အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း (၁၁၅)
ဒေါသဆွပေးခြင်း
ရုပ်ရှင်သည် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် တုန်မင်ရွှမ်လည်း သူ့သရုပ်ဆောင်စွမ်းရည်ကြောင့် ကျော်ကြားမှု အရှိန်အဟုန် မြင့်တက်လာခဲ့လေသည်။
အထူးသဖြင့် တုန်မင်ရွှမ်သည် မည်သည့် အနုပညာ အေဂျင်စီနှင့်မျှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးကြောင်း သိရှိသွားကြသောအခါ ဖျော်ဖြေရေး ကုမ္ပဏီများစွာသည် စတင်လှုပ်ခတ်လာကြတော့သည်။
ပထမဆုံး စတင်လှုပ်ရှားလာသည့် ကုမ္ပဏီမှာ ဟိုင်ထျန် ဖျော်ဖြေရေး ဖြစ်ပြီး တုန်မင်ရွှမ်နှင့် စာချုပ်ကိစ္စ ဆွေးနွေးရန် တာဝန်ယူထားသူမှာ အခြားသူမဟုတ်ဘဲ လျုံရုံပင် ဖြစ်၏။
အကြောင်းမှာ လန်ရွှယ်၏ စီစဉ်မှုကြောင့် ဖြစ်ပြီး သူမသည် လျုံရုံကို တင်းကြပ်သော အမိန့်တစ်ခု ပေးထားခဲ့သည်။
ထိုအရာမှာ မည်သည့် ကုန်ကျစရိတ်မျိုး ရှိပါစေ တုန်မင်ရွှမ်ကို ဟိုင်ထျန် ဖျော်ဖြေရေးသို့ ရောက်အောင် စာချုပ်ချုပ်ဆိုရမည် ဟူ၍ ဖြစ်လေ၏။
‘ယဲ့ယီ ရုပ်ရှင် နာမည်ကြီးတော့ရော ဘာဖြစ်လဲ’
တုန်မင်ရွှမ်ကို ရရှိသည်နှင့် ယဲ့ယီ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားမည် ဖြစ်ပြီး ဟိုင်ထျန် ဖျော်ဖြေရေးအတွက် အကျိုးအမြတ်များစွာ ရရှိပေလိမ့်မည်။
အမှန်စင်စစ် တုန်မင်ရွှမ်သည် ရုပ်ရှင်ရိုက်ကူးပြီးကတည်းက သူသွားလိုသည့် နေရာကို ဆုံးဖြတ်ပြီးသား ဖြစ်၏။ ထိုနေရာမှာ သူ၏ အစ်မဖြစ်သူ ယဲ့ယီ၏ ကုမ္ပဏီသာ ဖြစ်ရပေမည်။
ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း သူသည် နာမည်ကျော်ကြားမှု မရှိသေးသဖြင့် အားနာစိတ် အနည်းငယ် ရှိခဲ့သော်လည်း ယခုအခါတွင်မူ အစ်မယဲ့၏ ရုပ်ရှင်ကြောင့် သူ ကျော်ကြားလာခဲ့ပြီ ဖြစ်ရာ သူ့အစ်မယဲ့ကို ထောက်ခံအားပေးရပေမည်။
ထို့အပြင် တုန်မင်ရွှမ် သိထားသည်မှာ ယဲ့ယီကိုယ်တိုင်မှလွဲ၍ သူမ ကုမ္ပဏီတွင် လောလောဆယ် ကျီချန်ဖန် တစ်ဦးတည်းသာ ရှိသေးသဖြင့် သူသာ ရောက်သွားပါက ကုမ္ပဏီ၏ ဝါရင့်အဖွဲ့ဝင် တစ်ဦး ဖြစ်လာမည်မှာ အမှန်ပင်။
သို့သော် တုန်မင်ရွှမ် သည် ‘ဂျက်နီစစ် မီဒီယာ’ သို့ သွားရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ မန်နေဂျာထံသို့ ဖုန်းဝင်လာခဲ့၏။ ယင်းမှာ ဟိုင်ထျန် ဖျော်ဖြေရေးမှ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ တုန်မင်ရွှမ်သည် သူတို့နှင့် သေသေချာချာ တွေ့ရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ဟိုင်ထျန် ဖျော်ဖြေရေးသည် သူ့အစ်မယဲ့၏ ရန်သူတော်ကြီးပင် မဟုတ်လော။ အကယ်၍ အစ်မယဲ့သာ သူသည် ဟိုင်ထျန် ဖျော်ဖြေရေးကို ငြင်းပယ်ပြီး ဂျက်နီစစ် ဖျော်ဖြေရေးသို့ ရောက်လာသည်ကို သိရှိသွားပါက သူမ အလွန်ပင် စိတ်လှုပ်ရှားကာ ဝမ်းသာသွားလိမ့်မည်။
တုန်မင်ရွှမ်သည် သတ်မှတ်ထားသော စားသောက်ဆိုင်သို့ ရောက်ရှိသွားပြီး လျုံရုံကို မြင်လိုက်ရသည့် ခဏမှာပင် သူမသည် ယဲ့ယီ၏ မန်နေဂျာဟောင်း ဖြစ်ကြောင်း ချက်ချင်း မှတ်မိခဲ့သည်။ အတင်းအဖျင်း သတင်းများကို စိတ်ဝင်စားသူ တစ်ဦးအနေဖြင့် တုန်မင်ရွှမ်သည် သူအတင်းပြောရာတွင် လူမမှားစေရန်အတွက် ဤလူများကို အသေအချာ မှတ်ထားရခြင်း ဖြစ်လေ၏။
