အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း (၁၂၃)
သတင်းအကြီးစား
ယဲ့ယီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမအနေဖြင့် သူတစ်ပါး၏ မိသားစုရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း လီရွှမ်သည် ကလေးတစ်ယောက်ကို ဤနေရာ၌ လာရောက်ဆုံးမနေသဖြင့် သူမ လျစ်လျူရှုထားရန်မှာလည်း မသင့်တော်လှပေ။
“ဥက္ကဌလီ... အကယ်၍ ဥက္ကဌအနေနဲ့ ကလေးကို ဆုံးမချင်တယ်ဆိုရင် အိမ်ပြန်ရောက်မှပဲ ဆုံးမပါ။ ဒီလိုနေရာမျိုးမှာ လုပ်တာက သိပ်ပြီးတော့ မသင့်တော်ဘူးလို့ ထင်တယ်”
လီရွှမ်က ယဲ့ယီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူမ အကြည့်များမှာ ယဲ့ယီအပေါ် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေပြီးနောက် ရှေ့တိုးကာ မန်ဇီထုံ သို့မဟုတ် ယခုအခါတွင် လီဇီထုံဟု ခေါ်ရမည့် ထိုကလေးမလေးကို အပြင်သို့ ဆွဲခေါ်သွားတော့၏။
လီရွှမ်၏ အပြုအမူကို ကြည့်ခြင်းဖြင့် လီဇီထုံအနေဖြင့် လီမိသားစုထဲတွင် နေထိုင်ရှင်သန်ရမည့် ဘဝမှာ လွယ်ကူလှမည်မဟုတ်ပေ။ သူမအနေဖြင့် လူ့ဘဝသို့ ရောက်လာသော်လည်း ဖအေတူမအေကွဲ တရားမဝင်သမီးဖြစ်ရခြင်းကပင် သူမ ရှေ့ဆက်ရမည့် နေ့ရက်များအတွက် ချောမွေ့မည် ကံမပါလာကြောင်း သိသာလှပေ၏။
ယဲ့ယီသည် ထိုကိစ္စတွင် ဝင်မစွက်ဖက်ချင်တော့ဘဲ နောင်တစ်ချိန်တွင် လီမိသားစုမှ ကုစဲ့ကို ထပ်မံ ပစ်မှတ်မထားရန်သာ ဆုတောင်းနေမိတော့သည်။
သိပ်မကြာခင်မှာပင် မွေးနေ့စားသောက်ပွဲ တရားဝင်စတင်ခဲ့လေ၏။ ကုစဲ့သည် ယဲ့ယီနှင့် ကုရှီချန်းတို့၏ ခြံရံမှုဖြင့် မွေးနေ့ကိတ်ဆီသို့ အတူတူ လျှောက်လှမ်းလာခဲ့လေသည်။ မီးများ မှေးမှိန်သွားချိန်တွင် ကလေးများအားလုံးက သူ့အတွက် မွေးနေ့သီချင်းကို တညီတညွတ်တည်း သီဆိုပေးကြ၏။
ကုရှီချန်းသည် ကုစဲ့၏ ဆံပင်များကို အသာအယာပွတ်သပ်ပေးရင်း ပြောလိုက်သည်။
“ဆုတောင်းလေ”
ကုစဲ့က လက်နှစ်ဖက်ကို စုစည်းကာ မျက်စိစုံမှိတ်၍ ဆုတောင်းလိုက်ပြီးနောက် ဖယောင်းတိုင်များကို မှုတ်လိုက်တော့၏။
ကလေးများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ကုစဲ့ကို မွေးနေ့လက်ဆောင်များ ပေးရန် ပြင်ကြတော့သည်။ သွမ့်ကျားကျားသည် ရှေ့တိုးသွားချင်သော်လည်း အနောက်သို့ တွန်းပို့ခြင်း ခံလိုက်ရလေ၏။
သွမ့်ကျားကျားမှာ ကုစဲ့ကို ကလေးတစ်အုပ်က ဝိုင်းရံထားသည်ကို ဘေးမှရပ်ကြည့်နေရင်း မိမိကိုယ်တိုင် ဂရုတစိုက် ပြင်ဆင်လာသော လက်ဆောင်လေးကို ကိုင်ကာ စိတ်မကောင်းဖြစ်သွားသည်။
ယဲ့ယီ ရှေ့တိုးပြီး သွမ့်ကျားကျားကို ရှေ့သို့ ခေါ်ဆောင်ပေးရန် ကြံရွယ်လိုက်သော်လည်း သူမ အံ့အားသင့်သွားရသည်မှာ နောက်တစ်စက္ကန့်တွင် ကုစဲ့သည် ကလေးများကြားမှ တိုးထွက်လာခဲ့လေ၏။ သူသည် မည်သူတစ်ဦးတစ်ယောက်၏ လက်ဆောင်ကိုမှ လက်မခံသေးဘဲ သွမ့်ကျားကျား၏ ရှေ့သို့ တိုက်ရိုက်လျှောက်သွားကာ မေးလိုက်၏။
“အစ်ကို့အတွက် လက်ဆောင် ဘယ်မှာလဲ”
သွမ့်ကျားကျား၏မျက်နှာလေးမှာ ဝင်းပသွားကာ သူမလက်ထဲရှိ လက်ဆောင်ကို ကုစဲ့ထံ ပေးလိုက်ပြီး ပြောလိုက်သည်။
