← Chapters

အခန်း ၁၃၀

Vol. 9 Ch. 130

အခန်း ၁၃၀

Vol. 9 Ch. 130

အခန်း ၁၃၀

‘သူ မှားပြန်ပြီ နောက်တစ်ကြိမ် ထပ်မှားပြန်ပြီပဲ ‘

အဘွားအို၏ မျက်လုံးများထဲတွင် စိတ်ပျက် အားငယ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြန်သည်။ သူမမှ ဆက်လက်၍ မေးလိုက်သည်။

"သမီးရဲ့ မိခင်ဘက် ဆွေမျိုးတွေထဲမှာရော ကျန်သေးတဲ့သူ ရှိသေးလား"

နီချွေ့ဟွာမှ ပြန်ဖြေလိုက်သည်။

"ကျွန်မ မိဘတွေက စောစောစီးစီး ဆုံးပါးသွားကြတာပါ အခုတော့ ကျွန်မမှာ ဆွေမျိုး သိပ်မကျန်တော့ပါဘူး"

နီချွေ့ဟွာသည် ဤအဘွားအိုအား သိပင်မသိချေ။ ထို့ကြောင့် သူမ၏ နောက်ခံ သမိုင်းကြောင်း အပြည့်အစုံကို ထုတ်ဖော် ပြောပြရန် အကြောင်းမရှိပေ။ ထို့ပြင် သူမ၏ မွေးစားမိဘများမှာ စောစီးစွာ ဆုံးပါးသွားခဲ့သည် ဖြစ်လေရာ ဤစကားမှာ အမှားအယွင်း မဟုတ်ပေ။

"သနားစရာကောင်းတဲ့ ကလေးမလေး"

အဘွားအိုမှ နီချွေ့ဟွာ၏ လက်အား ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထိုစဉ် အဝေးမှနေ၍ သားအမိနှစ်ဦး ပြေးလာကြကာ အော်ခေါ်လိုက်ကြလေသည်။

"အမေ"

"အဘွား"

သူတို့မှာ အခြားသူများ မဟုတ်ဘဲ ကျန့်လင်လင်နှင့် ကျန့်ရှန်ကျင်း သားအမိပင် ဖြစ်ကြသည်။ အဘွားအို၏ မိသားစုဝင်များ ရောက်လာပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် နီချွေ့ဟွာမှ တိတ်ဆိတ်စွာပင် နှုတ်ဆက် ထွက်ခွာလာခဲ့တော့သည်။ အခြား တစ်နေရာတွင် နီယန်သည် သူမအား စောင့်နေသည် မဟုတ်ပါလား။

"လင်းလင် ရှန်ကျင်း"

အဘွားအိုကျန့်မှ သူတို့နှစ်ဦးအား ပြုံးပြလိုက်လေသည်။ သားအမိနှစ်ဦးသည် အဘွားအိုကျန့်၏ လက်မောင်းများအား ချက်ချင်း ဖက်တွယ်လိုက်ကြသည်။ အဘွားအိုကျန့်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"လင်လင် အမေ ပြောပြမယ် ခုလေးတင် ထင်ထင်နဲ့ အရမ်းတူတဲ့ ကလေးမလေး တစ်ယောက်ကို အမေ တွေ့လိုက်ရတယ်"

‘သေနာမကြီး ဒီလောက် အသက်ကြီးနေပြီကို အဲ့ဒီ ကျန့်ထင်ထင်ကို မှတ်မိနေတုန်းပဲ’

ကျန့်လင်လင်၏ မျက်လုံးများထဲတွင် နာကြည်း မုန်းတီးမှုများ လျှပ်တစ်ပြက် ပေါ်လာသော်လည်း မျက်နှာပေါ်တွင်မူ အပြုံးတစ်ခုအား ဖန်တီးလိုက်ပြီး ပြောလိုက်သည်။

"တကယ်လား အမေ အစ်မနဲ့ တူတဲ့သူက ဘယ်မှာလဲ ထင်ထင် ဟုတ်မဟုတ် သမီး သွားကြည့်လိုက်မယ်လေ"

အဘွားအိုကျန့်မှ နောက်သို့ လှည့်ကာ ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်ပြီးနောက် တွေဝေစွာဖြင့် ပြောလိုက်သည်။

"ဟင် ခုလေးတင် ဒီမှာတင် ရှိနေသေးတာ မျက်စိတစ်မှိတ် အတွင်း ဘယ်လိုလုပ် ပျောက်သွားရတာလဲ"

