အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅)
ကွာရှင်းစာချုပ် လက်မှတ်ရေးထိုးခြင်း
ယဲ့ယီသည် နန်ချင်ဝမ်ကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်၏။
“သူနဲ့ ကျွန်မကြားမှာ အစကတည်းက ဘာသံယောဇဉ်မှ မရှိခဲ့ဘူးလေ။ လမ်းခွဲလိုက်တာက ကျွန်မတို့ နှစ်ယောက်လုံးအတွက် ပိုကောင်းပါတယ်”
နန်ချင်ဝမ်မှာ သက်ပြင်းချလိုက်တော့သည်။
“အစ်မကတော့ နင်နဲ့ ဥက္ကဌကုတို့ တစ်သက်လုံး အဘွားကြီး အဘိုးကြီးဘဝအထိ အတူတူနေသွားကြမယ်လို့ ထင်ခဲ့တာ”
“ဟူး... ကိုယ့်ဘာသာကိုယ် နေရတာက ပိုပြီးတော့တောင် သက်သောင့်သက်သာ ရှိပါသေးတယ်အစ်မရယ်”
နန်ချင်ဝမ် နောက်ထပ် ဘာမှ မပြောတော့ပေ။ နှလုံးသားရေးရာ ကိစ္စများမှာ အခြားသူများ ဝင်ရောက်စွက်ဖက်နိုင်သည့် အရာမျိုး မဟုတ်ပေ။ နန်ချင်ဝမ် ယဲ့ယီနှင့်အတူ အခန်းထဲတွင် အတော်ကြာအောင် နေပြီးနောက် ထွက်ခွာသွားတော့၏။ စားသောက်ပွဲကြီးမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ ယဲ့ယီ ကုစဲ့အတွက် သူမ ပြင်ဆင်ထားသော လက်ဆောင်ကို ယူရန် အခန်းထဲသို့ ခဏပြန်ဝင်သွားလေ၏။ ထို့နောက် ကုစဲ့၏ အခန်းသို့ လျှောက်လာခဲ့သည်။
သို့သော် ယဲ့ယီသည် ကုရှီချန်းပါ ထိုနေရာတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ယဲ့ယီသည် ကုရှီချန်းကို လျစ်လျူရှုထားလိုက်ပြီး လက်ဆောင်ကို ကုစဲ့ထံသို့ တိုက်ရိုက်ပင် ပေးလိုက်တော့၏။
“ရော့... ဒါက ငါ အားတဲ့အချိန်မှာ ဒီတိုင်း လုပ်ထားတာ။မင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် မှတ်ထားလိုက်ပေါ့”
ကုစဲ့သည် လက်ဆောင်ကို ယူကာ ဖွင့်ကြည့်လိုက်သည်။ သေတ္တာထဲတွင် ‘ကုစဲ့’ ဟူသော စာလုံးများကို ထွင်းထုထားသည့် သစ်သား သော့ချိတ်ကို မြင်လိုက်ရသောအခါ အပြုံးပန်းများ ဝေသွားလေတော့၏။
“ကျေးဇူးတင်ပါတယ် မေမေ၊ သား အရမ်းကြိုက်တယ်”
“စိတ်ကူးပေါက်လို့ လုပ်ထားတာပါ”
ယဲ့ယီ ဟိတ်ဟန်အပြည့်ဖြင့် ဆိုလိုက်၏။
[ငါ့သားလေး သဘောကျတယ်ဆိုရင်ပဲ တန်ပါပြီ၊ ငါ အချိန်အကြာကြီး ပေးပြီး လုပ်ခဲ့ရတာ အနည်းဆုံးတော့ တန်ပါတယ်]
ယဲ့ယီ၏စိတ်ထဲမှ အသံကို ကြားလိုက်ရသောအခါ ကုစဲ့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားရတော့သည်။ ကုရှီချန်းသည် ကုစဲ့၏ လက်ထဲရှိ သစ်သားသော့ချိတ်လေးကို ငုံ့ကြည့်လိုက်ပြီး ယဲ့ယီ လက်ပေါ်မှ ဒဏ်ရာ အဘယ်ကြောင့် ရရှိခဲ့သည်ကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။
လက်ဆောင်ပေးပြီးနောက် ယဲ့ယီသည် ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် ကုစဲ့က သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။
ယဲ့ယီက ကုစဲ့ကို နားမလည်နိုင်စွာ ငုံ့ကြည့်ရင်း မေးလိုက်လေ၏။
“ဘာဖြစ်လို့လဲ”
ကုစဲ့က တိုးတိုးလေး မေးလိုက်သည်။
“သား ဘာဆုတောင်းခဲ့လဲဆိုတာ မေမေ သိချင်လား”
“ဘာဆုတောင်းခဲ့တာလဲ”
