အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉)
မေတ္တာရှင် မိခင်တစ်ဦး
ညနေခင်းတွင် ချန်ထျန်မင်းသည် အိမ်ပြန်ရောက်လာသောအခါ ရှားရှားပါးပါး လန်ရွှယ်ကို ဂရုတစိုက် မေးမြန်းလာ၏။
“ဒီနေ့ ဆရာဝန် လာစစ်တော့ ဘာပြောသွားလဲ”
“ကလေးက ကျန်းမာရေး သိပ်ကောင်းတယ်လို့ ပြောတယ်”
ချန်ထျန်မင်းသည် လန်ရွှယ်၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်မေးလေသည်။
“သားလေးလား သမီးလေးလား”
လန်ရွှယ်သည် ခဏမျှ မှိုင်သွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်ကာ ဆိုလိုက်၏။
“ဆရာဝန်ချန်ကတော့ သမီးလေး ဖြစ်ဖို့ များတယ်လို့ ပြောတာပဲ”
လန်ရွှယ်၏ စကားသံအဆုံးတွင် ချန်ထျန်မင်း၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ မျက်နှာမှာ သိသိသာသာ ကြည်လင်သွားတော့၏။
ဤကလေးကို သမီးလေးဖြစ်ရန် သူ မျှော်လင့်ထားသည်မှာ ထင်ရှားလှသည်။ မည်သို့ပင်ဖြစ်စေ သမီးလေးတစ်ဦးဆိုပါက ချန်ဟောင်ယုနှင့် မိသားစုအမွေအတွက် ယှဉ်ပြိုင်မည် မဟုတ်ပေ။
အမှန်အားဖြင့် ဆရာဝန်သည် ယောက်ျားလေး ဖြစ်ကြောင်း ပြောခဲ့သော်လည်း လန်ရွှယ်သည် ဆရာဝန်ကို လာဘ်ထိုးထားခဲ့သည်။
ချန်ထျန်မင်း ကိုယ်တိုင် ဆရာဝန်ထံ သွားရောက်မေးမြန်းလျှင်ပင် ဆရာဝန်သည် သမီးလေးသာဖြစ်ကြောင်း အတည်ပြုပေးလိမ့်မည်။
ချန်ထျန်မင်း မမြင်နိုင်သော နေရာတွင် လန်ရွှယ်သည်ပြုံးလိုက်၏။
အကယ်၍ ဤကလေးသည် ယောက်ျားလေး မဟုတ်ခဲ့လျှင်တောင်မှ မွေးဖွားချိန်ရောက်သောအခါ သူမသည် ယောက်ျားလေး ဖြစ်အောင် ဖန်တီးမည် ဖြစ်သည်။ ချန်ထျန်မင်းသည် သူမကို နောက်ထပ် ကိုယ်ဝန်ရခွင့်ပေးမည် မဟုတ်သဖြင့် ဤသည်မှာ သူမအတွက် တစ်ခုတည်းသော အခွင့်အရေးပင်။
ချန်ထျန်မင်း ရှေ့သို့တိုးလာပြီး လန်ရွှယ်၏ ဗိုက်ကို ထိတွေ့လိုက်ရင်း ဆိုလေ၏။
“ဟောင်ယုလည်း ဒီညီမလေးကို သေချာပေါက် ချစ်မှာပါ”
လန်ရွှယ်သည် စိတ်ထဲကနေ လှောင်ရယ်လိုက်မိသည်။ နှမြောစရာကောင်းသည်မှာ သူ စိတ်ပျက်ရပေတော့မည်။
“ကျွန်မလည်း မိန်းကလေးဆိုတာ ကောင်းတယ်လို့ ထင်တယ်။ မိန်းကလေးတွေက အရမ်း ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုဘူးလေ၊ နောက်ကျရင် ဟောင်ယုကပဲ သူ့ကို စောင့်ရှောက်ပေးရုံပေါ့”
လန်ရွှယ်၏ စကားကြောင့် ချန်ထျန်မင်းသည် အလွန်ပင် ကျေနပ်သွားပြီး ပြုံးလျက် ပြောရှာ၏။
“စိတ်မပူပါနဲ့၊ ဟောင်ယု ရှိနေသရွေ့ ငါတို့ သမီးလေးကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး”
လန်ရွှယ်သည် ချန်ထျန်မင်း၏ ရင်ခွင်ထဲတွင် ခေါင်းကလေးမှီထားကာ အလွန် ပျော်ရွှင်နေဟန်ဖြင့် ရှိနေသော်လည်း သူမ၏ ရင်ထဲတွင် အမှန်တကယ် ဘာတွေးနေသည်ကို သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
“ဒါနဲ့ ကုရှီချန်းနဲ့ ယဲ့ယီဆိုတဲ့ မိန်းမကြားမှာ ဘာတွေ ဖြစ်နေကြတာလဲ”
