အခန်း ၄၅၉
Vol. 46 Ch. 459
အခန်း(၄၅၉) ကြာကန် ဟုတ်လား
"မင်း ဘယ်လို ကျောက်တုံးမျိုးထဲကနေ ခုန်ထွက်လာတာလဲ မှတ်မိလား။"
ချန်ဟွိုက်အန်သည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဆက်မေးလိုက်သည်။
တိုက်ဆိုင်လိုက်တာ။
တစ်ခါတလေ တိုက်ဆိုင်မှုတွေ အရမ်းများလာတဲ့အခါ တကယ်ပဲ အမှန်တရား ဖြစ်နေနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ချင်းယွန်ဘုံ ရှိနေတယ်ဆိုရင် အပြိုင်ကမ္ဘာတွေ ဘာလို့ မရှိနိုင်ရမှာလဲ။
ဒီမျောက်လေးက ချင်းယွန်ဘုံရဲ့ မျောက်ဘုရင် ဖြစ်နေမလားပဲ။
မူလမျောက်ဘုရင် မဟုတ်ရင်တောင် သေချာပေါက် ဆက်စပ်မှုတစ်ခု ရှိနေနိုင်တယ်။
"အင်မော်တယ်သခင်ကို သတင်းပို့ရရင် ကျွန်တော် မွေးလာပြီးတဲ့နောက် ကျောက်တုံးကြီးက အပိုင်းပိုင်း ကွဲသွားတယ်။ အဲဒါက ဘယ်လိုကျောက်တုံးမျိုးလဲဆိုတာ ကျွန်တော် တစ်ခါမှ မလေ့လာဖူးပါဘူး။ ဒါပေမဲ့ ကျောက်တုံးက အတော်လေးကိုမာတယ်။ ခေါင်းနဲ့တွန်းပြီး အဲဒီထဲကနေ ထွက်လာဖို့ နှစ်၁၀၀ကျော် ကြာခဲ့တယ်။"
မျောက်လေးက ထိုမှောင်မိုက်ပြီးမျှော်လင့်ချက်မဲ့ခဲ့သော အတွေ့အကြုံကို ပြန်အမှတ်ရနေသည့်အလား၊ ကျန်ရစ်နေသော ကြောက်ရွံ့မှုဖြင့် ခေါင်းကို စမ်းလိုက်သည်။
"ကြေးနီသံမဏိကိုယ်ထည်…" ချန်ဟွိုက်အန် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
နောက်တစ်ခု ထပ်ကိုက်ညီသွားပြန်ပြီ။
ပုံမှန်မျောက်တစ်ကောင် အနှစ်၁၀၀ အသက်ရှင်နိုင်မလား ဆိုတာကို ခဏထားလိုက်ဦး။ မိစ္ဆာတစ်ကောင် ဖြစ်လာရင်တောင်မှ သက်တမ်းက တိုးလာမယ် ဆိုပေမယ့် ကျောက်တုံးထဲကနေ ထွက်လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ နုပျိုတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။
"ကောင်းပြီ၊ ငါ နားလည်ပါပြီ။"
ချန်ဟွိုက်အန်က မျောက်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် သူ၏ စိုးရိမ်တကြီး မျှော်လင့်နေသော အကြည့်အောက်တွင် ခေါင်းညိတ်လိုက်သည်။ "မင်းဆီမှာ ထူးခြားတဲ့ အရည်အချင်းတချို့ တကယ် ရှိပါတယ်။ ဒီထူးခြားတဲ့ အရည်အချင်းတွေက ငါ့အတွက်တော့ ဘာမှမဟုတ်ပေမယ့်... ဒါပေမဲ့ မင်းက ငါ့ကို လာရောက် အရိုအသေပေးတဲ့ ပထမဆုံး ဝိညာဉ်လည်း ဟုတ်တယ်။"
"ငါက အကြောင်းအကျိုးနဲ့ ကံကြမ္မာကို ယုံကြည်တယ်။ ဒီလိုဆိုမှတော့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ တာအိုကို သင်ယူဖို့ ငါ့ရဲ့ လရိပ်ဂိုဏ်းထဲကို ဝင်ရောက်ခွင့်ပြုမယ်။ မမေ့နဲ့။ မင်း အဆော့မမက်ရဘူး။ အနှောင့်အယှက် မပေးရဘူး။ ဖြစ်နိုင်ခြေမရှိတဲ့ ရည်မှန်းချက်တွေ မထားရဘူး။"