ယဲ့ယီက အလိုက်သင့်လေး ပြန်မေးပေးလိုက်၏။
ကုစဲ့ သည် ယဲ့ယီကို အလေးအနက်ထား ကြည့်ကာ ပြောလိုက်တော့သည်။
“သားရဲ့ နောင်မွေးနေ့တိုင်းမှာ မေမေတို့ နှစ်ယောက်လုံး သားအနားမှာ ရှိနေပါစေလို့ သား ဆုတောင်းခဲ့တာ”
ယဲ့ယီမှာ ဆွံ့အသွားရသည်။ သူမ ကုစဲ့ကို ထိုကတိမျိုး မပေးနိုင်ပေ။
သူမနှင့် ကုရှီချန်း ကွာရှင်းပြီးသည်နှင့် ကုစဲ့နှင့် တွေ့ရတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ကုစဲ့ကို တွေ့ခွင့်ရမရသည် ကုရှီချန်းအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ယဲ့ယီ ဘာမှမပြောသည်ကို မြင်သောအခါ ကုစဲ့မှာ စိတ်မကောင်းစွာဖြင့် မေးလာ၏။
“မေမေတို့က တကယ်ပဲ ကွာရှင်းကြတော့မှာလား”
ယဲ့ယီက ခေါင်းငြိမ့်ပြလိုက်သည်။ ကုစဲ့ အနှေးနှင့်အမြန် သိရမည်သာ ဖြစ်သဖြင့် ယခုပြောသည်ဖြစ်စေ၊ နောင်မှပြောသည်ဖြစ်စေ ဘာမျှ ထူးခြားမည် မဟုတ်ပေ။
“အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်လားဟင်”
ကုစဲ့က ကုရှီချန်း၏ အဝတ်စကို ဆွဲကာ ပြောလိုက်လေ၏။
“ဖေဖေ... သား အရင်က ကိစ္စတွေကို စိတ်ထဲ မထားတော့ပါဘူး။ ကျေးဇူးပြုပြီး မကွာရှင်းကြပါနဲ့လား”
ကုရှီချန်းက ကုစဲ့ကို ပြန်မဖြေဘဲ ယဲ့ယီကိုသာ ကြည့်နေမိတော့၏။ ယဲ့ယီသည် ကုစဲ့၏ ပါးကလေးကို အသာဆွဲလိုက်ပြီးနောက် သက်ပြင်းချကာ ပြောလေသည်။
“အရင်က ကိစ္စတွေ မရှိရင်တောင်မှ မင်းဖေဖေနဲ့ မေမေက ကွာရှင်းကြမှာပဲ”
“ဘာလို့လဲဟင်”
ကုစဲ့လေးက နားမလည်နိုင်စွာ မေးလိုက်၏။
“ဘာလို့လဲဆိုတော့ မင်းဖေဖေနဲ့ မေမေကြားမှာ ဘာသံယောဇဉ်မှ မရှိလို့ပဲ”
ယဲ့ယီ၏ စကားကို ကြားသောအခါ ကုရှီချန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် တိတ်တဆိတ် ဆုပ်လိုက်မိသည်။
“ဒါပေမဲ့ ဖေဖေက မေမေ့ကို အရမ်းချစ်တာကိုလေ”
ကုစဲ့က အပြစ်ကင်းစင်စွာ ပြန်ပြောလိုက်ပြန်သည်။
ယဲ့ယီ က ပြုံးလိုက်၏။ ကုရှီချန်းသည် ကုစဲ့ကို စိတ်မကောင်းမဖြစ်စေရန် ထိုသို့ ဟန်ဆောင်နေခြင်းသာ ဖြစ်ရလေမည်။ အကယ်၍ သူသာ သူမကို အမှန်တကယ် ချစ်မြတ်နိုးပါက ကွာရှင်းမည့် သတင်းကို ကိစ္စမပြီးပြတ်ခင်မှာပင် အခြားသူများကို အဘယ်ကြောင့် ပြောပြခဲ့မည်နည်း။
[အူကြောင်ကြောင်လေးပဲ၊ မင်းဖေဖေက မင်းကို လိမ်ပြောနေတာပဲ၊ သူ ငါ့ကို ဘယ်လိုလုပ် ချစ်မှာလဲ]
“ဒါပေမဲ့ မေမေကတော့ မင်းဖေဖေကို မချစ်ဘူး”
ယဲ့ယီ ရက်ရက်စက်စက် ပြောချလိုက်ပြန်သည်။
ကုရှီချန်းသည် လက်သီးကို ပို၍ တင်းကျပ်စွာ ဆုပ်လိုက်မိတော့သည်။ ယဲ့ယီ သူ့ကို မချစ်ကြောင်း အရင်က ပြောဖူးသော်လည်း ယခု ထပ်မံ ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ မသက်မသာဖြစ်ရပြန်သည်။
ယဲ့ယီသည် အဘယ့်ကြောင့် ဤသို့ အမြဲ တွေးနေရသနည်း။ ကုရှီချန်း အနေဖြင့် နားမလည်နိုင်ခဲ့ပေ။
‘ငါ သူ့ကို လုံလောက်အောင် မလုပ်ပေးခဲ့လို့များလား’
