← Chapters

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း ၁၂၃

ဤသူသည် တောသူမ နီယန် အမှန်တကယ်ပင် ဟုတ်နေပါ သလော။

သူမသည် အဘယ်ကြောင့် ဤနေရာတွင် ခေါက်ဆွဲ လာရောက် ရောင်းနေရသနည်း။

လျိုကျွမ်းမှာ သူမ၏ လောက အမြင်ကြီး တစ်ခုလုံး တဖြည်းဖြည်း ပြိုလဲပျက်စီး သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုတောသူမလေးသည် တစ်နေ့လျှင် ငွေမည်မျှ ရှာနိုင်သည်ကို ဆွန်ချွန်းရှန် မှ ပြောပြခဲ့သည်အား သူမ ပြန်တွေးကြည့်လိုက်မိသည်။

‘သုံးရာဆိုလား’

‘သုံးရာ’

‘သုံးရာတောင်လား’

သူမနှင့် နီတာကျူးတို့ လင်မယား နှစ်ယောက်မှာ စက်ရုံ၌ သေမတတ် အပင်ပန်းခံ အလုပ် လုပ်နေကြရသော်လည်း တစ်လလုံးမှ ယွမ်လေးဆယ်သာ ရကြလေသည်။ နှစ်ယောက်ပေါင်းမှ တစ်လလျှင် ယွမ်ရှစ်ဆယ်သာ ရရှိကြခြင်း ဖြစ်သည်။ သို့သော် ထို တောသူမလေး နီယန်မှာမူ သူတို့ လင်မယား နှစ်လစာကျော်သည့် လုပ်အားခအား တစ်နေ့တည်းနှင့် ရှာဖွေနိုင်နေခဲ့ခြင်း ဖြစ်သည်။

ဤအချက်က လျိုကျွမ်း၏ ရင်ထဲ၌ မနာလိုဝန်တိုမှုများဖြင့် မီးဟုန်းဟုန်း တောက်လောင် စေနေတော့သည်။

တစ်ချိန်တည်းမှာပင် အစကတည်းမှ ဤတောသူမအား အိမ်တွင် လက်မခံခဲ့မိသည့် သူမ၏ လုပ်ရပ်အတွက် အလွန်အမင်း နောင်တရမိသွားလေသည်။ အကယ်၍သာ လက်ခံခဲ့ပါမူ ထိုတောသူမ ရှာဖွေသမျှ ငွေကြေး အားလုံးသည် သူမ၏ လက်ထဲသို့ ရောက်ရှိလာမည် မဟုတ်ပါလော။ ထိုသို့ တွေးလိုက် မိသည်နှင့် သူမ၏ ရင်ထဲတွင် နှမြောတသ ဖြစ်လွန်း၍ နာကျင်ရလွန်းလှပေသည်။

သို့သော် ယခုအချိန်မှ သဘောပေါက် လာသည်မှာလည်း နောက်ကျလှသည်တော့ မဟုတ်သေးပါပေ။ မည်သို့ပင် ဆိုစေကာမူ သူမသည် နီယန်၏ အဒေါ် သက်ကြီးဝါကြီး တစ်ဦးပင် မဟုတ်ပါလော။ သို့ဖြစ်၍ နီယန် ရှာဖွေသမျှ ငွေများအား သူမကိုသာ သိမ်းဆည်း ပေးထားရန် အပ်နှံ သင့်ပေသည်။

မည်သည်ကိုမှ နားမလည်သည့် ဤတောသူမလေးမှ ဤမျှ များပြားသော ငွေကြေးများအား မည်သို့ လုပ်မည်နည်း။ သူမအနေဖြင့် ငွေအား မည်သို့မည်ပုံ စုဆောင်းရမည်ကိုပင် သိမည် မဟုတ်လေရာ ကောင်းစွာ သိမ်းဆည်း ထားနိုင်ရန် ဆိုသည်မှာ ပို၍ပင် ဝေးသေးပေသည်။ အကယ်၍ ပျောက်ရှသွားလျှင် မည်သို့လုပ်မည်နည်း။

