← Chapters

အခန်း ၁၃၅

Vol. 9 Ch. 135

အခန်း ၁၃၅

Vol. 9 Ch. 135

အခန်း ၁၃၅

အိုးထဲတွင် ဆူပွက်နေသော နီရဲရဲ ငရုတ်ဆီနှစ်များသည် ကလေးငယ်များ၏ ကျေနပ်အားရနေသော မျက်နှာလေးများကအား ပိုမိုထင်ရှားစွာ ပေါ်လွင်စေခဲ့သည်။ ဤမြင်ကွင်းအား ကြည့်နေရုံမျှဖြင့် နီယန်မှာ ကိုယ်တိုင် ဘာမှ မစားရလျှင်ပင် ရင်ထဲတွင် ကြည်နူးကျေနပ်မှုများ အပြည့်အဝ ဖြစ်တည်နေတော့သည်။

ထိုနေ့တွင် နီယန်သည် ဟင်းလျာ များစွာကို ပြင်ဆင် ချက်ပြုတ်ပေးခဲ့လေရာ အားလုံးမှာ ပြောင်သလင်းခါသွားသည် အထိ အကုန်အစင် စားသောက်ခြင်း ခံလိုက်ကြရသည်။

တစ်နာရီခန့် အကြာတွင်မူ ကလေးများ အားလုံးမှာ ဗိုက်ကလေးများ စူထွက်တင်းမာနေပြီး ကုလားထိုင်များပေါ်တွင် မှီတွယ် လှဲလျောင်းနေကြကာ လက်တစ်လုံးမျှပင် မလှုပ်ချင် မရှားချင် ဖြစ်နေကြတော့သည်။ သူတို့အားလုံး ဤအစားအသောက်များအား အပြတ်အသတ် အရသာခံကာ စားသုံးခဲ့ကြသည် မဟုတ်ပါလား။

နှစ်သစ်ကူး ပွဲတော်ရက်များတွင်ပင် ဤမျှလောက် စားကောင်း သောက်ကောင်းများကို သူတို့ တစ်ခါမျှ မစားခဲ့ဖူးကြပေ။ ထို့နောက် နီယန်မှ အားလုံး ဝေမျှ သောက်သုံးနိုင်ရန် ကြာဖက်ဖြင့် ပြုလုပ်ထားသော ရေနွေးကြမ်း အေးအေးလေးကို ပြင်ဆင်ပေးလိုက်သည်။

တစ်ခါတစ်ရံ ကလေးများ အစားအလွန်အကျွံ စားမိကြသောအခါ အစာမကြေခြင်းအား လွယ်ကူစွာ ဖြစ်ပေါ်စေတတ်သည်။ ကြာဖက် ရေနွေးကြမ်းတွင်မူ အပူကင်းစင်စေခြင်း စိုထိုင်းဆအား ဖယ်ရှားပေးခြင်း သွေးခဲခြင်းကို ပျောက်ကင်းစေခြင်းနှင့် အစာခြေဖျက်မှုစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများ ပါဝင်လေသည်။

ညစာ စားပြီးချိန်တွင် ညနေ ခြောက်နာရီပင် ကျော်လွန်နေပြီ ဖြစ်သော်လည်း အမှောင်ထုသည် လုံးလုံးလျားလျား ကြီးစိုး မလာသေးချေ။ ကလေးများ အားလုံးသည် နီယန်အား ကျေးဇူးတင်စကား ဆိုကြ ပြီးနောက် ကျန်ရှိနေသေးသော နေရောင်ခြည်ကို အခွင့်ကောင်းယူကာ အိမ်အသီးသီးသို့ ပြန်သွားကြသည်။

ဖန်းဟူ အိမ်သို့ ရောက်ရောက်ချင်းပင် ဝမ်ကျင်းဖန်မှ သူ့ကို ကောက်ချီလိုက်ပြီး မေးလိုက်သည်။

"သားလေး ဒီည မမနီယန်က သားအတွက် ဘယ်လို အရသာရှိတဲ့ ဟင်းတွေ ချက်ကျွေးလိုက်လဲ"

