အခန်း (၃၆၉-၃၇၀)
Vol. 31 Ch. 369-370
အခန်း(၃၆၉)
မိုက်ကယ်ရဲ့ ခေါင်းပေါ်က အလင်းရောင်ပုံရိပ်ကို မော့ကြည့်ရင်း ဗီရီယန်ရဲ့ မျက်လုံးတွေက အံ့ဩလွန်းလို့ အဝိုင်းသား ဖြစ်သွားတယ်။ မိုက်ကယ်ရဲ့ လက်ထဲမှာရှိတဲ့ သဟဇာတသေနတ်နဲ့ ထပ်တူကျနေတဲ့ သေနတ်ပုံရိပ်တစ်ခုက စက်ရုပ်လက်မောင်းကြီးထဲမှာ ဖြည်းဖြည်းချင်း ပေါ်လာတာကိုး။
သူမရဲ့ နှုတ်ခမ်းတွေ တုန်ရီလာပြီး "အ..ဒီ..ဒီ…ဒီဗာ" လို့ အော်လိုက်မိတော့တယ်။
မိုက်ကယ်က သူ့လက်ချောင်းထိပ်တွေမှာ စုစည်းနေတဲ့ တန်ခိုးတွေကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်တော့ အဲဒီပုံရိပ်ကလည်း မူလကတည်းက မရှိခဲ့ဖူးသလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားတယ်။
သူသာ သဟဇာတသေနတ်ထဲကို တန်ခိုးတွေ ဆက်သွင်းနေရင် ဗီရီယန်ရဲ့ အိမ်ထဲမှာတင် အဲဒီအစွမ်းကို ထုတ်လွှတ်လိုက်ရမှာဖြစ်ပြီး ဘယ်လောက်တောင် ပျက်စီးသွားမလဲ မတွေးဝံ့စရာပဲ။
အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ နတ်ဘုရားပန်းပဲဖို အပိုင်းအစကနေ ထွက်လာတဲ့ ဆန်းကြယ်တဲ့တန်ခိုးက သူ့နှလုံးသားဆီ ပြန်လည်အခြေစိုက်သွားတာကို မိုက်ကယ် ခံစားလိုက်ရတယ်။ အဲဒီသတ္တုအပိုင်းအစလေးထဲမှာ ပုန်းကွယ်သွားတာဖြစ်ပြီး သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့တောင် ရှာလို့မတွေ့တော့ဘူး။
"ဟူး…." သူ သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။
ဒီအတောအတွင်းမှာ ဗီရီယန်က အနီရောင်အစက်အပြောက်တွေပါတဲ့ မှိုခုံလေးပေါ် ရောက်တဲ့အထိ မိုက်ကယ်နဲ့ ဝေးရာကို ဖြည်းဖြည်းချင်း ဆုတ်ခွာသွားတယ်။
"မင်းမှာ ဒီဗာ ရှိနေပြီပဲ…ဒါဆို မင်းမှာ ကိုယ်ပိုင် နတ်ဘုရားပန်းပဲဖို အပိုင်းအစ ရှိနေပြီပေါ့" သူမက ခေါင်းကို နှိပ်နယ်ရင်း ပြောတယ်။
"ဒီဗာ…ဆိုတာ ငါ့နောက်မှာ ပေါ်လာတဲ့ ထူးဆန်းတဲ့ အလင်းရောင်ပုံရိပ်ကို ပြောတာလား"
ဗီရီယန်က ခေါင်းကို တဒေါ့ဒေါ့ ညိတ်ပြလိုက်တော့ သူမရဲ့ အတောင်ပံတွေဆီကနေ ရွှေရောင်အမှုန်အမွှားတွေ နေရာအနှံ့ လွင့်ပျံသွားတယ်။
"ဟုတ်တယ်၊ အားလုံးက ကိုယ်ပိုင်ဒီဗာကို နှိုးဆွနိုင်ကြတယ်။ ဒီဗာတွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူဘဲ သီးသန့်ဖြစ်နေတာ၊ ဆိုလိုတာက ဒီဗာတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အစွမ်းတွေ ရှိကြတယ်"
ဖြည်းဖြည်းချင်းပဲ ပဟေဠိအဖြေတွေက ပုံပေါ်လာခဲ့ပြီ။
နတ်ဘုရားပန်းပဲဖို အပိုင်းအစက လူသားတစ်ယောက်ကို ထူးခြားတဲ့အစွမ်းတွေ ပိုင်ဆိုင်ခွင့် ပေးတယ်။ ပြီးတော့ အဲဒီအပိုင်းအစရဲ့ ဆန်းကြယ်တဲ့ တန်ခိုးကတစ်ဆင့် အခြားအစွမ်းတွေနဲ့မှသာ ခုခံနိုင်မယ့် ထူးဆန်းတဲ့ အစွမ်းသစ်တွေကို ရရှိစေတယ်။
ဒါက လူသားအများစု မနာလိုဖြစ်ရမယ့် အလွန်အမင်း အစွမ်းထက်တဲ့ ခွန်အားပဲ။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးမှာ အရေအတွက် အကန့်အသတ်ပဲရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရဲ့ လိုအပ်ချက်က ထိုးတက်သွားပြီး ငွေကြေးပုံအောနိုင်တဲ့ ကုမ္ပဏီကြီးတွေပဲ တတ်နိုင်ကြတော့တယ်။
