အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉)
ကိုယ်ဝန်ရှိခြင်း
“ဒီကလေးက ငါ့ကလေးဆိုတာ သေချာလား”
ချန်ထျန်မင်း စကားကို ကြားလိုက်ရချိန်တွင် လန်ရွှယ် ကြောင်အ သွားရလေ၏။ ထို့နောက် သူ့ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်နေမိသည်။
သို့သော် ချန်ထျန်မင်းသည် အလွန်ပင် တည်ငြိမ်လေးနက်နေပြီး သူ့မျက်ဝန်းများထဲတွင် လန်ရွှယ်အပေါ် မယုံသင်္ကာဖြစ်မှုများဖြင့် ပြည့်နှက်နေလေသည်။
“ယောကျ်ားရယ် ရှင် ကျွန်မအပေါ် ဘယ်လိုများ ဒီလိုမျိုး တွေးနိုင်ရတာလဲ။ ကျွန်မ ရှင့်အပေါ် သစ္စာဖောက်မဲ့အလုပ်မျိုး ဘယ်လိုလုပ်ပြီး လုပ်ပါ့မလဲ၊ တကယ်လို့ ရှင်မယုံဘူးဆိုရင်လည်း ကလေးနည်းနည်းကြီးလာတဲ့အခါ ရေမြွှာရည်စစ်ပြီး စစ်ဆေးကြည့်လို့ ရတာပဲ”
လန်ရွှယ်သည် မျက်ရည်များကို သုတ်ရင်း ချန်ထျန်မင်းကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။
အတိတ်တုန်းက သူမ အမျိုးသားအချို့နှင့် ပတ်သက်မှုအချို့ ရှိခဲ့ဖူး၏။ သို့သော်လည်း ချန်ထျန်မင်းအပေါ် သစ္စာဖောက်သည့် အပြုအမူမျိုးကိုတော့ တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။
လန်ရွှယ် လေသံမှာ အလွန်ခိုင်မာနေသည်ကို မြင်သောအခါ ချန်ထျန်မင်းသည် သူမကို အတော်အတန် ယုံကြည်သွားလေ၏။သို့သော်လည်း စိတ်ထဲတွင်မူ မပျော်ရွှင်နိုင်သေးပေ။
“ငါတို့အိမ်မှာ ဆရာဝန်မရှိတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဆေးရုံအထိ သွားရတာလဲ”
ချန်ထျန်မင်းသည် လန်ရွှယ်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လန်ရွှယ် တမင်တကာ ပြဿနာရှာရန် ကြံစည်နေသည်ဟု သူ သံသယဝင်နေ၏။
လန်ရွှယ်လည်း ချန်ထျန်မင်း ဘာတွေးနေသည်ကို အလိုလို ရိပ်မိလိုက်သည်။ ကံကောင်းထောက်မစွာ သူမတွင် ဆင်ခြေတစ်ခု အသင့်ရှိပြီးသား ဖြစ်နေ၏။
“ဆရာဝန်ချန်ရဲ့ အမေက နေမကောင်းဖြစ်လို့လေ။ အဲဒါကြောင့် မနေ့ညက သူ့အမေကို ပြုစုဖို့ သူ့ကို ခွင့်ပေးလိုက်တာပါ”
တကယ်တမ်းတွင် ထိုသို့သော ဖျားနာမှုမျိုး မရှိခဲ့ပေ။သို့သော်လည်း လန်ရွှယ်သည် မနေ့က မိသားစုဆရာဝန်ကို ခွင့်တစ်ရက် ပေးခဲ့သည်။ ချန်ထျန်မင်း၏ စရိုက်အရ ဤကိစ္စကို သူ လိုက်လံစုံစမ်းနေမည် မဟုတ်ပေ။
ချန်ထျန်မင်း စိတ်တိုတိုဖြင့် ရေရွတ်လိုက်သည်။
“ဒီကလေးက ဘယ်တုန်းက ရသွားတာလဲ။ ငါတို့ အမြဲတမ်း အကာအကွယ်သုံးခဲ့ကြတာ မဟုတ်ဘူးလား”
လန်ရွှယ်သည် ဤမေးခွန်းများအတွက် အဖြေကိုလည်း စဉ်းစားထားပြီးသား ဖြစ်၏။
“ဟိုတစ်ခေါက်ကလေ ရှင်ကိုယ်တိုင်ပဲ သဘောတူခဲ့တာလေ”
လန်ရွှယ်၏ သတိပေးချက်ကြောင့် ချန်ထျန်မင်း သတိရသွားတော့သည်။ သူမပြောသော ဟိုတစ်ခေါက်ဆိုသည်မှာ သူမနှင့် သွမ့်ဟွေကျိုတို့၏ ကိစ္စမပေါက်ကြားခင် တစ်ညက ဖြစ်လေသည်။ ထိုနေ့က သူအရက်အနည်းငယ် သောက်ထားမိသဖြင့် ဝေဝေဝါးဝါးနှင့်ပင် လန်ရွှယ်ပြောသမျှကို သဘောတူမိခဲ့ခြင်း ဖြစ်လေ၏။
ချန်ထျန်မင်းမှာ ယခုအခါတွင် နောင်တများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် ချန်ဟောင်ယု၏ အဘိုးအဘွားများကို မည်သို့ ရှင်းပြရမည်နည်း။ ချန်ဟောင်ယု၏ မိခင် မကွယ်လွန်မီက ချန်ထျန်မင်းသည် လူကြီးနှစ်ဦးရှေ့တွင် သူတစ်သက်၌ ချန်ဟောင်ယုတစ်ဦးတည်းကိုသာ သားသမီးအဖြစ် ထားရှိပါမည်ဟု ကျိန်ဆိုခဲ့ဖူး၏။
