အခန်း ၁၃၁
Vol. 9 Ch. 131
အခန်း ၁၃၁
ဟုတ်ပေသည်။ ယန်ကွေ့ပေါင် အိမ်ပြန်ရတော့မည် ဖြစ်သည်။ သုံးလကြာ ကုသမှုနှင့် အနားယူမှုများ ပြုလုပ် ပြီးနောက် သူ၏ ရောဂါမှာ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။
နီယန်မှ ကွေ့ပေါင်၏ ခေါင်းလေးအးာ အပြုံးဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
"သုံးလတောင် ကြာခဲ့ပြီပဲလေ အဘိုးအဘွားတွေနဲ့ အဖေ့ကို ပြန်ကြည့်ရမယ့် အချိန်တန်ပြီပေါ့"
ယန်ကွေ့ပေါင်မှ နီယန်အား ဖက်ကာ ရှိုက်ငိုရင်း ပြောလိုက်သည်။
"ဟင့် ဟင့် မမနီယန် သား မမကို လွမ်းနေတော့မှာပဲ"
"အရူးလေး ကွေ့ပေါင်ရယ်"
နီယန်က ရယ်မောလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"မမတို့ ပြန်တွေ့ရဦးမှာပါ နောင်ကျရင် မမတို့ ဆုံတွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
ထိုအခါ ဂေါ်တန်မှ မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။
"ကွေ့ပေါင် မင်းက ယောက်ျား ဟုတ်ရဲ့လား ငါတို့ 'ဂေါ်' (ခွေး) မျိုးဆက်က ယောက်ျားတွေဟာ ဘယ်တော့မှ မငိုဘူးကွ"
ကွေ့ပေါင်...
'ဂေါ်' (ခွေး) မျိုးဆက် ဟုတ်လား...
‘ ယန်ကွေ့ပေါင်က ဘယ်အချိန်ကတည်းက 'ဂေါ်' (ခွေး) မျိုးဆက်ရဲ့ 'ဂေါ်ပေါင်' (ခွေးရတနာ) ဖြစ်သွားရတာလဲ ဒီကလေးတွေ ကြီးလာတဲ့အခါ သူတို့ရဲ့ ဒီနာမည်ပြောင်တွေကို လက်ခံကြဦးမလား မသိဘူး’
နီယန်မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ယန်ကွေ့ပေါင်သည် ချက်ချင်း မတ်မတ်ရပ်လိုက်ပြီးနောက် မျက်နှာပေါ်မှ မျက်ရည်များအား သုတ်ကာ အော်ပြောလိုက်သည်။
"ဟုတ်တယ် ငါတို့ 'ဂေါ်' မျိုးဆက်က ယောက်ျားတွေ ဘယ်တော့မှ မငိုဘူး"
နီယန်မှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အင်း အဲ့ဒါမှ ယောက်ျားလေးအစစ်"
ဂေါ်တန်မှ ချက်ချင်း ကန့်ကွက်လိုက်ပြီး ပြောလိုက်သည်။
"မမနီယန် ပြောတာ မှားတယ် သားတို့က ယောက်ျားကြီးတွေပါ"
"အင်း"
ယန်ကွေ့ပေါင်သည်လည်း မျက်နှာပေါ်တွင် မျက်ရည်များ ရှိနေဆဲ ဖြစ်သော်လည်း ထောက်ခံလိုက်ပြီး ပြောလိုက်သည်။
"သားတို့က ယောက်ျားကြီးတွေ"
သူတို့အားလုံးသည် မမနီယန်အား ကာကွယ် ပေးနိုင်သော ယောက်ျားကြီးများ ဖြစ်ကြလေသည်။ အချိန် အနည်းငယ် ကြာအောင် နှစ်သိမ့် ပေးပြီးနောက် ယန်ကွေ့ပေါင်မှာ နောက်ဆုံးတွင် ပြန်လည် ပြုံးရွှင်လာခဲ့သည်။ နီယန်သည် ယနေ့ ဝယ်လာသော အစားအသောက်များအား သတိရသွားပြီး ပြောလိုက်သည်။
"မင်းတို့ လေးယောက် သွားပြီး တခြားကလေးတွေ အကုန်လုံးကို သွားခေါ်ချေ ဒီည ကွေ့ပေါင်အတွက် နှုတ်ဆက်ပွဲ အဖြစ် မမနီယန်တို့ အိမ်မှာ ညစာစားကြမယ်"
"ရေး ရေး"
