အခန်း ၄၅၂
Vol. 46 Ch. 452
အခန်း(၄၅၂) အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသားကျမ်း
ခွန်းလွန်အင်မော်တယ်နန်းတော်။
"အရှင်မ၊ ဓားနက်ဂိုဏ်းက လေဝိညာဉ်ဂိုဏ်းအဖြစ် နာမည်ပြောင်းသွားပါပြီ။"
လိုက်ကာနောက်ကွယ်တွင် မျက်လုံးမှိတ်ကာ တရားထိုင်နေသော ဟွာကျင်းက မျက်လုံးတစ်ဖက် ဖွင့်လိုက်ပြီး လန့်သွားသည်။
"ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ။"
"မနေ့ညကပါ။ လက်ရှိ လေဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဓားနက်ဂိုဏ်းကို ဝင်စီးသွားပြီးတော့ ဂိုဏ်းချုပ် အပါအဝင် တပည့်တွေ အားလုံးကို ဂိုဏ်းထဲ အတင်းအကျပ် သွတ်သွင်းသွားတာပါ။"
တပည့်ဖြစ်သူ၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ဟွာကျင်း မျက်မှောင်ကြုတ်လိုက်သည်။
ဓားနက်ဂိုဏ်းက အတော်လေး အစွမ်းထက်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ရွှေရောင်အနှစ်သာရအဆင့် ဂိုဏ်းချုပ် ရှိနေတာပဲ။ သူတို့ဂိုဏ်းကို ဒီလိုမျိုး အလွယ်တကူ အသိမ်းခံလိုက်ရအောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ညတွင်းချင်းပဲ နာမည်နဲ့မျိုးရိုးကို ပြောင်းပစ်လိုက်တာလား။
သံသယဖြစ်စရာပဲ။
အတော်လေးကို သံသယဖြစ်စရာ ကောင်းတယ်။
"ဝမ်ရှိုယီကို အကြောင်းကြားလိုက်၊ သူ့ကို ဓားနက်... အင်း၊ အခု လေဝိညာဉ်ဂိုဏ်းလို့ ခေါ်တဲ့ နေရာကို သွားပြီး ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ခိုင်းလိုက်။"
"ဟုတ်ကဲ့ပါ။" တပည့်ဖြစ်သူက ပြန်ဖြေပြီး ဆုတ်ခွာသွားသည်။
"ဒါ ဖရိုဖရဲခေတ်ကြီး ရောက်လာလို့လား။ ဒါမှမဟုတ် ငါပဲ အရမ်းအကဲဆတ်နေတာလား။" ဟွာကျင်းက မျက်ခုံးနှစ်ဖက်ကြားကို ညှစ်လိုက်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားကျင့်ကြံသူများ ပေါ်လာကတည်းက သူ၏အာရုံကြောများ အမြဲတမ်းပင် တင်းမာနေပြီး အသေးအမွှား ကိစ္စလေးကအစ စုံစမ်းစစ်ဆေးရန် မလုပ်ဘဲ မနေနိုင်အောင် ဖြစ်နေသည်ဟု သူ ခံစားနေရသည်။
ဂိုဏ်းအချင်းချင်း တိုက်ခိုက်ခြင်းကိုတားမြစ်မှု ရုပ်သိမ်းပြီးနောက်တွင် ဤကဲ့သို့သော ဂိုဏ်းများ အပြောင်းအလဲ ဖြစ်ခြင်းက အတော်လေး ပုံမှန်သာ ဖြစ်သည်။
ဤကဲ့သို့ အလွန်အမင်း တင်းမာနေသော စိတ်အခြေအနေက သူ့ကို ယခုတလော အလွန်ပင် ပင်ပန်းနွမ်းနယ်စေခဲ့သည်။
"ဒါနဲ့ ချန်ဟွိုက်အန်က ငါ့ကို စိတ်ငြိမ်စေပြီး အေးချမ်းစေတဲ့ ဆေးတစ်လုံး ပေးထားတယ် မဟုတ်လား။"
ဟွာကျင်းက ထိုဖြစ်ရပ်ကို ပြန်သတိရပြီး ဆေးသေတ္တာကို ထုတ်ယူလိုက်သည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဆေးရနံ့တစ်ခု ချက်ချင်း လွင့်ပျံ့လာ၏။
အနံ့လေး ရှူလိုက်ရုံနှင့်တင် တစ်ကိုယ်လုံး ပိုပြီးပြေလျော့သွားသလို ခံစားရသည်။