ဤတစ်ကြိမ်တွင်မူ ဇာတ်လမ်းထဲမှ ဇာတ်ကောင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်မည့် အခွင့်အရေးကို ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တုန်မင်ရွှမ်သည် တမင်တကာ မာန်တက်နေဟန် ဆောင်ကာ လျုံရုံကို အေးစက်စွာ နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ”
လျုံရုံသည် ချက်ချင်းပင် စားပွဲထိုးကို ခေါ်ကာ တုန်မင်ရွှမ်အတွက် ကော်ဖီ ယူလာ ခိုင်းလိုက်သည်။
“စိတ်မရှိပါနဲ့၊ ကျွန်တော် ကော်ဖီ မသောက်တတ်ဘူး”
လျုံရုံသည် မီနူးကို တုန်မင်ရွှမ်ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
“ဒါဆိုရင်လည်း ရှင်တို့နှစ်ယောက် ဘာသောက်ချင်လဲဆိုတာ ကြည့်ပါဦး”
တုန်မင်ရွှမ်သည် မီနူးကိုယူကာ ခဏမျှ သေချာကြည့်ပြီးနောက် ဈေးအကြီးဆုံး သောက်စရာ နှစ်မျိုးကို မှာလိုက်တော့သည်။
တုန်မင်ရွှမ်ကို အောင်မြင်စွာ စာချုပ်ချုပ်နိုင်ရန်အတွက် လျုံရုံသည် အဆင့်မြင့် ကော်ဖီဆိုင် တစ်ဆိုင်ကို အထူးရွေးချယ်ထားခြင်း ဖြစ်ရာ ထိုသောက်စရာ နှစ်မျိုး၏ တန်ဖိုးမှာ ယွမ် တစ်ထောင်နီးပါးအထိ ရှိနေ၏။
လျုံရုံ တစ်ယောက် အလွန်ပင် နှမြောတသ ဖြစ်သွားပြီး အံကြိတ်ထားမိသည်။ သူမကိုယ်တိုင်ပင် ထိုမျှ ဈေးအကြီးဆုံး အရာကို မသောက်ရက်ပေ။ အကယ်၍ ယနေ့တွင် တုန်မင်ရွှမ်ကို စာချုပ်ချုပ်နိုင်လျှင် ကိစ္စမရှိသော်လည်း မချုပ်နိုင်ပါက သူမ၏ ကိုယ်ပိုင်ငွေထဲမှ စိုက်ထုတ်ပေးရမည် မဟုတ်လော။
သောက်စရာများ မှာယူပြီးနောက် လျုံရုံသည် တုန်မင်ရွှမ်နှင့် စာချုပ်ကိစ္စကို တိုက်ရိုက်ပင် စတင်ပြောဆိုတော့၏။
“မင်းသား သိတဲ့အတိုင်းပဲ ...ဟိုင်ထျန် ဖျော်ဖြေရေးဟာ အနုပညာ လောကမှာ ဘယ်လို အဆင့်အတန်းရှိလဲဆိုတာ သိမှာပါ၊၊ ရှင်သာ ကျွန်မတို့နဲ့ စာချုပ်ချုပ်ဖို့ သဘောတူမယ်ဆိုရင် နောင်အနာဂတ်မှာ အခွင့်အလမ်းတွေ အရင်းအမြစ်တွေကတော့ လိုလေသေးမရှိ ဖြစ်နေမှာပဲ”
တုန်မင်ရွှမ်ကမူ သူ့ရင်ထဲတွင် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်မိသည်။
‘နောက်ဆုံး သုံးစားလို့ မရတော့ရင် လမ်းဘေးကို ကန်ထုတ်ပစ်ကြမှာ မဟုတ်လား’
“ခင်ဗျား ပြောတာတွေက အမှန်ပဲလို့ ကျွန်တော် ဘယ်လို သိနိုင်မှာလဲ။ အကယ်၍ စာချုပ်ချုပ်ပြီးမှ အခြေအနေတွေ ပြောင်းလဲသွားရင်ရော”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မတို့ ဟိုင်ထျန် ဖျော်ဖြေရေးက အမြဲတမ်း ကတိတည်ပါတယ်”
လျုံရုံက မျက်နှာသေကြီးဖြင့် မဟုတ်တရုတ်များကို ပြောဆိုလိုက်၏။
တုန်မင်ရွှမ်သည် လျုံရုံ ပြောသမျှ တစ်လုံးမှ မယုံကြည်ပေ။ သူသည် ဟိုင်ထျန် ဖျော်ဖြေရေး အကြောင်းကို စုံစမ်းထားပြီးသား ဖြစ်၏။
“ခင်ဗျား အဲဒီလို ပြောပေမဲ့လည်း ကျွန်တော်ကတော့ သိပ်မယုံသေးဘူး။ အဲဒီတော့ ကျွန်တော် စာချုပ်ချုပ်ပြီးရင် ဘယ်လို အခွင့်အလမ်း အရင်းအမြစ်တွေကို ရမလဲဆိုတာ အရင်ပြောပြပါဦး”
လျုံရုံသည် သူမ၏ ရင်ထဲတွင် တုန်မင်ရွှမ်ကို မသိတတ်သူ ဟု ဆဲဆိုနေမိသော်လည်း လန်ရွှယ်၏ ညွှန်ကြားချက်ကို သတိရကာ စိတ်ရှည်လက်ရှည်ဖြင့် ချောမော့ပြောဆိုလိုက်သည်။
“ရှင်သာ ဟိုင်ထျန် ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ဖို့ သဘောတူရင် ကျွန်မတို့ ရှင့်ကို တီဗီ ဇာတ်လမ်းတွဲ တစ်ခုမှာ ဇာတ်လိုက်မင်းသားအဖြစ် ချက်ချင်း စီစဉ်ပေးပါ့မယ်”