ကုရှီချန်းသည် ကွာရှင်းပြီးနောက် ယဲ့ယီကို ပြန်လည်လိုက်ပိုးမည်ဟု လူသိရှင်ကြား ကြေညာထားသည်ကို ချန်ထျန်မင်းလည်း သိရှိထားသည်။ ကာလရှည်ကြာ ပြိုင်ဘက်ဖြစ်ခဲ့ကြသဖြင့် ချန်ထျန်မင်းသည် ကုရှီချန်း၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားရာ ကုရှီချန်းကဲ့သို့သော လူစားမျိုးသည် ဤသို့ လုပ်ဆောင်ခြင်းမှာ အမှန်ပင် မထင်မှတ်စရာ ဖြစ်နေတော့၏။
“ယဲ့ယီက ကျွန်မကို အရင်က ပြောဖူးတယ်၊ ကုရှီချန်းက သူနဲ့ လက်ထပ်ခဲ့တာက မိသားစုချင်း ခင်မင်လို့တဲ့။ ကုရှီချန်းက သူ့ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ။ ယဲ့ယီက ကုရှီချန်းကို တစ်ခုခုနဲ့ ထပ်ပြီး ခြိမ်းခြောက်နေတာပဲ ဖြစ်မှာပါ”
လန်ရွှယ်၏စကားများမှာ ချန်ထျန်မင်းအတွက်သာမက မိမိကိုယ်ကိုယ် ယုံကြည်အောင် ပြောနေခြင်းလည်း ဖြစ်ပေသည်။ ကုရှီချန်းသည် ယဲ့ယီကို အမှန်တကယ် ချစ်မိသွားလိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင်ပေ။ ယဲ့ယီ ကဲ့သို့သော မိန်းမတစ်ယောက်က ကုရှီချန်းနှင့် မည်သို့ ထိုက်တန်မည်နည်း။
“ကုရှီချန်း ယဲ့ယီကို တကယ် ချစ်သွားတာဆိုရင်တော့ ဒါက ကောင်းတဲ့ အချက်ပဲ”
လန်ရွှယ်သည် ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ယဲ့ယီကို ကုရှီချန်းနှင့် မပေါင်းစေချင်သော်လည်း ချန်ထျန်မင်းကမူ အခြားသော အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားကာ ပြောလိုက်သည်။
ကုမိသားစုနှင့် မိသားစုချင်း ရင်းနှီးသည်ကို ကြည့်ခြင်းအားဖြင့် ယဲ့ယီ၏ မိသားစုနောက်ခံမှာ မဆိုးလှပေ။သို့သော်လည်း သူမသည် ငယ်စဉ်က ကားတိုက်မှုကြောင့် မိသားစုထဲတွင် သူမ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ကာ မိဘများ ချန်ထားခဲ့သော အမွေအနှစ်များကိုလည်း ဆွေမျိုးများက ခွဲဝေယူသွားခဲ့ကြသည်။
ယဲ့ယီနှင့် လက်ထပ်ခြင်းသည် ကုရှီချန်းအတွက် မည်သည့် အထောက်အပံ့မှ မရရှိနိုင်ပေ။ သို့သော်လည်း ကုရှီချန်းနှင့် ယဲ့ယီ ကွာရှင်းသည့် သတင်း ထွက်ပေါ်လာကတည်းက လူများစွာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အကယ်၍ ကုရှီချန်းကသာ အရှိန်အဝါရှိသော မိသားစုနောက်ခံရှိသူနှင့် လက်ထပ်လိုက်ပါက ချန်အုပ်စုအတွက် ထိခိုက်လာနိုင်သည်။
လန်ရွှယ်သည် ချန်ထျန်မင်း၏ စကားထဲမှ ဆိုလိုရင်းကို နားလည်သွားပြီး ပြုံးကာ နှစ်သိမ့်လိုက်၏။
“စိတ်မပူပါနဲ့ ယောင်္ကျားရယ်၊ ကုရှီချန်းက တကယ်ပဲ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ရင်တောင် ကျွန်မတို့ ချန်အုပ်စုက ကုကော်ပိုရေးရှင်းကို သေချာပေါက် ကျော်တက်နိုင်မှာပါ”
အမှန်စင်စစ် ချန်အုပ်စုသည် ကုကော်ပိုရေးရှင်းနှင့် ယှဉ်ရန် လုံးဝ မဖြစ်နိုင်ကြောင်း လန်ရွှယ် ကောင်းစွာ သိထားသော်လည်း ဤသို့ ပြောခြင်းမှာ ချန်ထျန်မင်းကို အလိုလိုက် အကြိုက်ဆောင်ပြောခြင်းသာ ဖြစ်သည်။