မျောက်လေး၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားလွန်း၍ လက်များ တုန်ယင်နေ၏။
"အင်မော်တယ်၊ အင်မော်တယ်သခင်၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမှာလား။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတာလား။"
"လရိပ်ဂိုဏ်းထဲ ဝင်လာသူတိုင်းက တပည့်တွေ ဖြစ်လာမှာပါ။" ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ "ငါက မင်းကို ဂိုဏ်းထဲဝင်ပြီး တာအိုကို သင်ယူဖို့ အခွင့်အရေး ပေးရုံ သက်သက်ပါ။ ဂိုဏ်းထဲက တပည့်အားလုံးကို ငါ လမ်းညွှန်ပေးမှာ။ မင်းတစ်ယောက်တည်းရဲ့ ဆရာ မဟုတ်ဘူး။"
ဤစကားကို ကြားသောအခါ မျောက်လေး အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော် ၎င်းက အကောင်းဆုံး ဖြစ်နိုင်ခြေရှိသော ရလဒ်ဖြစ်ကြောင်း သူ နားလည်၏။
အင်မော်တယ်သခင်က စွမ်းအားကြီးပြီး ကြီးမားတဲ့ကံကြမ္မာတွေ ပိုင်ဆိုင်ထားတယ်။ သူသာ တပည့်တွေ လက်ခံမယ်ဆိုရင် သေချာပေါက် မွေးရာပါ ပါရမီရှင်တွေပဲ ဖြစ်ရမယ်။ ကျောက်တုံးထဲကနေ ထွက်လာတဲ့ ဒီလို မိစ္ဆာတစ်ကောင်က ဘာများလဲ။
သို့သော်လည်း သူ လက်မလျှော့ခဲ့ပေ။
ငါ့မှာ ပါရမီ မရှိဘူးလို့ ခံစားရလို့ အင်မော်တယ်သခင်က လက်မခံတာပဲ။
ဒါဆို တာအိုကို ကြိုးကြိုးစားစား သင်ယူရမယ်။ ငါကိုယ်တိုင် ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ ပြီးတော့ ငါ့ရဲ့ပါရမီကို ပြသရမယ်။
"မျောက်လေးက ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်။"
ချန်ဟွိုက်အန် မျက်လုံးလှန်လိုက်ပြီး ဒူးထောက်နေသော မျောက်လေးကို ညင်သာစွာ ဆွဲထူလိုက်သည်။
"ငါက ဂိုဏ်းချုပ် မဟုတ်ဘူ။ ဂိုဏ်းရဲ့ဘိုးဘေးကြီး။ ဂုဏ်ထူးဆောင်အကြီးအကဲပဲ။ မင်း ငါ့ကို ဘိုးဘေးကြီး ဒါမှမဟုတ် အကြီးအကဲလို့ ခေါ်လို့ရတယ်။ ဂိုဏ်းချုပ်က ငါ့ရဲ့ နောက်ဆုံးတပည့်ပဲ။"
ချန်ဟွိုက်အန်က မျောက်လေးကို တမင် သတိပေးလိုက်သည်။
တပည့်တစ်ယောက်ကို နောက်ဆုံးတပည့်အဖြစ် လက်ခံပြီးပြီဖြစ်ရာ ယခုမှစပြီး တခြားတပည့်များကို သူက နာမည်ခံအဖြစ်သာ လက်ခံ၍ ရပေတော့မည်။
သို့သော် မျောက်လေးက ထိုအသေးစိတ်ကို သတိမထားမိသည်မှာ အသေအချာပင်။
သူက လက်သီးဆုပ်ပြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။ "ကျွန်တော် အခု မှတ်မိပြီ။ ဘိုးဘေးကြီး “ရတနာလေး” လို့ ခေါ်လိုက်တဲ့ မိန်းမက ဂိုဏ်းချုပ်ပဲ။ ဒါပေမဲ့ ဘိုးဘေးကြီး။ ဘာလို့ သူ့ကို “ရတနာလေး”လို့ ခေါ်တာလဲ။ သူက တကယ်တမ်း ဘိုးဘေးကြီးရဲ့ မှော်လက်နက်များလား။"
ချန်ဟွိုက်အန် - "..."