"ကောင်းလိုက်တာ။"
သူသည်လည်း အဂ္ဂိရတ်ပညာတွင် အတော်လေး ကျွမ်းကျင်သူ ဖြစ်သည်။
ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် ၎င်းကို အထူးပြောင်မြောက်သော ကျွမ်းကျင်မှုဖြင့် ဖန်တီးထားကြောင်း သိနိုင်ပြီး သက်ဆိုင်ရာ ဆေးနည်းမှာလည်း ထပ်တူပင် သေသပ်လှပကြောင်း သိသာသည်။
ဆေးလုံးကို သောက်သုံးပြီးနောက် သူက အမှန်တကယ်ပင် လန်းဆန်းပြီး ခွန်အားများ ပြည့်ဝလာသလို ခံစားလိုက်ရသည်။
သူ ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။ "ကောင်းကင်ဘုံရဲ့ လက်ဆောင်တွေက အတန်ဖိုးဆုံးနဲ့ နားလည်ရအခက်ဆုံးပဲ။ ဒီချန်ဟွိုက်အန်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အများကြီး ရှိတယ်။"
တက်လှမ်းသူများ၏ အမွေအနှစ်သည် ပုံသေဖြစ်သည်။ ၎င်းကို မူလအခြေခံပေါ်တွင်သာ အဆက်မပြတ် စုပ်ယူပြီး ချဲ့ထွင်နိုင်သည်။
ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့သည် သံသရာလည်ခြင်းနှင့်အတူ မပြောင်းလဲသကဲ့သို့ ယခု သူတို့ပိုင်ဆိုင်ထားသော ကျင့်စဉ်များ၊ သိုင်းပညာများ၊ မှော်လက်နက်များ၊ အဂ္ဂိရတ်နှင့် အခင်းအကျင်းများစသည့် အရာအားလုံးသည် အခြေခံအားဖြင့် မျိုးဆက်တိုင်း၏ သံသရာလည်ခြင်းတွင် ရှင်သန်နိုးထလာသူများကို စုပ်ယူခြင်းဖြင့် တဖြည်းဖြည်း စုဆောင်းထားခြင်း ဖြစ်သည်။
ထိုကြီးမြတ်သော ပုဂ္ဂိုလ်များက သူတို့ကို တက်လှမ်းခြင်းအတွက် နည်းလမ်းသက်သက်ကိုသာ ပေးသနားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နိုးထလာသူများအပေါ် ကောင်းကင်ဘုံမှ ပေးသနားသော ကောင်းချီးများသည် လုံးဝကျပန်း ဖြစ်နေသောကြောင့်ပင်။ လူတစ်ယောက်တည်းကပင် သံသရာ တစ်ပတ်စီတိုင်းတွင် မတူညီသော ကောင်းချီးများကို ရရှိနိုင်သည်။ ယခင်သံသရာက ကောင်းကင်ဘုံမှ ကောင်းချီးများ ရရှိခဲ့သော သူတစ်ယောက်က နောက်သံသရာတွင် သာမန်လူတစ်ယောက်သာ ဖြစ်နေနိုင်ပြီး စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည်နိုးထလာသည့် ခေတ်ကိုပင် မီလိုက်မည် မဟုတ်ပေ။
ဟွာကျင်းက တစ်ခုခုကို ရှာဖွေနေပုံရသော ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများ အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။
ဤအဆုံးမရှိသော သံသရာလည်ခြင်းင ကောင်းကင်စည်းမျဉ်းများအတွင်းရှိ အပြောင်းအလဲ တစ်ခုကို ရှာဖွေရန် ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့်ပင် ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားကျင့်ကြံသူများ ပေါ်လာချိန်တွင် ထိုကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများအကြောင်း သူ၏အထက်လူကြီးများထံ သတင်းပို့ရသည်ကို သူ အလွန် စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။