ချန်ထျန်မင်းသည် လန်ရွှယ်၏ ဝမ်းဗိုက်ကို ဖော်မပြတတ်နိုင်သော ခံစားချက်မျိုးဖြင့် ကြည့်လိုက်မိသည်။
လန်ရွှယ်သည် သူမ ဗိုက်အပေါ် စိုက်ကြည့်နေသော ချန်ထျန်မင်း၏ အကြည့်များကို သတိပြုမိလိုက်သည်။ သူသည် ထိုအချိန်တွင် မကောင်းသော အရာတစ်ခုခုကို တွေးနေသည်မှာ သိသာလှသဖြင့် သူမ လက်ဖြင့် ဗိုက်ကို အမြန်ဖုံးလိုက်တော့သည်။
“ယောကျ်ား... ကျွန်မတို့ ကလေးကို ရှင် ဘာလုပ်ချင်လို့လဲ”
ချန်ထျန်မင်းမှာ ခဏတာ ဘာပြောရမှန်းမသိ ဖြစ်သွားလေ၏။ ထို့နောက် သက်ပြင်းအရှည်ကြီးကိုသာ ချလိုက်မိတော့သည်။
ယခင်ကကိစ္စများနှင့် ပတ်သက်၍ လန်ရွှယ်အပေါ် သူ ဒေါသထွက်နေဆဲ ဖြစ်သော်လည်း ထိုကဲ့သို့ သော အသေးအဖွဲ ကိစ္စများကို ဆက်လက် အာရုံစိုက်မနေနိုင်တော့ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဤအခြေအနေကို မည်သို့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည့် အချက်ပင် ဖြစ်၏။
လန်ရွှယ်သည် ရှေ့တိုးကာ ချန်ထျန်မင်း၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလေ၏။
“ယောကျ်ား... ရှင် ဘာကို စိုးရိမ်နေလဲဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ဒီကလေးက လူ့လောကထဲကို ရောက်လာပြီလေ။ ကလေးက ကမ္ဘာကြီးကိုတောင် မမြင်ရသေးခင်မှာပဲ သူ့ကို စွန့်ပစ်ဖို့ ရှင် တကယ်ပဲ ရက်စက်နိုင်လို့လား၊ စိတ်မပူပါနဲ့... မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်၊ သူတို့တွေက ကုမ္ပဏီအတွက် ဟောင်ယုနဲ့ ပြိုင်မှာ မဟုတ်ပါဘူး။ ကျွန်မက ကျွန်မတို့နှစ်ယောက်မွေးတဲ့ ကလေးလေး တစ်ယောက်လောက်ပဲ လိုချင်တာပါ”
ချန်ထျန်မင်း လန်ရွှယ်ကို ကြည့်ကာ အလေးအနက် မေးလိုက်သည်။
“ကလေးမွေးလာပြီးရင် မင်း ဘက်လိုက်မှု မရှိဘူးဆိုတာ သေချာလား”
“ယောကျ်ားရယ်... စိတ်ချပါ။ ကျွန်မက ဟောင်ယုကို ကျွန်မရဲ့ ကိုယ်ပိုင်ကလေးလိုပဲ အမြဲတမ်း ဆက်ဆံခဲ့တာပါ၊ ကျွန်မဗိုက်ထဲက ကလေးမွေးလာရင်တောင် ကျွန်မ ဘက်လိုက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ လက်ထပ်တည်းက ဟောင်ယုအပေါ် ကျွန်မ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ရှင် သိသားပဲ”
ချန်ထျန်မင်း၏ရှေ့တွင်မူ လန်ရွှယ်သည် ချန်ဟောင်ယုအပေါ် အမှန်တကယ်ပင် ကောင်းမွန်ခဲ့၏။ အထူးသဖြင့် ဤရသစုံအစီအစဉ်တွင် သူမ ဟောင်ယုအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့သည်ကို ချန်ထျန်မင်း မြင်တွေ့ခဲ့ရသည်။
သို့သော် ကလေးမွေးလာပြီးနောက်တွင် လန်ရွှယ် သူမ၏ ကိုယ်ပိုင်ရင်သွေးကိုသာ ပို၍မျက်နှာသာပေးမည်ကို သူ စိုးရိမ်နေမိသည်။
“ကလေးမွေးလာရင် သူ့အတွက် ပိုင်ဆိုင်မှု အချို့ကို ငါ ဖယ်ထားပေးမယ်၊၊ ဒါပေမဲ့ သူတို့နဲ့ မဆိုင်တဲ့အရာတွေအပေါ် မင်း ဘာအကြံအစည်မှ မရှိဖို့ ငါ မျှော်လင့်တယ်”
လန်ရွှယ်သည် စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်မိသည်။ ချန်ထျန်မင်းသည် ပိုင်ဆိုင်မှုအားလုံးကို ချန်ဟောင်ယုအား ပေးချင်နေသည်မှာ သိသာလွနိးသည်။
