အခန်း ၄၅၅
Vol. 46 Ch. 455
အခန်း(၄၅၅) ထူးဆန်းသော အခြေအနေများ
"သူက ယွိယောင်၏ မွေးနေ့ပွဲမှာ ပေါ်လာခဲ့တာလား။ သူက ယောင်ချီမြင့်မြတ်နယ်မြေကလား။"
"အတိအကျတော့ မပြောနိုင်ဘူး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ဘာပြဿနာမှ မဖြစ်ခင်တုန်းက လူအတော်များများ ယောင်ချီမြင့်မြတ်နယ်မြေကို မွေးနေ့ပွဲတက်ဖို့ သွားခဲ့ကြတာပဲ။" လီကျစ်ဖျင်က ခေါင်းခါသည်။
ထိုအချိန် ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသော တန်ယွန်က ရုတ်တရက် စကားပြောလာသည်။
"သူ ဘယ်သူလဲဆိုတာ ကျွန်မ သိတယ်။"
"သူက အင်မော်တယ် ယွိစီပဲ။"
ဤစကားကို ကြားသောအခါ ကျန်းမုန့်ချူးနှင့် လီကျစ်ဖျင်တို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။
"ယွိစီ ဟုတ်လား။ သူတော်စင်ယွိယောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာအစ်မလား။ သူက အင်မော်တယ် ဖြစ်သွားပြီလို့ ပြောနေကြတာ မဟုတ်ဘူးလား။"
ကျန်းမုန့်ချူး အံ့ဩသွားသည်။
ယွိစီကို မည်သူက မသိဘဲ နေမည်နည်း။ ချင်းယွန်ဘုံတွင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်သော ကျင့်ကြံသူ မရှိသည်မှာ ကြာခဲ့လေပြီ။ ယွိစီက နောက်ဆုံး တက်လှမ်းသွားသူပင်။
ယွိစီ အင်မော်တယ် ဖြစ်သွားခဲ့၍သာ မူလက ဖန်ကျင်းမြင့်မြတ်နယ်မြေနှင့် အဆင့်တူရှိခဲ့သော ယောင်ချီမြင့်မြတ်နယ်မြေက ရုတ်တရက် မြင့်မြတ်နယ်မြေသုံးခု၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
"ယွိစီက အင်မော်တယ် ဖြစ်သွားတာ မဟုတ်ဘူး။ သူ တက်လှမ်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။ ကောင်းကင်မိုးကြိုး ထိမှန်ပြီး အင်မော်တယ်တစ်ပိုင်းအဖြစ် လွင့်စင်သွားခဲ့တာ။ ဒါပေမဲ့ သူတော်စင်ယွိယောင်က ဒီသတင်းကို ဖုံးကွယ်ထားခဲ့တာ။" တန်ယွန်က တည်ငြိမ်စွာ ပြောသည်၊ "ဒီအကြောင်းကို ကျွန်မ ပထမဆုံး သိလိုက်ရတုန်းက အရမ်းအံ့ဩခဲ့ပေမဲ့ ဒါက အမှန်တရားပဲ။ သူတော်စင်ယွိယောင်ရဲ့ အကျဉ်းချခံရတုန်းက သူတော်စင်ယွိစီ ကျွန်မကို တစ်ကြိမ်ထက်မက လာတွေ့ခဲ့တယ်။ သူက သူတော်စင်ယွိယောင်နဲ့ မတူဘူး။ သူက ယွိယောင်လိုမျိုး အရှက်မရှိတဲ့သူ မဟုတ်ဘူး။"