လန်ရွှယ်၏ စကားကို ကြားရသောအခါ ချန်ထျန်မင်းမှာ အမှန်တကယ်ပင် ပျော်ရွှင်သွားသည်။ သူ၏ ကုမ္ပဏီမှာ ကုကော်ပိုရေးရှင်းနှင့် မယှဉ်နိုင်သည်ကို သူကိုယ်တိုင် သိသော်လည်း မြှောက်ပင့်စကားကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။
“မင်းအတွက် ငွေနှစ်သိန်း လွှဲပေးလိုက်မယ်၊ မင်းကြိုက်တာလေးတွေ သွားဝယ်လိုက်ဦး”
လန်ရွှယ်သည် ချန်ထျန်မင်း၏ ပါးကို နမ်းလိုက်၏။
“ကျေးဇူးပါပဲ ယောင်္ကျားရယ်”
ထို့နောက် သူမသည် စကားလမ်းကြောင်း ပြောင်းလိုက်ပြန်သည်။
“ဒါပေမဲ့ ယောင်္ကျားရယ်၊ ဒီပိုက်ဆံကို ဟောင်ယုရဲ့ ကျူရှင်တွေအတွက် သိမ်းထားရင် ပိုကောင်းမလားလို့။ သူ့ဆရာမက ပြောတယ်၊ ဟောင်ယုရဲ့ စာမေးပွဲ ရလဒ်တွေက နည်းနည်း မငြိမ် ဖြစ်နေတယ်တဲ့၊ ဒါကြောင့် သူ့ကို ကျူရှင်ထားဖို့ ရှင်နဲ့ တိုင်ပင်မလို့ပဲ”
“မင်း အဆင်ပြေသလိုသာ စီစဉ်လိုက်ပါ။ ဘယ်လောက်ကုန်မလဲဆိုတာပဲ ငါ့ကို ပြောပြ။ ဒီပိုက်ဆံကိုတော့ မင်းကြိုက်တာ ဝယ်ဖို့ပဲ ထားလိုက်ပါ”
ဤတစ်ကြိမ်တွင်မူ လန်ရွှယ်သည် ထပ်ပြီး မငြင်းဆန်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ချန်ဟောင်ယုအပေါ် အမှန်တကယ် စိတ်ရင်းဖြင့် ကောင်းသည်ဟု ချန်ထျန်မင်း သိသွားလျှင်ပင် လုံလောက်ချေပြီ။
ထို့အပြင် ဤကာလအတွင်း အစီအစဉ်တကျ ပြုမှုခဲ့ခြင်းကြောင့် ချန်ဟောင်ယုနှင့် လန်ရွှယ်၏ ဆက်ဆံရေးမှာလည်း အလွန်ပင် ကောင်းမွန်နေ၏။
အိပ်ချိန်ရောက်သောအခါ ချန်ဟောင်ယုသည် လန်ရွှယ် အနားတွင် ရှိနေပေးမှသာ အိပ်ပျော်မည်ဟုပင် ဂျီကျတတ်လာသည်။ ဤအရာမှာ သူမအပေါ် များစွာ ယုံကြည်သွားခြင်းဖြစ်သဖြင့် ချန်ထျန်မင်းသည်ပင် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။
လန်ရွှယ်သည် ချန်ဟောင်ယုကို စိတ်ရင်းဖြင့် ဆက်ဆံနေခြင်းဖြစ်ပြီး သူတို့ကလေး မွေးလာလျှင်တောင် လန်ရွှယ်သည် ဘက်လိုက်လိမ့်မည် မဟုတ်ဟု ချန်ထျန်မင်းကို ပို၍ ယုံကြည်သွားစေခဲ့သည်။
သို့သော်လည်း ချန်ဟောင်ယုသည် လန်ရွှယ်နှင့် ရုတ်တရက် ရင်းနှီးသွားရသည့် အကြောင်းရင်းမှာ လန်ရွှယ်သည် သူ့အား ကစားစရာမျိုးစုံ ဝယ်ပေးခြင်း၊ ဆီကြော်မုန့်မျိုးစုံ ကျွေးခြင်း၊ စာမေးလျှင်လည်း မဆူသည့်အပြင် စာမေးပွဲ အမှတ်များကိုလည်း ဖုံးကွယ်ပေးထားခြင်းကြောင့် ဖြစ်သည်ကို ချန်ထျန်မင်း မည်သို့ သိနိုင်မည်နည်း။
ထို့ကြောင့် ချန်ထျန်မင်းမှာ သူ့သားသည် ကျောင်းတွင် အလွန် ထူးချွန်သည်ဟု ထင်မှတ်နေ၏။အမှန်တကယ်တွင် သားဖြစ်သူမှာ အတန်းထဲတွင် ဘိတ်ချီးဖြစ်နေသည်ကိုတော့ သူ မသိချေ။
ကလေးတစ်ယောက်ကို အိမ်စာလုပ်ခိုင်းခြင်းက သင့်အပေါ်ကို ကျေးဇူးတင်လာစေမည် မဟုတ်သော်လည်း ကစားစရာ ဝယ်ပေးခြင်းနှင့် အရသာရှိသော မုန့်များ ကျွေးခြင်းကသာ သူတို့အပေါ် ကောင်းသည်ဟု ထင်မှတ်စေလိမ့်မည်။ သို့သော် ထိုအရာမှာ သူတို့ကို အမှန်တကယ် ဒုက္ခပေးနေခြင်း ဖြစ်သည်ကိုတော့ သူတို့ မသိကြပေ။