လန်ရွှယ် ချန်ထျန်မင်းကို ပြုံးပြလိုက်သည်။
“စိတ်ချပါ၊ ကလေးမွေးလာရင် သူတို့ ဘာမှ စိတ်ပူစရာမရှိဘဲ နေနိုင်ဖို့ပဲ ကျွန်မ တောင်းဆိုတာပါ”
လန်ရွှယ်၏ စကားများမှာ အလွန်ပင် ရိုးသားဟန်ပေါက်သည်။ သို့သော် သူမ အမှန်တကယ် ဘာတွေးနေသည်ကိုမူ သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
လန်ရွှယ် ပြောသည်မှာ မှန် မမှန်ကို ချန်ထျန်မင်း စဉ်းစားမနေတော့ပေ။ ကိစ္စက လူသိရှင်ကြား ဖြစ်သွားပြီဖြစ်သဖြင့် ဤကလေးကို မွေးရပေတော့မည်။
“မင်း ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို လောလောဆယ် ဟောင်ယုကို မသိစေနဲ့ဦး၊ မဟုတ်ရင် သူ စိတ်ဒဏ်ရာ ရသွားမှာကို ငါ စိုးရိမ်တယ်”
ချန်ထျန်မင်း က လန်ရွှယ်ကို မှာကြားလိုက်သည်။
“ကျွန်မ နားလည်ပါတယ်”
လန်ရွှယ်သည် နာခံမှုရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ချန်ထျန်မင်း မမြင်နိုင်သော နေရာတွင်မူ သူမသည် ဆိုးသွမ်းစွာ ပြုံးလိုက်မိသည်။ ချန်ဟောင်ယုကို သူမ အဘယ့်ကြောင့် ပေးမသိရမည်နည်း။ သို့သော် ဤသတင်းကို သူမ ပါးစပ်မှ ထုတ်ပြော၍ မဖြစ်ချေ။
ယနေ့ညတွင် ချန်ထျန်မင်းသည် အိမ်တွင် အိပ်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့် ကိစ္စများမှာ လုံးဝ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း လန်ရွှယ် သိလိုက်သည်။
ထမင်းစားနေစဉ်တွင် ချန်ထျန်မင်းသည် ချန်ဟောင်ယု၏ ပန်းကန်ထဲသို့ ဟင်းများ ခဏခဏ ထည့်ပေးနေသည့်အပြင် ပိတ်ရက်တွင်လည်း ကစားကွင်းသို့ လိုက်ပို့မည်ဟု ကတိပေးခဲ့သေးသည်။
လန်ရွှယ် ကိုယ်ဝန်ရှိသွားခြင်းကြောင့် သူသည် ချန်ဟောင်ယု၏ မိခင်အပေါ် သစ္စာဖောက်မိသကဲ့သို့ ခံစားနေရသဖြင့် ဟောင်ယုကို ပြန်လည်အစားထိုး ယုယပေးချင်နေခြင်း ဖြစ်ကြောင်း လန်ရွှယ် နားလည်လိုက်သည်။
သို့ဖြစ်ရာ လန်ရွှယ်လည်း သရုပ်ဆောင်ပြရန် လိုအပ်လေပြီ။ သူမသည် ချန်ဟောင်ယုအတွက် အရုပ်များစွာကို ဝယ်ပေးလိုက်သည်။
အရုပ်ပေးလျှင် ဘယ်သူ့ကိုမဆို အမေလို့ ခေါ်မည့် အမျိုးအစားဖြစ်သော ချန်ဟောင်ယုသည် လန်ရွှယ်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး သူမကို မေမေဟုပင် ထူးထူးဆန်းဆန်း ခေါ်လိုက်သေး၏။
သူတို့နှစ်ဦး သဟဇာတ ရှိနေသည်ကို မြင်ရသောအခါ ချန်ထျန်မင်းသည် လန်ရွှယ်၏ စကားများကို နောက်ထပ် ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်သွားတော့သည်။
ထိုညမှာပင် လျုံရုံ လန်ရွှယ်ထံသို့ ဖုန်းဆက်လာခဲ့၏။
“ဒီနေ့ သတင်းထောက်တွေက မင်း ဆေးရုံသွားတာကို မိသွားတယ်ဆို၊၊အဲဒီမှာ ဘာသွားလုပ်တာလဲ”
လန်ရွှယ် ပေါ့ပါးသော လေသံဖြင့် ဆိုလိုက်သည်။
“ကျွန်မ ကိုယ်ဝန်ရှိနေပြီလေ။ ခဏနေရင် လိုင်းပေါ် အဲ့အကြောင်း သွားတင်လိုက်တော့”
လန်ရွှယ်၏ စကားကို ကြားပြီးနောက် လျုံရုံမှာ မယုံကြည်နိုင်သလိုဖြင့် မေးလေ၏။
“ဥက္ကဌချန်က သူ နောက်ထပ် သားသမီး ထပ်မယူတော့ဘူးလို့ ပြောထားတာ မဟုတ်လား”
လန်ရွှယ် ပို၍ပင် ဘဝင်မြင့်သွားတော့သည်။
“ကျွန်မမှာ ကိုယ့်နည်းကိုယ့်ဟန် ရှိတယ်လေ။ ရှင်က ပရိသတ်အချို့ကို အသိပေးလိုက်ဖို့ပဲ လိုတယ်”
ထို့နောက် ခဏ ရပ်လိုက်ပြီးမှ ဆက်ပြောလေသည်။
