← Chapters

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း(၄၆၀) ရည်မှန်းချက်ဆိုတာ ဒါကိုခေါ်တာ

"ဘိုးဘေးကြီး၊ ဘိုးဘေးကြီးကို ပြစရာ ပစ္စည်းကောင်းတစ်ခု ရှိတယ်။"

ချန်ဟွိုက်အန်က ကြာကန်မှ ပြန်လာပြီး ချင်းယွန်ဘုံမှ ထွက်ခွာရန် လစောင်းကြယ်သုံးပွင့်လိုဏ်ဂူသို့ ပြန်ရန်ပြင်ဆင်နေစဉ် လက်နက်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှန်းထျန်ကော၏ တားဆီးခြင်းကို ခံလိုက်ရသည်။

အဘိုးကြီးက စဉ်းလဲစွာ ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အလွန်ပင် ပုံစံထူးဆန်းသော မီးထိုးချောင်း တစ်ခုကို ဆွဲထုတ်လိုက်သည်။

သေနတ်တစ်လက်။

ပြုပြင်မွမ်းမံမှု အများအပြား လုပ်ထားသော်လည်း ချန်ဟွိုက်အန်က တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိနေတုန်းပင်။

သေနတ်ပေါ်တွင် အရေပြားတစ်လွှာ ဖုံးနေသလိုမျိုးပင်။

၆ယွမ် ပထမဆုံးအကြိမ် ငွေဖြည့်လျှင် အလကားရတတ်သော ပစ္စည်းမျိုးနှင့်တူ၏။

မူလက အနက်ရောင်သံမဏိသေနတ်ကိုယ်ထည်ပေါ်၌ အခုတွင် ဝိညာဉ်ကျောက်စိမ်းမှ စိမ်းပြာရောင် အလင်းတန်းလေးတစ်လွှာ ရှိနေလေပြီ။ ပြောင်းဝနှင့် ကျည်ဆန်အိမ်နေရာကို ဝိညာဉ်ကျောက်စိမ်း အစိတ်အပိုင်းများနှင့် အပြည့်အဝ အစားထိုးထားပြီး အခင်းအကျင်း အလင်းတန်းများ အထဲတွင် စီးဆင်းနေသည်ကို သဲ့သဲ့လေး မြင်နေရသည်။

"အထင်ကြီးစရာပဲႏ ဂိုဏ်းချုပ်ရှန်း။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ပြီးပြည့်စုံတဲ့ပစ္စည်းကို ထုတ်လုပ်နိုင်ခဲ့ပြီလား။"

"အဓိကကတော့ ဘိုးဘေးကြီးပေးတဲ့ လက်နက်ရဲ့ဖွဲ့စည်းပုံက အရမ်း ရှင်းလင်းနေလို့ပါ။ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကို တစ်ချက်ကြည့်ရုံနဲ့ နားလည်နိုင်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာက သူ့ရဲ့ ဖွဲ့စည်းပုံကို ချင်းယွန်ဘုံရဲ့ အခင်းအကျင်းတွေနဲ့ အစားထိုးပြီး ပိုကြီးမားတဲ့ စွမ်းအားကို ပေးလိုက်တာပါပဲ။"

သူက နှိမ့်ချစွာ ခေါင်းခါပြလိုက်သည်။ "ဘိုးဘေးကြီး။ လူတိုင်း ကူးချလို့ရပါတယ်။ ဒါပေမဲ့ အခက်အခဲက ဘာမှမရှိတဲ့အထဲကနေ တစ်ခုခုကို ဖန်တီးရတာပါ။ ဒီလက်နက်ကို ဖန်တီးခဲ့တဲ့သူက တကယ့်ကို ပါရမီရှင်ပါပဲ။"

၎င်းက ခေတ်သမိုင်းတစ်ခု၏ရလဒ်ပဲဟု ချန်ဟွိုက်အန် သူ့ဘာသာ တွေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါက မျိုးဆက်ပေါင်းများစွာ ဉာဏ်ပညာတွေ စုစည်းထားတာလေ။ ငါတို့မှာ အရည်အချင်း နည်းနည်းလောက် မရှိရင် ရှက်စရာကောင်းမှာပေါ့။

