အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇)
စစ်မှန်သော လွတ်လပ်မှု
ရုပ်ရှင်စတင်ပြသသည်မှာ တစ်ရက်ပင် ရှိသေးသော်လည်း ယဲ့ယီနှင့် လန်ရွှယ်တို့အတိတ်က ပြဿနာများကြောင့် အင်တာနက်စာမျက်နှာထက်တွင် ထိုရုပ်ရှင်နှစ်ကားအကြောင်း ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
ရုပ်ရှင်နှစ်ကားလုံး၏ ရိုက်ကူးသည့် အကြောင်းအရာတူနေခြင်းက ထုတ်လုပ်ရေးအဖွဲ့နှစ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ပိုမိုကြီးမားသော စမ်းသပ်ချက်တစ်ခု ဖြစ်စေခဲ့သည်။
သရုပ်ဆောင်အင်အားကို နှိုင်းယှဥ်ကြည့်ပါက ယဲ့ယီ၏အဖွဲ့သည် လန်ရွှယ် အဖွဲ့ကို မယှဉ်နိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမှာလည်း လန်ရွှယ်၏ ထုတ်လုပ်ရေးအဖွဲ့လောက် မများပြားပေ။ သို့သော်လည်း ယဲ့ယီသည် ငွေတစ်ပြားတစ်ချပ်တိုင်းကို လိုအပ်သောနေရာတွင် အကျိုးရှိရှိ အသုံးပြုထားသဖြင့် မည်သို့မျှ အားနည်းချက်မရှိဘဲ ကြည့်ကောင်းနေဆဲ ဖြစ်လေ၏။
သို့သော် ပြသသည်မှာ တစ်ရက်သာ ရှိသေးသဖြင့် မည်သည့်အဖွဲ့က ပိုမိုမြင့်မားသော ကြည့်ရှုနှုန်းကို ရရှိမည်ကိုမူ အတပ်မပြောနိုင်သေးပေ။
မည်သည့်အမှားအယွင်းမျှ မရှိစေရန်အတွက် လန်ရွှယ်သည် သူမ၏ရုပ်ရှင် အဆင့်သတ်မှတ်ချက် ကို မြှင့်တင်ရန် အင်တာနက်အဖျက်သမားများကိုပင် သီးသန့်ငှားရမ်းခဲ့သည်။ ထို့ကြောင့် ယဲ့ယီ၏ရုပ်ရှင်သည် သူမထက် အဆင့်သတ်မှတ်ချက် တစ်မှတ်လျော့နည်းနေခဲ့၏။
အင်တာနက်ပေါ်တွင် ရုပ်ရှင်မကြည့်ရသေးသော လူအချို့ကလည်း ထိုအဆင့်သတ်မှတ်ချက်များကိုသာ ကြည့်ပြီး လန်ရွှယ်ကသာ နောက်ဆုံးတွင် အနိုင်ရလိမ့်မည်ဟု ဆုံးဖြတ်နေကြ၏။
ယဲ့ယီသည် သူမ သရုပ်ဆောင်မှုအပေါ် ယုံကြည်မှုရှိသော်လည်း မျက်စိစုံမှိတ်၍ ယုံကြည်ခြင်းမျိုး မဟုတ်ပေ။
သူမသည် လန်ရွှယ်၏ရုပ်ရှင်ကို ရှာဖွေပြီး သေချာစွာ စတင်ကြည့်ရှုတော့သည်။
“ဇာတ်လမ်းကတော့ တကယ်ကို ကောင်းပါတယ်၊၊ ဒါပေမဲ့ သရုပ်ဆောင်က ဒီဇာတ်ကောင်ကို မနိုင်ဘူးဖြစ်နေတာ”
ယဲ့ယီ ရုပ်ရှင်ပြကွက်တစ်ခုကို ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ သူမဆိုလိုသော သရုပ်ဆောင်မှာ အခြားသူမဟုတ်ဘဲ စူးယန်ပင် ဖြစ်သည်။
စူးယန်သည် စနစ်တကျ သင်တန်းဆင်းထားသူ မဟုတ်သည့်အပြင် သရုပ်ဆောင်လောကသို့ အသစ်ဝင်လာသူဖြစ်သဖြင့် သူ့သရုပ်ဆောင်မှုမှာ မပီပြင်သေးပေ။
ထို့အပြင် စူးယန် သရုပ်ဆောင်ရသော ဇာတ်ကောင်မှာ ဒုတိယမင်းသားနေရာ ဖြစ်ရာ ယင်းက သူ ပို၍ပင် မနိုင်မနင်း ဖြစ်စေသည်။ လန်ရွှယ်၏ရုပ်ရှင်ထဲတွင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်နေသဖြင့် ထိုသူများနှင့် နှိုင်းယှဉ်ကြည့်ပါက စူးရန်၏ သရုပ်ဆောင်မှုမှာ ပို၍ပင် အားနည်းနေသယောင် ရှိတော့၏။
ယဲ့ယီ ဆက်လက်ကြည့်ရှုရန် ပြင်နေစဉ်မှာပင် တုန်မင်ရွှမ် ပြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“အစ်မယဲ့၊ ခုနက ဘယ်ကို ပြေးသွားတာလဲ၊ ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ ရုတ်တရက် ပျောက်သွားတာ”
