← Chapters

အခန်း ၁၂၂

Vol. 9 Ch. 122

အခန်း ၁၂၂

Vol. 9 Ch. 122

အခန်း (၁၂၂)

လျိုတုန်းလျန်မှ ဂဏာမငြိမ်စွာဖြင့် ပြောလိုက်သည်။

"သူ ဒီလောက်တောင် ပိုက်ဆံရမယ်မှန်း ငါမှ မသိခဲ့တာ"

"မရဘူး.. ငါတို့ သူ့ဆီက လခ တိုးကောက်ရမယ်"

"ဘယ်လောက်လဲ"

လျိုတုန်းလျန်က မေးလိုက်သည်။ ချန်ကျင်းဖုန်းမှ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်လေသည်။

"ဆယ်ယွမ်လား"

လျိုတုန်းလျန်မှ မေးလိုက်သည်။

"မဟုတ်ဘူး"

ချန်ကျင်းဖုန်းမှ ခေါင်းခါပြလိုက်သည်။

လျိုတုန်းလျန်မှာ မယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။

"တစ်ရာတော့ မဟုတ်ဘူးမလား"

"ဟုတ်တယ်"

ချန်ကျင်းဖုန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

"တစ်ရာပဲ"

‘တစ်ရာ’

သူတို့၏ ဆိုင်ခန်း တစ်ခုလုံး၏ ငှားရမ်းခမှာပင် တစ်ရာကျော်မျှသာ ရှိသည် မဟုတ်ပါလား။ ဆိုလိုသည်မှာ နီယန်သည် သူတို့၏ ငှားခကို ပေးနေရသလို ဖြစ်သွားလိမ့်မည်။ ထို့ပြင် နီယန်မှ စားပွဲနှင့် ခုံ အနည်းငယ်ကိုသာ ထားရှိခြင်း ဖြစ်ရာ သူမသည် ယွမ်တစ်ရာ ပေးနိုင်ပါ့မည်လား။ ချန်ကျင်းဖုန်းသည် လျိုတုန်းလျန်၏ စိုးရိမ်မှုအား သတိပြုမိသွားကာ ပြောလိုက်သည်။

"မပေးဘူးလား သူ မပေးရဲဘဲ နေမလား တကယ်လို့ သူ မပေးရင် ငါ ဒီမှာ ပစ္စည်း လာထားခွင့် မပြုတော့ဘူး ဒီမှာ ပစ္စည်းလာထားခွင့် မရရင် သူ ဒီလောက်တောင် ပိုက်ဆံရပါ့မလား ငါ့အမြင်မှာတော့ တစ်ရာဆိုတာ နည်းတောင် နည်းသေးတယ် နီယန် ရသမျှ ဝင်ငွေရဲ့ တစ်ဝက်ကို ငါတို့နဲ့ ခွဲဝေသင့်တယ်လို့တောင် ငါ ထင်မိတယ်"

လျိုတုန်းလျန်မှ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

"အင်း မင်းပြောတာလည်း ဟုတ်တာပဲ"

ချန်ကျင်းဖုန်း ပြောသည်မှာ လုံးဝကို မှန်ကန်လှပေသည်။ သူတို့၏ အကူအညီသာ မပါလျှင် နီယန်သည် ဤမျှလောက် ပိုက်ဆံရရှိမည် မဟုတ်ပေ။ အားလုံးကို ခြုံကြည့်လိုက်လျှင် နီယန် ကျေးဇူးတင်ရမည့် သူများမှာ သူတို့ မိသားစုပင် မဟုတ်ပါလား။ ချန်ကျင်းဖုန်းမှ ပြောလိုက်သည်။

"ဒါကို စိတ်မပူနဲ့ နက်ဖြန် မနက်ကျရင် ငါ သူ့ကို သေချာပြောလိုက်မယ်"

"ကောင်းပြီ"

ထိုကိစ္စအား ဆွေးနွေးပြီးနောက်တွင်မူ ဇနီးမောင်နှံနှစ်ဦးမှာ အိပ်စက် အနားယူလိုက်ကြသည်။ နောက်တစ်နေ့ နံနက်တွင် ချန်ကျင်းဖုန်းသည် နီယန်ထံသို့ လျှောက်လာခဲ့ကာ ငှားရမ်းခ တိုးမည့်အကြောင်းအား ရွှင်ပျစွာဖြင့် ပြောဆိုလိုက်သည်။

‘တစ်ရာ

ချန်ကျင်းဖုန်းက တကယ်ပဲ ပိုက်ဆံတွေကို မြစ်ထဲက ရေတွေလို ထင်နေသလား’