ထိုအချိန်တွင် မှာယူထားသော သောက်စရာများ ရောက်ရှိလာလေသည်။ တုန်မင်ရွှမ်သည် တစ်ငုံခန့် သောက်လိုက်ပြီး သူ့ငွေမကုန်သော အရာများမှာ သူကိုယ်တိုင် ဝယ်သောက်သည်ထက် ပို၍ အရသာရှိကြောင်း တွေးလိုက်မိ၏။
တုန်မင်ရွှမ်သည် အနည်းငယ် ဝေခွဲမရဖြစ်နေသော မျက်နှာပေးကို ဖန်တီးကာ မေးမြန်းလိုက်လေ၏။
“ဒါဆိုရင် အဲဒီ တီဗီ ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်မှု အရည်အသွေးကရော ဘယ်လိုရှိမလဲ”
“စိတ်ချပါ၊ ဟိုင်ထျန် ဖျော်ဖြေရေးက ထုတ်လုပ်တဲ့ အရာမှန်သမျှ သရုပ်ဆောင်တွေရော အခြား ပါဝင်မှုတွေရော အားလုံးက ထိပ်တန်း အဆင့်တွေချည်းပါပဲ”
တုန်မင်ရွှမ် က ခေါင်းညိတ်ပြလိုက်၏။ လျုံရုံသည် သူ စာချုပ်ချုပ်တော့မည်ဟု ထင်မှတ်နေစဉ်မှာပင် တုန်မင်ရွှမ်က ဆက်မေးလိုက်သည်။
“ဒီတီဗီ ဇာတ်လမ်းတွဲအပြင် တခြား ဘာတွေ ရှိဦးမလဲ”
လျုံရုံသည် စတင် စိတ်မရှည် ဖြစ်လာတော့၏။
‘ယောက်ျားကြီး တန်လျက် နဲ့ ဘာလို့ ဒီလောက်စကားကြောရှည်နေရတာလဲ’
“ရှင်သာ ကြိုးစားမယ်ဆိုရင် အခွင့်အလမ်းတွေကတော့ လိုလေသေးမရှိ ဖြစ်နေမှာပါ။ ဒါတွေကို စာချုပ်ထဲမှာလည်း ရေးထားပါတယ်”
တုန်မင်ရွှမ်သည် တစ်ခွန်းသာ တုံ့ပြန်လိုက်သည်။
“ဪ”
လျုံရုံသည် တုန်မင်ရွှမ်အတွက် စာချုပ်ကို ချက်ချင်း ထုတ်ပေးလိုက်၏။ တုန်မင်ရွှမ် စာချုပ်ကို ယူကာ သေသေချာချာ ဖတ်ရှုပြီးနောက် ဘောပင်ကို ကောက်ကိုင်လိုက်၏။
လျုံရုံသည် သူမ၏ တာဝန် ပြီးဆုံးတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် တုန်မင်ရွှမ် က ဘောပင်ကို ရုတ်တရက် ပြန်ချလိုက်ပြန်သည်။
လျုံရုံမှာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း သူမ ဒေါသကို ထိန်းချုပ်ကာ မေးလိုက်၏။
“တခြား ဘာများ ရှိသေးလို့လဲ”
“တခြား ဘယ်လို အကျိုးခံစားခွင့်တွေ ရှိသေးလဲဆိုတာ ပြောပြလို့ ရမလား”
လျုံရုံသည် စာချုပ်ထဲမှာ အားလုံး ရေးထားကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် တုန်မင်ရွှမ်က ဆက်လက်၍ ပြောလိုက်ပြန်သည်။
“တကယ်တော့ ကျွန်တော်က အနုပညာ လောကထဲကို အသစ်ဝင်လာတာဆိုတော့ အလုပ်တွေ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိပ်မသိသေးဘူး။ ဟိုင်ထျန် ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်တာက တခြား ကုမ္ပဏီတွေနဲ့ ချုပ်တာထက် ဘာတွေ ပိုထူးခြားသလဲဆိုတာ အသေးစိတ် ရှင်းပြပေးနိုင်မလား။ ခင်ဗျားကတော့ ရှင်းပြပေးချင်မှာပါနော်။ ဟိုင်ထျန် ဖျော်ဖြေရေးက ဝန်ထမ်းတွေက အရမ်း စိတ်ထားကောင်းကြတယ်လို့ အနုပညာ လောကထဲက လူတွေ ပြောတာ ကျွန်တော် ကြားဖူးတယ်”
ဤကဲ့သို့ မြှောက်ပင့်စကားများကို ကြားလိုက်ရသဖြင့် လျုံရုံ တစ်ယောက် ငြင်းပယ်ချင်သော်လည်း ငြင်းပယ်စရာ စကား မရှိတော့ပေ။
သူမသည် ဟိုင်ထျန် ဖျော်ဖြေရေးသို့ ဝင်ရောက်ခြင်း၏ အကျိုးကျေးဇူးများမှာ အခြား ကုမ္ပဏီများနှင့် မည်သို့ ကွာခြားသည်ကို တုန်မင်ရွှမ်အား စိတ်ပျက်လက်ပျက်ဖြင့်သာ ရှင်းပြနေရတော့သည်။
လျုံရုံသည် သူမ အာခေါင်များ ခြောက်ကပ်လာသည်အထိ ပြောဆိုနေခဲ့၏။ တုန်မင်ရွှမ်၏ အာရုံစိုက် နားထောင်နေသော မျက်နှာပေးကို ကြည့်ရင်း ဤတစ်ကြိမ်တွင်မူ သူ စာချုပ်ချုပ်ရန် အသင့်ဖြစ်လောက်ပြီဟု သူမ ခံစားလိုက်ရသည်။
