← Chapters

အခန်း ၁၃၂

Vol. 9 Ch. 132

အခန်း ၁၃၂

Vol. 9 Ch. 132

အခန်း ၁၃၂

ဖန်းဟူလေးမှ အလေးအနက်ထား၍ ပြောလိုက်သည်။

"ကလေးတွေရဲ့ ပါးစပ်ကထွက်တဲ့ စကားကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးတဲ့ အမေ မြန်မြန် သစ္စာဆိုလိုက် မဟုတ်ရင် အမေ့ရဲ့ နောင်လာမယ့် မြေးတွေက စအိုပေါက်မပါဘဲ လူ့လောကကို ရောက်လာလိမ့်မယ်"

ဖန်းဟူမှာ အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း အလွန် ပါးနပ်လှသည်။ ဝမ်ကျင်းဖန်သည် သူ့အပေါ်တွင် အလိုလိုက်ကြောင်းအား သူ ကောင်းစွာ သိပေသည်။ သူ၏ အနာဂတ် ကလေးများအား အလောင်းအစား အဖြစ် အသုံးပြုလိုက်လျှင် သူမအနေဖြင့် နီယန်အား မည်သည့်အခါမျှ ထပ်မံ၍ မကောင်းပြောရဲတော့မည် မဟုတ်ကြောင်းကိုလည်း သူ ကောင်းကောင်းကြီး သိပေသည်။ (**အလည်လေး**)

ဝမ်ကျင်းဖန်မှာ သားဖြစ်သူ၏ လူရွှင်တော်ဆန်ဆန် လုပ်ရပ်ကြောင့် အသက်ရှူပင် ရပ်လုမတတ် ဖြစ်သွားရတော့သည်။

‘ သူမလို ဉာဏ်ကောင်းလှသည့် မိန်းမဆီကနေ ဘယ်လိုလုပ်ပြီး ဒီလို ဉာဏ်နည်းတဲ့ သားမျိုး မွေးလာရတာလဲ’

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဝမ်ကျင်းဖန်မှာ မချိသွားဖြီးဖြင့် ကတိပေး လိုက်ရတော့သည်။ ထိုအခါမှသာ ဖန်းဟူလေးမှ ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အမေ ဆရာမက ပြောတယ် 'ကိုယ့်အမှားကို သိပြီး ပြင်နိုင်တဲ့သူတွေက ကလေးလိမ္မာလေးတွေ' တဲ့"

ဝမ်ကျင်းဖန် တစ်ယောက် သားဖြစ်သူမှ ပြန်ဆုံးမခြင်း ခံနေရသည့်အတွက် ဆွံအသွားခဲ့ရတော့သည်။ ထိုအချိန်လေးမှာပင် ဂေါ်တန်နှင့် ယန်ကွေ့ပေါင်တို့သည် ကလေးတစ်အုပ်အား ဦးဆောင်ကာ ပြေးလာကြပြီး လှမ်းခေါ်လိုက်ကြသည်။

"ဖန်းဟူ ဖန်းဟူ"

ဖန်းဟူမှ ချက်ချင်း လက်လှမ်းပြလိုက်ပြီး ပြေးသွားတော့သည်။

"လာပြီ လာပြီ"

ခဏမျှ တိုင်ပင်ပြီးနောက် ဖန်းဟူသည် ဝမ်ကျင်းဖန်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"အမေ ဒီည သား အိမ်မှာ ထမင်းမစားဘူးနော်"

ဝမ်ကျင်းဖန်မှ လှမ်းမေးလိုက်သည်။

"နင် အိမ်မှာ မစားရင် ဘယ်မှာ သွားစားမှာလဲ"

"ဒီည မမနီယန်က သားတို့ကို ကျွေးမလို့တဲ့"

‘မမနီယန်က သူတို့ကို ကျွေးမယ် နီယန်က ဒီကလေးတွေကို မြေကြီးတွေများ ကျွေးမလို့လား’

ဝမ်ကျင်းဖန်မှ ထိုသို့ တွေးမိသော်လည်း နှုတ်မှ ထုတ်မပြောခဲ့ပေ။ သူမမှ ပြန်ပြောလိုက်သည်။

"အိမ်ကို စောစောပြန်လာဖို့တော့ မမေ့နဲ့ဦး"

"ဟုတ်ကဲ့ပါ"