“ဟုတ်သားပဲ ... ဒါကို ကြော်ငြာပေးဖို့ မားကတ်တင်း အကောင့်အချို့ကိုလည်း ရှာလိုက်ဦး၊ ပြီးတော့ တစ်ခါတည်း ယဲ့ယီကိုပါ ဆွဲထည့်လိုက်”
“ကောင်းပြီ၊ မင်းကတော့ တကယ်ပါပဲ။ ဟိုတုန်းက အစီအစဉ်မှာ ဥက္ကဌချန်က သားသမီး တစ်ယောက်ပဲ ယူမယ်လို့ ပြောခဲ့တာ၊ ဟော ခုကျတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းက ကိုယ်ဝန် ရသွားပြီ”
လျုံရုံ လန်ရွှယ်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ လက်တွေ့တွင်လည်း သူဌေးအသိုင်းအဝိုင်းထဲသို့ လက်ထပ်ဝင်ရောက်နိုင်ရန် နည်းဗျူဟာအချို့ လိုအပ်သည် မဟုတ်လော။
ယခင်က သွမ့်ဟွေကျိုနှင့် ကိစ္စကြောင့် ချန်ထျန်မင်း သည် လန်ရွှယ်အား စွန့်ပစ်သွားမည်ကို လျုံရုံ စိုးရိမ်ခဲ့ဖူး၏။ လန်ရွှယ်သည် အခြားသော သူဌေးကတော်များကဲ့သို့ ကျောထောက်နောက်ခံပြုပေးမည့် အင်အားကြီးသော မိသားစု နောက်ခံလည်းမရှိသလို၊ သားသမီးလည်း မရှိခဲ့ပေ။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် လန်ရွှယ် ကိုယ်ဝန်ရှိသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ လန်ရွှယ် ဆေးရုံတွင် သတင်းထောက်များ၏ လက်ချက်မိသွားခြင်းမှာ သူမ ကိုယ်တိုင် တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လျုံရုံ ယခုမှ ရိပ်မိသွားတော့၏။
လျုံရုံသည်ပင် စတင်ကြောက်ရွံ့လာသည်။ ဤမိန်းမ၏ အကြံအစည်မှာ အလွန်ပင် နက်နဲလွန်းလှသည်။ မန်ရှင်းလည်း သူမကြောင့် ဘဝပျက်သွားခဲ့ရသလို၊ ယဲ့ယီရော မည်မျှအထိ ခံနိုင်ရည်ရှိမည်ကို သူမ တွေးတောနေမိသည်။
လျုံရုံသည် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ မေးလိုက်၏။
“ဒါဆို နောက်လမှာ ရိုက်မဲ့ မင်းရဲ့ ဒရာမာကရော ဘယ်လိုလုပ်မလဲ၊၊ အဲဒီဒရာမာက ဆုရဖို့ အခွင့်အရေး တော်တော်များတာနော်”
လန်ရွှယ်သည်လည်း ထိုဒရာမာကို အလွန်ပင် စိတ်ဝင်စားသော်လည်း ယခုအချိန်တွင် ချန်ကတော်အဖြစ် သူမ၏ အဆင့်အတန်းကို ထိန်းသိမ်းရန်မှာ အရေးကြီးဆုံး ဖြစ်နေသည်။
“အခုတော့ အဲဒီမှာ ကျွန်မ သရုပ်ဆောင်လို့ မဖြစ်တော့ဘူး။ ကုမ္ပဏီက အနုပညာရှင်တွေကို သွားပြီး ရွေးခိုင်းလိုက်၊ သူတို့ ဒီဇာတ်ကောင်ကို ရအောင် ယူရမယ်။ ဘယ်သူပဲ ဒီဇာတ်ကောင်ကို ရရ၊ ကျွန်မ လက်ထဲမှာ ရှိနေတဲ့ ဒရာမာတွေမှာ သရုပ်ဆောင်ခွင့် ပေးမယ်”
လျုံရုံ အနည်းငယ် အံ့အားသင့်သွားလေ၏။
“မင်းက တကယ်ပဲ အဲဒါတွေကို ပေးတော့မှာလား”
ဖျော်ဖြေရေးလောကတွင် မည်သူက မိမိ၏ အခွင့်အလမ်းများကို အခြားသူများထံ ပေးချင်မည်နည်း။
လန်ရွှယ် မထီမဲ့မြင် ပြန်ပြောလိုက်လေသည်။
“သူတို့က ကျွန်မအတွက် အလုပ်လုပ်ပေးနေကြတာပဲ။ သူတို့ ရှာတဲ့ပိုက်ဆံတွေက နောက်ဆုံးတော့ ကျွန်မဆီကိုပဲ ရောက်လာမှာပဲလေ။ စာချုပ်သက်တမ်း ရှည်တဲ့သူကိုပဲ ရှာဖို့ မမေ့နဲ့ဦး၊ သူများအတွက် အလကား အလုပ်လုပ်ပေးသလို မဖြစ်စေနဲ့”
လျုံရုံလည်း ထိုအချက်ကို လက်ခံလိုက်ကာ လန်ရွှယ်နှင့် အခြားကိစ္စအချို့ကို ဆွေးနွေးပြီးနောက် ဖုန်းချလိုက်တော့သည်။
အခန်း (၁၂၀)
မွေးနေ့ဂုဏ်ပြုပွဲ