ဖန်းဟူမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ သူ၏ အမေသည် မည်သည့်အချိန်မှ စ၍ မမနီယန်အပေါ် ဤမျှလောက် ဖော်ရွေသွားရလေသနည်း။

နေ့လယ်တွင် သူ ခြိမ်းခြောက်ခဲ့သည့် စကားက အလုပ် ဖြစ်သွားသည်များလား။ မည်သို့ပင် ဖြစ်စေ သူမသည် သူမ၏ မြေးဖြစ်လာမည့် သူအား စအိုပေါက် မပါဘဲ မမွေးဖွားစေချင်ဘူး မဟုတ်ပါလား။

‘ဟုတ်တယ် ဒါသေချာတယ်’

ဖန်းဟူမှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဒီည မမနီယန်က ဟော့ပေါ့ လုပ်ကျွေးတယ် သားက အသားတွေ အများကြီး စားခဲ့တာ အမေ ကြည့်ကြည့် သားဗိုက်လေးက ဘယ်လောက်တောင် ကားနေပြီလဲ"

ထိုသို့ပြောရင်း သူသည် အင်္ကျီအား လှန်တင်ကာ ဝမ်ကျင်းဖန်အား သူ၏ ဗိုက်အား ပြသလိုက်လေသည်။

‘ဪ သူတို့တွေ ဟော့ပေါ့စားခဲ့ကြတာကိုး’

‘မွှေးပျံ့နေတာလည်း မဆန်းပါဘူးလေ’

နီယန်သည် အမှန်ပင် ဟင်းချက်ကျွမ်းကျင်သူ တစ်ဦး ဖြစ်ရပေမည်။ သို့မဟုတ်ပါက မြို့ထဲတွင် စားသောက်ဆိုင် တစ်ဆိုင်အား သူမ မည်ကဲ့သို့ ဖွင့်လှစ်နိုင်မည်နည်း။ သူမသည် မိမိစိတ်နှင့် နှိုင်းကာ သူတစ်ပါးအား အကဲဖြတ်တတ်ပြီး နီယန့် အပေါ်တွင်ပင် အဆိုးမြင်ခဲ့မိသည်။ ထိုအကြောင်းအား ဝမ်ကျင်းဖန် တွေးမိတိုင်း သူမ၏ ရင်ထဲတွင် နောင်တတရားများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဝမ်ကျင်းဖန် စိတ်လွင့်နေသည်အား မြင်သောအခါ ဖန်းဟူမှ ဆက်လက်၍ ပြောလိုက်သည်။

"အမေ အမေ အမေ သားဗိုက်ကို ကြည့်ပါဦးဆို တကယ်ပြောတာ မမနီယန် ချက်တဲ့ ဟင်းတွေက အမေချက်တာထက်ကို အများကြီး ပိုစားလို့ကောင်းတယ်"

နောက်ဆုံးတွင် ဝမ်ကျင်းဖန် သတိပြန်ဝင်လာပြီးနောက် ဖန်းဟူ၏ မျက်နှာအနှံ့ကို အနမ်းများ ရွာချလိုက်ကာ ပြောလိုက်သည်။

"ငါ့သားလေးက တကယ်ကို တော်တာပဲ"

ရုတ်တရက် ချီးကျူးခံလိုက်ရသဖြင့် ဖန်းဟူမှာ အံ့အားသင့်ကာ ကြောင်အသွားခဲ့ရသည်။ သူသည် ချီးကျူးခံရ လောက်အောင် တစ်ခုခု လုပ်ခဲ့မိလို့လား သူ သေချာ မသိပါချေ။

ခဏအကြာတွင် ဝမ်ကျင်းဖန်က ဖန်းဟူအား အောက်ချပေးလိုက်ပြီး အိမ်တွင် အချိန်ကြာမြင့်စွာ သိမ်းဆည်းထားသော ကြက်ဥများနှင့် သလဲသီးများအား ထုတ်ယူလာခဲ့သည်။