ချန်ဟွိုက်အန်က ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားကျင့်ကြံသူများနှင့် တူမတူ ဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်။
ဟွာကျင်းတွင် ဤကဲ့သို့သော အတွေးမျိုး မရှိခဲ့ပေ။
ချန်ဟွိုက်အန်သည် စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်လည်နိုးထလာချိန်တွင် ကောင်းကင်တာအို၏ ကောင်းချီးဖြင့် ရှားပါးသော ဆေးလုံးများကိုသန့်စင်နိုင်သည့် စွမ်းရည်ကို ရရှိရန် ကံကောင်းခဲ့ခြင်း သက်သက်သာ ဖြစ်သည်။
ဤအချက် တစ်ခုတည်းက ထိုကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများအတွက် သူ့ကို အပြောင်းအလဲ တစ်ခုအဖြစ် သတ်မှတ်ရန် မလုံလောက်ပေ။
မည်သို့ဆိုစေ အလုံးစုံ အခြေအနေကြီးရှေ့တွင် ဆေးလုံး အနည်းငယ်လောက်က အဖြစ်အပျက်များ၏ လမ်းကြောင်းကို ပြောင်းလဲပစ်ရန် မလုံလောက်ပေ။
ဓားနက်ဂိုဏ်း။
တပည့်များ မည်သည့် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ရန် ဆုံးဖြတ်ပြီးနောက် ချန်ဟွိုက်အန်သည် ယခင်က ကျန်းယိပိုင်ကဲ့သို့ပင် ပြောစရာစကားမဲ့သွားသည်။
ပထမဆုံးအနေဖြင့် ကျန်းယိပိုင်တွင် ဓား၊ လှံ၊ တုတ်နှင့် လက်ဝှေ့သိုင်းနှင့် လက်ဝါးသိုင်း အမျိုးမျိုး ရှိထားပြီးသား ဖြစ်သော်လည်း ဤကျင့်ကြံသူများသည် မည်သည့်အရာကိုမျှ မသင်ယူနိုင်ကြပေ။
ထို့နောက် ချန်ဟွိုက်အန်သည် ဤတပည့်များကို သင်ယူရန် ဓားကျောင်းတော်မှ အောက်ခြေအဆင့် သိုင်းပညာအချို့ကို ထုတ်ပေးခဲ့သော်လည်း သူတို့က ၎င်းတို့ကို ကျွမ်းကျင်စွာ မသင်ယူနိုင်ခဲ့ကြပေ။
"ဝက်တွေ။ ခွေးလို အရူးကောင်တွေ။"
ချန်ဟွိုက်အန် ဆက်ပြီး မထိန်းနိုင်တော့ဘဲ လီကျုံးစီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်တော့သည်။
လီကျုံးစီက အနေခက်သော မျက်နှာထား ဖြစ်သွား၏။
ဤသည်မှာ သူ၏ဘဝတွင် ကျင့်စဉ်များကို ဤမျှအများအပြား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး ရွေးချယ်စရာများပြားလွန်းသဖြင့် အရှိုက်တီးခံလိုက်ရသလို ဖြစ်သွားကာ သူ၏ပါရမီက တကယ်တမ်းတွင် ဤမျှ ညံ့ဖျင်းနေကြောင်းကိုလည်း ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရသည်။
မတူညီတဲ့ ကျင့်စဉ်၅၀ကျော် ရှိပေမယ့် ငါ တစ်ခုကိုမှ နားမလည်နိုင်သေးဘူး။
"ညီလေး၊ စိတ်အေးအေးထားပါ။ ဒေါသထွက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်။"
ယခုတော့ ချန်ဟွိုက်အန်ကို နှစ်သိမ့်ပေးရန် ကျန်းယိပိုင်၏အလှည့် ရောက်လာသည်။ သူက ချန်ဟွိုက်အန် လီကျုံးစီကို သွေးသံရဲရဲဖြစ်အောင် မထိုးကြိတ်မိစေရန်ပင် တားဆီးလိုက်ရသည်။
