← Chapters

အခန်း ၄၅၇

Vol. 46 Ch. 457

အခန်း ၄၅၇

Vol. 46 Ch. 457

အခန်း(၄၅၇) ရတနာလေး

"နတ်ဘုရားကြီး၊ ကျွန်တော် တာအိုကို သင်ယူဖို့ လာတာပါ။ ဆရာ့နောက်ကို လိုက်ပြီး တကယ် သင်ယူချင်ပါတယ်။"

မျောက်လေးက ဘေးနားမှာ ခေါင်းကို ဆက်တိုက် ဦးညွှတ်နေသည်။

ချန်ဟွိုက်အန် မျက်လုံးများကို မှေးစင်းကာ၊ အေးစိမ့်သော တောင်လေကို ခံစားရင်း လီချင်းရန် ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။ "ချင်းရန်၊ ဒီတောင်ပေါ်က လေက တော်တော် အေးတယ်။ ငါတို့ အရင် ပြန်ကြရအောင်။"

"ဟုတ်ကဲ့ပါ ဆရာ။" လီချင်းရန်က သတ္တိမွေးကာ ချန်ဟွိုက်အန်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ပန်းရောင်သန်းနေသော ပါးပြင်လေးကိုမော့ကာ သူ့ကို ကြည့်လိုက်သည်။ "အခုကစပြီး ဆရာက ကျွန်မရဲ့ တာအိုလက်တွဲဖော်ပဲနော်~"

"အင်း၊ ဒါပေါ့။" ချန်ဟွိုက်အန်က လီချင်းရန်၏ လက်သေးသေးလေးကို ကိုင်ကာ ဂိုဏ်းထဲသို့ လျှောက်သွားရင်း ပြောလိုက်သည်။ "ငါတို့က တာအိုလက်တွဲဖော်တွေ ဖြစ်သွားပြီဆိုတော့ ငါ့နာမည်ကို တိုက်ရိုက် ခေါ်လို့ရပါပြီ။"

"ဟင့်အင်း။" လီချင်းရန် ခေါင်းခါပြလိုက်သည်။ "ချင်းရန်က ဆရာလို့ ခေါ်ရတာကိုပဲ သဘောကျတာ။ ပြီးတော့ အဲဒီလိုခေါ်ဖို့လည်း ကျင့်သားရနေပြီလေ။"

"ဒါဆိုလည်း ပြီးတာပါပဲ။" ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ "မင်းက လောကကြီးရဲ့ အမြင်တွေကို ဂရုမစိုက်သရွေ့ပေါ့။"

"တပည့်ကတော့ လောကကြီးရဲ့ အမြင်တွေကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဆရာကကော ဂရုစိုက်လို့လား။"

ချန်ဟွိုက်အန် နှာမှုတ်လိုက်ပြီး မာနတခွဲသားဖြင့် ပြောသည်။ "ငါက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ဘယ်သူက ငါ့ကို လက်ညှိုးထိုးရဲမှာလဲ။"

"ဝိုး။ ဆရာက အရမ်းကို မိုက်တာပဲ။" လီချင်းရန် လက်ခုပ်တီးပြီး ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ "ကမ္ဘာမြေပေါ်က ရည်းစားတွေက တစ်ယောက်ကိုတစ်ယောက် ရတနာလေးလို့ ခေါ်ကြတယ်လို့ ကြားဖူးတယ်။ ဆရာက လောကကြီးရဲ့အမြင်တွေကို ဂရုမစိုက်ဘူးဆိုတော့ ဆရာ့တပည့်ကိုလည်း ရတနာလေးလို့ ခေါ်ပါလား။ ဘယ်လိုလဲ။"

