အခန်း (၃၆၃-၃၆၄)
Vol. 31 Ch. 363-364
အခန်း(၃၆၃)
ဒီတောအုပ်ကို ကောင်းကောင်းကြီး ကျွမ်းကျင်နေတဲ့အတွက် လူယုတ်မာဓါးပြအဖွဲ့ဟာ ရွှေလမ်းမကြီးရှိမယ့်နေရာဆီကို အလွယ်တကူပဲ ဦးတည်သွားနိုင်ကြတယ်။ အခုအချိန်မှာတော့ သူတို့ဟာ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိဘဲ ရုတ်တရက် ထွက်ပေါ်လာတဲ့ အလွန်အမင်း လုံခြုံရေးကောင်းမွန်တဲ့ ခံတပ်ကြီးကို သတိပြုမိသွားကြပြီ။ ပင်မအဆောက်အအုံကို မလိုလားအပ်တဲ့ ကျူးကျော်သူတွေရန်ကနေ ကာကွယ်ဖို့အတွက် ကင်းမျှော်စင်တွေတင်မကဘဲ ကျုံးပါ တည်ဆောက်ထားတာပါ။
"ငါတို့ အဲဒီခံတပ်ကို မထိဘူး" လို့ သူ့နောက်က လူလေးဆယ်နီးပါးကို ဦးဆောင်လာတဲ့ ဓါးပြတစ်ယောက်က ပြောလိုက်တယ်။
ဒီလူကတော့ လူယုတ်မာဓါးပြအဖွဲ့ထဲက နောက်ထပ် အရာရှိကြီးတစ်ယောက်ဖြစ်ပြီး ဝါနိုပြီးရင် ဒုတိယအာဏာအရှိဆုံးသူပေါ့။ သူ့နာမည်က ခရက်ဘ် တဲ့။ ဓါးပြတွေအားလုံးလို ဓားတွေကို မသုံးဘဲ လက်နှစ်ဖက်စလုံးမှာ ကတ်ကြေးတွေကို အမြဲတမ်း သုံးစွဲလေ့ရှိတဲ့ သူ့ရဲ့ ဂဏန်းပုံစံမျိုးအလေ့အထကြောင့် ပေးထားတဲ့ အမည်ပြောင်တစ်ခုပါပဲ။ အကယ်၍သာ သူက ကြယ်ခြောက်ပွင့် ကျင့်ကြံခြင်းအဆင့် မရှိခဲ့ရင်တော့ လူအများက သူ့ရဲ့ ကတ်ကြေးတွေအပေါ် ထူးထူးဆန်းဆန်း စွဲလမ်းမှုကို လှောင်ပြောင် သရော်ကြမှာ အသေအချာပဲ။
သူ့ကို ဘလဇဲလ်ကိုယ်တိုင်က ဒီမစ်ရှင်အတွက် စိတ်ကြိုက်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရီနေးတားကို အထိနာစေမယ့် ထိုးနှက်ချက်မျိုး တစ်ခါမျှ မလုပ်နိုင်ခဲ့လို့ သူမက တော်တော်လေး စိတ်ပျက်ဒေါသထွက်နေပြီး ဒီတစ်ကြိမ်တော့ အနိုင်ရလဒ်တစ်ခုကို အလိုရှိနေခဲ့တာပါ။ ဒါကြောင့်လည်း ရီနေးတားရဲ့ ရွှေလမ်းမကြီးကို အစိမ်းလိုက်မှုတ်ပစ်ဖို့ သူ့ကို တာဝန်ပေးခဲ့ခြင်း ဖြစ်တယ်။
ကံကောင်းချင်တော့ အခုက ညအချိန်ဖြစ်နေပြီး ပတ်ဝန်းကျင်မှာ ကင်းလှည့်နေတာမျိုး လုံးဝမရှိပါဘူး။ သူတို့ဟာ အမှောင်ထုကို အကာအကွယ်ယူပြီး ဘိလပ်မြေတွေ တင်ဆောင်ထားတဲ့ ဧရာမ ကားကြီးရပ်နားစခန်းက ကားကြီးတွေ ဘေးနားက တဲလေးတွေဆီ ဖြည်းဖြည်းချင်း တိုးကပ်သွားကြတယ်။
"ကင်းထောက်။ မင်း ဘာမြင်ရလဲ" ခရက်ဘ်က သူ့ရဲ့ လက်ထောက်တစ်ယောက်ကို မေးလိုက်တယ်။ အဲဒီဓါးပြက သူ့ရဲ့ ကြယ်လေးပွင့်မန္တန်ကို အသုံးပြုပြီး မျက်လုံးရှေ့မှာ မှော်စက်ဝိုင်းတွေ ဖန်တီးလိုက်ကာ ဝေးကွာလှတဲ့ အကွာအဝေးကို မျက်စိရှေ့တည့်တည့် ရောက်နေသလိုမျိုး လှမ်းမျှော်ကြည့်လိုက်ပါတယ်။
"အတွင်းထဲမှာ လူအယောက်နှစ်ဆယ်လောက်ပဲ ရှိတယ်။ ဘယ်သူမှ လက်နက် ကိုင်မထားဘူး၊ လုပ်ငန်းသုံး ကိရိယာအချို့ပဲ ရှိတာ။ အရပ်သားတွေပဲ ဆရာ"
ခရက်ဘ် ပြုံးလိုက်တယ်။ နောက်ဆုံးတော့ ဘလဇဲလ်ဆီကို သတင်းကောင်း ပါးနိုင်တော့မယ့်ပုံပဲ။
"လမင်းကြီး တိမ်ကွယ်တဲ့အချိန်ကျရင် ငါတို့ စတိုက်မယ်" လို့ သူက အမိန့်ပေးလိုက်တယ်။
ကွက်တိပဲ၊ သူ့လူတွေထဲက တစ်ယောက်က စိုးရိမ်တကြီးနဲ့ သူ့နား တိုးလာတယ်။ "ဆရာခရက်ဘ်။ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးပဲ။ ဒီနားမှာရော ခံတပ်ဘေးမှာပါ ဘာလို့ ကင်းစောင့်တစ်ယောက်မှ မရှိရတာလဲ။ လုံးဝ ဟာလာဟင်းလင်းကြီး ဖြစ်နေတယ်"
ခရက်ဘ်က အဲဒီလူရဲ့ စိုးရိမ်ပူပန်မှုကို လက်ခါပြီး ပယ်ချလိုက်တယ်။