ရုပ်ရှင်နှစ်ကားလုံး စတင်ပြသပြီးနောက် သုံးရက်အကြာတွင် လန်ရွှယ်၏ရုပ်ရှင်ဝင်ငွေမှာ ယဲ့ယီ၏ရုပ်ရှင်ဝင်ငွေအောက်သို့ ကျရောက်သွားခဲ့ရပြီး နှစ်ဖက်စလုံးမှ ပရိသတ်များကလည်း အင်တာနက်ပေါ်တွင် အပြင်းအထန် အငြင်းပွားနေကြတော့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် လန်ရွှယ် ရှုံးနိမ့်သွားသည်မှာ ထင်ရှားလှသည်။ ယဲ့ယီ၏ ရုပ်ရှင်ထဲမှ သရုပ်ဆောင်မှုက သူမအတွက် ပရိသတ်အင်အား အမြောက်အမြားကို ရရှိစေ၏။ သူမ သရုပ်ဆောင်မှု အားနည်းနေစဉ်ကပင် သူမ ရုပ်ရည်ကြောင့် ပရိသတ်အတော်အတန် ရှိခဲ့ပြီးဖြစ်ရာ ယခုအခါ စစ်မှန်သော ပါရမီကိုပါ ပြသနိုင်ခဲ့သဖြင့် သူမ၏ ပရိသတ်အုပ်စုကြီးမှာ မျဉ်းဖြောင့်အတိုင်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
သို့သော် လန်ရွှယ် ကိုယ်ဝန်ရှိနေသည့် သတင်းပေါက်ကြားပြီးနောက်တွင် မားကတ်တင်းအကောင့်များက ယဲ့ယီနှင့် လန်ရွှယ်ကို နောက်တစ်ကြိမ် ထပ်မံနှိုင်းယှဉ်လာကြပြန်၏။
ကုရှီချန်းသည် ယဲ့ယီကို တကယ်မချစ်ပါဟူသော အဓိပ္ပာယ်ကို နည်းမျိုးစုံဖြင့် သွယ်ဝိုက်ညွှန်းဆိုနေကြတော့သည်။
အဆုံးတွင် ချန်ထျန်မင်းသည် အရင်က လူအများရှေ့တွင် သားသမီး ထပ်မယူတော့ပါဘူးဟု ပြောဆိုခဲ့သော်လည်း နောက်ဆုံးတွင် လန်ရွှယ်ကို ကိုယ်ဝန်ရအောင် လုပ်ပေးခဲ့လေ၏။ တစ်ဖက်တွင်မူ ကုရှီချန်းသည် အစီအစဉ်တွင် ယဲ့ယီအပေါ် အလွန်ကောင်းမွန်ခဲ့သော်လည်း ယဲ့ယီမှာမူ ယခုထိ ကိုယ်ဝန်မရသေးပေ။
ထို့ကြောင့် လူအချို့က ယဲ့ယီကို ကိုယ်ဝန်မရစေချင်သူမှာ ကုရှီချန်းကိုယ်တိုင် ဖြစ်လိမ့်မည်ဟု သံသယဝင်လာကြသည်။
ယဲ့ယီမှာမူ အင်တာနက်ပေါ်မှ ထိုကိစ္စများနှင့် ပတ်သက်၍ ကူကယ်ရာမဲ့စွာ ခံစားနေရရှာသည်။
သူမနှင့် ကုရှီချန်းကြားတွင် ဘာမှပင် မဖြစ်ခဲ့လျက်နှင့် ကိုယ်ဝန်ရလာမည်ဆိုလျှင် ထိုအရာသည် တကယ်ပင် သရဲဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။
အင်တာနက်အသုံးပြုသူများသည် အတော်လေး အားယားနေကြသည်ဟု ယဲ့ယီ ခံစားနေရ၏။
‘သရုပ်ဆောင်တာကို နှိုင်းယှဉ်တာထားပါတော့။ အခုတော့ ဘာလို့ ကလေးကိစ္စကိုပါ လာနှိုင်းနေကြတာတုန်း’
သို့သော် ယဲ့ယီတွင် ထိုကိစ္စများကို စိတ်ပူနေရန် အချိန်မရှိပေ။ မနက်ဖြန်မှာ စနေနေ့ ဖြစ်သဖြင့် သူမ ကုစဲ့အတွက် မွေးနေ့လက်ဆောင်တစ်ခု ပြင်ဆင်ရဦးပေမည်။
ယဲ့ယီသည် ကုစဲ့ကို ရင်ထဲမှ အမှန်တကယ် ချစ်မြတ်နိုးသည်။ ထို့အပြင် မူလပိုင်ရှင်သည် ကုစဲ့အပေါ် မှားယွင်းသော အရာများစွာ လုပ်ဆောင်ခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် သူမသည် မွေးနေ့လက်ဆောင်ကို သေသေချာချာ ရွေးချယ်ရပေမည်။
သို့သော် သူမ ဘာပေးလျှင် သင့်တော်မည်ကို အချိန်အတော်ကြာ မသိဖြစ်နေရသဖြင့် နောက်ဆုံးတွင် အကြံဉာဏ်တောင်းရန် နန်ချင်ဝမ်ဆီ ရောက်သွားလေတော့၏။
“တကယ်တော့ ကလေးတစ်ယောက်အတွက်ကတော့ အရုပ်လေးတစ်ရုပ် ပေးလိုက်ရင်ကို အဆင်ပြေပါတယ်”
နန်ချင်ဝမ် ယဲ့ယီကို ပြုံးလျက် ပြောလိုက်သည်။
ယဲ့ယီ သက်ပြင်းရှည်ကြီးကို ချလိုက်တော့၏။
“အစ်မရယ် ကုစဲ့က အရုပ်တွေနဲ့ ဆော့ရတာကို ကြိုက်မယ် ထင်လို့လား”
နန်ချင်ဝမ် တိတ်ဆိတ်သွားတော့၏။ အမှန်ပင် ဤကလေး ကုစဲ့သည် အသက်နှင့်မလိုက်အောင် ရင့်ကျက်လွန်းလှပေသည်။
