အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း (၁၂၇)
စုံတွဲလေး လမ်းခွဲကြပြီ
“ခဏနေရင် အစ်မ ဟင်းသီးဟင်းရွက်တွေ သွားဝယ်လိုက်ဦးမယ်။ ဒီညတော့ နင့်ကို အစ်မလက်ရာ မြည်းခိုင်းမယ်”
ယဲ့ယီသည် ထိုအကြောင်းအရာကို ထပ်မပြောလိုတော့သည်ကို မြင်သောအခါ နန်ချင်ဝမ် စကားလမ်းကြောင်း ပြောင်းလဲလိုက်သည်။
“ကောင်းသားပဲ၊ ကျွန်မတို့ရဲ့ အလှလေး နန်ရဲ့ လက်ရာကို မြည်းခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပဲ”
နန်ချင်ဝမ်မှာ ယဲ့ယီ၏ စကားကြောင့် ရယ်မောသွားရ၏။ထို့နောက် နှစ်ယောက်သား အခြားအကြောင်းအရာများကို စတင်ပြောဆိုဖြစ်ကြတော့သည်။
ကလေးနှစ်ယောက်မှာ ဘယ်နေရာမှန်း မသိပြေးလွှားဆော့ကစားနေကြသည်။ သို့သော် ဤနေရာ၏ လုံခြုံရေးမှာ အလွန်ပင် စေ့စပ်လှသဖြင့် ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် သူတို့ဘာသာ ဆော့ကစားရန် လွှတ်ထားပေးလိုက်ကြ၏။
ညစာစားချိန် နီးကပ်လာသောအခါ ယဲ့ယီနှင့် နန်ချင်ဝမ်တို့ ကလေးနှစ်ယောက်ကို ခေါ်ဆောင်၍ စူပါမားကတ်သို့ သွားခဲ့ကြလေသည်။
ဟင်းသီးဟင်းရွက်များ ဝယ်ယူသည့်အပြင် အခြားနေ့စဉ်သုံး လူသုံးကုန်ပစ္စည်းအချို့ကိုလည်း ဝယ်ယူခဲ့ကြသည်။
အိမ်ပြန်ရောက်သောအခါ ယဲ့ယီသည် နန်ချင်ဝမ်ကို ဟင်းချက်ရာတွင် ကူညီပေးရန် မီးဖိုချောင်သို့ ဝင်သွားပြီး ကလေးနှစ်ယောက်ကမူ ဆိုဖာပေါ်တွင် ထိုင်၍ တီဗွီကြည့်နေကြ၏။
နန်ချင်ဝမ်၏လက်ရာမှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။ သူမ ချက်ပြုတ်ထားသော ဟင်းလျာများသည် ကလေးနှစ်ယောက်၏ အကြိုက်ကို တွေ့စေရုံသာမက ယဲ့ယီ၏ အကြိုက်နှင့်လည်း ကွက်တိဖြစ်နေ၏။
သို့သော်လည်း နန်ချင်ဝမ်သည် ယဲ့ယီ၏ မန်နေဂျာဖြစ်နေသေးသဖြင့် ယဲ့ယီကို စိတ်ကြိုက်စားသောက်ခွင့်တော့ မပေးနိုင်ပေ။
ဖျော်ဖြေရေးလောကတွင် ကင်မရာထဲ၌ ပိုဝသည်ဟု ထင်မြင်ခံရတတ်သည်။
ထို့အပြင် နန်ချင်ဝမ်ကလည်း ယဲ့ယီအတွက် ဇာတ်ညွှန်းအသစ်တစ်ခုကို ရွေးချယ်နေပြီဖြစ်သောကြောင့် ယဲ့ယီအနေဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရမည် ဖြစ်သည်။
ရှေ့တွင် ရှိနေသော အရသာရှိလှသည့် အစားအစာများကို မြင်ပါသော်လည်း စားမရသည့် ယဲ့ယီမှာ အလွန်ပင် စိတ်ဆင်းရဲရတော့သည်။
သူတို့ ညစာစားနေစဉ်အတွင်း နန်ချင်ဝမ်၏ ဖုန်းမှ ရုတ်တရက် မြည်တမ်းလာခဲ့၏။
ဖုန်းဖြေပြီးနောက်တွင်မူ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။
“မမချင်ဝမ် ဘာဖြစ်လို့လဲ”
နန်ချင်ဝမ်၏ မျက်နှာအမူအရာ မကောင်းသည်ကို ယဲ့ယီ သတိထားမိလိုက်သည်။
နန်ချင်ဝမ် လေသံနှိမ့်၍ ပြောလိုက်၏။
“သတင်းထောက်တွေက နင်တို့နှစ်ယောက် ကွာရှင်းလိုက်တာကို သိသွားကြပြီ”
ယဲ့ယီ ထိုသို့ဖြစ်လာမည်ကို ကြိုတင်တွေးပြီးသားဖြစ်သဖြင့် ထူးထူးခြားခြား တုံ့ပြန်ခြင်းမျိုး မရှိပေ။
“ရှောင်ယီ ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ် မတက်နဲ့ဦး၊ ဒီကိစ္စ အရှိန်နည်းနည်း လျော့သွားတဲ့အထိ စောင့်လိုက်”
