အခန်း ၁၂၁
Vol. 9 Ch. 121
အခန်း (၁၂၁)
"မဖြစ်နိုင်တာ မင်း ဖျားနေလို့ ကယောင်ကတမ်းတွေ ပြောနေတာလား"
လျိုတုန်းလျန်မှ ချန်ကျင်းဖုန်း၏ နဖူးအား စမ်းရန် လက်လှမ်းလိုက်သည်။ ချန်ကျင်းဖုန်းမှ လျိုတုန်းလျန်၏ လက်အား ဆွဲဖယ်လိုက်ကာ ပြောလိုက်သည်။
"မယုံဘူးလား ဒါဆို ကိုယ့်မျက်စိနဲ့ကိုယ် မြင်အောင် လိုက်ကြည့်လိုက်လေ"
နီယန်၏ ဆိုင်ရှေ့သို့ ရောက်သွားသော အခါမှသာလျှင် လျိုတုန်းလျန်မှာ အံ့သြလွန်းသဖြင့် မျက်လုံးပြူး သွားရလေတော့သည်။ သူသည် အိမ်မက် မက်နေသည်ဟု ထင်ကာ မိမိကိုယ်မိမိ ပါးနှစ်ချက်ပင် ပြန်ရိုက်မိ လိုက်သေးသည်။
ထို့နောက်တွင်မူ ချန်ကျင်းဖုန်းမှ နီယန်အား တစ်နေ့တွင် ဝင်ငွေ မည်မျှ ရနေသည် ဆိုသည်အား လျိုတုန်းလျန်အား ရှင်းပြလိုက်တော့သည်။
"ဘာ"
ထိုအကြောင်းအား ကြားပြီးနောက် လျိုတုန်းလျန်မှာ လုံးဝကို ဆွံ့အသွားရလေတေ့ာသည်။
"တစ်လကို ယွမ် ၉၀၀၀ ရတယ်ဟုတ်လား ငါ့ကို နောက်နေတာလား သူ တစ်နေ့ကို ဘယ်လောက်ရတယ်ဆိုတာ မင်းကို ပြောပြလို့လား"
လျိုတုန်းလျန်မှ မယုံကြည်သည်အား မြင်သောအခါ ချန်ကျင်းဖုန်းမှ စာရင်းတွက် ပြလေသည်။
"ငါးချဉ်ခေါက်ဆွဲက တစ်ပွဲကို သုံးပြား တစ်နေ့ကို ခုနစ်ရာပွဲလောက် ရောင်းရတယ် ဆီးသီးချိုချဉ် ဖျော်ရည်က တစ်ခွက် တစ်ပြား တစ်နေ့ကို အခွက် တစ်ထောင်လောက် ရောင်းရတယ် ကိုယ့်ဘာသာကိုယ်သာ တွက်ကြည့်တော့"
လျိုတုန်းလျန်သည် လက်ချောင်းလေးများဖြင့် ချက်ချင်းပင် စတင် တွက်ချက်တော့လေရာ ရလဒ်မှာ ချန်ကျင်းဖုန်း တွက်ပြသည်နှင့် တစ်ထပ်တည်း ကျနေလေခဲ့သည်။ ထိုအခိုက်တွင် လျိုတုန်းလျန်၏ စိတ်ဓာတ်မှာ လုံးဝပင် ပြိုလဲ သွားတော့သည်။
ချန်ကျင်းဖုန်းကဲ့သို့ပင် သူသည်လည်း အလွန်အမင်း မနာလို ဖြစ်သွားသဖြင့် နီယန်၏ ဆိုင်ကိုပင် ရိုက်ချိုးပစ်ချင်စိတ် ပေါက်သွားလေတော့သည်။ သူတို့၏ ဆိုင်ကြီးမှ ရသည့်ဝင်ငွေသည် အဘယ်ကြောင့် နီယန်ရသည့် ဝင်ငွေ၏ တစ်ဝက်ကိုပင် မမီရလေသနည်း။ ထိုသည်မှာ အမှန်ပင် နှိမ်လွန်းရာ ကျပေသည်။
ထိုဇနီးမောင်နှံ နှစ်ဦးမှာ တစ်စုံတစ်ယောက်မှ သူတို့ထံမှ သိန်းချီ၍ ကြွေးယူထားသည့် အလား မျက်နှာပျက် နေကြတော့သည်။ သူတို့၏ ရင်ထဲတွင် မနာလိုစိတ်များ ပြည့်နှက်နေသဖြင့် နံနက်စာ ဝယ်စားရန်ပင် စိတ်မပါတော့ဘဲ ဗိုက်ဝသွားကြလေသည်။ ဆိုင်သို့ ပြန်ရောက်သော အခါတွင်လည်း ထိုဇနီးမောင်နှံမှာ စီးပွားရေး လုပ်ရန်ပင် စိတ်မပါတော့ဘဲ အချင်းချင်း သက်ပြင်းသာ ချနေမိကြတော့သည်။