"ဟမ်…" ချန်ဟွိုက်အန်မျက်နှာ အလွန် နီရဲသွား၏။

ဒီလို ခေါ်တဲ့ပုံစံက ခေတ်သစ်မှာတော့ လူတိုင်း သုံးနေကြတာမို့လို့ လုံးဝ အဆင်ပြေတယ်။

ဒါပေမဲ့ ဒါက ချင်းယွန်ဘုံလေ…

ဒီလို ခေါ်တာက လက်တွေ့မှာ ငါ့ရဲ့အချစ်လေး ဒါမှမဟုတ် ငါ့ရဲ့နတ်ဆိုးလေးလို့ ခေါ်တာနဲ့ အတူတူလောက်ပဲ။

ဒါက... ဒါက ရိုးရာလူမှုအသိုင်းအဝိုင်း စည်းမျဉ်းတွေကို ချိုးဖောက်သလို နည်းနည်း ဖြစ်မနေဘူးလား။

ချန်ဟွိုက်အန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီချင်းရန် နှုတ်ခမ်းစူလိုက်ပြီး ငိုတော့မည့် အသွင်ဖြင့် ပြောသည်။ "ကြည့်ရတာ ဆရာက တခြားလူတွေရဲ့အမြင်တွေနဲ့ ဝေဖန်မှုတွေကို အများကြီး ဂရုစိုက်နေတုန်းပဲ ထင်တယ်။ အဲဒီလိုဆိုရင်တော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို လုံးဝ လျှို့ဝှက်ထားပေးပါ့မယ်။ ဆရာ အပြင်ထွက်ပြီး နောက်ထပ် တာအိုလက်တွဲဖော်တစ်ယောက် ရှာတွေ့ရင်တောင် မပေါ်အောင် အထိ လျှို့ဝှက်ထားပေးပါ့မယ်။"

နောက်ဆုံးပိုင်းကို ရောက်လာချိန်တွင် သူ၏အသံမှာ အနည်းငယ်ပင် တုန်ယင်နေသည်။

ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန်က လီချင်းရန်၏ကိုယ်ပေါ်တွင် လင်းထိုက်ယွီ၏အရိပ်ကို မြင်လိုက်ရသကဲ့သို့ပင်။

"မဟုတ်ပါဘူး။ ငါ ပြောချင်တာ အဲဒါ မဟုတ်ပါဘူး..."

“ဒါဆို ကျွန်မကို ရတနာလေးလို့ ခေါ်လေ။"

လီချင်းရန်က ချန်ဟွိုက်အန်၏လက်ကို လှုပ်ယမ်းလိုက်သည်။

"ရတနာလေး... အဟမ်း အဟမ်း၊ ရတနာလေး။"

"ပီပီသသ ခေါ်လေ။"

"ရတနာလေး။"

လီချင်းရန် ခါးထောက်လိုက်ပြီး ကျောခိုင်းလိုက်သည်။ "ဆရာ့အသံက တိုးလွန်းတယ်။ ဆရာ စိတ်ထဲက မပါဘူးဆိုတာ သိသာတယ်။ အဲဒါဆိုရင်လည်း ဆရာ့တပည့်ကို လှည့်စားဖို့ မကြိုးစားပါနဲ့တော့။"

ရွေးချယ်စရာ မရှိတော့သဖြင့် ချန်ဟွိုက်အန်က လီချင်းရန်၏ နားနားသို့ ကပ်ကာ အကျယ်ဆုံး အော်လိုက်သည်၊ "ရတနာလေး။"

"ဟွန့်…" လီချင်းရန် လှည့်လာပြီး တောက်ပသော မျက်လုံးများဖြင့် ချန်ဟွိုက်အန်ကို စိုက်ကြည့်သည်။ "ဆရာက ဂိုဏ်းထဲက တခြား တပည့်တွေ ကြားသွားမှာကို ကြောက်နေတာလား။ ထားလိုက်ပါတော့။ ဒီလောက်ဆို တော်တော် ကျယ်နေပါပြီ။ ချင်းရန် ဆရာ့ကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။"

