အခန်း (၃၆၅-၃၆၆)
Vol. 31 Ch. 365-366
အခန်း(၃၆၅)
အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ အောင်ပွဲသတင်းကို မိုက်ကယ် ချက်ချင်းပဲ ကြားလိုက်ရတယ်။ အဲဒီလို တခဲနက်အောင်ပွဲခံနိုင်တာက သာမန် ရီနေးတားနိုင်ငံသားတွေတောင်မှ အကျပ်အတည်းနဲ့ကြုံလာရင် သူတို့အထဲမှာရှိတဲ့ ကြီးမားတဲ့ တန်ခိုးတွေကို ထုတ်သုံးနိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။ ဒါဟာ သူ တကယ်ကို မျှော်လင့်ထားတဲ့အရာလည်း ဖြစ်တယ်။
အန်ဂိုရာ မြို့ကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ ဖလဲယားကော့ပ်အကြောင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို သိကတည်းက ဒီတိုက်ပွဲထဲမှာ ပါဝင်ပတ်သက်လာမယ့် အပြစ်မဲ့တဲ့ မြို့သူမြို့သားတွေအတွက် သူ အမြဲတမ်း စိတ်ပူနေခဲ့တယ်။ ဒရာဂွန်ဘွန်းတွေ၊ အရိပ်အဖွဲ့ဝင်တွေနဲ့ သူ့ကိုယ်သူအတွက်တော့ သူ စိတ်မပူပါဘူး။
သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြတာပဲ။ ဒါပေမဲ့ စစ်ပွဲရဲ့ ကမောက်ကမတွေကြားထဲ မြေစာပင်ဖြစ်မယ့် သာမန် သဘာဝလူသားတွေအတွက်တော့ သူ တကယ် စိတ်ပူမိတယ်။ ကံကောင်းချင်တော့ အရေးကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းပေါင်းစုံကို သူတို့ဆီ ကြိုပေးထားခဲ့ပြီးသား။ ဒါတင်မကဘဲ အဲဒီလို အခြေအနေမျိုး လုံးဝမဖြစ်လာအောင်လည်း သူ အစကတည်းက သေချာပေါက် တားဆီးမှာပါ။
"ဒီနေ့တော့ ဓားပြတွေကို ရှယ်ရိတ်သိမ်းလိုက်ရတာပဲ" ဇိုင်ယွန်က ရွှင်ရွှင်ပြပြ ပြောလိုက်တယ်။ "ငါတို့ အမှတ်အများဆုံး ဖြစ်နေမှာ သေချာတယ်။ ဟုတ်တယ်မလား။ မိန်းကလေးတွေကတော့ ငါတို့ထက် ပိုရမှာ မဟုတ်တာ အသေအချာပဲ"
"ဟိုဟိုဟိုး... သိပ်လည်း ယုံကြည်ချက် မလွန်ပါနဲ့ဦး လူငယ်လေး ဇိုင်ယွန်ရဲ့။ သူတို့က ဟိုးအရင်ခေတ်တွေတုန်းကတည်းက တော်တော်လေး သန်မာကြတာ။ အနည်းဆုံးတော့ ငါထင်တာပေါ့လေ"
"အဲဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲ ဂရီးဗ်ရဲ့။ ဘာမှ မမှတ်မိတော့ဘူးလေ" ဂျာကူက ဝင်ပြောတယ်။ "ဒါဆိုရင် ငါလည်း ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာ မလိုတော့ဘူးပေါ့"
"အားလုံးပဲ... လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိတယ်။ ငါတို့ သွားကြည့်လိုက်ရုံပဲ။ ငါ သူတို့အဖွဲ့ထဲကို အသာလေး ခိုးဝင်ပြီး သူတို့ တိုက်ခိုက်နေတုန်း ချောင်းကြည့်လို့ရတယ်" ဖတ်ချ်က သူ့ရဲ့ ဆိုးယုတ်လှတဲ့ အပြုံးကြီးနဲ့ ပြောလိုက်တယ်။
"အိုး... ဟုတ်သားပဲ။ အဲဒီလိုလုပ်။ အဲဒီလိုလုပ်စမ်းပါ" ဇိုင်ယွန်က ဖတ်ချ်နဲ့အတူ အော်ဟစ်ပြီး ခုန်ပေါက်နေတော့တယ်။
မိုက်ကယ်ကတော့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားပေးရမယ့်သူဖြစ်လို့ ဒီလိုမျိုး တစ်ဖက်သားရဲ့ လျှို့ဝှက်ချက်ကို ချိုးဖောက်မယ့်အလုပ်ကို ငြင်းပယ်လိုက်ရတယ်။
"ဖတ်ချ်... ငါတို့ တရားမျှတစွာ ကစားရမယ်" သူက သတိပေးလိုက်တယ်။
"ဒါပေမဲ့ သခင်... ငါတို့က မရိုးမသားလုပ်တာမှ မဟုတ်တာ။ အသာလေး ကြည့်ရုံတင်ဥစ္စာ။ ဘာမှ မမှားပါဘူး" ဖတ်ချ်က အတင်းငြင်းတော့ ဇိုင်ယွန်ကလည်း ခေါင်းကို အပြင်းအထန်ညိတ်ပြီး ထောက်ခံရှာတယ်။