"အရမ်း ဆူမနေစမ်းနဲ့။ မမေးသင့်တဲ့ မေးခွန်းတွေ မမေးနဲ့။"
မျောက်လေးက ဘာအမှားပြောမိမှန်း မသိဘဲ အရူးတစ်ယောက်လို ပြုံးနေသည်။
"မင်းမှာ နာမည် ရှိလား။" ချန်ဟွိုက်အန် ထပ်မေးလိုက်သည်။
မျောက်လေး ခဏတာ ရပ်တန့်သွားပြီးနောက်၊ ကိုယ်ကို ကိုင်းညွှတ်ကာ အနေခက်စွာ ပြောသည်။
"ဘိုးဘေးကြီး။ ကျွန်တော်က ကျောက်တုံးထဲကနေ မွေးလာတာဆိုတော့ နာမည်နဲ့မျိုးရိုး မရှိပါဘူး။"
ချန်ဟွိုက်အန်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး ခဏတာ ပြန်လည် စဉ်းစားကာ တွေးတောလိုက်သည်၊ "အင်း... မင်းရဲ့ စကားတွေ အပြုအမူတွေက မျောက်တစ်ကောင်နဲ့ ဘာမှမကွာဘူးဆိုတာ ငါ မြင်ရတယ်။ ဒါဆိုရင် မင်း မျိုးရိုးနာမည် “စွန်း”ကိုယူပြီး ဓမ္မနာမည်ကို “ဝူခုန်း”လို့ ပေးလိုက်ရင်ကော။"
"ဘိုးဘေးကြီး။" မျောက်လေး ခဏတာ ရပ်တန့်သွားပြီးနောက် ထပ်မံ ဦးညွှတ်လိုက်သည်။
"ဘိုးဘေးကြီးက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံလိုက်ပြီ။" သူ ရုတ်တရက် နောက်လှည့်ကာ သူ၏ လက်ခြေများကို ဝှေ့ယမ်းရင်း တောင်တန်းများဆီသို့ အော်ဟစ်လိုက်သည်။ "ငါ နာမည်ရပြီဟေ့။ ဟားဟားဟား။"
"ငါ့နာမည်က... စွန်းဝူခုန်း။"
…
ချန်ဟွိုက်အန်က စွန်းဝူခုန်းကို ဂိုဏ်းထဲသို့ ခေါ်ဆောင်သွားသည်။
လမ်းတစ်လျှောက် သူတို့ကြုံတွေ့ရသော တပည့်များအားလုံးက သိချင်စိတ်ဖြင့် လှမ်းကြည့်ကြသည်။
"ဘိုးဘေးကြီးက အဲဒီမျောက်ကို သူ့အိမ်ထဲ ခေါ်သွင်းသွားတာလား။"
"ဒီမျောက်လေး တကယ် ကံကောင်းတာပဲ။"
"ဒါပေမဲ့ ဘိုးဘေးကြီးက ဒီမျောက်လေးကို သဘောကျတယ်ဆိုတော့ သူ့ဆီမှာ ပါရမီတစ်ခုခု ရှိရမယ်။"
ပတ်ဝန်းကျင်ရှိ တပည့်များ၏ တီးတိုး စကားပြောသံများကို ကြားရသောအခါ စွန်းဝူခုန်း၏ တင်းမာပြီး စိုးရိမ်နေသော စိတ်အခြေအနေသည် အနည်းငယ် ပြေလျော့သွားသည်။
လူသားကျင့်ကြံသူများနှင့်မိစ္ဆများက ကမ္ဘာမကြေရန်သူများဟု ပြောကြသည်။ ထို့ပြင် သူက တောင်တံခါးဝကို လာပြီး အရိုအသေပေးရန်အတွက် သတ္တိအများကြီးမွေးခဲ့ရ၏။
ထိုသို့ဆိုသည့်တိုင် ဂိုဏ်းထဲဝင်ပြီးနောက် လူသားကျင့်ကြံသူများ၏ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ရိုက်နှက်ခြင်းများကိုပင် ခံရမလားဟု သူ စိုးရိမ်နေတုန်းပင်။