နံနက် ဆယ့်တစ်နာရီခန့်တွင် ခေါက်ဆွဲများ အားလုံး ရောင်းကုန် သွားပြီးနောက် နီယန်သည် သူမ၏ စားပွဲနှင့် ခုံများအား လျိုတုန်းလျန်၏ ဆိုင်သို့ သယ်ဆောင် လာခဲ့သည်။ နီယန်သည် ထုံးစံအတိုင်းပင် လျိုတုန်းလျန်နှင့် ချန်ကျင်းဖုန်းတို့အား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်လေသည်။ ပုံမှန်ဆိုလျှင် လျိုတုန်းလျန်မှ "ယန်ယန်.. ဒီနေ့ရော အရောင်းအဝယ် ကောင်းရဲ့လား" ဟု မောက်မာစွာဖြင့် မေးတတ်လေသည်။
သို့သော် ယနေ့တွင်မူ နီယန်၏ အရောင်းအဝယ် ဖြစ်ထွန်းမှုအား ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ လျိုတုန်းလျန်မှာ နီယန်အား သရော် လှောင်ပြောင်ချင်စိတ် ရှိပါဦးမည်လော။
ထို့ပြင် နီယန်၏ မျက်နှာအား မြင်လိုက်ရတိုင်း သူမ ပိုက်ဆံ မည်မျှလောက် ရနေမည်ကို တွေးမိကာ သူ၏ ရင်ထဲတွင် အစာမကြေ ဖြစ်သလို ခံစားနေရလေသည်။ ဤသည်မှာ တကယ်ကို နေရထိုင်ရ ခက်ခဲလွန်းလှပေသည်။ မနာလိုဝန်တိုစိတ် ဆိုသည်မှာ အမှန်တကယ်ကိုပင် ကြောက်စရာကောင်းလှပေစွ။
နီယန်မှာမူ မည်သည်ကိုမှ သိပ်မတွေးဘဲ သူမ၏ စားပွဲနှင့် ခုံများအား ကိုယ်တိုင်ပင် နေရာတကျ စီစဉ်နေလိုက်သည်။ ထိုအချိန်တွင် လျိုဝေသည် သူ၏ ဖတ်စာအုပ်များအား ကိုင်ဆောင်ကာ လှေကားပေါ်မှ ဆင်းလာခဲ့သည်။ သူသည် နီယန်အား မြင်သောအခါ နီယန်ကို အကူအညီ တောင်းရန် စာအုပ်များကို ယူဆောင်လာခဲ့လေသည်။
"နီယန် ငါ့ကို ဒီအင်္ဂလိပ်စာ မေးခွန်းလေးလောက် ကူညီပေးနိုင်မလား"
နီယန်မှ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ရပါတယ်"
လျိုဝေအတွက် ခက်ခဲနေသော အင်္ဂလိပ်စာ မေးခွန်းမှာ နီယန်အတွက်မူ တစ်မိနစ်ပင် မကြာလိုက်ဘဲ ဖြေရှင်းပေး လိုက်နိုင်သည်။ ဤသို့ ဖြစ်လေ့ ဖြစ်ထ ရှိသဖြင့် လျိုဝေမှာ အံ့သြ မနေတော့ဘဲ တည်ငြိမ်စွာဖြင့်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
မည်သို့ပင် ဆိုစေကာမူ နီယန်သည် လမ်းဘေးတွင် ဆိုင်ဖွင့် ရောင်းနေသူ တစ်ယောက်သာ ဖြစ်သဖြင့် သူမသည် သူ့လောက် ဘယ်သောအခါမှ တော်လာမည် မဟုတ်ဟု တွေးကာ မနာလို မဖြစ်ရန် သူ့ကိုယ်သူ ထိန်းထားခြင်း ဖြစ်သည်။ နီယန်မှ ပြုံးလျက် ပြောလိုက်သည်။
"ရပါတယ်"
အခန်းထဲတွင်မူ ချန်ကျင်းဖုန်းသည် လျိုတုန်းလျန်၏ တံတောင်ဆစ်အား တို့ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ရန် အရိပ်အယောင် ပြလိုက်သည်။
"အစ်ကိုလျို ကြည့်စမ်း ဟိုကောင်မလေး နီယန်က ငါတို့ ရှောင်ဝေကို မြှူဆွယ်ဖို့ တမင်သက်သက် စကားလာပြောနေပြန်ပြီ"
လျိုတုန်းလျန်၏ မနာလိုဖြစ်နေသော စိတ်မှာ နောက်ဆုံးတွင် ဟန်ချက်ညီမှုကို ပြန်လည်၍ ရှာဖွေတွေ့ရှိသွားကာ နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
"သူ ပိုက်ဆံ ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင် ဘာဖြစ်လဲ ပညာ မရှိရင် သူဟာ အောက်တန်းစား တစ်ယောက်ပဲ ဖြစ်နေမှာပဲ ငါတို့ ရှောင်ဝေက သူ့လို မိန်းကလေးမျိုးကို ဘယ်တော့မှ မျက်စိကျမှာ မဟုတ်ဘူး"