ကျန့်လင်လင်မှ ရှန်ကျင်းအား မျက်ရိပ်ပြလိုက်လေသည်။ ကျန့်ရှန်ကျင်းမှ ချက်ချင်းပင် ပြောလိုက်သည်။

"အဘွား သမီး လိုက်ရှာပေးမယ်လေ"

အဘွားအိုကျန့်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မလိုပါဘူးကွယ် သူက အဘွားရဲ့ ထင်ထင် ဟုတ်ချင်မှ ဟုတ်မှာပါ"

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။ မျှော်လင့်ချက် ရောင်ခြည် သန်းလာလိုက် ချက်ချင်း ပြန်လည် ပျောက်ကွယ် သွားလိုက်နှင့် အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ဖြတ်သန်းခဲ့ရ ပြီးနောက် အဘွားအိုကျန့်၏ နှလုံးသားမှာ ထုံထိုင်းသွားခဲ့ပြီ ဖြစ်သည်။

အဘွားအို၏ ခံစားချက်များအား ရိပ်မိသော ကျန့်လင်လင်သည် စကားလမ်းကြောင်း ချက်ချင်းပြောင်းလိုက်ပြီး မေးလိုက်သည်။

"အမေ အမေ့ချောင်းဆိုးတာရော နည်းနည်း သက်သာရဲ့လား သမီးတို့ အိမ်စောစော ပြန်ကြမလား"

ကုန်တိုက်ထဲတွင် လှည့်လည်သွားလာရင်း နာကျင်ဖွယ် အတိတ် မှတ်ဉာဏ်များ ပြန်လည် နိုးကြားလာခဲ့သဖြင့် အဘွားအိုကျန့်မှာ ဆက်လက်၍ ဈေးဝယ်ထွက်လိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူမမှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အိမ်ပြန်ကြစို့"

ကျန့်လင်လင်နှင့် ကျန့်ရှန်းကျင်းတို့သည် အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြ ပြီးနောက် အဘွားအိုကျန့်အား ထွက်ပေါက်ဆီသို့ တွဲခေါ်သွားကြသည်။

တစ်ဖက်တွင်မူ နီယန်သည် ညီမငယ်လေးအား ချီထားလျက် ရပ်နေလေသည်။ သေးငယ်လှသော နီယွင်လေးမှာ သူမ၏ ရင်ခွင်ထဲတွင် တခစ်ခစ် ရယ်မောနေခဲ့သည်။ ကလေးငယ်၏ အပြစ်ကင်းစင်ပြီး လွတ်လပ် ပေါ့ပါးလှသော ရယ်မောသံလေးသည် ကုန်တိုက် အတွင်းရှိ အခြားသူများ၏ အာရုံအား ဖမ်းစားထားခဲ့သည်။

မိုဘိုင်ချွမ်း နောက်သို့ လှည့်ကြည့် လိုက်သောအခါ နီယန်အား မြင်တွေ့ လိုက်ရလေသည်။ သူကြည့်လိုက်သည့် နေရာတိုင်းတွင် အဘယ်ကြောင့် ဤ မိန်းကလေး ရှိနေရသနည်း။ မိုဘိုင်ချွမ်းမှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ တွေးတော နေစရာပင် မလိုဘဲ ဤသည်မှာ သူမ၏ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ရပ် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

(**$ဘဝင်ဟေ့ **)

ရင်သပ်ရှုမောဖွယ် အလှတရား တစ်ခုကို ပိုင်ဆိုင်ထားရုံဖြင့် သူ၏ နှလုံးသားအား သိမ်းပိုက်နိုင်မည်ဟု သူမသည် တကယ်ကြီး ထင်နေခြင်းလား။ရယ်စရာကောင်းလိုက်ပေစွ။

မိုဘိုင်ချွမ်း စိတ်လွင့်နေသည်အား မြင်သောအခါ သူ၏ဘေးမှ အနောက်တိုင်း ဝတ်စုံနှင့် လူသည် "မစ္စတာမို မစ္စတာမို" ဟု မနေနိုင်ဘဲ သတိပေးလိုက်ရသည်။

ထိုအခါမှသာ မိုဘိုင်ချွမ်းသည် သတိပြန်ဝင်လာပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်မှုအား ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။

"ငါတို့ စကားပြောနေတာ ဘယ်ရောက်သွားပြီလဲ ဆက်ပြောကြတာပေါ့"