“ဒါဆိုရင် ညီမကိုယ်တိုင်ပဲ လက်ဆောင်တစ်ခုခု လုပ်ပေးလိုက်ပါလား ကိုယ်တိုင်လုပ်တဲ့ အရာတွေက ပိုပြီးတော့ အနှစ်သာရရှိတာပေါ့”
ယဲ့ယီ စဉ်းစားကြည့်သောအခါ နန်ချင်ဝမ် ပြောသည်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရ၏။ သို့သော် အဓိကမေးခွန်းမှာ သူမ ဘာလုပ်ပေးရမည်နည်း။
နန်ချင်ဝမ်သည် သူမ အရင်က သွားဖူးသော နေရာတစ်ခုကို ရုတ်တရက် သတိရသွားလေ၏။
“ရှောင်ယီ၊ သစ်သားလက်မှုထည်တွေ လုပ်လို့ရတဲ့ နေရာတစ်ခု အစ်မသိတယ်၊ အဲဒီကို သွားကြည့်ပါလား”
“ကောင်းပြီလေ”
ယဲ့ယီသည် နန်ချင်ဝမ်နောက်သို့လိုက်ကာ နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သော ဆိုင်ကလေး တစ်ဆိုင်သို့ ရောက်ရှိသွားလေတော့၏။
ဆိုင်ကလေးမှာ အတော်လေး ဟောင်းနွမ်းနေပုံရပြီး ဆိုင်ရှေ့တွင် သစ်သားဆိုင်းဘုတ်တစ်ခုပင် ချိတ်ဆွဲထားသေးသည်။
ဆိုင်လေးထဲသို့ ဝင်သွားချိန်တွင် ဝန်ထမ်းတစ်ယောက် အလျင်အမြန် ထွက်လာပြီး နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ၊ အစ်မတို့ ဘာများ ဝယ်ယူချင်ပါသလဲ”
“ကျွန်မတို့ ကိုယ်တိုင် လက်ဆောင်တစ်ခုခု လုပ်ချင်လို့ပါ”
နန်ချင်ဝမ်၏ တောင်းဆိုချက်ကို ကြားပြီးနောက် ဝန်ထမ်းသည် သူတို့ကို ဒုတိယထပ်သို့ ခေါ်သွား၏။
ထိုနေရာတွင် သစ်သားများနှင့် ကိရိယာတန်ဆာပလာများ ထားရှိသည့် အလုပ်ခုံအချို့ ရှိနေသည်။
“အစ်မတို့ ဘာလုပ်ချင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ လက်မှုဆရာကို ပြောပြလို့ရပါတယ်၊၊ သူတို့က ဘေးကနေ လမ်းညွှန်ပေးပါလိမ့်မယ်”
နန်ချင်ဝမ်နှင့် ယဲ့ယီတို့ အလုပ်ခုံတစ်ခုဆီသို့ လျှောက်သွားကြ၏။ စားပွဲပေါ်ရှိ သစ်သားပြားလေးများကို မြင်လိုက်ရချိန်တွင် ယဲ့ယီ သူမ ဘာလုပ်ချင်သည်ကို ရုတ်တရက် သိသွားတော့သည်။
ယခုကျန်ရှိနေသော အချိန်နှင့်ဆိုလျှင် အလွန်အမင်း လက်ရာမြောက်လှသော အရာမျိုးကို ဖန်တီးရန် မဖြစ်နိုင်သဖြင့် ရိုးရှင်းသော အရာတစ်ခုကိုသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ယဲ့ယီသည် ကုစဲ့၏ နာမည်ကို ထွင်းထုထားသော သစ်သားဆိုင်းဘုတ်ငယ်လေးတစ်ခု လုပ်ရန် စီစဉ်လိုက်လေ၏။ ၎င်းကို သော့ချိတ်ကလေးအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။
နန်ချင်ဝမ်လည်း သွမ့်ကျားကျားလေးအတွက် တစ်ခုခုလုပ်ရန် ပြင်ဆင်နေ၏။ သွမ့်ကျားကျား၏ မွေးနေ့ရောက်ဖို့လည်း လအနည်းငယ်သာ လိုတော့သည်။
နန်ချင်ဝမ် မမြင်နိုင်သော နေရာတွင် ယဲ့ယီသည် ခိုးပြီး ရယ်လိုက်မိ၏။ မသိသောသူမှာ ဤကလေးနှစ်ယောက် စုံတွဲ သော့ချိတ်လေး သုံးနေသည်ဟု ထင်မှတ်သွားနိုင်၏။
မိမိတို့ လုပ်မည့်အရာကို ဆုံးဖြတ်ပြီးနောက် ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် သူတို့ကို လမ်းညွှန်ပေးမည့် လက်မှုဆရာတစ်ဦးကို ရှာလိုက်ကြသည်။ ဆရာဖြစ်သူက သူတို့ကို ပုံစံတစ်ခု ရွေးချယ်ရန် ကူညီပေးခဲ့ရာ နှစ်ယောက်သားမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ပုံစံတူကို ရွေးချယ်မိသွားကြတော့သည်။
ယဲ့ယီ အလေးအနက် ပြောလိုက်လေ၏။
“အစ်မချင်ဝမ်၊ ကျွန်မတို့နှစ်ယောက်ကတော့ တကယ်ကို စိတ်ချင်း ထပ်နေတာပဲ”