“အစ်ကိုကုစဲ့... ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ”
ကုစဲ့ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ယဲ့ယီမှာ သူတို့နှစ်ယောက်၏ ချစ်စရာကောင်းမှုကို အသည်းယားလွန်းသဖြင့် ရူးမတတ်ပင် ဖြစ်သွားရတော့၏။
[အား... တကယ်ကို ချစ်စရာကောင်းလွန်းတယ်၊ ငါ့သားလေးက တကယ့်ကို လူလည်လေးပဲ]
ယဲ့ယီစိတ်ထဲမှ အသံကို ကြားနေရသော ကုရှီချန်းမှာ ဘာမှမတတ်နိုင်တော့ပေ။ ကုစဲ့အနာဂတ်လက်တွဲဖော်နှင့် ပတ်သက်၍ မိသားစုနောက်ခံအပေါ် သူ ကန့်သတ်ချက်မထားသော်လည်း ယခုအချိန်တွင် သူတို့နှစ်ဦးလုံးမှာ ကလေးများသာ ရှိသေးသည်။ ထို့ကြောင့် နောင်တစ်ချိန်အထိ အတူရှိနိုင်မလားဆိုသည်မှာ မေးခွန်းထုတ်စရာပင်။
ကုစဲ့သည် သွမ့်ကျားကျား၏ လက်ဆောင်ကို လက်ခံလိုက်သည်ကို မြင်သောအခါ ကျန်သောကလေးများကလည်း သူတို့၏ လက်ဆောင်များကို ပေးရန် အလုအယက် တိုးဝှေ့လာကြပြန်သည်။ ကုစဲ့သည် ယဲ့ယီထံ အကူအညီတောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
ယဲ့ယီ ပြုံးလိုက်ပြီး ကလေးများကို ညင်သာစွာ ပြောလိုက်လေသည်။
“ကလေးတို့ရေ... ရှောင်စဲ့က လက်ဆောင်တွေ အများကြီးကို တစ်ပြိုင်တည်း မကိုင်နိုင်ဘူးလေ။ အဲ့ဒီတော့ လက်ဆောင်တွေကို ဒီစားပွဲပေါ်မှာ အရင်တင်ထားလိုက်ပါလား။ ပွဲပြီးမှ သူ သေသေချာချာ ပြန်ကြည့်လိမ့်မယ်နော်”
အချို့ကလေးများမှာ ယဲ့ယီ၏ စကားကို ကြားသည်နှင့် လက်ဆောင်များကို စားပွဲပေါ်သို့ ချက်ချင်းတင်လိုက်ကြသော်လည်း လက်တစ်ဆုပ်စာ ကလေးများကမူ မကျေနပ်ကြဘဲ ကုစဲ့လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချင်နေကြသေး၏။ နောက်ဆုံးတွင် ကုစဲ့သည် လက်ဆောင်များကို လက်ခံကာ စားပွဲပေါ်သို့ ပြန်တင်ပေးခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။
ထို့နောက်တွင် လူကြီးအချို့က ကုစဲ့ကို ကုရှီချန်းရှေ့၌ နည်းလမ်းအမျိုးမျိုးဖြင့် ချီးကျူးလာကြလေ၏။ သိသာသည်ဖြစ်စေ မသိသာသည်ဖြစ်စေ သူတို့အားလုံးမှာ ကုကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်လိုကြသောကြောင့်ပင်။
ကုရှီချန်းသည် တိုက်ရိုက်ပင် တုံ့ပြန်လိုက်လေသည်။
“ကျွန်တော်က ကိုယ်ရေးကိုယ်တာ အချိန်တွေမှာ အလုပ်ကိစ္စတွေကို မဆွေးနွေးတတ်ဘူး”
လူတိုင်းက အနေရခက်စွာ ရယ်မောလိုက်ကြပြီး စကားလမ်းကြောင်းကို ကုစဲ့နှင့် ယဲ့ယီထံသာ ပြန်လည် လွှဲပြောင်းလိုက်ရတော့သည်။ ယဲ့ယီမှာ သည်းမခံနိုင်တော့ပေ။ ထို့နောက် လူအုပ်ကြားထဲမှ နန်ချင်ဝမ်ကို ရှာတွေ့သွားပြီး သူမကို အနောက်ဘက်ဥယျာဉ်ဆီသို့ ခေါ်ထုတ်သွားခဲ့လေ၏။
မမျှော်လင့်ဘဲ အနောက်ဘက်ဥယျာဉ်သို့ ရောက်သွားချိန်တွင် သူမ၏ အတင်းအဖျင်းသတင်း အချို့ကို အမှတ်မထင် ကြားလိုက်ရလေ၏။ ယဲ့ယီသည် နန်ချင်ဝမ်ကို ဥယျာဉ်ထဲရှိ ဇရပ်လေးသို့ ခေါ်သွားကာ ခဏထိုင်ရန် ပြင်လိုက်စဉ် ထိုနေရာမှ စကားပြောသံများကို ကြားလိုက်ရလေ၏။
ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် အနီးရှိ ပန်းခင်းနောက်ကွယ်တွင် ပုန်းကွယ်နေရင်း ထိုနေရာမှ စကားသံများကို တိတ်တဆိတ် နားစွင့်နေလိုက်ကြသည်။
