← Chapters

အခန်း ၄၅၄

Vol. 46 Ch. 454

အခန်း ၄၅၄

Vol. 46 Ch. 454

အခန်း(၄၅၄) လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး

[ သင်၏ ပုံရိပ်ယောင်ကောင်မလေး လရိပ်ဂိုဏ်းချုပ် လီချင်းရန်က သင့်ကို ဆင့်ခေါ်နေပါသည် ]

ဝမ်ရှိုယီ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချန်ဟွိုက်အန်၏ဖုန်း တုန်ခါသွား၏။

သူက ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ကောင်းပြီလေ။ ငါ ထပ်ပြီးတော့ ဆင့်ခေါ်ခံရပြန်ပြီ။

လီချင်းရန် ဂိုဏ်းချုပ် ဖြစ်လာကတည်းက ဆင့်ခေါ်ခြင်း လုပ်ဆောင်ချက်တစ်ခု ရရှိသွားသည်။ လီချင်းရန်က သူ့ကို ပေါ်လာစေချင်သည့် အချိန်တိုင်း သူ၏ဖုန်းမှ အသိပေးချက်တစ်ခု ပို့ပေးလိမ့်မည်။

သို့သော် ဆင့်ခေါ်ရသည့် အကြောင်းရင်းကိုမူ မဖော်ပြထားပေ။ အရေးကြီးသော ကိစ္စတစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။

သူက ဗီအာဦးထုပ်ကို ချက်ချင်းဆောင်းလိုက်ပြီး မျက်လုံးဖွင့်လိုက်ရာ ချင်းယွန်ဘုံရှိ လစောင်း ကြယ်သုံးပွင့်လိုဏ်ဂူသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဆရာ။ ဆရာ ရှိလား။" လီချင်းရန်၏အသံက လိုဏ်ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"ဒီမှာရှိတယ်။" ချန်ဟွိုက်အန်က လိုဏ်ဂူထဲမှ ထွက်လာပြီး စိုးရိမ်တကြီးဖြစ်နေသော လီချင်းရန်ကို ချက်ချင်း တွေ့လိုက်ရသည်။ သူက အမြန် မေးလိုက်၏။

"ဘာဖြစ်လို့လဲ။ အဲဒီမျောက်မှာ ပြဿနာတစ်ခုခု ရှိလို့လား။"

မကြာသေးမီက လရိပ်ဂိုဏ်းတွင် အထူးဆန်းဆုံးနှင့် သတိပြုမိစရာ အကောင်းဆုံးအရာမှာ တောင်ကို လာရောက် အရိုအသေပေးသော ထိုမျောက်လေးသာ ဖြစ်သည်။ တခြား ဘာကိုမှ သူ မစဉ်းစားတတ်ပေ။

"ဆရာ၊ မျောက်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့လူတစ်ယောက် ကျွန်မတို့ဂိုဏ်းကို ရောက်နေတယ်။"

လီချင်းရန်က ထိုလူ၏ထူးဆန်းမှုကို မည်သို့ဖော်ပြရမှန်း မသိသည့်အလား ထူးဆန်းသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ထူးဆန်းတဲ့လူ ဟုတ်လား။ ဘယ်လောက်တောင် ထူးဆန်းလဲ သွားကြည့်တာပေါ့။ ငါ့ကို ခေါ်သွားပေး။"

ချန်ဟွိုက်အန် စိတ်ဝင်စားသွားပြီး လရိပ်ဂိုဏ်း၏ အဓိကခန်းမ အပြင်ဘက်အထိ လီချင်းရန်နှင့်အတူ လိုက်သွားခဲ့သည်။

ဤအချိန်တွင် လရိပ်ဂိုဏ်းအပြင်ဘက် ဧရိယာသည် တပည့်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး သူတို့က တစ်စုံတစ်ခုကို ဝိုင်းရံနေကြပုံရကာ မျောက်လေးမှာမူ တံခါး၏အခြားတစ်ဖက်တွင် ဒူးထောက်နေဆဲပင်။

ထိုဘက်ရှိ ပွဲကြည့်ပရိသတ်များကို မျောက်လေးက အလွန်ပင် သိချင်နေပုံရပြီး သိချင်လွန်း၍ ခေါင်းနှင့် ပါးပြင်များကို ကုတ်နေသော်လည်း နောက်ဆုံးမိနစ်မှ ကျရှုံးသွားမည်ကို စိုးရိမ်သဖြင့် နေရာမှ မထွက်ခွာရဲပေ။