ချန်ဟွိုက်အန် မျက်လုံးများကို ကျဉ်းလိုက်သည်။

ငါ့တပည့်က တဖြည်းဖြည်း ပိုပိုပြီး ဆိုးလာပြီပဲ။

သူ့ကို သင်ခန်းစာ တစ်ခု ပေးသင့်တယ် မဟုတ်လား။

ယောကျ်ားတစ်ယောက်ရဲ့မာနက အရေးမကြီးပါဘူး။

သူက လီချင်းရန် သွယ်လျသော ကျောပြင်ကို စိုက်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ရတနာလေး…"

ဝုန်း…

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

လရိပ်ဂိုဏ်း တည်ရှိသော တောင်တန်းကြီး တစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်ခါသွား၏။

လီချင်းရန်၏ပခုံးများ တုန်ယင်သွားပြီး သူ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ နေဝင်ဆည်းဆာကဲ့သို့ပင် ချက်ချင်း နီရဲသွား၏။ သူက နားကို အုပ်ရမလား၊ မျက်နှာကို အုပ်ရမလား မသေချာဘဲ ရင်ဘတ်ရှေ့တွင် လက်များကို အလောတကြီး ယှက်ထားလိုက်ပြီး စိတ်ထဲတွင် ချောက်ချားသွားသည်။

"သမီး... ကျွန်မ... ဆရာ..."

"ဆရာ၊ ဆရာ။" သူ ထစ်ငေါ့စွာ ပြောလိုက်ရာ မူလကတည်းက တိုးညှင်းသော သူ၏အသံမှာ ပို၍ပင် အားနည်းသွားသည်။ "ဘာလို့ ရုတ်တရက်ကြီး အဲဒီလောက် အကျယ်ကြီး အော်လိုက်ရတာလဲ။ လူတိုင်း ကြားကုန်တော့မှာပဲ..."

လရိပ်ဂိုဏ်း အတွင်းတွင် မိမိတို့၏ လိုဏ်ဂူများသို့ ပြန်နေကြသော တပည့်အုပ်စု တစ်စုက ခြေလှမ်းများ ရပ်တန့်သွားကြပြီး တံခါးပေါက်ရှိရာဘက်သို့ မှင်တက်စွာ စိုက်ကြည့်နေကြသည်။

"အဲဒါ ဘိုးဘေးကြီးရဲ့ အသံနဲ့ တူတယ်နော်။"

"ဘယ်သူက ဘိုးဘေးကြီးကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ။ ဘာလို့ အဲဒီလောက် အကျယ်ကြီး အော်နေရတာလဲ။"

လူငယ် တပည့် အချို့ကလည်း အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

"ဘိုးဘေးကြီး အော်လိုက်တာကို မင်းတို့ အားလုံး သေချာ ကြားလိုက်ကြလား။"

"ရတနာလေးဆိုပဲ။ ရတနာဆိုတာ ဘာလဲ။ အဲဒါက ရတနာခရုခွံ မိစ္ဆာတစ်မျိုးများလား။"

ဂိုဏ်း၏ တောင်နောက်ဘက်တွင် တရားထိုင်နေသော မိုရှုမိန် မှင်တက်သွား၏။

"ရတနာလေး ဟုတ်လား။ ရတနာက ဘယ်မှာလဲ..."

"ရတနာ တစ်ခုခု ရှိတယ်ဆိုရင် ဘိုးဘေးကြီးက ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေရတာလဲ။ အင်း... ဒါ သေချာပေါက် ရတနာကောင်း တစ်ခု ဖြစ်ရမယ်။ ဒီရတနာနဲ့ဆိုရင် ဘိုးဘေးကြီး အသေးစား ပထမ ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်။"

…

နှစ်မိနစ် အတွင်းမှာပင် သူတို့၏ဘိုးဘေးကြီးက ဧရာမရတနာကြီးတစ်ခုကို ရှာတွေ့သွားကြောင်း ဂိုဏ်းတစ်ခုလုံး သိသွားကြသည်။