"ဒါပေမဲ့ သူက ယွိယောင်ကို မတားဆီးခဲ့ဘူးဆိုတော့ မကောင်းမှုကို အားပေးရာ မရောက်ဘူးလား။"
လီကျစ်ဖျင်၏ အမူအရာ မှောင်မိုက်သွားပြီး ဗေဒင်ဆရာမလေးကို ကြည့်သည့် သူ၏အကြည့်များမှာ အေးစက်သွားသည်။
"သူ တားဆီးဖို့ မစွမ်းသာတာ ဖြစ်မှာပါ။" တန်ယွန် သက်ပြင်းချလိုက်၏။ "အင်မော်တယ်တစ်ပိုင်းတွေက သူတို့ရဲ့စွမ်းအားကို မသုံးရဲကြဘူး။ သုံးလိုက်ရင် ကောင်းကင်အတိဒုက္ခ မိုးကြိုးတွေက အချိန်မရွေး လာရောက် နှောင့်ယှက်လိမ့်မယ်။ သူတို့မှာ အင်မော်တယ်ဆိုတဲ့ဘွဲ့နာမည် ရှိပေမယ့် ကောင်းကင်တာအိုရဲ့ အရှိန်အဝါအောက်မှာ အသက်ဆက်ရှင်နေရတဲ့ သနားစရာ ပိုးကောင်လေးတွေ သက်သက်ပါပဲ။"
လီကျစ်ဖျင်က မတုန်လှုပ်ဘဲ ဗေဒင်ဆရာမလေးကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါပေမဲ့ သူက အခု အပြင်ထွက်လာနေတာ မဟုတ်ဘူးလား။ ဘိုးဘေးကြီး အတွက်တောင် ဗေဒင်ဟောပေးနေတာလေ။"
"ကျွန်တော်တို့ အဲဒီကို အမြန်သွားကြရအောင်။ ဘိုးဘေးကြီးကို တစ်ခုခု လုပ်မလုပ် ဆိုတာ..." ကျန်းမုန့်ချူးက ထိုသို့ပြောပြီး ချန်ဟွိုက်အန် အနားသို့ တိုးသွားသည်။
တန်ယွန် တိတ်ဆိတ်နေ၏။
သူက ထိုမိန်းကလေးကို စေ့စေ့ကြည့်သော်လည်း တစ်ခုခု လွဲနေသလို ခံစားရသည်။
ထိုမိန်းကလေးက ယွိစီနှင့် ဆယ်ပုံကိုးပုံ ဆင်တူနေသည်။ ထိုဆယ်ပုံတစ်ပုံ ကွာခြားချက်မှာ အသွင်အပြင် မဟုတ်ဘဲ ယေဘုယျ အမူအရာပင်။
သူ တွေ့ဖူးသော ယွိစီသည် အညစ်အကြေး ကင်းစင်သော၊ မည်သူမျှ မချဉ်းကပ်နိုင်လောက်အောင် အေးစက်ပြီး မြင့်မြတ်သည့် ကြာပန်းတစ်ပွင့်နှင့် တူ၏။
သို့သော် သူ့အရှေ့မှ မိန်းကလေးမှာတော့ လမ်းဘေးဈေးသည် တစ်ယောက်လို ပိုက်ဆံမက်သည့် အငွေ့အသက်မျိုး ရှိနေသည်။
အထူးသဖြင့် ဓားကျောင်းတော် ဘိုးဘေးကြီး၏ ဝိညာဉ်ပုံဆောင်ခဲကို ရလိုက်သည့်အခါ စိတ်လှုပ်ရှားနေသောပုံစံက ငွေမက်သူ တစ်ယောက်လိုပင်။
ထိုမိန်းကလေးသာ အင်မော်တယ်ယွိစီ ဖြစ်ခဲ့လျှင် ၎င်းမှာ အရမ်းကို ထူးဆန်းလွန်း၏။
ထို့ပြင် ယွိစီက ယခုအချိန် မပေါ်လာသင့်ပေ။ လရိပ်ဂိုဏ်းဆီ လာရန်မှာ ဝေးလာဝေးပင်။
...
