အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁)
ခင်လို့ရမလား
မွေးနေ့ပွဲကျင်းပမည့်နေ့တွင် ယဲ့ယီသည် မိတ်ကပ် လိမ်းရန် အစောကြီး ထလာသည်။
အမှန်အတိုင်းဆိုရသော် ယဲ့ယီ ဤမွေးနေ့ပွဲကို မတက်ရောက်ချင်ခဲ့ပေ။ အကြောင်းမှာ သူမနှင့် ကုရှီချန်းတို့ မကြာမီတွင် ကွာရှင်းကြတော့မည်ဖြစ်သဖြင့် အလွန်ပင် စိတ်ကသိကအောင့် ဖြစ်စေသည်။
သို့သော်လည်း သူမအနေဖြင့် ကုစဲ့ကို စိတ်မပျက်စေလိုသောကြောင့် မတက်ဘဲ နေ၍မရပေ။
မွေးနေ့ပွဲမှာ အထက်တန်းလွှာတို့၏ စားသောက်ပွဲတစ်ခု ဖြစ်သဖြင့် သတင်းထောက်များ ရှိနေမည်မဟုတ်ပေ။ ကုမိသားစု၏ စားသောက်ပွဲများမှာ မည်သူမဆို တက်ရောက်နိုင်သည့် ပွဲမျိုးမဟုတ်ဘဲ အထက်တန်းလွှာ အသိုင်းအဝိုင်းမှ လူများသာ တက်ရောက်ခွင့်ရှိသည်။
ထို့အပြင် ကုစဲ့၏ မွေးနေ့ပွဲဖြစ်သောကြောင့် ကလေးရှိသည့် မိသားစုများမှာလည်း သူတို့၏ သားသမီးများကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြသည်။ အထက်တန်းလွှာ မိသားစုများမှာ ငယ်ရွယ်စဉ် အချိန်ကတည်းကပင် အဆက်အသွယ် ကွန်ရက်များကို စတင် တည်ဆောက်လေ့ ရှိကြသည် မဟုတ်လော။
လူတိုင်း သူတို့၏ သားသမီးများကို ကုစဲ့နှင့် မိတ်ဆွေဖြစ်စေချင်ကြ၏။ သို့မှသာ နောင်တစ်ချိန်တွင် သူတို့လုပ်ငန်းများမှာ ကုကော်ပိုရေးရှင်း၏ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပေလိမ့်မည်။
ကုစဲ့သည်လည်း ယနေ့တွင် ဝတ်စုံအပြည့်အစုံဖြင့် ခန့်ညားနေပြီး သူ့ပုံစံမှာ ကုရှီချန်းနှင့် တစ်ထေရာတည်း တူနေတော့၏။
သို့သော်လည်း ကုစဲ့မှာ တစ်နေ့လုံး မျက်နှာတည်နေကာ စိတ်မကြည်လင်သော ပုံစံမျိုး ပေါက်နေလေသည်။
ယဲ့ယီ သူ့အနားသို့ လျှောက်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ၊ မွေးနေ့မှာ မပျော်ဘူးလား”
ကုစဲ့ကမူ စကားတစ်ခွန်းကိုသာ အေးစက်စွာ ပြောလိုက်လေသည်။
“နားငြီးတယ်”
ယဲ့ယီ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။
“ဒီသားအဖ နှစ်ယောက်ကတော့ တကယ်ကို တူကြတာပဲ၊ နှစ်ယောက်လုံးက အေးစက်စက်နဲ့”
ညနေစောင်းတွင် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြတော့သည်။ ကုရှီချန်းက လုပ်ငန်းရှင်ကြီးများကို ကြိုဆိုရန် ထွက်သွားချိန်တွင် ယဲ့ယီမှာ သူဌေးကတော်များကို ဧည့်ခံရန် တာဝန်ယူရလေ၏။
ယဲ့ယီ စိတ်ညစ်လွန်း၍ သေတော့မည်။ ဤသူဌေးကတော်များမှာ ထင်ရှားကျော်ကြားသော မိသားစုများမှ ဖြစ်ကြပြီး ယဲ့ယီကို လေးစားသူမှာ အနည်းငယ်မျှသာ ရှိလေသည်။ သူတို့သည် ယဲ့ယီကို လျစ်လျူရှုထားကြသည့်အပြင် သူမသည် မင်းသမီးတစ်ဦးသာ ဖြစ်သည်ဟု ဆိုကာ လှောင်ပြောင် သရော်စကားများဖြင့် စောင်းမြောင်း ပြောဆိုနေကြသည်။
အကယ်၍ ဤပွဲသည် ကုစဲ့၏ မွေးနေ့ပွဲ မဟုတ်ပါက ယဲ့ယီအနေဖြင့် ဤလူများကို လုံးဝ သည်းခံနေမည် မဟုတ်ပေ။ ယဲ့ယီသည် တာဝန်အရ ဧည့်သည်များကို ဧည့်ခံနေသော်လည်း တမင်သက်သက် ပြဿနာရှာလိုသူမှာ အမြဲတမ်း ရှိနေစမြဲပင်။
ပွဲတက် ဝတ်စုံကို ဝတ်ဆင်ထားပြီး မာနထောင်လွှားသော ပုံစံရှိသည့် အမျိုးသမီးငယ်တစ်ဦးက ယဲ့ယီ၏ အနားသို့ လျှောက်လာကာ သူမကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ အထက်အောက် အကဲခတ်ပြီးနောက် မထီမဲ့မြင် ပြုလျက် ပြောလိုက်တော့သည်။