ကုစဲ့သည် အလွန် စိတ်ပျက်သွားသည့် ပုံစံဖြင့် ခေါင်းငုံ့သွားရှာသည်။ ယဲ့ယီသည် သူ့ကို နှစ်သိမ့်ပေးချင်သော်လည်း သူမ တစ်စုံတစ်ရာ လုပ်ဆောင်ရန် ကြံလိုက်တိုင်း ဦးနှောက်ထဲ၌ ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းမှာ စနစ်ဟု ခေါ်သော အရာက နှောင့်ယှက်နေခြင်းပင်။
ယဲ့ယီသည် ဤစနစ် ရှိနေရခြင်း၏ ရည်ရွယ်ချက်ကို ယခုတိုင် နားမလည်နိုင်သေးပေ။ အခြားသူများ၏ စနစ်များမှာ အနည်းဆုံး လုပ်ဆောင်ချက်အချို့ ရှိသော်လည်း သူမ၏ စနစ်မှာ အလှပြပစ္စည်းတစ်ခုနှင့်သာ တူနေ၏။
အလှပြပစ္စည်းဟု ခေါ်ရမည်ဆိုလျှင်လည်း သူမ ကုစဲ့အပေါ်သို့ ချစ်ခြင်းမေတ္တာ ပြသလိုသည့် အခါတိုင်း သူမကို ဓာတ်လိုက်အောင် လုပ်တတ်ပြန်သေးသည်။
[တောက်... ဒီခွေးစနစ်က ဘာကို လိုချင်နေတာလဲ။ ငါ့သားလေးကို နှစ်သိမ့်ပေးတာတောင် မရဘူးလား]
ယဲ့ယီ၏ စိတ်ထဲမှ “စနစ်” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ကုရှီချန်းသည် သူ ဘာကြောင့် ယဲ့ယီ၏အတွေးများကို ရုတ်တရက် ကြားနိုင်ခဲ့ရသည်ကို ချက်ချင်းပင် သိသွားတော့၏။
၎င်းမှာ ဤစနစ်ကြောင့် ဖြစ်နိုင်ချေရှိသည်။ ကုရှီချန်းသည် တစ်စုံတစ်ဦး၏ စရိုက် အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသည့် အကြောင်းရင်းကို တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့၏။ ဝတ္ထုများထဲတွင် ဖော်ပြလေ့ရှိသော ဝိညာဉ်ကူးပြောင်းခြင်း ကိစ္စရပ်များမှာ အမှန်တကယ်ပင် ရှိနေနိုင်ကြောင်း သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့တော့၏။
ယဲ့ယီသည် ကုစဲ့ကို နှစ်သိမ့်၍ မရသဖြင့် ကုရှီချန်း ကိုယ်တိုင်ပင် လုပ်ဆောင်ရတော့သည်။ ကုရှီချန်း ကုစဲ့၏ ခေါင်းကို ပွတ်ရန် လက်လှမ်းလိုက်သော်လည်း ကုစဲ့က ရှောင်လိုက်၏။
“ဖေဖေ... ဒါတွေက ဖေဖေ့အပြစ်တွေပဲ။ ဘာလို့ မေမေ ဖေဖေ့ကို သဘောကျအောင် မလုပ်နိုင်ရတာလဲ”
ကုရှီချန်း၏လက်မှာ လေထဲတွင် တန့်သွားရတော့သည်။
ယဲ့ယီမှာမူ ရယ်မောမိလုနီးပါး ဖြစ်သွားရသည်။
[သားရေ... မင်းကတော့ မင်းအဖေကို တကယ်ပဲ အခက်တွေ့အောင် လုပ်နိုင်တာပဲ]
“စောစော နားလိုက်တော့နော်”
ယဲ့ယီသည် ထိုသို့ပြောပြီးနောက် ထွက်သွားခဲ့လေရာ သားအဖ နှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ ကျန်ရစ်နေခဲ့တော့သည်။
ယဲ့ယီ ထွက်သွားပြီးနောက် ကုစဲ့၏ မျက်နှာလေးပေါ်တွင် မျက်ရည်ပေါက်ငယ်များ စီးကျလာတော့၏။ သူသည် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သည် ဆိုသော်လည်း ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ဦးသာ ရှိသေးသည်။
သူသည် ယဲ့ယီကို မိခင်အဖြစ် နောက်ဆုံးတွင် လက်ခံနိုင်ခဲ့ပါသော်လည်း ယခုအခါတွင် သူတို့ ကွာရှင်းကြပေတော့မည်။ သူအနေဖြင့် မခံစားနိုင်ခဲ့ပေ။
ကုရှီချန်းသည် ကုစဲ့၏ မျက်ရည်လေးများကို သုတ်ပေးရန် ဆောင့်ကြောင့်ထိုင်လိုက်လေ၏။
“စိတ်မပူပါနဲ့၊ မေမေ့ကို ပြန်ရအောင် ဖေဖေ သေချာပေါက် ကြိုးစားမှာပါ”