(**သူများဘာသာ ရှာထားတဲ့ ငွေကို သွသူ ပျောက်ပျောက် ရှရှ သူက ဘာလုပ်ချင်တာလဲ အံ့သြဘ ခက်တာက လောကမှာ အဲ့လို လူမျိုးတွေက အပြင်မှာလည်း တကယ်ကို အဲ့လို စိတ်ဓာတ်နဲ့ လူစားမျိုးတွေ အများသား ရှိနေတာပဲ**)

လျိုကျွမ်းသည် အသက်အား ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီးနောက် နီယန်ထံသို့ ပြုံးရွှင်စွာ လျှောက်သွားခဲ့ကာ အသံချိုချိုဖြင့် လှမ်း၍ နှုတ်ဆက်လိုက်သည်။

"ယန်ယန်"

နီယန်သည် နောက်ဆုံး ကျန်ရှိနေသော ခေါက်ဆွဲပန်းကန်ကို ဖောက်သည် တစ်ဦးအား ကမ်းပေး လိုက်ပြီးနောက် ခေါင်းမော့ ကြည့်လိုက်လေရာ မျက်နှာ ချိုသွေးနေသော လျိုကျွမ်းအား မြင်လိုက်ရတော့သည်။ နီယန်၏ မျက်နှာထက်တွင် အေးစက်စက် အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက် မေးလိုက်လေသည်။

"ရဲဘော် ရှင်နဲ့ကျွန်မ သိလို့လား"

ရုတ်တရက် အမေးခံလိုက်ရသဖြင့် လျိုကျွမ်းမှာ အနည်းငယ် ကြောင်အမ်း သွားသော်လည်း အတင်း ရယ်မောလျှက် ပြန်ပြောလိုက်သည်။

"ယန်ယန်ရယ် သမီး စကားပြောပုံကလည်းကွယ် အဒေါ်လေ သမီးရဲ့ အဒေါ်အရင်းကြီးကို ရက်ပိုင်းလေး အတွင်းမှာပဲ မမှတ်မိတော့ဘူးလား"

ဆွန်ချွန်းရှန်၏ မျက်နှာပြောင်တိုက်မှုသည် အဆိုးဆုံး ဟု နီယန် ထင်မှတ် ထားခဲ့သော်လည်း ယခုမူ လျိုကျွမ်း၏ အရှက်မဲ့မှုသည် သူမကိုပင် အရှုံးပေး သွားစေနိုင်ကြောင်း သိလိုက်ရတော့သည်။

"ကျွန်မအမေက မိဘ ဘယ်သူမှန်းတောင် မသိတဲ့ မိဘမဲ့တစ်ယောက်လေ ရှင်က ကျောက်တုံးထဲကနေ ပေါက်လာတဲ့ အဒေါ်လို့များ ပြောချင်နေတာလား"

ဟု နီယန်က ခနဲ့တဲ့တဲ့ ပြန်လည် တုံ့ပြန် လိုက်လေတော့သည်။ လျိုကျွမ်းမှာမူ အရှက်မဲ့စွာဖြင့်ပင် ပြုံးနေလျက် ပြောလိုက်သည်။

"ယန်ယန်ရယ် ဟိုနေ့က ကိစ္စအတွက် သမီး စိတ်ဆိုးနေတုန်းပဲ ဆိုတာကို အဒေါ် သိပါတယ်ကွယ် ဒါပေမဲ့ သမီး ဦးလေးကလည်း ဒေါသ ထွက်ထွက်နဲ့ စကား မှားသွားတာပါ ဘာပဲပြောပြော သမီးအမေက သူ့ရဲ့ ညီမအရင်း ခေါက်ခေါက်ပဲလေ"

နီယန်သည် မည်သည့်စကားမှ ပြန်မပြောတော့ဘဲ မီးဖိုနှင့် ရေပုံးများကိုသာ စတင်၍ သိမ်းဆည်းနေလိုက်ကာ လျိုကျွမ်းအား လုံးဝ လျစ်လျူရှု ထားလိုက်လေတော့သည်။ ထိုအခါ လျိုကျွမ်းက ချက်ချင်းပင် ဝင်ရောက်ကူညီရင်းဖြင့် မျက်နှာချိုသွေးကာ ပြောလိုက်လေသည်။