"သူတို့အကုန်လုံး ခံတပ်ထဲမှာပဲ ရှိနေမှာပေါ့၊ ခိုးဝင်ဖို့ ကြိုးစားတဲ့သူကို အထဲကနေ ချောင်းကြည့်နေကြတာ။ ဒါပေမဲ့ ငါတို့က အဲဒီနားကို သွားမှာမှ မဟုတ်တာ။ ငါတို့က ရွှေလမ်းမကြီးကိုပဲ အုပ်မှာ။ မင်း လမ်းဘေးပတ်ပတ်လည်မှာ ဘာမြင်လို့လဲ။ အကုန်လွတ်နေတာပဲ။ သူတို့ ပုန်းစရာ နေရာမှ မရှိတာ။ အဲဒီမှာ ကင်းစောင့်မရှိတာ ငါကျိန်းသေပေါက် ပြောရဲတယ်။ ရှိနေရင်တောင် သူတို့ ငါတို့ကို မြင်ရမှာ မဟုတ်ဘူး။ ဒါ ငါတို့ရဲ့ တောအုပ်ကွ။ ငါတို့က မျက်စိမှိတ်ထားရင်တောင် ဒီနေရာကို သူတို့ထက် ပိုကျွမ်းကျင်တယ်။ ဒီလိုမှောင်ကြီးမည်းမည်းထဲမှာ သူတို့ ငါတို့ကို မြင်နိုင်မှာ မဟုတ်ဘူး"
သူက ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် သူ့စကားက အတည်ပဲဖြစ်ပြီး စိုးရိမ်နေတဲ့ ဓါးပြလည်း ဆက်ပြီး စကားမဟရဲတော့ပါဘူး။
ဒါကြောင့် လမင်းကြီးဆီက အလင်းရောင် ကွယ်ပျောက်သွားတာနဲ့ အမျှ ဓါးပြလေးဆယ်ဟာ တဲတွေရှိရာဆီကို လှုပ်ရှားသွားကြတယ်။ တောအုပ်ကို ကောင်းကောင်းကြီး ကျွမ်းကျင်လှတဲ့အတွက် သူတို့ဟာ ဘာအသံမှ မထွက်၊ ဘာခြေရာမှ မချန်ဘဲ သွားနိုင်ကြတာပါ။
ဘယ်သူမှ သတိမထားမိခင်မှာပဲ သူတို့ရဲ့ ပစ်မှတ်ဆီကို ရောက်သွားခဲ့ကြတယ်။
ရီနေးတားအဖွဲ့သားတွေကတော့ တဲအပြင်ဘက်က ဓါးပြတွေကို လုံးဝ သတိမထားမိဘဲ တဲထဲမှာပဲ သီချင်းတွေဖွင့်၊ စကားတွေပြော၊ ဘီယာတွေသောက်ပြီး ပျော်ပါးနေကြဆဲပဲ။
ခရက်ဘ်က သူ့နောက်ကို လှည့်ကြည့်ပြီး လက်မြှောက်လိုက်တယ်။
"သုံး....နှစ်....တစ်....သွားမယ်" လို့ သူက အော်ဟစ်လိုက်ပြီး တဲတွေကို သူ့ကတ်ကြေးတွေနဲ့ ဖျတ်ခနဲ ဖြတ်တောက်ကာ စီးနင်းလိုက်ပါတော့တယ်။
ကျန်တဲ့ ဓါးပြတွေကလည်း လိုက်ပါလာပြီး ဓားတွေကို ဝှေ့ယမ်းကာ တဲအသီးသီးထဲကို အတင်းဝင်ရောက်သွားကြတယ်။
ရီနေးတားအဖွဲ့သားတွေဟာ လုံးဝ မျှော်လင့်မထားတဲ့အတွက် အနားကို ရောက်လာတဲ့ ခရက်ဘ်နဲ့ ဓါးပြတွေကို မြင်မြင်ချင်းပဲ တဲတွေထဲကနေ အလန့်တကြား တိုးဝှေ့ထွက်ပြေးကြတော့တယ်။
ဒါပေမဲ့ ဓါးပြတွေက သူတို့ကို ပတ်ပတ်လည် ဝိုင်းထားပြီးသားဖြစ်လို့ ထွက်ပြေးဖို့ လမ်းစမရှိတော့တာကို တွေ့လိုက်ရတဲ့အခါ သူတို့ အံ့ဩသွားကြရတယ်။
"မပူကြပါနဲ့၊ ငါတို့ မင်းတို့ကို မနာကျင်စေပါဘူး" ခရက်ဘ်က သူ့ကတ်ကြေးကို ညှပ်ပြရင်း ပြောလိုက်တယ်။ "မင်းတို့ ငါတို့ကို ဘိလပ်မြေစပ်တဲ့ နည်းလမ်းကို ပြောပြသရွေ့တော့ မင်းတို့ကို လွှတ်ပေးမှာပါ"
ရီနေးတားအဖွဲ့သားတွေထဲမှာ အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ အခြား အရပ်သားတွေ ပါဝင်နေတာပါ။ ကင်းထောက်ပြောခဲ့သလိုပဲ ဒီမှာ ထက်မြက်တဲ့ လက်နက် ကိုင်ဆောင်ထားသူတစ်ဦးမှ မရှိဘဲ ပေါက်ပြားတွေ၊ ပေတံတွေနဲ့ တူရိယာအချို့ပဲ ရှိကြတယ်။
အဲဒီအင်ဂျင်နီယာတွေထဲက တစ်ယောက်ကတော့ တခြားသူမဟုတ်ဘဲ ရီနေးတားကုမ္ပဏီရဲ့ ပါရမီရှင် အင်ဂျင်နီယာကြီး ခုန်း ပဲ ဖြစ်ပါတယ်။
သူကပဲ အခြေအနေကို ဦးဆောင်ပြီး ခရက်ဘ်ကို ရင်ဆိုင်လိုက်တယ်။
"ငါတို့ အဲလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အဲဒီဖော်မြူလာက ရီနေးတားကုမ္ပဏီရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်ပဲ။ မင်းတို့ကို နည်းလမ်းတော့ ပေးလို့မရဘူး၊ ဒါပေမဲ့ မင်းတို့ လိုချင်ရင် ဘိလပ်မြေတော့ ပေးနိုင်တယ်"