ဝမ်ကျင်းဖန် တစ်ဖန်ပြန်၍ ခေါင်းမော့ ကြည့်လိုက်ချိန်တွင် ဖန်းဟူတို့အုပ်စုမှာ အဝေး၌ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမသည် ပေါက်တူးအား ပခုံးပေါ်ထမ်းကာ အိမ်ပြန်လာခဲ့တော့သည်။ နီယန်မှာမူ ကျိုးချင်းရှန်၏ အိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒေါ်လေးဝမ်"

နီယန်မှ တံခါးအား ခေါက်ကာ အသံကို မြှင့်၍ မေးလိုက်သည်။

"အိမ်မှာ လူရှိလားရှင်"

အသံအား မှတ်မိသွားသဖြင့် ကျိုးချင်းရှန်သည် မီးဖိုချောင်ထဲမှ ချက်ချင်း ပြေးထွက်လာကာ ဆီးကြိုလိုက်သည်။

"ယန်ယန်ပါလား လာလာ အထဲဝင်ထိုင်"

နီယန်က ဆေးမြစ် တစ်ချောင်းတည်းဖြင့် ကျိုးချင်းရှန်၏ ချောင်းဆိုးနှင့် အအေးမိရောဂါကို ကုသပေးခဲ့သည့် အချိန်မှစ၍ ကျိုးချင်းရှန်သည် ဤလှပသော မိန်းမငယ်လေးအား ချစ်ခင် သဘောကျနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် သူမအနေဖြင့် အဆုတ်ပြုတ် ထွက်မတတ် ချောင်းဆိုးနေပါစေ ဂရုစိုက်ချင်မှ စိုက်ပေလိမ့်မည်။ သို့သော် ထိုစဉ်တွင် တစ်စိမ်း သက်သက်သာ ဖြစ်ခဲ့သော နီယန်မှာမူ အလွန်တရာ ကူညီရိုင်းပင်းခဲ့သည်။

"ဒေါ်လေးဝမ် ဦးလေးထျဲ့နျူ အိမ်မှာ ရှိလား"

ဟု နီယန်မှ မေးလိုက်သည်။ ကျိုးချင်းရှန်၏ ခင်ပွန်းဖြစ်သူ ဝမ်ထျဲ့နျူသည် နာမည်နှင့် လိုက်အောင် နွားတစ်ကောင် ကဲ့သို့ သန်မာ ထွားကြိုင်းသူ ဖြစ်သည်။ လူငယ်ဘဝတွင် ပန်းရံလုပ်ငန်းအား သင်ယူခဲ့ဖူးပြီး အိမ်များ ဆောက်လုပ်ခြင်းနှင့် ပြုပြင် မွမ်းမံခြင်းတို့ကိုလည်း ကျွမ်းကျင်လှပေသည်။ အကယ်၍ အလုပ်ရှိပါမူ သူတစ်ပါး အတွက် အိမ်သို့ သွားရောက် ဆောက်လုပ်ပေးလေ့ရှိပြီး အလုပ်မရှိပါမူ အိမ်တွင် လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်လေ့ရှိသည်။

သူ၏ ကြိုးစား အားထုတ်မှုကြောင့် သူတို့မိသားစုမှာ တင့်တောင့်တင့်တယ် နေထိုင် နိုင်ကြသည်။ နီယန် ယခု လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆိုင်ခန်း ပြုပြင်မွမ်းမံမည့် အလုပ်အား ဝမ်ထျဲ့နျူအား အပ်နှံရန် အတွက် ဖြစ်သည်။ တကယ်တမ်းတွင် နီယန်အနေဖြင့် မြို့ထဲမှ ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့အား ငှားရမ်း၍ ရနိုင်သော်လည်း ရွာသားများ အပေါ် ကျေးဇူး ဆပ်ချင်သောကြောင့် ဤအခွင့်အရေးအား အသုံးချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကျိုးချင်းရှန်မှ ပြန်ဖြေလိုက်သည်။

"ယန်ယန့်ဦးလေးက အပြင်မှာ ရှိတယ် ဒေါ်လေး သွားခေါ်ပေးမယ်"

နီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေးကျိုး"

ကျိုးချင်းရှန်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အို ကိစ္စမရှိပါဘူးကွယ် ယန်ယန် အထဲဝင်ထိုင်ဦး ဒေါ်လေး အခုချက်ချင်း ပြန်လာခဲ့မယ်"

နီယန်မှ ဝမ်ထျဲ့နျူအား မည်သည့် အတွက်ကြောင့် တွေ့ချင်မှန်း မသိသော်လည်း ကျိုးချင်းရှန်မှာမူ စိတ်အား ထက်သန်စွာဖြင့် သွားခေါ်ပေးခဲ့သည်။ မကြာမီပင် ကျိုးချင်းရှန်သည် ဝမ်ထျဲ့နျူ နှင့်အတူ ပြန်လည်၍ ရောက်ရှိလာခဲ့သည်။ အသွင်အပြင် ကြမ်းတမ်းသော်လည်း ဝမ်ထျဲ့နျူသည် အလွန် သဘောကောင်းသူ တစ်ဦးဖြစ်သည်။

