အခန်း ၄၅၈
Vol. 46 Ch. 458
အခန်း(၄၅၈) အင်မော်တယ်သခင်က တကယ် ထိုးထွင်းသိမြင်နိုင်တာပဲ
"စီနီယာအစ်မ၊ ကျွန်မ အရင်ဆုံး ရှင်းအောင် ပြောထားမယ်။ တကယ်လို့ ဒီတောင်းဆိုချက်က စီနီယာအစ်မလည်း ဆရာ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စမျိုး ဆိုရင်တော့ မေ့လိုက်ပါတော့။"
လီချင်းရန်က လက်ကို ရင်ဘတ်ရှေ့ ကြက်ခြေခတ်ပုံစံယှက်ထားပြီး ယွဲ့ချန်ချီကို စူးစိုက်ကြည့်လိုက်သည်။
ယွဲ့ချန်ချီ၏မျက်နှာ တောင့်တင်းသွားပြီး လီချင်းရန်၏နဖူးကို ခေါက်ကာ စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။
"ငါက အဲဒီလောက် ဉာဏ်တိမ်တဲ့ လူမျိုးလား။ ဘိုးဘေးကြီးက လတ်ဆတ်ပြီးတော့ အရသာရှိတယ်။ တာအိုလက်တွဲဖော်တစ်ယောက်အတွက် အတော်လေးကို ကောင်းတဲ့သူ၊၊ ပြီးတော့ ဘိုးဘေးကြီးနဲ့ တာအိုလက်တွဲဖော် ဖြစ်သွားရင် သေချာပေါက် တခြားသူတွေ အားကျရမယ့် ပျော်ရွှင်တဲ့ဘဝကို ရနိုင်တယ် ဆိုပေမယ့်... ဒါပေမဲ့ ငါ ယွဲ့ချန်ချီက တာအိုလက်တွဲဖော်ကိစ္စအတွက် ငါ့ရဲ့ ဂျူနီယာညီမလေးကို ဘယ်လိုလုပ် ယှဉ်ပြိုင်ရက်မှာလဲ။"
ဆရာ့ကို လုယူမည့်ကိစ္စ မဟုတ်သရွေ့ အဆင်ပြေပေသည်။
လီချင်းရန်၏ တင်းမာနေသောအကြည့်များ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆို ပြောလေ စီနီယာအစ်မ။ ဘာတောင်းဆိုချက်လဲ။"
ယွဲ့ချန်ချီက လီချင်းရန် အနားသို့ တိုးသွားကာ ပြုံးလျက် ပြောသည်။ "ချင်းရန်၊ ငါတို့ ဘိုးဘေးကြီးမှာ ငါတို့ကို တခြားကမ္ဘာကို ဆင့်ခေါ်နိုင်တဲ့ ရတနာတစ်ခု ရှိတယ် မဟုတ်လား။"
လီချင်းရန် မျက်ခုံးပင့်လိုက်သည်။ "အင်း၊ ဟုတ်သားပဲ။ အဲဒါ ဘာဖြစ်လို့လဲ။"
"အဲဒီကမ္ဘာကို ငါ အတော်လေး စိတ်ဝင်စားတယ်။ ဒါကြောင့် နင့်ကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ။" ယွဲ့ချန်ချီက ရှက်ရွံ့စွာဖြင့် လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ဒီလိုလေ။ ငါက အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေပြီဆိုတော့ တိုက်ခိုက်ရေးစွမ်းအား အတော်လေး ရှိနေပြီ။ ဒါပေမဲ့ ဂိုဏ်းထဲမှာ အခြေတည်ဝိညာဉ် ကျင့်ကြံသူတွေ အများကြီး ရှိတယ်။ အနာဂတ်မှာ အခြေတည်ဝိညာဉ်အဆင့် တိုက်ခိုက်ရေး စွမ်းအား လိုအပ်လာရင် ငါ့ကို အရင်ဆုံး စဉ်းစားပေးဖို့ ဘိုးဘေးကြီးကို ပြောပေးလို့ ရမလား။"
ဪ၊ ဒါလေးပဲလား။
