← Chapters

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း(၄၅၃) ဝေးဝေးရှောင်ဖို့ မမေ့ပါနဲ့

အချိန်အတော်ကြာပြီးနောက် လီကျုံးစီက ကျမ်းစာနှစ်ခုစလုံးကို ဖတ်ပြီးသွားသည်။ သူက ထိုနေရာတွင် မှင်တက်စွာ ထိုင်နေပြီး ရှေ့သို့ တည့်တည့် စိုက်ကြည့်ကာ ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။

ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ အံ့အားသင့်နေစဉ်မှာပင်။

လီကျုံးစီက ရုတ်တရက် ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ဦးခေါင်းတိုက် အရိုအသေ ပေးလိုက်သည်။

"တိမ်ကင်းစင်သွားပြီး နေရောင်လင်းလာသလိုပါပဲ။ အာဏာရှင်လက်သီးနဲ့ အာဏာရှင်နှလုံးသားကျမ်းကို မတွေ့ခင်က လောကမှာ အမြင့်ဆုံးအဆင့် သိုင်းပညာဆိုလို့ သေမင်းတမန်ဓားနက် တစ်ခုတည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ခဲ့တာ။ အခုမှ အဲဒါက ရေတွင်းထဲက ဖားသူငယ် သက်သက်ပဲ ဆိုတာကို နားလည်သွားပြီ။ ဒီသိုင်းပညာနှစ်ခုရဲ့ အံ့သြဖွယ်ကောင်းမှုက သေမင်းတမန်ဓားနက် အုပ်ရေ၁၀၀ ဒါမှမဟုတ် တစ်ထောင်ကိုတောင် ကျော်လွန်သွားပြီ။"

သူက ပွန်းပဲ့နေသောဦးခေါင်းကို မော့လိုက်ပြီး မျက်ရည်များ မျက်နှာပေါ်တွင် စီးကျနေသည်။

"စီနီယာနှစ်ယောက်က ကျွန်တော့်ကို ဒီလိုပညာရပ်မျိုး လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ စီနီယာတို့အတွက် နွားတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်လို အလုပ်အကျွေးပြုဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။"

ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

သိုင်းကျမ်းနှစ်အုပ်တည်းနဲ့ အဲဒီလောက်တောင် ချဲ့ကားပြောနေတာလား။

ချန်ဟွိုက်အန်က ကျန်းယိပိုင်ကို မသိမသာ အကြည့်တစ်ချက် ပေးလိုက်ပြီး နှုတ်ခမ်းများ သဲ့သဲ့မျှလှုပ်ရှားကာ မေးလိုက်သည်။ "ခင်ဗျား တစ်ခုခု ပြင်လိုက်တာလား။"

"အဓိပ္ပာယ်မရှိတာ။ မင်းပဲ ငါ့ကို အဲဒါတွေ ပေးတာလေ။ မင်းပဲ ပြင်ခဲ့တာ။" ဂုဏ်သတင်းကို ကာကွယ်ရန် ကျန်းယိပိုင်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။

သို့သော် လီကျုံးစီ အမှန်တကယ် နားလည်သွားသည်ကို သူတို့ မသိခဲ့ကြပေ။

အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသားကျမ်းကို သဘောပေါက်ခြင်းက အပေါင်းအနုတ်သာသိသော ရှေးခေတ်လူတစ်ယောက်က အမြှောက်အစားကို ရုတ်တရက် ရှာဖွေတွေ့ရှိပြီး သင်ယူလိုက်ရခြင်းထက် မလျော့နည်းပေ။ ၎င်းက အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခုပင်။

ကောင်းကင်မိစ္ဆာအတတ်၊ အာဏာရှင်နှလုံးသားကျမ်းနှင့် အာဏာရှင်လက်သီးကျမ်းတို့ကို လူတိုင်နားလည်နိုင်ကြောင်း သေချာသွားသည်နှင့် ကျန်းယိပိုင်က ဤပညာရပ်သုံးခုကို လေဝိညာဉ်ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် အနာဂတ်တွင် သူ စုဆောင်းမည့် ပါရမီရှိသော တပည့်တိုင်းကို သူ၏သင်ကြားမှုနှင့် အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ပေးမည် ဖြစ်သည်။

