အခန်း (၃၇၁-၃၇၂)
Vol. 31 Ch. 371-372
အခန်း(၃၇၁)
မိုက်ကယ်က ဒီသတင်းအချက်အလက်အသစ်တွေကို အာရုံစိုက်နားထောင်ရင်းနဲ့ စူးစမ်းရှာဖွေရတဲ့ စိတ်လှုပ်ရှားမှုတွေ သူ့သွေးကြောထဲအထိ တိုးဝင်ပျံ့နှံ့လာတာကို ခံစားလိုက်ရတယ်။ တကယ်လို့သာ နိုဗာမှာ ရုပ်ခန္ဓာကိုယ်သာရှိရင် အော်ဘီလစ်လို့ခေါ်တဲ့ ဒီစွမ်းအားအသစ်ကို စူးစမ်းလေ့လာခွင့်ရဖို့အတွက် ပါးစပ်ကနေ အမြှုပ်တွေတောင် ထွက်မတတ် စိတ်အားထက်သန်နေမှာ သေချာတယ်။
[မင်းလက်ထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ပိုပြီးတိုးပွားအောင် လုပ်နိုင်ရင် လူတိုင်းအတွက် ပိုကောင်းလိမ့်မယ်] လို့ နိုဗာက ပြောတယ်။
မင်းကော ငါကော အတူတူပါပဲ အပေါင်းအသင်းရာ။ ဒါပေမဲ့လည်း သူရနိုင်မယ့် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ရှိနိုင်တဲ့ တစ်ခုတည်းသော နေရာက စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ဘီလီယံနာသူဌေးကြီးတွေရဲ့ လက်ထဲမှာပဲ ရှိနေတာလေ။ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ကျန်သေးရဲ့လားဆိုတာတောင် သူ သေချာမသိဘူး။ အားလုံးကို လူတွေက မက်ဂ်နက်တစ် ဖြစ်ဖို့အတွက် သုံးပစ်လိုက်ကြပြီ ထင်ပါရဲ့။
အဲဒီအချိန်မှာပဲ နတ်သူငယ်တွေရဲ့ မှော်ကမ္ဘာငယ်လေးရဲ့ မြေပြင်တစ်ခုလုံးကို ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးနှစ်ချက်က တုန်ခါသွားစေတယ်။ မိုက်ကယ်က မျက်လုံးကိုမှိတ်ပြီး အပြင်ဘက်မှာ သူချန်ထားခဲ့တဲ့ အရိပ်ခွဲဆီကို အာရုံလွှဲလိုက်တဲ့အခါ မီးခိုးရောင်သံချပ်ကာဝတ် ဆယ်ယောက်က တောအုပ်တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေတာကို မြင်လိုက်ရတယ်။
ဗီရီယန်က သူမရဲ့အိမ်ထဲကနေ အပြင်ဘက်ကို ချက်ချင်း ပျံသန်းထွက်လာတယ်။ မှော်ကမ္ဘာငယ်လေးရဲ့ အမြဲတမ်း မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးက စပြီး လင်းပွင့်လာနေပြီ။ လင်းထိန်နေတဲ့ သစ်ပင်တွေနဲ့ မြက်ပင်တွေက အပိုင်းပိုင်း ပြတ်ထွက်ကုန်ပြီး တောက်ပတဲ့ အလင်းဖြူကြီးတွေ ထွက်ပေါ်လာတယ်။
မှော်ကမ္ဘာငယ်လေးတစ်ခုလုံးက ပြိုလဲပျက်စီးတော့မယ့် အခြေအနေ ရောက်နေပြီ။
"ဒါကို ဘယ်သူလုပ်တာလဲ" လို့ ဗီရီယန်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
မှိုဘုရင်ကြီးတောင်မှ သူ့ရဲ့ပင်စည်လို ခြေထောက်ကြီးတွေနဲ့ မြေပြင်ကို ဆောင့်နင်းပြီး တောအုပ်ထဲက ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်ဖို့အတွက် သူ့ရဲ့ မှိုအမှုန်တွေကို ထုတ်လွှတ်နေရှာတယ်။
"ဗီဗီ ဘယ်မှာလဲ။ လူတွေအကုန်လုံးကော ဘယ်ရောက်ကုန်ပြီလဲ"
ဗီရီယန်က နေရာအနှံ့ကို လိုက်ကြည့်ပေမဲ့ ရွာတစ်ခုလုံးက သရဲခြောက်တဲ့ မြို့ပျက်ကြီးလို ဖြစ်နေတယ်။ အထဲမှာ သူမတစ်ယောက်တည်းပဲ ကျန်တော့တာ။