အင်တာနက် အသုံးပြုသူများ၏ ဆဲဆိုမှုမှာ အလွန်ပင် ကြမ်းတမ်းလှသဖြင့် ယဲ့ယီ ထိခိုက်မိမည်ကို နန်ချင်ဝမ် စိုးရိမ်နေ၏။
နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေရေးလောကရှိ အနုပညာရှင်အချို့မှာ အင်တာနက် အနိုင်ကျင့်မှုများကြောင့် စိတ်ကျရောဂါခံစားရကာ ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်ကြသည်။
ယခုအခါတွင်လည်း အချို့သော အင်တာနက် အသုံးပြုသူများသည် အမှားအမှန် မခွဲခြားနိုင်ဘဲ တစ်ဖက်သားကို ရမ်းသမ်းကာ ဆဲဆိုနေကြလေ၏။
အမှန်တွင် ယဲ့ယီသည် ထိုအရာများကို သိပ်ပြီး ဂရုမစိုက်ပေ။ သူမသည် အတိတ်ဘဝကလည်း ဖျော်ဖြေရေးလောကထဲတွင် ကျင်လည်ခဲ့သူဖြစ်ရာ သူမ မကြုံတွေ့ခဲ့ဖူးသည့်အရာ မရှိပေ။ အနုပညာလောကထဲသို့ စတင်ဝင်ရောက်စဉ်က စိတ်ထိခိုက်ရသည်မှာ အမှန်ပင် ဖြစ်သော်လည်း ထိုလောကထဲတွင် ကြာမြင့်စွာ နေထိုင်လာပြီးနောက်တွင်မူ တဖြည်းဖြည်းနှင့် နေသားကျသွားခဲ့ပြီ ဖြစ်သည်။
‘နင်တို့ ဆဲချင်သလောက် ဆဲ၊ ငါ့ကတော့ ဘာအသားမှ မနာဘူး’
ယဲ့ယီသည် အတိတ်ဘဝတွင် သူမကို တိုက်ခိုက်သူများအား ပြန်လည်တုံ့ပြန်လေ့ရှိသော စကားတစ်ခွန်းရှိလေ၏။
“ငါ့ကို မုန်းတဲ့သူတွေ တပုံကြီးပဲ၊ နင်က ဘာကောင်မို့လို့လဲ”
သို့သော်လည်း နန်ချင်ဝမ် ထိုသို့ပြောလာသဖြင့် ယဲ့ယီမှာလည်း အေးအေးဆေးဆေး နေချင်သည်နှင့် ဆိုရှယ်မီဒီယာ အကောင့်ကို နန်ချင်ဝမ်အား စီမံခန့်ခွဲရန် လွှဲပေးလိုက်တော့သည်။
ညစာစားပြီးနောက် ယဲ့ယီသည် ကုစဲ့ကို ပြန်ပို့ရန် ပြင်ဆင်နေစဉ်မှာပင် ကုရှီချန်း ရောက်ရှိလာတော့၏။
ကုရှီချန်းသည် ယဲ့ယီကို မြင်သည်နှင့် ပထမဆုံး ပြောလိုက်သော စကားမှာ တခြားမဟုတ်ပေ။
“အွန်လိုင်းပေါ်က ကိစ္စတွေကို ကိုယ်ဖြေရှင်းပေးမယ်”
ယဲ့ယီ က မျက်ခုံးပင့်လိုက်၏။ ကုရှီချန်းအနေဖြင့် ဤကိစ္စကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သူမ သိချင်နေမိသည်။ အမှန်အားဖြင့် ဤကိစ္စကို ဖြေရှင်းသည်ဖြစ်စေ မဖြေရှင်းသည်ဖြစ်စေ ကုရှီချန်းအတွက် ထူးခြားမည်မဟုတ်ပေ။ အင်တာနက် အသုံးပြုသူများမှာ သူတို့ ကွာရှင်းရခြင်းမှာ သူမ ကြောင့်သာဖြစ်ရမည်ဟု ယူဆကြလိမ့်မည်။
“အိမ်ထဲဝင်ပြီး ခဏလောက် ထိုင်ဦးမလား”
ယဲ့ယီက ယဉ်ကျေးစွာ မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကုရှီချန်းသည် ယနေ့တွင် သူမကို များစွာ ကူညီပေးခဲ့သဖြင့် လက်ဖက်ရည်တစ်ခွက်ဖြင့် ဧည့်ခံခြင်းမှာ သူမ လုပ်သင့်လုပ်ထိုက်သော အရာပင် ဖြစ်လေသည်။
“ကိုယ် လုပ်စရာတွေ ရှိသေးတယ်။ နောက်မှပေါ့”
ကုရှီချန်းသည် ကုစဲ့ကို လာခေါ်ခြင်း သက်သက်မဟုတ်ပေ။ သူသည် အွန်လိုင်းပေါ်မှ သတင်းများကို တွေ့ရှိခဲ့ပြီးနောက် ယဲ့ယီ စိတ်မကောင်းဖြစ်နေမည်ကို စိုးရိမ်သဖြင့် သူမကို လာရောက် ကြည့်ရှုခြင်းသာ ဖြစ်၏။ သို့သော် ထိုအချက်ကိုမူ သူ ဘယ်သောအခါမှ ဝန်ခံလိမ့်မည်မဟုတ်ပေ။
[နောက်တစ်ခါဆိုတာ ရှိချင်မှ ရှိတော့မှာလေ]
“အင်းပါ။ ဂရုစိုက်ပြန်ဦးနော်”
ယဲ့ယီ ပြုံး၍ ကုစဲ့နှင့် ကုရှီချန်းတို့ကို လိုက်လံပို့ဆောင်ပေးလိုက်သည်။