"ဖန်းဟူ မနက်ဖြန်ကျရင် သား ဒီပစ္စည်းတွေကို မမနီယန့်ဆီ သွားပေးလိုက်နော် မမနီယန် လက်ခံအောင် သေချာပေးခဲ့ ကြားလား"

ဝမ်ကျင်းဖန်သည် အနည်းငယ် ကောက်ကျစ် တတ်သည် ဆိုသော်လည်း သူမသည် မေတ္တာအား မေတ္တာဖြင့် ပြန်လည် တုံ့ပြန်တတ်သူ ဖြစ်သည်။ ယခုအချိန်တွင် သူမသည် နီယန်အား သူမ၏ ကိုယ်ပိုင် မိသားစုဝင် တစ်ဦးကဲ့သို့ သဘောထားနေပြီ ဖြစ်သည်။ ဖန်းဟူမှ မယုံကြည်နိုင်သော လေသံဖြင့် မေးလိုက်သည်။

"အမေ ဒါတွေ အားလုံး တကယ်ကြီး မမနီယန့်အတွက်လား"

သူ၏ မိခင်သည် အလွန်တရာ စေးနှဲကြောင်း သူ သိထားလေသည်။ သူမ စုဆောင်း ထားသော ကြက်ဥများမှာ ရောင်းချရန် အတွက်သာ ဖြစ်ပြီး ပုံမှန်အားဖြင့် သူမ၏ အဖိုးတန် သားရတနာလေးကိုပင် တစ်လုံးမျှ နှမြော၍ ကျွေးလေ့မရှိပေ။ သို့ပါလျက် ယခုအခါ သူမသည် ဤကြက်ဥ တစ်ခြင်းလုံးအား နီယန့်အား ပေးရန် စီစဉ်နေသည်တဲ့လား။

ထို့အပြင် နီရဲနေသော သလဲသီးကြီး နှစ်လုံးလည်း ပါဝင်သေးသည်။ ဤသလဲသီးများအား ပြီးခဲ့သည့်အကြိမ် အလည် လာစဉ်တွင် သူ၏ အဘွားမှ တိတ်တဆိတ် ပေးခဲ့ခြင်း ဖြစ်သည်။ အဘွားသည် သုံးလုံးတည်းသာ ပေးခဲ့ခြင်း ဖြစ်သည်။ ဖန်းဟူသည် တစ်လုံး စားလိုက်ပြီး ကျန်သော နှစ်လုံးကိုမူ ဖြည်းဖြည်းချင်း စားရန် အတွက် ဝမ်ကျင်းဖန်မှ လျှို့ဝှက်စွာ သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်မှာ အမှန်တရားဟု ဆိုရန်ပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေခဲ့သည်။ သူ၏ မိခင်ဖြစ်သူ ဝမ်ကျင်းဖန်သည် မည်သည့် အချိန်မှ စ၍ ဤမျှလောက် ရက်ရောသွားရလေသနည်း။

ဖန်းဟူ၏ အမူအရာကို မြင်သောအခါ ဝမ်ကျင်းဖန်မှ ပြုံးလျက် မေးလိုက်သည်။

"ဘာလဲ သားက ဒါတွေကို မမနီယန့်ကို မပေးချင်လို့လား"

ဖန်းဟူမှ ခေါင်းအား အမြန်ရမ်းလိုက်ပြီး ပြောလိုက်သည်။

"လုံးဝ မဟုတ်ပါဘူး သား မမနီယန့်ကို ပေးချင်တာပေါ့"

ဝမ်ကျင်းဖန် စိတ်ပြောင်းသွားမည်အား စိုးရိမ်သဖြင့် သူသည် ခြင်းတောင်းကို ဆွဲယူကာ ပြောလိုက်သည်။

"သား အခုပဲ မမနီယန့်ဆီ သွားပေးလိုက်တော့မယ်"

ဝမ်ကျင်းဖန်မှ ဖန်းဟူ၏ လက်အား ဆွဲထားလိုက်ပြီး ပြောလိုက်သည်။

"အခု အမှောင်ကျနေပြီဆိုတော့ အန္တရာယ်များတယ် မနက်ဖြန် လင်းမှပဲ သွားတော့လေ စိတ်မပူပါနဲ့ အမေက ပြောပြီးရင် ပြောတဲ့အတိုင်း တည်ပါတယ် ပြန်မရုပ်သိမ်းပါဘူး"