ကုစဲ့က ဖခင်ဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
“ဒါပေမဲ့ မေမေက ဖေဖေ့ကို မချစ်ဘူးလို့ ပြောတယ်လေ”
ကုရှီချန်းမှာ သားအရင်းကပင် သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။
‘မင်းအဖေ နားမကန်းသေးပါဘူး၊၊ အဲ့တာကြီးကို ပြန်ပြောဖို့ လိုလို့လား’
သို့သော်လည်း မိမိ၏သားအရင်း ဖြစ်နေသဖြင့် ဘာမှ မတတ်နိုင်ပေ။ ကုရှီချန်းမှာ ဒေါသကို မျိုသိပ်လိုက်ရ၏။
“အခု မချစ်သေးတာလေ။ နောင်ကျ ချစ်ချင်လည်း ချစ်လာမှာပေါ့”
ကုစဲ့က နားလည်သလိုလိုဖြင့် ခေါင်းငြိမ့်ပြသော်လည်း စိတ်ထဲတွင်မူ ဖအေဖြစ်သူကို သိပ်ပြီး မယုံကြည်သေးပေ။
“မေမေကို ပြန်လာစေချင်ရင် မင်း ငါနဲ့ ပူးပေါင်းရမယ်၊ နားလည်လား”
ကုရှီချန်းက ကုစဲ့ကို စတင် ဖျောင်းဖျတော့သည်။ ယဲ့ယီသည် ကုစဲ့အပေါ် မည်မျှ အလေးထားသည်ကို သိထားသဖြင့် ကုစဲ့၏ အကူအညီသာ ရရှိမည်ဆိုပါက သူ့ဇနီးကို ပြန်လည် သိမ်းပိုက်နိုင်ရန် ပို၍ လွယ်ကူပေလိမ့်မည်။
ကုစဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
“သွားအိပ်တော့၊ အများကြီး မတွေးနဲ့တော့”
ကုရှီချန်းသည် ကုစဲ့ အခန်းထဲမှ ထွက်လာသောအခါ တံခါးဝတွင် ရပ်နေသော ယဲ့ယီကို တွေ့လိုက်ရ၏။ ကုရှီချန်းမှာ ခဏမျှ နေရခက်သွားလေ၏။ သူနှင့် ကုစဲ့တို့ ပြောခဲ့သည့် စကားများကို သူမ မည်မျှအထိ ကြားသွားသနည်းဟု တွေးပူနေမိသည်။
“မင်း ဒီမှာ ကိုယ့်ကို စောင့်နေတာ တစ်ခုခု ပြောစရာ ရှိလို့လား”
ယဲ့ယီ ခေါင်းငြိမ့်ပြကာ မေးလိုက်၏။
“ကွာရှင်းမဲ့ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ”
ယဲ့ယီသည် ဤကိစ္စကို ဆက်လက် အချိန်မဆွဲလိုတော့ဘဲ အမြန်ဆုံး ကွာရှင်းပြီး လွတ်လပ်ခွင့် ရချင်ပြီ ဖြစ်သည်။
ကုရှီချန်းသည် ယဲ့ယီကို စာကြည့်ခန်းသို့ ခေါ်သွားပြီးနောက် အံဆွဲထဲမှ ကွာရှင်းစာချုပ်ကို ထုတ်ကာ ယဲ့ယီထံ ကမ်းပေးလိုက်၏။
ယဲ့ယီသည် အမြန် တစ်ချက် ကြည့်လိုက်ရာ သူမအား ခွဲဝေပေးထားသော ပိုင်ဆိုင်မှုများမှာ အတော်ပင် များပြားလှကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ဤအရာများမှာ သူမ ရသင့်ရထိုက်သည့် အရာများသာ ဖြစ်သဖြင့် ယဲ့ယီသည် တွန့်ဆုတ်မနေဘဲ ကွာရှင်းစာချုပ်ပေါ်တွင် သူမ လက်မှတ်ကို ရေးထိုးလိုက်တော့၏။
ကုရှီချန်းမှာ မျက်နှာအမူအရာမကောင်းသော်လည်း သူ့လက်မှတ်ကို ရေးထိုးလိုက်ရတော့သည်။
“ရုံးကို ဘယ်တော့ သွားမှာလဲ။ ကွာရှင်းဖို့ဆိုရင် တစ်လလောက် စောင့်ရဦးမယ် မဟုတ်လား”
ကုရှီချန်း ခဏတာ တိတ်ဆိတ်သွား၏။
“မလိုပါဘူး၊ မနက်ဖြန်ကျရင် ရုံးကိုသွားပြီး စာရွက်စာတမ်းတွေ အပြီးသတ်လိုက်လို့ ရတယ်”
[အဟမ့် ပိုက်ဆံရှိတာကတော့ တကယ်ကို ကွာတာပဲ။ ကွာရှင်းဖို့တောင် တန်းစီစရာ မလိုဘဲ ဖြတ်လမ်းက သွားလို့ရတာပဲ]
“ဒါဆိုရင် မနက်ဖြန် မနက်ကျရင် ကျွန်မကို နှိုးဖို့ မမေ့နဲ့ဦး”