“ဥက္ကဌကုက ရှင့်ကို ဘယ်လိုများ သဘောကျသွားလဲ မသိဘူး။ မင်းသမီး တစ်ယောက်အနေနဲ့ ဒီမျက်နှာလေးကလွဲရင် ဘာများ အနှစ်သာရ ရှိလို့လဲ။ ဥက္ကဌကုအတွက် ဘာအကျိုး ရှိမှာမို့လို့လဲ”
ထိုစကားများထဲတွင် ပါဝင်သော မနာလိုမှု အငွေ့အသက်များသည် ယဲ့ယီကို နစ်မြုပ်သွားစေနိုင်လောက်သည်။ သူမအနေဖြင့် ထိုအမျိုးသမီး၏ အောက်တန်းကျသော အဆင့်အတန်းနှင့် ပြိုင်မပြောလိုသော်လည်း အချို့သော လူများမှာမူ လျစ်လျူရှုထားလေ ပို၍ ရဲတင်းလာလေ ဖြစ်လေ၏။
“ကုသူဌေးကတော်က သီချင်းဆိုတတ်မယ် ထင်တယ်နော်။ ဒီနေ့ ပွဲလေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားအောင် သီချင်းတစ်ပုဒ်လောက် ဆိုပြပါလား”
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ သူဌေးကတော်များမှာလည်း ယဲ့ယီကို လက်ညှိုးထိုးကာ ဝိုင်းဝန်းရယ်မော ကြလေသည်။
ယဲ့ယီ ဒေါသထွက်လာသော်လည်း စိတ်ကို ထိန်းချုပ်လိုက်ရင်း ပြန်လည် တုံ့ပြန်လိုက်တော့သည်။
“ဒီမယ်ညီမ ... ကျွန်မက သရုပ်ဆောင် တစ်ယောက်ပါ၊ အဆိုတော် မဟုတ်ပါဘူး။ အကယ်၍ ညီမက သီချင်းနားထောင်ပြီး ပွဲစည်ချင်တယ်ဆိုရင်တော့ KTV ဆိုင်တွေ ရှေ့မှာ သွားရပ်နေလိုက်ပါ၊ အဲ့ဒီမှာဆိုရင် ပွဲစည်အောင် လုပ်ပေးနိုင်တဲ့ လူတွေ အများကြီး ရှိပါတယ်”
အမျိုးသမီးငယ်မှာ ယဲ့ယီ၏ စကားကြောင့် မျက်နှာပျက်သွားပြီး ဒေါသတကြီးဖြင့် ဆိုလေ၏။
“ရှင်က ရှင်ကိုယ်ရှင် ဘယ်သူများ မှတ်နေလဲ။ ကျွန်မတို့အတွက် ဖျော်ဖြေပေးရတာ ရှင့်အတွက် ဂုဏ်ယူစရာပဲ။ ဥက္ကဌကုကို ကပ်တွယ်နိုင်ရုံလေးနဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အထက်တန်းလွှာကတော်ကြီး ဖြစ်ပြီလို့ ထင်နေတာလား။ ဒီအသိုင်းအဝိုင်းမှာ ရှင့်ကို တကယ် အဖက်လုပ်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ”
ယဲ့ယီသည် စိတ်မဆိုးဘဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ကျွန်မကို အဖက်လုပ်တာ မလုပ်တာကတော့ ကျွန်မ မသိပါဘူး။ ကျွန်မ သိတာတစ်ခုကတော့ ကျွန်မ ကုရှီချန်းနဲ့ လက်ထပ်လိုက်ရတာကို အချို့လူတွေက မနာလို ဖြစ်နေကြတာပဲ။ ဒါကတော့ ဘယ်တတ်နိုင်မလဲပေါ့နော်၊ လူတိုင်းကမှ ကျွန်မလို လှပတဲ့ မျက်နှာမျိုး မပိုင်ဆိုင်ကြတာကိုး”
ထိုအမျိုးသမီးငယ်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားရတော့၏၊
“သိပ်ပြီး အထင်မကြီးပါနဲ့။ မကြာခင် ကုရှီချန်းက ရှင့်ကို ထားသွားမှာ”
“ကျွန်တော့် ဇနီးကို ထားမထား ဆိုတာ မင်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး”
သူတို့ မသိလိုက်ခင်မှာပင် ကုရှီချန်းသည် ယဲ့ယီ၏ အနောက်တွင် ရောက်ရှိနေပြီဖြစ်ကာ သူ၏ အနားတွင် ထိုအမျိုးသမီး၏ ဖခင်လည်း ပါလာလေသည်။
အမျိုးသမီး၏ ဖခင်မှာ သူမ ပြောလိုက်သော စကားကို ကြားသောအခါ မျက်နှာဖြူဖျော့သွားပြီး ကုရှီချန်းကို ချက်ချင်း တောင်းပန်လိုက်သည်။
“ဥက္ကဌကု... ကျွန်တော့် သမီးက ငယ်သေးလို့ မသိတတ်တာပါ၊ စိတ်ထဲ မထားပါနဲ့ဗျာ”
ကုရှီချန်း အေးစက်စွာ ပြန်ပြောလိုက်၏။