ပြီးတော့ ဗန်ဒါဘစ် မိသားစု၊ အော့စကော့ပ် မိသားစု စတဲ့ ကုမ္ပဏီကြီးတွေက သူတို့ရဲ့ မျိုးဆက်တွေကို သူတို့ခြေရာအတိုင်း လိုက်စေချင်ကြတယ်၊ ဒါကြောင့်ပဲ ထူးခြားတဲ့အစွမ်းတွေ ပိုင်ဆိုင်လာမလားဆိုတာ သိရအောင် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို အမွေဆက်ခံမယ့်သူတွေကို ပေးကြတာ။
ခရစ်ရှန် ဟမ်းမားစတုန်း နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခု ရခဲ့တာကလည်း ဒီနည်းနဲ့ပဲ။ သူ အစွမ်းတွေ ပိုင်ဆိုင်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးခဲ့တယ်။
ဒါပေမဲ့ ကံကောင်းချင်တော့ အဲဒါက မိုက်ကယ်ရဲ့ လက်ထဲကို ရောက်လာခဲ့တယ်။ နောက်ဆုံးတော့ သူကပဲ ထူးခြားတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ခွင့် ရရှိသွားခဲ့တာ။
သူမကို စောင့်ကြည့်ဖို့ စေလွှတ်ထားတဲ့ အရိပ်ဝံပုလွေ အဆင့်မြင့်တွေကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဘလဇဲလ်ရဲ့ ထူးဆန်းတဲ့ မီးတောက်ပုံရိပ်အကြောင်းကိုလည်း ဒါက ရှင်းပြနေတယ်။ အဲဒါက သူမရဲ့ ဒီဗာ ဖြစ်နေလို့ပဲ။
ဒီဗာတွေကို အခြားဒီဗာတစ်ခုနဲ့ပဲ အနိုင်ယူနိုင်တာမို့ သူတို့ ဘာလို့ ဆုတ်ခွာသွားရလဲဆိုတာ သဘောပေါက်သွားပြီ။
'အဲဒီအစွမ်းတွေက ဘာလဲ၊ ဘယ်လိုခွန်အားမျိုးနဲ့ ဖွဲ့စည်းထားတာလဲ၊ ဒီဗာ အမျိုးအစားတွေကကော ဘယ်နှစ်မျိုး ရှိလဲ'
မိုက်ကယ်ရဲ့ ခေါင်းထဲမှာ မေးခွန်းပေါင်းစုံ ပေါ်လာတယ်။ နောက်ဆုံးတော့ အမည်သိလိုက်ရတဲ့ ဒီဗာအကြောင်းကို သူ အလွန် သိချင်နေမိပြီ။
"နေပါဦး။ လူတွေမှာ ဒီဗာ တစ်ခုပဲ ရှိတာလား"
ဗီရီယန်က ခေါင်းညိတ်ပြတယ်။ "ဟုတ်တယ်။ တစ်ခုပဲ။ အဲဒါတွေက သူတို့ရဲ့ ဝိညာဉ်၊ သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်နဲ့ ဆက်နွှယ်နေတာ။ မင်း ဘယ်လိုဒီဗာမျိုးကိုပဲ နှိုးဆွနိုင်ခဲ့ပါစေ၊ အဲဒါက မင်းရဲ့ တစ်သက်တာလုံးအတွက်ပဲ"
"ဒါဆို ကျွန်တော် နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ပထမဆုံး စသုံးတုန်းက ပေါ်လာတဲ့ မိန်းမကြီးကကော ဘာလဲ"
သတ္တုကိုယ်ထည်နဲ့ မိန်းမကြီး၊ ဒါမှမဟုတ် လူသိများတဲ့ အိုင်းရွန်းမေဒင်က မိုက်ကယ် ပထမဆုံး နှိုးဆွမိခဲ့တဲ့ ဒီဗာလို့ ပြောလို့ရတယ်။
"ကျွန်တော် ပထမဆုံး နိုးထလာတုန်းက…"
သူက အိုင်းရွန်းမေဒင် ပေါ်လာခဲ့တဲ့ အဖြစ်အပျက်ကို ဗီရီယန်ကို ရှင်းပြလိုက်တယ်။
ရှင်းပြလို့လည်း ပြီးရော ဗီရီယန်က သူမရဲ့ စာကြည့်တိုက်ဆီ ချက်ချင်း ပြေးသွားပြီး သူမ ရှာချင်နေတာကို တွေ့ဖို့ စာအုပ်တွေနဲ့ ပရပိုဒ်တွေကို စိတ်ရူးပေါက်သလို လွှင့်ပစ်ရင်း ရှာတော့တာပဲ။
အိုင်းရွန်းမေဒင် ဖြစ်ရပ်အတွက် ရှင်းလင်းချက်ကို ရှာဖို့ ပရပိုဒ်တစ်ခုချင်းစီကို သူမ အသည်းအသန် လှန်လှောဖတ်ရှုနေတယ်။
သူမက တစ်မိနစ်၊ ဆယ်မိနစ်၊ မိနစ်သုံးဆယ်ကနေ တစ်နာရီအထိ ဆက်ဖတ်နေခဲ့တယ်။
မိုက်ကယ်သာ ကြားဖြတ်မတားရင် သူမက ဆက်ဖတ်နေဦးမယ့်ပုံပဲ။
"တစ်ခုခု တွေ့ပြီလား" သူက သူမကို မေးလိုက်တယ်။
"...မတွေ့ဘူး…ငါ…ငါ ဒီအိုင်းရွန်းမေဒင်အကြောင်း ဘာမှ ရှာမတွေ့ဘူး…"
ဗီရီယန်ရဲ့ ခရမ်းရောင်ဆံပင်တွေက စိတ်ဖိစီးမှုကြောင့် ဖရိုဖရဲ ဖြစ်နေပြီ။ ရှင်းလင်းချက် ရှာမတွေ့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်မှာ ထိုင်ချလိုက်တယ်။