ယဲ့ယီ အလွန်လေးနက်သော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တကယ်လို့ ငါ့မှာ ကိုယ်ပျောက်နိုင်စွမ်းရှိတယ်လို့ ပြောရင် ယုံမလား”
တုန်မင်ရွှမ် က ယဲ့ယီကို ကျွန်တော့်ကို အရူးများမှတ်နေတာလား ဟူသော အမူအရာဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။
“အစ်မ ကျွန်တော့်ကို မက်လုံးတွေနဲ့ သွေးဆောင်နေတာပဲ။ ကျွန်တော့်ကို နည်းနည်းလောက်တော့ အလိုလိုက်သင့်တယ် မဟုတ်လား”
“အခု ငါ့ရဲ့ ရာထူးကဘာဆိုတာ သိလား”
တုန်မင်ရွှမ်က ခေါင်းညိတ်လိုက်၏။
“အစ်မက အခု ကျွန်တော့်ရဲ့ အလုပ်ရှင်ပါ”
ယဲ့ယီ သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး ပြောလိုက်တော့သည်။
“ငါက နင့်အလုပ်ရှင်မှန်း သိရင်အာဏာရှင်တစ်ယောက်ဆိုတာလည်း သိသင့်တယ်။ ငါ နင့်ကို အနိုင်ကျင့် အမြတ်မထုတ်သေးတာတောင် ငါ့ကို အလိုလိုက်ခိုင်းနေသေးတယ်ပေါ့။ နင် တော်တော်လေး စိတ်ကူးယဉ်တတ်တာပဲ”
တုန်မင်ရွှမ်သည် ချက်ချင်းပင် သနားစဖွယ် အမူအရာလေး လုပ်ပြလိုက်လေ၏။
ယဲ့ယီ သူ့ကို ကြည့်ပင်မကြည့်နိုင်တော့ပေ။ အကယ်၍ ကုရှီချန်းသာ သူမကို ချွဲပြနေလျှင် သူမ သဘောကျမိကောင်း ကျမိလိမ့်မည်။ သို့သော် တုန်မင်ရွှမ်က ချွဲပြနေသောအခါ သူ့ကို ကန်ထုတ်ချင်စိတ်သာ ပေါက်မိတော့၏။
“လာတာ အတော်ပဲ။ ငါနဲ့အတူ ဒီရုပ်ရှင်ကို လာပြီး ဝေဖန်ကြည့်စမ်း”
ယဲ့ယီသည် တုန်မင်ရွှမ်ကို အနားသို့ လှမ်းခေါ်လိုက်၏။တုန်မင်ရွှမ်သည် ယဲ့ယီ၏ နောက်သို့ လျှောက်လာပြီး ကွန်ပျူတာမျက်နှာပြင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်လေသည်။
“ဒါ ဘာရုပ်ရှင်လဲ”
ယဲ့ယီ ကြည့်နေသည့် ရုပ်ရှင်ကို မြင်သောအခါ တုန်မင်ရွှမ်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရတော့၏။
“အစ်မယဲ့၊ အဲဒီမိန်းမရဲ့ ရုပ်ရှင်ကို ဘာလို့ ကြည့်နေတာလဲ”
ထို့နောက် တုန်မင်ရွှမ်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။
“အစ်မယဲ့ ဒီရုပ်ရှင်ထဲက မကောင်းတဲ့ ပြကွက်တွေကို ဖြတ်ထုတ်ပြီး အင်တာနက်ပေါ် တင်မလို့ မဟုတ်လား၊ အဲဒါဆိုရင် လူတွေ ကျွန်တော်တို့ရုပ်ရှင်ကိုပဲ ကြည့်ကြတော့မှာလေ”
တုန်မင်ရွှမ် ထိုသို့ပြောရင်း လက်မထောင်ပြလိုက်၏။
တကယ်ကို အကြံကောင်းပဲ”
ယဲ့ယီ သည်းမခံနိုင်တော့ဘဲ တုန်မင်ရွှမ်၏ ခေါင်းကို ထုပစ်လိုက်တော့သည်။
“ငါက အဲဒီလိုလူစားမျိုးလား”
တုန်မင်ရွှမ် တစ်ယောက် ပြန်မပြောဝံ့သော်လည်း သူ့မျက်လုံးများကမူ အစ်မက အဲဒီလိုလူမျိုး ပဲလေ ဟု ပြောနေလေတော့သည်။
ယဲ့ယီ ဒေါသထွက်လွန်း၍ သူ့ကို နောက်တစ်ချက် ထပ်ထုချင်စိတ်ပေါက်သွားရ၏။
‘ငါ့လို မြင့်မြတ်တဲ့သူတစ်ယောက်က အဲ့လိုကိစ္စမျိုးကို ဘာလို့ လုပ်ရမှာလဲ’
“ငါ နင့်ကို သူတို့ ဘယ်လို သရုပ်ဆောင်ထားလဲဆိုတာ ကြည့်ခိုင်းတာ”
တုန်မင်ရွှမ်ကမူ မထီမဲ့မြင် ပြန်ပြောလိုက်လေ၏။
“ဘာကြည့်စရာ ရှိလို့လဲ”