ဘိုးဘေးကြီး အလွန် စိတ်လှုပ်ရှားနေကြောင်း ထင်ရှားသော်လည်း သူရှာတွေ့သော ရတနာမှာ သူတို့နှင့် ဘာမှ မသက်ဆိုင်သောကြောင့် မည်သူမှ မမိုက်မဲကြပေ။

တံခါးရှေ့တွင် ရပ်နေသော လီချင်းရန်က အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားပြီး မျက်နှာမှာ သွေးထွက်တော့မည့်အလား နီရဲနေကာ မြေကြီးထဲ ဝင်သွားဖို့ အက်ကွဲကြောင်း တစ်ခုလောက် ရှာတွေ့ချင်စိတ် ပေါက်နေ၏။

"ဆရာ၊ ဒီနောက်ပိုင်း တပည့်က တခြားသူတွေကို ဘယ်လို မျက်နှာပြရတော့မလဲ..."

ချန်ဟွိုက်အန်ကတော့ အနေခက်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း မရှိတော့ပေ။ သူက အပြစ်ကင်းဟန် ဖန်တီးကာ ပြောလိုက်သည်။ "မင်းပဲ ငါ့ကို ပိုပြီးတော့ ကျယ်ကျယ်အော်ဖို့ ပြောတာ မဟုတ်ဘူးလား။ အခု လုံလောက်ပြီလား။ မလုံလောက်သေးဘူး ထင်ရင် မင်းရဲ့ဆရာက ထပ်အော်ပေးနိုင်သေးတယ်နော်။"

သူက ထပ်အော်တော့မည့် အမူအရာကို လုပ်ပြလိုက်သည်။

လီချင်းရန် အမြန်ပြေးသွားပြီး ချန်ဟွိုက်အန်၏လက်ကို ဆွဲကိုင်လိုက်သည်။

"မလုပ်ပါနဲ့။ ဆရာ၊ တပည့်မှားမှန်း သိပါပြီ။"

သူက ချန်ဟွိုက်အန်ကို ခိုးကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ထစ်ငေါ့စွာ ပြောသည်။ "တပည့်က ဆရာ့ရဲ့ အာဏာကို မစိန်ခေါ်သင့်ပါဘူး။ ဆရာ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်။"

ချန်ဟွိုက်အန်က သနားစရာကောင်းသော လီချင်းရန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ သူက လက်လှမ်းကာ တပည့်ငယ်လေး၏ခေါင်းကို ပုတ်လိုက်ပြီး စနောက်သည့် လေသံဖြင့် ပြောသည်။ "ဒါဆို နောက်တစ်ခါ ဒီလိုမလုပ်နဲ့တော့။ ဒီနေ့တော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။"

"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ။" လီချင်းရန်က မျက်လုံးကို အနည်းငယ် လှန်လိုက်ပြီး လက်ယှက်ကာ ပြောသည်။ "အကြီးအကဲ၊ အကြီးအကဲမှာ တခြား လုပ်စရာ ကိစ္စတွေ မရှိဘူးလား။ ကျွန်မမှာလည်း လုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ ဒါကြောင့် ဆက်မနေတော့ဘူးနော်။"

ချန်ဟွိုက်အန်၏အဖြေကို မစောင့်တော့ဘဲ သူက ပူထူနေသောမျက်နှာကိုအုပ်ကာ လှည့်ပြေးသွားပြီး ဂိုဏ်းဆီသို့ ဦးတည်နေသော ကွေ့ကောက်သည့် တောင်တက်လမ်းလေးထဲသို့ ခြေလှမ်းအနည်းငယ်အတွင်း ပျောက်ကွယ်သွားကာ လေထဲတွင် သဲ့သဲ့မျှ ကျန်ရစ်သော ရနံ့လေးသာ ချန်ထားရစ်ခဲ့သည်။