“မစ္စတာလီ... ခင်ဗျားမှာ ကလေးကို ဆုံးမတဲ့ နည်းလမ်းကောင်းတွေ ရှိတာပဲ။ ခင်ဗျား သမီးက ကျွန်တော့် မိသားစုရဲ့ စားသောက်ပွဲမှာ ကျွန်တော့် ဇနီးကို လူသိရှင်ကြား စော်ကားရဲတာ။ ကျွန်တော်တို့ ဆက်ပြီး လက်တွဲဖို့ မလိုတော့ဘူးထင်တယ်”
မစ္စတာလီ အလွန် စိုးရိမ်သွားပြီး ချွေးစေးများပင် ထွက်လာတော့၏။ ထို့နောက် ကုရှီချန်းကို တတွတ်တွတ် တောင်းပန်နေတော့သည်။
“ဥက္ကဌကု... ကျွန်တော် ဆုံးမပါ့မယ်။ ကျွန်တော်တို့ ဒီလို လက်တွဲဖို့အတွက် ကြိုးစားခဲ့ရတာ ဘယ်လောက်ကြာပြီလဲ၊ အခုလို ချက်ချင်းကြီးတော့ အဆုံးမသတ်လိုက်ပါနဲ့”
မစ္စတာလီ မည်သို့ပင် ဆိုစေကာမူ ကုရှီချန်း တုတ်တုတ်ပင် မလှုပ်ဘဲ ယဲ့ယီ အနားသို့ လျှောက်သွားကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
မစ္စတာလီသည် ကုရှီချန်း၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး သမီးဖြစ်သူကို ငေါက်ငမ်းလိုက်၏။
“ကုသူဌေးကတော်ကို ချက်ချင်း တောင်းပန်စမ်း”
အမျိုးသမီးလေးမှာ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“သမီးက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ သမီးပြောတာ အမှန်တွေပဲလေ”
သမီးဖြစ်သူ၏ မိုက်မဲမှုကို မြင်သောအခါ မစ္စတာလီ ရှေ့တိုးသွားပြီး သူမ၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်သည်။
“ငါ မင်းကို ကုသူဌေးကတော်ကို တောင်းပန်ခိုင်းနေတယ်လေ”
အမျိုးသမီးလေး၏ မျက်ရည်များမှာ ချက်ချင်းပင် ဝေ့တက်လာတော့သည်။ ဖခင်ဖြစ်သူ၏ ခြိမ်းခြောက်နေသော အကြည့်အောက်တွင် သူမ အသံတိုးတိုးလေးဖြင့် ပြောလိုက်ရသည်။
“တောင်းပန်ပါတယ်”
မစ္စတာလီသည် ကုရှီချန်းကို မျက်နှာချိုသွေးလျက် ပြောလိုက်သည်။
“ဥက္ကဌကု... ကျွန်တော်တို့ ကုမ္ပဏီကို အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါဦး”
ကုရှီချန်း ဘာမှ မပြောဘဲ ယဲ့ယီကို ကြည့်လိုက်သည်။ ယဲ့ယီမှာ သူ့အကြည့်ကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်၏။
“ရှင့်မှာ ပါးစပ် မပါဘူးလား။ ဘာဖြစ်လို့ ကျွန်မကို ကြည့်နေတာလဲ”
ကုရှီချန်းမှာ ယဲ့ယီ၏ စကားကြောင့် တစ်ဖန် ဒေါသထွက်သွားပြန်သည်။
သူသည် သူမ သဘောထားကို မေးနေခြင်း ဖြစ်သော်လည်း ဤမိန်းမမှာ အသိအမှတ်မပြုသည့်အပြင် ရန်ပြန်တွေ့နေလေ၏။
မစ္စတာလီမှာ ကုရှီချန်း ဘာမှမပြောသည်ကို မြင်သောအခါ ယဲ့ယီကို ပြောင်း၍ အသနားခံရပြန်သည်။
“ကုသူဌေးကတော်... ကျွန်တော် သူ့ကို ပြန်ပြီး ဆုံးမပါ့မယ်။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ဗျာ”
“ကုမ္ပဏီ ကိစ္စတွေကို ကျွန်မ မဆုံးဖြတ်တတ်ဘူး။ ရှင့်ဘာသာ ကုရှီချန်းကိုပဲ မေးလိုက်ပါ”
ထိုသို့ ပြောပြီးနောက် ထိုနေရာမှ အမြန် ထွက်ခွာသွားတော့သည်။
အမှန်စင်စစ် သူမသည် ကုရှီချန်း၏ ကုမ္ပဏီ လုပ်ငန်းများကို မထိခိုက်စေလိုပေ။
ကုရှီချန်းသည် ယဲ့ယီ ထိုသို့ ထွက်သွားသည်ကို ကြည့်နေရင်း မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
“မစ္စတာလီ... နောက်ထပ် ဘာမှ ပြောနေဖို့ မလိုတော့ဘူး။ ဒီနေ့ စားသောက်ပွဲက ခင်ဗျားတို့ သားအဖနဲ့ မသင့်တော်တော့ဘူး။ ကျေးဇူးပြုပြီး ပြန်ကြပါတော့”
မစ္စတာလီ တစ်ခုခု ထပ်ပြောချင်နေသော်လည်း သက်တော်စောင့်များက လူစုခွဲနေပြီ ဖြစ်သောကြောင့် နောက်ဆုံးတွင် သားအဖ နှစ်ယောက်လုံးမှာ ပွဲထဲမှ မောင်းထုတ်ခြင်း ခံလိုက်ရလေ၏။