‘ဒါက တကယ်ကို လောဘကြီးလွန်းရာ ကျတယ်’

နီယန်မှ ပြုံးပြုံးလေးပင် ပြောလိုက်သည်။

"ဒေါ်လေးချန် ရှေ့လရောက်ဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ် ဒီလအတွက်တော့ ကျွန်မ ငှားခကို ဦးလေးလျိုနဲ့ သဘောတူ ထားပြီးသားပါ ရှေ့လ အစပိုင်းကျရင်တော့ ငှားခကို တိုးလိုက်လို့ ရပါတယ် စိတ်မပူပါနဲ့ ကျွန်မ တစ်ပြားတစ်ချပ်မှ မလျှော့ဘဲ ပေးပါ့မယ်"

ချန်ကျင်းဖုန်းသည် နီယန်မှ သူမ၏ တောင်းဆိုမှုအား ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု ထင်မထားခဲ့ချေ။ အကယ်၍သာ သိခဲ့ပါက သူမ ခုနက ငှားခကို ပို၍ တိုးတောင်းလိုက်မိမှာ အသေအချာပင် ဖြစ်ချေသည်။ နီယန်သည်လည်း သူမ၏ အမြတ်အစွန်းများမှာ သူတို့၏ အကူအညီကြောင့် ရရှိသည်ကို နားလည်ထားပုံ ရပေသည်။

‘နီယန် ဒီမြေခွေးမလေးက အသိတရားလေးတော့ ရှိသားပဲ’

ချန်ကျင်းဖုန်းမှ ဆက်၍ ပြောလိုက်သည်။

"ယန်ယန် ဒီအားလပ်တဲ့ အချိန်လေးမှာပဲ ရှေ့လအတွက် သဘောတူညီချက်ကို လက်မှတ်ထိုး လိုက်ရအောင်လေ သမီး ရှေ့လအတွက် ငှားခကိုလည်း ကြိုပေးထားလို့ ရတာပဲ"

နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"ဒေါ်လေးချန် ရှေ့လရောက်တဲ့အခါမှပဲ ဆက်ပြောကြရအောင်လေ အခု ကျွန်မဆီမှာ ပိုက်ဆံ အဲလောက်အများကြီး ပါမလာဘူး"

ယင်းအား ကြားသောအခါ ချန်ကျင်းဖုန်းမှာ စိတ်မကျေမနပ် ဖြစ်သွားကာ မေးလိုက်သည်။

"သမီးရဲ့ အရောင်းအဝယ်က ဒီလောက်တောင် ကောင်းနေတာပဲ ပိုက်ဆံ မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

နီယန်မှ စတင်၍ ညည်းတွားပြတော့သည်။

"အရောင်းအဝယ် ဘယ်လောက်ပဲ ကောင်းကောင်း ကုန်ကျစရိတ်တွေ ရှိသေးတယ်လေ ဒေါ်လေးရဲ့ ငါးဖိုး ခေါက်ဆွဲဖိုး ဆီဖိုး အလုပ်သမားခ ဒါတွေ အားလုံးက ပိုက်ဆံကုန်တာချည်းပဲ ဒေါ်လေး ကိုယ်တိုင်လည်း စီးပွားရေး လုပ်နေတာဆိုတော့ ဒါတွေကို နားလည်မှာပါ"

ချန်ကျင်းဖုန်းမှ ထပ်ပြောပြန်သည်။

"ဒါတွေက ဘယ်လောက်များ ကုန်မှာမို့လို့လဲ ငါ့ကို လာမညာနဲ့ ငါးစျေးက အဲလောက်မကြီးဘူးဆိုတာ ငါ သိတယ်"

နီယန်သည် စားပွဲနှင့် ခုံများကို အမြန်ပင် စီစဉ်လိုက်ပြီးနောက် ပြောလိုက်သည်။

"သွားပြီနော် ဒေါ်လေးချန် ငှားခအကြောင်းကိုတော့ ရှေ့လကျမှပဲ ဆက်ပြောကြတာပေါ့"

သူမသည် ဤလအတွက် ငှားခကို လျိုတုန်းလျန်နှင့် သဘောတူထားပြီးသား ဖြစ်သဖြင့် ချန်ကျင်းဖုန်း ပြဿနာရှာမည်အား မကြောက်ပေ။ ရှေ့လ ရောက်လျှင်မူ သူမသည် ဤနေရာတွင် ရှိနေတော့မည် မဟုတ်ချေ။ ချန်ကျင်းဖုန်းအား ဒေါသထွက်အောင် ထားရစ်ခဲ့မည်သာ ဖြစ်သည်။