အာဏာရှင်လက်သီးကျမ်းကို ကျွမ်းကျင်အောင် လုပ်ရာတွင် အခက်အခဲမှာ ၎င်း၏ အလွန်မြင့်မားသော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် တန်ဖိုးကြီးသော ဆေးလုံးများ လိုအပ်ခြင်းတို့တွင် အဓိက တည်ရှိသည်။

ပထမအချက်ကို ကောင်းကင်မိစ္ဆာအတတ်ဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ပြီး ဒုတိယအချက်မှာ ပို၍ပင် ရိုးရှင်းသည်။ အဂ္ဂိရတ်ဏ်းနှင့် လင်းရှီးတောင်ကြားတို့၏ ကျောထောက်နောက်ခံဖြင့် သူ မည်သို့ဆေးရည်မျိုးကို မထုတ်လုပ်နိုင်မည်နည်း။

…

ည၏ဒုတိယတစ်ဝက်…

တပည့်အားလုံး ကျင့်ကြံခြင်းတွင် နစ်မြုပ်နေစဉ်။

မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ဦး တံခါးဝတွင် ရုတ်တရက် ပေါ်လာ၏။

အဓိကခန်းမထဲတွင် ဂိုဏ်းရေးရာများကို ဆွေးနွေးနေသော ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် စကားပြောရပ်သွားကြသည်။

"လူတစ်ယောက် လာနေတယ်။"

ချန်ဟွိုက်အန်က မျက်လုံးမှိတ်ကာ ခဏတာ အာရုံခံကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

"ဝမ်ရှိုယီပဲ။" သူက ကျန်းယိပိုင်ကို ပြောလိုက်သည်။ "ဝမ်ရှိုယီကို ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ နန်းတော်အရှင်မက အခြေအနေကို စုံစမ်းဖို့ စေလွှတ်လိုက်တာ ဖြစ်မယ်။ ကျွန်တော် ထွက်လာဖို့က အဆင်မပြေဘူး။ ဒါကြောင့် ဒီကိစ္စကို အစ်ကိုကြီးဆီပဲ လွှဲထားခဲ့မယ်။ သံသယမဖြစ်ရအောင်လို့ ကျွန်တော် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုကို အရင် ပြန်သွားနှင့်မယ်။"

ကျန်းယိပိုင် ခေါင်းညိတ်လိုက်သည်။ "သွား။ ဘာလုပ်ရမလဲ ငါသိပါတယ်။"

ချန်ဟွိုက်အန်က လေဝိညာဉ်ဂိုဏ်း၏ တောင်အနောက်ဘက်မှ ဓားဖြင့် တိတ်တဆိတ် ပျံသန်းထွက်ခွာသွားသည်။

သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံခါးက ပွင့်လာသည်။

ဝမ်ရှိုယီက အေးစက်သော အမူအရာဖြင့် အဓိကခန်းမထဲသို့ ဝင်လာ၏။ လရောင်ကြောင့် ကျနေသော အရိပ်က ရှည်လျားစွာ ဆန့်ထွက်သွားပြီး ကျန်းယိပိုင်၏ ခြေရင်းသို့ ရောက်ရှိသွားသည်။

ကျန်းယိပိုင်က ဝမ်ရှိုယီအကြောင်းကို သိထားပြီး ကြေးခွံနက်ဓားထဲမှနေ၍ သူ့ကို လေ့လာခဲ့ဖူးသည်။

သို့သော် အသက်မကြီးလှသေးသော လူငယ်လေးက ယခုအချိန် Cပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၌ ရှိစဉ်က ပျော်ရွှင်ရွှင်လန်းသော အသွင်အပြင်နှင့် လုံးဝကွဲပြားကာ ရက်စက်သောအမူအရာနှင့် စူးရှသောမျက်လုံးများ ရှိနေသည်။

"ဓားနက်ဂိုဏ်းကို အစားထိုးလိုက်တဲ့သူက ခင်ဗျားပေါ့။"

စကားပြောနေစဉ် ဝမ်ရှိုယီ၏ နတ်ဘုရားအာရုံက ကျန်းယိပိုင်ကို ချက်ချင်းပင် လွှမ်းခြုံသွားသည်။

"ဘာလဲ။ တခြားဂိုဏ်းတွေကို အစားထိုးတာ တားမြစ်ထားတဲ့ စည်းမျဉ်းတွေ ရှိလို့လား။"

ကျန်းယိပိုင်က မတ်မတ်ထိုင်နေပြီး ကြီးမားသောလက်များကို ဒူးပေါ်တွင် တင်ထားကာ အရှိန်အဝါမှာ ရှေးဟောင်း ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး ခန့်ညားနေသည်။