"ဒါဆို မင်း ပြုပြင်ပြီးတော့ ဒါက ဘယ်လောက်တောင် အစွမ်းထက်သွားပြီလဲ။"

ရှန်းထျန်ကောက ချင်းယွန်ဘုံဗားရှင်း M4ကို ချန်ဟွိုက်အန်ထံသို့ ကမ်းပေးလိုက်ကာ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။

"ဘိုးဘေးကြီး ကိုယ်တိုင် စမ်းကြည့်လိုက်ပါ။"

စမ်းကြည့်ကြတာပေါ့။

ချန်ဟွိုက်အန် ချက်ချင်း လှုပ်ရှားလိုက်သော်လည်း သူ မောင်းတင်ရန် ပြင်လိုက်ချိန်တွင် မောင်းတံ လုံးဝ မရှိကြောင်း တွေ့လိုက်ရသည်။

ကျည်ကတ်က အလှသက်သက်သာ ဖြစ်သွားပြီး ခလုတ်သာ ကျန်တော့သည်။

"ဘိုးဘေးကြီး၊ ဒီသတ္တုစေ့လေးကို ဆွဲလိုက်ရုံပါပဲ။" ရှန့်ထျန်းကောက သေနတ်ပေါ်ရှိ ခလုတ်ကို လက်ညှိုးထိုးပြလိုက်သည်။

ချန်ဟွိုက်အန်က အဝေးရှိ တောင်တစ်တောင်ကို ပေါ့ပေါ့ပါးပါး ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။

ဝုန်း…

ကြောက်မက်ဖွယ်ကောင်းသော နောက်ပြန်ကန်အားတစ်ခု ဝင်ဆောင့်လာပြီး ချန်ဟွိုက်အန်က သူ၏ ပခုံးကို ကုန်တင်ကားတစ်စီး ဝင်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဤအချိန်တွင် သူ၏ကိုယ်ပွားသည် ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်တွင် ရှိနေရာ ဤမျှလောက်သော ဝင်တိုက်မှုစွမ်းအားက သူ့အတွက် ဘာမှမဟုတ်ပေ။

သို့သော်လည်း ချီသန့်စင်ခြင်း သို့မဟုတ် အခြေခံအုတ်မြစ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ထိုနောက်ပြန်ကန်အားကြောင့် သေချာပေါက် လွင့်စင်သွားမည်ဖြစ်သည်။

သေနတ်သံက နားကွဲမတတ် ကျယ်လောင်ပြီး တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

၎င်း၏ စွမ်းအားသည် မိုးကြိုးမုန်တိုင်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်၏။

ချိန်ရွယ်ထားသော တောင်ထိပ်၏ အလယ်ဗဟိုတွင် အချင်း ဆယ်ပေခန့်ရှိသော စက်ဝိုင်းပုံ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး ၎င်းထဲမှ မီးခိုးရောင် အငွေ့များ သဲ့သဲ့မျှ ထွက်ပေါ်နေသည်။ သေချာ ကြည့်လိုက်လျှင် အပေါက်ထဲမှ အရည်ပျော်နေသော ချော်ရည်များ ဖြည်းညှင်းစွာ စီးကျနေပြီး နေရောင်အောက်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသည်ကို မြင်တွေ့နိုင်သည်။

သေနတ်ကို ကိုင်ထားသော ချန်ဟွိုက်အန်၏လက် အနည်းငယ် တုန်ယင်သွားပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ချင်းယွန်ဘုံဗားရှင်း(၁.၀) သေနတ်၏ စွမ်းအားက သူမျှော်မှန်းထားသည်ထက် များစွာ သာလွန်နေ၏။

"ဘိုးဘေးကြီး၊ ဘယ်လို ခံစားရလဲ။"

ချန်ဟွိုက်အန်၏ အမူအရာကို ကြည့်ရုံဖြင့် အလွန်ကျေနပ်နေကြောင်း သိနိုင်သော်လည်း လက်မှုပညာရှင် တစ်ဦးအနေဖြင့် ရှန်းထျန်ကောက မေးကို မေးရမည် ဖြစ်သည်။

သူ၏ဖန်တီးမှုများကို အသိအမှတ်ပြုခံရချိန် ရရှိလာသော အောင်မြင်မှုခံစားချက်ကို သူ နှစ်သက်၏။