နန်ချင်ဝမ် ပြုံးပြုံးလေးနှင့် ပြန်ပြောလိုက်သည်။
“ညီမက အစ်မရဲ့ ကံကောင်းခြင်းကြယ်ကလေးပဲလေ။ ညီမသာ မရှိရင် အစ်မ ဘယ်တော့မှ အဲဒီ ရွှံ့နွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”
နန်ချင်ဝမ်သည် ယဲ့ယီအပေါ် အမှန်တကယ်ပင် ကျေးဇူးတင်နေမိ၏။ ယဲ့ယီသာ မရှိပါက သူမသွမ့်ကျားကျား၏ အုပ်ထိန်းခွင့်ကို ဘယ်သောအခါမှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ယဲ့ယီ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
“တကယ်တော့ ‘ဘေးကကြည့်နေတဲ့သူက အမှန်တရားကို မြင်နိုင်ပြီး ကာယကံရှင်ကိုယ်တိုင်ကတော့ ဝေဝေဝါးဝါး ဖြစ်နေတတ်တာ’ ပဲဟာ။ ကျွန်မတို့က သူငယ်ချင်းတွေပဲလေ၊ ဒါမျိုးတွေ ပြောနေဖို့ လိုလို့လား”
အမှန်စင်စစ်တွင် အစပိုင်း၌ ယဲ့ယီ နန်ချင်ဝမ်ကို ကူညီပေးခဲ့ခြင်းမှာ မိခင်တစ်ယောက်နှိပ်စက်ခံနေရသည်ကို သူမ မကြည့်ရက်သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် နန်ချင်ဝမ်ကို ကုမ္ပဏီ၌ အလုပ်ခန့်ခဲ့ခြင်းမှာလည်း သူမ၏ ပါရမီကို နှမြောသောကြောင့်ပင် ဖြစ်၏။ သူမတို့နှစ်ဦး အတူတူ အချိန်ကုန်လွန်လာသည်နှင့် အမျှ ဤမျှအထိ သဟဇာတဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤကမ္ဘာတွင် နန်ချင်ဝမ်ကို ယဲ့ယီ၏ ပထမဆုံးသော သူငယ်ချင်းဟုပင် သတ်မှတ်၍ ရနိုင်သည်။
အချိန်အတန်ကြာ စကားစမြည်ပြောပြီးနောက် နှစ်ယောက်သား ဆရာ၏ လမ်းညွှန်မှုအောက်တွင် အလုပ်စတင်ကြတော့သည်။ သစ်သားပြားလေးကို ကြည့်ရသည်မှာ ရိုးရှင်းလှသဖြင့် ယဲ့ယီသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။ သို့သော်လည်း စတင်လုပ်ဆောင်လိုက်ချိန်တွင်မူ သူမ၏လက်များက သူမကိုယ်ပိုင် မဟုတ်သကဲ့သို့ ခံစားလိုက်ရပြီး သူမ ခိုင်းသည့်အတိုင်း လုံးဝ နားမထောင်ကြတော့ပေ။
ယဲ့ယီ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်ရသောအခါ နန်ချင်ဝမ်သည် တဟားဟား နှင့် ရယ်မောလေတော့၏။
ယဲ့ယီသည် မကျေမနပ်ဖြင့် နှာခေါင်းရှုံလိုက်သည်။
“ကျွန်မ ဒါလေးတောင်မလုပ်နိုင်ဘူးဆိုတာ မယုံဘူး”
သူမ အင်္ကျီလက်ကို လိပ်တင်ကာ ဆက်လက်၍ အလေးအနက် သင်ယူသော်လည်း ကံမကောင်းစွာပင် သူမ၏ လက်များသည် တကယ်ပင် ထုံထိုင်းလွန်းလှ၏။ သူမ ထွင်းထုလိုက်သော စာလုံးများမှာ ကြည့်မကောင်းလှပေ။
နန်ချင်ဝမ်မှာ ကြိုးတပ်နေပြီ ဖြစ်သော်လည်း ယဲ့ယီမှာ စာလုံးထွင်း၍ပင် မပြီးသေးပေ။
ယဲ့ယီ စိုးရိမ်နေသည်ကို မြင်ရသဖြင့် နန်ချင်ဝမ် စိတ်ပူစွာဖြင့် သတိပေးရှာ၏။
“ရှောင်ယီ၊ သတိထားဦး၊ နင့်လက်ကို မလှီးမိစေနဲ့ဦး”
“စိတ်မပူပါနဲ့”
ယဲ့ယီသည် ယုံကြည်မှုရှိရှိ ပြောလိုက်သော်လည်း နောက်တစ်စက္ကန့်မှာပင် သူမလက်ထဲမှ ထွင်းထုသည့် ဓားက သူမလက်ကို လှီးမိသွားတော့သည်။
ဘေးနားရှိ လက်မှုဆရာမှာ လန့်သွားပြီး ဆေးသေတ္တာ ယူလာရန် တစ်စုံတစ်ယောက်ကို ချက်ချင်းပင် လှမ်းခေါ်လိုက်တော့၏။
ကံကောင်းထောက်မစွာပင် ဒဏ်ရာမှာ သေးငယ်လှသဖြင့် ပိုးသတ်ပြီး ပတ်တီးစည်းလိုက်ရုံနှင့်ပင် အဆင်ပြေသွားတော့သည်။ သို့သော်လည်း နန်ချင်ဝမ်မှာမူ လန့်နေဆဲ ဖြစ်နေ၏။
“အစ်မ နင့်ကို သတိထားဖို့ အခုတင် ပြောလိုက်တာကို၊ နင်ကတော့ လက်ကို လှီးမိအောင် လုပ်လိုက်တော့တာပဲ”