နီယန် မည်မျှပင် စွမ်းဆောင်နိုင်ပါစေ သူမသည် သူတို့၏ သားအား လက်ထပ်ချင်နေသေးသည် မဟုတ်ပါလား။
‘သနားစရာကောင်းလိုက်တာ’
သူတို့ မိသားစုသည် နီယန်အား တကယ်ကို အထင်သေးနေကြခြင်း ဖြစ်လေသည်။
သူတို့၏ သားဖြစ်သူ လျိုဝေမှာမူ ရွှေဒေါင်းပျံလေးကဲ့သို့ တန်ဖိုးရှိသူ မဟုတ်ပါလား။
နီယန်က ဘယ်မှာ အရာဝင်လို့လဲ။
စာကလေးတစ်ကောင် အရည်အချင်းတောင် မရှိပါချေ။ ချန်ကျင်းဖုန်းမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ် အစ်ကိုလျို.. ရှောင်ဝေကို ဒီမြေခွေးမရဲ့ ပြုစားတာ မခံရအောင် ငါ သေချာပြောထားဦးမှပဲ"
**
နီယန်သည် ယနေ့ စိုက်ပျိုးရေးဘဏ်သို့ တစ်ခေါက် ထပ်သွားကာ ငွေ ၇၅၀၀ ယွမ် ထပ်မံအပ်နှံခဲ့သည်။ ယခင်တွင် အပ်နှံထားသော ၁၉၀၀၀ ယွမ်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၂၆၅၀၀ ယွမ် ရှိသွားပြီ ဖြစ်သည်။ ဤပမာဏသည် ဆိုင်ခန်းတစ်ခန်း ဝယ်ရန် အတွက် လုံလောက်သည် ထက်ပင် ပိုနေပြီ ဖြစ်သည်။
သို့သော်လည်း နီယန်သည် ဆိုင်ခန်းမဝယ်မီ လကုန်အထိ ခေါက်ဆွဲများအား ဆက်လက် ရောင်းချရန် စီစဉ်ထားလေသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်အား ပြန်လည် ပြင်ဆင်စရိတ် အလုပ်သမားခနှင့် အခြားသော ကုန်ကျစရိတ်များစွာ ရှိနေမည်ဖြစ်သောကြောင့် ဖြစ်သည်။
ယခုအခါတွင်မူ သူမသည် ယခု အချိန်အထိ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဆိုင်ခန်းတစ်ခန်း ဝယ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် နီယန်မှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့တော့သည်။ ညနေပိုင်းတွင် နီယန်သည် အရသာရှိသော ဟင်းလျာများအား စားပွဲပြည့်အောင် ထပ်မံ ပြင်ဆင်ခဲ့သည်။
ထိုညတွင် ချန်ကျင်းဖုန်းမှာ အိပ်မပျော်နိုင်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့် နေတော့သည်။
ဘာကြောင့်လဲ
ဘာကြောင့် နီယန်က တစ်နေ့ကို ဒီလောက်တောင် ပိုက်ဆံရနေရတာလဲ
ထို့အတူပင် သူမ၏ ဘေးနားရှိ လျိုတုန်းလျန်မှာလည်း အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ချန်ကျင်းဖုန်းမှ လျိုတုန်းလျန်ကို တို့ကာ မေးလိုက်သည်။
"အစ်ကိုလျို.. ကျွန်မ တစ်ခုလောက် မေးပါရစေဦး ရှင် အောက်ထပ်က ဆိုင်ခန်းထဲမှာ နီယန်ရဲ့ စားပွဲနဲ့ ခုံတွေကို ထားခွင့် ပေးထားတာ တစ်လကို ဘယ်လောက် ယူသလဲ"
"တစ်ယွမ်"
လျိုတုန်းလျန်မှ ပြန်ဖြေသည်။
"တစ်ယွမ် ဟုတ်လား"
ချန်ကျင်းဖုန်းမှာ ပေါက်ကွဲသွားတော့သည်။
"သူက နေ့တိုင်း ခေါက်ဆွဲရောင်းပြီး ပိုက်ဆံတွေ အများကြီး ရနေတာကို ရှင်က တစ်လကို တစ်ယွမ်တည်း ယူရလား"