ထိုသို့ဆိုကာ ယဲ့ယီသည် သူမ အခန်းထဲသို့ ပြန်သွားလေတော့၏။
ကုရှီချန်းမှာမူ စားပွဲပေါ်ရှိ ကွာရှင်းစာချုပ်ကို ကြည့်ရင်း ဘာတွေ တွေးနေမှန်း မသိနိုင်အောင်ပင် ကျန်ရစ်ခဲ့ရလေတော့သည်။
အခန်း (၁၂၆)
လွတ်လပ်မှု
နောက်တစ်နေ့ နံနက်စောစောတွင် ယဲ့ယီ ပုံမှန်ထက် ထူးထူးခြားခြား စောစောစီးစီး နိုးနေခဲ့၏။ နံနက်စာ စားသောက်ပြီးနောက် ကုရှီချန်းသည် သူမကို ခေါ်၍ ပြည်သူ့ရေးရာရုံးသို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးတွင် နှစ်ဦးသား စကားတစ်ခွန်းမျှပင် မဆိုခဲ့ကြပေ။
ပြည်သူ့ရေးရာရုံး၏ အဝင်ဝသို့ ရောက်ရှိချိန်မှသာ ကုရှီချန်းက စကားစလာတော့၏။
“အရင်က ကိုယ် မင်းကို ပြောခဲ့တဲ့ စကားတွေကို ကိုယ် အလေးအနက် ပြောခဲ့တာပါ”
[ဘာစကားတွေလဲ]
ယဲ့ယီ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားသည်။
ကုရှီချန်းကမူ ယဲ့ယီကို နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်လေ၏။
ကွာရှင်းပြတ်စဲခြင်း လုပ်ငန်းစဉ်များမှာ အချိန်ခဏအတွင်း ပြီးဆုံးသွားခဲ့သည်။ မိမိလက်ထဲရှိ ကွာရှင်းစာချုပ်ကို ကြည့်ရင်း ယဲ့ယီမှာ စိတ်ထဲမှနေ၍ အားရပါးရ အော်ဟစ်လိုက်လေသည်။
[ဒီမိဖုရားကြီး နောက်ဆုံးမှာတော့ လွတ်လပ်သွားပြီဟေ့။ ဟားဟားဟား]
ကုရှီချန်းသည် သူ့ လက်ထဲရှိ ကွာရှင်းစာချုပ်ကို ငုံ့ကြည့်ကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်လေ၏။
“ကျွန်မ ပစ္စည်းတွေ သိမ်းဖို့ အချိန်မရသေးလို့ အိမ်ကို တစ်ခါတည်း ပြန်လိုက်လို့ ရမလား”
ကုရှီချန်း ယဲ့ယီကို တစ်ချက်ကြည့်လိုက်၏။
“အိမ်ကနေ ပြောင်းဖို့ကို သိပ်လောနေစရာမလိုပါဘူး။ နေစရာ နေရာ ရှာတွေ့တဲ့အထိ စောင့်လည်း ရပါတယ်”
ယဲ့ယီက ပြုံးလျက် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ နေစရာ နေရာ ရှာထားပြီးသားပါ”
ကုရှီချန်းသည် နောက်ထပ် ဘာမှမပြောတော့ဘဲ ကားပေါ်သို့ တန်းတက်သွားခဲ့သည်။
ယဲ့ယီလည်း အလိုက်တသိဖြင့် ကားပေါ်သို့ တက်လိုက်၏။ သို့သော်လည်း နောက်ခန်း၌သာ ဝင်ထိုင်လိုက်လေသည်။ ယခုအခါတွင် သူတို့သည် ကွာရှင်းထားသူများ ဖြစ်သွားကြပြီဖြစ်ရာ ရှေ့ခန်း၌ ထိုင်ခြင်းမှာ မသင့်တော်ပေ။
ကုရှီချန်း မျက်မှောင်ကြုတ်လိုက်၏။
“မင်းက ငါ့ကို ဒရိုင်ဘာလို့ သဘောထားနေတာလား”
[ဘာလဲဟ]
ယဲ့ယီသည် ကုရှီချန်းကို နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ ထို့နောက်မှ ကုရှီချန်း ကိုယ်တိုင် ကားမောင်းနေခြင်း ဖြစ်သောကြောင့် သူမသည် နောက်ခန်း၌ ထိုင်နေခြင်းမှာ သူ့ကို ဒရိုင်ဘာတစ်ဦးကဲ့သို့ ဆက်ဆံနေသကဲ့သို့ ဖြစ်နေသည်ကို သဘောပေါက်သွားတော့၏။
ယဲ့ယီ ကားပေါ်မှ ပြန်ဆင်းကာ ရှေ့ခန်း၌ ဝင်ထိုင်လိုက်ပြန်၏။
“အဟမ်း ကျွန်မ လူတွေ အထင်မလွဲအောင်လို့ပါ”
ကုရှီချန်းကတော့ ဘာမှပြန်မပြောပေ။
ယဲ့ယီသည် ကုရှီချန်းကို တိတ်တဆိတ် ခိုးကြည့်လိုက်ရာ သူ့မျက်နှာအမူအရာမှာ သိပ်မကောင်းသည်ကို တွေ့လိုက်ရ၏။
