အခန်း ၁၃၃
Vol. 9 Ch. 133
အခန်း ၁၃၃
‘ကျွမ်းကျင် လုပ်သား အတွက် သုံးယွမ် ရိုးရိုး အလုပ်သမားအတွက် နှစ်ယွမ်’
ဝမ်ထျဲ့နျူ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ ဤခေတ်ကာလတွင် သာမန် အလုပ်သမား တစ်ယောက်၏ လစာမှာ တစ်လလျှင် ယွမ် ၄၀ မျှသာ ရှိသည်။ ပုံမှန်အားဖြင့် သူ သူတစ်ပါး အတွက် အိမ်သွား ဆောက်ပေးလျှင်ပင် ကျွမ်းကျင် လုပ်သားအတွက် တစ်နေ့ တစ်ယွမ်နှင့် ရိုးရိုး အလုပ်သမားအတွက် ပြားရှစ်ဆယ့်ငါးပြားသာ တောင်းခံလေ့ ရှိပေသည်။
‘နီယန့်ဆီမှာက အဆပေါင်းများစွာ ပိုများနေတာပဲ’
သေချာသည်မှာ ဝမ်ထျဲ့နျူသည် သူတစ်ပါးအပေါ် အခွင့်အရေး ယူတတ်သူမျိုး မဟုတ်ပေ။ ထို့ပြင် နီယန်သည် မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်လေရာ သူမအပေါ် သူ မည်ကဲ့သို့ အခွင့်အရေး ယူရက်မည်နည်း။
"ယန်ယန် ဒီလောက် အများကြီး ပေးစရာ မလိုပါဘူး ပေါက်ဈေးအတိုင်းပဲ ပေးပါ ကျွမ်းကျင်လုပ်သား တစ်ယွမ် ရိုးရိုးအလုပ်သမား ပြားရှစ်ဆယ့်ငါးပြားပေါ့"
နီယန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ပြောင်းစရာ မလိုပါဘူး ဒါပေမဲ့ ဦးလေးထျဲ့နျူ သမီးမှာ တောင်းဆိုစရာ တစ်ခုရှိတယ်"
"ပြောလေ"
နီယန်မှ ဆက်၍ ပြောလိုက်သည်။
"ပြင်ဆင်စရာရှိတာ အားလုံးကို တစ်လအတွင်း ပြီးစေချင်တယ်"
"အဲ့ဒါကတော့ စိတ်မပူပါနဲ့ ဦးလေးတို့ဆီမှာ လူအများကြီး ရှိတာပဲ တကယ်တမ်းကျတော့ လဝက် အတွင်းတောင် အပြီးလုပ်ပေးလို့ ရပါတယ်"
ဟု ဝမ်ထဲ့နျူမှ အာမခံလိုက်သည်။ စတုရန်းမီတာ ၅၀ မျှသာ ကျယ်ဝန်းသော ဆိုင်ခန်းလေး ဖြစ်ကာ အလုပ်သမား စုစုပေါင်း တစ်ဆယ့် နှစ်ယောက် ရှိသည်။ "လူများလျှင် အလုပ်မြန်သည်" ဆိုသည့် စကားလိုပင် ဝမ်ထျဲ့နျူမှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် နီယန်၏ တောင်းဆိုချက်မှာ သူတို့အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး မဟုတ်ပေ။
"အလောတကြီး လုပ်စရာ မလိုပါဘူး"
နီယန်မှ ဆက်ပြောသည်။
"တစ်လအတွင်း ပြီးရင် ရပါပြီ သမီး နောက်လ ၂ ရက်နေ့မှာ ဆိုင်ဖွင့်ဖို့ စီစဉ်ထားတယ်"
ဝမ်ထျဲ့နျူမှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ စိတ်သာချ"
နီယန်မှ ထပ်မံ၍ မေးလိုက်သည်။
"ဦးလေးထျဲ့နျူ သမီးတို့ရွာမှာ ဘယ်သူက ဟင်းချက်အကောင်းဆုံးလဲ သိလား"
ယောက်ျားကောင်း တစ်ယောက်ဖြစ်သော ဝမ်ထျဲ့နျူမှာ မည်သို့မျှ မသိပေ။ ကျိုးချင်းရှန်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒေါ်လေး သိတယ် ဝမ်ကျင်းဖန်က ဟင်းချက် အရမ်းကောင်းတာ"