"တော်တော်လေး အထင်ကြီးစရာပဲ။" ချန်ဟွိုက်အန်က ချီးကျူးစကားဆိုရန် တွန့်တိုသူ မဟုတ်ပေ။ "ဂိုဏ်းချုပ်ရှန်း။ ဒီသေနတ်ကို အများကြီး ထုတ်လုပ်လို့ ရနိုင်မလား။"

"ရတာပေါ့။ ဒီလက်နက်ကို ထုတ်လုပ်ရာမှာ အခက်အခဲက အစိတ်အပိုင်းတွေပေါ်မှာပဲ မူတည်တာပါ။ အစိတ်အပိုင်းတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေ အတုခိုးအခင်းအကျင်းတွေနဲ့ မောင်းနှင်တဲ့ စက်ရုပ်လက်တံတစ်စုံကို ဖန်တီးပြီးတော့ အစိတ်အပိုင်းတွေကို အများကြီး ထုတ်လုပ်နိုင်အောင် လုပ်လို့ရပါတယ်။ ပြီးရင် နောက်ထပ် စက်ရုပ်လက်တံ အမျိုးအစားတစ်ခုက အဲဒါတွေကို သီးသန့် တပ်ဆင်ပေး သွားမှာပါ။"

ဤစကားကိုကြားရာ ချန်ဟွိုက်အန်က ရှန့်ထျန်းကောကို လေးစားမှု အသစ်ဖြင့် ကြည့်လိုက်သည်။

ဒါက စက်ယန္တရားအလုပ်ရုံတစ်ခုပဲ မဟုတ်ဘူးလား။

ဒါ ချင်းယွန်ဘုံက ပညာရှင်ဆရာတစ်ဆူရဲ့ ဉာဏ်ပညာလား…

သူက ရှန့်ထျန်းကောကို ကြည့်လိုက်ရာ သူ၏အကြည့်များ တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာသည်။

"ဂိုဏ်းချုပ်ရှန်း။ မင်း ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲပြော။ ငါ့စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးမယ်။"

"ဘိုးဘေးကြီး၊ ကျွန်တော်က လက်နက်ဂိုဏ်းကို လရိပ်ဂိုဏ်းထဲ ဝင်ရောက်ခွင့်ပြုစေချင်ပါတယ်။" ရှန်းထျန်ကောက နောက်ထပ်စကားတစ်ခွန်းမှ မဆိုတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးခေါင်းတိုက် အရိုအသေပေးလိုက်သည်။ "ဒါကလွဲပြီးတော့ ကျွန်တော့်မှာ တခြား လိုချင်တာ ဘာမှမရှိပါဘူး။ ဘိုးဘေးကြီး၊ ကျွန်တော့်အပေါ် ထားတဲ့ ဘိုးဘေးကြီးရဲ့ကျေးဇူးက တောင်လို ကြီးမားပါတယ်။ ကျွန်တော့်ဘဝရဲ့ ကျန်တဲ့ အချိန်တွေကို ဂိုဏ်းအတွက် အလုပ်အကျွေးပြုရင်းပဲ ကုန်ဆုံးချင်ပါတယ်။"

အတွေးအခေါ်ပိုင်းဆိုင်ရာ အသိအမြင်မျိုးဆိုတာ ဘယ်လိုမျိုးလဲ။

ကိုယ့်ရဲ့အနေအထားက ကိုယ့်ရဲ့အမြင်ကို ဆုံးဖြတ်တယ်ဆိုတာ ဘာကိုပြောတာလဲ။

ဒီရှုထောင့်က ကြည့်ရင်တော့ ဂိုဏ်းချုပ်ရှန်းက စံပြပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။

ချန်ဟွိုက်အန်က ရှန်းထျန်ကောကို ဆွဲထူလိုက်ပြီး ကြင်နာသော အပြုံးဖြင့် ပြောသည်။ "အကြီးအကဲ ရှန်း။ မင်းက ငါ့ကို အထင်ကြီးလွန်းနေပါပြီ။ အခုကစပြီး ငါ့ရဲ့ လရိပ်ဂိုဏ်းက လက်နက်စံအိမ်ရဲ့ စီမံခန့်ခွဲမှုကို မင်းဆီ လွှဲအပ်လိုက်ပြီး။ ပစ္စည်းတွေသိမ်းပြီးတော့ လက်နက်ဂိုဏ်းက တပည့်တွေ ခေါ်လာခဲ့လိုက်တော့။ လိုဏ်ဂူအိမ်တွေအတွက်ကတော့ ဂိုဏ်းချုပ်လီကို ဆက်သွယ်လိုက်ပါ။ သူက အားလုံးကို စီစဉ်ပေးပါလိမ့်မယ်။"