"ယန်ယန် ဒီလို ပင်ပန်းတဲ့ အလုပ်ကြမ်းတွေက သမီးလို မိန်းကလေးနဲ့ မသင့်တော်ပါဘူးကွယ် အဒေါ် လုပ်ပေးပါ့မယ် သမီး သွားနားနေလိုက်နော်"

"အောက်ချထားလိုက်"

နီယန်၏ အသံမှာ တည်ငြိမ် အေးဆေး လွန်းလှပေသည်။

"ဘာ"

လျိုကျွမ်းမှာ အံ့ဩသွားသဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်သွားခဲ့လိုက်မိကာ သူမ၏ အပြုံးများမှာလည်း အနည်းငယ် တင်းမာသွားခဲ့သည်။

အကယ်၍သာ နီယန်၌ ငွေကြေးများစွာ ရှိမနေပါက သူမအနေဖြင့် ဤမျှလောက်အထိ အောက်ကျခံကာ မျက်နှာချိုသွေးနေလိမ့်မည် မဟုတ်ပေ။ အလွန် ရွံရှာဖွယ် ကောင်းလှသည့် အပြုအမူပင် မဟုတ်ပါလော။ ဤကောင်မလေးသည် သူ့ကိုယ်သူ အထင်ကြီးနေသည်လား။

"အောက်ချထားလိုက်လို့ ပြောနေတယ်"

နီယန်မှ ထပ်မံ ပြောဆို လိုက်သည်။ သူမ၏ လေသံမှာ တည်ငြိမ် နေသော်လည်း နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားနိုင်သည့် အေးစက်စက် ခြိမ်းခြောက်မှုတစ်ခု ကိန်းအောင်းနေခဲ့သည်။ သံယောင်းမကြီးအား ကိုင်ထားသည့် လျိုကျွမ်း၏ လက်မှာ အလိုအလျောက် တုန်ယင်သွားပြီးနောက် ထစ်ငေါ့စွာ ပြောလိုက်လေသည်။

"ယန် ယန်ယန်ရယ် အဒေါ့်ကိုများ အားနာနေသေးတယ် အဒေါ် မပင်ပန်းပါဘူးကွယ်"

နီယန်မှ ဆက်လက်၍ ပြောလိုက်သည်။

"ဒီမယ် အဒေါ်ကြီး ကျွန်မပစ္စည်းတွေကို အောက်မချဘူးဆိုရင် ခိုးယူ လုယက်မှုနဲ့ ရဲတိုင်လိုက်ရလိမ့်မယ်ဟိုးဘက်မှာ ကင်းလှည့်နေတဲ့ ရဲအရာရှိတွေ ရှိတယ်နော်"

‘ခိုးယူ လုယက်မှုတဲ့လား’

ဤစကားလုံးကြောင့် လျိုကျွမ်း၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်သွားတော့သည်။ ယခုအချိန်သည် ဥပဒေစိုးမိုးရေးအား တင်းကျပ်စွာ ချမှတ် ထားသော အကဲဆတ်သည့် ကာလတစ်ခု ဖြစ်ပေသည်။ တရားဝင် စက်ရုံ အလုပ်သမား တစ်ဦး ဖြစ်သည့် အတွက် သေးငယ်သော အပြစ် အနာအဆာလေး တစ်ခုသည်ပင် သူမအား စက်ရုံမှ အလုပ် ထုတ်ပစ်နိုင်စွမ်း ရှိပေသည်။

၎င်းအပြင် လျိုကျွမ်းသည် သူမ၏ ဂုဏ်သိက္ခာအား အလွန်အမင်း အလေးထားသူ ဖြစ်လေရာ အကယ်၍သာ ရဲများ ရောက်ရှိလာပြီး လူမြင်ကွင်းတွင် ပြဿနာကြီး ဖြစ်သွားပါက သူမအနေဖြင့် မည်သို့ မျက်နှာပြရပါမည်နည်း။

"ယန်ယန် စိတ်မဆိုးပါနဲ့ကွယ် အဒေါ် အောက်ချထားလိုက်ပါ့မယ် အောက်ချထားပါ့မယ်"