သို့သော် တုန်မင်ရွှမ်သည် အဆက်အစပ် မရှိသော မေးခွန်းများကို ထပ်မံ မေးမြန်းလာပြန်၏။ ဥပမာအားဖြင့် ဟိုင်ထျန် ဖျော်ဖြေရေးမှ လက်ရှိ အနုပညာရှင်များထဲတွင် မည်သူက ဝင်ငွေ အများဆုံးဖြစ်သနည်း၊ မည်သူက စိတ်အရှည်ဆုံးဖြစ်သနည်း အစရှိသဖြင့် မေးမြန်းနေတော့၏။
လျုံရုံ တုန်မင်ရွှမ်၏ မေးခွန်းများကြောင့် ခေါင်းကိုက်လာတော့သည်။ သူမသည် ထိုမေးခွန်းများကို အဆုံးစွန်ထိ ဖြေကြားပေးခဲ့သော်လည်း တုန်မင်ရွှမ်သည် ဆက်လက် မေးမြန်းရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရပြန်၏။
လျုံရုံသည် အမှန်တကယ်ပင် ဆက်ပြီး အောင့်အည်းမထားနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“ကျွန်မ ရိုင်းရာကျရင်လည်း ခွင့်လွှတ်ပါရှင်။ ရှင်က ကျွန်မကို တမင် သက်သက် ကစားနေတာလား။ မေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးနေတာ။ ရှင်က မေးခွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စွယ်စုံကျမ်းများလား အောက်မေ့ရတယ်”
တုန်မင်ရွှမ် အပြစ်အကင်းစင်ဆုံးသော လေသံဖြင့် အနာကျင်ဆုံး စကားကို ပြောချလိုက်၏။
“ဟုတ်တယ်၊ ကျွန်တော် ခင်ဗျားကို ကစားနေတာ”
လျုံရုံ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားတော့သည်။ သူမ အလွန်ပင် ဒေါသထွက်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဟိုင်ထျန် ဖျော်ဖြေရေးတွင် အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်ရာ အနုပညာ လောကထဲတွင် သူမအား မျက်နှာသာမပေးသူ မရှိသလောက်ပင်။ သို့သော် ယနေ့တွင်မူ ဤကဲ့သို့သော လူသစ်တစ်ယောက်၏ ကစားခြင်းကို သူမ ခံလိုက်ရသည်။
“ရှင် စာချုပ်ချုပ်ဖို့အတွက် ဘာကို အတိအကျလိုချင်နေတာလဲ”
တုန်မင်ရွှမ်က ပြုံးပြလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ကျွန်တော်က ဂျက်နီစစ် မီဒီယာနဲ့ စာချုပ်ချုပ်ဖို့ စီစဉ်ထားပြီးသားပါ”
လျုံရုံ ပို၍ပင် ဒေါသထွက်သွားရ၏။ တုန်မင်ရွှမ်သည် ဟိုင်ထျန်ဖျော်ဖြေရေးနှင့် စာချုပ်မချုပ်ရုံတင်မကဘဲ ဂျက်နီစစ်မီဒီယာနှင့် စာချုပ် ချုပ်ရန် စီစဉ်ထားလေ၏။အကယ်၍ လန်ရွှယ်သာ ဤအကြောင်းကို သိသွားပါက သူမ ဒေါသအထွက်လွန်ကာ သေသွားနိုင်သည်။
အကယ်၍ ယနေ့တွင် သူမ တုန်မင်ရွှမ်ကို စာချုပ်မချုပ်ဆိုနိုင်ပါက ကုမ္ပဏီသို့ ပြန်ရောက်သောအခါ လန်ရွှယ်သည် သူမကို အလွှတ် ပေးမည် မဟုတ်ပေ။
“ရှင်သာ ဟိုင်ထျန် ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်ဖို့ သဘောတူမယ်ဆိုရင် ရှင်လိုချင်တဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို ကျွန်မ သဘောတူနိုင်ပါတယ်”
လျုံရုံ တစ်ယောက် အစွမ်းကုန် ကြိုးစားတော့၏။ မည်သို့ပင်ဖြစ်စေ သူမသည် တုန်မင်ရွှမ်ကို အရင်ဆုံး စာချုပ်ချုပ်အောင် လုပ်ရမည်ဖြစ်ပြီး စာချုပ်ချုပ်ပြီးသည်နှင့် သူသည် ကုမ္ပဏီ၏ လက်ခုပ်ထဲက ရေ ဖြစ်သွားမည် မဟုတ်လော။
တုန်မင်ရွှမ် အလေးအနက် စဉ်းစားချင်ယောင် ဟန်ဆောင်လိုက်ပြီး ၊ ထို့နောက် ပြန်ပြောလိုက်၏။
“ဒါဆိုရင် လန်ရွှယ်ကို ဟိုင်ထျန် ဖျော်ဖြေရေးကနေ ထွက်သွားခိုင်းလို့ ရမလား”
လျုံရုံ “...”