ဝမ်ကျင်းဖန်နှင့် သူမတို့ကြားတွင် သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ကျိုးချင်းရှန်မှာ အမှန်အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်သည်။ ဝမ်ကျင်းဖန်သည် အမှန်ပင် ဟင်းချက်ကောင်းသူ တစ်ဦးဖြစ်သည်။ နီယန်မှ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါဆို ဒေါ်လေးကျင်းဖန်ကိုပါ ခေါ်လိုက်ရအောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ နေ့လယ်စာ ချက်ခိုင်းဖို့လေ သူ့အတွက်တော့ ရိုးရိုး အလုပ်သမား တစ်ယောက်ရဲ့ လုပ်အားခကို ပေးမယ်"
ဝမ်ထျဲ့နျူမှ အနည်းငယ် မသက်မသာ ဖြစ်သွားပြီး ပြောလိုက်သည်။
"ယန်ယန် မင်းပေးတဲ့ လုပ်အားခက လုံလောက်တာ ထက်တောင် ပိုနေပါပြီ နေ့လယ်စာပါ ကျွေးစရာ မလိုပါဘူး"
နီယန်မှ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဦးလေးထျဲ့နျူ အားလုံးက ပင်ပင်ပန်းပန်း လုပ်ရတာလေ သမီးက အားလုံးကို အငတ်တော့ မထားနိုင်ပါဘူး ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့ သမီး ဦးလေးထျဲ့နျူကိုပဲ ယုံကြည်ပြီး အပ်လိုက်တော့မယ်နော် အားလုံး စီစဉ်ပြီးသွားရင် မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ နေ့လယ်လောက်မှာ မြို့ထဲက ဓာတ်ရထားဂိတ်မှာ သမီးနဲ့ လာဆုံပေးပါ သမီး ဆိုင်ခန်းကို ခေါ်သွားပေးမယ် ကဲ သမီး ပြန်တော့မယ်"
ကျိုးချင်းရှန်နှင့် ဝမ်ထျဲ့နျူတို့ နှစ်ဦးစလုံးသည် နီယန်အား ကပျာကယာ လိုက်လံ နှုတ်ဆက်လိုက်ကြသည်။ နီယန် ပြန်သွားပြီးနောက် ဝမ်ထျဲ့နျူမှာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကာ ထို့နောက်တွင်ပင် ကြောင်တောင်တောင် ဖြစ်နေဆဲပင် ဖြစ်သည်။ သူသည် ကျိုးချင်းရှန်အား မေးလိူက်သည်။
"မိန်းမ ငါ့ကို တစ်ချက်လောက် ဆိတ်ကြည့်စမ်းပါ ငါ အိပ်မက်မက်နေတာလား"
ကျိုးချင်းရှန်မှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ရှင် ဘယ်လောက်တောင် ဝမ်းသာနေလဲ ကြည့်ပါဦး ရှင် အိပ်မက်မက်နေတာ မဟုတ်ပါဘူး"
ဝမ်ထျဲ့နျူမှ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ယန်ယန်က ငါတို့ရွာရဲ့ ဉစ္စာစောင့်နတ်သမီးလေးပဲ"
ကျိုးချင်းရှန်သည်လည်း ထောက်ခံလိုက်သည်။
"ယန်ယန် တစ်ခုခုတော့ ဖြစ်လာမယ်ဆိုတာ ကျွန်မ အစကတည်းက သိသားပဲ"
ဝမ်ထျဲ့နျူမှ စားပွဲပေါ်တွင် နီယန် ချန်ထားခဲ့သော ငွေများအား ရေတွက် ကြည့်လိုက်ရာ စုစုပေါင်း ယွမ် ၉၃၀ တိတိ ရှိနေလေသည်။ ‘ကျွမ်းကျင် လုပ်သား နှစ်ယောက် အတွက် ၁၈၀ ယွမ် ရိုးရိုးအလုပ်သမား ဆယ်ယောက် အတွက် ၆၀၀ ယွမ် ပြီးတော့ ထမင်းချက်အတွက် ၆၀ ယွမ်’ အမှန်ပြောရလျှင် နီယန်သည် အလွန်ခိုင်မာပြီး ယုံကြည် စိတ်ချရသော အစီအစဉ်များအား ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။