ယဲ့ယီ ရှက်ကိုးရှက်ကန်းလေး ပြုံးပြလိုက်သည်။
“ဖြစ်တတ်ပါတယ်၊ ဒါက သာမန် အမှားတစ်ခုပဲလေ”
တစ်ဝက်တစ်ပျက် ဖြစ်နေသော သစ်သားပြားကို ကြည့်ကာ နန်ချင်ဝမ် အကြံပေးလိုက်သည်။
“အစ်မ ပြီးအောင် ကူလုပ်ပေးရမလား။ နင်ကိုယ်တိုင်လည်း ပါဝင်ခဲ့တာဆိုတော့ စေတနာကတော့ ပါပြီးသားပဲလေ”
ယဲ့ယီ ခေါင်းခါလိုက်၏။
“ကျွန်မ သူ့အတွက် ကိုယ်တိုင်ပဲ လုပ်ပေးချင်တာ”
ယဲ့ယီအတွက် ဤသစ်သားပြားလေး လုပ်ပေးခြင်းသည် မူလပိုင်ရှင် ကုစဲ့အပေါ် လုပ်ခဲ့သမျှ ပြစ်မှုများအတွက် ပြန်လည် ကုစားခြင်းဟုလည်း သတ်မှတ်နိုင်သည်။ ထို့အပြင် သူမနှင့် ကုရှီချန်းမှာ မကြာမီ ကွာရှင်းတော့မည်ဖြစ်သဖြင့် ဤအရာသည် သူမ၏ မိခင်ဟူသော ခေါင်းစဉ်ဖြင့် ကုစဲ့အား ပေးမည့် နောက်ဆုံးလက်ဆောင်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် သူမကိုယ်စား အခြားသူတစ်ယောက်ကို ဝင်မလုပ်စေချင်ခဲ့ပေ။
ယဲ့ယီ၏ မလျှော့သောဇွဲကို မြင်သောအခါ နန်ချင်ဝမ်လည်း ဘာမှထပ်မပြောတော့ပေ။
“ဒါဆိုရင်လည်း သတိထားဦးနော်”
ယဲ့ယီသည် ခေါင်းညိတ်ပြပြီး ဆက်လက် ထွင်းထုလေသည်။ သူမ အလွန်အမင်း သတိထားနေသော်လည်း အမှတ်မထင် ဒဏ်ရာအသေးစားလေးအချို့ကို ထပ်ရခဲ့ပြန်၏။ သို့သော် ယဲ့ယီသည် ဂရုမစိုက်ဘဲ သူမ၏လက်ထဲမှ သစ်သားပြားလေးအပေါ်တွင်သာ အာရုံစူးစိုက်ကာ ထွင်းထုနေတော့သည်။
ယဲ့ယီ၏ အာရုံစူးစိုက်နေသော ပုံစံလေးကို ကြည့်ကာ နန်ချင်ဝမ်သည် အင်တာနက်ပေါ်တွင် ယဲ့ယီမှ ကုစဲ့ကို နှိပ်စက်သည်ဟူသော ကောလာဟလများကို မတွေးဘဲ မနေနိုင်တော့ပေ။
အမှန်ပင် အင်တာနက်ပေါ်မှ အရာများသည် လုံးဝ ယုံကြည်၍ မရနိုင်ပေ။ ကုရှီချန်းနှင့် ယဲ့ယီတို့ ကွာရှင်းမည့် ကိစ္စကိုလည်း နန်ချင်ဝမ် မယုံကြည်ပေ။ နောက်ဆုံးအကြိမ် အတူတူ ထမင်းစားခဲ့စဉ်က ကုရှီချန်းသည် ယဲ့ယီအပေါ် မည်မျှ ချစ်မြတ်နိုးကြောင်း သူမခံစားခဲ့ရ၏။ ယဲ့ယီ သေချာပေါက် ပျော်ရွှင်ရပေလိမ့်မည်။
နေ့ခင်းတစ်ချိန်လုံး လုံးပန်းပြီးနောက် နောက်ဆုံးတွင် ပြီးဆုံးသွားလေတော့သည်။ သို့သော် ယဲ့ယီ လုပ်ထားသည့်အရာနှင့် နန်ချင်ဝမ် လုပ်ထားသည့်အရာမှာ ဝယ်သူ၏ ဝေဖန်ချက်ပုံစံနှင့် ရောင်းသူ၏ ကြော်ငြာပုံစံကဲ့သို့ ကွာခြားနေတော့၏။
ယဲ့ယီသည် စေတနာသည်သာ အဓိကဖြစ်သည်ဟု စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတော့သည်။သူမ၏ ချစ်လှစွာသော သားလေးကလည်း ဂျီးများလိမ့်မည် မဟုတ်ပေ။
သစ်သားပြားလေးတွင် ကြိုးတပ်ပြီးနောက် ယဲ့ယီသည် ထိုသော့တွဲလေးကို ထည့်ရန်အတွက် အလွန်လှပသော သစ်သားသေတ္တာလေးတစ်လုံးကိုလည်း ဝယ်လိုက်သေး၏။
ထို့နောက် မနက်ဖြန်တွင် ကုစဲ့ကို ပေးရန်အတွက် ထိုသေတ္တာလေးကို သေချာစွာ ထုပ်ပိုးလိုက်တော့သည်။
ကုစဲ့၏ မွေးနေ့ဂုဏ်ပြုပွဲအတွက်မူ ကုရှီချန်းကသာ အစအဆုံး စီစဉ်ထားခြင်း ဖြစ်လေ၏။ ကုရှီချန်းသည် ကုစဲ့ကို သူ၏အမွေဆက်ခံသူအဖြစ် ပျိုးထောင်နေခြင်းဖြစ်ရာ ကုစဲ့၏ မွေးနေ့ပွဲသို့ ချမ်းသာသော အထက်တန်းလွှာများမှ လူအချို့ကိုလည်း ဖိတ်ကြားထားလေသည်။ ဤအချက်သည် လူအများရှေ့တွင် ကုစဲ့၏ အဆင့်အတန်းကို တရားဝင် ကြေညာခြင်းလည်း ဖြစ်ပေတော့သည်။