“ရှောင်ဟယ်... ကျွန်မသမီးကို ပြန်ပေး။ ရှင်တို့ရဲ့ ဘဝတွေကို ကျွန်မ မနှောင့်ယှက်ပါဘူးလို့ ပြောထားပြီးသားပဲကို ဘာဖြစ်လို့ ကျွန်မသမီးကို ခေါ်သွားရတာလဲ”
စကားပြောနေသော အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း မမြင်ရသော်လည်း အသံနှင့် စကားပြောသည့် အကြောင်းအရာအရ မကြာသေးမီက လူမြင်ကွင်းမှ ပျောက်ကွယ်သွားသော မန်ရှင်းဖြစ်မှန်း တန်းသိနိုင်သည်။
“မင်းသာ ဒီကိစ္စကို ပြဿနာမရှာခဲ့ရင် လီရွှမ်က မင်းရှိနေတယ်ဆိုတာကို ဘယ်လိုလုပ် သိမှာလဲ။ အခု သူက ဇီထုံကို ကုစဲ့နဲ့ ရင်းနှီးအောင် လုပ်ဖို့ လေ့ကျင့်ပေးချင်နေတာ။ မင်း ဇီထုံကို မေ့လိုက်ပြီး ပိုက်ဆံတွေကို ယူပြီးတော့ တခြားမြို့မှာ သွားနေလိုက်ပါတော့”
ဤစကားကို ကြားသောအခါ ယဲ့ယီသည် လက်သီးကို မသိမသာ ဆုပ်လိုက်မိ၏။ မှန်ပေသည်။ လီရွှမ်သည် လီဇီထုံကို ကုစဲ့နှင့် နီးစပ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပွဲသို့ခေါ်လာခဲ့ခြင်း ဖြစ်၏။
ကလေးတစ်ယောက်ကိုပင် အသုံးချနေသည်မှာ အတော်လေး စက်ဆုပ်ဖွယ်ရာ ကောင်းလှပေသည်။
တစ်ဘက်မှ စကားပြောသံများ ဆက်ထွက်လာလေ၏။
“လီရွှမ်က ကုစဲ့နဲ့ နီးစပ်ဖို့ တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင် သူ့ဘာသာသူ မွေးလေ။ ဘာလို့ ကျွန်မသမီးကို လာလုရတာလဲ”
သို့သော် ရှောင်ဟယ် နောက်ထပ်ပြောလိုက်သော စကားမှာ နားထောင်နေသူ အားလုံးကို အံ့အားသင့်သွားစေတော့သည်။
“လီရွှမ်က မွေးရာပါ ကလေးမရနိုင်တဲ့သူလေ။ ဒါကြောင့်မလို့ သူက တရားမဝင်ရတဲ့ သမီးတစ်ယောက်ကို အိမ်ထဲဝင်ခွင့်ပြုတာပေါ့။ အဲ့ဒါကြောင့် မင်းသာ ဇီထုံရှေ့မှာ ပေါ်မလာဘူးဆိုရင် နောင်တစ်ချိန်မှာ သူက လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံရမှာ။ မင်း ဒီသမီးကို တကယ်ချစ်တယ်ဆိုရင် မြန်မြန်သာ ထွက်သွားလိုက်ပါတော့”
ရှောင်ဟယ်၏ စကားကို ကြားသောအခါ ယဲ့ယီ အရာအားလုံးကို သဘောပေါက်သွားတော့သည်။ သို့သော်လည်း လီရွှမ်သည် ပိုင်ဆိုင်မှုများကို လီဇီထုံထံ ပေးလိမ့်မည်ဟု ယဲ့ယီ မထင်ပေ။
ရှောင်ဟယ်သည် အရာရာကို ရိုးရှင်းလွန်းသည်ဟု တွေးနေခြင်းသာ ဖြစ်လေ၏။ လီရွှမ် ကလေးမမွေးနိုင်လျှင် ဆွေမျိုးထဲမှ ကလေးတစ်ယောက်ကို မွေးစားနိုင်သည် မဟုတ်လော။
အဘယ်ကြောင့် သွေးမတော်သားမစပ်သော အပြင်လူတစ်ယောက်အား လီမိသားစု၏ လုပ်ငန်းများကို ပေးအပ်ပါမည်နည်း။
သို့သော်လည်း မန်ရှင်းမှာမူ ထိုကိစ္စများကို တွေးတောနိုင်ပုံမရဘဲ ရှောင်ဟယ်၏ စကားများတွင် နစ်မွန်းသွားပုံရလေ၏။
“ဒါဆိုရင် ကျွန်မကို နောက်ထပ် ဆယ်သန်းပေး”
မန်ရှင်း တစ်ခါတည်း ဆယ်သန်းတောင်းလိုက်သည်ကို ကြားသောအခါ ရှောင်ဟယ် မကျေမနပ်အသံဖြင့် ဆိုလိုက်သည်။
“ငါ မင်းကို အရင်က တစ်သန်း ပေးထားပြီးပြီ မဟုတ်လား။ ပိုက်ဆံတွေ အများကြီးကို ဘာလုပ်ဖို့လဲ”