"သူက…မင်းရဲ့ ဒီဗာ မဟုတ်လောက်ဘူး ထင်တယ်။ ပထမဆုံး နိုးထမှုမှာတင် ပြီးပြည့်စုံတဲ့ ဒီဗာတစ်ခု ပေါ်လာတယ်ဆိုတာ ငါ မကြားဖူးဘူး။ မင်းမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစ ဘယ်လောက်ရှိလဲ"
"အစအနလေး တစ်ခုပါပဲ" သူက ရခဲ့တဲ့ အပိုင်းအစရဲ့ ပုံသဏ္ဌာန်ကို လက်နဲ့ ပြရင်း ဖြေလိုက်တယ်။
"အဲဒီ ပမာဏအနည်းငယ်လေးနဲ့တော့ ပြီးပြည့်စုံတဲ့ ဒီဗာတစ်ခု မပေါ်လာနိုင်ဘူး။ စောစောက မင်းပြတဲ့ သတ္တုလက်မောင်းက မပြည့်စုံသေးလို့ မင်းရဲ့ စစ်မှန်တဲ့ ဒီဗာ ဖြစ်ဖို့များတယ်။ အိုင်းရွန်းမေဒင်နဲ့ ပတ်သက်လို့တော့ ငါလည်း ရှင်းမပြတတ်ဘူး။ သရဲလား၊ နတ်သမီးလား၊ ဘာလားဆိုတာ ငါလည်း မသိဘူး"
အိုင်းရွန်းမေဒင်အကြောင်းက အချိန်အကြာကြီး လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေဦးမယ်ဆိုတာကို မိုက်ကယ် လက်ခံလိုက်ပြီ။ အမှန်တရားကို သိနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သူမ ပြောခဲ့တဲ့အတိုင်း လိုက်လုပ်ဖို့ပဲ၊ 'ငါ့ကို တည်ဆောက်ပါ' ဆိုတာ။
သူမ ဆိုလိုတာက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ပိုစုဆောင်းဖို့ ဖြစ်ရမယ်၊ ဒီဗာတွေနဲ့ အစွမ်းတွေအကြောင်း သိပြီးတဲ့နောက်မှာတော့ သူ ဒါကို ဝမ်းသာအားရ လုပ်ဆောင်မှာပါ။
"ဒါဆို ကျွန်တော့်ဒီဗာရဲ့ စစ်မှန်တဲ့မျက်နှာပြင်ကို မြင်ချင်ရင် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ပိုစုဆောင်းရမယ်ပေါ့၊ ဟုတ်လား"
"ဟုတ်တယ်" သူမရဲ့ ဒီဗာအကြောင်းကိုလည်း စိတ်ဝင်စားနေတဲ့ ဗီရီယန်က ပြန်ဖြေတယ်။
"ကျင့်ကြံမှုမှာ မတူညီတဲ့ အဆင့်တွေ ရှိတယ်။ အခု မင်းက ပထမဆုံးအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိသေးတာ။ မင်း နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ လုံလုံလောက်လောက် စုမိသွားရင် ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ ဒီဗာရဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခု ထပ်ပေါ်လာလိမ့်မယ်။ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ကိုးခုမြောက်အဆင့် ရောက်ရင်တော့ မင်းရဲ့ ဒီဗာတစ်ခုလုံး ပြည့်ပြည့်စုံစုံ ပေါ်လာလိမ့်မယ်"
ဒီဗာတွေအကြောင်း ပိုသိလာရလို့ မိုက်ကယ်ရဲ့ သွေးတွေ ဆူဝေလာသလို ခံစားရတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဒီဗာက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူ မြင်ချင်လှပြီ။
"အစွမ်းတွေကကော ဘယ်လိုလဲ။ မင်းပြောတော့ အဲဒါတွေက မှော်မန္တန်တွေ၊ စွမ်းရည်တွေနဲ့ မတူဘူးဆို။ မှော်စွမ်းအင်နဲ့ ဖွဲ့စည်းထားတာလည်း မဟုတ်ဘူးဆိုတော့"
ဗီရီယန်က လူသားတစ်ယောက်ရဲ့အပေါ်မှာ ဒီဗာတစ်ခု ရှိနေတဲ့ ပုံကြမ်းလေးပါတဲ့ ပရပိုဒ်တစ်ခုကို တွေ့တဲ့အထိ ရှာဖွေလိုက်တယ်။
အဲဒီဒီဗာရဲ့ အောက်ပိုင်းက မြေသြဇာကောင်းတဲ့ ညိုမည်းမည်း မြေဆီလွှာတွေနဲ့ ဖွဲ့စည်းထားပုံရပြီး အပေါ်မှာတော့ သူ့ရဲ့ အမွှေးအမျှင်တွေလို ဖြစ်နေတဲ့ မြက်ပင်အရှည်ကြီးတွေ ရှိနေတယ်။ ခေါင်းပေါ်မှာတော့ ဒီဗာရဲ့ မျက်နှာသွင်ပြင်ဖြစ်အောင် ပေါင်းစပ်ထားတဲ့ ကောက်ပဲသီးနှံမျိုးစုံ ရှိနေတယ်။