လီချင်းရန်က လုံးဝ စိတ်သက်သာရာ ရသွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ပြဿနာ မရှိပါဘူး။ ကျွန်မ ဆရာ့ကို ပြောလိုက်ပါ့မယ်။ အနာဂတ်မှာ အခြေတည်ဝိညာဉ်အဆင့် တပည့်တွေ လိုအပ်လာရင် စီနီယာအစ်မကို ဆက်သွယ်လိုက်မယ်လေ။"
"အရမ်းကောင်းတာပဲ။ လီချင်းရန်၊ နင်က တကယ်ကို ငါ့ရဲ့ အကောင်းဆုံး ညီမလေးပဲ။" ယွဲ့ချန်ချီက လီချင်းရန်ကို ဖက်နမ်းလိုက်သည်။
ထို့နောက် စကားစကိုပြောင်းကာ ပြောသည်။ "ငါ့မှာ တောင်းဆိုချက် သေးသေးလေး နောက်တစ်ခု ရှိသေးတယ်။"
လီချင်းရန်က ယွဲ့ချန်ချီကို ဆက်ပြောရန် အချက်ပြကာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း..." ယွဲ့ချန်ချီက ရင်ဘတ်ကို လက်ညှိုးထိုးကာ ဘေးဘက်သို့ မျက်လုံးရွှေ့ကြည့်ရင်း ပြောသည်။ "နင်နဲ့ဘိုးဘေးကြီး အနာဂတ်မှာ ကလေးရလာလို့ ယောကျ်ားလေးသာ ဖြစ်ခဲ့ရင်... အင်း... အဲ သူ့ကို ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ခွင့်ပေးလို့ ရမလား..."
လီချင်းရန် မှင်တက်သွားပြီး ခေါင်းထဲတွင် မေးခွန်းသင်္ကေတ တစ်ခု ဖြည်းညှင်းစွာ ပေါ်လာ၏။
သူ၏ဆရာနှင့် ကလေးယူမည့်အကြောင်းအရာ ပေါ်လာရာ အနည်းငယ် မျက်နှာနီသွားသော်လည်း နောက်ထပ်စကားကိုမူ သူ သေသေချာချာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
လီချင်းရန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွဲ့ချန်ချီက အရှက်မရှိ ရှင်းပြလေသည်။
"လီချင်းရန်၊ နင်နဲ့ဘိုးဘေးကြီးက ရုပ်ရည်ရော ပါရမီမှာပါ ထိပ်တန်းတွေချည်းပဲ။ ဒါကြောင့် နင်တို့ရဲ့ ကလေးကလည်း ရုပ်ရည်နဲ့ပါရမီမှာ သေချာပေါက် ထိပ်တန်း ဖြစ်လာမှာပဲ။ ယောကျ်ားလေးသာ ဆိုရင်တော့ သူက နင့်ဆရာထက်တောင် တာအိုလက်တွဲဖော်အဖြစ် ပိုသင့်တော်ဦးမယ်။ စကားပုံ ရှိတယ်လေ၊ "ကောင်းတဲ့အရာတွေကို အပြင်လူတွေဆီ မရောက်စေနဲ့"တဲ့။ ငါက နင့်ဆရာကို မမှန်းချင်ဘူး။ ဒါပေမဲ့ နင့်ကလေးတွေကိုတော့ မှန်းလို့ရတယ်လေ။ ဟီးဟီးဟီး။
လီချင်းရန်က စိတ်ပျက်လက်ပျက် ရယ်မောလိုက်ပြီး ယွဲ့ချန်ချီကို တံခါးဘက်သို့ မျက်နှာမူသွားအောင် လှည့်ပေးလိုက်သည်။
"ချင်းရန်။ ဒီကိစ္စက အောင်မြင်ဖို့ အခွင့်အရေးများတယ်လို့ ဆိုလိုတာလား။" ယွဲ့ချန်ချီက တံခါးကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။
"စီနီယာအစ်မ၊ တံခါးက ဟိုဘက်မှာ။ အခု ထွက်သွားလို့ရပြီ။"