ဟုဆိုကာ လျိုကျွမ်းသည် သံယောင်းမကြီးအား ရေပုံးထဲသို့ ဂရုတစိုက် ပြန်ထည့် လိုက်လေတော့သည်။

"ကျွန်မအနားကနေ ထွက်သွားလိုက်တော့"

နီယန်မှ အေးစက်စွာ ပြောလိုက်လေသည်။ လျိုကျွမ်းသည် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီးနောက် ဆက်တိုက် ပြောဆိုနေတော့သည်။

"ယန် ယန်ယန်ရယ် ဟိုနေ့က ကိစ္စက သမီးဦးလေးလည်း တမင်ရည်ရွယ်တာ မဟုတ်ပါဘူးကွယ် သမီးတို့ သားအမိ ထွက်သွား ပြီးကတည်းက သူလည်း အရမ်းကို နောင်တရနေတာပါ သမီးတို့ကို စိတ်ပူလွန်းလို့ ရက်အတော် ကြာတဲ့အထိ ထမင်းလည်း မစားနိုင် အိပ်လည်း မအိပ်နိုင် ဖြစ်နေရှာတာ ဘာပဲပြောပြော သမီးဦးလေး ဆိုတာကလည်း သက်ကြီးဝါကြီး တစ်ယောက်ပဲလေ ဒီကိစ္စကို သမီး ကျေအေးပေးလို့ မရဘူးလား သမီးဦးလေး ကိုယ်စား အဒေါ် တောင်းပန်ပါတယ်ကွယ်"

လျိုကျွမ်းသည် နီယန်အား နှိမ့်ချသော လေသံဖြင့် ချိုသာသည့် စကားများကို ဆက်တိုက် ပြောဆိုနေခဲ့သော်လည်း နီယန်မှာမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။

"ယန်ယန်ရယ် အဒေါ်တို့ မှားသွားပါတယ် တကယ်ကို မှားသွားခဲ့တာပါ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့နော်"

နီယန် မည်မျှပင် စိတ်သဘောထား ခက်ထန်နေပါစေ သူမသည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသာ ဖြစ်သည် မဟုတ်ပါလော။ ဆယ်ကျော်သက် မိန်းကလေးများ ဆိုသည်မှာ လွှမ်းမိုး ဖျောင်းဖျရန် လွယ်ကူ တတ်လေရာ အချိန်အနည်းငယ် ကြာလျှင် သူမအား "အဒေါ်" ဟု ပြုံးပြုံးရွှင်ရွှင်ဖြင့် အလွယ်တကူ ပြန်လည် ခေါ်ဝေါ်လာလိမ့်မည်ဟု လျိုကျွမ်းမှ စိတ်ကူးယဉ်ဆန်စွာဖြင့် တွေးတောနေခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းစရာ ရှိသည်များအား သိမ်းဆည်း ပြီးနောက်တွင်မှ နီယန်သည် မျက်နှာ ချိုသွေးနေသော လျိုကျွမ်းအား လှည့်ကြည့်ရန် အချိန်ရသွားတော့သည်။ သူမ၏ နှုတ်ခမ်းထက်တွင် သရော် လှောင်ပြောင်ဟန် ရသည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် ပြန်လည် ပြောချလိုက်လေတော့သည်။

"ကျွန်မက လူလိုသူလို တန်ဖိုးထား ဆက်ဆံပေးနေရက်နဲ့ ကျေးဇူးပြုပြီး ခွေးတစ်ကောင်လို အောက်တန်းမကျစမ်းပါနဲ့လား"

‘ခွေးတဲ့လား’

နီယန်မှ သူမအား စော်ကားလိုက်ခြင်း မဟုတ်ပါလား

လျိုကျွမ်းသည် တုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားပြီးနောက် မေးလိုက်သည်။

"သမီး ဘာကို ဆိုလိုတာလဲ"

နီယန်မှ ခပ်ဟဟ ပြုံးလိုက်လေကာ ပြန်ပြောလိုက်သည်။

"ရှင်တို့ကို လူလိုသူလို နေဖို့ ပြောနေတာလေ"