အနောက်တိုင်းဝတ်စုံနှင့် လူသည် ဆက်လက်၍ ပြောဆိုနေခဲ့သည်။ သူတို့ စကားပြောရင်း လမ်းလျှောက် လာကြလေရာ မိုဘိုင်ချွမ်းသည် နီယန် ရှိရာဘက်သို့ တဖြည်းဖြည်း ရွှေ့သွားရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နီယန် တစ်ယောက် သူ့အနားသို့ ချဉ်းကပ်လာမည့် အချိန်အား သူ စိတ်အားထက်သန်စွာ စောင့်မျှော်နေသောကြောင့်ပင် ဖြစ်သည်။

ဤခရီးစဉ်တွင် နီယန်၏ ရည်ရွယ်ချက်သည် သူနှင့် စကားလာပြောရန် ဖြစ်ပေမည်။ သို့သော် နီယန်မှာမူ သူ့အား လေဟာနယ်တစ်ခု ကဲ့သို့ လုံးဝ လျစ်လျူရှုထားပြီး ရင်ခွင်ထဲမှ ညီမလေးနှင့်သာ ဆက်လက်၍ ဆော့ကစားနေခဲ့လေသည်။

‘ဒါ ဘာဖြစ်နေတာလဲ သူ့ကို မမြင်တာများလား’

မိုဘိုင်ချွမ်းသည် အလိုအလျောက်ပင် သူ၏ အသံအား ပိုမို၍ ကျယ်လောင်အောင် မြှင့်လိုက်လေသည်။ နောက်ဆုံးတွင်မူ နီယန်သည် သူရှိရာဘက်သို့ အကြည့် ရောက်လာခဲ့တော့သည်။

ကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ တောက်ပနေသော ထိုမျက်လုံးများ ထို့နောက် နှုတ်ခမ်းထက်မှ မှေးမှိန်သော အပြုံးလေးတစ်ခု သူမသည် တစ်ပါးသူ၏ နှလုံးသားအား ညို့ယူ ဖမ်းစားနိုင်စွမ်း ရှိသော မျက်နှာပိုင်ရှင် တစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။

မိုဘိုင်ချွမ်း၏ နှလုံးသားမှာ ထိန်းချုပ်၍ မရနိုင်အောင် တဒုတ်ဒုတ်ဖြင့် ခုန်ပေါက်သွားတော့သည်။ ထို့ပြင် နီယန်သည် သူ့ထံသို့ အကြည့် ရောက်လာရုံမျှမက ကလေးအား ချီထားလျက် သူရှိရာဘက်သို့ လျှောက်လာနေပြီ ဖြစ်သည်။

‘သူ သိတာပေါ့ နီယန် သူ့ဆီ လာနေပြီဆိုတာ တကယ့်ကို တွက်ကိန်းကျလွန်းတဲ့ မိန်းမပဲ’

နီယန်နှင့် သူ၏ကြားမှ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည် နှင့်အမျှ မိုဘိုင်ချွမ်း၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ နီယန်အား ငြင်းပယ်ရန်နှင့် သူမ၏ မျှော်လင့်ချက်များအား အပြီးတိုင် ရိုက်ချိုးပစ်ရန် သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားလိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်လေးမှာပင်- မိုဘိုင်ချွမ်း ငြင်းပယ်ရန် ပြင်လိုက်ချိန်တွင် နီယန်၏ အကြည့်များသည် သူ့အား လုံးဝပင် ကျော်လွန်သွားပြီး သူ၏ ဘေးမှသာ ဖြတ်လျှောက် သွားခဲ့တော့သည်။

‘နီယန် ထွက်သွားပြီ နီယန်က သူ့ကို လုံးဝလျစ်လျူရှုပြီး ထွက်သွားခဲ့တာပဲ’

သူ့မျက်စိရှေ့မှ မြင်ကွင်းအား မိုဘိုင်ချွမ်း မယုံကြည်ချင်သော်လည်း နီယန်သည် သူ့အား ပိုပိုသာသာ အကြည့် တစ်ချက်မျှပင် မပေးခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။ မျက်စိထောင့်မှပင် လှည့်မကြည့်ခဲ့ပေ။

"အမေ ဟိုဘက်ကို သွားကြည့်ရအောင် အမေနဲ့ လိုက်မယ့် အဝတ်အစားလေးတွေ ဟိုဘက်မှာ တွေ့တယ်"

နီယန်က ညီမလေးအား ချီထားလျက် နီချွေ့ဟွာ၏ အနားသို့ လျှောက်သွားလိုက်သည်။ နီချွေ့ဟွာမှ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အေးပါကွယ်"