"ငါတို့က ဘာလို့ အဲဒီလို လုပ်နေရမှာလဲ။ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ပိုများလာအောင် လုပ်သလိုပဲ ဖြစ်နေမှာပေါ့" ဂျာကူက သမ်းဝေရင်း ပြောတယ်။
"ငါပြောတာကတော့ ငါတို့လုပ်စရာရှိတာကိုပဲ လုပ်ပြီး နောက်မှ အေးအေးဆေးဆေး အနားယူရင်း မက်တိုနီစ် သွားစားကြရင် မကောင်းဘူးလား။ ဘယ်လိုလဲ"
"စားချင်တာပေါ့ လူငယ်လေး ဂျာကူရဲ့" ဂရီးဗ်က ဆိုတယ်။
"ဒါပေမဲ့ အော်... ငါ့မှာ အစာအိမ်မှ မရှိတာ မေ့သွားလို့ ဟိုဟိုဟိုး"
(TR Note: ဂရီးဗ်ရဲ့ ဒီဟာသက One Piece Animeထဲက Brookရဲ့ဟာသကိုယူသုံးထားတာပဲ။)
ဒီအတောအတွင်း ဖတ်ချ်နဲ့ ဇိုင်ယွန်ကတော့ မိုက်ကယ်ဆီက ခွင့်ပြုချက်ရဖို့ အတင်း အသနားခံနေကြတုန်းပဲ။
သူ လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။ "မရဘူး" သူက ခိုင်ခိုင်မာမာ ပြောလိုက်တာပါ။ ဒီလို ကစားပွဲမျိုးတွေမှာ လိုက်နာရမယ့် ဂုဏ်သိက္ခာ စည်းကမ်းဆိုတာ ရှိပြီးသား။ ဒါကို မိုက်ကယ်အနေနဲ့ လုံးဝ မဖျက်ဆီးချင်ဘူး။
ဘာပဲဖြစ်ဖြစ် သူ့ကိုယ်သူ ယောက်ျားကောင်းတစ်ယောက်လို့ ခံယူထားတာကိုး။
"ဒီလောက်နဲ့တင် တော်ကြစို့" သူက အဲဒီနှစ်ယောက်နားကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်ခွာရင်း ပြောလိုက်တယ်။
"ဒါပေမဲ့ သခင်။ တစ်ခုခုဆိုရင် သခင်မကြီးက ယူနာ့ကို သခင်နဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်းတွေ လျှောက်ပြောနေရင် ဘယ်လိုလုပ်မလဲ"
မိုက်ကယ် ခြေလှမ်းတွေ ရုတ်တရက် ရပ်တန့်သွားပြီး တစ်ကိုယ်လုံး ကျောက်ရုပ်လို ခဲသွားတော့တယ်။ သူ့ခေါင်းထဲမှာ ပုံရိပ်တွေနဲ့ အတိတ်က မှတ်ဉာဏ်ပေါင်းများစွာ ဖြတ်ပြေးသွားကြတယ်။ အထူးသဖြင့် သူ ကလေးဘဝတုန်းက ကလေးတစ်ယောက်လို ဟန်ဆောင်ဖို့အတွက် လုပ်ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ အကြောင်းအရာတွေပေါ့။
သူ့ရင်ထဲမှာ ကြောက်စိတ်တွေ လွှမ်းမိုးလာတယ်။ ဗီဗီသာ သူ့ကို အခုမြင်ရင် သူ ဘယ်လောက်တောင် ထိတ်လန့်တုန်လှုပ်နေလဲဆိုတာ သိမှာပဲ။
ဒီခံစားချက်က ကိုယ်အကြိုက်ဆုံး အနုပညာရှင်က ကိုယ့်ရဲ့ ဝတ်လစ်စလစ်နဲ့ ရှက်စရာကောင်းတဲ့ ကလေးဘဝ ဓာတ်ပုံတွေကို မြင်သွားသလိုမျိုးပဲ။ တကယ့်ကို ထိတ်လန့်စရာကြီး။
ဇိုင်ယွန်နဲ့ ဖတ်ချ်က သူ့ကို လက်တို့လိုက်ကြတယ်။
"သခင်"
ဖတ်ချ်က သက်ပြင်းချလိုက်တယ်။
"ဟင်း... သခင် ပြောတာ မှန်ပါတယ်လေ။ ငါတို့ သူတို့ကို ခိုးမကြည့်သင့်ပါဘူး။ သူတို့သာ သိသွားရင် ငါတို့နိုင်ရင်တောင် ဆင်ခြေပေးဖို့ အကြောင်းပြချက် ဖြစ်သွားလိမ့်မယ်"
ဖတ်ချ် တစ်ဖက်ကို မလှည့်ခင်မှာတင် မိုက်ကယ်က သူ့ခေါင်းပေါ်ကနေ လှမ်းဆွဲပြီး ကိုယ်ကို ပြန်လှည့်လိုက်တယ်။
"နေဦး..." မိုက်ကယ်က မျက်လုံးကို မှေးစင်းပြီး ပြောလိုက်တယ်။
"တစ်ချက်လောက်တော့ ခိုးကြည့်ရင် ကောင်းမလား။ နည်းနည်းလေးပဲလေ"
ဒါနဲ့ပဲ မိုက်ကယ်တို့အဖွဲ့ဟာ သူတို့ရဲ့ အမဲလိုက်ခရီးကို ခေတ္တရပ်နားပြီး မိန်းကလေးတွေ ဘာလုပ်နေလဲဆိုတာ ချောင်းကြည့်ဖို့ ဖြစ်လာကြတော့တယ်။
တောအုပ်တစ်ခုလုံးကို ပတ်ပြီး အပြင်းအထန် အမဲလိုက်နေတဲ့ သူတို့အဖွဲ့နဲ့မတူဘဲ မိန်းကလေးတွေကတော့ တော်တော်လေး စိတ်အေးလက်အေးနဲ့ သက်သောင့်သက်သာ ရှိနေကြတယ်။