လန်ရွှယ်မှာမူ ချန်ထျန်မင်းဘက်မှ တစ်ခုခု ရိပ်မိသွားမည်ကို စိုးရိမ်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ချန်ဟောင်ယုအတွက် ကျူရှင်ထားရန် စီစဉ်ပေးခဲ့ပါသော်လည်း သူကိုယ်တိုင်ကသာ ဆော့ကစားချင်နေခြင်း ဖြစ်သည်မဟုတ်လော။
ကစားစရာနှင့် မုန့်များ ဝယ်ပေးခြင်းမှာလည်း ချန်ဟောင်ယု ကိုယ်တိုင် တောင်းဆိုခြင်းဖြစ်ရာ သူမသည် သူ၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရုံသာ ဖြစ်လေသည်။
လန်ရွှယ်သည် ချန်ဟောင်ယုကို ဘာမှမလုပ်တတ်သည့် အသုံးမကျသူ ဖြစ်သွားသည်အထိ တဖြည်းဖြည်းနှင့် အလိုလိုက် ဖျက်ဆီးရန် ကြံရွယ်ထားသည်။ ထိုအချိန်ထိတိုင် ချန်ထျန်မင်းသည် ကုမ္ပဏီကို ချန်ဟောင်ယုထံ လွှဲပေးရန် ဆန္ဒရှိနေလျှင်ပင် ကုမ္ပဏီ၏ ရှယ်ယာရှင်များက ဤကဲ့သို့သော အမှိုက်တစ်ယောက်ကို ကုမ္ပဏီအား စီမံခန့်ခွဲခွင့် ပေးမည်မဟုတ်ပေ။
ညဘက်တွင် လန်ရွှယ်သည် ထုံးစံအတိုင်း ချန်ဟောင်ယုကို ပုံပြင်ဖတ်ပြပေးသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ချန်ဟောင်ယုက လန်ရွှယ်ကို မေးခွန်းတစ်ခု မေးလာသည်။
“မေမေ... ကျွန်တော်က မေမေ မွေးတဲ့ ကလေး မဟုတ်ဘူးနော်။ နောက်ကျရင် မေမေ ကိုယ်တိုင် မွေးတဲ့ ကလေးရှိလာရင် ကျွန်တော့်အပေါ် အခုလို ကောင်းနေဦးမှာလား”
လန်ရွှယ် တစ်ယောက် နှုတ်ခမ်းတစ်ချက် တွန့်သွားကာ ပြန်ဖြေလိုက်သည်။
“ဖေဖေက သားကို မပြောပြဘူးလား၊ မေမေတို့က သားတစ်ယောက်တည်းကိုပဲ လိုချင်တာပါ”
“ကျွန်တော့် သူငယ်ချင်းရဲ့ မေမေနဲ့ ဖေဖေကလည်း အဲဒီလိုပဲ ပြောခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းတော့ သူ့အတွက် ညီလေး တစ်ယောက် မွေးပေးတယ်လေ။ အဲဒီနောက်ပိုင်း သူ့မိဘတွေက သူ့ကို အရင်လို မချစ်တော့ဘူးတဲ့”
လန်ရွှယ်သည် သူမ အပြုံးကို ထိန်းချုပ်လိုက်ရ၏။
“ဒါဆို တစ်နေ့မှာ ဖေဖေနဲ့ မေမေက တကယ်ပဲ ကလေးအသစ် တစ်ယောက် ရလာခဲ့ရင် သားဘာလုပ်မှာလဲ”
ချန်ဟောင်ယုက ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်တော် သူ့ကို လည်ပင်းညှစ်သတ်ပစ်မယ်၊ မေမေနဲ့ ဖေဖေက ကျွန်တော် တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်”
လန်ရွှယ်မှာ ရယ်မောမိတော့မည့် အခြေအနေကို အနိုင်နိုင် ထိန်းထားလိုက်ရသည်။ သူမအနေဖြင့် သူ့ကို များများစားစား လမ်းညွှန်ပေးရန်ပင် မလိုတော့သယောင် ရှိလေသည်။ သူမတွင် ကိုယ်ဝန်ရှိနေသည်ကို ချန်ဟောင်ယု မရည်ရွယ်ဘဲ သိသွားစေရန် ဖန်တီးပေးရုံသာ လိုတော့၏။
လန်ရွှယ်မှာ ထိုနေ့ရက် ရောက်လာမည့်အချိန်ကို မစောင့်နိုင်လောက်အောင်ပင် ဖြစ်နေမိသည်။
“ဟောင်ယု... သား အဲဒီလို မလုပ်ရဘူးလေ။ အဲဒါက သားရဲ့ ညီလေး ဒါမှမဟုတ် ညီမလေး ဖြစ်မှာလေ၊ အဲဒီလို လုပ်တာ မှားတယ်”