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ တံခါးမှ ထွက်လာချိန်အထိပင်။

ခါးလယ်အထိ ကျနေသော ဆံပင်ဖြူများနှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံး အရိုအသေ ပေးနေကြသည်ကို မြင်လိုက်ရသောအခါ မျောက်လေး၏မျက်လုံးများ အရောင်လက်သွားသည်။

သူက အင်မော်တယ်တစ်ပါးပဲ။ လက်သီးသုံးချက်နဲ့ ဓားတစ်ချက်တည်းနဲ့ တောင်တံခါးကို ဖွင့်လိုက်တဲ့ အင်မော်တယ်။

"အင်မော်တယ်။ အင်မော်တယ်အရှင်သခင်။"

မျောက်လေးက နှစ်ကြိမ် အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

သူတို့နှစ်ဦးက မျောက်လေးကို ကျော်ဖြတ်သွားကြပြီး ဂိုဏ်းချုပ်ဟုခေါ်သော မိန်းကလေးကသာ သိချင်စိတ်ဖြင့် တစ်ချက် လှမ်းကြည့်သွားသည်။

ချန်ဟွိုက်အန်က ထိုမျောက်ကို အစောကြီးကတည်းက မြင်ထားသော်လည်း ခိုင်မာသော စိတ်စွမ်းအားဖြင့် ၎င်းကို လုံးဝ လျစ်လျူရှုထားပြီး တုန်လှုပ်ခြင်းပင် မရှိခဲ့ပေ။

"ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်။"

"ဂုဏ်ထူးဆောင် အကြီးအကဲကို အရိုအသပေးပါတယ်။"

"အားလုံး ထကြပါ၊" လီချင်းရန်က မျက်နှာနီမြန်းကာ ရှက်ရွံ့စွာဖြင့် လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

လူအုပ်ကြီး ဖယ်ပေးလိုက်သောအခါ ချန်ဟွိုက်အန်က လူအုပ်၏အလယ်တွင် ခင်းကျင်းထားသော ဆိုင်ခန်းငယ်လေး တစ်ခုကို ဝိုးတဝါး မြင်လိုက်ရ၏။

လှပသော မိန်းကလေးတစ်ဦးက ဆိုင်ခန်းရှေ့တွင်ထိုင်နေပြီး မျက်နှာပေါ်တွင် မှော်အခင်းအကျင်းပြား တစ်ခု ဆင်ထားကာ အနောက်တွင် အလံဝါတစ်ခုကို စိုက်ထားသည်။

အလံဝါတွင် ဤသို့ ရေးထားသည်။ "ကောင်းကင်ရဲ့တွက်ချက်မှုတွေနဲ့ မြေကြီးရဲ့တွက်ချက်မှုတွေက ငါ့ရဲ့ လက်ချောင်း တွက်ချက်မှုတွေကို မယှဉ်နိုင်ဘူး။ သင့်ရဲ့ ကြွယ်ဝချမ်းသာမှုတွေ ရွှေငွေတွေနဲ့အတူ ချွမ်ခနဲ ဝင်ထွက်သွားတာကို ကြည့်လိုက်ကြ။"

ဘုရားတန်ခိုးတော်။

ချန်ဟွိုက်အန်က ဝိုးခနဲ အာမေဍိတ်သံ ထွက်သွားသည်။

ဗေဒင်ဆရာတွေအားလုံးက လရိပ်ဂိုဏ်းမှာ ဗေဒင်လာဟောကြတာလား။

ဒီခေတ်က လူလိမ်တွေက တကယ်ပဲ အဲဒီလောက် အစွမ်းထက်နေတာလား။။

"ဂိုဏ်းချုပ်၊ ဂုဏ်ထူးဆောင် အကြီးအကဲ၊၊ ဒီမိန်းကလေးက ဗေဒင်ဟောတတ်တယ်။" ရှုအန်က ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ထံသို့ လျှောက်လာကာ မျက်စိမှိတ်ပြပြီး လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောသည်၊

"ပြီးတော့ သူက အံ့ဩစရာကောင်းလောက်အောင် တိကျတယ်။"

"တကယ်လား။" ချန်ဟွိုက်အန်က မိန်းကလေးကို အံ့ဩတကြီး တစ်ချက်ကြည့်လိုက်သည်။

ထိုသူက ရှုအန်အကြောင်း သတင်းအချက်အလက် တချို့ကို တွက်ချက်နိုင်သည်ဆိုလျှင် တစ်ဖက်လူက အနည်းဆုံး ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။