ခရက်ဘ်က ခေါင်းခါလိုက်တယ်။
"မလောက်ဘူး။ ငါတို့က ငွေတွင်းကြီးကို လိုချင်တာ။ ငါတို့ကိုယ်ပိုင် ဘိလပ်မြေကို ရောင်းပြီး ရွှေတွေ အများကြီး အများကြီး ရချင်တာ။ ဒါမှ နောက်ဆုံးတော့ ငါလည်း ဒီလူယုတ်မာဓါးပြအဖွဲ့ထဲကနေ ထွက်နိုင်မှာ"
ခုန်းက ခေါင်းခါပြတယ်။
"ငါ ငြင်းတယ်"
"ပြီးတော့ မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ" ခရက်ဘ်က လှောင်ပြောင်လိုက်တယ်။
"မင်းတို့ကို ကာကွယ်ပေးမယ့်သူ ဒီမှာ တစ်ယောက်မှ မရှိဘူး မဟုတ်လား"
"မှားနေပြီ" ခုန်းက ပြတ်ပြတ်သားသား တုံ့ပြန်တယ်။
"ငါတို့ကိုယ် ငါတို့ ကာကွယ်နိုင်တယ်"
"ဘာနဲ့လဲ။ ဟောဒီ ပေါက်ပြားတွေနဲ့လား။ ဟောဒီ ဂစ်တာတွေ၊ ဗုံတွေနဲ့လား"
ခရက်ဘ်နဲ့ ကျန်တဲ့ ဓါးပြတွေ အော်ဟစ်ရယ်မောလိုက်ကြတယ်။ ကြောက်မက်ဖွယ် လူယုတ်မာဓါးပြအဖွဲ့ကို တုံးအဆွေးမြည့်နေတဲ့ ကိရိယာကြမ်းတွေနဲ့ တိုက်ခိုက်မယ်ဆိုတာက တကယ်ကို ရယ်စရာကောင်းတဲ့ အတွေးပဲလေ၊ အထူးသဖြင့် ဓါးပြတွေရဲ့ လူအင်အားက သူတို့ထက် နှစ်ဆတောင် ပိုများနေတဲ့ အခြေအနေမှာပေါ့။
"မင်းတို့က ပြန်ချမလို့လား။ မင်းတို့လို ဆောက်လုပ်ရေးသမားတွေကလေ"
ခုန်းက ခေါင်းညိတ်ပြတယ်။ "အေး။ ငါ့ဘဝမှာ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး၊ ဒါပေမဲ့ မင်းလိုကောင်မျိုးကိုတော့ ငါ ကျိန်းသေ နှိမ်နင်းနိုင်တယ်"
ခရက်ဘ်က မျက်မှောင်ကုတ်သွားတယ်၊ ခုန်းရဲ့ ယုံကြည်ချက်အပြည့်နဲ့ စကားကြောင့် အစော်ကားခံလိုက်ရသလို ခံစားလိုက်ရလို့ပဲ။
"သူတို့ကို ဖျက်ဆီးပစ်စမ်း" ခရက်ဘ်က ဓါးပြတွေကို အမိန့်ပေးလိုက်တယ်။
ခုန်းနဲ့ ကျန်တဲ့ ရီနေးတားအဖွဲ့သားတွေဟာ သူတို့ရဲ့ လုပ်ငန်းသုံးကိရိယာတွေဖြစ်တဲ့ ပေါက်ပြားတွေ၊ ခဲတံတွေနဲ့ ပေတံတွေကို ကောက်ကိုင်လိုက်ကြတယ်။
အံ့ဩစရာကောင်းတာက အဲဒီ သာမန်လုပ်ငန်းသုံး ကိရိယာတစ်ခုချင်းစီဟာ လမင်းမရှိတဲ့ ညကောင်းကင်ယံအောက်မှာ တစ်တောလုံး လင်းထိန်သွားလောက်အောင် ပြင်းထန်ပြီး ကြီးမားတဲ့ စွမ်းအားတွေနဲ့ တောက်ပလာခဲ့တာပဲ။
"ဘာကြီးလဲဟ" ခရက်ဘ် ရေရွတ်လိုက်မိတယ်။
"ဒါတွေက တန်ဖိုးကြီးပစ္စည်းတွေပဲ။ သွားလုကြ"
ဓါးပြတွေဟာ ရီနေးတားအဖွဲ့သားတွေဆီကို ပြေးဝင်သွားကြပြီး သူတို့မျက်လုံးတွေထဲမှာ ကိရိယာတွေက ထွက်ပေါ်လာတဲ့ အလင်းရောင်တွေ အရောင်ပြန်ဟပ်နေတယ်။
"လမ်းရှင်းခြင်း" ခုန်းက အော်ဟစ်လိုက်ပြီး မြေကြီးကို ပြင်းပြင်းထန်ထန် နင်းချလိုက်တယ်။
သူ့ခြေထောက်အောက်က မြေပြင်က ကွဲအက်သွားပြီး သူ့ဆီ တည့်တည့်ပြေးလာတဲ့ ဓါးပြတွေဆီကို မျဉ်းဖြောင့်အတိုင်း တစ်ဟုန်ထိုး ပျံ့နှံ့သွားတော့တယ်။ လမ်းကြောင်းပေါ်မှာရှိတဲ့ ကျောက်ခဲတွေနဲ့ သစ်ပင်ငယ်လေးတွေပါ အက်ကွဲကြောင်းတွေ ရောက်ရှိသွားတာနဲ့အမျှ လေထဲကို လွင့်စင်တက်ကုန်ကြတယ်။
ဓါးပြတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်မန္တန်တွေကို အသက်သွင်းလိုက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ ဓားတွေရဲ့ ပတ်ပတ်လည်မှာ မှော်စက်ဝိုင်းတွေ ဖန်တီးလိုက်ကြတယ်။