လျိုကျွမ်းမှာ ဒေါသကြောင့် သွေးအန် မတတ် ဖြစ်သွား ရသော်လည်း အတင်း ဖိနှိပ်ကာ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ယန်ယန်ရယ် နောက်မနေပါနဲ့ကွယ်"

နီယန်သည် မျက်ခုံး တစ်ဖက်အား ပင့်တင်လိုက်ရင်း ပြန်ပက်ကာ ပြောလိုက်လေသည်။

"အို ခွေးလို့ အခေါ်ခံလိုက်ရလို့ လူစကား နားမလည်တော့ဘူးလား"

ဒေါသကို မြိုသိပ်ထားရင်း လျိုကျွမ်းသည် အသက်အား ပြင်းပြင်း ရှူသွင်းလိုက်ကာ သူမကိုယ်သူမ တည်ငြိမ်စေရန် အတင်းအကျပ် ထိန်းချုပ်လိုက်ရတော့သည်။

ငွေကြေး အတွက် သူမ ဒေါသထွက်၍ မဖြစ်ပေ။

လုံးဝ မဖြစ်နိုင်ချေ။

ထို့နောက်တွင်မူ လျိုကျွမ်းအား ထပ်မံ လျစ်လျူရှု လိုက်ပြီးနောက် နီယန်သည် စားပွဲများနှင့် ကုလားထိုင်များအား လျိုတုန်းလျန်၏ ဆိုင်ဘက်သို့ စတင်၍ သယ်ယူသွားတော့သည်။ လျိုကျွမ်းမှာ နီယန်၏ နောက်သို့ လိုက်သွားချင်သော်လည်း မဝံ့ရဲပေ။

မဖြစ်သေးဘူး

သူမအတွက် အမှားအယွင်း ကင်းမည့် အစီအစဉ် ကောင်းတစ်ခု လိုအပ်နေသေးသည်။ ဖြစ်နိုင်သည်မှာ နီချွေ့ဟွာထံမှ စတင်ရပေမည်။ ဦးနှောက် မရှိသည့် ထိုနီချွေ့ဟွာအား လှည့်စားရသည်မှာ နီယန်ထက် အဆပေါင်းများစွာ ပို၍ လွယ်ကူပေလိမ့်မည်။

ဟုတ်ပေသည်။

ထိုသည်မှာ မှန်ကန်ပေလိမ့်မည်။

ထိုအကြောင်းအား တွေးတော လိုက်မိသည်နှင့် များပြား လှသော ငွေစက္ကူကြီးများသည် သူမအား လက်ယပ် ခေါ်နေသည် ဟုပင် မြင်ယောင် လာမိတော့သည်။ ထိုသို့ တွေးမိသည်နှင့် ဝမ်းသာအားရ ဖြစ်သွားခဲ့ကာ သူမသည် အိမ်သို့ လှည့်၍သာ ပြန်လာခဲ့လေတော့သည်။

နီယန် ဤနေရာတွင် ခေါက်ဆွဲ ရောင်းနေသည်အား သူမ သိရှိထားသရွေ့ ထိုကောင်မလေး ထွက်ပြေးသွားမည်ကို ပူပန်စရာ မလိုတော့ချေ။ သို့သော် လာမည့် ကိစ္စများအတွက်မူ နီတာကျူး ကိုယ်တိုင် ပါဝင်လှုပ်ရှားရန် လိုအပ်ပေသည်။

မည်သို့ပင်ဆိုစေ သူနှင့် နီချွေ့ဟွာသည် မောင်နှမအရင်းများ ဖြစ်ကြသည် မဟုတ်ပါလော။ အိမ်သို့ ပြန်ရောက်သောအခါ လျိုကျွမ်းမှ အကြောင်းစုံကို နီတာကျူးအား ပြောပြလိုက်တော့သည်။ ဤအကြောင်းကို ကြားလိုက်ရသောအခါ နီတာကျူးမှာ အလွန်တရာ အံ့အားသင့်သွားပြီးနောက် မေးလိုက်သည်။