“တစ်သန်းက ဘာလုပ်လို့ရမှာလဲ။ ကျွန်မကို ဟိုင်ထျန်ဖျော်ဖြေရေးက အမည်ပျက်စာရင်း သွင်းလိုက်တာ ရှင်သိရဲ့လား။ ရခဲ့သမျှ ပိုက်ဆံတွေက စာချုပ်ဖောက်ဖျက်ကြေး ပေးတာနဲ့တင် ကုန်သွားပြီ။ ရှင်သာ ကျွန်မကို ဆယ်သန်းမပေးရင် ရှင့်ရှေ့မှာ ခဏခဏ ပေါ်နေမှာပဲ။ လီရွှမ် သိသွားရင် ရှင့်ကို လွှတ်ထားလိမ့်မယ်လို့ ရှင်မထင်နဲ့”
“မင်း...ငါ့မှာ အခုလောလောဆယ် အဲ့ဒီလောက် ပိုက်ဆံ အများကြီး မရှိသေးဘူး။ ပွဲပြီးရင် မင်းဆီကို အရင်ဆုံး နှစ်သန်း လွှဲပေးမယ်။ ပိုက်ဆံရပြီးတာနဲ့ မင်း ဒီမြို့ကနေ ထွက်သွားရမယ်… ကြားလား”
“စိတ်ချပါ၊ ဆယ်သန်းအပြည့် ကျွန်မကတ်ထဲ ရောက်တာနဲ့ ချက်ချင်း ထွက်သွားပေးမယ်”
သူတို့နှစ်ယောက်သည် စကားအနည်းငယ် ထပ်ပြောပြီးနောက် ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားသည်ကို အတည်ပြုပြီးနောက်မှ နန်ချင်ဝမ်နှင့် ယဲ့ယီတို့သည် ပန်းခင်းနောက်မှ ထွက်လာကြတော့၏။
နန်ချင်ဝမ် အံ့အားသင့်သော မျက်နှာပေးဖြင့် မေးလိုက်၏။
“လီရွှမ်က တကယ်ပဲ ကလေးမရနိုင်တာလား။ ဒါဆို သူ ပိုင်ဆိုင်မှုအားလုံးကို လင်ပါသမီးတစ်ယောက်ဆီ ပေးဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား”
ယဲ့ယီ ခေါင်းခါပြလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လီရွှမ်က အဲ့ဒီလောက်တော့ မအပါဘူး။ ပြီးတော့ ဒီနေ့ လီဇီထုံအပေါ် သူထားတဲ့ သဘောထားကို ကြည့်ရင်တောင် လီဇီထုံက အိမ်မှာ ကောင်းကောင်းမွန်မွန် မနေရလောက်ဘူး”
နန်ချင်ဝမ်သည် ဖျော်ရည်ဖြေရေးလောကအတွင်းမှ ညစ်ပတ်သော ကိစ္စရပ်များကို မြင်ဖူးသော်လည်း ချမ်းသာသော မိသားစုများအတွင်းမှ ကိစ္စရပ်များကို ကြုံရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံး ဖြစ်လေ၏။
“ဇီထုံလေးကလည်း သနားစရာ ကလေးလေးပါပဲ”
မိခင်တစ်ဦးအနေဖြင့် နန်ချင်ဝမ်သည် လီဇီထုံအပေါ် စတင်စာနာမိလာသည်။
“သူ့အနေနဲ့ ရှောင်စဲ့အနားကို ချဉ်းကပ်ဖို့ ထပ်ပြီး မစဉ်းစားတော့ဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်။”
ယဲ့ယီ အစိုးရိမ်ဆုံးအချက်မှာ လီရွှမ်သည် လီဇီထုံကို အသုံးချပြီး ကုစဲ့အပေါ် အကွက်ချလာမည်ကိုပင်။ လီရွှမ်သည် အလွန်ပင် အတွက်အချက်များသူ ဖြစ်ရာ လီဇီထုံသာ သူမ၏ လက်အောက်တွင် ဆက်လက်ကြီးပြင်းနေမည်ဆိုပါက စိတ်နေစိတ်ထားများ သူမအတိုင်း ကောက်ကျစ်သွားရန် မခဲယဉ်းလှပေ။
နန်ချင်ဝမ်မှာ သက်ပြင်း ချလိုက်မိ၏။ ချမ်းသာသော မိသားစုများ၏ အရေးမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။ အကယ်၍ သူမ သမီးက ကုစဲ့နှင့် သူငယ်ချင်းဖြစ်ရန် ဇွတ်မတောင်းဆိုခဲ့ပါက နန်ချင်ဝမ်အနေဖြင့် သွမ့်ကျားကျားကို ကုစဲ့နှင့် အဆက်အသွယ် မပြုစေချင်တော့ပေ။
အကြောင်းမှာ မိသားစုနှစ်ခုကြားရှိ ကွာဟချက်မှာ သိသာလွန်းသောကြောင့် ဖြစ်သည်။ ကလေးနှစ်ယောက် သူငယ်ချင်းဖြစ်နေသည်မှာ ပြဿနာမရှိသော်လည်း အနာဂတ်တွင် သူတို့နှစ်ဦးကြား ထိုထက်ပို၍ အဆင့်မတက်သင့်ပေ။
နန်ချင်ဝမ်အနေဖြင့် သူမ၏ သမီးလေး နောင်တစ်ချိန်တွင် ကုစဲ့အပေါ် အချစ်စိတ် မဝင်လာစေရန်သာ ဆုတောင်းနိုင်တော့၏။