[ငါ သူ့ကို ဒရိုင်ဘာလို သဘောထားမိလို့ စိတ်ဆိုးနေတာလား။ သူ တကယ်ပဲ အဲ့ဒီလောက်တောင် သဘောထား သေးသိမ်ရလား]
ထိုအတွေးကြောင့် ကုရှီချန်း၏ မျက်နှာထားမှာ ပို၍ပင် တင်းမာသွားတော့၏။
အိမ်သို့ ပြန်ရောက်သောအခါ ယဲ့ယီသည် ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် လမ်းဘေးတွင် သူမကို စောင့်နေသော ကုစဲ့ကို တွေ့လိုက်ရသဖြင့် သူမရင်ထဲတွင် နာကျင်သွားရသည်။ ကုရှီချန်းကတော့ ကားကို ဂိုထောင်ထဲသို့ မောင်းသွားခဲ့၏။
ယဲ့ယီသည် ရှေ့တိုးကာ ကုစဲ့၏ ခေါင်းလေးကို အသာအယာ ပွတ်ပေးချင်သော်လည်း နောက်ဆုံးတော့ တည်ငြိမ်သော မျက်နှာပေးဖြင့်သာ မေးလိုက်ရသည်။
“ဒီမှာ ဘာလုပ်နေတာလဲ”
[အဟီးအဟီး ငါ့သားလေးရယ်၊ မေမေကတော့ မင်းကို ထားခဲ့ရတော့မယ်]
ကုစဲ့မှာမူ သူတို့နှစ်ယောက် အတူတူ ထွက်သွားကြသည်ကို မြင်ကတည်းက ကွာရှင်းရန် သွားကြခြင်းဖြစ်မည်ဟု ခန့်မှန်းထားပြီးသားဖြစ်၏၊၊ သူ အလွန် ဝမ်းနည်းမိသော်လည်း ဖခင်ဖြစ်သူက မေမေ့ကို ပြန်လည် သိမ်းပိုက်ပေးမည်ဟု မနေ့ညက ပြောခဲ့သည့် စကားကို ပြန်တွေးမိသောအခါ စိတ်ထဲ၌ အနည်းငယ် သက်သာရာ ရသွားသည်။
ကုစဲ့ ရှေ့တိုးလာကာ ယဲ့ယီကို အားရပါးရ ဖက်လိုက်၏။ ယဲ့ယီကလည်း သူ့ကို ပြန်လည် ဖက်ထားချင်သော်လည်း စနစ်ကြောင့် သူမသည် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေရပြီး ကုစဲ့ ဖက်ထားခြင်းကိုသာ အသာလေး ခံယူနေလိုက်ရသည်။ ကုစဲ့သည် သူမကို အကြာကြီး ဖက်ထားပြီးနောက်မှသာ လွှတ်ပေးလိုက်၏။
ယဲ့ယီ သက်ပြင်းချကာ ဆိုလိုက်သည်။
“ငါ ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်”
ထိုစကားကို ကြားသောအခါ ကုစဲ့မှာ စိုးရိမ်တကြီး ဖြစ်သွားရသည်။
“မေမေက သားတို့နဲ့ အတူတူ မနေတော့ဘူးလား”
“ငါ မင်းဖေဖေနဲ့ ကွာရှင်းလိုက်ပြီလေ၊ ဒါကြောင့် အတူတူ ဆက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမဲ့ မင်းဖေဖေက သဘောတူမယ်ဆိုရင် ငါ နေတဲ့ဆီကို မင်း လာလည်လို့ ရပါတယ်”
ကုစဲ့ အလွန်ပင် စိတ်ပျက်သွားရသည်။
‘ဖေဖေက ဘာတွေ လုပ်နေတာလဲ၊ မေမေ့ကို တကယ်ပဲ ထွက်သွားခွင့် ပေးလိုက်တာလား‘
ယဲ့ယီသည် စကားအများကြီး မပြောတော့ဘဲ အပေါ်ထပ်သို့ တက်ကာ သူမ ပစ္စည်းများကို စတင် သိမ်းဆည်းတော့သည်။ မူလ ခန္ဓာကိုယ်ပိုင်ရှင်တွင် ပိုင်ဆိုင်မှုများစွာ ရှိသော်လည်း အများစုမှာ ကုရှီချန်း ပိုက်ဆံဖြင့် ဝယ်ထားခြင်း ဖြစ်သဖြင့် ယဲ့ယီသည် ထိုအရာများကို မယူရန် ဆုံးဖြတ်လိုက်ပြီး သူမ ပစ္စည်းများကိုသာ ထုပ်ပိုးလိုက်၏။
သူမတွင် ကိုယ်ပိုင် ပစ္စည်းများစွာ ရှိသော်လည်း ခရီးဆောင်သေတ္တာ နှစ်လုံးနှင့်တင် လုံလောက်လှပေသည်။
ယဲ့ယီ ပစ္စည်းအားလုံး သိမ်းဆည်းပြီးနောက် သေတ္တာများကို ဆွဲ၍ တံခါးဝသို့ ထွက်လာရာ ကုရှီချန်းနှင့် တိုးလေတော့သည်။