"ယန်ယန် ဘာလို့ မတ်တတ်ရပ်နေတာလဲ လာလာ အထဲဝင်ထိုင်"

"ဦးလေးထျဲ့နျူ"

နီယန်က ဝမ်ထျဲ့နျူ၏ နောက်မှ အိမ်ထဲသို့ ဝင်လာခဲ့သည်။

"မိန်းမ မြန်မြန် လက်ဖက်ရည် သွားဖျော်ချေ"

ဟု ဝမ်ထျဲ့နျူမှ လှမ်းပြောလိုက်လေသည်။ နီယန်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဦးလေး ထျဲ့နျူရယ် သမီးအတွက် ဒုက္ခမခံပါနဲ့ သမီး ခဏနေရင် ပြန်တော့မှာပါ"

နီယန် စကားပြော၍ပင် မဆုံးသေးမီ ကျိုးချင်းရှန်သည် လက်ဖက်ရည် ဖျော်ပြီးနေပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေးဝမ်"

နီယန်မှ ယဉ်ကျေးစွာဖြင့် လက်ဖက်ရည်ခွက်အား လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်လေသည်။

"ဒေါ်လေးနဲ့ဆို ဒီလောက် အားနာနေစရာ မလိုပါဘူး"

လက်ဖက်ရည် တစ်ငုံ သောက် ပြီးနောက် နီယန်မှ ဝမ်ထျဲ့နျူနှင့် စီးပွားရေး အကြောင်း စတင်၍ ပြောဆိုတော့သည်။

"ဦးလေးထျဲ့နျူ သမီးရဲ့ ဆိုင်ခန်းက စတုရန်းမီတာ ငါးဆယ်လောက် ကျယ်တယ် မီးဖိုချောင်နဲ့ ရေချိုးခန်းပါ ထည့်တွက်ရင် စတုရန်းမီတာ ခြောက်ဆယ့်ငါးလောက် ရှိမယ် အဲ့ဒါ ရွာထဲက အလုပ်သမား ဆယ်ယောက်လောက် ခေါ်ခဲ့ပေးပါ"

နီယန် တွက်ချက် ကြည့်ပြီးပြီ ဖြစ်ရာ ကျင်းဟွာရွာတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများအား ဖယ်ချန်လိုက်ပါက လုပ်နိုင် ကိုင်နိုင်သော အလုပ်သမား ဆယ်ယောက်ခန့် ရှိကြောင်း သိထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်မှာ ပင်ပန်းသည် မှလွဲ၍ ကြီးကြီးမားမား ကျွမ်းကျင်မှု မလိုအပ်ချေ။ ခွန်အား စိုက်ထုတ်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်ရန်သာ လိုအပ်ပေသည်။ ဝမ်ထျဲ့နျူမှ တွေဝေစွာ နားထောင်နေပြီး သူကြားလိုက်ရသည့် အရာအား မယုံနိုင်အောင် ဖြစ်နေတော့သည်။

"ယန်ယန် ဦးလေးကို နောက်နေတာတော့ မဟုတ်ပါဘူးနော် မင်းမှာ တကယ်ပဲ ဆိုင်ခန်းရှိပြီး အဲ့ဒီဆိုင်ကို ပြင်ခိုင်းချင်တာလား"

မည်သို့ပင် ဖြစ်စေ နီယန်သည် ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ ဝမ်ထျဲ့နျူ အနေဖြင့် သံသယဝင်မိသည်မှာ သဘာဝပင် ဖြစ်သည်။

ဝမ်ထျဲ့နျူ၏ သံသယအား ကြိုတင်၍ ခန့်မှန်းထားသော နီယန်မှ ကြိုတင် ပြင်ဆင်လာခဲ့သော ငွေထုတ်ကြီးအား ထုတ်ယူလိုက်ပြီးနောက် ပြောလိုက်သည်။

"ဦးလေးထျဲ့နျူ သမီး ကြိုတင်ငွေ ပေးထားပါ့မယ် ကျွမ်းကျင် လုပ်သားအတွက် တစ်နေ့ကို သုံးယွမ် ရိုးရိုး အလုပ်သမား အတွက် တစ်နေ့ကို နှစ်ယွမ်ပါ"

All Chapters