မျက်လုံးနေရာမှာ ခရမ်းချဉ်သီးတွေ၊ မျက်ခုံးမွှေးနေရာမှာ ပဲတောင့်ရှည်တွေ၊ နှာခေါင်းနေရာမှာ အာလူး၊ ဆံပင်နေရာမှာ ဂျုံပင်တွေနဲ့ မုတ်ဆိတ်မွှေးနေရာမှာ မုန်လာဥနီတွေ ဖြစ်နေတယ်။
"ဥပမာအားဖြင့်၊ ဒီလူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ကိုးခုမြောက်အဆင့်ကို ရောက်ပြီး သူ့ရဲ့ ဒီဗာကို အပြီးသတ် နှိုးဆွနိုင်ခဲ့ပြီ။ မင်းမြင်တဲ့အတိုင်းပဲ၊ ဒီဗာက စိုက်ပျိုးရေးနဲ့ ကောက်ပဲသီးနှံတွေကို အခြေခံထားတာ။
အဲဒီလူက ကောက်ပဲသီးနှံတွေ၊ မြေဆီလွှာတွေနဲ့ သက်ဆိုင်တဲ့ အစွမ်းတွေကို ရရှိလိမ့်မယ်။ ဥပမာအားဖြင့်၊ သူ ထိသမျှအရာအားလုံးကို ကောက်ပဲသီးနှံအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ စားပွဲတွေက မုန်လာဥနီတွေ ဖြစ်သွားမယ်၊ သံချပ်ကာတွေက ဂေါ်ဖီထုပ်ဖက်တွေလို ပျော့ပြောင်းသွားမယ်၊ လူသားတွေကိုတောင် မြေသြဇာကောင်းတဲ့ မြေဆီလွှာတွေအဖြစ် ပြောင်းပစ်နိုင်တယ်။
ဒီဗာတစ်ခုချင်းစီရဲ့ အစွမ်းတွေက သီးသန့်ဖြစ်ပြီး အသုံးပြုဖို့ ကိုယ်ပိုင်စည်းကမ်းချက်တွေ ရှိကြတယ်။ မင်း ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်တွေ တက်လာတာနဲ့အမျှ ဒီအစွမ်းတွေကလည်း ကြီးထွားလာလိမ့်မယ်။
မင်းအတွက်ကတော့ မင်းရဲ့ ကိုယ်ပိုင်အစွမ်းတွေ ပေါ်လာဖို့ မင်းရဲ့ ဒီဗာက လုံလုံလောက်လောက် ပုံမဖော်ရသေးဘူး။ တစ်ခါတရံ ဒုတိယအဆင့်မှာ ပေါ်တတ်သလို၊ တစ်ခါတရံ သတ္တမအဆင့်လောက်အထိ နောက်ကျပြီးမှ ပေါ်တတ်တယ်။ အဲဒါကတော့ အဲဒီလူရဲ့ ပါရမီနဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်"
* * * * * * * *
စာစဉ်(၃၁)
အခန်း(၃၇၀)
မိုက်ကယ်က ပုံဖော်ရေးဆွဲထားတာကို မျက်လုံးထဲမှာ အံ့ဩမှင်တက်ရိပ်တွေအပြည့်နဲ့ ငေးကြည့်နေမိတယ်။ ဒီလိုမျိုး တန်ခိုးစွမ်းအားက မှော်စွမ်းအင်နဲ့ မှော်ပညာအပေါ် သူအခုလောလောဆယ် သိနားလည်ထားတာတွေထက်ကို ကျော်လွန်နေတာပါ။ ဒီဗာတွေနဲ့ စွမ်းရည်တွေဟာ လက်တွေ့ကမ္ဘာကြီးရဲ့ အနုစိတ်ဖြစ်တည်မှုပုံစံကိုပါ စိတ်ကြိုက် ပြန်ပြင်ရေးဆွဲနိုင်တဲ့အတိုင်းပဲ။
"ကျွန်တော့်ရဲ့ သဟဇာတသေနတ် ကော။ အဲဒါကို စွမ်းရည်လို့ သတ်မှတ်လို့ရလား" သူက လက်ညှိုးကို သေနတ်ပုံစံလုပ်ပြရင်း ပြောလိုက်တယ်။
ဗီရီယန်က သူမရဲ့ မှော်ပရပိုဒ်တွေကို တစ်စက္ကန့်လောက် ထပ်ပြီး အသေအချာ ရှာဖွေကြည့်ပြီးမှ ခေါင်းခါပြလိုက်တယ်။
"ငါလည်း မသိဘူး။ ပင်ကိုယ်မွေးရာပါ သံလိုက်စွမ်းအားပါတဲ့မက်ဂ်နက်တစ် တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့လို့ပဲ။ ပုံမှန်ဆိုရင်တော့ သံလိုက်စွမ်းအားရှိတဲ့တစ်ယောက်က သူတို့ရဲ့ ဒီဗာကို ပေါ်ထွက်လာအောင် လုပ်ဖို့အတွက် နောက်ထပ် လိုအပ်ချက်တစ်ခု ရှိသေးတယ်။ သူတို့မှာ မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခု ရှိဖို့လိုတာ"