ကုရှီချန်း ရှေ့တိုးကာ ယဲ့ယီ၏ လက်ထဲမှ သေတ္တာများကို လှမ်းယူလိုက်လေ၏။
“ကိုယ် လိုက်ပို့ပေးမယ်”
ယဲ့ယီလည်း ငြင်းမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် လင်မယားအဖြစ် နေခဲ့ကြသူများ ဖြစ်ရာ ကုရှီချန်းအနေဖြင့် သူမ အိမ်ပြောင်းရာတွင် ကူညီပေးခြင်းမှာ သဘာဝကျပေသည်။
ယဲ့ယီ ကားပေါ်သို့ ရောက်သောအခါ ကုစဲ့ပါ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကုစဲ့ ယဲ့ယီကို ပြုံးပြရင်း ပြောလိုက်၏။
“နောက်ကျရင် သားကို လာလည်လို့ ရတယ်လို့ မေမေ ပြောထားတယ်လေ။ အဲ့ဒါကြောင့် လမ်းကို အရင် မှတ်ထားမလို့ပါ”
ယဲ့ယီ ကုရှီချန်းကို အလိုလိုနေရင်း လှမ်းကြည့်လိုက်မိသည်။
“ဘာလဲ သူ မင်းနဲ့ ဆက်သွယ်မှာကို ငါက ကန့်ကွက်မယ်လို့ ထင်နေတာလား။ စိတ်ချပါ၊ ငါက အဲ့ဒီလောက်ထိ သဘောထားမသေးပါဘူး”
ယဲ့ယီ အနေရခက်စွာ ပြုံးလိုက်ရသည်။
ယဲ့ယီ၏အိမ်မှာ လုံခြုံရေး အလွန်ကောင်းမွန်သော အဆင့်မြင့် ဗီလာဝင်းတစ်ခုအတွင်း၌ တည်ရှိလေသည်။ ၎င်းမှာ ကုမိသားစု နေအိမ်လောက် မခမ်းနားသော်လည်း အတော်ပင် သာယာလှပေသည်။ အနုပညာရှင် တစ်ဦးအနေဖြင့် လုံခြုံရေးကို သူမ သေချာပေါက် ဂရုစိုက်ရပေမည်။
ကားပေါ်မှ ဆင်းပြီးနောက် ကုရှီချန်းသည် ခရီးဆောင်သေတ္တာ နှစ်လုံးကို သယ်ဆောင်ပေးခဲ့ပြီး ယဲ့ယီကမူ လမ်းပြပေးရုံသာ လိုသည်။ ဗီလာ၏ အဝင်ဝသို့ ရောက်သောအခါ ဘေးနားရှိ ဗီလာ တံခါးမှာလည်း ပွင့်နေသည်ကို ယဲ့ယီ သတိပြုမိလိုက်သည်။
တစ်စုံတစ်ယောက်က ဝယ်လိုက်ပုံရပြီး သူမ အရင်က အိမ်လာကြည့်စဉ်တုန်းကမူ ရောင်းမထွက်သေးပေ။ သူမ အိမ်နီးနားချင်းမှာ မည်သူဖြစ်မည်ကို ယဲ့ယီ အနည်းငယ် စပ်စုချင်သွား၏။
ယဲ့ယီသည် သူမ၏ ဗီလာတံခါးကို ဖွင့်လိုက်စဉ်မှာပင် ဘေးအိမ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
“အန်တီ ယဲ့”
ယဲ့ယီသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ သွမ့်ကျားကျားလေး ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
သွမ့်ကျားကျားသည် ဘေးအိမ်မှ ပြေးထွက်လာကာ ကုစဲ့ကို အားရပါးရ ဖက်လိုက်၏။
“အစ်ကိုကုစဲ့”
ကုစဲ့ကလည်း အသံပြန်ပေးလိုက်၏။
“အင်း”
“ကျားကျား သမီး ဘာလို့ ဒီမှာ ရှိနေတာလဲ”
ယဲ့ယီ တအံ့တဩ မေးလိုက်သည်။
“ဒါက သမီးတို့ရဲ့ အိမ်အသစ်လေ”
ထိုအချိန်တွင် နန်ချင်ဝမ်လည်း ဘေးအိမ်မှ ထွက်လာခဲ့သည်။ ယဲ့ယီကို မြင်သောအခါ နန်ချင်ဝမ်မှာလည်း အံ့အားသင့်သွားခဲ့သည်။
“ရှောင်ယီ... နင်က ဘာလို့ ဒီမှာလဲရှိနေတာလဲ”
ယဲ့ယီက ဗီလာကို လက်ညှိုးထိုးပြကာ ပြန်ဖြေလိုက်၏။
“ဒီဗီလာက ကျွန်မအိမ်သစ်လေ”
နန်ချင်ဝမ်သည် ထိုစကားကို ကြားသောအခါ အပြုံးကြီးပြုံးလိုက်၏။
“တိုက်ဆိုင်လိုက်တာ။ ငါ အရင်အိမ်ကို ရောင်းပြီး ဒီမှာ အိမ်ဝယ်လိုက်တာ။ နင်နဲ့ အိမ်နီးချင်း ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး”