တုန်မင်ရွှမ်သည် လျုံရုံနှင့် အချိန်ထပ်မဖြုန်းလိုတော့သဖြင့် ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။ သူသည် အစ်မယဲ့ အနားသို့ သွားဖားရဦးပေမည်။
မထွက်ခွာမီတွင် တုန်မင်ရွှမ် လျုံရုံကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်သေးသည်။
“ဖျော်ရည်တွေက အရမ်း အရသာရှိတယ်၊ ကျေးဇူးပဲနော်”
ထို့နောက် သူ့မန်နေဂျာနှင့်အတူ ချက်ချင်းပင် ထွက်ခွာသွားတော့၏။ လျုံရုံ ဒေါသများ ငယ်ထိပ်သို့ ရောက်ရှိကာ တောင့်တောင့်ကြီး ကျန်ရစ်ခဲ့လေတော့သည်။
အခန်း (၁၁၆)
စာချုပ်ချုပ်ဆိုခြင်း
တုန်မင်ရွှမ် ‘ဂျက်နီစစ် မီဒီယာ’ သို့ ရောက်ရှိလာသောအခါ ယဲ့ယီသည် နန်ချင်ဝမ်နှင့်အတူ သူ့ကို ကုမ္ပဏီ၏ အနုပညာရှင်အဖြစ် လက်ခံရန် သင့်၊ မသင့်ကို ဆွေးနွေးနေ၏။
တုန်မင်ရွှမ်သည် ယဲ့ယီ၏ ရုံးခန်းတံခါးဝသို့ လျှောက်လာချိန်တွင် အတွင်းမှ ယဲ့ယီနှင့် နန်ချင်ဝမ်တို့ သူအကြောင်း ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
“ရှောင်ယီ တုန်မင်ရွှမ်က ပါရမီရှိတဲ့သူလို့ အစ်မထင်တယ်။ သူ့ကို ကုမ္ပဏီနဲ့ စာချုပ်ချုပ်လို့ ရတယ် အစ်မစုံစမ်းကြည့်ပြီးပြီ၊ သူ အခုထိ ဘယ်အေဂျင်စီနဲ့မှ စာချုပ်မရှိသေးဘူး”
နန်ချင်ဝမ်သည် သူ့ကို ချီးကျူးစကား ပြောနေသည်ကို ကြားလိုက်ရသဖြင့် တုန်မင်ရွှမ် မသိမသာ ဂုဏ်ယူမိသွားလေ၏။ အစ်မယဲ့ နောက်တစ်ဆင့်အနေနှင့် သူ့ကို ဆက်သွယ်ရန် ပြောတော့မည်ဟု သူ တွေးနေမိသော်လည်း ယဲ့ယီ စကားကြောင့် တုန်မင်ရွှမ်မှာ ထိတ်လန့်သွားရတော့သည်။
“ဇာတ်လမ်းတစ်ပုဒ်တည်းနဲ့ သူက ပါရမီရှိတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ကျွန်မအမြင်မှာတော့ တခြားလူသစ်တွေကို ရှာကြည့်တာက ပိုကောင်းလိမ့်မယ် ထင်တယ်”
နန်ချင်ဝမ်သည် ယဲ့ယီကို ထူးဆန်းစွာ ကြည့်လိုက်မိ၏။ယခင်က ယဲ့ယီကိုယ်တိုင် တုန်မင်ရွှမ်သည် အတော်လေး ပါရမီရှိသူဖြစ်ကြောင်း ပြောခဲ့သည်မဟုတ်လော။အဘယ်ကြောင့် ယခုမှ စိတ်ပြောင်းသွားရသနည်း။
ထိုအချိန်တွင် တုန်မင်ရွှမ်သည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လာပြီး သူ့ရင်ဘတ်ကို ဖိရင်း ဝမ်းနည်းပူဆွေးဟန်ဆောင်ကာ ပြောလေ၏။
“အစ်မယဲ့... အရင်က ကျွန်တော်က အရမ်းပါရမီရှိတာမို့ ရိုက်ကူးရေးပြီးရင် စာချုပ်ချုပ်မယ်လို့ အစ်မပဲ ပြောခဲ့တာလေ။ အခုကျမှ ဘာလို့ ကတိဖျက်တာလဲ”
ယဲ့ယီက သူ့ကို မဲ့ပြုံးပြုံးလေးဖြင့် ကြည့်ကာ မေးလိုက်၏။
“ကောင်လေး နင် တံခါးဝမှာ ငါတို့ပြောနေတာကို ခိုးနားထောင်နေတာ မဟုတ်လား”
“မဟုတ်ပါဘူး! ကျွန်တော်က ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား နားထောင်နေတာပါ”
သူခိုးလူမိသွားသော်လည်း တုန်မင်ရွှမ် ခပ် တည်တည်ပင် ပြန်ပြောလိုက်သည်။
တုန်မင်ရွှမ်သည် ယဲ့ယီကို ကြည့်ကာ ဆက်မေးလိုက်သည်။
“ဒါနဲ့ အစ်မယဲ့... အစ်မ ဘာလို့ ကတိဖျက်တာလဲဆိုတာကို အခုထိ ရှင်းမပြရသေးဘူး”
“ငါတို့က အထက်လူကြီးတွေ ပြောတာကို ခိုးနားထောင်တတ်တဲ့ လူမျိုးကို အလုပ်မခန့်ရဲဘူးလေ”
ယဲ့ယီ ကော်ဖီတစ်ငုံ သောက်ရင်း ပြောလိုက်လေ၏။