"ကျွန်တော် ရှင်းပြနိုင်ပါတယ်..." လို့ သူက သူမကို ပြောလိုက်တယ်။
သူက ဗီဗီနဲ့ ရိုလာကိုစတာ ကိစ္စ သဘောတူညီချက်အကြောင်း၊ ပြီးတော့ နတ်သူငယ်တွေနဲ့ စကားပြောဖို့ လာနေတဲ့ ဖလဲယားကော့ပ်ရဲ့ လူဆယ်ယောက်ပါတဲ့ စစ်တပ်အကြောင်းကို အကျဉ်းရုံး ပြောပြလိုက်တယ်။
"အဲဒီ သောက်ကောင်မလေး" လို့ ဗီရီယန်က ကျိန်ဆဲလိုက်တယ်။ "သူမက ငါတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို လုံးဝမငဲ့ဘဲ စိတ်ထင်သလို လျှောက်လုပ်နေတာပဲ"
မိုက်ကယ်ရဲ့ ခြေဖဝါးကနေ ခေါင်းအထိ မှော်စက်ဝိုင်းတစ်ခု ဖြတ်သန်းသွားပြီး သူက ပုံမှန်အရွယ်အစားအတိုင်း ဖြည်းဖြည်းချင်း ပြန်ကြီးလာတယ်။
"မစိုးရိမ်ပါနဲ့။ ဒါကြောင့်ပဲ ကျွန်တော် ဒီကို ရောက်နေတယ်။ အဲဒီကောင်တွေကို ကျွန်တော် ခင်ဗျားအတွက် ရှင်းပေးမယ်" လို့ သူက သူမကို ပြောလိုက်တယ်။
မှိုဘုရင်ကြီးက သူ့ဘေးနားကို လျှောက်လာပြီး လေပူကြီးနှစ်ချက် မှုတ်ထုတ်လိုက်တယ်။ အဲဒီလူသားတွေကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံပဲ။
"ကျေးဇူးပါပဲ သူငယ်ချင်းရာ။ ဒါပေမဲ့ ဒါကို ငါ့ဘာသာပဲ ရှင်းလိုက်ပါ့မယ်။ မင်းက ဒီမှာပဲနေပြီး ရွာကို ကာကွယ်ပေးထား၊ ဟုတ်ပြီလား"
သူက ခေါင်းညိတ်ပြပြီး ရွာအပြင်ဘက်မှာပဲ ချက်ချင်း နေရာယူလိုက်တယ်။ အဲဒီပုံစံက မိုက်ကယ်ကို သစ္စာရှိတဲ့ ခွေးလိမ္မာလေးတစ်ကောင်ကို သွားသတိရစေတယ်။ သူနဲ့ စတွေ့တုန်းက ပုံစံနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။
ဗီရီယန်က မှော်ကမ္ဘာငယ်လေး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေတဲ့ ပုံစံနဲ့ ကြည့်နေတယ်။ ဒါပေမဲ့ မိုက်ကယ်ရှိနေတာက သူမကို အများကြီး စိတ်အေးသွားစေတယ်။
"သတိထားလို့ ငါ ပြောသင့်ပေမဲ့ မင်းရဲ့ တန်ခိုးတွေရယ် မင်းရဲ့ ဒီဗာရယ်နဲ့ဆိုရင်တော့ ဒီလူသားတွေက မင်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ငါကတော့ မင်းကို တောအုပ်ကိုပဲ သတိထားပေးစေချင်တယ်"
"ပြဿနာမရှိပါဘူး" လို့ သူက ပြောရင်း လက်ကိုမြှောက်ပြီး မှော်သော့ချက်ကို လှည့်လိုက်တယ်။
ခဏချင်းမှာပဲ မိုက်ကယ်က လက်တွေ့ကမ္ဘာထဲကို ပြန်ရောက်သွားတယ်။ နတ်သူငယ်တွေကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့အတွက် တောအုပ်တစ်ခုလုံးကို ဖျက်ဆီးဖို့ ရောက်လာကြတဲ့ ဖလဲယားကော့ပ်ဆယ်ယောက်နဲ့ မီတာအနည်းငယ်အကွာမှာ သူ ရပ်နေမိတယ်။
သူတို့က သဘာဝတရားကြီးကို ဖျက်ဆီးဖို့အတွက် မီးလျှံဓားတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ သံဆူးလုံးတုတ်တွေကို သုံးနေကြတာ။ သူတို့ရဲ့ ကြယ်ငါးပွင့်အဆင့်ကြောင့် ဒီဒေသရဲ့ စိုစွတ်မှုတွေ ရှိနေပေမဲ့လည်း မီးက ဆက်လောင်နေနိုင်တာ ဖြစ်တယ်။
"ဟမ်။ မင်းက ဘယ်သူလဲ"