ဂေါ်တန်မှ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်မိသည်။
"ဒါဆို အားလုံးကို အခုသွားခေါ်လိုက်မယ်"
နီယန်မှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"သွားကြလေ"
ယန်ကွေ့ပေါင် ဂေါ်တန် ဝမ်ရှောင်ချင်နှင့် ဝမ်ယွမ်ကျီတို့မှာ မျက်စိတစ်မှိတ် အတွင်း ပြေးထွက်သွားကြလေသည်။ ညစာစားရန် ဧည့်သည်များ လာမည်ဟု ကြားသည်နှင့် နီချွေ့ဟွာသည် ဟင်းသီးဟင်းရွက်များ စတင်၍ ဆေးကြောနိုင်ရန် ဒီည ဘာစားကြမည်အား နီယန်ထံ ချက်ချင်း လာရောက် မေးမြန်းတော့သည်။
နီယန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီည ဟော့ပေါ့စားကြမယ်လေ အမေ အသားနည်းနည်း ပိုဆေး ထားလိုက် ငါးနဲ့ ပုစွန်လည်း နည်းနည်း ပိုလုပ်ထား သမီး ဒေါ်လေးကျိုးတို့ အိမ်ဘက် ခဏသွားလိုက်ဦးမယ် ပြန်လာမှ ချက်ပြုတ်တော့မယ်"
"အေးပါ"
နီချွေ့ဟွာမှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"မြန်မြန် သွားလေ"
သူမ၏ အခန်းထဲမှ ငွေအချို့အား ယူပြီးနောက် နီယန်သည် ကျိုးချင်းရှန်၏ နေအိမ်ဘက်သို့ လမ်းလျှောက် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွာသားများသည် နီယန်အား ဆက်တိုက်ဆိုသလို နှုတ်ဆက်ကြလေသည်။
ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်းတို့သည် အပြန်အလှန် ခံစားချက်များ ဖြစ်ကြသည်။ သူတစ်ပါး အောင်မြင်သည်အား မနာလိုတတ်သော ဝမ်ကျင်းဖန်မှ နီယန်အား အပြုံးမျက်နှာဖြင့် နှုတ်ဆက်လိုက်လေသည်။ သို့သော် နီယန် ကျောခိုင်းသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ကျင်းဖန်သည် ရွဲ့စောင်းကာ စတင် ပြောဆိုတော့သည်။
"ဒီကောင်မလေး ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတဲ့ အကျင့်တွေ မသင်ဘဲ အရှက်မရှိတဲ့ အလုပ်မျိုးစုံ လျှောက်လုပ်နေတာ ဒီလောက်တောင် အချိတ်အဆက်တွေ မိမိရရ ဝတ်စားထားတာ အခုရော ဘယ်သူ့ကို သွားမြူဆွယ်မလို့လဲ မသိဘူး"
"အမေ"
အခြားတစ်ဖက်မှ ပြေးဝင်လာသော ဖန်းဟူသည် ဝမ်ကျင်းဖန်အား ဒေါသတကြီး ကြည့်ကာ အော်ပြောလိုက်သည်။
"မမနီယန်ကို အဲ့ဒီလို ပြောခွင့်မရှိဘူး"
ဝမ်ကျင်းဖန်မှ ဖန်းဟူအား ငုံ့ကြည့်ကာ ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။
"နင့်နေရာ နင်နေစမ်း ကလေး နင့်ကိစ္စ မဟုတ်တာ ဝင်မပါနဲ့"
ဖန်းဟူလေးသည် မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီး ငိုယိုကာ အော်ဟစ်တော့သည်။
"မမနီယန်က အဲ့ဒီလိုလူမျိုး မဟုတ်ဘူး မမနီယန်က မဟုတ်ပါဘူးဆို"