"ဒု-ဂိုဏ်းချုပ်၊ တကယ်လို့ ဘာမှ အဆင်မပြေဘူးဆိုရင်... ကျွန်တော်တို့ အရင်ကသုံးခဲ့တဲ့ သေမင်းတမန် ဓားနက် ပညာရပ်ကိုပဲ ဆက်ကျင့်ကြရအောင်ပါ..." လီကျုံးစီက နောက်သို့ တွန့်ဆုတ်သွားကာ ချန်ဟွိုက်အန်၏ ဒေါသတကြီး အကြည့်များကို ရင်မဆိုင်ရဲဘဲ တီးတိုးရေရွတ်လိုက်သည။ "အဲဒီဓားသိုင်းက တော်တော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ အဲဒါကို သုံးတဲ့အခါ ဂိုဏ်းအများစုက ကျွန်တော်တို့ကို မနိုင်ကြပါဘူး။"
"အဓိပ္ပာယ်မရှိတာ။" ချန်ဟွိုက်အန် မျက်လုံးလှန်လိုက်သည်။
ဒီတပည့်တွေရဲ့ ခေါင်းပေါ်က မီးခိုးရောင်တွေ နောက်ဆုံးတော့ နည်းနည်းပါးသွားပြီ။ အခု သူတို့က အဲဒီ သေမင်းတမန်ဓားနက် ပညာရပ်ကို ဆက်ကျင့်ကြမလို့တဲ့။
ဒီဓားသိုင်းကို ကျင့်ကြံတာက ငါ့ကို အဲဒီမီးခိုးရောင်တွေတွေ ထပ်ပြီး စွန်းထင်းစေမလားဆိုတဲ့ မေးခွန်းကို ဘေးဖယ်ထားလိုက်ဦး။ အဓိကပြဿနာက ဒီဓားသိုင်းက စံချိန်မမီတာပဲ။
ဒေါသထွက်နေတာက အလကားပဲ။
ချန်ဟွိုက်အန်က မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင်ထားပြီး ဖြေရှင်းနည်း တစ်ခုကို စတင် စဉ်းစားလိုက်သည်။
သူတို့က ဓားကျောင်းတော်နှင့် ကျန့်ဝူမြင့်မြတ်နယ်မြေမှ သိုင်းပညာများကို မသင်ယူနိုင်ဘူးဆိုလျှင် အဂ္ဂိရတ်ဂိုဏ်းနှင့် လင်းရှီးတောင်ကြားမှ ပညာရပ်များကို သင်ယူနိုင်ရန်မှာ ပို၍ပင် ဝေးနေသေးသည်။
အဂ္ဂိရတ်နှင့် ဆေးပညာရပ်များက သိုင်းပညာထက် အများကြီး ပိုရှုပ်ထွေး၏။
သူက ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်ကာ စတိုးဆိုင် အချို့တွင် လှည့်ပတ်ရှာဖွေကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်က [ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူစတိုးဆိုင် ] ပေါ်သို့ ကျရောက်သွားသည်။
ဤစတိုးဆိုင်က သိုင်းပညာများကိုလည်း ရောင်းချပြီး အရေအတွက်က အတော်လေး များပြားကာ တစ်မျက်နှာလျှင် ပညာရပ် ၁၀ခုဖြင့် စာမျက်နှာ ထောင်ကျော် ရှိသည်။
သိုင်းပညာစာမျက်နှာ၏ အပေါ်ညာဘက်ထောင့်တွင် အဆင့်အတန်းစစ်ထုတ်မှု သာမက ကျင့်ကြံခြင်း အခက်အခဲနှင့် နားလည်နိုင်စွမ်း အခက်အခဲအတွက် စစ်ထုတ်မှုများပါ ရှိကြောင်း သူ တွေ့လိုက်ရသည်။
လီကျုံးစီကဲ့သို့သော တပည့်များအတွက် ကျင့်ကြံခြင်း အခက်အခဲကို ထည့်စဉ်းစားရန် မလိုအပ်ပေ။ သူတို့က လုံးဝကို နားမလည်နိုင်ကြပေ။
ထို့ကြောင့် သူက နားလည်နိုင်စွမ်း အခက်အခဲ ကို အနိမ့်ဆုံးအဆင့်သို့ တိုက်ရိုက် လျှော့ချလိုက်သည်။
ရုတ်တရက် ကျင့်စဉ်သောင်းချီရှိသည့်အနက် သုံးခုသာ ကျန်ရစ်တော့သည်။