“ဟွန်း... သား ညီလေး ညီမလေးတွေ မလိုချင်ဘူး။ မေမေနဲ့ ဖေဖေက ကျွန်တော့်အတွက်ပဲ ဖြစ်ရမယ်၊ အိမ်က ကစားစရာတွေ အကုန်လုံးကလည်း သား အတွက်ပဲ ဖြစ်ရမယ်”
လန်ရွှယ်က ချန်ဟောင်ယု၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
“ဟောင်ယု... မြန်မြန် အိပ်တော့နော်။ မနက်ဖြန် ကျူရှင်သွားရဦးမယ်လေ”
ချန်ဟောင်ယု မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။
“မသွားလို့ မရဘူးလား”
“လိမ္မာပါတယ်။ မနက်ပိုင်း တစ်ပိုင်းပဲ သွားရမှာလေ။ အချိန်တန်ရင် မေမေ လာခေါ်မယ်၊ ပြီးရင် နှစ်ယောက်သား ကြက်ကြော် သွားစားကြတာပေါ့၊ ဟုတ်ပြီလား”
“ဟုတ်”
စောင့်ကြည့်မည့်သူ မရှိပါက ချန်ဟောင်ယုသည် စာကို အတည်ပေါက် လေ့လာမည်မဟုတ်ကြောင်း လန်ရွှယ် ကောင်းစွာ သိ၏။ သူမသည် ဆရာမနှင့်လည်း ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်သည်။
အကယ်၍ ချန်ဟောင်ယုသာ ဆော့ချင်ပါက သူ့ကို ဆော့ခွင့်ပေးရန် မှာထားပြီး ဖြစ်သည်။ မေတ္တာရှင် မိခင်တစ်ဦးအနေဖြင့် သူမသည် သူမ ကလေး မနှစ်သက်သော အရာများကို မည်သို့ အတင်းအကျပ် လုပ်ခိုင်းရက်မည်နည်း။
အခန်း (၁၃၀)
ဖရိုဖရဲ ဖြစ်ပျက်မှုများ
လန်ရွှယ် ချန်ဟောင်ယုကို ကျူရှင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးပြီးနောက် ကုမ္ပဏီသို့ ထွက်လာခဲ့သည်။ လောလောဆယ်တွင် သရုပ်ဆောင်အလုပ်များကို လက်မခံရန် ဆုံးဖြတ်ထားသော်လည်း လူသစ်များ နေ့စဉ်နှင့်အမျှ ပေါ်ထွက်နေသော ဖျော်ဖြေရေးလောကကြီးထဲတွင် သူမသာ အချိန်အတော်ကြာ ပျောက်ကွယ်နေပါက လူသစ်များ၏ အစားထိုးခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် လန်ရွှယ်သည် လျုံရုံကို ကြော်ငြာအချို့နှင့် အမှတ်တံဆိပ်ထောက်ပံ့ပေးရသည့် လုပ်ငန်းအချို့အား လက်ခံပေးရန် ပြောကြားထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရုပ်ရှင် မရိုက်ဖြစ်သော်လည်း သူမ ပုံရိပ်မှာ လူအများကြားတွင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သို့သော် သူမ ထွက်ခွာသွားပြီး မကြာမီမှာပင် ချန်ဟောင်ယုတစ်ယောက် သူမ ကိုယ်ဝန်ရှိနေသည့် သတင်းကို မတော်တဆ သိရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ချန်ဟောင်ယုသည် ကျူရှင်သို့ ရောက်ရှိချိန်တွင် လန်ရွှယ် ထင်ထားသည့်အတိုင်း စာကို သေသေချာချာမသင်ဘဲ အခန်းနောက်တွင် ထိုင်၍ ဆော့ကစားနေခဲ့သည်။ လန်ရွှယ်သည် ဆရာဖြစ်သူအား ကြိုတင်မှာကြားထားပြီး ဖြစ်သောကြောင့် ဆရာလည်း သူ့ကို အပြစ်မတင်ဘဲ ကစားခွင့်ပေးထားလေသည်။
ဤသည်မှာလည်း လန်ရွှယ်သည် အိမ်တွင် ဂိုက်ဆရာ မခေါ်ပေးရသည့် အကြောင်းရင်းပင် ဖြစ်သည်။ အိမ်တွင် အစေအခံများစွာ ရှိနေသဖြင့် ချန်ဟောင်ယုအနေနှင့် ဤမျှ လွတ်လပ်စွာ ဆော့ကစားခွင့် ရမည်မဟုတ်ပေ။ ထို့ကြောင့် လန်ရွှယ်သည် သူငယ်ချင်းအသစ်များ ရစေချင်သည့် အကြောင်းပြချက်ဖြင့် သူ့ကို ကျူရှင်သို့ ပို့ပေးခဲ့ခြင်းဖြစ်၏။