ယဲ့ယီသည် တုန်မင်ရွှမ်၏ စကားပြောဆိုပုံကို ကြည့်ပြီး မကျေမနပ်ဖြင့်မေးလိုက်သည်။
“ဘာလဲ။ နင် ရုပ်ရှင်ဧကရာဇ် ဖြစ်နေပြီလား ဒါမှမဟုတ် အကယ်ဒမီများ ရထားလို့လား”
ယဲ့ယီ၏ စကားကြောင့် တုန်မင်ရွှမ် မျက်နှာနီရဲသွားပြီး တိုးတိုးလေး ရှင်းပြရှာသည်။
“အစ်မနဲ့ အဲဒီ လန်ရွှယ်က မိုးနဲ့မြေလို ရန်ဘက်တွေ မဟုတ်ဘူးလား”
ယဲ့ယီသည် တုန်မင်ရွှမ်၏ ဆိုလိုရင်းကို နားလည်သည်။
လန်ရွှယ်နှင့် သူမက ရန်ဘက်ဖြစ်နေခြင်းကြောင့် လန်ရွှယ်၏ ရုပ်ရှင်ကို ကြည့်ရန်မလိုဟု ထင်မြင်နေခြင်း ဖြစ်သည်။
“ငါ နင့်ကို လူကို ကြည့်ခိုင်းတာမဟုတ်ဘူး။ သရုပ်ဆောင်တာကို ကြည့်ခိုင်းတာ။ ငါနဲ့ လန်ရွှယ်ကြားမှာ ပုဂ္ဂိုလ်ရေး အာဃာတတွေ ရှိပေမဲ့ အဲ့ဒါက သူ့ရုပ်ရှင်ကို ကြည့်တာမကြည့်တာနဲ့ မဆိုင်ဘူး”
ယဲ့ယီ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
တုန်မင်ရွှမ် အော်ဟု ဆိုကာ ရုတ်တရက် သဘောပေါက်သွားတော့သည်။
“သေချာကြည့်”
ယဲ့ယီ ရုပ်ရှင်ကို ဆက်လက် ပြသလိုက်သည်။
တုန်မင်ရွှမ်လည်း သူ၏ ပေါ့ပျက်ပျက် အမူအရာကို ဖျောက်ပစ်ကာ ယဲ့ယီနှင့်အတူ ရုပ်ရှင်ကို အလေးထား ကြည့်ရှုတော့သည်။
နန်ချင်ဝမ်သည် ယဲ့ယီထံသို့ စာရွက်စာတမ်းအချို့ ယူဆောင်လာခဲ့စဉ် ယဲ့ယီ၏ ရုံးခန်းတံခါးဝ၌ ကုရှီချန်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
နန်ချင်ဝမ် နှုတ်ဆက်ရန် ပါးစပ်လေးဖွင့်လိုက်ရုံရှိသေး၏။
“ကု…..”
ကုရှီချန်း သူမကို အသံမထွက်ရန် အချက်ပြကာ ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။
“ဥက္ကဌကု၊ ရှောင်ယီကို လာရှာတာဆိုရင် ဘာလို့ ဝင်မသွားတာလဲ”
နန်ချင်ဝမ် စပ်စုကာ မေးလိုက်၏။
ကုရှီချန်း ခုနက သူမြင်လိုက်ရသော မြင်ကွင်းကို ပြန်တွေးမိပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။သို့သော်လည်း အပြင်ပန်းတွင်မူ မဖော်ပြပေ။
“သူ အလုပ်ရှုပ်နေပုံရတယ်။ ကျွန်တော် လမ်းကြုံလို့ ဝင်ကြည့်တာပါ။ သူ့ကို အနှောင့်အယှက် မပေးချင်တော့ဘူး။ ကုမ္ပဏီမှာ လုပ်စရာတွေ ရှိသေးလို့ ကျွန်တော်အရင် ပြန်လိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် ထွက်ခွာသွားတော့သည်။
နန်ချင်ဝမ်သည် ကုရှီချန်း ဘာလုပ်ချင်နေမှန်း နားမလည်နိုင်ပေ။ ထို့ကြောင့် ကြောင်အမ်းအမ်းဖြင့်သာ ကျန်ရစ်ခဲ့ရသည်။ သူသည် ယဲ့ယီကို လာတွေ့သော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ပြန်သွားခဲ့သည် မဟုတ်လော။
နန်ချင်ဝမ်သည် ယဲ့ယီ၏ ရုံးခန်းထဲသို့ စာရွက်စာတမ်းများ ယူဆောင်လာခဲ့၏။ သူမ ဝင်သွားချိန်တွင် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့မှာ ဇာတ်လမ်းအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်ပြီး နှစ်ယောက်သား အာရုံစိုက်နေကြလွန်းသဖြင့် သူမ ဝင်လာသည်ကိုပင် သတိမထားမိကြပေ။
“ရှောင်ယီ”
နန်ချင်ဝမ်က ခေါ်လိုက်မှပင် ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ အတွေးများမှာ ပြတ်တောက်သွားတော့သည်။
“အစ်မချင်ဝမ်၊ ဘယ်တုန်းက ရောက်တာလဲ”