လီချင်းရန်က မှောင်မိုက်နေသောမျက်နှာဖြင့် ယွဲ့ချန်ချီကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
သို့သော် ယွဲ့ချန်ချီက လက်မလျှော့ဘဲ၊ တံခါးပိတ်သွားသည့်တိုင် အသေအလဲ ရုန်းကန်နေဆဲ ဖြစ်သည်။
"ချင်းရန်၊ ဒါက အတော်လေးကို ဖြစ်နိုင်ခြေရှိတဲ့ အကြံဉာဏ်ပဲ။ နင် စဉ်းစားကြည့်ပါလား။"
"ချင်းရန်၊ ကလေးတွေရဲ့ပညာရေးက အရမ်း အရေးကြီးတယ်။ ငါ နို့ထိန်းအဖြစ်ကနေ စပြီးတော့ အစကနေ အဆုံးထိ အချိတ်အဆက်မိမိ ကူးပြောင်းပေးနိုင်တယ်နော်။"
လီချင်းရန်က တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။
လောကကြီး နောက်ဆုံးတော့ တိတ်ဆိတ်သွားလေပြီ။
"ကျွန်မက ဆရာနဲ့ ကလေးရဖို့ ဆိုတာ အဝေးကြီး လိုပါသေးတယ်။" လီချင်းရန်က တံခါးကိုမှီကာ နှုတ်ခမ်းဆူလိုက်သည်။ "စီနီယာအစ်မက တကယ် စဉ်းစားနေတာပဲ။ နွားအိုက မြက်နု စားချင်တာ။ ဒါပေမဲ့ ပြောရရင်လည်း အဲဒီလို တကယ်ဖြစ်လာရင်တော့၊ စီနီယာအစ်မရဲ့ အရှက်မရှိခန္ဓာကိုယ် ကောက်ကြောင်းကြောင့် ကလေးကတော့ သေချာပေါက်ငတ်မှာ မဟုတ်ဘူး။"
ယွဲ့ချန်ချီ၏ အဆိုပြုချက်က ဖြစ်နိုင်ခြေ အနည်းငယ် ရှိသည်။
လိုအပ်ချက်ကတော့ သူနှင့်ဆရာဖြစ်သူတို့က ကလေးတစ်ယောက် ဖန်တီးရန်ပင်။
"အို…ရှက်စရာကြီး။" သူက မျက်နှာကိုအုပ်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ငြိမ်သွားအောင် မလုပ်နိုင်ခင်အထိ တံခါးရှေ့တွင် အချိန်အတော်ကြာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေခဲ့သည်။
"ကောင်းပြီလေ။ စလိုက်ကြတာပေါ့။"
ဆရာနဲ့ တာအိုလက်တွဲဖော်ဖြစ်တဲ့ ပထမဆုံးနေ့မှာ ဘာလုပ်သင့်လဲ။
လီချင်းရန်၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားသည်။ "ပထမဆုံးနေ့မှာ ငါ့ရဲ့ပစ္စည်းတွေကို ဆရာ့ လိုဏ်ဂူထဲ ပြောင်းရွှေ့မယ်။ ငါတို့က တာအိုလက်တွဲဖော်တွေ ဖြစ်နေပြီဆိုတော့ သေချာပေါက် အတူတူ အိပ်ပြး၊ ကော်တွေလို ကပ်နေရင်းနဲ့ တစ်ယောက်ရဲ့ စစ်မှန်တဲ့အနှစ်သာရကို တစ်ယောက်က စုပ်ယူရမှာပေါ့။ မဟုတ်ရင် ငါတို့က ဘယ်လို တာအိုလက်တွဲဖော်မျိုးတွေ ဖြစ်နေမှာလဲ။"
ဤအတွေးဖြင့် သူက ချက်ချင်းပင် လက်တွေ့ အကောင်အထည်ဖော်တော့သည်။
…
တစ်ချိန်တည်းမှာပင်။
လရိပ်ဂိုဏ်း တံခါးဝ၌။
"အင်မော်တယ်သခင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြည့်ပါဦး..."