လမ်းကြောင်းတည့်တည့်မှာ ရှိနေတဲ့ ဓါးပြတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ဆီ လာနေတဲ့ မြေပြင်မန္တန်ကို ကာကွယ်ဖို့ ဓားကို တစ်ချက်တည်း ဝှေ့ယမ်းလိုက်တယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် မြေပြင်မန္တန်နဲ့ ပြန်လည် တုံ့ပြန်လိုက်တယ်။
ဓါးပြရဲ့ ဓားဖျားမှာ ဧရာမ ကျောက်တုံးကြီးတစ်ခု ပုံဖော်လာပြီး ပြန့်ကားလာတဲ့ အက်ကွဲကြောင်းတွေဆီကို ပစ်လွှတ်လိုက်တယ်။
အဲဒီဓါးပြက သူ့ရဲ့ မန္တန်က အက်ကွဲကြောင်းတွေကို ဖိနှိပ်ပစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ဆက်လက် ပြေးဝင်နေတုန်းပဲ။
ဒါပေမဲ့ အံ့ဩသွားတဲ့ ဓါးပြဆီကို မရောက်ခင်မှာတင် အဲဒီကျောက်တုံးကြီးဟာ အပိုင်းအစ သန်းပေါင်းများစွာအဖြစ် လုံးဝ ခြေမွပျက်စီးသွားပြီး ဓါးပြကိုပါ လေထဲ မီတာနှစ်ဆယ်လောက် လွင့်စင်တက်သွားစေခဲ့တယ်။
အခြား ရီနေးတားအဖွဲ့သားတွေကလည်း အလားတူ မန္တန်တွေကို ထုတ်ဖော်လိုက်ကြရာ တစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်မှုက ဓါးပြတစ်ယောက်ချင်းစီကို ထိမှန်ပြီး သစ်ပင်တွေရဲ့ အထက်ဆီကို လွင့်ပျံသွားစေခဲ့တော့တယ်။
"ဘာလဲဟ။ ဒါ မဖြစ်နိုင်တာ"
ရီနေးတားအဖွဲ့သားတွေဟာ စစ်ပွဲအတွက် တည်ဆောက်ထားတာ မဟုတ်တဲ့ သာမန် ကိရိယာတွေကို သုံးနေတာတောင်မှ သူတို့ဆီ ပြေးဝင်လာတဲ့ ဓါးပြတွေရဲ့ ပထမလှိုင်းကို တောင့်ခံထားနိုင်ခဲ့ကြတယ်။ ဒါဟာ မီသရယ် မှော်ဝင်ပစ္စည်းတွေရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။
"တောက်။ ဒါတွေ အသာထား။ ငါတို့မှာ လူအင်အား အသာစီး ရှိသေးတယ်။ သူတို့ကို ဝိုင်းလိုက်ကြ" ခရက်ဘ်က ဓါးပြတွေကို အော်ဟစ် အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ ကျိန်းသေတာကတော့ ဓါးပြတွေဟာ ယေဘုယျအားဖြင့် ရီနေးတားအဖွဲ့သားတွေထက် ပိုပြီး သန်မာကြပါတယ်။ သူတို့ရဲ့ လူအင်အားနဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေက ရီနေးတားအဖွဲ့သားတွေရဲ့ အံ့ဩစရာကောင်းလောက်အောင် ပြင်းထန်တဲ့ မန္တန်တွေကို ပြန်လည် ဖိနှိပ်နိုင်စေခဲ့တယ်။
"မင်းတို့ ဒါအတွက် နာကျင်ရမယ်" ခရက်ဘ်က ခြိမ်းခြောက်လိုက်တယ်။
သူ့ဆီကို ဓါးပြအများကြီး ပြေးဝင်လာတဲ့ ဖိအားကို ခံစားလိုက်ရပြီးနောက် ခုန်းက နောက်လှည့်ကြည့်ပြီး သူ့နောက်က လူတွေကို ခေါင်းညိတ်ပြလိုက်တယ်။
ဒီလူအယောက်တစ်ဆယ်လောက်ကတော့ အင်ဂျင်နီယာတွေ ဒါမှမဟုတ် ဆောက်လုပ်ရေးသမားတွေ မဟုတ်ကြပါဘူး။
ဒါကြောင့် သူတို့ဟာ ဗုံတွေ၊ ဂစ်တာတွေနဲ့ ပုလွေတွေကို ကိုင်ဆောင်လိုက်ကြပြီး တစ်တောလုံး ပဲ့တင်ထပ်သွားစေမယ့် မြူးကြွတဲ့ သီချင်းသံစဉ်တစ်ခုကို သီဆိုလိုက်ကြတော့တယ်။
* * * * * * * *
စာစဉ်(၃၁)
အခန်း(၃၆၄)
တူရိယာသမားတွေက သူတို့ရဲ့တူရိယာတွေကို ပြိုင်တူကျယ်ကျယ်လောင်လောင် တီးမှုတ်လိုက်ကြတဲ့အတွက် ဓားပြတွေခမျာ အံ့ဩတုန်လှုပ်ပြီး နားတွေကို အတင်းပိတ်ထားလိုက်ရတယ်။ ချက်ချင်းပဲ သူတို့ခေါင်းထဲ ပထမဆုံးဝင်လာတဲ့ အတွေးကတော့ ဒီတူရိယာသမားတွေဟာ တေးဂီတနဲ့ ရဲတိုက်ထဲက ကင်းစောင့်တွေကို သတိပေးဖို့ ကြိုးစားနေတာပဲ ဆိုတာပါပဲ။ ဒါကြောင့်လည်း ရန်သူ့စစ်ကူတွေ မရောက်လာခင် တိုက်ပွဲကို အမြန်အဆုံးသတ်ချင်ဇောနဲ့ ဓားပြတွေဟာ အင်ဂျင်နီယာတွေကို ပိုပြီးတော့တောင် အတင်းအဓမ္မ ထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာကြတယ်။
