော်နေသည်ကို တွေ့ရပေလိမ့်မည်။

ဇာတ်လမ်းနှင့် သရုပ်ဆောင်များအပေါ် ပရိသတ်များ၏ ချီးမွမ်းမှုကို မြင်ရသဖြင့် ယဲ့ယီ အလွန်ပင် စိတ်ကျေနပ်သွားကာ ရေချိုးပြီးနောက် အိပ်စက်လိုက်တော့သည်။

တစ်ဖက်တွင်မူ လန်ရွှယ်မှာ ကောင်းမွန်စွာ အိပ်မပျော်နိုင်ခဲ့ပေ။ သူမ ရုပ်ရှင်လက်မှတ်ရောင်းအားမှာ ရှစ်သိန်းခန့် ရှိနေသည်ကို မြင်သောအခါ လန်ရွှယ် အလွန်ပင် ဝမ်းသာသွားခဲ့၏။

ထိုအရာသည် ရုပ်ရှင်လောကတွင် အလွန်ကောင်းမွန်သော အစပျိုးမှု ဟု ဆိုနိုင်ပေသည်။ လန်ရွှယ်သည် သူမအနေဖြင့် ယဲ့ယီကို နှိပ်ကွပ်ထားနိုင်သည့် ပုံရိပ်ကို မြင်ယောင်နေပြီး ယဲ့ယီကို လှောင်ပြောင်ရန် လူရမ်းကားများ ငှားရန်ပင် စီစဉ်နေခဲ့သေး၏။

သို့သော် မှတ်ချက်များကို ဖတ်ကြည့်လိုက်သောအခါ လန်ရွှယ်၏ အပြုံးများသည် ရုတ်တရက် အေးခဲသွားရတော့သည်။ ဇာတ်လမ်း၏ ဒုတိယပိုင်းတွင် မှတ်ချက်များမှာ ဆဲဆိုမှုများဖြင့် ပြည့်နှက်နေတော့၏။ သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုနှင့် ဇာတ်လမ်းအပေါ် အမျိုးမျိုး ကဲ့ရဲ့နေကြပြီး အချို့ကဆိုလျှင် ဤရုပ်ရှင်မှာ ယဲ့ယီ၏ ရုပ်ရှင်ကို မမီကြောင်းပင် ပြောဆိုနေကြသည်။

လန်ရွှယ်သည် ယဲ့ယီ၏ ရောင်းအားမှာ သူမထက် မသာနိုင်ကြောင်း မိမိကိုယ်ကိုယ် အဖန်တလဲလဲ နှစ်သိမ့်နေခဲ့သည်။ သို့သော် ယဲ့ယီ၏ ရုပ်ရှင်ရောင်းအားကို မြင်လိုက်ရသောအခါတွင်မူ သူမ ထိန်းချုပ်နိုင်စွမ်းမှာ ကုန်ဆုံးသွားပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်တော့သည်။

“ဘာလို့လဲ။ ဘာလို့လဲ”

လန်ရွှယ်သည် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။ ယဲ့ယီ၏ ရောင်းအားမှာ သူမထက် နှစ်သိန်းနီးပါး သာလွန်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ ကံကောင်းသည်မှာ ချန်ထျန်မင်းသည် အလုပ်ကိစ္စဖြင့် ခရီးထွက်နေလေ၏။ သို့မဟုတ်ပါက သူမသည် ယဲ့ယီ၏လက်အောက်တွင် ထပ်မံ ရှုံးနိမ့်သွားသည်ကို သိသွားခဲ့ပါက သူမကို လွှတ်ထားမည် မဟုတ်ကြောင်း လန်ရွှယ် သိနေ၏။

သို့သော် ဤသည်မှာ ပထမဆုံးနေ့သာ ရှိသေးသဖြင့် ယဲ့ယီ၏ နောက်ဆုံးရောင်းအားမှာ သူမကို ကျော်တက်သွားလိမ့်မည်ဟု လန်ရွှယ် မယုံကြည်ပေ။

လန်ရွှယ်သည် လျုံရုံကို ဖုန်းဆက်ကာ ယဲ့ယီ၏ ရုပ်ရှင်ကို နာမည်ဖျက်ရန်အတွက် အင်တာနက်လူရမ်းကားများကို ငှားယမ်းခိုင်းလိုက်သည်။

ယဲ့ယီသည် သူမထက် သာလွန်သွားမည်ကို သူမ ခွင့်မပြုနိုင်ချေ။

သို့သော် လန်ရွှယ် ထင်မှတ်မထားသည်မှာ ယဲ့ယီကို ပုတ်ခတ်ရန် လူရမ်းကားများကို သူမ ပိုမိုငှားယမ်းလေလေ လူအများက ယဲ့ယီ၏ ရုပ်ရှင်ကို ပိုမိုသွားရောက် ကြည့်ရှုကြလေလေ ဖြစ်လေ၏။

အဓိကအားဖြင့် ယခုခေတ် အင်တာနက် အသုံးပြုသူများသည် ဆန့်ကျင်ဘက် လုပ်ရသည်ကို ဝါသနာပါကြသဖြင့် ‘ဒီရုပ်ရှင်က မကောင်းဘူး’ ဟု ပြောလေ ‘ဘယ်လောက်တောင် ညံ့လို့လဲ’ ဆိုသည်ကို သိချင်ဇောဖြင့် သွားကြည့်ကြလေ ဖြစ်သည်။ ထို့နောက် သွားကြည့်မိသူများမှာ ဇာတ်လမ်းထဲတွင် နစ်မျောသွားကာ ယဲ့ယီ၏ ရောင်းအားကို ပိုမိုမြင့်တက်စေခဲ့သည်။

သူတို့သည် သူငယ်ချင်းများနှင့် ဆွေမျိုးများကိုပင် ထိုရုပ်ရှင်ကို ကြည့်ရန် တိုက်တွန်းလာကြ၏။ မကြာမီပင် ထိုရုပ်ရှင်သည် လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ရေပန်းစားလာခဲ့သည်။

သူမ လုပ်သမျှအရာအားလုံးသည် ကိုယ့်အပေါ်တွင်သာ တန်ပြန်သက်ရောက်စေကြောင်း သိလိုက်ရချိန်တွင် လန်ရွှယ်မှာ ဒေါသကြောင့် မေ့လဲလုနီးပါး ဖြစ်သွားရတော့၏။

All Chapters