သူငယ်ချင်းကောင်းများ ဖြစ်နေရုံပင် လုံလောက်ပြီ ဖြစ်သည်။ အချစ်ထက်စာလျှင် သူငယ်ချင်းသံယောဇဉ်ကြိုးကသာ ပိုမို ခိုင်မြဲတတ်သည် မဟုတ်လော။
အခန်း (၁၂၄)
ကွာရှင်းတော့မည်
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ စကားစမြည်ပြောဆိုရန် ဇရပ်လေးဆီသို့ လျှောက်လှမ်းလာခဲ့ကြသော်လည်း မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်ဦးနှင့် တိုးလေတော့သည်။
“အစ်မ... အစ်မကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
ရင်းနှီးနေသော ထိုခေါ်သံကို ကြားလိုက်ရသဖြင့် ယဲ့ယီ စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်၏။
‘ဒုက္ခပါပဲ’
သူမသည် နန်ချင်ဝမ်ကို ခေါ်ပြီး အမြန်ထွက်ပြေးရန် ကြံရွယ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကုန်းရှောင်ချင်း သူမတို့ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
“ရှောင်ယီ... နင့်မှာ မောင်လေးရှိတယ်လို့ ငါ့ကို တစ်ခါမှ မပြောဖူးပါလား”
နန်ချင်ဝမ်က နားမလည်နိုင်စွာ မေးလိုက်သည်။
ယဲ့ယီဘက်မှ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ကုန်းရှောင်ချင်းက နန်ချင်ဝမ်ကို အလိုက်တသိဖြင့် ရှင်းပြလိုက်လေသည်။
“ဒီက အစ်မ... ကျွန်တော်က ဒီအစ်မရဲ့ မောင်လေး မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ကို ပိုးပန်းနေတဲ့သူပါ”
“အဟွတ်... အဟွတ်...”
နန်ချင်ဝမ်မှာ သီးမတတ် ဖြစ်သွားရပြီး ယဲ့ယီကို အံ့အားသင့်သော မျက်နှာပေးဖြင့် ကြည့်လိုက်တော့သည်။ သူမသည် ယဲ့ယီ၏ အနားသို့ ကပ်ကာ တိုးတိုးလေးမေးရှာ၏။
“ရှောင်ယီ... ဒါက ဘာတွေ ဖြစ်နေတာလဲ၊ ဥက္ကဌကုကော ဒါကို သိလား”
ယဲ့ယီကမူ သက်ပြင်းချကာ ဆိုသည်။
“သူက ဒီတိုင်း လျှောက်စနေတဲ့ ကလေးပါ”
ယဲ့ယီ၏ စကားကို ကြားသောအခါ ကုန်းရှောင်ချင်းက ချက်ချင်းပင် ရှင်းပြတော့သည်။
“ကျွန်တော်က အလေးအနက် ပြောနေတာပါ။ ပြီးတော့ ကျွန်တော်က ကလေးမဟုတ်တော့ဘူး၊ အသက် ၂၀ တောင် ရှိနေပြီ”
နန်ချင်ဝမ် ကုန်းရှောင်ချင်းကို တစ်ချက်၊ ယဲ့ယီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကုန်းရှောင်ချင်းကို မေးလိုက်၏။
“သူ့မှာ အိမ်ထောင်ရှိတာကို မင်း သိရဲ့လား”
ကုန်းရှောက်ချင်း ခေါင်းငြိမ့်ပြလိုက်၏။
“သိတာပေါ့”
နန်ချင်ဝမ်မှာ အချိန်အတော်ကြာ ဆွံ့အသွားရလေ၏။
‘သိလျက်နဲ့ ဘာလို့ လိုက်နေတာလဲ’
နန်ချင်ဝမ်သည် ကုန်းရှောင်ချင်းကို အလိုက်တသိဖြင့် ဆက်လက်ရှင်းပြလေသည်။
“ဒါဆိုရင် သူက ကုရှီချန်းရဲ့ ဇနီးဖြစ်နေတာကိုရော မင်း သိလား။ ပြီးတော့ မင်း အခု ရောက်နေတဲ့ မွေးနေ့ပွဲက မွေးနေ့ရှင်လေးရဲ့ အမေဆိုတာရော သိရဲ့လား”
ကုန်းရှောင်ချင်း အလေးအနက် ရေရွတ်လိုက်၏။
“ဪ”
နန်ချင်ဝမ်နှင့် ယဲ့ယီတို့ နှစ်ဦးလုံး သူ လက်လျှော့သွားတော့မည်ဟု ထင်လိုက်ချိန်တွင် ကုန်းရှောင်ချင်းက ရုတ်တရက် ဆိုလိုက်၏။
“ဒါဆို အစ်မက ရှီချန်းရဲ့ ဇနီးပေါ့”
ဤစကားကြောင့် နန်ချင်ဝမ်နှင့် ယဲ့ယီတို့ နှစ်ဦးလုံး ကြောင်သွားရသည်။
‘သူက ကုရှီချန်းနဲ့ သိတယ်ပေါ့’
ယဲ့ယီ ချောင်းတစ်ချက် ဟန့်လိုက်၏။