သို့သော် သူက မိန်းကလေးကို သေချာ စူးစိုက်ကြည့်လိုက်သောအခါ၊ မိန်းကလေးက မြူခိုးများ ဖုံးလွှမ်းနေသည့်အလား မည်သည့် သတင်းအချက်အလက်မျှ ပေါ်မလာပေ။

ချန်ဟွိုက်အန်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်သည်။

စိတ်ဝင်စားစရာပဲ။

သတင်းအချက်အလက်များ မသိနိုင်သော အခြေအနေမျိုးနှင့် ကြုံရသည်မှာ ယခု ပထမဆုံး မဟုတ်ပေ။

သူတော်စင်ယွိယောင်နှင့် ဆရာတော်ဖန်ယဲ့တို့ကိုလည်း မမြင်နိုင်ခဲ့ပေ။ သူမြင်ရသမျှက မေးခွန်းသင်္ကေတများချည်းသာ ဖြစ်သည်။

ဒီမိန်းကလေးမှာတော့ မေးခွန်းသင်္ကေတတောင် မရှိဘူး။ သူ့ရဲ့စိတ်က လုံးဝကို ဗလာဖြစ်နေတာ။

သူတော်စင်ယွိယောင်နဲ့ ဆရာတော်ဖန်ယဲ့တို့ကို ငါ မမြင်ရတဲ့အကြောင်းရင်းက ကျင့်ကြံမှုအဆင့် မလုံလောက်လို့ပဲ။ ဒါပေမဲ့ ဒီမိန်းကလေးကို ဘာလို့ မမြင်ရတာလဲ။ သူကလည်း မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်များ ဖြစ်နေမလား။

ဘယ်လို မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကများ အချိန်တွေ အများကြီးပိုနေလို့ ဒီကိုလာပြီး ဗေဒင်ဆရာ လာလုပ်နေရတာလဲ။

အခြေအနေကို စမ်းသပ်ကြည့်ရတာပေါ့...

ဤအတွေးဖြင့် ချန်ဟွိုက်အန်က ဆိုင်ခန်းဆီသို့ လျှောက်သွားပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။ "ငါ့ရဲ့ တပည့်တွေအားလုံးက မင်း ဗေဒင်တွက်တာ တိကျတယ်လို့ ပြောနေကြတယ်။ ငါ့အတွက် တွက်ပေးပါလား။"

မျက်လုံးတစ်ဝက်မှိတ်ကာ အိပ်ငိုက်နေသော မိန်းကလေးက မျက်လုံးတစ်ဖက်ဖွင့်ကာ ချန်ဟွိုက်အန်ကို အထက်အောက် ကြည့်လိုက်သည်။ သူက ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး ပိုက်ဆံမက်သော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ "ပြဿနာ မရှိပါဘူး၊ ဒါပေမဲ့ အရင် ပိုက်ဆံပေးရမယ်။"

ချန်ဟွိုက်အန်က ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

မိန်းကလေးက ခေါင်းခါပြသည်။ "မလောက်ဘူး။"

ချန်ဟွိုက်အန်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နောက်တစ်တုံးကို ထပ်ထုတ်လိုက်သည်။

မိန်းကလေးက ထပ်ပြီး ခေါင်းခါပြသည်။ "မလောက်ဘူး။ မလောက်ဘူး။"

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။ "တည့်ပဲပြောလိုက်စမ်းပါ။ တစ်ခါဟောရင် ဘယ်လောက် လိုချင်တာလဲ။"

"ဝိညာဉ်ပုံဆောင်ခဲ တစ်ခု။" ချန်ဟွိုက်အန်၏ မျက်နှာပေါ်ရှိ ဒေါသကို မြင်သော်လည်း မိန်းကလေးမှာ ကြောက်ရွံ့မှုလုံးဝမရှိဘဲ ပြုံးလျက် ပြောသည်ဒ "ရှင့်ရဲ့ တပည့်တွေအတွက် ဗေဒင်ဟောခက ပိုသက်သာတယ်။ ဒါပေမဲ့ ရှင်က မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ ဗေဒင်ဟောဖို့က စိတ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု အများကြီး ပိုလိုအပ်တယ်။ ဒါကြောင့် ဈေးနှုန်းလည်း ပိုမြင့်မှာပေါ့။ ကျွန်မ ဗေဒင်ဟောတာက လုံးဝ တရားမျှတပါတယ်။ ပေးရတဲ့ ပိုက်ဆံနဲ့တန်တဲ့အရာကို ရမှာပါ၊ လိမ်တာမျိုး မရှိပါဘူး။"

ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန် အလွန် လန့်ဖျပ်သွား၏။

ဒီမိန်းကလေးက ငါ့ကိုယ်ပွားရဲ့ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကို တစ်ချက်တည်းနဲ့ တကယ်ပဲ သိနေတာလား။

သူက ကျင့်ကြံမှုအဆင့်ကို မထုတ်ဖော်ရသေးပေ။

ချန်ဟွိုက်အန်က အခြားတပည့်များကို တစ်ချက် ကြည့်လိုက်သည်။

တပည့်များအားလုံးက ခေါင်းခါကြသည်။

သူတို့လည်း ဘိုးဘေးကြီး၏ ကျင့်ကြံမှုအဆင့်ကို မပြောပြခဲ့ကြပေ။

"ဘယ်လိုလဲ ဘိုးဘေးကြီး။" ရှုအန်က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူ၏ယပ်တောင်ကို အလျင်အမြန် ခတ်ရင်း ပြောလိုက်သည်။ "ကျွန်တော်လည်း အစကတော့ မယုံပါဘူး။ ဒါပေမဲ့ သူက အံ့ဩစရာကောင်းလောက်အောင် တိကျတယ်။ ဒီနေ့ ကျွန်တော် အတွင်းခံ ဘယ်အရောင် ဝတ်လာမလဲ ဆိုတာတောင် သူ ကြိုဟောနိုင်တယ်..."

ချန်ဟွိုက်အန်၏ အကြည့်များက မိန်းကလေးအပေါ်သို့ ထပ်မံ၍ ကျရောက်သွားသည်။ ချန်ဟွိုက်အန်က မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း သိနေသည့်တိုင် သူက ခြေချိတ်ထိုင်ကာ သီချင်းလေးညည်းရင်း ပေါ့ပေါ့ပါးပါး ပြုမူနေသည်။

စိတ်ဝင်စားစရာပဲ…

ချန်ဟွိုက်အန်၏အမူအရာ လေးနက်သွားသည်။

"မင်းက တွက်ချက်တဲ့နေရာမှာ အဲဒီလောက်တော်တယ်ဆိုရင် ငါ့နာမည်နဲ့အသက်ကို တွက်ကြည့်။"

နာမည်များကို တွက်ချက်ရခြင်းက လွယ်ကူပေသည်။ သို့မဟုတ် မလိုအပ်သည်ပင် ဖြစ်နိုင်၏။

သို့သော် အသက်ကို မည်သို့တွက်ချက်မည်နည်း။

ယခုက ကိုယ်ပွား တစ်ခုပင်။ သူ၏ တကယ့်ခန္ဓာကိုယ်က ကမ္ဘာမြေပေါ်တွင် ရှိနေ၏။

ချန်ဟွိုက်အန်က ဝိညာဉ်ပုံဆောင်ခဲတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ဝိညာဉ်ပုံဆောင်ခဲကို မြင်လိုက်ရသောအခါ မိန်းကလေး၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။

သူက ဝိညာဉ်ပုံဆောင်ခဲကို လှမ်းယူလိုက်သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ သူက ၎င်းကို ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်ခြင်းပင်။

သူ မဝါးလိုက်ရသေးခင်မှာပင် ဝိညာဉ်ပုံဆောင်ခဲက ရိုးရှင်းစွာ ပျောက်ကွယ်သွား၏။

ထို့အပြင် မိန်းကလေး၏အရှိန်အဝါက အနည်းငယ် ပိုမို၍ အားကောင်းလာသည်မှာ ထင်ရှားသည်။

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ နှစ်ဦးစလုံးမှာ ပြောစရာစကား မဲ့သွားကြသည်။