"ဓားနက်ဂိုဏ်းက ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ လက်အောက်ခံ ဂိုဏ်းတွေထဲက တစ်ခုပဲ။ ဂိုဏ်းချုပ်ကို ပြောင်းချင်ရင်တောင် ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ သဘောတူညီချက်ကို ရယူရမယ်။" ဝမ်ရှိုယီက လက်သီးကို ဆုပ်လိုက်သည်။

သူက တာဝန်တစ်ခုနှင့် ရောက်လာခြင်း ဖြစ်သည်။

အကြောင်းရင်းတစ်ခုက ထိုဂိုဏ်းချုပ်အသစ်၏ ယုံကြည်မှုကို စမ်းသပ်ရန်ပင်။

ဒုတိယအချက်မှာ တစ်ဖက်လူက ခွန်းလွန်အင်မော်တယ်နန်းတော်အပေါ် ဆက်လက်ပြီး လက်အောက်ခံရန် ဆန္ဒရှိမရှိ ကြည့်ရန် ဖြစ်သည်။

ငါ့ရှေ့က အဘိုးကြီးက ရွှေရောင်အနှစ်သာရ အစောပိုင်း အဆင့်မှာပဲ ရှိတယ်။ မကြာသေးခင်ကမှ အစွမ်းထက်တဲ့ ဓားသိုင်းတချို့ကို သင်ယူထားတာဆိုတော့ သူ့ကို ငါ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မှာပဲ။

"မင်းရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော် သဘောတူညီချက်ကို ရယူရမယ်လို့ ပြောရတာ အတော်လေး ကောင်းတယ်။ ဒါပေမဲ့ ဓားနက်ဂိုဏ်းက ဓားနက်ဂိုဏ်း။ လေဝိညာဉ်ဂိုဏ်းက လေဝိညာဉ်ဂိုဏ်းပဲ။ လေဝိညာဉ်ဂိုဏ်းက ဘယ်အင်အားစုရဲ့ လက်အောက်ကိုမှ ရောက်မှာ မဟုတ်ဘူး။"

ကျန်းယိပိုင်က သံမျှော်စင်ကြီးတစ်ခုနှင့်တူသော သူ၏ မားမားမတ်မတ် ရပ်တည်မှုဖြင့် မတ်တတ်ရပ်လိုက်သည်။

သူ၏ မုတ်ဆိတ်မွေးများ တုန်ခါသွားပြီး ရက်စက်သော အပြုံးတစ်ခုက နှုတ်ခမ်းထောင့်တွင် တွန့်ကွေးသွားသည်။ "ဒါဆို ဒီနေ့ မင်းက ပြဿနာ လာရှာတာပေါ့၊ ဟုတ်လား။"

"ဒီထက် ပြောစရာ ဘာမှမရှိတော့ဘူး။" ဝမ်ရှိုယီက ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းယိပိုင်ကို လက်ယှက်ကာ ပြောလိုက်သည်။ "ခွန်းလွန်အင်မော်တယ်နန်းတော်က ဝမ်ရှိုယီပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး။"

…

ထိုညတွင် အော်မေ့တောင်တစ်လျှောက် ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခု တိုက်ခတ်သွား၏။

လေဝိညာဉ်ဂိုဏ်းမှ တပည့်များ တစ်ညလုံး မအိပ်ခဲ့ကြရပေ။

တိုက်ပွဲအသံများ တစ်ညလုံး ဆူညံနေပြီး မနက်မိုးလင်းမှသာ ရပ်တန့်သွား၏။

အမိန့်အရ မနက်ပိုင်းတွင် ဂိုဏ်း၏ အဓိကခန်းမသို့ သူတို့ စုရုံးလာသောအခါ ပျက်စီးနေသော ရင်ပြင်တစ်ခုနှင့် ကျန်းမာရေး ကောင်းမွန်ပြီး အထိအခိုက်မရှိ တောက်ပနေသော ကျန်းယိပိုင်ကိုသာ မြင်တွေ့ခဲ့ကြရသည်။

"လေဝိညာဉ်ဂိုဏ်းရဲ့ ပထမဆုံးနေ့အတွက် ခန္ဓာကိုယ်သန့်စင်ခြင်း လုပ်ရမယ်။"