"မက်ဂ်နက်တစ်တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု အဆင့်တွေကို ကျော်ဖြတ်ပြီး တက်လှမ်းလာခဲ့ရင်တောင်၊ သူတို့ရဲ့ စွမ်းရည်တွေကို ရှာဖွေတွေ့ရှိသွားခဲ့ရင်တောင်မှ မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုကို လက်ဝယ်တပ်ဆင်မထားသရွေ့ သူတို့အနေနဲ့ ဒီဗာကို ဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး"
"မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေက မက်ဂ်နက်တစ်တွေအတွက် သိပ်ကို အရေးကြီးပါတယ်။ အဲဒါက သူတို့ရဲ့ ဒီဗာတွေ တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသနိုင်မယ့် လက်နက်ပဲလေ"
"မင်းက မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုမှ လက်ထဲမှာ မရှိဘဲနဲ့ မင်းရဲ့ ဒီဗာကို ပေါ်ထွက်လာအောင် လုပ်နိုင်နေတာက မင်းဟာ ပင်ကိုယ်မွေးရာပါ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်နေလို့ပဲ"
မိုက်ကယ်က သူ့ရဲ့ သဟဇာတသေနတ်ကို အသက်သွင်းလိုက်တဲ့ ခဏတာ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ့ရဲ့ ဒီဗာကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့တာပါ။
သဟဇာတသေနတ်က သဟဇာတမှော်စွမ်းအင်ကို သုံးတဲ့ မန္တန်တစ်ခုဖြစ်နေလို့ ထင်တယ်။ ဒြပ်စင်ရှစ်ခုလုံးအပေါ် ငါ့ရဲ့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှုကပဲ ငါ့ကို ပင်ကိုယ်မွေးရာပါ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်လာစေတာ နေမှာ။
အဲဒီနေရာမှာ ဆက်စပ်မှုတစ်ခု ရှိနေပေမဲ့ မိုက်ကယ်အနေနဲ့ အပိုင်တွက်ပြီး ကောက်ချက်ချဖို့အတွက်တော့ သက်သေအထောက်အထားက လုံလောက်မှု မရှိသေးပါဘူး။
"ဒါဆို ကျွန်တော်က ကိုယ်ပိုင် မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုကို ရှာဖို့ မလိုတော့ဘူးလို့ ဆိုလိုတာလား" သူက မေးလိုက်တယ်။
"မင်းက အဲဒါမရှိဘဲနဲ့ ဒီဗာကို ပေါ်ထွက်လာအောင် လုပ်နိုင်တယ်ဆိုရင်တောင် တစ်ခုတော့ လိုအပ်နေဦးမှာပဲ။ ရှေးဟောင်းခေတ်က လူသားတွေဟာ မင်းလိုပဲ ပင်ကိုယ်မွေးရာပါ မက်ဂ်နက်တစ်တွေ ဖြစ်ခဲ့ကြပေမဲ့ သူတို့ရဲ့ ဒီဗာကို ထုတ်ဖော်ဖို့အတွက် မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းကို သုံးခဲ့ကြသေးတာပဲ။ အဲဒါက ဒီဗာနဲ့ ပိုပြီး ဆက်သွယ်မှုရစေသလို ၎င်းရဲ့ စစ်မှန်တဲ့ တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသနိုင်ဖို့ ကူညီပေးတယ်လို့ ပြောစမှတ်ပြုကြတယ်"
မိုက်ကယ်က ခေါင်းငြိမ့်လိုက်ပြီး နောက်ဆုံးတော့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ကိုယ်တိုင်ရအောင် ယူရမယ်လို့ စိတ်ထဲကနေ မှတ်သားထားလိုက်တယ်။
"ဒါဆို ကျွန်တော်လိုအပ်တာက မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုပဲပေါ့" သူက မေးလိုက်တယ်။
"ဟုတ်တယ်။ အဲဒါက မရှိမဖြစ်ကို လိုအပ်တာ။ ဒါပေမဲ့ ကိုယ့်အတွက်တစ်ခု ရှာတွေ့ဖို့ဆိုတာက တကယ်ကို ခက်ခဲလှပါတယ်။ အဲဒီလူသားတွေက ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့တဲ့ ကောင်းပေ့ညှာပေ့ အရာတွေကို အကုန် သိမ်းကျုံးယူထားကြပြီးပြီလေ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ နေ့တိုင်းလိုလို ပေါ်လာတတ်တဲ့ မှော်ကမ္ဘာငယ်လေးတွေ၊ မြေမြှုပ်ထားတဲ့ သချိုင်းဂူတွေနဲ့ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေ ရှိနေတာပဲ။ မင်း ကံကောင်းရင်တော့ အဲဒီနေရာတွေမှာ တစ်ခုလောက် ရှာတွေ့နိုင်ကောင်းပါရဲ့"