ထို့နောက် ယဲ့ယီ နောက်လှည့်လိုက်စဉ်မှာပင် နန်ချင်ဝမ် က သူမနောက်တွင် ဘွားခနဲ ပေါ်လာသဖြင့် သူမမှာ လန့်ဖျပ်သွားရ၏။
“အစ်မဝမ်... ကျွန်မကို လန့်အောင်လုပ်နေတာပဲ၊ ဘာလုပ်နေတာလဲ”
နန်ချင်ဝမ် ကုရှီချန်း၏ ကားထွက်သွားသည်ကို ကြည့်ရင်း အသေအချာပင် ပြောလိုက်၏။
“ရှောင်ယီ... ငါ ထင်တာတော့ ကုဥက္ကဌက အွန်လိုင်းပေါ်က အခြေအနေတွေကို သိနေလို့ နင့်ကို အားပေးဖို့ သီးသန့်လာတာ ဖြစ်ရမယ်”
ယဲ့ယီ မသေချာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“မဖြစ်နိုင်ပါဘူး၊ သူက ကုစဲ့ကို လာခေါ်တာပဲ ဖြစ်မှာပါ”
နန်ချင်ဝမ် ယဲ့ယီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တော့၏။
“ကုမိသားစုမှာ ဒရိုင်ဘာတွေ မရှိတာလည်း မဟုတ်ဘူး၊ သူ ကိုယ်တိုင် လာခေါ်စရာ လိုလို့လား။ ဒါက အသိသာကြီးပဲ၊ နင့်ကို လာတွေ့တာလေ”
ယဲ့ယီကမူ မယုံကြည်နိုင်သေးပေ။
“ကုရှီချန်းက ကုစဲ့ကို ပိုပြီး ဂရုစိုက်လို့ ဖြစ်မှာပါ၊ အစ်မကတော့ အများကြီး လျှောက်တွေးနေတာပဲ”
နန်ချင်ဝမ်မှာ ယဲ့ယီကြောင့် စိတ်ပျက်သွားကာ စကားပင် ဆက်မပြောနိုင်တော့ပေ။
သူမသည် အခြားသူ၏ အချစ်ရေးကိစ္စများတွင် အကြံဉာဏ်များ ပေးနိုင်သော်လည်း သူမ၏အချစ်ကိစ္စနှင့် ပတ်သက်လာလျှင်မူ အဘယ်ကြောင့် ဤမျှအထိ နုံအ နေရသနည်း။
‘ဘေးလူက မြင်နေရပြီ ကာယကံရှင်ကျ စုံလုံးကန်းတယ် ဆိုတဲ့ စကားက အမှန်ပါပဲလား’
နန်ချင်ဝမ်လည်း ထပ်ပြီး ဘာမှ မပြောလိုတော့ပေ။ အကယ်၍ ကုရှီချန်း ယဲ့ယီကို အမှန်တကယ်ပင် နှစ်သက်သည်ဆိုပါက သူကိုယ်တိုင် ကြိုးစားပေလိမ့်မည်။ သူမအနေဖြင့် ဝင်ရောက် မနှောင့်ယှက်သင့်တော့ပေ။
နန်ချင်ဝမ် ထွက်ခွာသွားပြီးနောက်တွင် ယဲ့ယီသည် သူမ စကားများကို ပြန်လည်စဉ်းစားမိပြီး ကုရှီချန်း သူမအပေါ် ပြုမူဆက်ဆံပုံများကို ပြန်လည်သုံးသပ်လာမိသည်။
ကုရှီချန်းသည် သူမကို နှစ်သက်နေသည်ဟု သူမ ယခင်ကတည်းက ခံစားမိသည်။ သို့သော်လည်း အကယ်၍ သူသာ သူမကို နှစ်သက်သည်ဆိုပါက သူတို့ မကွာရှင်းရသေးခင်ကပင် ဤကိစ္စကို အဘယ်ကြောင့် အခြားသူများကို ပြောပြရသနည်း။
ဤအချက်မှာ ယဲ့ယီအတွက် ဘယ်သောအခါမှ နားမလည်နိုင်သော အရာဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် ကုရှီချန်း သူမကို ချစ်နေသည်ဆိုသော ကောက်ချက်ကို သူမ ငြင်းပယ်ခဲ့ရခြင်း ဖြစ်၏။
နောက်ပိုင်းတွင် ကုရှီချန်းသည် ဇနီးဖြစ်သူကို ပြန်လည်ချော့မြူရမည့် လမ်းစမှာ သူ၏ မိတ်ဆွေကောင်းကြီးကြောင့် ပျက်စီးခဲ့ရသည်ကို သိရှိသွားသောအခါ ကုန်းရှောက်ချင်းကို အာဖရိကရှိ ကျောက်မီးသွေးတွင်းသို့ ပို့ဆောင်ကာ အလုပ်လုပ်ခိုင်းရန်ပင် စိတ်ကူးမိခဲ့သည်။
ထိုညမှာပင် ဤသတင်းမှာ ရေပန်းအစားဆုံး သတင်းထဲသို့ ရောက်ရှိလာခဲ့၏။
လူတိုင်း အံ့အားသင့်ခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် ရသစုံအစီအစဉ်တွင် ယဲ့ယီနှင့် ကုရှီချန်းတို့မှာ မည်သည့်ပဋိပက္ခမျှ မရှိခဲ့သော တစ်ဦးတည်းသော စုံတွဲဖြစ်နေသောကြောင့်ပင်။