“မင်းက ငါ့ကို ရှီချန်းရဲ့ ဇနီးမှန်း သိပြီးပြီဆိုတော့ လက်လျှော့တော့မယ် မဟုတ်လား”
ကုန်းရှောင်ချင်း က ပြုံးပြုံးနှင့် ပြောလိုက်၏။
“အစ်မက ရှီချန်းနဲ့ ကွာရှင်းတော့မှာ မဟုတ်လား။ အဲ့ဒီတော့ အစ်မ ကွာရှင်းပြီးတဲ့အခါကျရင် ကျွန်တော့်ကို ထည့်စဉ်းစားပေးလို့ ရတာပဲလေ”
ယဲ့ယီမှာ ကုန်းရှောင်ချင်းကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။
“ငါ ကုရှီချန်းနဲ့ ကွာရှင်းတော့မယ်ဆိုတာကို မင်းက ဘယ်လိုလုပ် သိတာလဲ”
နန်ချင်ဝမ်လည်း ယဲ့ယီ၏ စကားကြောင့် အံ့အားသင့်သွားရတော့သည်။
“နင်က ဥက္ကဌကုနဲ့ ကွာရှင်းမလို့လား”
ကုန်းရှောင်ချင်းက ပြုံးကာ ဆိုပြန်၏။
“အစ်မ... ကျွန်တော် ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး။ အစ်မ ကွာရှင်းပြီးတာနဲ့ ကျွန်တော့်ကို အရင်ဆုံး ထည့်စဉ်းစားပေးဖို့ပဲ လိုတယ်”
ယဲ့ယီသည် ကုရှီချန်းက ကုန်းရှောင်ချင်းကို ပြောပြလိုက်ခြင်း ဖြစ်ရမည်ဟု အလိုအလျောက် ထင်မိသွားလေသည်။
သူမသည် စိတ်ထဲမှနေ၍ နှာခေါင်းရှုံ့လိုက်မိသည်။
‘ယောက်ျားတွေရဲ့ စကားဆိုတာ တကယ်ကို မယုံရဘူး။သူကပဲ ကွာမပေးဘူးလို့ ပြောနေပြီးတော့ တခြားသူတွေကိုကျတော့ ဒီသတင်းကို ပြောပြဖို့ စိတ်လောနေတာကိုး’
ကုရှီချန်းကမူ ထိုအချိန်တွင် မိမိမှာ မတရား အပြစ်တင်ခံနေရသည်ကို လုံးဝ မသိရှိရှာပေ။
နန်ချင်ဝမ်မှာမူ ယဲ့ယီနှင့် ကုရှီချန်းတို့ ကွာရှင်းတော့မည်ဟူသော သတင်းထဲမှ ရုန်းမထွက်နိုင်သေးဘဲ အံ့ဩနေဆဲပင်။
အရာအားလုံး ကောင်းမွန်နေပါလျက်နှင့် အဘယ်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း။ ကုရှီချန်းနှင့် ယဲ့ယီတို့ တစ်ဦးကိုတစ်ဦး အလွန်ပင် ချစ်ကြသည် မဟုတ်လော။
“ကွာရှင်းပြီးရင်တောင် မင်းကို ငါ ထည့်မစဉ်းစားဘူး”
ယဲ့ယီ ရက်ရက်စက်စက် ငြင်းဆိုလိုက်၏။ သူသည် သူမ ကြိုက်တတ်သည့် ယောကျာ်းမျိုးလည်း မဟုတ်ပေ။ ထို့အပြင် အဓိကအချက်မှာ သူမသည် ကုရှီချန်းနှင့် ပတ်သက်သူ တစ်ဦးတစ်ယောက်နှင့်မျှ ထပ်မံ မပတ်သက်လိုတော့ခြင်းကြောင့် ဖြစ်လေ၏။
“အစ်မ... ငြင်းဖို့ သိပ်မလောပါနဲ့ဦး။ အစ်မ ကွာရှင်းပြီးသွားရင် ကျွန်တော် တရားဝင် ပိုးပန်းတော့မှာပါ”
ထိုသို့ ဆိုကာ ကုန်းရှောင်ချင်းက ယဲ့ယီကို ဆွဲဆောင်မှုသော အပြုံးဖြင့်ပြုံးပြလိုက်သည်။
“ရှောင်ချင်း... မင်း ဘာလို့ ဒီရောက်နေတာလဲ” ယောကျာ်းတစ်ဦးသည် အဝေးမှ လျှောက်လာလေသည်။
ထိုသူ ရောက်ရှိလာသောအခါ ကုန်းရှောင်ချင်းက လှမ်းခေါ်လိုက်လေ၏။
“အစ်ကို”
ယဲ့ယီ သည် သူမရှေ့မှလူကို အကဲခတ်ကြည့်လိုက်သည်။ ကုန်းရှောင်ချင်းသည် ကုရှီချန်းနှင့် အလွန်ရင်းနှီးသူ ဖြစ်နေပါက ကုန်းရှောင်ချင်း၏ အစ်ကိုသည်လည်း ကုရှီချန်း၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ရပေမည်။
ကုန်းရှောင်ကျောက် ယဲ့ယီနှင့် နန်ချင်ဝမ်တို့ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်၏။
“တောင်းပန်ပါတယ်၊ ကျွန်တော့် ညီလေးက ပြည်ပကနေ အခုမှ ပြန်ရောက်တာပါ။ သူ ခင်ဗျားတို့ကို စနေတာတော့ မဟုတ်ဘူးမလား”