သူက အဝတ်အစားများ လေထဲတွင် လွင့်ပျံနေလျက် ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။

နောက်ဆုံးတွင် သူက အဓိကခန်းမရှေ့၌ ရပ်လိုက်ပြီး သွယ်လျသော လက်ချောင်းများဖြင့် သူ၏ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်ကာ ရင်ခုန်သံများကို ခံစားနေမိသည်။

တောင်လေပြေက သူ၏ ဆံပင်မည်းနက်နက်များကြားမှ ဖြတ်တိုက်သွားပြီး မျက်နှာပေါ်ရှိ ကျန်ရှိနေသော နီမြန်းမှုများကိုလည်း ပြန့်ကျဲသွားစေသည်။

သူ မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် လှပသော မျက်နှာလေးပေါ်၌ တောက်ပသော အပြုံးတစ်ခု ရုတ်တရက် ပွင့်လန်းလာသည်။

"ဒီနေ့ကစပြီး ငါက ဆရာ့ရဲ့ တာအိုလက်တွဲဖော်ပဲ။"

သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏အသံတွင် ပျော်ရွှင်မှုနှင့် ကြည်နူးမှုများ ပြည့်နှက်နေသည်။

"အို… ဒီနေ့ကစပြီး ငါက ဆရာ့ရဲ့ တာအိုလက်တွဲဖော်ပဲ။"

ယင်လည်းမဟုတ် ယန်လည်းမဟုတ်သော အသံတစ်ခုက နောက်ဘက်မှ ထွက်ပေါ်လာ၏။

လီချင်းရန် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည့် စီနီယာအစ်မ ယွဲ့ချန်ချီကို တွေ့လိုက်ရသည်။

"စီနီယာအစ်မ..."

လီချင်းရန်သည် ဂိုဏ်းမှတပည့်များကို ဤကိစ္စအား မသိစေချင်ပေ။ အကြောင်းမှာ ဤကဲ့သို့သော ဆက်ဆံရေးမျိုးကို ထုတ်ဖော်လိုက်ခြင်းက သူ၏ဆရာ ဂိုဏ်း၏ဂုဏ်သိက္ခာကို တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေမည်ဖြစ်သောကြောင့်ပင်။ သူက သာယာချိုမြိန်သော အခိုက်အတန့်လေးတစ်ခုကို ပိုင်ဆိုင်ချင်ရုံ သက်သက်ဖြင့် ဆရာဖြစ်သူကို သူ့အား "ရတနာလေး"ဟု ခေါ်ရန် ယခင်က တောင်းဆိုခဲ့ခြင်းသာ ဖြစ်သည်။

ယွဲ့ချန်ချီကို ရှင်းပြရန် ပြင်လိုက်သော်လည်း ယွဲ့ချန်ချီက ကြိုတင်သိမြင်ထားပြီးသား ဖြစ်သည့်အလား လက်ဝှေ့ယမ်းပြလိုက်သည်။

"ရပါပြီ။ ဆက်မရှင်းပြပါနဲ့တော့။ “ရတနာလေး”ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါမသိဘူး ထင်နေတာလား။" ယွဲ့ချန်ချီ နှာမှုတ်လိုက်သည်။ "စိတ်မပူပါနဲ့၊။ နင်နဲ့ ဘိုးဘေးကြီးဆီက ခွင့်ပြုချက် မရဘဲနဲ့ ဒီအကြောင်းကို ငါ လျှောက်မပြောပါဘူး။"

လီချင်းရန်က ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။"

"ဒါပေမဲ့ နင် ငါ့ရဲ့ တောင်းဆိုချက် သေးသေးလေး တစ်ခုကိုတော့ လိုက်လျောပေးရမယ်။"

ယွဲ့ချန်ချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာရာ လီချင်းရန်၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေ၏။

...

All Chapters