ခရက်ဘ် ကိုယ်တိုင်လည်း လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီ။ သူ့ရဲ့ လက်သည်းညှပ်ကြီးတွေဆီကနေ အပြာရောင်အလင်းတွေ တောက်ပလာပြီး သူ့ပတ်ပတ်လည်မှာ ရေတွေ ဖြစ်တည်လာကာ ရေမှော်စွမ်းအင်နဲ့ လုပ်ထားတဲ့ ဧရာမ ကဏန်းလက်သည်းညှပ်ကြီးတွေ ပေါ်လာတယ်။
သူက ရီနေးတား အရပ်သားတွေရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ ခုန်း ဆီကို တရှိန်ထိုး ပြေးဝင်သွားတော့တယ်။
သူ့လက်ကောက်ဝတ်မှာရှိတဲ့ မှော်စက်ဝိုင်းထဲကနေ ရေတွေ ပိုပြီးထွက်လာတာနဲ့အမျှ သူ့ရဲ့ ရေလက်သည်းညှပ်ကြီးတွေကလည်း တဖြည်းဖြည်း ပိုကြီးလာတယ်။ ကြည့်ရတာ လူတစ်ယောက်ကို ဘာပြဿနာမှမရှိဘဲ နှစ်ပိုင်းပြတ်သွားအောင် ဖြတ်တောက်ပစ်နိုင်မယ့် ပုံစံမျိုးပဲ။
"မိစ္ဆာကျူရိုင်း"
ခရက်ဘ် က ကြယ်ငါးပွင့်မန္တန်ကို သုံးပြီး အော်ဟစ်လိုက်တယ်။ ရေလက်သည်းညှပ်ကြီးတွေက ခုန်း ကို နှစ်ပိုင်းပိုင်းပစ်ဖို့ ရည်ရွယ်ချက်နဲ့ သူ့ဆီကို တရှိန်ထိုး ပြေးဝင်သွားပါတော့တယ်။
ခုန်း ရဲ့ မာကျောတဲ့ ဦးထုပ်က နီကျင့်ကျင့်အလင်းရောင် တောက်ပလာတာက သူ မီသရယ် မှော်ဝင်ပစ္စည်း ကို သုံးလိုက်ပြီဆိုတဲ့ အချက်ပြပဲ။
"ဟား ဟား ဟား၊ အဲဒါလောက်နဲ့တော့ မလောက်ပါဘူးကွာ"
ခရက်ဘ် က သူ့ကို သတိပေးလိုက်တယ်။ သူတို့လို အင်ဂျင်နီယာတွေက ဒီလိုဆန်းကြယ်တဲ့ ကိရိယာတွေကတစ်ဆင့် ဒီလောက်ပြင်းထန်တဲ့ မှော်ပညာကို ဆင့်ခေါ်နိုင်တာကို သူ အံ့ဩမိပေမဲ့ အဲဒါက သူ့လို ကြယ်ခြောက်ပွင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးပါဘူး။
ခရက်ဘ် ရဲ့ အတွက်အချက်အရတော့ ရိုးရိုး ကြယ်ငါးပွင့်မန္တန် တစ်ခုတင် သူ့ကို အနိုင်ယူဖို့ လုံလောက်နေပါပြီ။
သူ့ရဲ့ ရေလက်သည်းညှပ်ကြီးတွေက ခုန်း ဆီကို ပိတ်ဆို့ နီးကပ်လာတယ်။
အဲဒီအချိန်မှာပဲ ခုန်း က လက်ကိုမြှောက်ပြီး မှော်စက်ဝိုင်းတစ်ခုကို ဆင့်ခေါ်လိုက်တယ်။ မှော်စွမ်းအင်တွေက သူ့လက်ဖဝါးထဲကနေ စီးဆင်းပြီး မြေကြီးထဲအထိ ရောက်သွားကာ မြေကြီးကို အပေါ်ကို ဆွဲတင်လိုက်ပြီး နောက်ဆုံးမှာတော့ ရေလက်သည်းညှပ်ကြီးတွေကို ကာကွယ်ဖို့ ဧရာမ အဆောက်အအုံကြီးတစ်ခု ဖြစ်တည်လာပါတော့တယ်။
ခရက်ဘ် က သူ့ရဲ့ ခွန်အားအောက်မှာ ဒီမြေတံတိုင်းကြီး ပြိုလဲပျက်စီးသွားလိမ့်မယ်လို့ တွေးပြီး မြေတံတိုင်းပေါ်ကို သူ့လက်သည်းညှပ်တွေနဲ့ အတင်းညှပ်ပစ်လိုက်တယ်။
ဒါပေမဲ့ တံတိုင်းကို ညှပ်မိလိုက်တဲ့အချိန်မှာပဲ ခရက်ဘ် ဟာ ဘယ်လိုမှ ရွှေ့လို့မရနိုင်တဲ့ အသည်းအသန် မာကျောလှတဲ့ တံတိုင်းကြီးတစ်ခုကို ခံစားလိုက်ရတယ်။ သူ့ရဲ့ ရေလက်သည်းညှပ်ကြီးတွေက သံထည်တွေကိုတောင် ကိုက်ဖြတ်နိုင်စွမ်းရှိတာ တောင်မှ အခုတော့ ရိုးရိုး မြေကြီးနဲ့လုပ်ထားတဲ့ တံတိုင်းတစ်ခုကိုတောင် မဖျက်ဆီးနိုင်ဘဲ ဖြစ်နေရတယ်။
'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ခရက်ဘ် က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါ ဒီပြဿနာကို သူတစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေက သူတို့ရဲ့ ထိုးစစ်ဆင်မှုကို ကာကွယ်ဖို့ ရိုးရိုး မြေဒြပ်စင်မန္တန်တွေကို သုံးနေကြတာကြောင့် သူ့ဘေးက တခြားဓားပြတွေလည်း နောက်ကို လွင့်စင်ထွက်ကုန်ကြပြီ။