သူတို့က ကိုယ်ပိုင် တဲတွေ၊ ပရိဘောဂတွေနဲ့ သက်သောင့်သက်သာရှိမယ့် စခန်းအသေးစားလေးတစ်ခုကို ဖန်တီးထားကြတယ်။ တောအုပ်ထဲမှာ ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်နေကြသလိုမျိုးပဲ။
ရှီနာနဲ့ ယူမီစုရဲ့ တဲတွေကတော့ ပုံမှန်ပါပဲ။ အိပ်ရာတစ်ခုနဲ့ သူတို့ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးပဲ ရှိတာ။
ယူနာ့တဲကတော့ နေရာအကျယ်အဝန်းကို သဘောကျတဲ့သူမို့ နည်းနည်း ပိုကြီးတယ်။ ပြီးတော့ ဗီဗီနဲ့လည်း အိပ်ရာတစ်ခုတည်း အတူတူမျှသုံးနေတာဆိုတော့ နှစ်ယောက်စာအတွက် အတော်ပဲပေါ့။
ဒီတဲသုံးလုံးကတော့ ထူးထူးခြားခြား ဘာမှမရှိပါဘူး။
ဒါပေမဲ့ လိုင်လီယာ့တဲကို ကြည့်လိုက်တဲ့အခါမှာတော့ ဟိုတဲသုံးလုံးလုံး ပေါင်းထားတာထက် နှစ်ဆလောက် ပိုကြီးနေတာကို တွေ့ရတယ်။
အဲဒီအထဲမှာ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့ ရေချိုးခန်းပါ ပါဝင်သေးတယ်။ စခန်းတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ မီးလုံးတွေနဲ့ လျှပ်စစ်ပန်ကာတွေကို မောင်းနှင်ဖို့အတွက် မီးစက်တစ်လုံးတောင် ထည့်ထားသေးတာ။
သူမက ရီနေးတားနိုင်ငံတော်မှာတုန်းက စည်းစိမ်ချမ်းသာနဲ့ နေသားကျခဲ့တာမို့ ဒီလိုအရာတွေမပါဘဲ မနေနိုင်တော့တာ ဖြစ်မှာပေါ့။
မိုက်ကယ်နဲ့ သူ့အဖွဲ့ဟာ စခန်းနားက သစ်ပင်တစ်ပင်ပေါ်မှာ ထားခဲ့တဲ့ ဖတ်ချ်ရဲ့ ကိုယ်ပွားဆီကနေ လှမ်းကြည့်နေရင်း မိုက်ကယ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ သူ့နဖူးကိုသူ ပြန်ရိုက်မိတော့တယ်။
'သူမက စခန်းချနေတာလား၊ ဒါမှမဟုတ် ဓားပြတွေကို တိုက်ခိုက်နေတာလား' သူ ကိုယ့်ဘာသာ ရေရွတ်လိုက်မိတယ်။
"အားကျလိုက်တာ။ ငါလည်း အဲဒီလို တဲမျိုး လိုချင်တယ်" ဂျာကူက လိုင်လီယာ့တဲထဲက အိပ်ရာကြီးကို မြင်မြင်ချင်း မျက်လုံးတွေ ပြူးသွားပြီး ပြောလိုက်တယ်။
သူတို့အားလုံးဟာ ကျောက်ဆောင်ကြီးတစ်ခုရဲ့ ရှေ့မှာ စုရုံးကြည့်နေကြတာဖြစ်ပြီး ဖတ်ချ်က အဲဒီကျောက်ဆောင်ပေါ်မှာ တစ်ဖက်က ကိုယ်ပွားမြင်ရသမျှကို လှမ်းပြပေးမယ့် အမြဲတမ်း အရိပ်နေရာရွှေ့ပြောင်းခြင်း စက်ဝိုင်းတစ်ခုကို ပုံဖော်ပေးထားတာပါ။
မိန်းကလေးတွေ မီးပုံနားမှာ စုဝေးပြီး လက်ဖက်ရည်သောက်ရင်း အချိန်ဖြုန်းနေကြတာကို သူတို့ လှမ်းမြင်နေရတယ်။ တော်တော်လေးကို သက်သောင့်သက်သာ ရှိမယ့်ပုံပဲ။
"ဟဲဟဲ... သူတို့ ဓားပြတွေကိုတောင် မလိုက်ရှာကြဘူးပဲ။ ငါတို့ ဒီကစားပွဲမှာ သေချာပေါက် နိုင်ပြီ" ဇိုင်ယွန်က တဟားဟားရယ်ရင်း ဖန်သားပြင်ပေါ်က ရှီနာ့ကို ကြည့်ပြီး မျက်နှာပြောင်ပြနေတယ်။
ဒါပေမဲ့ သူ အဲဒီလိုပြောလိုက်ပြီးတာနဲ့ ချုံပုတ်တွေထဲကနေ ဓားပြ အယောက် လေးဆယ်နီးပါးလောက် ထွက်လာကြတော့တယ်။ သူတို့က မိန်းကလေးတွေရဲ့ စခန်းကို ဘက်ပေါင်းစုံကနေ ဝိုင်းထားလိုက်ကြတယ်။
မိန်းကလေးတွေကတော့ ဘာမှ လန့်ဖျပ်သွားမယ့်ပုံ မပေါ်ဘူး။ သူတို့က အေးအေးဆေးဆေးပဲ လက်ဖက်ရည်ခွက်တွေကို ချလိုက်ပြီး ကိုယ်လက်ဆန့်တန်းရင်း မတ်တတ်ထရပ်လိုက်ကြတယ်။
"ဒါနဲ့ဆို ဒီနေ့ ငါတို့ရင်ဆိုင်ရတဲ့ ဓားပြ အယောက် တစ်ရာမြောက်ပဲ။ အစီအစဉ်ကမဆိုးဘူးပဲ" ရှီနာက သူမရဲ့ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ရင်း ပြောလိုက်တယ်။