ယခုတော့ ထိုသို့ မဟုတ်သည်မှာ ထင်ရှားနေ၏။ အနည်းဆုံးတော့ လရိပ်ဂိုဏ်း ကျင့်ကြံသူများက အတော်လေး ဖော်ရွေကြသည်။
သူတို့က ဘိုးဘေးကြီးကို အလွန် ကိုးကွယ်ကြကြောင်း ထင်ရှားပြီး သူတို့၏ စကားလုံးများတွင် သူ့အပေါ် ချီးကျူးမှုများ ပြည့်နှက်နေသည်။ ဘိုးဘေးကြီးခေါ်သွင်းလာသူ မည်သူမဆို မိစ္ဆာတစ်ကောင် ဖြစ်နေလျှင်ပင် ချက်ချင်း အသိအမှတ်ပြု လက်ခံနိုင်သည့်အလားပင်။
ထိုအချက်က သူ့ကို လူမှန်အား အရိုအသေပေးမိ၍ ကံကောင်းသည်ဟု ခံစားရစေသည်။
အကြီးအကဲအဆင့်သာရှိသော လူတစ်ယောက်ဆိုလျှင် သူ့ကို အထဲ လုံးဝခေါ်လာနိုင်မည် မဟုတ်ပေ။
"အခုကစပြီးတော့ ဒါက မင်းရဲ့ လိုဏ်ဂူအိမ်ပဲ။"
ချန်ဟွိုက်အန်က စွန်းဝူခုန်းကို လိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ဤလိုဏ်ဂူသည် လစောင်းကြယ်သုံးပွင့် လိုဏ်ဂူနှင့် သိပ်မဝေးဘဲ ဂိုဏ်းအတွင်း စိတ်ဝိညာဉ်ချီစွမ်းအင် အတော်လေး ပေါကြွယ်ဝသော နေရာတွင် တည်ရှိသည်။ ထို့အပြင် လိုဏ်ဂူပတ်လည်တွင် သစ်သီးပင်များစွာ ရှိပြီး ၎င်းမှာ မျောက်များ၏ စားသောက်မှုအလေ့အထနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေသည်။
စွန်းဝူခုန်းက သူ၏ အနာဂတ်နေအိမ်ကို သိချင်စိတ်ဖြင့် ပတ်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး။" သူက ဂိုဏ်းချုပ်၏ တပည့်ပုံစံမျိုးဖြင့် လက်အုပ်ချီကာ အရူးတစ်ယောက်လို ပြုံးရင်း ပြောလိုက်သည်၊ "ကျွန်တော်က နေရာသေးသေးလေးမှာပဲ နေရမယ်လို့ ထင်ထားတာ။ သစ်သီးတွေ အများကြီး ရှိတဲ့ ဒီလိုလှပတဲ့နေရာမျိုး ဖြစ်မယ်လို့ မထင်ထားဘူး။"
"မင်း သဘောကျရင် ပြီးတာပါပဲ။" ချန်ဟွိုက်အန်၏မျက်နှာ တင်းမာသွားပြီး ညွှန်ကြားလိုက်သည်၊ "လရိပ်ဂိုဏ်းမှာ တားမြစ်ချက်တွေတော့ သိပ်မရှိပါဘူး။ မင်း နေရာအနှံ့ သွားလို့ရတယ်။ ခွင့်ပြုချက်မရှိဘဲ မဝင်ရတဲ့ နေရာ(၃)ခုကလွဲလို့ပေါ့။ မဟုတ်ရင် ငါ မင်းကို ဂိုဏ်းထဲက နှင်ထုတ်မယ်။"
ဤစကားကို ကြားသောအခါ စွန်းဝူခုန်း လည်း လေးနက်သွား၏။ "ပြောပါ ဘိုးဘေးကြီး။"