ထို့နောက် ယဲ့ယီ တုန်မင်ရွှမ်ကို လှည့်ပြောလိုက်သည်။
“သွားပြီး သေသေချာချာ လေ့လာဦး။ ကြည့်ပြီးရင် ငါ့အတွက် စကားလုံး တစ်ထောင်ပါတဲ့ ခံစားချက်စာတမ်းတစ်စောင် ရေးပေးရမယ်”
တုန်မင်ရွှမ် ချက်ချင်းပင် နာကျင်နေသော မျက်နှာလေးဖြင့် ခေါင်းငိုက်ကျကာ ထွက်သွားလေတော့သည်။
နန်ချင်ဝမ် တုန်မင်ရွှမ်၏ ပုံစံကို ကြည့်ကာ ရယ်ချင်သွားလေ၏။
“ရှောင်ယီ၊ နင် ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာမကြီးကျနေတာပဲ”
“သူက ကျွန်မတို့ကုမ္ပဏီက ပထမဆုံး လက်ခံထားတဲ့ အနုပညာရှင်ဆိုတော့ သူ့ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမှာပေါ့။ ဒါမှလည်း သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနိုင်မှာလေ”
လူကဲခတ်သည့် နေရာတွင် ယဲ့ယီသည် အတွေ့အကြုံ အလွန်ရှိသူ ဖြစ်၏။သူမ အရင်ဘဝတွင် ကုမ္ပဏီ၏ စီစဉ်မှုအောက်၌ လူများစွာကို စီမံခန့်ခွဲခဲ့ဖူးသော်လည်း အချို့မှာ နာမည်ကြီးလာပြီးနောက် သူမကို နင်းချကာ အောင်မြင်သွားကြသဖြင့် နောက်ပိုင်းတွင် လူသစ်များကို မကိုင်တွယ်တော့ခြင်း ဖြစ်သည်။
တုန်မင်ရွှမ်သည် သရုပ်ဆောင်မှုတွင် တကယ်ပင် ပါရမီရှိသကဲ့သို့ ကိုယ်တိုင်ကလည်း ကြိုးစားသူဖြစ်သဖြင့် ယဲ့ယီသည် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးနေရခြင်း ဖြစ်သည်။
“ဒါနဲ့ ခုနက ဥက္ကဌကု ရောက်လာသေးတယ်”
နန်ချင်ဝမ်သည် သူမ ဤသတင်းကို ယဲ့ယီအား ပြောသင့်သည်ဟု ခံစားနေရ၏။ ကုရှီချန်းသည် ယဲ့ယီကို တစ်ခုခု မေးစရာရှိသဖြင့် လာရောက်သွားခြင်းလည်း ဖြစ်နိုင်သည်။
“ကုရှီချန်း ဒါဆို သူ ဘယ်မှာလဲ”
ယဲ့ယီမှာ ဝေခွဲမရ ဖြစ်သွားရသည်။
‘ကုရှီချန်း အရေးကြီးကိစ္စ ဆွေးနွေးစရာများရှိလို့လား’
“ညီမ ရုံးခန်းအပြင်ဘက်မှာ ဥက္ကဌကုနဲ့ တွေ့ခဲ့တာ။ အဲ့တုန်းက ညီမက မင်ရွှမ်နဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးနေတာလေ။ ဥက္ကဌကုက သူ လမ်းကြုံလို့ ဝင်ကြည့်တာပါတဲ့ ၊ညီမကို အနှောင့်အယှက် မပေးပါနဲ့လို့ ပြောပြီး ပြန်သွားတာပဲ”
ယဲ့ယီ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
‘ကုရှီချန်းက အားယားနေတာမှ မဟုတ်တာ။ဘာမှ မရှိဘဲနဲ့ ကုမ္ပဏီကို လာစရာလား။ပြီးတော့ လာတုန်းကလာပြီး ဘာလို့ နှုတ်တောင်မဆက်ဘဲ ပြန်သွားရတာလဲ ‘
ယဲ့ယီ အိမ်ပြန်ရောက်သည့်အခါ ကုရှီချန်းကို အကျိုးအကြောင်း မေးရန် ဆုံးဖြတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ကွာရှင်းမည့်ကိစ္စကိုလည်း ပြောဆိုရန် ရည်ရွယ်ထားလေ၏။
ပြီးခဲ့သည့်အကြိမ်က ကုရှီချန်းသည် ပိုင်ဆိုင်မှု ခွဲဝေရေးအကြောင်း ဆွေးနွေးခဲ့ပြီးနောက် ထိုကိစ္စကို ထပ်မပြောတော့ပေ။ ယဲ့ယီသည် ထိုကိစ္စကို အမြန်ဆုံး အဆုံးသတ်ချင်နေသည်။ ကွာရှင်းပြီးမှသာလျှင် သူမသည် စစ်မှန်သော လွတ်လပ်မှုကို ရရှိနိုင်မည် မဟုတ်လော။
အခန်း (၁၁၈)
ဘယ်တော့ လက်မှတ်သွားထိုးကြမလဲ