အဝါရောင် ဟော့ဘ်မျောက်လူ သုံးကောင်က မိုက်ခရိုဝေ့ဖ် လေစီးကြောင်းကို သုံးလိုက်ပြီး သူတို့ဆီ ပြေးလာနေတဲ့ ဓားပြတွေဘက်ကို ပြင်းထန်တဲ့ အပူလှိုင်းကြီးတစ်ခု ဖန်တီးလိုက်တယ်။
"ငါ... ငါ မယှဉ်နိုင်တော့ဘူး"
ဆောက်လုပ်ရေးလုပ်သား လေးယောက်က ကွန်ကရစ်ဖျော်ခြင်းမန္တန် ကို သုံးပြီး ဧရာမ ရေလုံးကြီးတစ်ခုကို ပုံဖော်ကာ ဓားပြတွေကို အထဲမှာ ပိတ်လှောင်လိုက်တယ်။ ဓားပြတွေက ဒီရေလုံးကြီးထဲကနေ ရုန်းထွက်ဖို့ သူတို့ရဲ့ ကြယ်လေးပွင့် ဓားမန္တန်တွေကို သုံးပြီး ကြိုးစားကြပေမဲ့ ဘာမှထူးမလာပါဘူး။ နောက်ဆုံးတော့ သူတို့ခမျာ ဆောက်လုပ်ရေးလုပ်သားတွေ အခေါ် အဝတ်လျှော်စက် လို ခံစားချက်မျိုးကို ကြုံတွေ့လိုက်ရတော့တယ်။
ဒီ ကြယ်လေးပွင့်အဆင့် ဓားပြတွေဟာ တိုက်ခိုက်ရေးအတွက် မဟုတ်တဲ့ ဒီမန္တန်တွေကို ပြန်လည်ခုခံဖို့ ဘယ်လိုမှ မဖြစ်နိုင်သလောက် ဖြစ်နေခဲ့ရတယ်။
ဘာပဲဖြစ်ဖြစ် ဒီရီနေးတား အရပ်သားတွေက ပြန်လည်တိုက်ခိုက်နေကြပြီ။ ဓားပြတွေခမျာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်တင် အသည်းအသန် ရုန်းကန်နေရတဲ့ အခြေအနေ ရောက်သွားပြီ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ။ မင်းတို့ ဒီတန်ခိုးတွေကို ဘယ်ကနေ ရတာလဲ"
ခရက်ဘ် က ခုန်း ကို အော်ဟစ်မေးမြန်းလိုက်တယ်။
သူတို့ သုံးနေတဲ့ ဆန်းကြယ်တဲ့ ကိရိယာတွေက သူတို့ကို တစ်စုံတစ်ရာသော စွမ်းအားတွေ ပေးစွမ်းထားတယ်ဆိုတာ သူတို့ သိထားကြတယ်။ ခရက်ဘ် ရဲ့ တွက်ချက်မှုအရဆိုရင် အဲဒီကိရိယာတွေက သူတို့ရဲ့ ပုံမှန်ကျင့်စဉ်ထက် ကြယ်တစ်ပွင့်အဆင့် ပိုမြင့်သွားစေနိုင်တယ်။
ဒါကြောင့်လည်း ဒီ ကြယ်နှစ်ပွင့်အဆင့် အရပ်သားတွေက ကြယ်လေးပွင့်အဆင့်ရှိတဲ့ သူတို့ဓားပြတွေရဲ့ တိုက်ခိုက်မှုကို ဘာလိုလိုနဲ့ ခုခံနိုင်နေကြတယ်။ သူတို့ရဲ့ ကိရိယာတွေက သက်တံရောင်တွေ တောက်ပလာတဲ့အချိန်တိုင်းမှာ သူတို့က ကြယ်သုံးပွင့်အဆင့်ကို ရောက်သွားကြတာပဲ။
ဒါပေမဲ့ အခုတော့ ဒီရီနေးတားလူမျိုးတွေက သူတို့ကို ခုခံနေရုံတင် မဟုတ်တော့ဘူး။ ဓားပြတွေကို ပြန်ပြီး တန်ပြန်တိုက်ခိုက်နေကြတာ။ ပြီးတော့ ဘာလိုလိုနဲ့ သူတို့ကပဲ အနိုင်ရနေကြပြီ။
သူတို့ရဲ့ မန္တန်တွေက ကြယ်သုံးပွင့်အဆင့်တင် ရောက်နေတာမဟုတ်ဘဲ ကြယ်လေးပွင့်အဆင့်အထိပါ ကျော်လွန်သွားခဲ့ပြီ။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကြီးပဲ။
"ဘယ်လိုဖြစ်လို့လဲ"
ခရက်ဘ် က သူ့ရဲ့ ရေလက်သည်းညှပ်ကြီးတွေနဲ့ ခုန်း ရဲ့ မြေတံတိုင်းကို ကြိတ်ခြေပစ်ဖို့ ကြိုးစားရင်း အော်ဟစ်လိုက်တယ်။ ဒါပေမဲ့လည်း အခုထိ ဘာမှထူးမလာသေးပါဘူး။
အဲဒီအချိန်မှာပဲ ခရက်ဘ် က တူရိယာသမားတွေဆီကနေ ထွက်ပေါ်လာတဲ့ စည်းချက်ကျကျ အသံတွေကို သတိထားမိသွားတယ်။ အဲဒီဂီတသံတွေကြောင့် လေထုထဲက ပြောင်းလဲမှုတွေကို သူ နောက်ဆုံးတော့ ရိပ်မိသွားခဲ့ပြီ။ အဲဒီဂီတနုတ်စ်သံတွေကြောင့် ရီနေးတားလူမျိုးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင် စီးဆင်းမှုတွေက တစ်နည်းနည်းနဲ့ တိုးမြင့်လာတာပဲ။
အထင်ရှားဆုံး အထောက်အထားကတော့ တူရိယာသမားတွေရဲ့ တူရိယာတွေကလည်း ဆောက်လုပ်ရေးလုပ်သားတွေ သုံးတဲ့ ကိရိယာတွေလိုပဲ ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ တောက်ပနေတာပါပဲ။