ဗီရီယန်က သူမရဲ့ စာအုပ်တွေကို စတင်ခွဲခြားပြီး မိုက်ကယ်ရဲ့ရှေ့ကို ချပြလိုက်တယ်။
"ဒါကတော့ မင်းအနေနဲ့ မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုကို ရှာတွေ့နိုင်လောက်မယ့် နေရာတွေပဲ…"
မိုက်ကယ်က သူမရဲ့ ကူညီပေးမှုကို ကျေးဇူးတင်မိပေမဲ့ သူက အဲဒါကို မလိုအပ်ပါဘူး။
"ရပါတယ်" သူက သူမကို ပြောလိုက်တယ်။ "ကိုယ့်ဘာသာကိုယ် တစ်ခု ရအောင်လုပ်နိုင်တယ်"
ဗီရီယန်က သူမရဲ့ မျက်ခုံးတွေကို ပင့်တင်လိုက်တယ်။ "အို...မင်းမှာ တစ်ခု ရှိနေပြီးသားပေါ့ ဟုတ်လား"
မိုက်ကယ်က ခေါင်းကို ဘယ်ပြန်ညာပြန် ရမ်းပြလိုက်တယ်။ "အတိအကျကြီးတော့ မဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက လိုအပ်ရင် ကိုယ့်ဘာသာကိုယ် တစ်ခု လုပ်ယူလို့ရတယ်"
နတ်သူငယ်အိုကြီးက ဇဝေဇဝါဖြစ်သွားပြီး ခေါင်းကို ခါယမ်းလိုက်တယ်။
"မင်း ဘာတွေ ပြောနေတာလဲ"
"မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို အစကနေအဆုံး ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိတယ်"
ဗီရီယန်တစ်ယောက် ဆွံ့အမှင်တက်သွားပြီး သူမရဲ့ အတောင်ပံတွေကနေ စီးဆင်းနေတဲ့ ရွှေရောင်ဖုန်မှုန့်လေးတွေတောင်မှ အချိန်ပိုင်းအတွင်း ရပ်တန့်သွားသလို ဖြစ်သွားရတယ်။
"အင်းလေ... မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းဆိုတာက အချိန်ကာလကြာမြင့်လို့ ဟောင်းနွမ်းပျက်စီးသွားတဲ့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုပဲ မဟုတ်လား။ ကျွန်တော်က အစကနေအဆုံး အသစ်စက်စက် လုပ်နိုင်တယ်"
အခုလောလောဆယ် ဗီရီယန် ခံစားနေရတဲ့ ထိတ်လန့်တုန်လှုပ်မှုကို ဖော်ပြဖို့အတွက် အံ့ဩသွားတယ်ဆိုတဲ့ စကားလုံးက သိပ်ကို နည်းလွန်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ဖန်တီးတဲ့ နည်းလမ်းဟာ သဟဇာတမှော်စွမ်းအင်ကို အသုံးချတဲ့ စွမ်းရည်နဲ့အတူ အချိန်ကာလတွေကြားထဲမှာ ပျောက်ဆုံးသွားခဲ့ပြီလို့ပဲ အားလုံးက ထင်မှတ်ထားခဲ့ကြတာလေ။
ဒါကြောင့်မို့လို့လည်း လူသားတွေဟာ ရှေးဟောင်းခေတ်ကနေ ကျန်ရစ်ခဲ့တဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ကမ္ဘာအနှံ့ လိုက်လံရှာဖွေခဲ့ကြတာပါ။
ဒါပေမဲ့ နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်လာခဲ့တာကြောင့် အဲဒီ မီသရယ် မှော်ဝင်ပစ္စည်းတွေဟာ အရင်ကရှိခဲ့တဲ့ အစွမ်းသတ္တိရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်သာ ကျန်ရှိတော့တဲ့အထိ ပျက်စီးယိုယွင်းခဲ့ကြရပြီ။ အချို့ဆိုရင် အပိုင်းအစတွေ၊ အက်ကြောင်းတွေအဖြစ်တောင် ကျိုးပဲ့ကုန်ကြပြီလေ။ အဲဒီလို ပျက်စီးယိုယွင်းသွားတဲ့ လက်နက်တွေကိုပဲ မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေလို့ ခေါ်ကြတာပါ။
ဒါပေမဲ့ အခုတော့ မိုက်ကယ်က မူလ မီသရယ် မှော်ဝင်ပစ္စည်းအစစ်အမှန်ကို ဘယ်လိုလုပ်ရမလဲဆိုတာ သိထားတယ်လို့ သူမကို ဖွင့်ဟပြောဆိုလိုက်တာ ဖြစ်နေတယ်။