"ဘာကြီး" ဇိုင်ယွန်က ဖန်သားပြင်နောက်ကနေ အော်လိုက်တယ်။
"ငါတို့က တောအုပ်တစ်ခုလုံးကို ပတ်ပြီး ဓားပြတွေကို လိုက်ရှာနေရတာ။ သူတို့ကတော့ တဲထဲမှာ ထိုင်နေရုံတင်ပဲ။ မတရားဘူး"
သူတို့ရဲ့ နည်းဗျူဟာက အောင်မြင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဓားပြတွေက မိန်းကလေးတွေကို လွယ်လွယ်နဲ့ဖမ်းလို့ရမယ့် သားကောင်တွေလို့ မြင်သွားကြတာကိုး။ ဒါပေမဲ့ သူတို့ တကယ်ကို အတွေးမှားသွားခဲ့တာပါ။
မိန်းကလေးတွေက သူတို့ရဲ့ လက်နက်တွေကို အသင့်ပြင်ပြီး ဓားပြတွေ စကားတစ်ခွန်းမှ မပြောရသေးခင်မှာတင် စတင် တိုက်ခိုက်ပါတော့တယ်။
ရှီနာက သူမရဲ့ မီသရယ် မှော်ဝင်ပစ္စည်း လေးကို သုံးပြီး မြားတွေကို တစ်စင်းပြီးတစ်စင်း ဆွဲထုတ်ကာ ဓားပြအမြောက်အမြားကို သစ်ပင်တွေနဲ့ တွဲပြီး ချိတ်ထားလိုက်တယ်။ သူမရဲ့ မြားတွေက အရပ်မျက်နှာအနှံ့ကို ကွေးညွတ်ပျံသန်းသွားပြီး သူမရဲ့ နောက်ကျောဘက်က ပစ်မှတ်တွေကိုတောင် ထိမှန်စေခဲ့တယ်။ သူမက မြားတွေကို ပစ်လိုက်ရုံတင်ရှိသေးတယ်၊ မြားတွေကပဲ သူမအတွက် အလုပ်တွေ အကုန်လုပ်ပေးသွားတယ်။
ယူမီစုက သူမရဲ့ လှံကိုသုံးပြီး သူမနား ကပ်လာတဲ့ ဓားပြတွေကို ဝင့်ယမ်းတိုက်ခိုက်တယ်။ လှံကို တစ်ချက် ယမ်းလိုက်တိုင်း လှံဖျားကနေ စုစည်းလာတဲ့ လေပြင်းတွေက ပိုပြီးတော့ သန်မာလာပြီး နောက်ဆုံးမှာတော့ လှံတစ်ချက်ယမ်းတိုင်း လေဆင်နှာမောင်းတစ်ခုစီ ထွက်ပေါ်လာတော့တယ်။ ဓားပြတွေဟာ သစ်ပင်တွေကို အတင်းဆွဲဖက်ထားကြပေမယ့်လည်း လေထဲမှာ လွင့်စင်သွားကြရရှာတယ်။
ယူနာကတော့ သူမရဲ့ ဓားမြှောင်ကို အလွန် တိကျမြန်ဆန်တဲ့ နှုန်းနဲ့ သုံးစွဲသွားတယ်။ ဒါဟာ မိုက်ကယ်အနေနဲ့ သူမ တိုက်ခိုက်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပြီး သူတောင် သဘောကျသွားရတယ်။ သူမရဲ့ လှုပ်ရှားမှုတွေက သူတောင် လိုက်မလုပ်နိုင်တဲ့ အရာမျိုးတွေပဲ။ သူမ လှုပ်ရှားလိုက်တိုင်း ကပြနေသလိုမျိုး ဖြစ်နေပြီး ဓားပြတွေကတော့ သူတို့ကိုယ်ပေါ်မှာ နေရာအနှံ့ ဒဏ်ရာတွေ ရသွားကြတာကိုပဲ သိလိုက်ရတော့တယ်။
ဗီဗီကတော့ မြေဒြပ်စင် ဂိုလမ်တစ်ခုကို ဖန်တီးပြီး ဧရာမ လက်သီးကြီးတွေနဲ့ လွှဲယမ်းထုနှက်ခိုင်းလိုက်ရာ တော်တော်လေး ကံဆိုးလွန်းတဲ့ ဓားပြတွေဟာ အနားမှာရှိနေမိလို့ အားလုံး မှုန့်မှုန့်ညက်ညက် ကြေကုန်ကြရတယ်။
ဒီအတောအတွင်း လိုင်လီယာကတော့ သူမရဲ့ နေရာမှာပဲ ထိုင်နေပြီး ကလေးတွေကိုပဲ အလုပ်တွေ အကုန်လုပ်ခိုင်းထားတယ်။ သူမက ယူနာ့ကို လှမ်းကြည့်ရင်း လက်ဖက်ရည်ကို တစ်ငုံချင်း အရသာခံ သောက်နေတယ်။
"တော်လိုက်တာ သမီးလေးရယ်။ သမီးက တကယ်ကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပါရမီပါတဲ့ မိန်းကလေးပဲလို့ ငါ ပြောရမယ်။ တကယ်လို့ သမီးသာ မှော်ပညာမှာ အလားတူ ပါရမီပါတဲ့သူတစ်ယောက်ယောက်နဲ့ ဖူးစာဆုံခဲ့ရင် ဘာဖြစ်လာမလဲမသိဘူးနော်။ ဥပမာ ငါ့သားလိုမျိုးပေါ့... သမီးတို့ရဲ့ ကလေးတွေကတော့ တကယ့် ပါရမီရှင်အကျော်အမော်တွေ ဖြစ်လာမှာ အသေအချာပဲ ဟိဟိဟိ"
* * * * * * * *
စာစဉ်(၃၁)
အခန်း(၃၆၆)
"ဟိုး ဟိုး ဟိုး... သခင်။ စိတ်လျှော့ပါဦး"