"ငါ့ရဲ့ အဓိကနေအိမ်ဖြစ်တဲ့ လစောင်းကြယ်သုံးပွင့် လိုဏ်ဂူနဲ့ ဂိုဏ်းချုပ်ခန်းမကို ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး။ တောင်နောက်ဘက်က တပည့်တစ်ယောက်စီတိုင်းရဲ့ ကိုယ်ပိုင်နေအိမ်တွေ ဖြစ်ပြီးတော့ အဲဒါကိုလည်း ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး။ နောက်ဆုံးအနေနဲ့ ဂိုဏ်းရဲ့ ဘိုးဘေးကျောင်းဆောင် ရှိတယ်။ အဲဒီမှာ ဂိုဏ်းရဲ့ ဘိုးဘေးကျောက်ပြားတွေကို ထားထားတယ်။ အဲဒါက အထူးအချိန်ကာလတွေမှာပဲ ဖွင့်ပေးတာ။ ပိတ်ထားတဲ့ အချိန်မှာ ဘယ်တပည့်မှ မဝင်ရဘူး။"
ချန်ဟွိုက်အန်က မျောက်လေးကို အလွန်လေးနက်ပြီး စနစ်တကျ ရှင်းပြခဲ့သည်။
ဘာပဲဖြစ်ဖြစ် မျောက်တွေက သဘာဝအားဖြင့် ဆော့ကစားတတ်ပြီး သိချင်စိတ် ပြင်းပြတယ်။ ဒါကြောင့် ပြဿနာ နည်းနည်းပါးပါး ရှာမိဖို့ဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူးလေ။
သို့သော် လောလောဆယ်တွင် မဟာပဏ္ဍိတ၏ မူလအစနှင့်ဆင်တူသော ဤမျောက်မှာ အတော်လေး လိမ္မာပုံရသည်။
"တပည့် မှတ်ထားပါ့မယ်။"
စွန်းဝူခုန်း ခေါင်းညိတ်ပြီး ဂရုတစိုက် မှတ်သားထားလိုက်သည်။
သူက ထိုနေရာများကို သေချာပေါက် မသွားတော့ပေ။
ခက်ခက်ခဲခဲ ရရှိထားသောတာအိုကို ကျင့်ကြံရန်အတွက် အခွင့်အရေးကို အလဟဿ မဖြစ်မခံနိုင်ပေ။
"ကောင်းပြီ။ အရင်ဆုံး လိုဏ်ဂူထဲ သွားကြည့်လိုက်ဦး။ ကျင့်ကြံခြင်း ညွှန်ကြားချက်အတွက်ကတော့ နောက်ထပ် တစ်ပတ်လောက် စောင့်ရမယ်။"
စွန်းဝူခုန်း မှင်တက်သွားသည်။ "ဘာလို့... ဘာလို့ နောက်ထပ် တစ်ပတ်လောက် စောင့်ရမှာလဲ။"
ချန်ဟွိုက်အန် နှုတ်ခမ်းကို စေ့လိုက်၏။
ဒီမျောက်ရဲ့ စိတ်မရှည်တဲ့ပုံစံက မဟာပဏ္ဍိတရဲ့ပုံစံနဲ့ လုံးဝ အတူတူပဲ။
"လက်ရှိ လရိပ်ဂိုဏ်းက တပည့်အားလုံး အနည်းဆုံးတော့ အခြေခံအုတ်မြစ်အဆင့်မှာ ရှိနေပြီး သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာတွေ့ထားပြီးသားမို့ လမ်းညွှန်ချက်တွေ ထပ်ပြီးတေယ့ မလိုအပ်တော့ဘူး။ နောက်တစ်ပတ်နေရင် ငါတို့ဂိုဏ်းက တပည့်သစ်တွေ စုဆောင်းဖို့ ဖွင့်ပေးလိမ့်မယ်။ ပြီးတော့ တပည့်သစ် တစ်သုတ် ဂိုဏ်းထဲ ရောက်လာမယ်။ မင်း သူတို့နဲ့အတူ သင်ယူရမယ်။"
ဤစကားကို ကြားသောအခါ စွန်းဝူခုန်းက ကံကြမ္မာကို လက်ခံလိုက်သည့်အလား သူ၏ မျက်နှာကို ကုတ်လိုက်သည်။
"နားလည်ပါပြီ။ ဒါဆိုရင် ကျွန်တော် နည်းနည်း ထပ်စောင့်ပါ့မယ်။"