ညနေပိုင်း ယဲ့ယီ အိမ်ပြန်ရောက်သည့်အချိန်အထိ ကုရှီချန်း ပြန်မရောက်သေးပေ။ သူမသည် ကုစဲ့ကို ချော့သိပ်ပြီးမှနောက်မှသာ ကုရှီချန်း ပြန်ရောက်လာခဲ့သည်။
ကုရှီချန်း ပြန်ရောက်လာချိန်တွင် အရက်နံ့များ ရနေပြီး စားသောက်ပွဲတစ်ခုခုမှ ပြန်လာသည့် ပုံစံမျိုး ပေါက်နေ၏။
ယခင်က ကုရှီချန်း သူမကို ဂရုစိုက်ပေးခဲ့သည်များကို သတိရမိသဖြင့် ယဲ့ယီသည် မီးဖိုချောင်ထဲဝင်ကာ သူ့အတွက် အမူးပြေဟင်းရည်တစ်ခွက် ချက်ပြုတ်ပေးလိုက်သည်။
သူမ၏ ချက်ပြုတ်နိုင်စွမ်းမှာ သာမန်မျှသာ ဖြစ်သော်လည်း အမူးပြေဟင်းရည် တစ်ခွက်လောက်တော့ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိ၏။
ဟင်းရည်ချက်ပြုတ်ပြီးနောက် ယဲ့ယီသည် ကုရှီချန်း၏ အိပ်ခန်းထဲသို့ ယူသွားရန် ရည်ရွယ်ထားသော်လည်း စာကြည့်ခန်းတွင် မီးလင်းနေသည်ကို မြင်လိုက်ရသဖြင့် ထိုနေရာသို့သာ တန်းသွားလိုက်တော့သည်။
စာကြည့်ခန်းရှေ့ ရောက်သောအခါ ယဲ့ယီသည် တံခါးခေါက်လိုက်ရာ အတွင်းမှ ကုရှီချန်း၏ အသံ ထွက်ပေါ်လာလေ၏။
“ဝင်ခဲ့ပါ”
ယဲ့ယီ ဝင်သွားချိန်တွင် ကုရှီချန်းမှာ စာရွက်စာတမ်းအချို့ကို ငုံ့ကြည့်နေဆဲပင် ဖြစ်၏။
[ဟင်... ကြိုးစားလိုက်တာ၊ ဒီလောက်ထိ လုပ်မှတော့ ဒီပိုက်ဆံတွေကို ရတာမဆန်းပါဘူး]
ယဲ့ယီ၏ စိတ်ထဲမှ ရေရွတ်သံကို ကြားလိုက်ရသဖြင့် ကုရှီချန်းသည် ဖြည်းဖြည်းချင်း မော့ကြည့်ပြီး မေးလိုက်၏။
“ဒီလောက် ညဉ့်နက်မှ ဘာကိစ္စရှိလို့လဲ”
ယဲ့ယီသည် အမူးပြေဟင်းရည်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
“ဒါ ရှင့်အတွက် ကျွန်မလုပ်ပေးထားတာ၊ ပူတုန်းလေး သောက်လိုက်ဦး။ ဒီနေ့ ရှင် ကုမ္ပဏီကို လာရှာတယ်လို့ အစ်မချင်ဝမ်ဆီက ကြားတယ်။ ဘာကိစ္စရှိလို့လဲ”
ယနေ့ မြင်ခဲ့ရသည်များကို ပြန်တွေးမိသဖြင့် ကုရှီချန်း၏ မျက်ဝန်းများ မှေးမှိန်သွားပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
“လမ်းကြုံလို့ ဝင်တာပါ၊ မင်း အလုပ်ရှုပ်နေတာ မြင်လို့ မနှောင့်ယှက်ချင်တော့တာ”
ယဲ့ယီ တစ်ခွန်းသာ ပြောနိုင်တော့၏။
“အော်”
ထို့နောက် ထပ်ပြောလိုက်သည်။
“အဲ့တုန်းက တုန်မင်ရွှမ်ကို ဇာတ်ဝင်ခန်းတွေအကြောင်း ရှင်းပြနေတာလေ”
ကုရှီချန်းသည် လက်ထဲမှ စာရွက်စာတမ်းကို ချလိုက်ပြီး ယဲ့ယီကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်လေ၏။
“သူ မင်း ကုမ္ပဏီနဲ့ စာချုပ်ချုပ်တယ်လို့ ကြားတယ်။ ဟိုင်ထျန် ဖျော်ဖြေရေးကလည်း သူ့ကို စာချုပ်ချုပ်ချင်နေတာပဲ၊ သူ ဘာလို့ မင်းကို ရွေးရတာလဲ”
အကယ်၍ ဤစကားကို အခြားသူတစ်ယောက်ယောက် ပြောလျှင် သူမကို လှောင်ပြောင်နေသည်ဟု သံသယဝင်မိနိုင်သော်လည်း ကုရှီချန်း၏ ပုံစံအရ သူသည် အမှန်တကယ်ပင် စိတ်ဝင်စားနေခြင်း ဖြစ်ကြောင်း သူမ သိသည်။
“သူ ကျွန်မရဲ့ အလှအောက်မှာ ကျရှုံးသွားတာနေမှာပေါ့”
ယဲ့ယီ အလွန် ဂုဏ်ယူစွာ ပြောလိုက်၏။
ယဲ့ယီ၏ အရှက်မရှိတတ်ပုံကို ကုရှီချန်း အသားကျနေပြီဖြစ်ရာ အမှုမဲ့အမှတ်မဲ့ ဆက်မေးလိုက်သည်။
“မင်း သူ့ကို တော်တော်လေး အလေးထားပုံရတယ်”