ဒီတူရိယာသမားတွေက လူတစ်ယောက်ကို ကြယ်တစ်ပွင့်အဆင့် တိုးတက်သွားအောင် စွမ်းဆောင်ပေးနိုင်နေကြတာပဲ။
ဒီလို ရှာဖွေတွေ့ရှိမှုက ခရက်ဘ် ကို မှင်တက်သွားစေတယ်။ ရီနေးတားကုမ္ပဏီဟာ စစ်မက်ရေးရာအတွက် အလွန်အမင်း အစွမ်းထက်တဲ့ အလားအလာတွေကို ဝှက်ဖုံးထားတယ်ဆိုတာ သဘောပေါက်သွားတဲ့အခါ သူ့တစ်ကိုယ်လုံး ကြက်သီးတွေတောင် ထသွားရတယ်။
"ငါတို့ ဒါကို ချက်ချင်း အဆုံးသတ်ရမယ်။ မင်းတို့မှာရှိတဲ့ အစွမ်းရှိသမျှအကုန်သုံးပြီး သူတို့ကို တိုက်ခိုက်ကြ"
သူက ဓားပြတွေကို အမိန့်ပေးလိုက်တယ်။
အခုအချိန်မှာတော့ သူတို့မှာ လူအင်အား အသာစီးရနေသေးတုန်းပဲ။ သူတို့က ရန်သူတွေထက် လူဦးရေ နှစ်ဆ ပိုများတယ်။ အကယ်၍ သူတို့က ဒီအတွေ့အကြုံမရှိတဲ့ တိုက်ခိုက်ရေးသမားတွေကို အနီးကပ်တိုက်ပွဲထဲမှာ အတင်းဖိအားပေး တိုက်ခိုက်နိုင်ရင် ခွန်အားချင်း ကွာဟနေပေမဲ့လည်း နောက်ဆုံးမှာ အနိုင်ရနိုင်ပါသေးတယ်။
ဒီ အရပ်သားတွေကို တကယ်ပဲ အထင်သေးမိသွားတယ်ဆိုတာ သဘောပေါက်သွားတဲ့ ဓားပြတွေဟာ နောက်ဆုံးတော့ အစွမ်းကုန်ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ရီနေးတားလူမျိုးတွေကို ဘက်ပေါင်းစုံကနေ ဝိုင်းရံလိုက်ကြတော့တယ်။
သူတို့ရဲ့ ဓားတွေက စွမ်းအားတွေနဲ့ တောက်ပလာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မတွေးတော့ဘဲ ရမ်းရမ်းကားကား တိုက်ခိုက်ဖို့ကိုသာ ရွေးချယ်လိုက်ကြတယ်။
ခရက်ဘ် ကိုယ်တိုင်လည်း သူ့ရဲ့ ရေလက်သည်းညှပ်ကြီးတွေကို ဖွင့်ပြီး ခုန်း ရဲ့ မြေတံတိုင်းကို တဖြည်းဖြည်းချင်း မနားတမ်း ကိုက်ဖြတ်နေတယ်။ သူ့လက်သည်းညှပ်တွေရဲ့ ညှပ်ချက်တစ်ခုစီတိုင်းမှာ မြေကြီးအစအနလေးတွေက မှုန့်မှုန့်ညက်ညက် ကြေမွသွားရတယ်။
နောက်ဆုံးတော့ ခုန်း လည်း ဖိအားတွေကို ခံစားလာရပြီ။ သူက တခြားရဲဘော်တွေကို လှမ်းကြည့်လိုက်တဲ့အခါ သူတို့တွေလည်း သောင်းကျန်းနေတဲ့ ဓားပြတွေကို မနည်းထိန်းချုပ်နေရတာကို မြင်လိုက်ရတယ်။
"ညီအစ်ကိုတို့။ အခုပဲ မင်းတို့ရဲ့ ကိုကိုးလုံးတွေကို စားလိုက်ကြတော့"
သူ့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ရီနေးတားလူမျိုး တစ်ယောက်ချင်းစီက သူတို့အိတ်ကပ်ထဲကနေ ကိုကိုးလုံးလေးတွေကို ထုတ်ပြီး တစ်လုပ်တည်း မျိုချလိုက်ကြတယ်။
ချက်ချင်းပဲ သူတို့ပုံဖော်ထားတဲ့ မှော်စက်ဝိုင်းတွေက ပိုပြီးတော့ တောက်ပလာခဲ့တယ်။
ဓားပြတွေကလည်း ဒီအပြောင်းအလဲကို ခံစားလိုက်ရပြီး သူတို့သုံးနေတဲ့ မြေဒြပ်စင်နဲ့ ရေဒြပ်စင်မန္တန်တွေကို ထိုးဖောက်ဖို့ ပိုပြီးတော့ ခက်ခဲလာတာကို သိလိုက်ရတယ်။
ဒီအပြောင်းအလဲကို ထပ်ပြီး မျက်မြင်တွေ့လိုက်ရတဲ့ ခရက်ဘ် မှာတော့ ပြောစရာ စကားတောင် မရှိတော့ပါဘူး။ သူတို့တွေ အခြေအနေ ကောင်းခါနီးစပြုတိုင်းမှာ ရီနေးတားလူမျိုးတွေက သူတို့အိတ်ကပ်ထဲကနေ တစ်ခုခုကို ထပ်ထုတ်ပြီး အခြေအနေကို ပြန်လည်မျှတအောင် လုပ်ပစ်ကြတာပဲ။ ဒါက မတရား ဉာဏ်ဆင်တာပဲ။
ဒါပေမဲ့ အခြေအနေက ဒီတင်တင် ပြီးသွားပုံမရသေးဘူး။
ခုန်း က တူရိယာသမားတွေဘက်ကို လှည့်ကြည့်လိုက်တယ်။
"မင်းတို့လည်း ကိုကိုးလုံးတွေကို စားလိုက်ကြ"
သူက သူတို့ကို လှမ်းပြောလိုက်တယ်။