"မင်းမှာ ကျင့်ကြံခြင်းအခြေခံ ဘာမှမရှိသေးဘူးဆိုတော့ စောင့်နေတဲ့ အချိန်အတွင်း အခြေခံ လေ့ကျင့်ရေးတချို့ လုပ်သင့်တယ်။ ဒါမှ မင်းရဲ့ ခန္ဓာကိုယ် အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ ငါ မြင်နိုင်မှာ။"
"ကောင်းတယ်။ သိပ်ကောင်းတာပဲ။" စွန်းဝူခုန်း ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ "ဘိုးဘေးကြီး၊ စောင့်ကြည့်နေလိုက်။ ကျွန်တော်က မျောက်တောင်မှာ အစွမ်းအထက်ဆုံးပါ။"
"ကောင်းပြီလေ။"
ချန်ဟွိုက်အန် အနည်းငယ် ပြုံးလိုက်ပြီး ပုံးနှစ်ပုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ဒီနေ့ မင်း လုပ်ရမှာက ဂိုဏ်းချုပ်ခန်းမရှေ့မှာ အခုလေးတင် တည်ဆောက်ထားတဲ့ ကြာကန်ကို ရေဖြည့်ပြီးတော့ အဲဒီထဲမှာ ကြာပန်းတွေ စိုက်ဖို့ပဲ။"
စွန်းဝူခုန်းက တွေးလိုက်သည်။
ငါက သန်မာပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကောင်းတယ်။ ပြီးတော့ မျောက်တောင်က မျောက်အိုကြီးတွေကို အလုပ်တွေ ကူလုပ်ပေးတတ်တယ်လေ။
ကြာကန် သေးသေးလေးတစ်ခုကို ရေဖြည့်ဖို့က အားစိုက်ထုတ်စရာ ဘယ်လောက်တောင် လိုမှာမို့လို့လဲ။
ချန်ဟွိုက်အန် သူ့ကို ဂိုဏ်းချုပ်ခန်းမရှေ့သို့ ခေါ်ဆောင်သွားသည့် အချိန်တွင်တော့…
"ဘိုးဘေးကြီး၊ ကြာကန်က ဘယ်မှာလဲ။"
စွန်းဝူခုန်းက ဘယ်ညာကို ကြည့်လိုက်သော်လည်း ကန်ကို မတွေ့ရပေ။
အဓိကခန်းမရှေ့ ဧရိယာက ပြန့်ကျဲနေသော မြေလွတ်တစ်ခု သက်သက်သာ။
ချန်ဟွိုက်အန် ခဏတာ ရပ်ပြီး ရုတ်တရက် ညာခြေကို မြှောက်ကာ မြေကြီးကို ဆောင့်နင်းလိုက်သည်။
ဝုန်း…
ဖန်စွမ်းတောင် တစ်ခုလုံး တုန်ခါသွား၏။
မျောက်က နားများ အူသွားပြီး မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာသောအခါ အလျားနှင့်အနံ ပေ၁၀၀ခန့် ရှိပြီး အနက်၁၀ပေခန့်ရှိသော ဧရာမကျင်းကြီး တစ်ခုထဲတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
"ဘိုးဘေးကြီး... ဒါ... ဒါက..."
သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး စကားပြောရာတွင် ထစ်ငေါ့နေ၏။
"ဒါက ကြာကန်ပဲ။" ချန်ဟွိုက်အန် ရယ်မောလိုက်ပြီး မျောက်၏ခေါင်းကို ပုတ်လိုက်သည်။ "ဆက်လုပ်။ ကောင်းကောင်းလုပ်။ ငါ မင်းကို အားပေးနေမယ်။"
…