မိုက်ကယ် တစ်ယောက် ပေါ်တယ်ထဲကို ဖြတ်ဝင်ပြီး မိန်းကလေးတွေရှေ့ သွားကိုယ်ထင်ပြမယ့်အရေးကို ဂျာကူ၊ ဇိုင်ယွန်နဲ့ ဖတ်ချ်တို့ သုံးယောက်ပေါင်းပြီး အားချင်းဆွဲထိန်းထားရတယ်။
"သူ ဘာတွေပြောနေတာလဲဗျာ" မိုက်ကယ် တစ်ယောက် စိတ်တွေ အရမ်းလှုပ်ရှားနေမိတယ်။ သူ့အမေက သူ့ရဲ့ ငယ်ဘဝအကြောင်းတွေကို ပုံပြင်တသီတတန်းကြီး စပြောပြနေတာကို ကြည့်ပြီး သူခမျာ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ စောင့်ကြည့်နေရတော့တယ်။
"မိုက်ကယ်က ငယ်ငယ်တုန်းက သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေး သိကြလား။ သူ ကလေးဘဝတုန်းကဆို တို့အနားကနေ ဘယ်တော့မှ မခွာဘူး၊ အမြဲတမ်း တို့ကုတင်ဘေးမှာပဲ လာအိပ်ချင်နေတာ" လိုင်လီယာက အတိတ်ကို သာယာကြည်နူးစွာနဲ့ ပြန်ပြောင်းတွေးတောရင်း ပြောလိုက်တယ်။
"အိုး... ချစ်ဖို့ကောင်းလိုက်တာ" ယူနာက တခစ်ခစ်ရယ်ရင်း ပြောတယ်။
ဒီအတောအတွင်း ဖြစ်ပျက်နေသမျှ အကုန်ကြားနေရတဲ့ မိုက်ကယ်ခမျာတော့ မြေကြီးထဲ ခေါင်းပဲ စိုက်လိုက်ချင်တော့တယ်။
"အဲဒါ မှော်စွမ်းအင် စုပ်ယူမှုအကြောင်း ပိုသိချင်လို့ လုပ်ခဲ့တာပါဆို" သူက စခရင်ကိုကြည့်ပြီး အော်ပြောလိုက်ပေမဲ့ သူ့ဘော်ဒါတွေကတော့ သူ့ကျောကို ပုတ်ပေးပြီး နှစ်သိမ့်ပေးနေကြရရှာတယ်။
ကလေးတစ်ယောက်လို ဟန်ဆောင်ဖို့ သူလုပ်ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ အပြုအမူတွေအကုန်လုံးက ဒီအချိန်ကျမှ အများပြည်သူရှေ့ အရှက်ကွဲအောင် အဖြန့်ခံနေရတယ်ဆိုတာကို မိုက်ကယ် တစ်ယောက် မယုံနိုင်အောင် ဖြစ်နေမိတယ်။
သူတို့အားလုံးဟာ လက်ရှိမှာ လူယုတ်မာဓါးပြအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာကို ထည့်ပြောရဦးမယ်။ ဒါပေမဲ့လည်း လိုင်လီယာကတော့ သူ့အကြောင်းကို မရပ်မနား တဖွဖွချီးမွမ်းလို့ ကောင်းတုန်းပဲ။
"ကျွန်မ သခင်မိုက်ကယ်အကြောင်း ပိုပြီး သိချင်ပါသေးတယ်... သုတေသနပြုဖို့အတွက်ပါ" လို့ ရှီနာက ပြောရင်း သူမကြားသမျှကို မှတ်စုစာအုပ်ထဲ တိတ်တဆိတ် ကောက်ရေးနေတယ်။
ယူမီစုက သူမရဲ့ အနောက်မှာ ရုတ်တရက် ပေါ်လာတာမို့ ဖြူဖွေးတဲ့ အကြေးခွံတွေရှိတဲ့ ဒရာဂွန်ဘွန်းမလေးကို လန့်ဖျပ်သွားစေတယ်။
"အာ... အစ်မ... အဲဒါလေး ကျွန်မကိုလည်း မိတ္တူတစ်စောင် ပေးဦးနော်" သူမက သိမ်မွေ့စွာ ပြောလိုက်ပြီးနောက်မှာတော့ သူမရဲ့ လှံကို လွှဲယမ်းလိုက်ရာ လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး ဓါးပြငါးယောက်ကို လွင့်စင်သွားစေကာ ကျောက်ဆောင်ကြီးတစ်ခုဆီ သွားရိုက်မိစေတော့တယ်။
ဗီဗီက စကားပြောချင်လို့ ပါးစပ်လေး ဟလိုက် ပိတ်လိုက် လုပ်နေပေမဲ့ ရှက်လွန်းလို့ ဖြစ်နေရှာတယ်။
"ဗီဗီ... တစ်ခုခု ပြောစရာ ရှိလို့လား" ယူနာက သူမရဲ့ ရာပီယာဓားနဲ့ ဓါးပြသုံးယောက်ကို ခုတ်ပိုင်းရင်း လှမ်းမေးလိုက်တယ်။
"ကျွန်မ... ကျွန်မလည်း မိုက်ကယ်အကြောင်း ပိုသိချင်တယ်၊ သူက... သူက ကျွန်မတို့ကို ကူညီပေးတဲ့ လူကောင်းတစ်ယောက်ပဲလေ" လို့ သူမက ပြောတယ်။
"ဟိဟိဟိ... ရတာပေါ့၊ ရတယ်။ အကုန်ပြောပြမှာပေါ့" လိုင်လီယာက တက်ကြွလှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။ "သူက တကယ့် အသည်းယားစရာ ခလေးလေး။ တို့ သတိရသေးတယ်၊ အရင်တုန်းက သူနဲ့အတူ ရေချိုးကန်ထဲမှာ ရေချိုးပေးခဲ့တုန်းကဆို..."