လူအများအပြားမှာ သူတို့နှစ်ဦး အဘယ်ကြောင့် ကွာရှင်းရသည်ကို အမျိုးမျိုး ခန့်မှန်းတွေးတောလာကြပြီး သတင်းထောက်များ၏ ပို့စ်အောက်ရှိ မှတ်ချက်အပိုင်းတွင်လည်း အလွန်ပင် ဆူညံပွက်လောရိုက်နေတော့သည်။
[ဒီနှစ်ယောက်က တကယ်ပဲ ကွာရှင်းလိုက်တာလား။ အိုဘုရားရေ... အစီအစဉ်တုန်းက သူတို့တွေ အတော်လေး ချိုမြိန်နေကြတာ မဟုတ်ဘူးလား]
[ဟူး... အစီအစဉ်တွေထဲက အရာတွေက ဘယ်လောက်များ မှန်နေလို့လဲ။ ဒါတွေက အတုအယောင်တွေပဲ ဖြစ်ရမယ်။ ဒီနှစ်ယောက် သေချာပေါက် ကွာရှင်းလိမ့်မယ်လို့ ငါ အစောကြီးကတည်းက သိသားပဲ]
[ဝူးဝူးဝူး... ငါ အားပေးနေတဲ့ စုံတွဲက ဘယ်လိုဖြစ်ပြီး လမ်းခွဲသွားရတာလဲ]
[သူတို့ ဘာကြောင့် ကွာရှင်းတာလဲဆိုတာကို သိချင်နေတာ ငါ တစ်ယောက်တည်းလား]
[ဒါက မေးနေစရာ လိုသေးလို့လား။ ဥက္ကဌကုပဲ အရင်ကွာရှင်းဖို့ ပြောတာ ဖြစ်မှာပေါ့။ အရင်ကတည်းက ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့တာပဲ မဟုတ်လား။ ဥက္ကဌကုက အစီအစဉ်မှာ ပါဝင်ဖို့ သဘောတူခဲ့တာက ယဲ့ယီက ကွာမပေးဘူးဆိုပြီး ခြိမ်းခြောက်ခဲ့လို့ ဖြစ်ရမယ်]
ဤအင်တာနက် အသုံးပြုသူ၏ ခန့်မှန်းချက်များမှာ ကွက်တိပင် မှန်ကန်နေလေ၏။
အင်တာနက် အသုံးပြုသူ အားလုံး ကွာရှင်းရန် တောင်းဆိုသူမှာ ကုရှီချန်းသာ ဖြစ်လိမ့်မည်ဟု ထင်မြင်နေကြတော့၏။ မည်သို့ပင်ဖြစ်စေ ကုရှီချန်းကဲ့သို့သော သူနှင့် လက်ထပ်ခွင့်ရသူမှာ ကံကောင်းလွန်းသည်ဟု ဆိုရမည်။ဦးနှောက်ချို့ယွင်းနေသူ ဖြစ်မှသာ ကုရှီချန်းနှင့် ကွာရှင်းရန် စကားဆိုရဲလိမ့်မည်။
ယဲ့ယီသည် ကုရှီချန်းကို ဂရုမစိုက်ခဲ့ခြင်းမှာ နှမြောစရာကောင်းလှသည်။
အွန်လိုင်းပေါ်မှ အခြေအနေမှာ ပို၍ ကြီးထွားလာပြီး သတင်းအမျိုးမျိုး တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အချို့က ယဲ့ယီ နောက်မီးလင်းသောကြောင့်ဟု ဆိုကြပြီး အချို့ကလည်း ကုရှီချန်းက ကုစဲ့၏ မိခင်အရင်းအတွက် နေရာဖယ်ပေးခြင်းဖြစ်သည်ဟု ဆိုကြကာ အမျိုးမျိုးသော ကောလာဟလများဖြင့် ပျံ့နှံ့နေတော့သည်။
မူလက “ညီမလေး၏အပြုံး” ရုပ်ရှင်ကြောင့် ယဲ့ယီသည် ပရိသတ်အများအပြားကို ရရှိခဲ့ပြီး သူမ၏ ဂုဏ်သိက္ခာမှာလည်း သိသိသာသာ တိုးတက်လာခဲ့၏။ သို့သော် ယခုအခါတွင်မူ အရာအားလုံးမှာ တစ်ညတည်းနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
နောက်ထပ် လအနည်းငယ်အတွင်းမှာပင် ယခုနှစ်၏ “အကယ်ဒမီ” ပေးပွဲ အချိန်သို့ ရောက်ရှိလာပေတော့မည်။ အင်တာနက် အသုံးပြုသူ အများအပြားက ယဲ့ယီ အနေဖြင့် ဤတစ်ကြိမ်တွင် ဆုရရှိနိုင်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ယခုအခါ ကုရှီချန်းနှင့် ကွာရှင်းသည့် သတင်းကြောင့် ဆုရယူရန်ပင် မဆိုနှင့်၊ နောက်နောင်တွင် ဇာတ်ကားများ ရိုက်ကူးခွင့်ရရန်ပင် ခက်ခဲသွားနိုင်သည်။
ကုကော်ပိုရေးရှင်းသည် ဖျော်ဖြေရေးလောကရှိ လုပ်ငန်းများကို မလုပ်ကိုင်သော်လည်း ကုရှီချန်းကို မည်သူကမျှ မပြစ်မှားဝံ့ကြပေ။
ညှိနှိုင်းထားသော ကြော်ငြာများမှာ တစ်ခုပြီးတစ်ခု ပယ်ဖျက်ခြင်း ခံလိုက်ရပြီး အတည်ပြုပြီးသား ဇာတ်ညွှန်းများမှာလည်း ပျက်ပြယ်သွားတော့သည်။