အစောပိုင်းက ချန်ထျန်မင်းသည် ဤအစီအစဉ်ကို သဘောမတူခဲ့သော်လည်း ထိုကျူရှင်ရှိ ကျောင်းသားများသည် ချန်ဟောင်ယုနှင့် ကျောင်းတစ်ကျောင်းတည်းမှ သူငယ်ချင်းများ ဖြစ်ကြောင်း လန်ရွှယ် ရှင်းပြလိုက်ရာ ၊ သူသည်လည်း ထိုကိစ္စကို မငြင်းဆန်တော့ပေ။
ချန်ဟောင်ယု တက်ရောက်နေသည့်ကျောင်းမှာ ဂုဏ်သရေရှိ လူကုံထံသားသမီးများသာ တက်ရောက်သည့် ကျောင်းဖြစ်သဖြင့် ထိုကလေးများနှင့် ခင်မင်ရင်းနှီးခွင့်ရခြင်းမှာ အခွင့်အရေးကောင်း တစ်ခု ဖြစ်မည်ဟု ချန်ထျန်မင်း ယူဆခဲ့သည်။
သို့သော် လန်ရွှယ်သည် ချန်ထျန်မင်းကို မပြောပြခဲ့သည်မှာ ထိုကျူရှင်သို့ လာကြသော ကလေးများသည် အတန်းထဲတွင် အဆင့်အနိမ့်ဆုံးကလေးများ ဖြစ်ပြီး မိဘများ၏ ဂရုစိုက်မှုကို မခံရသော ကလေးများသာ ဖြစ်ကြသည်။
သားသမီးများကို အမှန်တကယ် တိုးတက်စေလိုသော မိသားစုများသည် အိမ်တိုင်ရာရောက် ဆရာများကိုသာ ငှားရမ်းလေ့ရှိကြသည်။
“မင်းနဲ့ အတူတူ ဆော့လို့ရမလား”
ကောင်လေးတစ်ယောက်က ချန်ဟောင်ယု၏ လက်ထဲမှ ကစားစရာ ကားလေးကို အားကျစွာ ကြည့်ရင်း မေးလိုက်သည်။
ပုံမှန်ဆိုလျှင် ချန်ဟောင်ယုသည် မိမိ၏ ကစားစရာများကို သူတစ်ပါးအား ပေးဆော့လေ့မရှိသော်လည်း ယခုအခါတွင်မူ အဖော်မရှိသဖြင့် ကစားဖော်ရသွားသောကြောင့် ဝန်တိုခြင်း မရှိတော့ပေ။
“ရော့၊ ဒါ မင်းအတွက် ပေးလိုက်မယ်။ ငါ့အိမ်မှာ ဒါမျိုးတွေ အများကြီး ရှိသေးတယ်”
ထိုသို့ဆိုကာ ကစားစရာ ကားလေးကို ထိုကောင်လေးအား ပေးလိုက်၏။ ထိုကောင်လေးမှာ အလွန်ပင် ဝမ်းသာသွားပြီး ချန်ဟောင်ယုကလည်း သူ့လွယ်အိတ်ထဲမှ နောက်ထပ် ကားတစ်စင်းကို ထုတ်ကာ နှစ်ယောက်သား အတန်းနောက်တွင် ပျော်ရွှင်စွာ ဆော့ကစားကြလေတော့သည်။
ဆရာဖြစ်သူမှာ သူတို့ကို ကြည့်ကာ တစ်ခုခု ပြောချင်သော်လည်း လန်ရွှယ်၏ မှာကြားချက်ကို သတိရကာ ဘာမှမပြောဘဲ လွှတ်ထားလိုက်ရသည်။
ချန်ဟောင်ယုနှင့် ထိုကောင်လေးတို့မှာ တစ်ဦးနှင့်တစ်ဦး နာမည်များပင် အပြန်အလှန် မိတ်ဆက်ခဲ့ကြသေး၏။ကောင်လေး၏ အမည်မှာ လီကွမ်ဟွေး ဖြစ်ပြီး ချန်ဟောင်ယုနှင့် ဘေးချင်းကပ် အတန်းမှ ဖြစ်သည်။ သူတို့နှစ်ဦးမှာ ချက်ချင်းပင် သူငယ်ချင်းကောင်းများ ဖြစ်သွားကြသော်လည်း ချန်ဟောင်ယုကမူ လီကွမ်ဟွေးကို သူ့နောက်လိုက်လေး တစ်ယောက်ကဲ့သို့သာ သဘောထားလေ၏။
“ဟောင်ယု၊ မင်းမိဘတွေက မင်းအတွက် ဂိုက်ဆရာ ဘာလို့ မခေါ်ပေးတာလဲ”
လီကွမ်ဟွေးက သိလိုစိတ်ဖြင့် မေးလိုက်သည်။
သူသည် ကလေးပင် ဖြစ်သော်လည်း ချန်ဟောင်ယု၏ မိသားစုမှာ ချမ်းသာကြောင်း သိထားသဖြင့် ယခုကဲ့သို့ မေးမြန်းခြင်း ဖြစ်၏။
“ဖေဖေနဲ့ မေမေက ငါ့ကို သူငယ်ချင်းတွေ အများကြီး ရစေချင်လို့တဲ့၊ ဒီလူတွေက နောင်ကျရင် ငါ့ရဲ့ အဆက်အသွယ်တွေ ဖြစ်လာမှာတဲ့”