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါက မျက်မမြင် မဟုတ်ပါဘူး။"
ချန်ဟွိုက်အန် သက်ပြင်းချကာ မျောက်လေးရှေ့တွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။
မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသော်လည်း သူ့ရှေ့မှ မျောက်လေးသည် ကမ္ဘာမြေမှ လူတိုင်းသိသော မဟာပဏ္ဍိတနှင့် လုံးဝ ပတ်သက်မှု မရှိပေ။
သူတို့က ရုပ်ချင်း မတူကြပေ။
သူက တကယ့် မျောက်ဘုရင်အစစ်ကို မမြင်ဖူး၍ ဖြစ်နိုင်သော်လည်း...
ဤကဲ့သို့ ကလေးတစ်ယောက်အရွယ်သာ ရှိသော ပိန်ပိန်ပါးပါးမျောက်လေးတော့ မဖြစ်သင့်ဘူးပေ။
"ပထမဆုံးအနေနဲ့ ငါက အင်မော်တယ် မဟုတ်ဘူး။ ငါက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ပြီးတော့ အင်မော်တယ်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်။"
မျောက်လေးက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ချန်ဟွိုက်အန်က လက်ကာပြပြီး တားလိုက်သည်။
"ငါပြောတာ ဆုံးအောင်နားထောင်၊" ချန်ဟွိုက်အန်က ဆက်ပြောသည်၊ "ဒီလောကမှာ တာအိုကို ကျင့်ကြံချင်တဲ့ လူတွေနဲ့ မိစ္ဆာတွေ အရမ်းကို များလွန်းတယ်။ သူတို့ အားလုံးသာ ငါ့ဂိုဏ်းရှေ့မှာ လာဒူးထောက်ရင် ငါက အကုန်လုံးကို လက်ခံရမှာလား။ သူတို့ထဲက အများစုကလည်း မင်းလိုပဲ စိတ်ရင်းမှန်ကြတာပဲ။ ဒီနေ့ မင်းကို လက်ခံလိုက်ရင် နောက်နေ့တွေမှာ သူတို့ကိုကော ငါ လက်ခံရတော့မှာလား။ အဲဒီလိုဆိုရင် ငါ့ဂိုဏ်းမှာ လူတွေ ပြည့်ကျပ်မသွားဘူးလား။"
ဤစကားများက မျောက်လေးကို အတွေးနက်သွားစေ၏။
ဂိုဏ်းထဲသို့ အဆုံးအစမရှိ လူများစုဆောင်းခြင်းက ကောင်းသောကိစ္စ မဟုတ်ကြောင်းကို သူ ဝိုးတဝါး ခံစားမိလိုက်သည်။
မျောက်တောင်ပေါ်တွင် မျောက်များက အရေအတွက် တစ်ခုထက် ကျော်လွန်သွားလျှင် အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်လာသလိုမျိုးပင်။
"တန်ဖိုး…" ချန်ဟွိုက်အန်က တွေးတွေးဆဆဖြစ်နေသော မျောက်ကို ကြည့်ကာ လေးနက်စွာ ပြောသည်။ "ထိပ်တန်းဂိုဏ်းတွေက ပါရမီရှင် တပည့်တွေကိုပဲ စုဆောင်းတယ်။ မင်းက ငါ့ကို တပည့်အဖြစ် လက်ခံစေချင်ရင် လုံလောက်တဲ့ စိတ်ရင်းမှန် ရှိတာအပြင်ကို မင်းရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကိုလည်း ငါ့ကို ပြဖို့ မလိုဘူးလား။"