မိုက်ကယ် တစ်ယောက် သူ့ရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဒါတွေကို ဆက်ကြားနေရဖို့ သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့ဘူး။
သူ့ကံကောင်းချင်တော့ ဓါးပြနှစ်ယောက်က လိုင်လီယာဆီ အာရုံရောက်သွားကြတယ်။
"နင်တို့ မိန်းမတွေ ဘာတွေ ဗြစ်တောက်ဗြစ်တောက်ပြောနေတာလဲ" သူက ညည်းတွားလိုက်တယ်။ "နင်တို့ကို အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် ပိုင်းပစ်မယ်"
အဲဒီဓါးပြက မီးတောက်အစွမ်းတွေ တောက်ပနေတဲ့ သူ့ဓားမြှောင်ကို ကိုင်ပြီး လိုင်လီယာဆီ ပြေးဝင်လာတယ်။
"သူ့စကားကို လာမဖြတ်နဲ့" ရှီနာက ဟိန်းဟောက်လိုက်ပြီး မြှားတစ်စင် ပစ်ခတ်လိုက်ရာ အဲဒီလူရဲ့ နံရိုးဆီ တည့်တည့်မတ်မတ် စိုက်ဝင်သွားတယ်။
"....ငါတို့... ငါတို့... ငါတို့ အဖိုးတန်တဲ့အရာတစ်ခုကို ကြားရတော့မှာဟ" ယူမီစုက အော်ဟစ်ရင်း ဓါးပြဆီ ပြေးဝင်ကာ သူမရဲ့ လှံကို အပေါ်ဘက် ပင့်မြှောက်လိုက်တယ်။
မြှားဒဏ်ရာကြောင့် ဒဏ်ရာရနေပြီးသား အဲဒီဓါးပြဟာ လှံက သူ့ရင်ဘတ်ကို ထိမှန်သွားတဲ့အခါမှာတော့ သတိလစ်လုနီးပါး ဖြစ်သွားရတယ်။ အဲဒီနောက် လှံနောက်ကနေ ပါလာတဲ့ လေပြင်းမုန်တိုင်းကြောင့် သူဟာ ကောင်းကင်ယံထက်ဆီ မြင့်တက်သွားရတော့တယ်။
တိမ်တိုက်တွေဆီ ရောက်လုနီးပါး ဖြစ်ပြီးတဲ့နောက်မှာတော့ အဲဒီဓါးပြဟာ တောအုပ်ထဲကို ပြန်ပြုတ်ကျလာပြီး ယူနာ့ရဲ့ ရှေ့တည့်တည့်မှာ လာကျတယ်။
"စိတ်မကောင်းပါဘူး" သူမက ပြောတယ်။ "ငါတို့ မိန်းကလေးတွေကို ဒေါသထွက်အောင် လုပ်တာ နင့်အပြစ်ပဲ"
ယူနာက သူမရဲ့ ရာပီယာဓားကို လှည့်ပတ်ကစားလိုက်ပြီး လက်နက်ကို လွှဲယမ်းလိုက်တဲ့အခါမှာတော့ ဓားက လေထဲမှာ နွဲ့နှောင်းစွာ စီးဆင်းနေတဲ့ ပိုးသားအဝတ်ပါးလေးတစ်ခုအလား ပြောင်းလဲသွားသလိုပဲ။
ဓါးပြက မြေကြီးပေါ် ခေါင်းစိုက်ပြီး ကျခါနီးအချိန်မှာပဲ ယူနာက သူမရဲ့ ရာပီယာဓားကို တည့်မတ်လိုက်ပြီး သူ့ရင်ဘတ်ဆီ ထိုးစိုက်လိုက်ရာ သူ့ရဲ့ ချပ်ဝတ်တန်ဆာ ကျိုးပျက်သွားပြီး သစ်ပင်တစ်ပင်ဆီ လွင့်စင်သွားတော့တယ်။
"ကျွန်မ... ကျွန်မလည်းပဲ။ ကျွန်မ... ကျွန်မလည်း ဒေါသထွက်တယ်ဟ" ဗီဗီက စိတ်အားထက်သန်စွာနဲ့ အော်ပြောတယ်။
"လုပ်လိုက်တော့ မဗီဗီ၊ နောက်ဆုံးအချက်ကို အပြတ်ရှင်းလိုက်တော့" လို့ ရှီနာက ပြောလိုက်တယ်။
ဗီဗီက ဓါးပြဆီကို ဝမ်းသာအားရ ညွှန်ပြလိုက်တဲ့အခါမှာတော့ သူမရဲ့ သစ္စာရှိ မြေဒြပ်စင်ဂိုလမ်ကြီးက သူ့ကို မြေကြီးထဲ စုန်းစုန်းမြုပ်အောင် ထုထောင်းပါတော့တယ်။ ဧရာမ ကျောက်ဆောင်ကြီးလို လက်မောင်းကြီးတွေကို တစ်ချက်ပြီးတစ်ချက် လွှဲယမ်းထုရိုက်လိုက်တိုင်း ဓါးပြဟာ မြေကြီးထဲ တဖြည်းဖြည်း နစ်ဝင်သွားပြီး နောက်ဆုံးမှာတော့ ကြမ်းပြင်ပေါ်မှာ လူပုံသဏ္ဌာန် တွင်းတစ်တွင်းပဲ ကျန်ရစ်တော့တယ်။
"တော်တယ် ဗီဗီ" ယူနာက လက်ဝါးချင်းရိုက်ဖို့ ကမ်းပေးရင်း ချီးကျူးလိုက်တယ်။
"ဟုတ်ကဲ့" ဗီဗီက ယူနာ့လက်ဝါးကို သူမရဲ့ နဖူးနဲ့ ဆောင့်တိုက်လိုက်တယ်။
အခြားဓါးပြတွေကတော့ သူတို့ရဲ့ ရဲဘော်တစ်ယောက် ဒီလောက်အထိ သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားတာကို မြင်တော့ ဒေါသပေါက်ကွဲသွားကြတယ်။ နောက်ဆုံးမှာတော့ ဓါးပြသုံးယောက်ဟာ အဖွဲ့ထဲမှာ အားအနည်းဆုံးလို့ ထင်ရတဲ့ လိုင်လီယာကို အပြတ်ရှင်းဖို့ အာရုံစိုက်လိုက်ကြတော့တယ်။