"အမေ တကယ်ပြောနေတာလား"

ဟု ဖန်းဟူက သံသယဝင်စွာဖြင့် မေးလိုက်လေသည်။

"ဒါပေါ့ အမေ တကယ်ပြောတာ"

ဝမ်ကျင်းဖန်မှ အခိုင်အမာ ခေါင်းညိတ် ပြလိုက်တော့သည်။ ဝမ်ကျင်းဖန် အပေါ် သံသယ ဝင်နေဆဲဖြစ်သော ဖန်းဟူသည် သူ၏ လက်သန်းလေးကို ထုတ်ပေးလိုက်ကာ အလေးအနက် ကတိတောင်းလိုက်လေသည်။

"ဒါဆို လက်သန်းချိတ်ပြီး ကတိပေး အကယ်၍ အမေသာ ကတိဖျက်ရင် သားမွေးလာမယ့် ကလေးက စအိုပေါက် ပါလာမှာ မဟုတ်ဘူး"

ဝမ်ကျင်းဖန်မှ ရယ်မောလိုက်ပြီး ဖန်းဟူ၏ ခေါင်းအား ညင်သာစွာ ပုတ်လိုက်ကာ ပြောလိုက်သည်။

"ဒီမျောက်လောင်းလေးကတော့လေ ကို့အမေကို အဲ့ဒီစကားနဲ့ချည်းပဲ အမြဲ လာလာခြိမ်းခြောက်နေတယ်"

ချက်ချင်းပင် ဖန်းဟူမှ အလေးအနက်ထား၍ ပြောလိုက်သည်။

"အမေ ကတိပေးပါဆို"

"ကတိပေးပါတယ်တော်"

ဝမ်ကျင်းဖန်သည် သူမ၏ လက်အား ဆန့်ထုတ်ကာ သူနှင့် လက်သန်းချင်း ချိတ်လိုက်လေသည်။ နီယန်တို့ နေထိုင်ရာ နေရာတွင်မူ...

နီယန်သည် မုန်ညင်းချဉ်ငါးခေါက်ဆွဲနှင့် အဘွားအိုမူ အတွက် ညစာ ပြင်ဆင် ချက်ပြုတ်နေသဖြင့် အလုပ်များနေခဲ့သည်။ မနက်ဖြန်သည် သူမ၏ ခေါက်ဆွဲဆိုင် အတွက် နောက်ဆုံး နေ့ရက် ဖြစ်သောကြောင့် နီယန်သည် မုန်ညင်းချဉ်ခေါက်ဆွဲ အပွဲပေါင်း ရှစ်ရာကျော်ကို ပြင်ဆင်နေခြင်း ဖြစ်သည်။ ၎င်းမှာ ပုံမှန်ထက် အပွဲတစ်ရာခန့် ပိုများလှပေသည်။ ထို့အပြင် သူမသည် လွန်ခဲ့သော လ အနည်းငယ်ကတည်းမှ ကြိုတင် ပြင်ဆင်ထားခဲ့သော ကတ်ပြားငယ်လေး များစွာကိုလည်း အဆင်သင့် ပြင်ဆင် ထားလိုက်တော့သည်။

ခေါက်ဆွဲဆိုင်အား ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်လေရာ သူမအနေဖြင့် ကြိုတင် အစီအမံများကိုလည်း ချမှတ်ထားရန် လိုအပ်ပေသည်။ ဖောက်သည်ဟောင်းများ ကြားတွင် တစ်ဆင့် စကား တစ်ဆင့်နား သတင်းပျံ့နှံ့မှုသည် အလွန် အရေးကြီးလှသည်။ သို့မဟုတ်ပါက ဖောက်သည်သစ်များအား အစကနေ ပြန်လည်ရှာဖွေ စုဆောင်းရမည် မဟုတ်ပါလား။

All Chapters