နန်ချင်ဝမ်သည် ယဲ့ယီ အဘယ်ကြောင့် ထိုကဲ့သို့ပြောခဲ့သည်ကို ယခုမှ နားလည်သွားတော့၏။ ယဲ့ယီ တုန်မင်ရွှမ် ရောက်နေသည်ကို မြင်သွားသဖြင့် သူကြားအောင် တမင်တကာ ပြောလိုက်ခြင်းသာ ဖြစ်လေ၏။
တုန်မင်ရွှမ် ယခုမှ အနည်းငယ် ရှက်သွားကာ အပြစ်ရှိသော လေသံလေးဖြင့် ပြောရှာ၏။
“ကျွန်တော် ဒီဘက်ကို လျှောက်လာရင်း မတော်တဆ ကြားလိုက်မိတာပါ။ အစ်မယဲ့ ကျွန်တော် တကယ်ပဲ အစ်မတို့ဆီမှာ အလုပ်ဝင်ချင်တာပါ”
“နင်က ငါ့ဘက်မှာ ဝင်ချင်တယ်ဆိုရင် ငါ့ကို အရင်ဆုံး အကျိုးအမြတ် တစ်ခုခု ပေးရမယ် မဟုတ်လား”
ယဲ့ယီ အရှက်မရှိသော လေသံဖြင့် ဆိုလိုက်၏။
“အစ်မယဲ့... ကျွန်တော့်မိသားစုက ဆင်းရဲတာ အစ်မလည်း သိသားပဲ။ အပေါ်မှာလည်း အသက် ရှစ်ဆယ်အရွယ် အမေအိုကြီး ရှိသလို၊ အောက်မှာလည်း သုံးနှစ်အရွယ် ကလေးငယ်လေး ရှိသေးတာ။ ကျွန်တော် တကယ်ပဲ ဘာမှ မပေးနိုင်ဘူး”
နန်ချင်ဝမ်မှာ ရုတ်တရက် ရယ်မောမိသွားပြီး သူတို့ကို ဝင်တားလိုက်ရတော့၏။
“ကဲပါ နင်တို့ သရုပ်ဆောင်ကောင်း နှစ်ယောက်စလုံး တော်ကြပါတော့”
တုန်မင်ရွှမ် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ အလွန်ပင် ရင်းနှီးကျွမ်းဝင်သည့်ပုံစံဖြင့် မည်သူ့ကိုမျှ ခွင့်မတောင်းဘဲ ရေတစ်ခွက်သောက်လိုက်၏။
ရိုက်ကူးရေးကာလတစ်လျှောက် အတူတူ ဖြတ်သန်းခဲ့ရသဖြင့် သူသည် ယဲ့ယီကို သူ့အစ်မရင်းကဲ့သို့ သဘောထားပြီး ဖြစ်ရာ သူမရှေ့တွင် ဟန်ဆောင်မနေရန် ခံယူထားသည်။
တုန်မင်ရွှမ်သည် ရေတစ်ငုံ သောက်လိုက်ပြီးနောက် ဂုဏ်ယူစွာ ပြောလိုက်တော့၏။
“အစ်မယဲ့... အစ်မမျက်နှာကို ထောက်ပြီး ဟိုင်ထျန် ဖျော်ဖြေရေးက ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ အခွင့်အရေးကို ခုလေးတင် ငြင်းခဲ့တာနော်”
ဟိုင်ထျန် ဖျော်ဖြေရေးက တုန်မင်ရွှမ်ကို ကမ်းလှမ်းလာခြင်းမှာ ယဲ့ယီနှင့် နန်ချင်ဝမ်တို့အတွက် အံ့ဩစရာ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ တုန်မင်ရွှမ်ကဲ့သို့ တက်သစ်စ လူငယ်လေးသည် မည်သည့် အေဂျင်စီနှင့်မျှ စာချုပ်မရှိသေးသောကြောင့် ကုမ္ပဏီများအတွက် အလွန်ပင် မျက်စိကျစရာ ဖြစ်နေသည်မှာ သဘာဝကျပေသည်။
တုန်မင်ရွှမ် လျှို့ဝှက်ဆန်းကျယ်သော လေသံဖြင့် မေးလိုက်လေ၏။
“အစ်မယဲ့... ဟိုင်ထျန် ဖျော်ဖြေရေးက ကျွန်တော့်ကို စည်းရုံးဖို့ ဘယ်သူ့ကို လွှတ်လိုက်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး”
တုန်မင်ရွှမ်၏ အတင်းအဖျင်း သတင်းတစ်ခုခုကို ပြောပြတော့မည့် မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် ယဲ့ယီသည် ထိုသူမှာ သူမနှင့် ပတ်သက်နေသူ တစ်ဦးဦးဖြစ်မည်ကို သိလိုက်ပြီး ပြန်မေးလိုက်သည်။
“ဘယ်သူလဲ”
“လျုံရုံလေ”
ထိုအမည်ကို ကြားလိုက်ရသော်လည်း ယဲ့ယီမှာ အံ့ဩမသွားပေ။
တုန်မင်ရွှမ်နှင့် စကားပြောရန် လျုံရုံ ရောက်လာသည်ဆိုကတည်းက ၎င်းမှာ လန်ရွှယ်၏ လက်ချက်ဖြစ်ကြောင်း သူမ ကောင်းကောင်း သိလေသည်။
ယဲ့ယီသည် အားမလိုအားမရ သက်ပြင်းချလိုက်မိသည်။ ဤလန်ရွှယ်သည် သူမကို နှောင့်ယှက်ရန် အခွင့်အရေး တစ်ခုမှ လက်လွှတ်မခံပေ။
‘မိန်းမသားအချင်းချင်း ဘာလို့ခက်ခဲအောင်လုပ်နေရတာလဲ’