"ဟုတ်ကဲ့ပါ၊ ဘိုးဘေးကြီး။"

ရှန်းထျန်ကော မတ်မတ်ရပ်လိုက်ပြီး ချန်ဟွိုက်အန်၏ လက်ထဲရှိ ချင်းယွန်ဘုံဗားရှင်း(၁.၀) M4ကို လက်ညှိုးထိုးပြသည်။

"ဘိုးဘေးကြီး၊ ကျွန်တော့်ကို အချိန်နည်းနည်း ထပ်ပေးပါ။ ဒီလက်နက်ကို ပိုပြီး စွမ်းအားကြီးအောင် လုပ်ပေးနိုင်ပါတယ်။ အရင်က ဘိုးဘေးကြီး အကြံဉာဏ်တစ်ခု ပေးခဲ့တယ် မဟုတ်လား။ ဒီလက်နက်ရဲ့ ကျည်ဆန် အရွယ်အစားနဲ့ ပစ်ခတ်နှုန်းကို တိုးမြှင့်ဖို့လေ။ အခု ဘိုးဘေးကြီး လက်ထဲမှာ ရှိနေတာက အခြေခံအကျဆုံး ဗားရှင်းပဲ ရှိသေးတာ။ ကျွန်တော် ဒီအခြေခံဗားရှင်းကို အခုရေ ၁၀၀လောက်ပဲ လုပ်ရသေးတယ်။ ဘိုးဘေးကြီး လိုအပ်ရင် အရင်ယူသုံးလို့ ရပါတယ်။"

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်ထဲမှ M4 အမြောက်အမြား ထွက်လာပြီး ချန်ဟွိုက်အန်ရှေ့တွင် တောင်ငယ်လေး တစ်လုံးကဲ့သို့ ပုံသွားသည်။

ချန်ဟွိုက်အန်က သူ့ရှေ့ရှိ သေနတ်ပုံကြီးကို စိုက်ကြည့်လိုက်ပြီးနောက် လက်နက်တိုက်တစ်ခုကို ကြည့်နေသည့် အမူအရာမျိုးဖြင့် ရှန်းထျန်ကောကို ကြည့်လိုက်သည်။

ကြည့်ပါဦး။

အခုရေ ၁၀၀လောက်ပဲ လုပ်ရသေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဒါက Cပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အဓိကအဖွဲ့ဝင်တွေနဲ့ လေဝိညာဉ်ဂိုဏ်းက တပည့်တွေကို လက်နက်တပ်ဆင်ပေးဖို့ လုံလောက်တာထက် ပိုတောင်ပိုနေသေးတယ်။

ဒါကိုတောင် ရှန်းထျန်ကောက ထုတ်လုပ်မှု မလုံလောက်သေးဘူးလို့ ခံစားနေရသေးတယ်။

ပါရမီရှင်။

ရှန်းထျန်ကောက တကယ့် ပါရမီရှင်ပဲ။

"ဒါနဲ့ ဘိုးဘေးကြီး။ ကျွန်တော့်မှာ တောင်းဆိုချက် သေးသေးလေး တစ်ခု ရှိပါတယ်။" ရှန်းထျန်ကောက အနည်းငယ် ရှက်ရွံ့စွာ လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"လိုချင်တာကိုသာ ပြောပါ။ ငါ့ဆီမှာ ဘာလို့ အားနာနေရတာလဲ။" ချန်ဟွိုက်အန်က အလွယ်တကူ ပြန်ပြောလိုက်သည်။