ချန်ဟောင်ယုက ဂုဏ်ယူစွာ ပြောလိုက်သည်။
လီကွမ်ဟွေးသည် ‘အဆက်အသွယ်’ ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို မသိသော်လည်း ချန်ဟောင်ယု၏ မျက်နှာပေးကို ကြည့်ကာ ၎င်းမှာ အလွန်ထူးခြားသည့်အရာဟု ထင်မှတ်သွားလေ၏။
“ဟောင်ယု၊ မင်းရဲ့ အဖေနဲ့အမေက မင်းကို တအားချစ်တာလား”
လီကွမ်ဟွေးက ဆက်မေးသည်။
ချန်ဟောင်ယုက တွန့်ဆုတ်ခြင်း မရှိဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်တော့၏။
“ဒါပေါ့၊ ဒီကစားစရာ ကားတွေ အကုန်လုံးက မေမေ ဝယ်ပေးထားတာ”
ထိုအခါ လီကွမ်ဟွေးသည် သူကြားဖူးထားသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပင် မေးလိုက်ပြန်သည် ။
“ဟောင်ယု၊ အခု မင်းရဲ့ မေမေက မင်းရဲ့ အမေအရင်းမဟုတ်ဘူး မဟုတ်လား”
ချန်ဟောင်ယုမှာ ထိုကိစ္စများကို နားမလည်သော်လည်း မိခင်နှစ်ဦးရှိသည်ကိုတော့ သိထား၏။
“ငါ့မှာ မေမေ နှစ်ယောက် ရှိတယ်။ ဒါပေမဲ့ ငါ့မေမေအရင်းကို တစ်ခါမှ မမြင်ဖူးဘူး။ အခု မေမေကလည်း ငါ့အပေါ် အများကြီး ကောင်းပါတယ်”
သူက အေးအေးဆေးဆေးပင် ပြန်ပြောသည်။
လီကွမ်ဟွေးက အားကျသည့် လေသံဖြင့် ဆိုလေ၏။
“ငါ တကယ် အားကျတာပဲ။ ငါ့မှာလည်း မေမေ နှစ်ယောက် ရှိတယ်။ ငါ့ရဲ့ အခု မေမေက အရင်က ငါ့ကို အများကြီး ချစ်ခဲ့တာ၊ ဒါပေမဲ့ ညီလေး မွေးပြီးတဲ့နောက်မှာတော့ သူ့ကိုပဲ ချစ်တော့တယ်”
ချန်ဟောင်ယုသည် ကစားနေရာမှ ရပ်ကာ ပြန်ပြောလိုက်သည်။
“ငါ့ဖေဖေနဲ့ မေမေက ငါတစ်ယောက်တည်းပဲ ရှိတယ်လို့ ပြောထားတယ်”
ထိုအခါ လီကွမ်ဟွေးမှာ ဇဝေဇဝါဖြစ်သွားလေ၏။
“ဒါပေမဲ့ မင်းမေမေက အခု ကိုယ်ဝန်ရှိနေပြီ မဟုတ်လား”
ထိုသို့ မေးလိုက်သဖြင့် ချန်ဟောင်ယုသည် ရုတ်တရက် ထရပ်လိုက်ကာ အော်ဟစ်လိုက်သည်။
“မင်း လိမ်နေတာ”
ချန်ဟောင်ယု၏ အသံမှာ အလွန်ကျယ်လောင်သဖြင့် အတန်းထဲရှိ လူတိုင်း၏ အာရုံမှာ သူတို့ဆီသို့ စုပြုံကျရောက်လာသည်။ ဆရာဖြစ်သူကလည်း အနားသို့ လာကာ ညင်သာစွာ မေးလိုက်သည်။
“ဟောင်ယု၊ ဘာဖြစ်လို့လဲ”
“သူ လိမ်နေတာ”
ချန်ဟောင်ယုက လီကွမ်ဟွေးကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလေသည်။
ဆရာက လီကွမ်ဟွေးကို ကြည့်လိုက်သောအခါ လီကွမ်ဟွေးက ရှင်းပြရှာ၏၊
“ဆရာ၊ ကျွန်တော် မလိမ်ပါဘူး၊ သူ့မေမေမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေတာပါ”
“မဖြစ်နိုင်တာ ၊ဖေဖေနဲ့ မေမေက ငါတစ်ယောက်တည်းပဲ ရှိတယ်လို့ ပြောထားတာ။ မင်း လိမ်နေတာ”
ချန်ဟောင်ယုက ထပ်မံ အော်ဟစ်ပြန်သည်။
ဆရာဖြစ်သူမှာ အခြေအနေကို ရိပ်မိသွားပြီး ဤသည်မှာ မိဘများက ကလေး စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ကိုယ်ဝန်သတင်းကို ဖုံးကွယ်ထားခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ဆရာလည်း မည်သို့ ပြောရမည်ကို မသိတော့ပေ။