ထိုသို့ ပြောပြီးနောက်တွင် နီယန်သည် သူမ၏ စက်ဘီးအား စီးလျှက် အဝေးသို့ ထွက်ခွာ သွားတော့သည်။ ချန်ကျင်းဖုန်းမှာ ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ တံတွေး ထွေးလိုက်ကာ ရေရွတ်လိုက်လေတော့သည်။

"ဟမ့် မြေခွေးမ"

‘နီယန် ဘယ်ကိုမှ ပြေးမလွတ်နိုင်ပါဘူး ရှေ့လရောက်ရင်တော့ တွေ့ကြသေးတာပေါ့’

ချန်ကျင်းဖုန်းသည် သူမဘာသာ စဉ်းစားနေမိသည်။ ရှေ့လရောက်လျှင် ငှားခကို ယွမ် ၂၀၀ အထိ တိုးကောက်သင့်သလား။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် နီယန်၏ အသက်သွေးကြောအား ဆုပ်ကိုင်ထားသည် မဟုတ်ပါလား။ သူတို့ကသာ ပစ္စည်းထားခွင့် မပြုတော့လျှင် နီယန်သည် စီးပွားရေး ဆက်လုပ်နိုင်တော့မည် မဟုတ်ပေ။

ယွမ် ၂၀၀ မပြောနဲ့ ယွမ် ၃၀၀ ဖြစ်ရင်တောင် နီယန်က ပေးရမည်သာ ဖြစ်သည်။ ဤသို့ တွေးမိသောအခါ ချန်ကျင်းဖုန်းမှာ အလွန်ပင် ကျေနပ်သွားတော့သည်။

**

ဆွန်ချွန်းရှန်း၏ ကိစ္စများအား ကြားသိရပြီးနောက် လျူကျွမ်းသည် ထိုခေါက်ဆွဲ ရောင်းသူအား ကိုယ်တိုင် သွားရောက် တွေ့ဆုံချင်နေခဲ့သည်။ ဆွန်ချွန်းရှန်း ပြောနေသော ထို "မြေခွေးမလေး" မှာ မည်သို့သော ပုံစံမျိုး ရှိသနည်းဆိုသည်ကို သူမ သိချင်နေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် လျူကျွမ်း၏ အားလပ်ရက်သို့ ရောက်ရှိ လာခဲ့သည်။ သူမ ရောက်သွားချိန်တွင် ဆယ့်တစ်နာရီခန့် ရှိနေပြီ ဖြစ်သော်လည်း ဆိုင်ရှေ့တွင် လူများစွာ တန်းစီနေဆဲပင် ဖြစ်သည်။ ထိုအခိုက်တွင် အလွန် ကြည်လင် ပြတ်သားသော မိန်းကလေး တစ်ဦး၏ အသံမှာ လေထုထဲတွင် ပျံ့လွင့်လာသည် ။

"ခေါက်ဆွဲက ဆယ်ပွဲပဲ ကျန်ပါတော့တယ် ဆီးသီးချိုချဉ် ဖျော်ရည်ကလည်း အကုန် ရောင်းကုန်သွားပါပြီ ဒါကြောင့် ထပ်ပြီး တန်းစီမနေကြပါနဲ့တော့ရှင် ကျွန်မဆီမှာ ကတ်ပြားလေးတွေ လာယူထားကြပါ မနက်ဖြန်ကျရင် အဲဒီကတ်ပြားလေးတွေနဲ့ ခေါက်ဆွဲကို ငါးပြား လျှော့စျေးနဲ့ ဝယ်စားလို့ ရပါမယ်ရှင်"

‘ဒီအသံက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ’

လျူကျွမ်းမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်လေသည်။ ဆိုင်ရှင်အား မြင်လိုက်ရသောအခါ သူမမှာ ဆွံ့အသွားရလေတော့သည်။ ခေါက်ဆွဲရောင်းနေသူမှာ အခြားသူမဟုတ်ဘဲ နီယန်ပင် ဖြစ်နေတော့သည်။

နီယန်သည် သူမ၏ ခေါက်ဆွဲ ရောင်းရာတွင် ပိုမို မြန်ဆန်သွက်လက်စေရန် အတွက် လက်စွမ်းပြနေပြီး သူမ၏ မျက်နှာထက်တွင်လည်း ဖော်ရွေသော အပြုံးများမှာ ဝေဆာနေခဲ့ပေသည်။

လျူကျွမ်းမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ် ချောက်ချား သွားလေတော့သည်။ သူမ ဘယ်သောအခါမှ ထင်မထားခဲ့သော အခြေအနေတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

All Chapters