ရောက်ရှိနေသူ အားလုံးမှာလည်း ကုရှီချန်းသည် သူ့ဇနီးအပေါ် မည်မျှ အလေးထားကြောင်း သဘောပေါက်သွားကြသည်။ စားသောက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် ထိုသတင်းမှာ ပျံ့နှံ့သွားပြီး အထက်တန်းလွှာ လောကရှိ လူများမှာလည်း ယဲ့ယီကို မထီမဲ့မြင် မပြုရဲကြတော့ပေ။
အချို့သော လူများဆိုလျှင် ယဲ့ယီနှင့် မိတ်ဆွေဖွဲ့ချင်သော စိတ်ကူးများပင် ရှိလာကြ၏။
ယဲ့ယီ ထိုနေရာမှ ထွက်လာပြီးနောက် ကလေးငယ်များ ရှိရာသို့ လျှောက်သွားလေသည်။
မွေးနေ့ရှင်လေး ကုစဲ့မှာ ကလေးတစ်အုပ်၏ ဝိုင်းရံခြင်းကို ခံနေရ၏။ ကုစဲ့၏ ငြီးငွေ့နေသော မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် သူသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို ယဲ့ယီ သိလိုက်သည်။
သို့သော်လည်း ဤကလေးများမှာ နောင်တစ်ချိန်တွင် မိသားစု ကုမ္ပဏီများကို ဆက်ခံမည့်သူများ ဖြစ်ကြသဖြင့် ကုစဲ့အနေဖြင့် သူတို့နှင့် ဆက်ဆံရေးကို ရှောင်လွှဲ၍ မရနိုင်ပေ။ သူလည်း ကိုယ်ပိုင် အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရမည် မဟုတ်လော။
ယဲ့ယီ တစ်ချက်ကြည့်ပြီးနောက် ထွက်လာခဲ့သည်။ သူမအနေဖြင့် ကလေးများကို မနှောင့်ယှက်လိုသလို သူဌေးကတော်များနှင့်လည်း ပြန်လည် မဆက်ဆံလိုတော့သဖြင့် အဆင်ပြေမည့် နေရာတစ်ခုတွင် ဝင်ထိုင်လိုက်တော့သည်။
သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ဦးက သူမ၏ ဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်လေ၏။
ယဲ့ယီသည် မော့ကြည့်လိုက်ရာ အသက် ၂၀ ကျော်ခန့်သာ ရှိဦးမည့် ကုမ္ပဏီတစ်ခုခုမှ သခင်လေး ဖြစ်ပုံရသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရလေသည်။
ယဲ့ယီသည် မိမိမသိသော လူတစ်ဦးကို ဦးအောင် နှုတ်ဆက်ရန် ဆန္ဒမရှိသဖြင့် ဘေးသို့ အသာစောင်းကာ အတွေးများနေလိုက်တော့သည်။ သို့သော်လည်း ထိုလူငယ်က သူမကို စတင် စကားပြောလာခဲ့၏။
“အစ်မ... အစ်မမှာ ကောင်လေးရှိလား။ ခင်လို့ ရမလားဟင်”
လူငယ်လေးသည် ထိုသို့ ပြောနေစဉ် ယဲ့ယီမှာ အအေးသောက်နေလျက်ဖြစ်ရာ သူမ ပါးစပ်ထဲမှ အအေးများကို ဖျန်းခနဲ့ ထွေးပစ်မိလိုက်တော့သည်။
အခန်း (၁၂၂)
ကလေးများကြားမှ ပြဿနာ
ယဲ့ယီ အချိန်အတော်ကြာ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အနေမိသည်။ သူမသည် လှပလွန်းသည်မှာ ဝန်ခံရပေမည်။သို့သော်လည်း သူမသည် အမည်ခံ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်နေသည် မဟုတ်လော။
အရေးကြီးဆုံးအချက်မှာ ဤပွဲသည် ကုမိသားစု၏ စားသောက်ပွဲ ဖြစ်နေခြင်းပင်။
ဤလူငယ်သည် အိမ်ရှင်၏ ပွဲ၌ အိမ်ရှင်မကိုပင် လာရောက်ပိုးပန်းနေသည်မှာ သတ္တိကတော့ တကယ်ပင် မသေးလှပေ။
ယဲ့ယီ အသာအယာ ချောင်းဟန့်လိုက်ရင်း ပြောလိုက်သည်။
“မောင်လေး... အစ်မမှာ အိမ်ထောင်ရှိပြီးသားပါ”
ထိုကောင်လေးမှာ စိတ်ပျက်သွားသည့် ပုံစံ ပေါက်သွားသည်။ ယဲ့ယီသည် ကိစ္စပြတ်ပြီဟု ထင်လိုက်ချိန်တွင်ပင် တစ်ဖက်လူက ဗြုန်းစားကြီး မေးချလိုက်လေ၏။
“ဒါဆိုရင် အစ်မက ဘယ်တော့ ကွာရှင်းမှာလဲ”
“အဟွတ်... အဟွတ်...”