ယဲ့ယီ၏ ကုမ္ပဏီအောက်ရှိ အနုပညာရှင် ဖြစ်သော တုန်မင်ရွှမ်ပင် ဤကိစ္စ၏ လေပြင်းရိုက်မှုကို ခံလိုက်ရသေး၏။
ယခုအခါ တစ်လောကလုံးရှိ ဖျော်ဖြေရေးလုပ်ငန်းရှင်များမှာ ယဲ့ယီကို ကပ်ရောဂါတစ်ခုကဲ့သို့ပင် ရှောင်ဖယ်နေကြတော့သည်။
အခန်း (၁၂၈)
ပြန်လည် ပိုးပန်းခြင်း
ယဲ့ယီနှင့် ကုရှီချန်းတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လန်ရွှယ်သည် အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။
“အိုး... ယဲ့ယီ... ယဲ့ယီ... နင် ကုရှီချန်း ပစ်တာကို ခံရလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး။ နင့်ရဲ့ ရုပ်ရှင်က ရုံဝင်ငွေ ငါ့ထက်သာနေတော့ရော ဘာဖြစ်လဲ၊ ဒီနှစ်ရဲ့ အကယ်ဒမီနဲ့တော့ နင် လုံးဝ နီးစပ်ခွင့်ရမှာ မဟုတ်တော့ဘူး၊ ဟားဟား”
မူလက လန်ရွှယ်သည် ယခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ယဲ့ယီက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိသွားမည်ကို စိုးရိမ်နေခဲ့သည်။
သူမအနေဖြင့် ဝန်မခံချင်သော်လည်း ယဲ့ယီ၏ သရုပ်ဆောင်မှုမှာ အလွန် ကောင်းမွန်လှပေသည်။ ဤလောကရှိ ထိပ်တန်းမင်းသမီးများနှင့်ပင် ယှဉ်နိုင်သည်။ ယဲ့ယီ၏ ပြောင်းလဲမှုများမှာ အလွန်ပင် သိသာလွန်းလှသဖြင့် တစ်ယောက်ယောက်နှင့် လူစားလဲခံလိုက်ရလေသလားဟုပင် လန်ရွှယ် သံသယဝင်ခဲ့ဖူးသည်။
ယခုမူ ယဲ့ယီသည် ကုရှီချန်းနှင့် ကွာရှင်းလိုက်ပြီဖြစ်ရာ သူမ၏ သရုပ်ဆောင်စွမ်းရည် မည်မျှပင် ထူးချွန်ပါစေ သူမအတွက်နှင့် ကုရှီချန်းကို မည်သူကမျှ အာခံရဲလိမ့်မည် မဟုတ်ပေ။
ယဲ့ယီ၏ ယခင်က ‘သူငယ်ချင်းကောင်း’ တစ်ယောက်အနေဖြင့် လန်ရွှယ်သည် ဤကဲ့သို့အခွင့်အရေးကောင်းကို မည်သို့ လက်လွှတ်ခံမည်နည်း။ သူမသည် ယဲ့ယီကို တိုက်ခိုက်ရန်အတွက် အွန်လိုင်းတွင် ရေပန်းစားသော သတင်းများကို ချက်ချင်းပင် စီစဉ်လိုက်တော့၏။
ရုတ်တရက်ဆိုသလိုပင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုလုံးတွင် ယဲ့ယီနှင့် ကုရှီချန်းတို့ ကွာရှင်းသည့် သတင်းများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော်လည်း ယဲ့ယီမှာ အင်တာနက် အသုံးပြုသူ အားလုံး၏ တိုက်ခိုက်ခြင်းကို ခံနေရချိန်တွင် ကုရှီချန်း အမည်ရှိ အကောင့်တစ်ခုမှ ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တစ်ခု တင်ခဲ့၏။
ကုရှီချန်း V : @ယဲ့ယီ မင်းကို ပြန်ပြီး ပိုးပန်းခွင့်ပေးနိုင်မလား။
အစပိုင်းတွင် လူတိုင်းက ထိုပို့စ်ကို ပေါ့ပေါ့တန်တန်ပင် မှတ်ယူခဲ့ကြပြီး သူတို့စုံတွဲကို အားပေးလွန်းသူတစ်ဦး၏ နောက်ပြောင်မှု ဖြစ်မည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ထိုအကောင့်၏ ပရိုဖိုင်ကို ဝင်ကြည့်လိုက်သောအခါ ထိုအကောင့်မှာ ကုကော်ပိုရေးရှင်း၏ ဥက္ကဌအဖြစ် အတည်ပြုချက် ရယူထားသော အကောင့်ဖြစ်ကြောင်း သိလိုက်ရသည်။
တစ်နည်းအားဖြင့် ထိုသူမှာ တကယ့် ကုရှီချန်းပင် ဖြစ်၏။
အင်တာနက် အသုံးပြုသူအားလုံး တစ်ပြိုင်နက်တည်း အံ့ဩသွားကြ၏။