“သူက ကျွန်မတို့ကုမ္ပဏီရဲ့ ပထမဆုံး လက်မှတ်ထိုးထားတဲ့ အနုပညာရှင်ပဲလေ။ ဒါ့အပြင် အဲဒီကလေးက တကယ်လည်း ပါရမီရှိတယ်။ အလုပ်ရှင်တစ်ယောက်အနေနဲ့ ကျွန်မကတော့ သူ့ကို အကျိုးရှိရှိ အသုံးချရမှာပဲ”
ယဲ့ယီ ထိုသို့ ပြောလိုက်ချိန်တွင် သူမ မျက်ဝန်းထဲ၌ အခြားသော ခံစားချက်များ မရှိသည်ကို မြင်လိုက်ရသဖြင့် ကုရှီချန်း၏ ရင်ထဲတွင် အုံခဲနေသော မကျေနပ်မှုများမှာ လွင့်စင်သွားတော့သည်။
ယဲ့ယီသည် တုန်မင်ရွှမ်အပေါ် (၁၅၀၀)မေတ္တာစိတ် မရှိကြောင်း သိလိုက်ရသဖြင့် ကုရှီချန်း၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်သွားလေတော့သည်။
“ညည့်နက်နေပြီ။ မင်း သွားနားတော့”
သို့သော် ယဲ့ယီ မပြန်သေးပေ။
“ဘာပြောစရာ ရှိသေးလို့လဲ”
ယဲ့ယီသည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး မေးလိုက်သည်။
“ဟို... ကျွန်မတို့ ဘယ်တော့ ကွာရှင်းစာချုပ်မှာ လက်မှတ်သွားထိုးကြမလဲ”
ကုရှီချန်း၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ပြန်လည် ထိုးဆင်းသွားရတော့၏။ ထို့နောက် လေးနက်သော အသံဖြင့် မေးလိုက်သည်။
“မင်း ဒီလောက်တောင် လောနေတာလား”
“အဓိကကတော့ ဒီလို ပတ်သက်နေတာက ကျွန်မတို့နှစ်ယောက်လုံးအတွက် မကောင်းလို့ပါ”
[ငါက ဒီအိမ်ထောင်ထဲကို ကိုယ့်ဆန္ဒနဲ့ကို ရောက်လာတာမှ မဟုတ်တာ၊အဲ့တော့ ထွက်သွားချင်တာပေါ့]
ကုရှီချန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူ ပြန်ဖြေလိုက်တော့၏။
“ဒီအပတ်စနေနေ့က ရှောင်စဲ့ရဲ့ မွေးနေ့ပဲ။ သူ့မွေးနေ့ပွဲ ကျင်းပပေးပြီးမှပဲ စာရွက်စာတမ်းကိစ္စ သွားလုပ်ကြတာပေါ့”
ယဲ့ယီသည် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီအပတ်စနေက ရှောင်စဲ့မွေးနေ့လား..ရှင် ဘာလို့ ကျွန်မကို အခုမှ ပြောတာလဲ၊ ဒီနေ့တောင် ဗုဒ္ဓဟူးနေ့ ရောက်နေပြီ၊ လက်ဆောင် ပြင်ဆင်ဖို့ ရက်နည်းနည်းပဲ ကျန်တော့တာကို”
“မင်းသာ သူ့ဘေးမှာ ရှိနေပေးရင် သူ တော်တော်လေး ပျော်နေမှာပါ”
“ကျွန်မ ရှောင်စဲ့အတွက် သင့်တော်တဲ့ လက်ဆောင်တစ်ခု သွားရွေးရမယ်။ အမူးပြေဟင်းရည်ကို ပူတုန်းလေး သောက်လိုက်ဦး၊ ကျွန်မ သွားတော့မယ်”
ထိုသို့ ပြောပြီးနောက် ယဲ့ယီ စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။
ယဲ့ယီ၏ ကျောပြင်ကို ကြည့်ရင်း ကုရှီချန်း တိုးတိုးလေး ရေရွတ်လိုက်မိလေ၏။
“ယဲ့ယီ ဘယ်ဟာက မင်းပုံစံ အစစ်လဲ”
ရုပ်ရှင်ပြသပြီး နှစ်ရက်အကြာတွင် လန်ရွှယ်၏ ရုပ်ရှင်မှာ ယဲ့ယီ ရုပ်ရှင်ကြောင့် အစစအရာရာ အရှုံးပေးလိုက်ရတော့သည်။
အမှန်အားဖြင့် လန်ရွှယ်ဘက်မှ သရုပ်ဆောင်အဖွဲ့တွင် ဒုတိယမင်းသား၏ သရုပ်ဆောင်မှုမှာ အဆင့်မမီလျှင်ပင် အခြားသရုပ်ဆောင်များက ဝိုင်းဝန်းပံ့ပိုးပေးနိုင်ခဲ့ပြီး ဇာတ်လမ်းမှာလည်း ယဲ့ယီ ရုပ်ရှင်ထက် မနိမ့်ကျလှပေ။
သို့သော်လည်း လန်ရွှယ်ဘက်မှ ရုပ်ရှင်ရိုက်ကူးရေးသည် ယဲ့ယီထက် နှေးကွေးနေခဲ့သည်။ ထိုသို့ဖြစ်ပါလျက်နှင့် ယဲ့ယီ၏ အောင်ပွဲခံစားသောက်ပွဲနှင့် အချိန်ကိုက်စေရန်အတွက် လန်ရွှယ်သည် ဒါရိုက်တာကို ဇာတ်ကွက်အများအပြား ဖြတ်တောက်ခိုင်းခဲ့ရာ ရုပ်ရှင်၏ အဆုံးသတ်မှာ အလွန်အမင်း စုတ်ပြတ်သတ်သွားရတော့၏။