သားအမိနှစ်ဦး ရွှင်မြူးစွာ စကားပြောရင်း အခြားတစ်ဖက်သို့ ကွေ့ထွက်သွားကြလေသည်။ မိုဘိုင်ချွမ်းမှာ ဒေါသကြောင့် ပေါက်ကွဲ ထွက်မတတ် ဖြစ်သွားရတော့သည်။

‘ဘာလို့ နီယန်က သူ့အနားကို မချဉ်းကပ်ခဲ့တာလဲ တကယ်တော့ သူမက သူ့အတွက် လာခဲ့တာ မဟုတ်ဘူးလား ဒီမှာ တကယ်ကို ဘာတွေ ဖြစ်နေတာလဲ’

အမှန်တကယ်တွင်မူ နီယန်သည် မိုဘိုင်ချွမ်းအား လုံးဝ မမြင်ခဲ့ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အရေးမပါသော လူများ အပေါ်တွင် အချိန်ဖြုန်းလေ့ မရှိသောကြောင့်ပင် ဖြစ်သည်။

(**နီယန် - ၁ မိုဘိုင်ချွမ်း - ၀ ဟဟဟဟဟ**)

အနောက်တိုင်းဝတ်စုံနှင့် လူသည် မိုဘိုင်ချွမ်း စိုက်ကြည့်နေသော အရပ်ဆီသို့ လိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"မစ္စတာမို သူတို့ကို သိလို့လား"

"ငါ မသိဘူး"

မိုဘိုင်ချွမ်းက ယင်ကောင်တစ်ကောင် မျိုချလိုက်ရသကဲ့သို့ မသက်မသာ ခံစားမှုဖြင့် စကားသုံးခွန်းကိုသာ ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။

သူ၏ စိတ်အာရုံထဲတွင် နီယန် အဘယ်ကြောင့် သူ၏ အနား မချဉ်းကပ်ခဲ့သနည်း ဟူသော မေးခွန်းများသာ ပြည့်နှက်နေခဲ့သည်။ ထိုသည်မှာ နည်းဗျူဟာ အသစ်များ ဖြစ်နေသည်လား။

နီယန်သည် နီချွေ့ဟွာအား ကုန်တိုက်၏ အခြားတစ်ဖက်သို့ ခေါ်ဆောင် သွားပြီးနောက် နောက်ဆုံးတွင် သူတို့ လိုချင်သော အဝတ်အစားများနှင့် ဖိနပ်များအား ဝယ်ယူနိုင်ခဲ့ရာ ဤခရီးစဉ်မှာ အမှန်ပင် အသီးအပွင့်များသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

အိမ်ပြန် ရောက်သောအခါ ညနေ လေးနာရီပင် ကျော်လွန်နေပြီ ဖြစ်သည်။ နီယန် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ယန်ကွေ့ပေါင် သူ၏ ဝမ်းကွဲများနှင့် ဂေါ်တန်တို့ ရောက်ရှိ လာကြသည်ကို မြင်လိုက်ရသည်။

"ကွေ့ပေါင် ဂေါ်တန် ရှောင်ချင် ယွမ်ကျီ"

နီယန်သည် လမ်းဘေးဈေးမှ ဝယ်လာသော သရေစာများအား ချက်ချင်း ဝေငှပေးလိုက်လေသည်။ 'ယုန်ဖြူ' တံဆိပ် နို့သကြားလုံးများနှင့် ဝက်ဝံရုပ် ကွတ်ကီးလေးများ ပါဝင်လေသည်။ နီယန်သည် ဤကလေးများ အပေါ်တွင် မည်သည့်အခါမျှ စေးနှဲလေ့ မရှိပေ။

"ကျေးဇူးတင်ပါတယ် မမနီယန်"

ကလေးလေးယောက်မှ ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုကြလေသည်။ နီယန်မှ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"မမနဲ့ဆိုရင် ဒီလောက် ယဉ်ကျေးမှုတွေ လုပ်နေစရာ မလိုပါဘူး"

ကွေ့ပေါင်မှ ဝမ်းသာအားရ ဝါးစားနေရင်း ပြောလိုက်သည်။

"ဒါနဲ့ မမနီယန် သား မမကို ပြောစရာ တစ်ခုရှိတယ်"

"အင်း"

နီယန်မှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ပြောလေ"

ရုတ်တရက် ကွေ့ပေါင်၏ စိတ်အား ထက်သန်မှုများ ကျဆင်းသွားပြီး ပြောလိုက်သည်။

"မမနီယန် မနက်ဖြန် သားအမေက သားကို အိမ်ပြန်ခေါ်တော့မယ်တဲ့"

All Chapters