ဒီကောင်မလေးက လူသားပုံစံနဲ့ ငွေကြေးတွေကို ဝါးမျိုတဲ့ သားရဲတစ်မျိုးမျိုးများလား။

သို့သော် သူ့တွင် မိစ္ဆာအငွေ့အသက် လုံးဝမရှိပေ။

"တောင်းပန်ပါတယ်။ တောင်ပေါ်က ဆင်းလာပြီးကတည်းက ဒီလောက် ပိုက်ဆံအများကြီးကို ပထမဆုံး မြင်ဖူးတာမို့လို့ပါ။" လူတိုင်းက မိမိကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ မိန်းကလေးက ရှက်ရွံ့စွာ ပြုံးလိုက်ပြီးနောက် အမူအရာကို ပြင်ကာ ချောင်းဟန့်လိုက်သည်။ "အခု ပိုက်ဆံလည်း ပေးပြီးပြီဆိုတော့ တွက်ချက်တာကို စလို့ရပြီ။"

သူက မျက်လုံးများကို မှိတ်ကာ လက်ဟန်များ ပြုလုပ်လိုက်ပြီး မျက်ခုံးများ အနည်းငယ် တွန့်သွားကာ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ပြီး တစ်ခါတစ်ရံ မျက်နှာမဲ့သွားသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

သူက ချန်ဟွိုက်အန်ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ "ရှင်... အဲ၊ ရှင့်နာမည်က ချန်ဟွိုက်အန်။ ရှင့်အသက် အတွက်ကတော့... ၆လ။"

ဤစကားကို ကြားသောအခါ လူတိုင်းက ရယ်မောလိုက်ကြ၏။

"သူက လူလိမ်ဆိုတာ ငါ သိပြီးသားပဲ။ သူက ငါတို့ ဘိုးဘေးကြီးအသက်က ၆လပဲ ရှိသေးတယ်လို့ တကယ်ကြီး ပြောလိုက်တာပဲ။"

"ဟုတ်တယ်။ ဟုတ်တယ်။ စီနီယာအစ်ကိုရှုအန် ဝတ်ထားတဲ့ အတွင်းခံအရောင်ကို သိတယ်ဆိုတာတောင် လုံးဝတိုက်ဆိုင်မှုတစ်ခုပဲလို့ ငါ လောင်းရဲတယ်။"

တပည့်များ အားလုံးရယ်မောနေကြသည်။

ချန်ဟွိုက်အန် တစ်ယောက်တည်းသာ အတင်း ပြုံးနေခဲ့သည်။

အသက် ၆လ…

ပုံရိပ်ယောင်ကောင်မလေးဂိမ်းထဲကို သူ စတင်ဝင်ရောက်တဲ့ နေ့ကနေ စပြီးရေတွက်မယ်ဆိုရင်…

ချင်းယွန်ဘုံမှာ ငါရှိနေတဲ့ အချိန်က အတိအကျ ၆လ မဟုတ်ဘူးလား။

လွန်ခဲ့တဲ့ ၆လတုန်းက ချင်းယွန်ဘုံမှာ ချန်ဟွိုက်အန်ဆိုတာ မရှိသေးဘူးလေ။

ဒါကြောင့် ဒီမိန်းကလေးပြောတာ မှန်တယ်။

ကမ္ဘာမြေပေါ်က ငါ့ရဲ့အသက်ကို မတွက်နိုင်ခဲ့ဘူးဆိုပေမယ့် သူတွက်တာ မှန်သွားသေးတာပဲ။

…

ဂိုဏ်းတံခါးဝရှိ ဆူညံသံများ ပိုမို၍ ကျယ်လောင်လာသည်နှင့်အမျှ၊ ဂိုဏ်းအတွင်းမှ အခြား ကျင့်ကြံသူများလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

ကျန်းမုန့်ချူးနှင့် လီကျစ်ဖျင်တို့က လူအုပ်၏ အနောက်ဘက်တွင်ရပ်ကာ ဗေဒင်ဆရာမလေးကို တွေးတောဟန်ဖြင့် စိုက်ကြည့်နေကြသည်။

"အဘိုးကြီးလီ။ ဒီမိန်းကလေးကို ရင်းနှီးနေသလို မခံစားရဘူးလား။"

လီကျစ်ဖျင်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မှတ်ဉာဏ်ထဲတွင် ရှာဖွေနေလိုက်သည်။

"ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဖြစ်မယ်ထင်တယ်။ သူတော်စင်ယွိယောင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့အတွက် ယောင်ချီမြင့်မြတ်နယ်မြေကို ငါ သွားခဲ့တယ်။ ငါ့မှတ်ဉာဏ်သာ မမှားဘူး ဆိုရင်တော့ ဒီမိန်းကလေးက သူတော်စင်ယွိယောင်ရဲ့ မွးနေ့ပွဲမှာ သေချာပေါက် ရှိနေခဲ့တယ်။"

…

All Chapters