"ဘာကို ရယ်နေတာလဲ။ ကျွန်မ တွက်တာ မှားလို့လား။"
မိန်းကလေးသည် နှုတ်ခမ်းစူကာ လက်နှစ်ဖက်ကို ရင်ဘတ်မှာ ပိုက်လိုက်ပြီးနောက် ချန်ဟွိုက်အန်ကို အရိုအသေပေးသည့် အမူအရာဖြင့် ပြုံးရွှင်စွာ လက်ယှက်လိုက်သည်။
"အကြီးအကဲ။ ကျွန်မ ရှင့်ကို ဗေဒင်ဟောပေးပြီးပြီလား မဟောပေးဘူးလားဆိုတာ ရှင် အသိဆုံးပါ။ နောက်ထပ် တစ်ခါလောက် ထပ်ဟောပေးရမလား။ တူညီတဲ့ လူတစ်ယောက်ကိုပဲ ထပ်တွက်ရင် ကံကြမ္မာတွေ စုပုံလာတတ်တယ်။ ဒါကြောင့် နောက်တစ်ခါ ထပ်တွက်ရင်တော့ ပိုက်ဆံ ထပ်တောင်းရလိမ့်မယ်... အင်း၊ ဝိညာဉ်ပုံဆောင်ခဲ သုံးခု ပေးရမယ်။"
ချန်ဟွိုက်အန် မျက်လုံးများကို ကျဉ်းလိုက်ပြီး လက်ချောင်းများဖြင့် ကြေးခွံနက်ဓား၏ ဓားရိုးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ပုံရိပ်ယောင်ကောင်မလေး၏ ဖောက်သည်ဝန်ဆောင်မှု စနစ်ကို ချက်ချင်း သတိရလိုက်သည်။
ပထမဆုံးတွက်ချက်မှုက အခမဲ့၊ နောက်ပိုင်းတွက်ချက်မှုတိုင်းက အရင်ထက် ပိုဈေးကြီးတယ်။
ဒီမိန်းကလေးက ပုံရိပ်ယောင်ကောင်မလေးဂိမ်းနဲ့ တစ်ခုခု ပတ်သက်နေတာများလား…
သူက နောက်ထပ် ဝိညာဉ်ပုံဆောင်ခဲ သုံးခုကို ထုတ်ယူကာ မိန်းကလေး၏ စားပွဲပေါ် ရိုက်ချလိုက်သည်။ "တွက်စမ်း။ မင်းက တွက်ချက်တာ အရမ်းတော်တယ်ဆိုတော့ ငါ့ရဲ့ ချစ်ရသူက ဘယ်သူလဲဆိုတာကို တွက်ပြ။"
ချန်ဟွိုက်အန် အရာအားလုံးကို ပုံအောလိုက်သည်။
ဒီမိန်းကလေးသာ ဒါတွေကို တွက်နိုင်ရင် ငါ လက်ခံလိုက်တော့မယ်။
"ကောင်းတယ်။ သိပ်ကောာင်းတယ်။ အရမ်း ရက်ရောတာပဲ။" မိန်းကလေးက ပြုံးကာ ဝိညာဉ်ပုံဆောင်ခဲ သုံးခုကို ဆွဲယူလိုက်ပြီး ချန်ဟွိုက်အန် စိတ်ပြောင်းသွားမှာကို ကြောက်သည့်အလား ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်။ သူ၏အရှိန်အဝါမှာ ပို၍ပင် အားကောင်းလာသည်။ သူက မျက်လုံးများကို မှေးစင်းကာ ခဏတာ တွက်ချက်လိုက်ပြီး ယခုတစ်ခါတော့ အရင်ကထက် ပိုမြန်နေ၏။
သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ချန်ဟွိုက်အန်ဘေးနားရှိ လီချင်းရန်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်တွင် စနောက်သော အပြုံးတစ်ခု ပေါ်လာသည်။
"အကြီးအကဲ။ ကျွန်မ တွက်ပြီးပြီ။ တိုက်ရိုက်ပဲ ပြောလိုက်ရမလား။"
ချန်ဟွိုက်အန် ခဏတာ တွန့်ဆုတ်သွားသည်။ "တိုက်ရိုက်ကြီး မပြောပါနဲ့။"
"ကောင်းပါပြီ။" မိန်းကလေးက ခေါင်းခါလိုက်ပြီး စက္ကန့်အနည်းငယ်လောက် တမင် ရပ်နားထားကာ ပြောလိုက်သည်။
"ကျွတ်ကျွတ်… ရှင် တကယ် ချစ်တဲ့သူက အဝေးကြီးမှာ ရှိနေနိုင်တယ်။ ဒါပေမဲ့ ရှင့်မျက်စိရှေ့မှာပဲ။"
ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။
တိကျတယ်။ လုံးဝကို တိကျတယ်။
လီချင်းရန် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီး လှပသော မျက်နှာလေးမှာ နီရဲသွားကာ ခေါင်းငုံ့ပြီး အင်္ကျီအနားသတ်ကို ကစားကာ အတွေးထဲ နစ်မွန်းသွားသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုမိန်းကလေး မည်သည်ကို ဆိုလိုကြောင်း နားမလည်ကြပေ။
သို့သော် သူက ဘိုးဘေးကြီးကို အသက်၆လသာ ရှိသေးသည်ဟု ဆိုကတည်းက သူတို့သည် ထိုမိန်းကလေးကို လိမ်ညာနေသူ တစ်ယောက်အဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။
ဝေးနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ မျက်စိရှေ့မှာပဲ ရှိနေတာ…
ဒါဆို ငါတို့ဘိုးဘေးကြီး သဘောကျတဲ့သူက အဲဒီမျောက်များ ဖြစ်နေမလား။
ဒါမှမဟုတ် ဂိုဏ်းချုပ်လီများလား။ လီချင်းရန်လေ။
ဟာသပဲ။ လီချင်းရန်က ဘိုးဘေးကြီးရဲ့ တပည့်လေ။
ငါတို့ ဘိုးဘေးကြီးလိုမျိုး မြင့်မြတ်ပြီးဖြောင့်မတ်တဲ့ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ဒီလိုမျိုး အရှက်မရှိတဲ့ တပည့်နဲ့တပည့် ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။
"အစ်ကိုကြီး။ တခြား ထပ်ဖြည့်စရာ ရှိသေးလား။" မိန်းကလေးက ချန်ဟွိုက်အန်ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေပြီး ပါးစပ်ကို လျှာဖြင့်သပ်ကာ စိတ်အားထက်သန်စွာ ပြောသည်။ "ဒီတစ်ခါ ထပ်ဖြည့်လိုက်ရင်ကော။ ဒါဆိုရင် အခကြေးငွေက ဝိညာဉ်ပုံဆောင်ခဲ ၁၀ခု ဖြစ်သွားမယ်။ ဒါပေမဲ့ ရှင့်လို ဂိုဏ်းချုပ်တစ်ယောက် အတွက်ဆိုရင်တော့ ဝိညာဉ်ပုံဆောင်ခဲ ၁၀ခုက ဘာမှ မဟုတ်ပါဘူး…"
ချန်ဟွိုက်အန် မပြောခင်မှာပင် လရိပ်ဂိုဏ်းတပည့်များမှာ မကျေနပ်ကြတော့ပေ။
"မိန်းကလေး။ မင်း ဘာဖြစ်နေတာလဲ။ ငါတို့ဘိုးဘေးကြီးက မင်းကို အလုပ်မရှုပ်စေချင်တာလေ။ ဘာလို့ အခွင့်ကောင်း ယူနေတာလဲ။"
"ဟုတ်တယ်လေ။ မင်း ဟိုဟိုဒီဒီ ခန့်မှန်းပြီး လိမ်နေတာကို ငါတို့ မသိဘူးလို့ ထင်နေတာလား။"
"ငါတို့ ဘိုးဘေးကြီးက အရမ်း ကြင်နာလွန်းလို့ပါ။ ဒီလို လိမ်ညာနေတဲ့သူကိုသာ ငါနဲ့တွေ့ရင် ဝိညာဉ်ပုံဆောင်ခဲတွေ ပေးမှာမဟုတ်ဘူး၊ ပြီးရင် တောထဲကို ဆွဲခေါ်သွားပြီး သင်ခန်းစာ ကောင်းကောင်းတစ်ခုခု ပေးလိုက်မှာ။"
ပတ်ဝန်းကျင်ရှိ သံသယများကြောင့် မိန်းကလေးက စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူက ချန်ဟွိုက်အန်နှင့် သိုလှောင်လက်စွပ်ကိုသာ စိုက်ကြည့်နေသည်။