"တကယ်လား မင်း အမြင်မှားတာများ မဟုတ်ဘူးလား အဲဒီခွေးမလေးက တကယ်ပဲ အဲဒီလောက်တောင် ချမ်းသာနေပြီလား"

"ကျွန်မက အမြင်မှားစရာလား"

ဟု လျိုကျွမ်းမှ ပြောလိုက်ပြီးနောက် ဆက်လက်၍ ပြောပြန်သည်။

"ဒီနေ့ ကျွန်မ သူနဲ့ စကားတောင် ပြောခဲ့သေးတယ် ဒါပေမဲ့ သူ့ရဲ့ စကားတွေ လေသံတွေ အရဆိုရင် သူက ကျွန်မတို့ကို အသိအမှတ်ပြုချင်ပုံ မရဘူး"

ထိုအခါ နီတာကျူးမှာ ဒေါသတကြီးဖြင့် တံတွေးထွေးကာ ဆဲရေးတိုင်းထွာလိုက်သည်။

"ငါက သူ့ရဲ့ ဦးလေး အရင်းကြီးကွ သူကများ ငါတို့ကို စွန့်ပစ် ရဲတယ်ပေါ့လေ"

လျိုကျွမ်းက ခေါင်းညိတ်လိုက်ပြီး မြှောက်ထိုးပင့်ကော် လုပ်လေသည်။

"ဒါဆို မနက်ဖြန် သူတို့အိမ်ကို သွားကြတာပေါ့ အဲဒီခွေးမလေးက အခု ငွေတွေ အများကြီး ရှာနိုင်နေပြီလေ ရှင်ကလည်း သူ့ရဲ့ ဦးလေးပဲ သူ့ရဲ့ ငွေတွေက သဘာဝကျကျကို ရှင့်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသင့်တာပေါ့"

လျိုကျွမ်း၏ ရှေ့တွင် ပထမဆုံး အကြိမ် အဖြစ် မျက်နှာ ပွင့်သွားသော နီတာကျူးမှာ သူ့ကိုယ်သူ အလွန် ကျေနပ် ဂုဏ်ယူသွားပြီးနောက် ဝင့်ကြွားစွာ ပြောလိုက်သည်။

"သေချာပေါက်ပေါ့ကွ ဘာပဲဖြစ်ဖြစ် ငါက သူ့ဦးလေးပဲလေ အဲဒီငွေတွေကို ငါ့ကို မပေးရင် ဘယ်သူ့ကို သွားပေးမလို့လဲ"

သူ၏စကားအား ကြားသောအခါ လျိုကျွမ်းသည် မျက်လုံးများကို မှေးစင်းကာ ပြုံးလိုက်ပြီးနောက် နီတာကျူး၏ လက်များ ခြေထောက်များကို ဂရုတစိုက် နှိပ်နယ်ပေးကာ အကောင်းဆုံး ပြုစုယုယနေတော့သည်။

အမြဲတမ်း မိန်းမ ကြောက်ရသူ ဖြစ်ခဲ့ရသော နီတာကျူးမှာ နောက်ဆုံးတွင်မူ နောက်သို့ မှီထိုင်ရင်း အကျိုးအမြတ်များအား ခံစားနေနိုင်ပြီ ဖြစ်သောကြောင့် သူ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက် နေတော့သည်။

လျိုကျွမ်းမှ ဆက်လက်၍ ပြောလိုက်သည်။

"ကျွန်မ ထင်တာတော့ အဲဒီခွေးမလေးရဲ့ လက်ထဲမှာ အခုဆိုရင် အနည်းဆုံး ယွမ် တစ်သောင်းလောက်တော့ ရှိလောက်ပြီ မနက်ဖြန်ကြရင် အဲဒီငွေတွေ အကုန်လုံးကို ရှင် ရအောင် ယူရမယ်နော် ငါတို့သမီးလေး ရှန်းရှုန်းက အဝတ်အစားသစ်တွေ လိုချင်နေတာ ကြာလှပြီ ဈေးဝယ်စင်တာမှာက အရမ်း ဈေးကြီးလွန်းလို့ ကျွန်မလည်း မဝယ်ပေးရက်သေးတာ"

All Chapters