← Chapters

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

သို့သော် ထိုကလေးဆိုးလေးများသည် သူတို့အား အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြဘဲ လက်ထဲတွင် ကျောက်ခဲများ ကိုင်ဆောင်ကာ နောက်မှ ဆက်လက် လိုက်လံပစ်ပေါက်ကြကုန်သည်။

ယန်ကွေ့ပေါင်သည် စစ်ရေးဗျူဟာမှူးလေး တစ်ဦးအလား ဂေါ်တန်အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။

"ဂေါ်တန် ဂေါ်တန် ထွက်ပြေးနေတဲ့ ရန်သူကို နောက်ကနေ ဆက်မလိုက်တာ အကောင်းဆုံးပဲ"

ဂေါ်တန်မှ သူ၏ လက်ထဲတွင် ကျန်နေသော နောက်ဆုံး ကျောက်ခဲကို နီတာကျူး၏ ခေါင်းဆီသို့ ချိန်ရွယ်လိုက်ပြီး အော်ဟစ်ရင်း ပစ်ပေါက်လိုက်သည်။

"ခွေး သူ တောင်း စား ကောင် ကြီး မမနီယန်ကို ထပ်အနိုင်ကျင့်ရဲကြည့် ခင်ဗျားခေါင်းကို ခွဲပစ်မယ်"

နီတာကျူး၏ ခေါင်းပေါ်တွင် ချက်ချင်းပင် ဘုသီးကြီးတစ်ခု ထွက်လာလေတော့သည်။ ယနေ့ လူတိုင်း၏ ကူညီဖေးမမှုကြောင့်သာ နီတာကျူးတို့ အုပ်စုမှာ အမြီးကုပ်ကာ ထွက်ပြေးသွားရခြင်း ဖြစ်သည်။ ကျေးဇူး မကန်းတတ်သော နီယန်သည် နီချွေ့ဟွာအား ချက်ချင်းဆွဲခေါ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူးကွယ် နင်တို့ သားအမိက အခုဆို ငါတို့ ကျင်းဟွာရွာရဲ့ မိသားစုဝင်တွေ ဖြစ်နေပါပြီ"

"ငါတို့က တကယ်တော့ ဘာမှ သိပ်မလုပ်လိုက်ရပါဘူး"

"ကလေးတွေရဲ့ ကျေးဇူးကြောင့်ပါ"

ထိုစကားများကို ကြားသောအခါ ဂေါ်တန် ကွေ့ပေါင်နှင့် အခြားကလေးများသည် ရှက်သွေးဖြာသွားကြပြီး ပြောလိုက်သည်။

"မမနီယန်ကို ကာကွယ်ဖို့က သားတို့ရဲ့ တာဝန်ပဲလေ"

"သားတို့အားလုံးက မမနီယန်ရဲ့ ကိုယ်ရံတော်လေးတွေပဲ"

"ဟုတ်တယ် သားတို့အားလုံးက ကိုယ်ရံတော်လေးတွေပဲ"

တဖြည်းဖြည်းဖြင့် လူအုပ်ကြီး ကွဲကွာသွားပြီး ကလေးများလည်း ပြေးလွှား ထွက်ခွာသွားကြသည်။ နီယန်သည် လူတိုင်း၏ ကျောပြင်များအား ကြည့်ရင်း သူမ၏ မျက်လုံးများတွင် ပြတ်သားသော သန္နိဋ္ဌာန်များ ပြည့်နှက်နေခဲ့သည်။

သူမသည် ကျေးဇူးရေတစ်စက်အား စမ်းရေတစ်ပေါက်ကဲ့သို့ ပြန်ဆပ်တတ်သူမျိုး ဖြစ်သည်။ ယနေ့ ဖြစ်ရပ် အတွက် လူတိုင်းအား ကျေးဇူးဆပ်ရန် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေမည် ဖြစ်သည်။ ဘဝတွင် ကျေးဇူးကန်းသည့်သူ တစ်ယောက် မဖြစ်စေရပါချေ။

နီယန်သည် နီချန်ကွေ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်.