"ဒါ... ဒါပေမဲ့... ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့လဲ။ မင်းက ရှေးဟောင်းခေတ်က လူသားတစ်ယောက် မဟုတ်တာ သေချာရဲ့လား။ မင်းက ပင်ကိုယ်မွေးရာပါ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်နေရတဲ့အထဲ အခုတော့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဖန်တီးနိုင်တဲ့ ပန်းပဲဆရာတစ်ယောက်လည်း ဖြစ်နေပြန်ပြီလား။ ဒါက တကယ်ကို မဖြစ်နိုင်တာကြီးပဲ"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။
"အင်း... လူပုတွေ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဧရာမ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို သွားကိုင်ကြည့်ပြီးတဲ့နောက်မှာ တစ်ခု ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် သဘောပေါက်သွားတာ"
ဗီရီယန်ကတော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ပြီး မေ့လဲလုနီးပါးတောင် ဖြစ်သွားရတယ်။
"ငါ... ငါ ဘယ်လိုခံစားရမလဲတောင် မသိတော့ဘူး"
မိုက်ကယ်က သူတို့ရဲ့ ရွာကို ရောက်လာတုန်းက ဗီရီယန်က သူ့ကို မှော်ပညာနဲ့ မန္တန်တွေမှာ သိပ်ကို ကျွမ်းကျင်လွန်းတဲ့ လူသားပါရမီရှင်တစ်ယောက်လို့ပဲ ထင်မှတ်ခဲ့တာပါ။ အဲဒီလောက်အထိ တော်လွန်းလို့လည်း သူတို့ရဲ့ မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တာလို့ ယူဆခဲ့တယ်။
ဒါပေမဲ့ အဲဒီနောက်မှာတော့ သူက သဟဇာတစွမ်းအားနဲ့ ဒီဗာရဲ့ တန်ခိုးကို ထုတ်ပြခဲ့ပြန်တယ်။ အဲဒီအချိန်မှာတော့ သူမက သူ့ကို ရှေးဟောင်းခေတ်က လူသားတွေရဲ့ ပျောက်ဆုံးသွားတဲ့ တန်ခိုးစွမ်းအားကို တစ်နည်းနည်းနဲ့ နိုးထလာအောင်လုပ်နိုင်တဲ့ ထူးဆန်းထွေလာ ပါရမီရှင်ကြီးလို့ ထင်မှတ်ခဲ့ပြန်ရော။
ဒါပေမဲ့ အခုကျတော့ သူက အချိန်ကာလတွေကြားထဲမှာ ပျောက်ဆုံးသွားပြီလို့ ထင်ထားကြတဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဖန်တီးနိုင်ရုံတင်မကဘဲ၊ အင်မတန်မှ လူအသိုင်းအဝိုင်းနဲ့ ကင်းကွာအောင် နေတတ်လှပါတယ်ဆိုတဲ့ လူပုတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်မှုရှိနေပြီး သူတို့ရဲ့ အမြတ်နိုးဆုံး ရတနာကြီးဖြစ်တဲ့ ဧရာမ နတ်ဘုရားပန်းပဲဖို အပိုင်းအစဆီကိုပါ ပေးဝင်ခဲ့ကြတယ်လို့ ဖွင့်ဟလိုက်ပြန်ပြီလေ။
ကံတရားရဲ့ ကြိုးမျှင်တွေနဲ့ ကံကောင်းမှုတွေ အားလုံးက လူတစ်ယောက်တည်းအပေါ်မှာပဲ စုပြုံပြီး ရစ်ပတ်နှောင်ဖွဲ့ထားသလို ခံစားလိုက်ရတယ်။ သူမအနေနဲ့ မယုံနိုင်လောက်အောင်ပါပဲ။
အခုမှပဲ သူမ တကယ် သဘောပေါက်သွားတော့တယ်။ သူက ထူးခြားတယ်။ တကယ်ကို ထူးခြားလွန်းတဲ့သူပဲ။
"ကောင်းပြီ... အသက်ကို ပြင်းပြင်းရှူစမ်း ဗီရီယန်" သူမက ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် ကြိုးစားရင်း ပြောလိုက်တယ်။
မိုက်ကယ် ဘာတွေလုပ်နိုင်လဲဆိုတာကို ကြားသိပြီးတဲ့နောက်မှာတော့ ဗီရီယန်အနေနဲ့ ဘယ်အရာနဲ့မဆို ထပ်ပြီး အံ့ဩနေမှာ မဟုတ်တော့ပါဘူး။ သူမ ထပ်ပြီး အံ့ဩသွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ သူက နတ်ဘုရားမရဲ့ တမန်တော် တစ်ယောက်ပါလို့ ဖွင့်ပြောလာမယ့် ကိစ္စမျိုးပဲ ရှိတော့မယ်။