ယဲ့ယီမှာ ထိုစကားကြောင့် အလန့်တကြား သီးသွားရပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
“မောင်လေး... အဲ့လိုကြီး မနောက်ပါနဲ့”
ထိုသို့ ဆိုသော်လည်း ထိုကောင်လေးက ယဲ့ယီကို အလေးအနက် စိုက်ကြည့်ကာ ဆိုပြန်၏။
“ကျွန်တော် နောက်နေတာ မဟုတ်ဘူး။ အစ်မ... ကျွန်တော် အစ်မကို သဘောကျတယ်။ အကယ်၍ အစ်မသာ ကွာရှင်းဖြစ်ခဲ့ရင် ကျွန်တော့်ကို ထည့်စဉ်းစားပေးမလား”
ယဲ့ယီမှာ ထိုသူငယ်၏ စကားကြောင့် ထပ်မံ အံ့အားသင့်သွားရပြန်သည်။
‘ဘာလို့ ဒီကမ္ဘာက လူတွေက ဒီလောက် ပွင့်လင်းနေကြတာတုန်း’
“မောင်လေး... အစ်မကတော့ ကွာရှင်းဖို့ အစီအစဉ် မရှိဘူး”
ယဲ့ယီသည် ထိုသို့ ပြောလိုက်လျှင် ထိုကောင်လေးမှာ လက်လျှော့သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ယဲ့ယီ၏ အတွေးသည် မှားသွားခဲ့လေသည်။
“အစ်မ... ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ။ အစ်မ ကွာရှင်းပြီးတဲ့ အချိန်ကျရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ”
ထိုသို့ ဆိုကာ ထိုကောင်လေးသည် သူ့လိပ်စာကတ်ကို ယဲ့ယီလက်ထဲသို့ ပေးလာ၏။
ယဲ့ယီသည် အားနာစွာ ထိုလိပ်စာကတ်ကို လှမ်းယူလိုက်ပြီး အပေါ်ယံ ကြည့်လိုက်ရာ အခြေခံ အချက်အလက် နှစ်ခုကို တွေ့လိုက်ရသည်။
‘ကုန်းရှောင်ချင်း၊ အသက် (၂၂) နှစ်’
“အစ်မ လုပ်စရာ ရှိသေးလို့ သွားလိုက်ဦးမယ်”
ထို့နောက် ယဲ့ယီသည် ထိုဒုက္ခများလှသော နေရာမှ အမြန် ထွက်ပြေးခဲ့ရလေတော့သည်။
ကုန်းရှောင်ချင်းကမူ ယဲ့ယီ နောက်ကနေ လှမ်းအော်နေသေး၏။
“အစ်မ... အချိန်တန်ရင် ကျွန်တော့်ကို ဆက်သွယ်ဖို့ မမေ့နဲ့ဦးနော်”
ယဲ့ယီ သည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲမိလေသည်။
[ဆက်သွယ်စေချင်တယ်ပေါ့... ဆုတောင်းလေ]
ထို့နောက် သူမသည် လူသူကင်းဝေးရာ နေရာတစ်ခုသို့ လျှောက်သွားပြီး ထိုလိပ်စာကတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်တော့၏။
ယဲ့ယီသည် ခန်းမကြီးထဲ၌ ဆက်မနေချင်တော့သဖြင့် နောက်ဆုံးတွင် ကလေးများ ရှိရာ နေရာသို့ လျှောက်လာခဲ့လေသည်။
မမျှော်လင့်ဘဲ သူမ အထဲသို့ ရောက်သွားချိန်တွင် ကလေးတစ်စုက မိန်းကလေးတစ်ဦးကို ဝိုင်းဝန်း အနိုင်ကျင့်နေကြသည်ကို မြင်လိုက်ရလေ၏။
“ဒီ တရားမဝင် ကလေးမကို သေအောင် ရိုက်ကြ”
“သေအောင် ရိုက်”
ယဲ့ယီသည် ထိုကလေးများ၏ လုပ်ရပ်ကို တားဆီးရန် အမြန် ရှေ့တိုးသွားပြီး သူတို့ကို ဆွဲဖယ်လိုက်သည်။ ရှေ့မှ မိန်းကလေးကို မြင်လိုက်ရသောအခါ ယဲ့ယီ အတော်လေး အံ့အားသင့်သွားရ၏။
“မန်ဇီထုံ”