ဖန်းဟူသည် နီမိသားစု၏ သုံးဆက်တိုင်တိုင်တွင် တစ်ဦးတည်းသော ယောက်ျားလေး အမွေ ဆက်ခံသူ ဖြစ်သည်။ ဝမ်ကျင်းဖန်သည် သမီး သုံးယောက် မွေးဖွား ပြီးနောက်မှ ဤအဖိုးတန် သားရတနာလေးအား ရရှိခဲ့ခြင်း ဖြစ်သည်။ ဖန်းဟူ မြေကြီးပေါ်တွင် ထိုင်ငိုနေသည်အား မြင်သောအခါ သူမ၏ နှလုံးသားမှာ ကြေကွဲသွားရသည်။
(**ဖန်းဟူက ဝမ်မိသားစု ဖြစ်ရမှာလို့ ထင်ပေမဲ့ နီချန်ကွေ့ ရှေ့မှာ ပြောထားပုံအရဆို နီယန် ခုလက်ရှိနေတဲ့ရွာမှာ နီမျိုးရိုးများပုံရပါတယ် ဆိုတော့ တရုတ်မှာက ဖခင်ဘက်က မျိုးရိုးကို ယူကြတာ ဆိုတော့ နီ မျိုးရိုး လို့ သုံးထားတာ ထင်ပါတယ် နီယန် ရဲ့ မျိုးရိုး နာမည် တူနေတာပါနော် သာသာ အမြင်ပါ စာရေးဆရာမှားရေးထားတာလည်း ဖြစ်နိုင်ပါတယ်**)
"အို ငါ့ရဲ့ အသည်းအသက်လေး ထပါ ထပါ မငိုနဲ့တော့နော်"
"မထဘူး"
ဖန်းဟူက ရှိုက်ငိုရင်း ဆက်ပြောလိုက်သည်။
"မမနီယန်က အဲ့ဒီလိုလူမျိုး မဟုတ်ဘူး"
ဝမ်ကျင်းဖန် မြင်တွေ့ခဲ့ရသော အရာများသည် သူမအား မကျေမနပ် ဖြစ်စေခဲ့သော်လည်း သားဖြစ်သူ ဤကဲ့သို့ ဖြစ်နေသည်အား မြင်ရသောအခါ အလိုလိုက်ရုံမှလွဲ၍ တခြားမရှိတော့ပေ။
"အေးပါ အေးပါ သားရဲ့ မမနီယန်က အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး အမေက နောက်လိုက်တာပါ"
ဖန်းဟူ၏ ငိုသံများ တဖြည်းဖြည်း တိတ်သွားပြီး ဝမ်ကျင်းဖန်အား ကြည့်ကာ ပြောလိုက်သည်။
"အမေ နောက်ဘယ်တော့မှ မမနီယန် အကြောင်း အဆိုး မပြောတော့ဘူးလို့ ကတိပေး"
ဝမ်ကျင်းဖန်မှ ဆက်၍ ကတိပေးလိုက်ရတော့သည်။
"အမေ ကတိပေးပါတယ် သားရဲ့ မမနီယန် အကြောင်း နောက်ဘယ်တော့မှ မကောင်းမပြောတော့ပါဘူး"
ထိုသို့ ပြောလိုက်သော်လည်း ဝမ်ကျင်းဖန်မှာ နီယန်နှင့် ပတ်သက်၍ သံသယဖြစ်နေဆဲပင် ဖြစ်သည်။ ကျင်းဟွာရွာသို့ ပထမဆုံး ပြောင်းလာစဉ်တွင် အဝတ်အစား စုတ်ပြတ် သတ်နေသော မိန်းမငယ်လေး တစ်ယောက်သည် ယခုအခါ ရုတ်တရက်ကြီး ဤမျှ ကောင်းမွန်စွာ ဝတ်စားဆင်ယင်နိုင်နေသည်။ အမှန်ပင် သံသယဖြစ်စရာ ကောင်းလှပေသည်။
နီယန်သည် မသင်္ကာစရာ ကောင်းသော အလုပ်တစ်ခုခု လုပ်နေခြင်း မဟုတ်ဟု ဝမ်ကျင်းဖန် လုံးဝမယုံကြည်ပေ။ သို့မဟုတ်ပါက ဤမျှများပြားသော ငွေကြေးများသည် ဤမျှမြန်ဆန်စွာ ဘယ်ကနေ ရောက်လာမည်နည်း။
"အမေ သစ္စာဆို"
ဖန်းဟူလေးမှ ရှိုက်ငိုရင်း ပြောလိုက်သည်။
"မမနီယန်အကြောင်း ထပ်ပြီး အဆိုးပြောရင် အမေ့သားက သားမွေးတဲ့အခါ အဲ့ဒီကလေးမှာ စအိုပေါက် ပါလာမှာ မဟုတ်ဘူးလို့"
ဤခေတ်အခါတွင် လူများသည် အယူသည်း တတ်ကြသည် ဖြစ်ရာ ထိုစကားအား ကြားသောအခါ ဝမ်ကျင်းဖန်မှာ အလွန်တရာ ကြောက်လန့်သွားပြီး ချက်ချင်းပင် အမြန်ပြောလိုက်လေသည်။
"ဖီ ဖီ ဖီ ကလေးစကားက ဘာအန္တရာယ်မှ မရှိပါဘူး ဘယ်သူက ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလို ကျိန်ဆဲမှာလဲ"