အင်တာနက် စာမျက်နှာထက်တွင် ဝေဖန်မှုများ ပြည့်နှက်နေသည်။ အင်တာနက်အသုံးပြုသူများသည် ဤရုပ်ရှင်အပေါ် မျှော်လင့်ချက် မြင့်မားခဲ့ကြသဖြင့် အမှားအယွင်း အနည်းငယ်ကိုပင် ခွင့်မလွှတ်နိုင်ကြပေ။ ယခုကဲ့သို့ ဇာတ်သိမ်းခန်း ပျက်စီးသွားမှုကို ပို၍ပင် လက်မခံနိုင်ဘဲ ဖြစ်နေကြသည်။
ထို့အပြင် ဇာတ်ဝင်ခန်းများ ဖြတ်တောက်ခံလိုက်ရသော သရုပ်ဆောင်များ၏ ပရိသတ်များကလည်း ရှင်းပြချက်တောင်းဆိုနေကြပြီး လန်ရွှယ်လည်း ဖန်ထောင်ပေါင်းများစွာကို ဆုံးရှုံးလိုက်ရတော့သည်။
ပိုဆိုးသည်မှာ တုန်မင်ရွှမ်သည် ယဲ့ယီ၏ ကုမ္ပဏီသို့ ရောက်သွားခြင်း ဖြစ်၏။ လန်ရွှယ်တစ်ယောက် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမြဲ ဒေါသထွက်နေခဲ့ရသည်။
လန်ရွှယ် အနေဖြင့် အသိအမှတ် မပြုချင်သော်လည်း သူမသည် ယဲ့ယီကို နောက်တစ်ကြိမ် ထပ်မံရှုံးနိမ့်သွားခဲ့ပြန်လေပြီ။
ပိုဆိုးသည်မှာ ချန်ထျန်မင်းသည် အလုပ်ခရီးမှ ပြန်ရောက်လာခြင်း ဖြစ်၏။
ရုပ်ရှင်၏ ဝင်ငွေမှာ ယဲ့ယီ၏ ရုပ်ရှင်အောက် ရောက်သွားကြောင်း သိလိုက်ရပြီးနောက် ချန်ထျန်မင်းသည် လန်ရွှယ်ကို မျက်နှာသာ မပေးတော့ဘဲ ကုမ္ပဏီမှာပင် နေတော့သည်။
တစ်နေ့တွင် အိမ်ပြန်လေ့မရှိသော ချန်ထျန်မင်းတစ်ယောက် ကုမ္ပဏီမှ အိမ်သို့ ထမင်းပြန်စားရန် ရောက်လာခဲ့ရာ လန်ရွှယ်မှာ သူ့အတွက် ဟင်းမျိုးစုံကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးခဲ့၏။ သို့သော် လန်ရွှယ် မည်သို့ပင် ဖျောင်းဖျစေကာမူ ချန်ထျန်မင်းသည် သူမအပေါ် လျစ်လျူရှုထားဆဲ ဖြစ်၏။ လန်ရွှယ်မှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားရတော့သည်။
ထိုအချိန်တွင် သူမသည် ငါးတစ်တုံးကို ယူစားလိုက်မိရာမှ ရုတ်တရက် ပျို့တက်လာခဲ့သည်။
လန်ရွှယ်သည် တူကို အမြန်ချလိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးသွားတော့သည်။ ခဏ အန်ပြီးနောက် သူမသည် တစ်ခုခုကို သတိရသွားကာ အမြန်ပင် တွက်ချက်ကြည့်လိုက်ရာ အမှန်တကယ်ပင် သူမ၏ ရာသီသွေးမှာ တစ်လနီးပါး နောက်ကျနေခဲ့သည်။
သူမ၏ ဝမ်းဗိုက်ကို ကြည့်ရင်း လန်ရွှယ်သည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။
ချန်ထျန်မင်း၏ နှလုံးသားကို မည်သို့ပြန်လည် သိမ်းပိုက်ရမည်ကို သူမ စိုးရိမ်နေခဲ့ရာ ယခုအခါမှာတော့ အခွင့်အရေး ရှိခဲ့ပြီ မဟုတ်လော။
လန်ရွှယ် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ချန်ထျန်မင်းသည် ကုမ္ပဏီသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် လန်ရွှယ်သည် စိတ်မဆိုးတော့ဘဲ ပြင်ဆင်ကာ ကားဆရာကို အစိုးရဆေးရုံတစ်ခုသို့ မောင်းခိုင်းလိုက်သည်။
ချန်မိသားစုတွင် ကိုယ်ပိုင်ဆရာဝန်များ ရှိသော်လည်း လန်ရွှယ် လိုချင်သည်မှာ သူမ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အင်တာနက်အသုံးပြုသူများကို သိရှိသွားစေချင်သည်။