"ဒေါ်လေးနီ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်"

"အို ကျေးဇူးတင်စရာ မလိုပါဘူးကွယ်"

နီချန်ကွေ့မှ ဆက်ပြောသည်။

"ယန်ယန် စောစောက ဒေါ်လေးနီ လုပ်လိုက်တာလေးက သမီးကို လန့်သွားစေလား"

စောစောပိုင်းတွင် သူမ၏ ကြမ်းကြမ်းတမ်းတမ်း မိန်းမရိုင်းကြီးသဖွယ် ပြုမူခဲ့မှုများအား ပြန်တွေးမိပြီး နီချန်ကွေ့မှာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ တကယ်တမ်းတွင် နီချန်ကွေ့သည် ယခင်တွင် အလွန် သိမ်မွေ့ညင်သာသူ ဖြစ်သည်။ သို့သော် ခင်ပွန်းဖြစ်သူ ကားအက်စီးဒင့်ဖြင့် ဆုံးပါးသွားပြီးနောက်တွင် သူမ ပြောင်းလဲသွားခဲ့ရသည်။

မုဆိုးမတစ်ယောက်၏ အိမ်တံခါးဝ ဆိုသည်မှာ အနိုင်ကျင့် စော်ကားချင်သူတို့ ခြေရာထပ်တတ်သည့် နေရာမျိုး ဖြစ်သည်ဟူသော စကားလိုပင်။ ခက်ထန်ကြမ်းတမ်းသော ကိုယ်ရည်ကိုယ်သွေး မရှိဘဲနှင့် သူမကိုယ်သူမ မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ပေ။

"မလန့်ပါဘူး ဒေါ်လေးနီ ဒေါ်လေးနီက အရမ်းသတ္တိရှိတာပဲ"

ယနေ့ နီချန်ကွေ့၏ လုပ်ရပ်သည် နီယန်အား အမှန်ပင် သဘောကျ သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် မကောင်းဆိုးဝါး လူယုတ်မာများအား ရင်ဆိုင်ရာ၌ နီချန်ကွေ့ကဲ့သို့ပင် မကောင်းမှုအား မကောင်းမှုဖြင့်သာ ပြန်လည် တုံ့ပြန်သင့်သောကြောင့်ပင် ဖြစ်ချေသည်။

"အမေလည်း ဒီနေ့ အရမ်းတော်တယ်နော်"

နီယန်မှ လှည့်ကာ နီချွေ့ဟွာအား ကြည့်လိုက်လေသည်။ နီချွေ့ဟွာမှ ရှက်ရွံ့စွာဖြင့် ပြန်မေးလိုက်သည်။

"တကယ်လား ယန်ယန်"

"အင်း"

နီယန်မှ ခေါင်းညိတ်ပြလိုက်သည်။ နီချွေ့ဟွာမှ ဆက်၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ယန်ယန်ရယ် သမီး စိတ်ပူစရာ မလိုအောင် အမေ ဆက်ပြီး သန်မာအောင် နေသွားပါ့မယ်"

ကျင်းဟွာရွာသို့ ရောက်လာသော နီတာကျူးတို့ မိသားစု သုံးယောက်မှာ အကျိုးအမြတ် မရခဲ့သည့်အပြင် အရိုက်ပါ ခံလိုက်ရသဖြင့် နာကြည်းမှုများသာ ရင်ဝယ်ပိုက်ကာ ပြန်သွားရတော့သည်။

ကံဆိုးစွာဖြင့် သူတို့တွင် အကာအကွယ် ပေးမည့် ဥပဒေ အကြောင်းပြချက်လည်း မရှိချေ။ နီတာကျူးသည် နီချွေ့ဟွာ၏ အစ်ကို ဖြစ်သော်လည်း သူတို့ကြားတွင် သွေးသား တော်စပ်မှု မရှိသည့် အပြင် နီချွေ့ဟွာ၏ အိမ်ထောင်စုစာရင်းအား လည်း ပြောင်းရွှေ့ ထုတ်ပယ်ထားပြီး ဖြစ်သည်။

သူတို့၏ ဆက်ဆံရေးအား ဥပဒေအရ လုံးဝ အသိအမှတ်ပြုထားခြင်း မရှိချေ။ ထို့ပြင် ဤအရိုက်ခံရမှုမှာလည်း သူတို့ဘာသာသူတို့ ရန်စမိသောကြောင့်သာ ဖြစ်သည်။ နီတာကျူးနှင့် လျိုကျွမ်းတို့ နှစ်ဦးစလုံးမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြသည်။ ဆေးအနည်းငယ် လိမ်းကျံကာ ရက်အနည်းငယ်မျှ အနားယူလိုက်လျှင် သက်သာသွားနိုင်မည့် ဒဏ်ရာများသာ ဖြစ်သည်။

သို့သော် လျိုရှန်းရှုန်းမှာမူ ကွဲပြားခြားနားသည်။ သူမ၏ ဆံပင်ရှည်ကြီးထဲတွင် ဆူးကပ်သီးများ အပြည့် ကပ်နေပြီး မည်မျှပင် ဖယ်ရှားရန် ကြိုးစားစေကာမူ ဖယ်ထုတ်၍ မရတော့ပေ။

အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့သဖြင့် သူမ၏ ဆံပင်များကို တိုတိုညှပ်ပစ်ရန်သာ ရှိတော့သည်။ လျိုရှန်းရှုန်းသည် သူမ၏ လှပသော ဆံပင်ရှည်ကြီးအား လေးနှစ်တိုင်တိုင် အချိန်ယူကာ ရှည်အောင် ထားခဲ့ရခြင်း ဖြစ်သည်။

ဤကဲ့သို့ ဖြတ်ပစ်ရမည်ဆိုလျှင် သေချာပေါက် ရုပ်ဆိုးသွားတော့မည် ဖြစ်သည်။ ငိုယိုနေသော လျိုရှန်းရှုန်းမှာ မေ့လဲလုမတတ် ဖြစ်နေပြီး နီတာကျူးနှင့် လျိုကျွမ်းတို့အား ထုရိုက်ကာ အော်ဟစ်နေခဲ့သည်။

"သမီး ဆံပင်မညှပ်ချင်ဘူး သမီး ဆံပင်မညှပ်ချင်ဘူး အကုန်လုံး အဖေနဲ့အမေတို့ အပြစ်တွေချည်းပဲ အဲ့ဒီတောသူမကို သွားမရှာခဲ့ရင် သမီး အခုလို ဖြစ်ပါ့မလား"

လျိုကျွမ်းမှ စိတ်မကောင်းစွာဖြင့် ချော့မော့လိုက်သည်။

"ရှန်းရှုန်းရယ် မငိုပါနဲ့ အမေ သမီးအတွက် လှပတဲ့ ဦးထုပ်လေးတစ်လုံး ဝယ်ပေးမယ်နော် အာဟာရပြည့်ပြည့်ဝဝ စားလိုက်ရင် ဆံပင်တွေ ပြန်ရှည်လာမှာပါ"

"မလိုချင်ဘူး"

နီတာကျူးမှ ကြားဖြတ်၍ ပြောလိုက်သည်။

"ရှန်းရှုန်း စိတ်မပူနဲ့ အဖေ သမီးအတွက် သေချာပေါက် ကလဲ့စားချေပေးမယ်"

"ရှင်ကများ ပြောရဲသေးတယ်"

လျိုကျွမ်းမှ နီတာကျူး၏ မျက်နှာအား ဖြတ်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် ဆဲဆိုတော့သည်။

"ရှင်က အသုံးအကျဆုံးပဲ ကလေးတစ်သိုက်ကိုတောင် ရှင် မနိုင်ဘူးလေ ရှင်ကြောင့်သာ မဟုတ်ရင် ရှန်းရှုန်း အခုလို ဖြစ်ပါ့မလား ဘာလို့များ ကျွန်မက ဒီလို ကံဆိုးမှုတွေကို ခံစားနေရတာလဲ နိမိတ်မကောင်းတဲ့ ရှင်နဲ့ လာပေါင်းမိတာကိုက ကျွန်မမှားတာ"

သူ၏ ဒဏ်ရာများအပေါ် ဆားပက်ခံ လိုက်ရသလို ဖြစ်သွားသော နီတာကျူးမှာ အတန်ကြာမှသာ ပြန်လည် တုံ့ပြန်နိုင်တော့သည်။

"မိန်းမ ငါပြောတာ နားထောင်စမ်းပါဦး ဒီတစ်ခါတော့ အဲ့ဒီကောင်မလေး နီယန်ကို ငါတို့ရှေ့မှာ ဒူးထောက် တောင်းပန်လာအောင် လုပ်မယ့် နည်းလမ်းကောင်း ငါ့ဆီမှာ တကယ်ရှိတယ်"

လျိုကျွမ်းမှ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"ဆက်ပြော"

ထို့နောက် နီတာကျူးမှ လျိုကျွမ်း၏ နားနားသို့ ကပ်ကာ စကားအချို့ကို တီးတိုး ပြောပြ လိုက်လေသည်။ လျိုကျွမ်းမှ ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် ပြန်လည်ပြုံးရွှင်လာကာ ပြောလိုက်သည်။

"ကောင်းပြီ မနက်ဖြန် အစ်မချွမ်းရှန်ဆီ ငါသွားလိုက်မယ်"

နောက်နေ့တွင် လျိုကျွမ်းသည် မနက်ခင်း ဈေးဆီသို့ စောစောစီးစီး ထွက်ခွာ သွားတော့သည်။

All Chapters