သူတို့တွေ သူမဆီ ပြေးဝင်လာတဲ့အချိန်မှာပဲ လိုင်လီယာက သူမရဲ့ လက်ဖက်ရည်ခွက်ကို မပြီး သောက်လိုက်တယ်။ အဲဒီနောက် သူမရဲ့ အခြားလက်တစ်ဖက်ကို သုံးပြီး လက်ကောက်ဝတ်ဘေးမှာ မှော်စက်ဝိုင်းတစ်ခု ဖော်ထုတ်လိုက်ရာ သူမရဲ့ ခန္ဓာကိုယ်ကနေ အစိမ်းရောင်နဲ့ အညိုရောင်တွေ ဖြာထွက်လာတော့တယ်။
မြေကြီးထဲကနေ ဧရာမ နွယ်ပင်ကြီး သုံးပင် ရုတ်တရက် ပေါက်ထွက်လာပြီး ဓါးပြတွေကို ချက်ချင်းပဲ ရစ်ပတ်နှောင်ဖွဲ့လိုက်တယ်။
သူတို့တွေ ရုန်းကန်ပြီး နွယ်ပင်တွေကို ဖြတ်တောက်ဖို့ ကြိုးစားကြပေမဲ့ သူတို့ရဲ့ ဓားမြှောင်တွေက နွယ်ပင်တွေနဲ့ ထိခိုက်မိတဲ့အခါမှာ ပဲ့ထွက်ကုန်တာကိုပဲ တွေ့လိုက်ရတယ်။
ဒီမှော်နွယ်ပင်တွေရဲ့ စွမ်းအားက သူတို့ကို အသက်ရှူကျပ်စေတယ်။ အဲဒါက သူတို့ရဲ့ ကိုယ်ပိုင်မှော်စွမ်းအားတွေကို ဘယ်လိုမှ မထုတ်ဖော်နိုင်လောက်အောင်အထိ အပြတ်အသတ် လွှမ်းမိုးထားတာ ဖြစ်နေလို့ပဲ။
"သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"
နောက်ဆုံးမှာတော့ သူတို့ထဲက တစ်ယောက်က သူတို့ ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ သဘောပေါက်သွားတယ်။ သူက တန်ဖိုးကြီးတဲ့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လိုင်လီယာကို မျက်စိမှေးပြီး ကြည့်လိုက်တယ်။
မကြာခင်မှာပဲ သွေးစွန်းနေတဲ့ မှော်ဆရာဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်က သူ့မျက်လုံးထဲမှာ ထင်ဟပ်လာတော့တယ်။
"မ... မဖြစ်နိုင်တာ။ အဲဒီနွယ်ပင်တွေ... သူက... သူက အနောက်ဘက်ခြမ်းရဲ့ မြေဒြပ်စင်မှော်ကဝေပဲ။ ကြည့်စမ်း... ကြယ်ခုနစ်ပွင့် မှော်ပညာရှင်တစ်ယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ"
လူယုတ်မာဓါးပြအဖွဲ့တွေတောင် သတိထားနေရတဲ့ ဒဏ္ဍာရီလာ စွန့်စားရှာဖွေသူတစ်ယောက်နဲ့ ရင်ဆိုင်နေရတာကို သိလိုက်ရတဲ့အခါမှာတော့ ဓါးပြတွေဟာ ထိတ်လန့်တုန်လှုပ်သွားကြတော့တယ်။
သူမဟာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာမို့ လူအများစုက သေဆုံးသွားပြီလို့ ထင်နေခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ သူမက အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေဆဲပဲ ဖြစ်နေတယ်။
"ပြေးကြ" ဓါးပြတွေက အော်ဟစ်ကြတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူတို့အတွက် နောက်ကျသွားပြီ။ သူတို့ဟာ ဘယ်လိုမှ မအောင်နိုင်မယ့် တိုက်ပွဲကို ဆင်နွှဲမိသွားခဲ့တယ်။
ရှီနာက သူမရဲ့ မြှားတောင့်ထဲကနေ မြှားငါးစင်ကို ထုတ်ယူပြီး လေးကြိုးမှာ တပ်ဆင်လိုက်တယ်။ ပြီးတော့ တစ်ချက်တည်း ပစ်ခတ်လိုက်ရာ ထွက်ပြေးနေတဲ့ ဓါးပြတွေဆီကို မှော်စွမ်းအင်တွေ စီးဝင်နေတဲ့ မြှားပွား ဆယ်စင် လွင့်ပျံသွားတော့တယ်။ အဲဒီမြှားတွေက သူတို့ရဲ့ ကျောပြင်ဆီ တည့်တည့်မတ်မတ် စိုက်ဝင်သွားပြီး သစ်ပင်တစ်ပင်မှာ တွန်းကပ်ပူးတွဲသွားစေတယ်။