လန်ရွှယ်မှာ ချန်ဟောင်ယု၏ မိထွေးဖြစ်ကြောင်းကိုလည်း သူ သိထား၏။ ထို့အပြင် ဤသည်မှာ မောင်နှမသစ်ရလာမည့် ကိစ္စသာမက နောင်တွင် အမွေဆက်ခံမှု ကိစ္စများပါ ပါဝင်နေကြောင်း သူ နားလည်လိုက်သည်။
ဆရာသည် ဤပြဿနာကြားထဲသို့ မဝင်လိုသဖြင့် ချန်ဟောင်ယု၏ ခေါင်းကိုသာ ပုတ်လိုက်တော့၏။
“အိမ်ပြန်ရောက်ရင် မင်းမိဘတွေကို မေးကြည့်လိုက်ပေါ့၊ အဲဒါဆို အမှန်ကို သိရမှာပါ”
“ဖေဖေနဲ့မေမေက သားတစ်ယောက်ထဲပဲ ရှိတယ်လို့ပြောတာ။ သူလိမ်ပြောနေတာ”
ဆရာလည်း ဘာမှမတတ်နိုင်တော့ပေ။ ချန်ဟောင်ယုအနေဖြင့် အမှန်တရားကို သိသွားပါက ထပ်ပြီး ဝုန်းဒိုင်းကျဲမည်မှာ သေချာသည်။
ကံကောင်းထောက်မစွာ ဤကိစ္စမှာ သူနှင့် မဆိုင်ပေ။ ထို့ကြောင့် သူသည် ဤကိစ္စတွင် ဝင်မပါဘဲသာ နေလိုက်၏။
ချန်ဟောင်ယုသည် အမှန်တရားကို လက်မခံသေးမှန်း မြင်သောအခါ လီကွမ်ဟွေးကလည်း အရှုံးမပေးဘဲ ထပ်ပြောပြန်သည်။
“ငါ မလိမ်ဘူး၊ မင်းမေမေ ကိုယ်ဝန်ရှိနေတာကို ငါ့မေမေ ဖုန်းထဲက အင်တာဗျူးမှာ သူကိုယ်တိုင် ပြောနေတာ ငါ မြင်ခဲ့တာ”
လန်ရွှယ် ကိုယ်ဝန်ရှိကြောင်း ဝန်ခံထားသည့် အင်တာဗျူးကို လီကွမ်ဟွေး မြင်ခဲ့ခြင်း ဖြစ်၏။
“ငါ မယုံဘူး”
ချန်ဟောင်ယုက စိတ်ပျက်လက်ပျက် အော်ဟစ်ကာ လက်ထဲရှိ သံကိုယ်ထည်နှင့် ပြုလုပ်ထားသော ကစားစရာ ကားလေးကို လီကွမ်ဟွေး၏ ခေါင်းသို့ ရိုက်ချလိုက်တော့၏။
ဆရာဖြစ်သူ မတားဆီးနိုင်ခင်မှာပင် ကားသည် လီကွမ်ဟွေး၏ နဖူးကို အရှိန်နှင့် ထိမှန်သွားပြီး သွေးများ ချက်ချင်း ထွက်လာလေတော့သည်။
ဆရာမှာ ထိတ်လန့်သွားပြီး အကူအညီ တောင်းရန် အော်ဟစ်လိုက်သည်။ ဤနေရာရှိ ကလေးများသည် အလွန် အရေးပါသော မိသားစုများမှ ဖြစ်သဖြင့် တစ်စုံတစ်ခု ဖြစ်သွားပါက သူ အလုပ် ပြုတ်သွားနိုင်သည်။
လီကွမ်ဟွေးသည် သူ့နဖူးကို ထိကြည့်လိုက်ရာ လက်တွင် သွေးများ ပေကျံနေသည်ကို မြင်သောအခါ အားရပါးရ ငိုကြွေးတော့သည်။
အခြား ကလေးများမှာလည်း ထိတ်လန့်ကာ ငိုယိုကုန်ကြ၏။
ချန်ဟောင်ယုမှာလည်း ထိတ်လန့်သွားပြီး
တုန်တုန်ရင်ရင် ပြောရှာသည်။
“သား ... သား တမင်လုပ်တာ မဟုတ်ပါဘူး၊ သူကို ဘယ်သူက လိမ်ခိုင်းလို့လဲ”
ထိုစဉ် မိန်းကလေးငယ်တစ်ဦး ရှိုက်ကြီးတငင် ပြောလိုက်သည်။
“သူ လိမ်နေတာ မဟုတ်ဘူး၊ နင့်မေမေမှာ တကယ် ကိုယ်ဝန်ရှိနေတာ”
ဆရာသည် ချန်ဟောင်ယု တစ်ယောက် တစ်ခုခု ထပ်လုပ်မည်ကို စိုးရိမ်သဖြင့် ထိုမိန်းကလေးကို သူ၏ နောက်တွင် ကွယ်ထားလိုက်ရသည်။ ချန်ဟောင်ယုမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး တတွတ်တွတ် ရေရွတ်နေတော့သည်။
“ဖေဖေနဲ့ မေမေက ငါ့ကို မလိမ်ပါဘူး၊ သူတို့တွေ လိမ်နေကြတာ”
တစ်ခန်းလုံး ဖရိုဖရဲ ဖြစ်ကုန်ပြီး မကြာမီမှာပင် ကျောင်းဝန်ထမ်းများ ရောက်ရှိလာကာ လီကွမ်ဟွေးကို ဆေးရုံသို့ ခေါ်ဆောင်သွားကြသည်။ ဆရာကလည်း ကျန်ကလေးများ၏ မိဘများကို အမြန်ဆုံး လာရောက် ခေါ်ဆောင်ရန် အကြောင်းကြားလိုက်ရလေတော့သည်။