လန်ရွှယ်၏ အယူအဆအရ ကျားပင်လျှင် မိမိ၏ရင်သွေးကို ပြန်မစားကြောင်း ယုံကြည်ထားသော်လည်း ချန်ထျန်မင်းသည် ဤကလေးကို မွေးခွင့် ပေးမပေးကိုမူ သူမ အသေအချာ မသိိပေ။
ထို့ကြောင့် သူမသည် လူထု၏ ထင်မြင်ယူဆချက် အင်အားကို အသုံးပြုရမည် ဖြစ်သည်။ အင်တာနက်အသုံးပြုသူများသာ သူမ ကိုယ်ဝန်ရှိနေကြောင်း သိသွားခဲ့ပါက ချန်ထျန်မင်းသည် ကလေးကို မလိုချင်လျှင်ပင် လက်ခံရပေတော့မည်။
မည်သို့ပင်ဖြစ်စေ သူမတွင် အမှန်တကယ် ကိုယ်ဝန်ရှိမရှိ အတည်ပြုရမည် ဖြစ်သည်။
ဆေးရုံသို့ ရောက်သောအခါ လန်ရွှယ်သည် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရလဒ်ထွက်လာသောအခါ သူမတွင် အမှန်တကယ် ကိုယ်ဝန်ရှိနေခဲ့၏။
လန်ရွှယ်သည် ဆေးစစ်ချက် အစီရင်ခံစာကို လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။
“ကလေးလေး၊ မင်း တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ”
ဆေးရုံမှ ပြန်ထွက်လာချိန်တွင် လန်ရွှယ်သည် သတင်းထောက်များ မှတ်မိစေရန်အတွက် သူမ၏ နှာခေါင်းစည်းကို အမှတ်မထင် အောက်သို့ အနည်းငယ် ဆွဲချလိုက်သည်။ သူမ ပြန်ရောက်ပြီးနောက် ထိုညနေမှာပင် သတင်းထောက်များသည် သားဖွားမီးယပ်ဌာနသို့ သွားခဲ့သည့် သူမ ဓာတ်ပုံများကို ဖော်ထုတ်လိုက်တော့၏။
အင်တာနက်အသုံးပြုသူများစွာက သူမ ကိုယ်ဝန်ရှိနေသလားဟု စတင် ခန့်မှန်းကြတော့သည်။
ထိုညတွင် ချန်ထျန်မင်းလည်း ပြန်ရောက်လာ၏။သူ ပြန်ရောက်လာပြီးနောက် လန်ရွှယ်ကို စာကြည့်ခန်းသို့ ချက်ချင်း ခေါ်လိုက်သည်။
“ဒီနေ့ ဆေးရုံမှာ ဘာသွားလုပ်တာလဲ”
ချန်ထျန်မင်းသည် မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။ လန်ရွှယ်သည် အွန်လိုင်းမှ အခြေအနေများကို ယခုလေးတင်မှ သိလိုက်ရသည့် ပုံစံမျိုးဖြင့် သနားစဖွယ် ပြောလိုက်၏။
“ဒီနေ့ ကျွန်မ နေလို့မကောင်းတာနဲ့ ဆေးရုံသွားပြတာပါ၊ သတင်းထောက်တွေက ဘယ်လိုလုပ်ပြီး ဓာတ်ပုံရိုက်သွားလဲ မသိဘူး”
“ဘယ်နားက နေမကောင်းတာလဲ”
လန်ရွှယ်သည် ဆေးစစ်ချက်ကို ချန်ထျန်မင်းထံ ပေးလိုက်ပြီး သူ၏ မျက်နှာအမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
“မင်းမှာ ကိုယ်ဝန်ရှိနေတာလား”
ဆေးစစ်ချက်ကို ဖတ်ကြည့်ပြီးနောက် ချန်ထျန်မင်း မေးလိုက်လေ၏။
ချန်ထျန်မင်း၏ တုံ့ပြန်မှုကို မြင်ရသောအခါ လန်ရွှယ်သည် ယနေ့ သူမ လုပ်ခဲ့သော အပြုအမူမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း သိလိုက်ရတော့သည်။အကယ်၍ သူမသာ ဤကိစ္စကို လူသိရှင်ကြား မလုပ်ခဲ့ပါက ချန်ထျန်မင်းသည် ဤကလေးကို ဘယ်သောအခါမှ မွေးခွင့်ပေးမည် မဟုတ်ပေ။
လန်ရွှယ်သည် မျက်ရည်နှစ်စက်ကို ညှစ်ထုတ်လိုက်ပြီး ချန်ထျန်မင်းကို အလွန်ဝမ်းနည်းသည့်ပုံစံလေးဖြင့် ကြည့်လိုက်လေ၏။
“ကျွန်မမှာ ကိုယ်ဝန်ရှိနေတာလေ ယောကျ်ားရယ်... ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ ဒါမှမဟုတ် ရှင်က ဒီကလေးကို မမွေးစေချင်တာလား”