"ဒီဂျူနီယာက ဒီလိုဆန်းသစ်တဲ့ ဖန်တီးမှုတွေကို သဘောကျလို့ပါ။" ရှန့်ထျန်းကောက သတိထား၍ အကြံပြုသည်။ "ဘိုးဘေးကြီးက ချင်းယွန်ဘုံနဲ့ အဲဒီနောက်ကမ္ဘာတစ်ခုကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်လို့ ကြားဖူးပါတယ်။ အနာဂတ်မှာ အဲဒီကမ္ဘာကနေ လေ့လာဖို့ ဖန်တီးမှုတွေကို ဘိုးဘေးကြီး ပိုပြီးတော့ ယူဆောင်လာပေးစေချင်ပါတယ်။ အဲဒါဆိုရင် ကျွန်တော် လုံးဝကို ကျေနပ်ပါပြီ။"

ဒါက လွန်ကျူးတဲ့ တောင်းဆိုချက်လား။

ပြင်းပြတဲ့ ရည်မှန်းချက် တစ်ခု သက်သက်ပဲ။

သူ ချက်ချင်း သဘောတူလိုက်သည်။

သို့သော် ဤနည်းပညာဆိုင်ရာ ဖန်တီးမှုများကို ချင်းယွန်ဘုံသို့ ယူဆောင်လာရန်က ထိုမျှ မလွယ်ကူပေ။

လီချင်းရန်၏ အကူအညီကို လိုအပ်နေဆဲဖြစ်သည်။

ချန်ဟွိုက်အန်သည် မူလက ကမ္ဘာမြေသို့ ပြန်ရန် ရည်ရွယ်ထားသော်လည်း ဤကိစ္စဖြစ်ပြီးနောက် သူ၏ ကောင်မလေးကိုရှာရန် ဂိုဏ်း၏ အဓိကခန်းမသို့ ပြန်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ဂိုဏ်း၏အဓိကခန်းမကို ပတ်ရှာပြီးနောက်တွင်လည်း လီချင်းရန်ကို ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတွင် မြေပုံလုပ်ဆောင်ချက်ကို အားကိုး၍ လီချင်းရန်၏တည်နေရာက လစောင်းကြယ်သုံးပွင့် လိုဏ်ဂူထဲတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။

လစောင်းကြယ်သုံးပွင့်လိုဏ်ဂူအတွက် သူ ချထားခဲ့သော ကာကွယ်ရေး အခင်းအကျင်းများသည် အလွန် သေချာလွန်းသဖြင့် သူကိုယ်တိုင်ပင် လီချင်းရန် ထိုနေရာသို့ ရောက်နေကြောင်းကို ချက်ချင်း သတိမထားမိခဲ့ပေ။

လိုဏ်ဂူထဲသို့ ဝင်သွားသောအခါ ချန်ဟွိုက်အန်က လီချင်းရန် အိပ်ရာခင်းနေသည်ကို တွေ့လိုက်ရသည်။

မူလက သူအိပ်သည့်နေရာတွင် အခြေခံ အသုံးအဆောင်များသာ ရှိပြီး သူကလည်း ထိုနေရာတွင် မအိပ်သည့်အတွက် အလွန်ရိုးရှင်းသည်ဟု ဆိုနိုင်သည်။

သို့သော် ယခုတော့ နူးညံ့သော မွေ့ရာတစ်ခု ခင်းထားပြီး အပေါ်တွင် အဝါနုရောင် ပိုးသားစောင် အုပ်ထား၏။

ကုတင်ပေါ်တွင် ခေါင်းအုံး နှစ်လုံး ရှိနေသည်ကို ချန်ဟွိုက်အန် သတိပြုမိပြီး လေထဲတွင် လီချင်းရန်၏ ထူးခြားသော ရနံ့များ ပြည့်နှက်နေသည်။

"တပည့်။ ဒါက ဘာလဲ..."

ချန်ဟွိုက်အန်၏အသံကို ကြားရာတွင် အိပ်ရာခင်းရန် အာရုံစိုက်နေသော လီချင်းရန် လန့်သွားသည်။

သူ လှည့်ကြည့်လိုက်ပြီး မျက်လုံးများ ဟိုဟိုဒီဒီ ကစားနေကာ ချန်ဟွိုက်အန်၏ အကြည့်ကို ရှောင်ဖယ်နေသည်။ နွေဦးပေါက်စတွင် ပွင့်လာသော မက်မွန်ပန်းများကဲ့သို့ နီမြန်းမှုက ဖြူဖွေးသော ပါးပြင်ပေါ် လျင်မြန်စွာ တက်လာ၏။ သူ၏ သွယ်လျသောလက်ချောင်းများက အလိုအလျောက် လိမ်ယှက်သွားပြီး သူ၏ အသံမှာ မကြားရလုနီးပါး တိုးညှင်းနေသည်။ "ဆရာ... ဆရာက... ဆရာက ကြောင်တစ်ကောင်လား။ ဘာလို့ အသံ လုံးဝမထွက်ရတာလဲ..."