သူမ လုံးဝ နားမလည်နိုင်တော့ပေ။
ယဲ့ယီသည် သက်ပြင်းချသည်ကို မြင်သောအခါ တုန်မင်ရွှမ်က သူမ အရင်က အဖြစ်အပျက်များကို သတိရပြီး ဝမ်းနည်းသွားသည်ဟု ထင်မှတ်နေရှာသည်။ မည်သို့ပင်ဖြစ်စေ လျုံရုံသည် ယဲ့ယီကို နောက်ကျော ဓားနှင့်ထိုးခဲ့သည် မဟုတ်လော။
“အစ်မယဲ့ ကျွန်တော် သူ့ကို ဘယ်လို ပြန်ပြောလိုက်လဲဆိုတာ သိချင်လား”
ယဲ့ယီ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ တုန်မင်ရွှမ်သည် သူ ဈေးအကြီးဆုံး သောက်စရာများကို မှာယူပြီး လျုံရုံကို မည်သို့ ပြောင်ချော်ချော် လုပ်ခဲ့ကြောင်းကို တက်ကြွစွာ ပြန်လည် ပြောပြလေတော့သည်။
တုန်မင်ရွှမ်၏ ပြောပြချက်ကို နားထောင်ပြီးနောက် ယဲ့ယီ ခဏတာ တိတ်ဆိတ်သွားပြီးနောက် နန်ချင်ဝမ်ကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်လေ၏။
“အစ်မချင်ဝမ်... စာချုပ်ကို မြန်မြန်သွားယူလိုက်တော့”
တုန်မင်ရွှမ်၏ အလုပ်လုပ်ပုံမှာ ယဲ့ယီ သဘောကျသည့် ပုံစံနှင့် ထပ်တူကျနေလေ၏။ လူတစ်ယောက်ကို အသက်မသေဘဲ ရင်ကွဲနာကျအောင် လုပ်နိုင်သည့် ထိုနည်းလမ်းမှာ သူမ ပုံစံနှင့် ထပ်တူကျနေတော့၏။
နန်ချင်ဝမ် ပြုံးလိုက်ပြီး စာချုပ်ပြင်ဆင်ရန် ထွက်သွားတော့သည်။
တုန်မင်ရွှမ်တစ်ယောက် အလွန်ပင် ဂုဏ်ယူစွာ မေးလိုက်၏။
“အစ်မယဲ့... အစ်မအတွက် ကျွန်တော် ကောင်းကောင်း ကလဲ့စားချေပေးခဲ့တယ် မဟုတ်လား”
ယဲ့ယီ တုန်မင်ရွှမ်ကို လက်မထောင်ပြလိုက်ပြီး ချီးကျူးလိုက်သည်။
“အရမ်းကောင်းတယ်၊ နင့်လို ပါရမီရှင်မျိုးကို ငါ သဘောကျတယ်။ လူကို စိတ်ဆိုးအောင် လုပ်နိုင်ပြီး ကရုဏာ မထားတတ်တဲ့ နေရာမှာတော့ ရှယ်ပဲ”
တုန်မင်ရွှမ် ဂုဏ်ယူလွန်းသဖြင့် သူ့ဦးခေါင်းမှာ မျက်နှာကျက်သို့ပင် ထိမတတ် ဖြစ်နေတော့သည်။
အမှန်စင်စစ် ယဲ့ယီသည် တုန်မင်ရွှမ် နှင့် စာချုပ်ချုပ်ရန် ကြိုတင်စီစဉ်ထားပြီးသား ဖြစ်သည်။ တုန်မင်ရွှမ်သည် အမှန်တကယ်ပင် ပါရမီရှိသူဖြစ်ရာ ယခုအခါတွင် သူမလည်း အလုပ်ရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သဖြင့် ဤကဲ့သို့သော ပျိုးပင်ကောင်းတစ်ပင်ကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။
တုန်မင်ရွှမ် သူမအတွက် ယခုလို ကလဲ့စားချေပေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ရုံသာမက ကလဲ့စားချေပုံမှာလည်း သူမ အကြိုက်နှင့် ကွက်တိ ဖြစ်နေခဲ့သည်။
ယခုအခါ ယဲ့ယီ တုန်မင်ရွှမ်အပေါ် အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။
မကြာမီမှာပင် နန်ချင်ဝမ် စာချုပ်ကို အဆင်သင့် ပြင်ဆင်လာခဲ့၏။ သို့သော် သူမ စာချုပ် နှစ်စောင် ပြင်ဆင်ထားခဲ့သည်။ တုန်မင်ရွှမ်၏ စာချုပ်အပြင် သူ့မန်နေဂျာလည်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။
ယခုအခါ ‘ဂျက်နီစစ် မီဒီယာ’ တွင် နန်ချင်ဝမ်အပြင် နောက်ထပ် ဝန်ထမ်းသစ် နှစ်ဦးကို ထပ်မံ ရရှိခဲ့ပြီဖြစ်ရာ ယဲ့ယီမှာ အလွန်ပင် ဝမ်းသာပီတိ ဖြစ်နေရသည်။
စာချုပ် လက်မှတ်ထိုးပြီးနောက် တုန်မင်ရွှမ် စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“အစ်မယဲ့... အခု ကျွန်တော် ကုမ္ပဏီက တခြား ဝါရင့် စီနီယာတွေကို တွေ့လို့ရပြီလား”