"ဘာပဲဖြစ်ဖြစ် မင်းမှာ ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုတော့ လိုအပ်တာပဲ" သူမက ဒီဗာရဲ့ ပုံဖော်ရေးဆွဲချက်ကို ထပ်မံပြသရင်း၊ ဒီတစ်ကြိမ်မှာတော့ လူသား မက်ဂ်နက်တစ်ရဲ့ လက်ထဲမှာရှိတဲ့ ဓားဆီကို ညွှန်ပြကာ ပြောလိုက်တယ်။
"ဒါပေမဲ့ အဲဒါက လိုအပ်တဲ့အရာတွေရဲ့ အဆုံးသတ်တော့ မဟုတ်သေးဘူး။ မက်ဂ်နက်တစ်တွေက ရှေးဟောင်းဝိညာဉ် သို့မဟုတ် ရှေးဟောင်းဆီလို့ လူသိများတဲ့အရာကို သုံးစွဲပြီး၊ သူတို့ရဲ့ မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းကို ဒီဗာတစ်ပါးနဲ့ တကယ်ကို ထိုက်တန်တဲ့ လက်နက်တစ်ခု ဖြစ်လာအောင် ပေါင်းစပ်ထည့်သွင်းရသေးတယ်"
မိုက်ကယ်က သူ့ရဲ့ မှတ်ဉာဏ်တွေကိုရော၊ နိုဗာရဲ့ အချက်အလက်သိုလှောင်ရုံထဲမှာပါ ရှာဖွေကြည့်လိုက်ပေမဲ့ အဲဒီ သတ်မှတ်ထားတဲ့ ဆီအမျိုးအစားနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။
"ကျွန်တော်က အဲဒီဆီကို မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းပေါ်မှာ ဒီအတိုင်းပဲ သုတ်လိမ်းပေးရမှာလား။ ဒါမှမဟုတ် သီးသန့် ကျင့်စဉ်ထုံးတမ်းတစ်ခု ရှိသေးတာလား။ အဲဒါကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ"
ဗီရီယန်က နှုတ်ခမ်းကို စေ့လိုက်ပြီး ခေါင်းခါပြတယ်။
"စိတ်မကောင်းစရာပဲ၊ အဲဒါက ငါသိသမျှ အကုန်ပဲ။ ငါတို့ရဲ့ မှော်ပရပိုဒ်တွေထဲမှာတော့ ဒီဆီက ဒီဗာရဲ့ တန်ခိုးစွမ်းအားကို ထိန်းချုပ်ထားနိုင်ဖို့အတွက် သိပ်ကို အရေးကြီးတယ်လို့ပဲ ဆိုထားတယ်။ အဲဒါသာမရှိရင် မီသရယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေက အသက်သွင်းလိုက်တာနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်တယ်"
"အဲဒါကို ရှာဖို့က လွယ်ကူပေမဲ့ ရရှိဖို့ကတော့ အင်မတန်မှ ခက်ခဲလှပါတယ်။ အဲဒါက ပင်လယ်ရေရဲ့ အနက်ရှိုင်းဆုံးနေရာ၊ အတ္တလန်တစ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ တည်ရှိတာ။ သမုဒ္ဒရာအရှင်သခင်ကပဲ ရှေးဟောင်းဝိညာဉ်ကို ကုန်သွယ်ဖို့အတွက် ခွင့်ပြုပေးနိုင်တယ်"
"မင်း ခန့်မှန်းနိုင်တဲ့အတိုင်းပဲ ဒီဆီရဲ့ လိုအပ်ချက်က သိပ်ကို ကြီးမားလှတယ်။ ဒါပေမဲ့ ရရှိနိုင်မှုကတော့ သိပ်ကို ကန့်သတ်ချက်ရှိတယ်။ အဲဒီလိုမျိုးကြောင့်ပဲ ဒီ ရှေးဟောင်းဝိညာဉ်ရဲ့ တစ်စက်တည်းတင်ကို ရွှေဒင်္ဂါးပြား ကုဋေတစ်ရာခန့် တန်ဖိုးရှိနိုင်တာ။ အဲဒါက သာမန်လူတွေ ဝယ်ယူနိုင်တဲ့အရာမျိုး မဟုတ်ဘဲ အဆုံးမရှိတဲ့ ငွေကြေးတွေ ရှိနေကြတဲ့ လူသား လုပ်ငန်းစုကြီးတွေအတွက်ပဲ သီးသန့်ဖြစ်နေတာပေါ့"
ဗီရီယန်က အဲဒီလိုမျိုး မိုးပျံမတတ် မြင့်မားလှတဲ့ ဈေးနှုန်းကြောင့် မိုက်ကယ်တစ်ယောက် စိတ်ပျက်သွားလိမ့်မယ်လို့ ထင်မှတ်ပြီး သူ့ကို ကြည့်လိုက်မိတယ်။
ဒါပေမဲ့ စိတ်ပျက်မယ့်အစား သူက ကျေနပ်အားရတဲ့ပုံစံနဲ့ ခေါင်းငြိမ့်နေခဲ့တာပါ။
'အနည်းဆုံးတော့ ငါ့ရဲ့ ငွေတွေကို အခုမှပဲ သုံးစွဲနိုင်တော့မှာပဲ' သူက စိတ်ထဲကနေ တွေးလိုက်တယ်။
အဲဒါက သူ့ရဲ့ ပြဿနာဖြစ်နေတာပါ။ သူ့မှာ ငွေတွေက သိပ်ကို များလွန်းနေပြီး ဝယ်ယူစရာ အရာတွေကတော့ လုံလုံလောက်လောက် ရှိမနေခဲ့ပါဘူး။
* * * * * * * *