ယဲ့ယီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်လေသည်။
“ရှင့်ညီက ကျွန်မ ကွာရှင်းပြီးရင် သူ့ကို လက်ခံဖို့ ပြောနေတာ။ ကျွန်မက အမည်ခံအားဖြင့် ကုရှီချန်းရဲ့ ဇနီး ဖြစ်နေသေးတာလေ။ ရှင့်ညီက သူများရဲ့ စားသောက်ပွဲမှာ အိမ်ရှင်မကို လာလုဖို့ ကြိုးစားနေတာက နည်းနည်းတော့ မသင့်တော်ဘူးလို့ ထင်တယ်မလား”
ယဲ့ယီ၏ စကားကို ကြားသောအခါ ကုန်းရှောက်ကျောက် စိတ်ထဲမှ ရေရွတ်မိတော့၏။
‘ဒုက္ခပါပဲ။ ငါ့ညီကတော့ ကုရှီချန်း မိန်းမကို သွားလုနေတာ ဒီလောကကြီးထဲမှာ မနေချင်တော့ဘူးနဲ့တူတယ်’
“မရီး... ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်ဗျာ။ ရှောက်ချင်းကို စိတ်ထဲမထားပါနဲ့၊ သူက ဒီလိုပဲ နောက်ပြောင်တတ်လို့ပါ”
ကုန်းရှောင်ကျောက်သည် ကုန်းရှောင်ချင်းကို ယဲ့ယီထံ တောင်းပန်ရန် မျက်နှာရိပ်ပြနေသော်လည်း ကုန်းရှောင်ချင်း မတောင်းပန်သည့်အပြင် ဆက်ပြောလေသည်။
“အစ်ကို... ကျွန်တော်က ရှီချန်းရဲ့ လူကို လုနေတာ မဟုတ်ပါဘူး။ ကျွန်တော်က ကြိုတင်ပြီး ဘိုကင်လုပ်ထားတာပါ။ ဘာပဲဖြစ်ဖြစ် သူနဲ့ ရှီချန်းက ကွာရှင်းတော့မှာပဲကို၊ ကျွန်တော် ကြိုပြီး တန်းစီထားတာ ဘာမှားလို့လဲ”
ကုန်းရှောင်ချင်း၏ စကားများကို နားထောင်ရင်း ကုန်းရှောင်ကျောက်မှာ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ထုကြီး ဖုံးလွှမ်းထားသကဲ့သို့ ခံစားလိုက်ရတော့၏။
‘ ဒီကောင် ကုရှီချန်း ကွာရှင်းတော့မှာကို ဘယ်လိုလုပ် သိသွားတာလဲ။ အဲ့အကောင် ဖိုင်တွေကို ခိုးကြည့်ထားတာနေမှာ’
အကယ်၍ ကုရှီချန်းသာ သူ ကွာရှင်းတော့မည့် သတင်း ပေါက်ကြားသွားကြောင်း သိသွားပြီး ကုန်းရှောင်ချင်းက သူ၏ ဇနီးကို မျက်စိကျနေသည်ကိုပါ သိသွားပါက သူ ဆက်ပြီး မတွေးရဲတော့ပေ၊၊ တကယ်ကို မတွေးရဲစရာပင်။
တွေးကြည့်ရုံနှင့်တင် ကုန်းရှောင်ကျောက် ထိတ်လန့်တုန်လှုပ်နေမိ၏။ ယခုအချိန်တွင် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ကုရှီချန်းကို ဤကိစ္စ လုံးဝမသိစေရန် တားဆီးရတော့မည်။ သို့မဟုတ်ပါက သူ့ ညီလေးမှာ ဘဝဆုံးသွားရပေလိမ့်မည်။
သို့သော်လည်း သူ အကြောက်ဆုံးအရာကြီး ဖြစ်လာခဲ့လေပြီ။
“မင်းတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ”
ကုရှီချန်းသည် မည်သည့်အချိန်က ရောက်နေမှန်းမသိ ထိုနေရာတွင် ဘွားခနဲ ပေါ်လာလေ၏။
ကုန်းရှောင်ကျောက် ချက်ချင်းပင် သူ့ ညီပါးစပ်ကို လက်ဖြင့် လှမ်းပိတ်လိုက်ပြီး ကုရှီချန်းကို ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး၊ ရှောက်ချင်းက လမ်းပျောက်သွားလို့ပါ။ ကျွန်တော့် အိမ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ သူ့ကို အရင်ခေါ်သွားလိုက်ဦးမယ်”
ထိုသို့ဆိုကာ ယဲ့ယီထံသို့ အသနားခံသော အကြည့်တစ်ချက် လေးဖြင့် ကြည့်လိုက်သေး၏။ ထို့နောက် သူသည် ကုန်းရှောင်ချင်းကို ဆွဲ၍ ထိုဒုက္ခများလှသော နေရာမှ အမြန်ဆုံး ထွက်ခွာသွားလေတော့သည်။
ကုရှီချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရလေသည်။သို့သော်လည်း အများကြီး မတွေးတော့ဘဲ ယဲ့ယီကို ပြောလိုက်၏။
“ရှောင်စဲ့က မင်းကို မတွေ့လို့ လိုက်ရှာနေတယ်”
ယဲ့ယီ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် နန်ချင်ဝမ်ကို ခေါ်ကာ ကုရှီချန်းကို ကျော်၍ အထဲသို့ ဝင်သွားလေတော့၏။
ကုရှီချန်းမှာ ယဲ့ယီ ဒေါသထွက်နေသည်ဟု ထင်သွားလေတော့သည်။
‘ငါ ဘာမှ မလုပ်ခဲ့ပါဘူး။ ဟုတ်တယ်မလား’
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ စားသောက်ပွဲသို့ ပြန်ရောက်သောအခါ ကုစဲ့နှင့် သွမ့်ကျားကျားတို့ ချက်ချင်းပင် လာရောက်ကြိုဆိုကြလေ၏။ ကုစဲ့မှာ မျက်နှာတည်လေးဖြင့် မကျေမနပ်ပြောလာ၏။
“မေမေတို့ ဘယ်တွေ သွားနေတာလဲ။ သား ရှာနေတာ အကြာကြီးပဲ”
ယဲ့ယီသည် ကုစဲ့၏ ပါးလေးကို အသာဆွဲလိုက်ရင်း မေးလိုက်၏။
“ဘာလဲ... မေမေက အပြင်ကို ထွက်ပြီး လေညင်းလေးတောင် ခံလို့ မရဘူးလား”
[ဟဲဟဲ... ကြည့်စမ်း၊ ငါ့သားလေး စိတ်ကောက်နေတဲ့ ပုံစံလေးက ချစ်စရာကောင်းလိုက်တာ၊ ဒီပါးလေးကို ဆွဲရတာ တကယ် အရသာရှိတာပဲ]
နန်ချင်ဝမ်တွင် ယဲ့ယီကို မေးစရာ မေးခွန်းများစွာရှိနေ၏။
‘အားလုံးအဆင်ပြေနေတာကို ယဲ့ယီနဲ့ ကုရှီချန်းတို့က ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းကြမှာတုန်း’
ယဲ့ယီလည်း နန်ချင်ဝမ် ဘာမေးချင်နေသည်ကို သိနေ၏။ သူမ ကုစဲ့ကို နှစ်သိမ့်ပေးပြီးနောက် နန်ချင်ဝမ်ကို သူမ အခန်းထဲသို့ ခေါ်သွားခဲ့လေသည်။
“ရှောင်ယီ... ဘာတွေ ဖြစ်နေကြတာလဲ”
နန်ချင်ဝမ် အခန်းထဲရောက်သည်နှင့် စိုးရိမ်တကြီး မေးတော့သည်။
ဤကိစ္စမှာ အနှေးနှင့်အမြန် လူသိရှင်ကြား ဖြစ်လာမည်သာ ဖြစ်သဖြင့် ယဲ့ယီသည် နန်ချင်ဝမ်ကို ဆက်လက် ဖုံးကွယ်မထားတော့ပေ။
“ကုရှီချန်းနဲ့ ကျွန်မကြားမှာ ဘာသံယောဇဉ်မှ မရှိဘူး။ သူက ကျွန်မကို လက်ထပ်ခဲ့တာက မိသားစုချင်း ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေလို့ပါ”
နန်ချင်ဝမ်မှာ မယုံနိုင်ပေ။
“ဒါပေမဲ့ ဟိုအစီအစဉ်မှာတုန်းက နင်တို့နှစ်ယောက်က တကယ်ကို...”
ယဲ့ယီ ပြုံးလိုက်၏။
“အဲ့ဒါက လူကြည့်ကောင်းအောင်လို့ပါ”
နန်ချင်ဝမ်မှာ မယုံနိုင်သေးပေ။ ကုရှီချန်းသည် ယဲ့ယီကို ကြည့်လိုက်တိုင်း သူ့မျက်လုံးများထဲတွင် အချစ်များဖြင့် ပြည့်နှက်နေသည်မှာ ထင်ရှားနေ၏။ အဘယ်ကြောင့် သူတို့ ရုတ်တရက်ကြီး ကွာရှင်းနိုင်မည်နည်း။
“ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းဖို့ အထိ ဖြစ်လာရတာလဲ”
ယဲ့ယီအနေဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ကုစဲ့အပေါ် နှိပ်စက်ခဲ့သည့် ကိစ္စကို ပြောပြ၍ မရနိုင်သဖြင့် အကြောင်းပြချက် တစ်ခုကိုသာ လျှောက်ပြောလိုက်ရသည်။
“ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သဘောထားခြင်း မတိုက်ဆိုင်ကြလို့ပါ။ အစကတည်းက သံယောဇဉ်မှ မရှိတာ၊ ဆက်ပြီး ဆွဲထားနေရင်လည်း အပိုပါပဲ”
နန်ချင်ဝမ် ယဲ့ယီကို ကြည့်ရင်း တစ်ခုခု ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေကာ ဘာပြောရမှန်းပင် မသိတော့ချေ။