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ "မင်း အရမ်း အာရုံစိုက်နေလို့ပါ။ ငါ မင်းနောက်မှာ ရပ်နေတာ အတော်ကြာပြီ။ မင်းရဲ့အိပ်ရာခင်းတွေ ဒီကို ဘာလို့ ယူလာတာလဲ။"

"ကျွန်မ...ကျွန်မက..." သူက အောက်နှုတ်ခမ်းကိုကိုက်ကာ သတ္တိမွေးပြီး ချန်ဟွိုက်အန်ကို မော့ကြည့်လိုက်သည်။ "ကျွန်မတို့က တာအိုလက်တွဲဖော်တွေ ဖြစ်နေပြီဆိုတော့ ကျွန်မတို့ အိပ်ရာတစ်ခုတည်းမှာ အတူတူ အိပ်သင့်တယ် ခံစားမိလို့ပါ။" ထိုသို့ပြောပြီးနောက် သူ၏မျက်နှာမှာ မီးလောင်နေသကဲ့သို့ ပို၍ပင် နီရဲသွားပြီး နားရွက်များပင် ပန်းရောင်သန်းသွားသည်။

ချန်ဟွိုက်အန် ခဏတာ ပြောစရာ စကားမဲ့သွား၏။ ပုံမှန်အားဖြင့် အေးစက်စက်နှင့် မာနကြီးလေ့ရှိသော အရှေ့မှ မိန်းကလေးက ယခုကဲ့သို့ ရှက်ရွံ့နေသည့် အသွင်အပြင်ကို ပြသနေသည်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားထဲတွင် နူးညံ့သော ခံစားချက် လှိုင်းတံပိုးတစ်ခု လှုပ်ခတ်သွား၏။

လီချင်းရန်က ခေါင်းကိုငုံ့ထားရာ ဆံပင်များ ကျဆင်းလာပြီး မျက်နှာတစ်ဝက် ဖုံးကွယ်သွားသော်လည်း မျက်လုံးထဲရှိ ရှက်ရွံ့မှုနှင့် မျှော်လင့်ချက်များကိုမူ မဖုံးကွယ်နိုင်ခဲ့ပေ။

ချန်ဟွိုက်အန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက တမင် သက်ပြင်းချကာ ပြောသည်။ "ဆရာ သဘောမတူဘူးဆိုရင် ကျွန်မ ပြန်သွားမှာပါ..."

ပြန်သွားမည်ဟု ပြောသော်လည်း နေရာမှမရွေ့ဘဲ ရပ်နေဆဲဖြစ်ကာ ထွက်သွားမည့် အရိပ်အယောင် လုံးဝ မပြပေ။

ချန်ဟွိုက်အန်၏ မျက်နှာကို သူက ဆက်တိုက် ခိုးကြည့်နေပြီး ချွေးပြန်လုမတတ် ဖြစ်သွားစေသည်။

ဖယောင်းတိုင်မီးရောင်က လှုပ်ခါနေပြီး သူတို့နှစ်ဦး၏အရိပ်များကို ရှည်လျားစွာ ကျရောက်စေကာ အချင်းချင်း ရစ်နွယ်နေစေ၏။

"ငါ သဘောတူပါတယ်။" ချန်ဟွိုက်အန် ပြုံးလိုက်သည်။

တံခါးဝအထိ လာပို့ပေးနေတာတောင် ငြင်းမယ်ဆိုရင် ငါက ရူးနေလို့ပဲ ဖြစ်မယ်။

ကြည့်ရတာ ဒီညတော့ ကမ္ဘာမြေကို ငါ ပြန်လို့မရတော့မယ့်ပုံပဲ။

…

All Chapters