ယဲ့ယီလည်း ဤအရာမှာ အလွန် တိုက်ဆိုင်သည်ဟု ခံစားရပြီး ယခုဆိုလျှင် သူမအတွက် အဖော်ပင် ရသွားလေပြီ။
“အထဲဝင်ပြီး အတူတူ ကြည့်ရအောင်”
ယဲ့ယီ ဗီလာတံခါးကို ဖွင့်လိုက်ပြီး အားလုံးက သူမ၏အနောက်မှ လိုက်ဝင်လာကြသည်။
ယဲ့ယီသည် အရင်ကတည်းက သန့်ရှင်းရေး ကုမ္ပဏီကို ဆက်သွယ်၍ အိမ်ကို သန့်ရှင်းထားခိုင်းသဖြင့် အိမ်ထဲတွင် သန့်ရှင်းနေသော်လည်း ရေခဲသေတ္တာထဲတွင်မူ ဘာမှမရှိသေးပေ။
ကုရှီချန်းသည် ယဲ့ယီ၏ အဝတ်သေတ္တာများကို အခန်းထဲသို့ ကူသယ်ပေးပြီးနောက် ဖုန်းတစ်ကော လက်ခံရရှိခဲ့သည်။ ကုမ္ပဏီတွင် သူ ကိုယ်တိုင် ဖြေရှင်းရမည့် ကိစ္စတစ်ခု ပေါ်လာခြင်းပင်။
ကုရှီချန်း၏ မျက်နှာကို ကြည့်ခြင်းဖြင့် ကိစ္စမှာ အရေးကြီးပုံရသည်ကို ယဲ့ယီ သိလိုက်၏။
“ရှင် အရင်သွားပြီး အလုပ်လုပ်တော့လေ။ ရှောင်စဲ့ကိုတော့ ညနေကျမှ ကျွန်မ ကိုယ်တိုင် ပြန်ပို့ပေးပါ့မယ်”
ကုရှီချန်း ခေါင်းငြိမ့်ပြကာ စကားများများ ပြောမနေတော့ဘဲ အမြန် ထွက်ခွာသွားခဲ့လေသည်။
နန်ချင်ဝမ်သည် ကုရှီချန်း ထွက်သွားသည်ကို ကြည့်ရင်း မေးလိုက်၏။
“ဥက္ကဌကုက ဘာလို့ ထွက်သွားတာလဲ”
“ကုမ္ပဏီမှာ ကိစ္စရှိလို့တဲ့”
ထို့နောက် ယဲ့ယီသည် ကုစဲ့နားသို့ လျှောက်သွားပြီး မေးလိုက်လေ၏။
“မင်း အခု ပြန်ချင်လား၊ ဒါမှမဟုတ် ညနေမှ ပြန်မလား”
သွမ့်ကျားကျားက ကုစဲ့၏ လက်ကို ဆွဲထားလေ၏။
“အစ်ကိုကုစဲ့ သမီးနဲ့ အတူတူ ဆော့မယ်မလား”
ထိုသို့ ဆိုကာ ကုစဲ့ကို သူမ၏ အိမ်အသစ်သို့ လိုက်ပြရန် ဆွဲခေါ်သွားလေတော့သည်။
ကလေးနှစ်ယောက် ဝေးရာသို့ ရောက်သွားသောအခါ နန်ချင်ဝမ် အသံတိုးတိုးလေးဖြင့် မေးလိုက်တော့သည်။
“ရှောင်ယီ... နင်တို့...”
“ကျွန်မတို့ ကွာရှင်းလိုက်ပြီ”
နန်ချင်ဝမ်မှာ ဘာပြောရမှန်း မသိတော့ဘဲ ယဲ့ယီကို နှစ်သိမ့်သည့်အနေဖြင့် သူမ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်လေသည်။
“အစ်မဝမ်... ဘာဖြစ်လို့လဲ၊ ကျွန်မ ဝမ်းမနည်းပါဘူး”
နန်ချင်ဝမ်က တစ်ခုခု ပြောချင်သလိုဖြင့် တုံ့ဆိုင်းနေပြီးမှ မေး၏။
“နင် တကယ်ပဲ လက်လွှတ်နိုင်လို့လား”
ကုမိသားစု၏ ကြွယ်ဝမှုနှင့် အဆင့်အတန်းကို ဘေးဖယ်ထားလျှင်ပင် ကုရှီချန်း၏ ရုပ်ရည်ကို ကြည့်ရုံနှင့်တင် လူတော်တော်များများမှာ လက်လွှတ်နိုင်ကြမည် မဟုတ်ပေ။
“ကုရှီချန်းက အရမ်း ကောင်းပါတယ်၊ ဒါပေမဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘာအဓိပ္ပာယ် ရှိမှာလဲ”
ယဲ့ယီသည် ကုရှီချန်း၏ ရုပ်ရည်ကို တကယ်ပင် သဘောကျမိသော်လည်း ရုပ်ရည်တစ်ခုတည်းအတွက်နှင့် သူမ၏ ဘဝတစ်ခုလုံးကို မဖြုန်းနိုင်ပေ။
သူမအနေဖြင့် အိမ်ထောင်မပြုဖြစ်လျှင် အပျိုကြီး ဘဝဖြင့် အရိုးထုတ်မည်။ အကယ်၍ ပြုဖြစ်ပါကလည်း မိမိ အမှန်တကယ် ချစ်မြတ်နိုးသူနှင့်သာ ဖြစ်ရမည်။ သို့မဟုတ်ပါက တစ်ကိုယ်တည်း အပျိုကြီးဘဝကမှ ပိုမိုကောင်းမွန်ပေလိမ့်မည်။
လွတ်လပ်စွာ တစ်ကိုယ်တည်း နေရခြင်းမှာ အလွန်ပင် ကောင်းလှသည်ဟု ယဲ့ယီ တွေးမိသည်