ကျန်းယိပိုင်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဘယ်လက်က ၁၀မီတာကျော် မြင့်သော ကျောက်တုံးကြီးတစ်ခုကို ဆွဲယူလာသည်။

သူက ကျောက်တုံးကြီးကို ဒုန်းခနဲ အသံကြီးဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ တောင်တံခါး တစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။

"အားလုံးပဲ၊ မင်းတို့ရဲ့ စစ်မှန်တဲ့စွမ်းအင် ဆယ်ပုံတစ်ပုံကိုပဲ သုံးပြီးတော့ ဒီကျောက်တုံးကြီးကိုသယ်ပြီး အော်မေ့တောင်ကို အတက်အဆင်း အကြိမ်၁၀၀ လုပ်ကြ။ စကြမယ်။"

...

မွန်းတည့်ချိန်၊ Cပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၌။

"ဝါး။" ချန်ဟွိုက်အန်က အကျဉ်းခန်းနံပါတ်(၀)မှ ထွက်လာရင်း မျက်လုံးကို ပွတ်သပ်လိုက်သည်။

ရွှေရောင်အနှစ်သာရ ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူက ညတိုင်း အနည်းဆုံး ၃ နာရီ အိပ်သည့် အလေ့အကျင့်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

"စ…စီနီယာ၊ မင်္ဂလာနံနက်ခင်းပါ..."

ခြေရင်းမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ဟွိုက်အန် အောက်သို့ ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် လုံးဝ နိုးကြားသွား၏။

စုတ်ပြတ်နေသော အဝတ်စများဖြင့် ရစ်ပတ်ထားသည့် ခွဲခြားမရသော သတ္တဝါ တစ်ကောင် ဖြစ်သော်လည်း သက်သေခံကတ်ပြားက ဝမ်ရှိုယီဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

"ဘုရားရေ၊ ဝမ်ရှိုယီ။ မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ။"

ဝမ်ရှိုယီက ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အရှေ့သွား နှစ်ချောင်း ကျိုးနေသော မျက်နှာကို မော့ကြည့်ကာ သနားစရာကောင်းသော အပြုံးတစ်ခုကို အတင်း ဖန်တီးလိုက်သည်။ "စီနီယာ။ ကျွန်တော် အရိုက်ခံရတာ မဟုတ်ပါဘူး။ ကျွန်တော်... ကျွန်တော့်ဘာသာ ချော်လဲတာပါ။ စီနီယာ့ဆီမှာ... အနာကျက်ဆေးလုံး ရှိလား။ ခွန်းလွန်အင်မော်တယ်နန်းတော်ကနေ အရင်က ပေးထားတဲ့ ဆေးလုံးတွေက သိပ်မစွမ်းလို့..."

ချန်ဟွိုက်အန်က မဟာပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးကို ထုတ်ပြီး ဝမ်ရှိုယီကို ပေးလိုက်သည်။

ကျန်းယိပိုင်၏ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ဝမ်ရှိုယီ ခံခဲ့ရကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ဒါက ကောင်းပါတယ်။ ပြဿနာ ပြေလည်သွားသရွေ့ပေါ့။

ဝမ်ရှိုယီက မျက်လုံးမှိတ်ကာ ခဏတာ အသက်ရှူမှန်အောင် လုပ်လိုက်သည်။ သူ၏ဒဏ်ရာများ အများကြီး သက်သာသွား၏။ သွားများ ပြန်မပေါက်သေးသော်လည်း၊ ၎င်းတို့က သူ ပုံမှန် စကားပြောနိုင်စွမ်းကို မထိခိုက်တော့ပေ။

မနေ့ညက အတွေ့အကြုံကို သူ ပြန်မတွေးချင်တော့ပေ။ ဖော်ပြရမည်ဆိုလျှင် ဟော့ခ်၏ တစ်ဖက်သတ်ရိုက်နှက်မှုကို ခံလိုက်ရသလိုမျိုးပင်။

အဘိုးကြီးက အမှန်တကယ်ပင် ရွှေရောင်အနှစ်သာရ အဆင့်တွင်သာ ရှိနေသာ်လည်း ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာခွန်အားကို သုံးပြီး သူ့ကို သဲအိတ် တစ်ခုလို ရိုက်နှက်ခဲ့လေသည်။ သူက အဘိုးကြီး၏ ကာကွယ်မှုကိုပင် မဖောက်နိုင်ခဲ့။