‘ဒါဘယ်လိုလုပ်ရပ်လဲ တစ်ဖက်မှာ ကွာရှင်းပြီး တော့ ခုကျတော့ ဇနီးသည်ကို ပြန်လိုက်နေတာလား’
မယုံကြည်နိုင်ကြသော အင်တာနက် အသုံးပြုသူများသည် ကုကော်ပိုရေးရှင်း၏ တရားဝင် အကောင့်သို့ တိုက်ရိုက်သွားရောက်ကာ ကုရှီချန်း၏ အကောင့်ကို တစ်စုံတစ်ယောက်ကများ ဝင်ရောက် နောက်ပြောင်နေသလားဟု မေးမြန်းခဲ့ကြလေ၏။
သို့သော်လည်း ကုကော်ပိုရေးရှင်း၏ အဖြေမှာ ထိုအကောင့်ကို ကုရှီချန်းတစ်ဦးတည်းကသာ အသုံးပြုသည်ဟု ဖြေကြားခဲ့သည်။
ထိုအကောင့်ကို ကုရှီချန်း တစ်ဦးတည်းသာ သုံးစွဲသဖြင့် ဤပို့စ်ကိုလည်း ကုရှီချန်း ကိုယ်တိုင်ပင် တင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အင်တာနက် အသုံးပြုသူများသည် ကုရှီချန်း၏ ပို့စ်အောက်သို့ စုပြုံရောက်ရှိလာကာ သူ၏ ဆိုလိုရင်းကို မေးမြန်းခဲ့ကြလေ၏။
‘သူ့ကို ချစ်တယ်ဆိုရင် ဘာလို့ ကွာရှင်းခဲ့တာလဲ၊ မချစ်ရင်လည် ဒီပို့စ်ကို ဘာ အဓိပ္ပာယ်နဲ့ တင်ရတာလဲ’
ကုရှီချန်း၏ ပို့စ်ကို မြင်လိုက်ရသောအခါ နန်ချင်ဝမ်သည် ယဲ့ယီကို ရှာရန် ချက်ချင်း ပြေးလာလေ၏။ ယဲ့ယီကိုယ်တိုင်လည်း ထိုပို့စ်ကို မြင်သောအခါ ရင်ထဲတွင် ဖော်မပြတတ်သာသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကုရှီချန်းသည် သူ၏ ‘ငွေကြေးအာဏာ’ ကို သုံး၍ သတင်းများကို ဖိနှိပ်လိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ကုရှီချန်းသည် ဆိုရှယ်မီဒီယာပေါ်တွင် လူသိရှင်ကြား ဝန်ခံလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ကုရှီချန်း အစောပိုင်းက ပြောခဲ့သော စကား၏ အဓိပ္ပာယ်ကို ယဲ့ယီ ယခုမှ နားလည်သွားတော့၏။ သူသည် သူမကို နှစ်သက်သည်ဟု ယခင်က ဝန်ခံခဲ့ခြင်းမှာ အမှန်ပင် ဖြစ်နေသည်။
ယခု ကုရှီချန်းသည် သူမကို လေးလေးနက်နက် ပြန်လည် လိုက်လံပိုးပန်းနေခြင်း ဖြစ်လေသည်။
“ရှောင်ယီ... နင်နဲ့ ဥက္ကဌကု ကြားမှာ ဘာတွေ ဖြစ်နေကြတာလဲ”
နန်ချင်ဝမ်မှာ ကုရှီချန်း၏ လုပ်ရပ်များကြောင့် ဇဝေဇဝါ ဖြစ်နေမိသည်။
ယဲ့ယီ အနည်းငယ် ချောင်းဟန့်လိုက်ပြီး ဆိုလေ၏။
“အစ်မမြင်တဲ့အတိုင်းပဲ၊ ကုရှီချန်းက ကျွန်မကို လိုက်နေတာလေ”
နန်ချင်ဝမ် မယုံကြည်နိုင်စွာ မေးလိုက်၏။
“ဒါဆို နင်က ဥက္ကဌကု ကို မချစ်လို့ ကွာရှင်းလိုက်တာပေါ့၊ ဥက္ကဌကုကတော့ နင်နဲ့ မကွာရှင်းချင်ဘူးပေါ့၊ ဟုတ်လား”
ယဲ့ယီက စဉ်းစားကြည့်ပြီး သူမပြောသည်မှာ မှန်ကန်သည်ဟု ခံစားရသဖြင့် နန်ချင်ဝမ်ကို ခေါင်းညိတ်ပြလိုက်၏။
နန်ချင်ဝမ် အံ့ဩသွားရပြန်သည်။ သူမအနေဖြင့် ပြောစရာစကား ပျောက်ဆုံးနေပြီး ကြောင်အမ်းစွာ ရပ်နေမိသည်။
အတန်ကြာမှ သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါဆို ငါတို့အားလုံးက နင်တို့ရဲ့ ‘ဇာတ်လမ်း’ လေးထဲက ကြားလူတွေပေါ့၊ ဟုတ်လား”
“ဖူး”
ယဲ့ယီမှာ သောက်လက်စ ရေများကိုပင် မှုတ်ထုတ်လိုက်မိတော့၏။
‘ဒါဘာစကားလဲ’
“အစ်မ ဘာတွေ တွေးနေတာလဲ၊ ကျွန်မ အရင်က ပြောဖူးတယ်မဟုတ်လား၊ ကျွန်မ ကုရှီချန်းနဲ့ အတူရှိနေခဲ့တာက မိသားစု အခြေအနေတွေကြောင့်ပါဆို။ ကျွန်မ သူ့ကို တကယ် မချစ်ဘူးလေ၊ သူက ကျွန်မကို ပြန်ချစ်လာလိမ့်မယ်လို့ ဘယ်လိုလုပ်သိမှာလဲ”