မှန်၏။ အနိုင်ကျင့်ခံနေရသော မိန်းကလေးမှာ မန်ဇီထုံပင် ဖြစ်သည်။ ယဲ့ယီသည် မန်ရှင်းနှင့် ပတ်သက်သည့် ကိစ္စများကို သေသေချာချာ စုံစမ်းခြင်း မရှိခဲ့သော်လည်း မန်ဇီထုံမှာ သူဌေးမိသားစုတစ်ခု၏ ဖအေတူမအေကွဲ သမီးဖြစ်ကြောင်းကိုတော့ သိထားလေသည်။
သို့သော် မန်ဇီထုံကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ မန်ဇီထုံသည် မည်သည့်အကြောင်းကြောင့် ဤနေရာသို့ ရောက်လာသည်ဖြစ်စေ အိမ်ရှင်မတစ်ဦးအနေဖြင့် ယဲ့ယီသည် သူမ အနိုင်ကျင့်ခံနေရသည်ကို လျစ်လျူရှုမထားနိုင်ပေ။
“ကလေးတို့... တခြားသူကို အနိုင်ကျင့်တာ မကောင်းဘူးလေ”
ယဲ့ယီသည် ကလေးတစ်စုကို ညင်သာစွာ ပြောလိုက်သည်။ ထိုအချိန်မှာပင် ကုစဲ့နှင့် သွမ့်ကျားကျားတို့ ပြန်ရောက်လာကြ၏။
“မေမေ... ဘာဖြစ်လို့လဲ”
ကုစဲ့ နားမလည်နိုင်စွာ မေးလေသည်။ ယဲ့ယီ သက်ပြင်းချကာ ဖြေလိုက်၏။
“သူငယ်ချင်းလေး တစ်ယောက် အနိုင်ကျင့်ခံနေရလို့လေ”
ထိုအချိန်တွင် အပြောအဆိုရဲပုံရသော ကလေးတစ်ဦးက ပြောလာလေ၏။
“သူက တရားမဝင် ကလေးလေ။ မေမေက ပြောတယ်။ အဲ့လို ကလေးတွေနဲ့ မကစားရဘူးတဲ့”
ကျန်သော ကလေးများကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြလေသည်။ ယဲ့ယီသည် အခြေအနေကို သဘောပေါက်သွားတော့သည်။
ချမ်းသာသော မိသားစုများမှ တရားမဝင်ကလေးများကို အမြဲပင် အထင်သေးလေ့ ရှိကြ၏။ ထိုကလေးများမှာ ငယ်စဉ်ကတည်းက မိသားစုထံမှ တရားမဝင်ကလေးများနှင့် မကစားရန် ကြားဖူးနားဝ ရှိနေကြသဖြင့် မန်ဇီထုံ၏ နောက်ကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် အနိုင်ကျင့်ကြတော့ခြင်း ဖြစ်လေ၏။
ယဲ့ယီသည် မူလက ထိုကိစ္စများတွင် မပတ်သက်ချင်သော်လည်း မိမိ၏ အိမ်အတွင်း၌ ဖြစ်ပျက်နေခြင်းကြောင့် မတတ်သာဘဲ ဖြေရှင်းပေးရလေသည်။
“သူက တရားမဝင်သမီး ဖြစ်နေရင်တောင် မင်းတို့ သူ့ကို အနိုင်မကျင့်သင့်ဘူး။ ကလေးတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် သင့်တင့်အောင် နေရတယ်၊ နားလည်လား”
ထိုသို့ ဆိုသော်လည်း ကလေးများမှာ တစ်ယောက်တစ်မျိုး ပြောနေကြပြီး မည်သူကမျှ မန်ဇီထုံနှင့် ကစားလိုစိတ် မရှိကြပေ။
သနားစရာကောင်းအောင် ရှုံ့မဲ့နေသော မန်ဇီထုံကို ကြည့်ရင်း ယဲ့ယီသည် ညင်သာစွာ မေးလိုက်သည်။
“မကြောက်နဲ့နော်... မန်ဇီထုံကို ဖေဖေက ခေါ်လာတာလား”
မန်ဇီထုံအား အဘယ့်ကြောင့် ဤနေရာသို့ ခေါ်လာသည်ကို ယဲ့ယီ မသိသော်လည်း ဤနေရာသို့ ရောက်လာသည်မှာ လီမိသားစုက သူမ၏ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ ထိုအဆင့်အတန်းမှာ အနည်းငယ် နေရခက်စေနိုင်သည်။
မန်ဇီထုံ ခေါင်းခါပြပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဖေဖေ မဟုတ်ဘူး... အန်တီ ခေါ်လာတာ”