"အင်မော်တယ်သခင်။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ဘာမှထူးခြားတာ ရှိတဲ့ပုံမပေါ်ဘူး။"
မျောက်လေးက ခေါင်းငုံ့သွားပြီး တွေဝေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"ဒါဆို ငါက မင်းကို ဘာလို့ လက်ခံရမှာလဲ။ မင်းကို လက်ခံဖို့ အကြောင်းပြချက်တစ်ခု ငါ့ကို ပေးရမယ်။"
ချန်ဟွိုက်အန်က မျောက်လေး၏ပခုံးကို ပုတ်ကာ မတ်တတ်ရပ်ပြီး ဂိုဏ်းထဲသို့ ဝင်သွားသည်။
မျောက်လေးကို ခဏလောက် တည်ငြိမ်သွားအောင် ထိုစကားများသုံးရန် သူ ရည်ရွယ်ခဲ့ပြီး ၁၀ရက်မှ လဝက်လောက် အပြင်တွင် စောင့်ခိုင်းပြီးမှ အထဲကိုခေါ်သွင်းရန် ဖြစ်သည်။
မဟုတ်လျှင် ဤမျောက်လေးက နေ့တိုင်း ဤအကြောင်းကို တွေးနေမည်ဖြစ်ပြီး တပည့် သို့မဟုတ် အကြီးအကဲတစ်ဦး ဖြတ်သွားတိုင်း ပြဿနာရှာနေမည် ဖြစ်သည်။
သို့သော် သူ ခြေနှစ်လှမ်းပင် မလှမ်းရသေး။
အနောက်မှ မျောက်လေး၏ မသေချာမရေရာသောအသံ ထွက်ပေါ်လာ၏။
"အင်မော်တယ်သခင်၊ ကျွန်တော့်မှာ ထူးခြားတဲ့ အရည်အချင်းတချို့ ရှိသလိုပဲ။"
မျောက်လေးက ထစ်ငေါ့စွာ ပြောသည်။
"ကျွန်တော်က မျောက်မတစ်ကောင်ကနေ မွေးဖွားလာတာကို မမှတ်မိဘူး။"
ဤစကားကို ကြားသောအခါ ချန်ဟွိုက်အန် ရပ်တန့်သွားပြီး သူ၏နားရွက်များ လှုပ်ခတ်သွားကာ ရယ်မောလိုက်သည်။ "ဪ။ မင်းက မျောက်မကနေ မွေးလာတာ မဟုတ်ဘူးဆိုရင် ကျောက်တုံးထဲကနေ ထွက်လာတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"
"အင်မော်တယ်သခင်က အံ့ဩစရာကောင်းလောက်အောင် ထိုးထွင်းသိမြင်နိုင်တာပဲ။"
မျောက်လေးက ရယ်မောလိုက်ပြီး ဦးခေါင်းတိုက် အရိုအသေပေးကာ ပြောသည်။
"အင်မော်တယ်သခင် ပြောတာ မှန်ပါတယ်။ ကျွန်တော်... ကျွန်တော် တကယ်ပဲ ကျောက်တုံးထဲကနေ ထွက်လာတာပါ။ မျောက်တောင်ပေါ်က မျောက်တွေအားလုံး ကျွန်တော့်ကို ကျောက်တုံးမျောက်လို့ ခေါ်ကြတယ်။"
ချန်ဟွိုက်အန် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျောက်လေးကို စူးစိုက်ကြည့်လိုက်၏။
"မင်း တကယ် ပြောနေတာလား။"
မိမိအရှေ့မှ အင်မော်တယ်က အဘယ်ကြောင့် ဤမျှစိတ်လှုပ်ရှားနေရကြောင်းကို မျောက်လေးက နားမလည်ပေ။
သူက ခေါင်းကို ကုတ်လိုက်ပြီး ကောင်းကင်သို့ လက်ချောင်းလေးချောင်း ထောင်ပြကာ လေးနက်စွာ ကြေညာလိုက်သည်။ "အလိမ်အညာ တစ်စွန်းတစ်စ ပါခဲ့ရင် ကျွန်တော့်ကို မိုးကြိုးပစ်ပါစေ။”
…