“မင်း သူတို့နဲ့ အရင်ကတည်းက တွေ့ဖူးပြီးသားပဲလေ”
တုန်မင်ရွှမ် ဝေခွဲမရ ဖြစ်သွား၏။
‘ငါ ဘယ်တုန်းက တွေ့ဖူးလို့လဲ’
“အစ်မယဲ့ ကျွန်တော် တွေ့ဖူးတာက အစ်မနဲ့ ရုပ်ရှင်အင်ပါယာ မင်းသားကြီးကျီ တစ်ယောက်ပဲ ရှိတာလေ”
ယဲ့ယီ အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
“လောလောဆယ် ကုမ္ပဏီမှာ အနုပညာရှင်ဆိုလို့ ငါနဲ့ မင်းသားကြီးကျီ နှစ်ယောက်တည်း ရှိတာလေ”
ထို့နောက် သူမ တစ်ခုခုကို သတိရဟန်ဖြင့် ဆက်လက်၍ အားပေးစကား ဆိုလိုက်သည်။
“အခုန နင် ရောက်လာတော့ သုံးယောက် ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ နောင်ကျရင်တော့ အများကြီး ဖြစ်လာမှာပါ”
တုန်မင်ရွှမ်သည် ‘ဂျက်နီစစ် မီဒီယာ’ တွင် အနုပညာရှင် သိပ်မရှိနိုင်ကြောင်း သိထားသော်လည်း ယဲ့ယီနှင့် ကျီချန်ဖန် နှစ်ယောက်တည်းသာ ရှိလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
သူသည် ကုမ္ပဏီ၏ အစောဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်ချင်သော်လည်း ဤမျှလောက်အထိတော့ အထီးမကျန်ချင်သေးပေ။
“အစ်မယဲ့ ကျွန်တော် အခုမှ နောင်တရတယ်လို့ ပြောရင် နောက်ကျသွားပြီလား”
တုန်မင်ရွှမ် မျှော်လင့်ချက် ကင်းမဲ့သော မျက်နှာပေးဖြင့် မေးရှာ၏။
ယဲ့ယီ သူ့ကို ပြုံးပြလိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“မ ရ တော့ ဘူး”
“ဝူး... ဝူး... ဝူး...”
တုန်မင်ရွှမ် မရှိသော မျက်ရည်များကို သုတ်ရင်း ဝမ်းနည်းဟန် ဆောင်နေတော့သည်။
ယဲ့ယီသည် ရှေ့တိုးလာပြီး တုန်မင်ရွှမ်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်လေ၏။
“နင် ကုမ္ပဏီကို ယုံကြည်ရမယ်၊ နောင်ကျရင် ဒီထက်မက ကြီးထွားလာမှာပါ။ အဲဒီအချိန်ကျရင် နင် ဝါရင့် စီနီယာကြီး ဖြစ်နေမှာလေ၊ လူသစ်တွေက နင့်ကို မြင်ရင် စီနီယာကြီးလို့ ခေါ်ကြရမဲ့ အခြေအနေကို မြင်ယောင်ကြည့်စမ်းပါဦး”
တုန်မင်ရွှမ် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူသည် ပြန်ပြောလိုက်၏။
“အစ်မယဲ့... အစ်မက ကျွန်တော့်ကို လေထဲမှာ အိမ်ဆောက်ခိုင်းနေသလိုပဲ ခံစားရတယ်”
ယဲ့ယီသည် တုန်မင်ရွှမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။
“အို... မင်းက ရိပ်မိသွားပြီပဲ”
တုန်မင်ရွှမ် ပို၍ပင် စိတ်ပျက်သွားရသည်။ သူသည် ကျင်းကြီး တစ်ခုထဲသို့ ကျဆင်းသွားခဲ့လေပြီ။ ထိုကျင်းကြီးမှာလည်း သူကိုယ်တိုင်ပင် လိုလိုလားလား ခုန်ဆင်းခဲ့သည့် ကျင်း ဖြစ်နေ၏။
နန်ချင်ဝမ်သည် ယဲ့ယီတစ်ယောက် တုန်မင်ရွှမ်ကို ဆက်လက် စနောက်နေသည်ကို မကြည့်ရက်တော့ပေ။
သူမသည် ရှေ့တိုးလာကာ တုန်မင်ရွှမ်ကို ပြောလိုက်၏။
“စိတ်မပူပါနဲ့၊ နောင်ကျရင် ကုမ္ပဏီက ဒီထက်မက တိုးတက်လာမှာပါ။ နင် အစ်မယဲ့ကို မယုံဘူးလား။ ဒါ့အပြင် အစ်မယဲ့ နောက်မှာ စီအီးအိုကု ရှိနေတာပဲလေ”
ယဲ့ယီသည် တိတ်ဆိတ်စွာ အသာလေး ထွက်သွားလေ၏။ သူမသည် ကုရှီချန်းနှင့် ကွာရှင်းပြီးနောက် မည်မျှအထိ နေရခက်မည်ကို ကြိုတင် မြင်ယောင်နေမိလေတော့သည်။