ဓားနက်ဂိုဏ်းက တကယ်တမ်းတွင် ခွန်းလွန်အင်မော်တယ်နန်းတော်၏ လက်အောက်ခံဂိုဏ်း မဟုတ်ပေ။

လေဝိညာဉ်ဂိုဏ်းကို သူတို့ဘက်ပါအောင် သိမ်းသွင်းနိုင်မလား စမ်းကြည့်ရန် တမင်သက်သက် ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သံမဏိပြားကို သွားကန်မိသလို ဖြစ်သွား၏။

"စီနီယာ၊ ကျွန်တော့်ရဲ့ အသွင်အပြင်အတွက် ခွင့်လွှတ်ပေးပါ။"

ဝမ်ရှိုယီ မျက်လုံးဖွင့်လိုက်ရာ ချန်ဟွိုက်အန် မိမိကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အနေခက်စွာ ပြုံးပြလိုက်သည်။

"ကျွန်တော် ဒီနေ့ လာခဲ့တာက မနက်ဖြန် ထျန်းဖူခရိုင်မှာ ဝိညာဉ်ကျောက်စိမ်း မိုင်းတွင်းတစ်ခု ပေါ်လာမယ်လို့ သခင်မဆီက သတင်းရလို့ စီနီယာ့ကို ပြောပြဖို့ပါ။"

"စီနီယာလည်း ဒီတိုက်ပွဲမှာ ပါဝင်နိုင်ဖို့ အရှင်မက မျှော်လင့်နေတယ်။ ဒါပေမဲ့ စီနီယာ မပါဝင်ချင်ရင်လည်း ရပါတယ်။ စီနီယာ့ရဲ့ အဓိကတာဝန်က ဒဏ်ရာရတဲ့ တပည့်တွေကို ကုသပေးဖို့ပါ။"

"ပြဿနာ မရှိပါဘူး။" ချန်ဟွိုက်အန် ချက်ချင်းပင် သဘောတူလိုက်သည်။

"ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ အင်မော်တယ်နန်းတော်အတွက် တိုက်ပွဲဝင်ဖို့က ငါ့ရဲ့တာဝန်ပဲ။"

တစ်ချိန်တည်းမှာပင် အရည်အချင်းပြည့်မီသော သူလျှိုတစ်ယောက်အနေဖြင့် အလွန်သင့်တော်သော သဘောထားမျိုး ရှိရပေမည်။

သူ့ဘာသာ ထပ်မံ မှတ်ချက်ချလိုက်၏။

ချန်ဟွိုက်အန်၏ စိတ်အားထက်သန်မှုကြောင့် ဝမ်ရှိုယီက အလွန်ပင် ရင်ထဲထိသွားသည်။

"စီနီယာလိုမျိုး အရည်အချင်းရှိတဲ့သူ တစ်ယောက် ရှိနေတာဆိုတော့ ခွန်းလွန် အင်မော်တယ်နန်းတော်က ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ သေချာပေါက် ပိုပိုပြီး ကောင်းလာမှာပါ။"

"ဒီမှာ ဘာပြဿနာမှ မရှိတော့ဘူးဆိုရင် ကျွန်တော် သတင်းပြန်ပို့လိုက်ပါ့မယ်။"

ဝမ်ရှိုယီက မနေ့ညမှ ဖြစ်ပျက်ခဲ့သည်များကို တွေးတောနေဆဲဖြစ်ပြီး အထက်လူကြီးထံ သတင်းမပို့ရသေးပေ။

မသွားခင် သူက နောက်လှည့်ကာ လေးနက်စွာ ပြောလိုက်၏။

"ဒါနဲ့ စီနီယာ၊ အရမ်းအရေးကြီးတဲ့ ကိစ္စနောက်တစ်ခု ရှိသေးတယ်။ မနက်ဖြန် ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းပြိုင်ပွဲမှာ ပါဝင်တဲ့အခါ လေဝိညာဉ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုနဲ့ ကြုံတွေ့ရရင်၊ အထူးသဖြင့် အရပ်၉ပေလောက် ရှိပြီးတော့ တစ်ကိုယ်လုံး ကြွက်သားတွေ ဖုထစ်နေတဲ့ မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက်ကို မြင်ရင်... သူ့ကို ဝေးဝေးရှောင်ပါ။ ကျွန်တော်ပြောတာကို မမေ့ပါနဲ့။"

"မှတ်ထားပါ။ မမေ့ပါနဲ့…"

ချန်ဟွိုက်အန် - "..."

...

All Chapters