မန်ဇီထုံ ဆိုလိုသော ‘အန်တီ’ မှာ ရှောင်ဟယ်၏ လက်ရှိဇနီး လီရွှမ် ဖြစ်သည်။ လီမိသားစု၏ အဆင့်အတန်းအရ ယနေ့ပွဲသို့ တက်ရောက်ခွင့် ရှိသည်မှာ မဆန်းသော်လည်း လီရွှမ်သည် အဘယ်ကြောင့် လင်ပါသမီးတစ်ဦးကို ခေါ်လာရသည်ကိုမူ ယဲ့ယီ နားမလည်နိုင်ပေ။ သူမတွင် ကိုယ်ပိုင်သားသမီး မရှိပါကလည်း ဤပွဲတွင် ကလေးများကို မဖြစ်မနေ ခေါ်လာရမည်ဟု သတ်မှတ်ထားသည်လည်း မဟုတ်ချေ။
ထိုအချိန်မှာပင် မန်ဇီထုံသည် ရုတ်တရက် ကြမ်းပြင်ပေါ်မှ ထရပ်ကာ ကုစဲ့ထံသို့ လျှောက်သွားပြီး သူ့ကို ဖက်လိုက်လေသည်။ ယခုမှပင် ယဲ့ယီ တစ်ယောက် လီရွှမ် ဘာကို ကြံစည်နေသည်ကို သဘောပေါက်သွားတော့၏။
ထို့နောက် သူမ၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
ကုစဲ့ မန်ဇီထုံကို ချက်ချင်းပင် တွန်းဖယ်လိုက်၏။ သူသည် အသန့်အရှင်းဇီဇာကြောင်သော ရောဂါရှိပြီး ပုံမှန်အားဖြင့် ယဲ့ယီ၊ ကုရှီချန်းနှင့် သွမ့်ကျားကျား တို့မှလွဲ၍ ကျန်သူများ သူ့ကို လာထိတွေ့လျှင် ရွံရှာတတ်သူ ဖြစ်လေ၏။
မန်ဇီထုံမှာ ကုစဲ့၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသဖြင့် မျက်ရည်များ ချက်ချင်း ဝေ့တက်လာတော့၏။ အိမ်မှ မထွက်လာခင် လီရွှမ်မှ သူမကို မှာလိုက်သော စကားကို သူမ ပြန်သတိရသွားသည်။
“ဒီနေ့ မင်းရဲ့ တာဝန်က ကုစဲ့ကို စိတ်ကျေနပ်အောင် လုပ်ဖို့ပဲ။ အကယ်၍ မင်း သူနဲ့ ရင်းနှီးအောင် မလုပ်နိုင်ရင် နောက်တစ်ပတ်လုံး အမှောင်ခန်းထဲမှာ နေရမယ်”
မန်ဇီထုံသည် အမှောင်ခန်းထဲတွင် ပိတ်လှောင် မခံချင်သဖြင့် ကုစဲ့အနားသို့ ထပ်မံ ချဉ်းကပ်ရန် ကြိုးစားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ယဲ့ယီသည် ကုစဲ့၏ ရှေ့မှ ကာကွယ်လိုက်တော့သည်။
“ရှောင်စဲ့က တခြားသူတွေ သူ့ကို လာထိတာ မကြိုက်ဘူး”
ယဲ့ယီအနေဖြင့် မန်ဇီထုံမှာ ငယ်သေးပြီး သူမကိုယ်တိုင် မကောင်းသော ရည်ရွယ်ချက် မရှိနိုင်ဘဲ တစ်စုံတစ်ဦး၏ ခိုင်းစေချက်အရသာ လုပ်ဆောင်နေခြင်း ဖြစ်သည်ကို သိသည်။ သို့သော်လည်း ကုစဲ့အပေါ် တစ်စုံတစ်ယောက်က အကွက်ချ ကြံစည်နေသည်ကို တွေးမိသောအခါ သူမ အလွန်ပင် မကျေမနပ် ဖြစ်ရလေသည်။
မန်ဇီထုံ သွမ့်ကျားကျားကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဒါဆို သူကျတော့ ဘာလို့ ကုစဲ့ကို ထိလို့ရတာလဲ”
သွမ့်ကျားကျားနှင့် ကုစဲ့မှာ အတူတူ ရပ်နေကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့မှု ရှိနေကြသည်။ ကျန်သော ကလေးများကလည်း ဝိုင်းမေးကြပြန်သည်။
“ဘာလို့ ကုစဲ့က သူနဲ့ပဲ ကစားတာလဲ”
“သမီးလည်း ကုစဲ့နဲ့ ကစားချင်တယ်”