နီယန်မှ သူ့အပေါ် ဤမျှ ယုံကြည်မှု ရှိနေမှတော့ သူသည်လည်း သူမ၏ ယုံကြည်မှုနှင့် ထိုက်တန်အောင် နေရပေမည်။ ဝမ်ထျဲ့နျူသည် သူ၏ လုပ်အားခ ယွမ် ၉၀ အား ထုတ်ယူကာ ကျိုးချင်းရှန်အား ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"မင်း ဒါလေး သိမ်းထားလိုက် ငါ တခြားလူတွေကို သွားရှာလိုက်ဦးမယ်"
ကျိုးချင်းရှန်က ငွေအား လှမ်းယူ လိုက်သော်လည်း ကြောင်တောင်တောင် ဖြစ်နေဆဲပင် ဖြစ်သည်။ ယခင်ကဆိုလျှင် ယွမ်ကိုးဆယ် ရရန် ဝမ်ထျဲ့နျူ အနေဖြင့် သုံးလတိုင်တိုင် အပင်ပန်းခံ အလုပ်လုပ်ခဲ့ရသည်။ အဆိုးရွားဆုံးမှာ သုံးလ ဆက်တိုက် ပုံမှန် အလုပ်ရရန် အာမခံချက် မရှိခြင်းပင် ဖြစ်သည်။ သူ အိမ်သို့ အများဆုံး ပြန်သယ် လာနိုင်ခဲ့သော ငွေမှာ ယွမ်လေးဆယ်ကျော်သာ ရှိခဲ့လေသည်။
ဤပြောင်းလဲမှုများ အားလုံးသည် ကျိုးချင်းရှန်၏ ရင်ထဲတွင် နက်ရှိုင်းလှသော ကျေးဇူးတင်စိတ်များအား နိုးကြားလာစေခဲ့သည်။ ငွေများအား ကိုင်ဆောင်ကာ ဝမ်ထျဲ့နျူသည် တစ်အိမ်တက်ဆင်း လိုက်လံ ပြောဆိုတော့သည်။ အခြေအနေများအား ရှင်းပြ ပြီးနောက် ငွေကိုပါ တပြိုင်နက် ရရှိသောအခါ ရွာသားများမှာ အလွန်တရာ ဝမ်းသာသွားကြပြီး ပါးစပ်များပင် ပိတ်မရအောင် ပြုံးရွှင်နေကြသည်။
ယခုအချိန်သည် လယ်ယာလုပ်ငန်းများ အားလပ်နေချိန် ဖြစ်လေရာ ရုတ်တရက် အလုပ် ရလာသည့် အပြင် ပေါက်ဈေးထက် အဆပေါင်းများစွာ များပြားသော လုပ်အားခကိုပင် ချက်ချင်း လက်ငင်း ရရှိလိုက်ခြင်းသည် သူတို့အား သဘာဝကျကျပင် အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။
‘ယွမ် ၆၀ ဆိုသည်မှာ လယ်ယာလုပ်ငန်း တစ်ရာသီလုံး ပင်ပန်းခံ လုပ်ခဲ့လျှင်ပင် ထိုမျှလောက် မရနိုင်ပေ။ နီယန်သည် သူတို့ရွာရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပင် ဖြစ်ချေသည်။ နောက်ဆုံး သွားရမည့် အိမ်မှာ ဝမ်ကျင်းဖန်၏ အိမ်ဖြစ်သည်။
သူ ရောက်သွား သောအခါ ဝမ်ကျင်းဖန်သည် ကြက်စာ ကျွေးနေခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ နီဖာချိုက်မှာ အစောပိုင်းတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အလုပ်ကြမ်းများ မလုပ်နိုင်သဖြင့် မီးဖိုချောင်ထဲတွင် ဟင်းချက်နေခဲ့သည်။ ဝမ်ထျဲ့နျူအား မြင်သောအခါ ဝမ်ကျင်းဖန်မှ ဖော်ရွေစွာဖြင့် မေးမြန်းလိုက်လေသည်။
"အစ်ကိုထျဲ့နျူ ဘာကိစ္စ ရှိလို့လဲ"