နန်ချင်ဝမ်မှာ ယဲ့ယီကို ရိုက်ပစ်ချင်စိတ်ပင် ပေါက်သွားတော့သည်။
‘အဲ့ဒါ ကုရှီချန်းလေ။ မိန်းကလေး အများကြီးရဲ့ အိမ်မက်ထဲက ချစ်သူကောင်လေးလေ’
‘ဒါပေမဲ့ ယဲ့ယီ ဘာလို့ သူ့ကို အခုလို ပမာမခန့် ပြုနေရတာလဲ’
“အစ်မချင်ဝမ်... ဒီလို ဘာမဟုတ်တာလေးတွေကို စိတ်ပူမနေပါနဲ့တော့။ အနည်းဆုံးတော့ ဒီကိစ္စက ပြေလည်သွားပြီ မဟုတ်လား”
နန်ချင်ဝမ်မှာ တစ်ခုခု ပြောချင်နေသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ဘဲ သက်ပြင်းရှည်ကြီးတစ်ခုသာ ချလိုက်တော့၏။
ယဲ့ယီသည် သူမအကောင့်ထဲသို့ ဝင်လိုက်ရာ အသုံးမဝင်သော မက်ဆေ့ချ်များကို လျစ်လျူရှုလိုက်ပြီး ကုရှီချန်း သူမကို ပူးတွဲတင်ထားသော ပို့စ်ကို ရှာကာ စာတိုလေးတစ်ခုနှင့်အတူ ပြန်လည် မျှဝေလိုက်လေ၏။
“အခွင့်အရေးတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုက်နိုင်မလား ဆိုတာကတော့ ရှင့်အရည်အချင်းအပေါ်မှာပဲ မူတည်တယ်”
ယဲ့ယီ ပို့စ်တင်ပြီးနောက်တွင် ကုရှီချန်းက ချက်ချင်းပင် ပြန်လည်ရေးသားခဲ့လေသည်။
“ကိုယ့်ရဲ့ အရည်အချင်းကို ကိုယ် အပြည့်အဝ ယုံကြည်တယ်”
ကုရှီချန်း၏အဖြေကို ကြည့်ရင်း ယဲ့ယီသည် ပြုံးမိသွားသည်။ ထို့နောက် ထပ်မံ အကြောင်းမပြန်တော့ဘဲ ဆိုရှယ်မီဒီယာပေါ်မှ ထွက်လိုက်တော့သည်။
ထို့နောက်တွင် ကုရှီချန်းနှင့် ယဲ့ယီတို့မှာ အတူတကွ ရေပန်းစားလာကြပြန်၏။
#လူရွှင်တော်က_ငါကိုယ်တိုင်ပါပဲ#
#သူဌေးကြီးတွေရဲ့_အချစ်#
#ငါတို့လည်းနင်တို့ဇာတ်လမ်းထဲကဇာတ်ပို့ပဲလား
ဤအချစ်ချိုချဉ်များကို အတင်းအကျပ် ထိုးကျွေးခံလိုက်ရသော အင်တာနက် အသုံးပြုသူ အမြောက်အမြားမှာ စတင် ညည်းတွားလာကြတော့၏။
[ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါတို့လည်း နင်တို့ ‘ဇာတ်လမ်း’ ထဲက ဇာတ်ပို့တွေပဲပေါ့၊ ဟုတ်လား။ တော်သင့်ပြီ]
[ငါက သနားစရာကောင်းလိုက်တာ။ ဘာလို့ ငါ့ကို ဒီလို ‘အချစ်စာ’ တွေ ကျွေးနေရတာလဲ]
[တကယ် ကွာရှင်းတာလို့ ငါ ထင်ခဲ့တာ၊ တကယ်တော့ ဒါက အချစ်ဂိမ်းတစ်ခုပဲကိုး။ နင်တို့ သူဌေးတွေကတော့ ကစားတတ်လိုက်တာ]
[ဝူးဝူးဝူး... အလုပ်လုပ်ရလို့ ပင်ပန်းနေပါပြီဆိုမှ ဘာလို့ ဒါတွေကို ကြည့်ခိုင်းနေရတာလဲ။ ငါတို့လို သာမန်လူတွေရဲ့ ဘဝကရော ဘဝမဟုတ်လို့လား]
[တော်လောက်ပြီ၊ ဘာလို့ ငါတို့ကို ဒီလို ကစားနေရတာလဲ]
[ငါတို့ရဲ့ ပါဝင်သရုပ်ဆောင်ခကိုသာ ရှင်းပေးကြပါ၊ ကျေးဇူးတင်ပါတယ်]
အွန်လိုင်းပေါ်မှ လူထုအမြင်မှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ ကုရှီချန်း၏ အစွန့်ပစ်ခံရသူ ဟု ယဲ့ယီကို လှောင်ပြောင်ခဲ့ကြသူများမှာလည်း စကားမပြောရဲကြတော့ပေ။
သူတို့နှစ်ဦး ကွာရှင်းလိုက်ကြသော်လည်း ကုရှီချန်း ယဲ့ယီကို ပြန်လည် လိုက်လံပိုးပန်းမည်ဟု ပြောထားသဖြင့် သူတို့နှစ်ဦး မကြာမီ ပြန်လည် လက်ထပ်ကြလိမ့်မည်ဟု လူတိုင်း ခံစားမိကြသည်။
စာချုပ်ဖျက်သိမ်းလိုကြသော အမှတ်တံဆိပ်များမှာလည်း ယဲ့ယီထံသို့ ပြန်လည် ရောက်ရှိလာကြသည်။ သို့သော် ယဲ့ယီက ထိုသူအားလုံးကို ငြင်းပယ်ရန် နန်ချင်ဝမ်ကို ခိုင်းလိုက်၏။