ထိုအချိန်တွင် ကုစဲ့ ပြန်ပြောလိုက်တော့၏။
“ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့ သူငယ်ချင်းကောင်း ဖြစ်လို့ပဲ”
ကုစဲ့သည် သူတို့မှာ သူငယ်ချင်းကောင်းများ ဖြစ်သည်ဟု ပြောလိုက်သောအခါ သွမ့်ကျားကျား၏ မျက်နှာတွင် အပြုံးကြီးတစ်ခု ပေါ်လာလေတော့သည်။
“သားလည်း သူငယ်ချင်းကောင်း ဖြစ်ချင်တယ်”
“သမီးရော... သမီးလည်းဖြစ်ချင်တယ်”
“သမီးရောပဲ”
ကလေးများမှာ ကုစဲ့နှင့် သူငယ်ချင်းကောင်း ဖြစ်လိုကြောင်း တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြတော့သည်။ ထိုကလေးများထဲတွင် အချို့မှာ ကုစဲ့နှင့် တကယ်ခင်ချင်ကြသူများ ဖြစ်နိုင်သော်လည်း အများစုမှာမူ အိမ်မှ မထွက်လာခင် သူတို့မိဘများက ကုစဲ့နှင့် သူငယ်ချင်းဖြစ်အောင် လုပ်ရန် မှာကြားလိုက်သောကြောင့်သာ ဖြစ်လေသည်။
ယဲ့ယီ အလိုလိုနေရင်း စိတ်တိုလာရတော့၏။ သူမသည် ကုစဲ့ကို ငယ်ရွယ်သော အချိန်တွင် ဤကဲ့သို့သော အရှုပ်အထွေးများထဲသို့ မရောက်စေချင်သော်လည်း ၎င်းမှာ ရှောင်လွှဲ၍ မရသော ကံကြမ္မာ ဖြစ်နေပုံရသည်။
ကလေးအများအပြားကို ရင်ဆိုင်ရင်း ကုစဲ့ အေးဆေးစွာပင် ပြောလိုက်သည်။
“အခုလောလောဆယ်တော့ ငါက ကျားကျားတစ်ယောက်တည်းကိုပဲ သူငယ်ချင်းကောင်းအဖြစ် ထားချင်တယ်”
ကျန်သော ကလေးများမှာ ကုစဲ့၏ စကားကြောင့် စိတ်ပျက်သွားကြ၏။ မန်ဇီထုံကမူ လက်မလျှော့ဘဲ ဆိုပြန်သည်။
“အစ်ကို ကုစဲ့... သမီးလည်း အစ်ကို့ရဲ့ သူငယ်ချင်းကောင်း ဖြစ်ချင်ပါတယ်”
ကုစဲ့ တစ်ခုခု မပြောမီမှာပင် သွမ့်ကျားကျားက ကုစဲ့၏ ရှေ့မှနေ၍ တားဆီးလိုက်လေ၏။
“မရဘူး... ကုစဲ့က ငါတစ်ယောက်တည်းကိုပဲ သူငယ်ချင်းကောင်း လုပ်မှာလို့ ပြောပြီးသား”
မန်ဇီထုံမှာ ငိုယိုရင်း ထပ်မံတောင်းပန်နေတော့၏။
“အစ်ကို ကုစဲ့... သမီးနဲ့ သူငယ်ချင်းကောင်း လုပ်ပေးပါနော်။ သမီး အမှောင်ခန်းထဲမှာ အပိတ်မခံချင်ဘူး”
ယဲ့ယီသည် အမှောင်ခန်းဆိုသည်မှာ ဘာလဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော မျက်နှာပေးနှင့် အမျိုးသမီးတစ်ဦး အထဲသို့ လျှောက်လာလေတော့သည်။
“မန်ဇီထုံ... နင် ဘာတွေ လျှောက်ပြောနေတာလဲ”
မန်ဇီထုံ ယဲ့ယီ၏ နောက်ကွယ်တွင် ပုန်းကွယ်ရန် ကြိုးစားသော်လည်း ထိုအမျိုးသမီး၏ အကြည့်တစ်ချက်အောက်မှာပင် လိမ္မာပါးနပ်စွာ လျှောက်လာရ၏။
ဤသူမှာ လီရွှမ် ဖြစ်ရမည်ဟု ယဲ့ယီ သိလိုက်သည်။
မန်ဇီထုံ သည် ရှေ့သို့ ရောက်လာသည်နှင့် လီရွှမ် သည် သူမကို ချက်ချင်းပင် ပါးရိုက်လိုက်လေ၏။
ထိုလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ ကလေးများအားလုံးမှာ လန့်ဖျန့်သွားကြပြီး မည်သူမျှ စကားမပြောရဲကြတော့ပေ။