သူက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စိတ်မဝင်စားပုံရသည်။
သူ ဂရုစိုက်သည့်အရာမှာ ဝိညာဉ်ပုံဆောင်ခဲများနှင့် ပိုက်ဆံများသာ ဖြစ်သည်။
"မင်းက ဘယ်သူလဲ။ ဗေဒင်ဟောဖို့ သက်သက်ပဲ ငါ့ရဲ့ လရိပ်ဂိုဏ်း ကို ရောက်လာတာ မဟုတ်ဘူးမလား။"
ချန်ဟွိုက်အန်က ထိုမိန်းကလေး၏သရုပ်မှန်ကို မသေချာပေ။
ပုံရိပ်ယောင်ကောင်မလေးဂိမ်းက ပြသသော မြေပုံအရ ထိုမိန်းကလေး၏ အရှိန်အဝါမှာ အဝါရောင် ဖြစ်သည်။
အဝါရောင်သည် ကြားနေ သို့မဟုတ် ရန်စလျှင် ရန်လိုသည့် အခြေအနေကို ကိုယ်စားပြုသည်။
တစ်နည်းအားဖြင့် တစ်ဖက်လူကို သွားမစိန်ခေါ်သရွေ့သူတို့နှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်သည့် အခွင့်အရေး ရှိသည်။
"ရှင့်ရဲ့ လရိပ်ဂိုဏ်းက အချမ်းသာဆုံးပဲလေ။ ဒါကြောင့် ကျွန်မက လရိပ်ဂိုဏ်းကို ရောက်လာတာပေါ့။" မိန်းကလေးက ပိုက်ဆံကို လိုချင်လွန်း၍ မျက်လုံးများ အရောင်လက်လျက် လက်ကို ပွတ်သပ်လိုက်သည်။
"ဒီလိုလုပ်ပါလား။ ကျွန်မကို လရိပ်ဂိုဏ်းမှာ နေခွင့်ပေးပါ။ ရှင်တို့ကို နေ့တိုင်း ဗေဒင် ဟောပေးမယ်။ ဂိုဏ်းနေဗေဒင်ဆရာအနေနဲ့ ဗေဒင်ဟောခတွေကို ၂၀% လျှော့ပေးမယ်။"
"ဘိုးဘေးကြီး။"
ကျန်းမုန့်ချူးက ချန်ဟွိုက်အန်၏ ဘေးနားသို့ လျှောက်သွားပြီး သူတို့နှစ်ဦးသာ ကြားနိုင်သည့် အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဒီဂျူနီယာက ဒီမိန်းကလေးရဲ့သရုပ်မှန်ကို သိပါတယ်။ သူက ယောင်ချီမြင့်မြတ်နယ်မြက သူတော်စင်ယွိစီပါ။ သူတော်စင်၊ ယွိယောင်ရဲ့ စီနီယာအစ်မလည်း ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀လောက်က နောက်ဆုံး တက်လှမ်းသွားတဲ့ ကျင့်ကြံသူပဲ။"
"သူက တက်လှမ်းသွားတဲ့ ကျင့်ကြံသူ ဟုတ်လား။" ချန်ဟွိုက်အန် မှင်တက်သွားသည်။ "ဒါဆို သူက ဘာလို့ ကောင်းကင်ဘုံမှာ မရှိတာလဲ။"
"တန်ယွန်ပြောတဲ့အတိုင်းဆိုရင် သူက တကယ်တော့ အဲဒီတုန်းက တက်လှမ်းဖို့ မအောင်မြင်ခဲ့ဘူး။ ပြီးတော့ သူတော်စင်ယွိယောင်က ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီသတင်းကို ဖုံးကွယ်ထားခဲ့တာ။"
ကျန်းမုန့်ချူးက မျက်မှောင်ကြုတ်ကာ မိန်းကလေးကို ကြည့်လိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ဒီကောင်မလေးရဲ့စရိုက်က သူတော်စင်ယွိစီနဲ့ အရမ်းကို ကွဲပြားနေတယ်။ ပြီးတော့ သူ့ရဲ့အပြုအမူကလည်း လုံးဝကို မတူဘူး။ ကျွန်တော် ထင်တာကတော့ တစ်ခုခုလွဲနေပြီ ဆိုတာပဲ။”
…