[ မိစ္ဆာအတတ်နှင်တုတ်သိုင်း (အမြင့်ဆုံးအဆင့်) - သင်းကွပ်ခြင်းမပြုဘဲ နားလည်ရန် ခက်ခဲသည်။ သင်းကွပ်ပြီးနောက် နားလည်ရန် ပိုလွယ်ကူသော်လည်း အာမခံချက် မရှိပါ။ လေ့ကျင့်သူ အနည်းငယ်က လိင်တူစိတ်ဝင်စားမှု လက္ခဏာများ အတိုင်းအတာ တစ်ခုအထိ ပြသနိုင်သည် ]
[ အာဏာရှင်လက်သီး (အနိမ့်ဆုံးအဆင့်) - သင်ယူရန် လွယ်ကူသော်လည်း ကျင့်ကြံရန် အလွန် ခက်ခဲသည်။ ကျင့်ကြံသူများသည် ကြွက်သားနှင့်အရိုးများ သိသာထင်ရှားစွာ ကြီးထွားလာမှုကို ခံစားရမည်။ ကျင့်ကြံသူ အများစုသည် ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးမှု လက္ခဏာများကို ပြသမည်ဖြစ်ပြီး ကြွက်သားများကို ခင်းကျင်းပြသရသည်ကို နှစ်သက်ကြလိမ့်မည် ]
[ အာဏာရှင်နှလုံးသားကျမ်း (အနိမ့်ဆုံးအဆင့်) - နားလည်ရန် လွယ်ကူသည်၊ နားလည်နိုင်စွမ်းကို တိုးတက်စေ နိုင်သော်လည်း အလွန်ရှည်လျားသော ကျင့်ကြံချိန် လိုအပ်သည်။ ကျင့်ကြံသူ အများက နားလည်နိုင်စွမ်း မတိုးတက်လာမီ သက်တမ်း ကုန်ဆုံးသွားလေ့ရှိသည် ]
…
ချန်ဟွိုက်အန်က ကျင့်ကြံခြင်းစာအုပ် (၃)အုပ်ကို ကြည့်ကာ တိတ်ဆိတ်သွားသည်။
အင်း…
ပထမအကြိမ် ကြည့်လိုက်လျှင် အားလုံးက ကောင်းမွန်ပုံပေါ်သော်လည်း သေချာစစ်ဆေးကြည့်လိုက်ရာ အားလုံးက အတော်လေး ထူးဆန်းနေပုံရသည်။
နောင်တစ်ချိန်တွင် လေဝိညာဉ်ဂိုဏ်းကို လိင်တူချစ်သူဂိုဏ်းကဲ့သို့ မဖြစ်စေချင်သဖြင့် သူက ပထမဆုံး မိစ္ဆာအတတ်နှင် တုတ်သိုင်းကို ချက်ချင်း ပယ်ချလိုက်သည်။
အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသားကျမ်းကို တွဲ၍ကျင့်ကြံနိုင်ပြီး ထိုပညာရပ် နှစ်ခုစလုံးမှာ ဂိုဏ်းတစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်စရာ အကြောင်းပြချက်ပင် ရှိနေသည်။
ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးခြင်းများဆိုသည့် ဘေးထွက်ဆိုးကျိုး အတွက်ကမူ ပြဿနာ မကြီးလှပေ။
"မင်းတို့ကိုပဲ ရွေးလိုက်ပြီ။"
ချန်ဟွိုက်အန်က အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသားကျမ်းကို လဲလှယ်ဝယ်ယူလိုက်သည်။
ဤမြေအဆင့် ကျင့်စဉ်နှစ်ခုသည် အလွန် ဈေးပေါပြီး စုစုပေါင်း လမ်းမှန်ကျင့်ကြံသူ အပိုင်းအစ၂၀နှင့် ဝိညာဉ်ပုံဆောင်ခဲ ၆ခုသာ ကုန်ကျသည်။
လီကျုံးစီက စိတ်မသက်မသာ ဖြစ်နေစဉ်၊ ဒုဂိုဏ်းချုပ်သည် ဘယ်ကမှန်းမသိ ကျောက်စိမ်းပြား နှစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရ၏။
"ဒီကျင့်စဉ် နှစ်အုပ်ကို ကြည့်ကြည့်။ ဒါတွေကိုတောင် မင်း ကျွမ်းကျင်အောင် မလုပ်နိုင်ဘူးဆိုရင် လယ်သာသွားပြန်စိုက်နေလိုက်တော့။"
လီကျုံးစီက အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသားကျမ်းကို ဂရုတစိုက် လှမ်းယူလိုက်ပြီး နှစ်ချက် သုံးချက်ခန့် ကြည့်ရှုပြီးနောက် ၎င်းတို့အထဲ လုံးဝနစ်မြုပ်သွားတော့သည်။
…