ယူမီစုက သူမရဲ့ လှံကို ထိုးစိုက်လိုက်ရာ လှံဖျားကနေ ဧရာမ လေပြင်းတစ်ချက် ဖြာထွက်သွားတယ်။ အဲဒါက ထိမိသမျှအရာအားလုံး ဖြစ်တဲ့ သစ်ပင်တွေ၊ ကျောက်ဆောင်တွေနဲ့ ဓါးပြတွေကိုပါ နေရာလွဲချော်သွားစေတယ်။ သူတို့တွေဟာ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုရဲ့ တိုက်ခတ်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရပြီး မြေကြီးပေါ် ပြန်ပြုတ်ကျလာကာ သတိလစ်သွားကြတော့တယ်။
ယူနာက ထွက်ပြေးနေတဲ့ ဓါးပြတွေဆီ ပြေးဝင်သွားတဲ့အခါမှာတော့ ပုံရိပ်ဝေဝါးသွားတဲ့အထိ မြန်ဆန်လှတယ်။ သူမက သူတို့ရှေ့မှာ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အချက်ပေါင်း ထောင်ချီတဲ့ ဓားဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပြီ။
ဗီဗီရဲ့ ဂိုလမ်ကတော့ သူမဘေးနားက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ဓါးပြတွေကို တဖြည်းဖြည်း နက်ရှိုင်းစွာ ဝါးမြိုသွားမယ့် ရွှံ့နွံအိုင်ကြီးထဲ ပိတ်လှောင်လိုက်တော့တယ်။
ဒီအတောအတွင်းမှာပဲ လိုင်လီယာ့ရဲ့ နွယ်ပင်တွေက တောအုပ်တစ်ခုလုံးရဲ့ ကြမ်းပြင်ပေါ်မှာ ဆက်လက် ပေါက်ထွက်နေပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ ဓါးပြတွေကို ခြေကျင်းဝတ်ကနေ ဆွဲခေါ်ကာ စခန်းဆီ ပြန်ခေါ်လာခဲ့တယ်။
"လှတယ်။ ဒါနဲ့ဆို ငါတို့စာရင်းထဲမှာ ဓါးပြ တစ်ရာလောက် ပိုတိုးလာပြီ။ ငါ့တွက်ချက်မှုအရဆိုရင် ငါတို့က ဟိုကောင်လေးတွေကို ကျော်ပြီး ဦးဆောင်နေပြီ" ရှီနာက သူမရဲ့ မှတ်စုထဲက အကွက်လေးကို အမှတ်အသားပြုရင်း ပြောလိုက်တယ်။
"မိန်းကလေးတို့... တို့တွေ နိုင်ရင် မိုက်ကယ့်ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်တဲ့အခါ သူ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာကို တို့က မိုက်ကယ့်ကို ခိုင်းပြီး ပြခိုင်းမယ်လေ" လို့ လိုင်လီယာက ပြောတယ်။
"ဟုတ်ကဲ့။ အဲဒါကို ကျွန်မ မြင်ချင်လှပြီ" ရှီနာက သူမရဲ့ မှတ်စုစာအုပ်ထဲ အတင်းအကျပ် ရေးမှတ်ရင်း ပြောတယ်။
"....ကျွန်မလည်းပဲ...." ယူမီစုက ရေရွတ်လိုက်တယ်။
"ဟိဟိဟိ... ဖြစ်နိုင်ရင် ကျွန်မလည်း မိုက်ကယ့်ဆီက ရှက်ရွံ့တဲ့ စိတ်ခံစားချက်တွေကို စုပ်ယူစားသောက်လို့ ရတာပေါ့" ဗီဗီက ပြောတယ်။
"သူ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာ သိချင်စရာပဲနော်၊ ဟိဟိဟိ" ယူနာက တခစ်ခစ် ရယ်မောလိုက်တယ်။
"သူ ဒီအခြေအနေကနေ လွတ်မြောက်မသွားစေရဘူးလို့ တို့တွေ အသေအချာ လုပ်ရမယ်" လိုင်လီယာက ထပ်လောင်းပြောဆိုလိုက်တယ်။ "ရှီနာလေး... ဟိုကောင်လေးတွေကို ရီနေးတားကုမ္ပဏီရဲ့ အလုပ်တွေအကုန်လုံး လုပ်ခိုင်းလိုက်၊ ဒါမှ ငါတို့က မိုက်ကယ့်ကို တစ်ပတ်တိတိ တို့အတွက်ပဲ သီးသန့် အပိုင်ရမှာ"
"သဘောတူတယ်" လို့ သူတို့အားလုံးက တညီတညွတ်တည်း ဟစ်ကြွေးကြတော့တယ်။
ဒီအတောအတွင်းမှာတော့ မိုက်ကယ် တစ်ယောက် သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ကြားလိုက်ရလို့ စိတ်ပျက်အားငယ်နေမိတယ်။ အဆိုးဆုံးကတော့ သူတို့တွေက အမှတ်သာလွန်ပြီး ဦးဆောင်နေတာမို့ သူတို့တွေ နိုင်ဖို့ အခွင့်အလမ်း ပိုများနေတာပဲ။
"ဟေ့ကောင်တွေ... ငါတို့ ဓါးပြတွေကို ပိုပြီး အမဲလိုက်ရမယ်။ အခုချက်ချင်းပဲ"
* * * * * * * *