သူတို့ရဲ့ တူရိယာတွေကို တီးမှုတ်နေတာကို ခဏလောက် နားပြီး ဒီတူရိယာသမားတွေက သူတို့ရဲ့ ကိုကိုးလုံးတွေကို မျိုချလိုက်ကြတယ်။ သူတို့တွေ ပထမဆုံး နုတ်စ်သံကို စောင်းတီး၊ ဗုံတီး ဒါမှမဟုတ် မှုတ်လိုက်တာနဲ့တစ်ပြိုင်နက် ထွက်ပေါ်လာတဲ့ အသံက လေထုထဲမှာ ပြင်းထန်တဲ့ ပဲ့တင်ထပ်သံကြီးကို ဖန်တီးလိုက်ပြီး လူတိုင်းရဲ့ ဝိညာဉ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရတယ်။
နောက်တစ်ကြိမ်မှာတော့ ဓားပြတွေဟာ တိုက်ခိုက်ရေးအတွက်မဟုတ်တဲ့ ဒီမန္တန်တွေရဲ့ ဖိအားက အကြီးအကျယ် တိုးတက်လာတာကို ခံစားလိုက်ရပြီး သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားထက် ကြယ်နှစ်ပွင့်အဆင့်နီးပါးလောက်အထိ အပြတ်အသတ် သာလွန်သွားတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ ရဲဘော်ဓားပြတွေဟာ ရိုးရိုး ရေဘောလုံး မန္တန်တွေနဲ့တင် လေထဲကို လွင့်စင်ထွက်သွားတာကို မြင်လိုက်ရတဲ့ ခရက်ဘ် မှာတော့ ပြောစရာစကား လုံးဝ ဆွံ့အသွားရရှာတယ်။
ဒါကပဲ ခုန်း အတွက် ပြန်လည်တိုက်စစ်ဆင်ဖို့ အခွင့်အရေး ဖြစ်သွားစေခဲ့တယ်။
"ကွန်ကရစ်လှိုင်း"
သူက အော်ဟစ်လိုက်ပြီး သူ့ရှေ့မှာ လေထဲ ပျံဝဲနေတဲ့ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတယ်။
ရုတ်တရက်ပဲ ကွန်ကရစ်ဖျော်စက်တွေထဲက အရည်ပျော်နေတဲ့ ကွန်ကရစ် အမြောက်အမြားဟာ ဆူနာမီလှိုင်းလုံးကြီးလို အပေါ်ကို မြင့်တက်လာခဲ့တယ်။
ကွန်ကရစ်တွေက ကောင်းကင်ယံတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားတော့တယ်။
ဒါကတော့ မီသရယ် မှော်ဝင်ပစ္စည်း၊ အချိုဓါတ်အရှိန်အစွမ်း နဲ့ တူရိယာသမားတွေရဲ့ ပေါင်းစပ်ထားတဲ့ စွမ်းအားပဲ။
ခုန်း က ဒီစွမ်းအားကို မနည်းထိန်းချုပ်နေရပေမဲ့လည်း ဒီကွန်ကရစ်လှိုင်းလုံးကြီးကို မြေပြင်ပေါ်ကို အောင်မြင်စွာ ရိုက်ချလိုက်နိုင်ပြီး ထိမိသမျှ ဓားပြတိုင်းကို ဝါးမြိုပစ်လိုက်ပါတော့တယ်။
သူတို့ရဲ့ ကိုယ်အောက်ပိုင်းတွေက ပျစ်ချွဲနေတဲ့ ကွန်ကရစ်ရည်တွေထဲ နစ်မြုပ်သွားတဲ့အတွက် သူတို့ခမျာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရတယ်။ အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေက ဒီဖြစ်စဉ်ကို မြန်ဆန်သွားအောင် သူတို့ရဲ့ မန္တန်တွေကို သုံးလိုက်တဲ့အခါမှာတော့ အဲဒီကွန်ကရစ်တွေက ကျောက်တုံးတွေလို ချက်ချင်း မာခဲသွားတော့တယ်။
တစ်ခုတည်းသော ဆက်ပြီး တိုက်ခိုက်နေနိုင်သူကတော့ ခရက်ဘ် ပဲ။ သူက သူ့ဆီလာသမျှ ကွန်ကရစ်တွေကို ဖြတ်တောက်ဖို့ သူ့ရဲ့ ကြယ်ခြောက်ပွင့် ရေလက်သည်းညှပ်မန္တန်ကို သုံးနေတုန်းပဲ။
ဒါပေမဲ့ သူ့အတွက် ကံမကောင်းတာကတော့ ဓားပြတွေထဲမှာ သူတစ်ယောက်တည်းပဲ ကျန်တော့တာပါပဲ။
ခုန်း နဲ့ တခြား ရီနေးတား အရပ်သားတွေက ခရက်ဘ် ကို ပိတ်ဆို့ဖို့အတွက် ကားကြီးတွေ၊ ကွန်ကရစ်ဖျော်စက်တွေနဲ့ လမ်းကြိတ်စက်တွေပေါ်ကို အလိုအလျောက်မောင်းနှင်ခြင်းမန္တန်ကို သုံးလိုက်ကြတယ်။
ဒီ ဧရာမ သံထည်မော်တော်ကားကြီးတွေက ဓားပြကို ကြိတ်ခြေပစ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့ နောက်ဆုံးမှာ သူ လက်နက်ချအရှုံးပေးလိုက်ရပါတော့တယ်။
"မင်းတို့အားလုံးက... တကယ်ပဲ အရပ်သားတွေ ဟုတ်ကြရဲ့လား"
* * * * * * * *