ထိုကဲ့သို့သော စိတ်မချရသည့် အမှတ်တံဆိပ်များမှာ များသောအားဖြင့် အမှတ်တံဆိပ်အသေးစားများသာ ဖြစ်သည်။ ‘ဂျက်နီစစ်မီဒီယာ’ သည် သူတို့ အလိုရှိချိန်တွင် ပူးပေါင်းပြီး မလိုချင်လျှင် စွန့်ပစ်၍ရသော အရာမဟုတ်ကြောင်း သူတို့ သိအောင်ပြသရပေလိမ့်မည်။
ယဲ့ယီ၏ ရုပ်ရှင်သစ်မှာ ရုံဝင်ငွေ အလွန်ကောင်းသော်လည်း အချို့သော အမှတ်တံဆိပ်ကြီးများမှာမူ ယခုနှစ် အကယ်ဒမီဆုပေးပွဲ ရလဒ်ကို စောင့်ကြည့်ရန်အတွက် တွန့်ဆုတ်နေကြဆဲပင်။
အကယ်၍ ဂျက်နီစစ်မီဒီယာမှ တစ်စုံတစ်ယောက်ကသာ အကယ်ဒမီ ရရှိသွားပါက ဂျက်နီစစ်မီဒီယာသည် ဖျော်ဖြေရေးလောကတွင် အမှန်တကယ် အခိုင်အမာ နေရာရရှိသွားလိမ့်မည်။
လန်ရွှယ်သည် ချန်ထျန်မင်း အလုပ်မှ ပြန်လာသောအခါ ဤသတင်းကောင်းကို ပြောပြရန် မူလက စီစဉ်ထားသော်လည်း လူထုအမြင်သည် ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အထူးသဖြင့် ကုရှီချန်း တင်ထားသော ပို့စ်ကို မြင်လိုက်ရသောအခါ သူမမှာ ဒေါသထွက်လွန်း၍ အံကြိတ်မိလေတော့၏။
သူမ ကိုယ်ဝန်ရရှိလာကတည်းက ချန်ထျန်မင်းသည် အိမ်သို့ ပြန်လာသော်လည်း သူမအပေါ်တွင် အလွန်ပင် အေးစက်နေဆဲ ဖြစ်သည်။ သူသည် ကလေးအပေါ်တွင် စိတ်ဝင်စားခြင်း မရှိဘဲ ချန်ဟောင်ယုကိုသာ ပို၍ပင် အလိုလိုက် ဂရုစိုက်နေတော့သည်။
ထို့အပြင် အိမ်ရှိ အစေခံများမှာ ချန်ဟောင်ယုကို အနီးကပ် စောင့်ကြည့်နေကြပြီး ထိုအစေခံများကိုလည်း ချန်ထျန်မင်း ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သည်။ လန်ရွှယ်အနေဖြင့် သူမတွင် ကိုယ်ဝန်ရှိနေကြောင်း ချန်ဟောင်ယုအား ပေးသိရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ချန်ထျန်မင်းကမူ သူမ အနေဖြင့် ဗိုက်စတင်ထွက်လာသည်နှင့် သူမကို စောင့်ရှောက်ရန် မိဘအိမ်ဟောင်းသို့ ပြန်ပို့ပေးမည်ဟုပင် ပြောထားလေ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာလည်း ချန်ဟောင်ယုအတွက်သာ ဖြစ်သည်။
လန်ရွှယ်အနေဖြင့် ဤကလေး မွေးဖွားလာပြီးနောက်တွင်လည်း သူမအနေဖြင့် ကလေးနှင့်အတူ နေထိုင်ခွင့် ရလိမ့်မည်မဟုတ်ကြောင်း ခံစားနေမိသည်။ ချန်ထျန်မင်းသည် ချန်ဟောင်ယုအပေါ် ထားရှိသော ဂရုစိုက်မှုကို ကြည့်ပါက သူသည် ရက်စက်ဖို့ ဝန်လေးနေမည်မဟုတ်ပေ။
ထို့ကြောင့် သူမ ဗိုက်မထွက်လာမီတွင် ချန်ဟောင်ယုအား သူမ ကိုယ်ဝန်ရှိနေကြောင်း သိအောင် နည်းလမ်းရှာရမည်။
ချန်ဟောင်ယုသာ သူမ ကိုယ်ဝန်ရှိသည်ကို သိသည်နှင့် တစ်ပြိုင်နက် သေချာပေါက် ဆူပူသောင်းကျန်းပေလိမ့်မည်။
ချန်ဟောင်ယုသည် သူမကို ထိခိုက်အောင် လုပ်လာနိုင်သည်။ ထိုအတိုင်းဖြစ်လာပါက ချန်ထျန်မင်းသည် ချန်ဟောင်ယုအပေါ် မည်မျှပင် အချစ်ကြီးပါစေ သေချာပေါက် စိတ်ပျက်သွားပေလိမ့်မည်။
ချန်ထျန်မင်းသည် ချန်ဟောင်ယုဘက်မှ ဘက်လိုက်နေဦးမည် ဆိုလျှင်တောင်မှ ဤဖြစ်ရပ်များသည် အွန်လိုင်းပေါ်သို့ ပျံ့နှံ့သွားသည်နှင့် ချန်ဟောင်ယု၏ နာမည်ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။