နောက်ဆုံးတော့ စစ်သားတစ်ယောက်က သူတို့ရှေ့မှာ ရပ်နေတဲ့ မိုက်ကယ်ကို သတိထားမိသွားတယ်။ ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကြောင့် သူတို့ စိတ်မသက်မသာ ဖြစ်သွားကြတယ်။
ပြီးတော့ သူတို့က ဒီကောင်လေးက နတ်သူငယ်တစ်ယောက် ဖြစ်မလားလို့ တွေးမိသေးတယ်။ ဒါပေမဲ့ အတောင်ပံ မပါတာရယ်၊ ကိုယ်ခန္ဓာ ထွားကြိုင်းတာရယ်ကြောင့် အဲဒီအတွေးက ချက်ချင်း ပယ်ဖျက်သွားရတယ်။
"ဟေး ကောင်လေး။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ဒါက ဖလဲယားကော့ပ်ရဲ့ ပိုင်နက်ကွ"
"ပြဿနာထဲ မပါချင်ရင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်တော့"
"မင်း ငါတို့ပြောတာ ကြားရဲ့လား"
မိုက်ကယ်က သူတို့ကို လုံးဝဂရုမစိုက်ဘဲ တောအုပ်ထဲမှာ တဟုန်ထိုး ကူးစက်ပျံ့နှံ့နေတဲ့ မီးတောက်တွေကိုသာ အာရုံစိုက်နေတယ်။ သူတို့ရဲ့ မီးမန္တန်တွေက ဆာလောင်နေတဲ့ သားရဲတစ်ကောင်လိုမျိုး အပင်တွေကို အငမ်းမရ ဝါးမြိုနေပြီး အသက်ဝင်နေသလိုပဲ။
အဲဒီအထဲမှာ ကြယ်ငါးပွင့် မှော်စွမ်းအင်ရဲ့ တန်ခိုးကို သူ ခံစားနေရတယ်။
ဒါကို တားဆီးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက မီးနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ဒြပ်စင်နဲ့ ပြန်တိုက်ခိုက်ဖို့ပဲ။
သူက လက်ကို လေထဲမြှောက်လိုက်ပြီး သူ့လက်ဖဝါးအရွယ်အစားလောက်ရှိတဲ့ မှော်စက်ဝိုင်းအသေးလေးတစ်ခုကို ဖန်တီးလိုက်တယ်။
ဖလဲယားကော့ပ် စစ်သားတွေက သူ့ရဲ့ မန္တန်ထဲက မှော်ကျင့်စဉ်ကို ချက်ချင်း အကဲခတ်မိသွားကြတယ်။
"ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး ကောင်လေး။ ဒါက ရိုးရိုးမီး မဟုတ်ဘူး။ အားနည်းတဲ့ ကြယ်တစ်ပွင့်မန္တန် ရေလုံး နဲ့ ငြှိမ်းလို့ရမှာ မဟုတ်ဘူး"
"ငါတို့အလုပ်ထဲ ဝင်မရှုပ်နဲ့၊ မဟုတ်ရင် မင်းကို ဖမ်းဆီးဖို့ တွန်းအားပေးသလို ဖြစ်လိမ့်မယ်"
မှော်စက်ဝိုင်းက သူ့လက်ဖဝါးအထက် တစ်လက်မအကွာမှာ ဆက်တိုက်လည်ပတ်နေပြီး ထုတ်လွှတ်ဖို့ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ သူ မပြီးသေးဘူး။ သူ့ခန္ဓာကိုယ်ထဲကနေ မှော်စွမ်းအင်တွေကို ပိုပြီး ထည့်သွင်းလိုက်တဲ့အခါ ရှိပြီးသား အပေါ်မှာတင် နည်းနည်းပိုကြီးတဲ့ မှော်စက်ဝိုင်းတစ်ခု ထပ်ပေါ်လာပြန်တယ်။
စစ်သားတွေရဲ့ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်မှုနဲ့ လှောင်ပြောင်ချင်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
ဒါပေမဲ့ နောက်ထပ် စက်ဝိုင်းတစ်ခုက အဲဒီနှစ်ခုရဲ့ အပေါ်မှာ ထပ်ပေါ်လာပြန်ရော။ ပြီးတော့ နောက်တစ်ခု၊ ပြီးတော့ နောက်တစ်ခုနဲ့ အခုဆိုရင် မှော်စက်ဝိုင်း ငါးခုက တစ်ခုပေါ်တစ်ခု ထပ်ရက်သား ဖြစ်နေပြီး တစ်ခုထက်တစ်ခု ပိုပြီး ကြီးမားလာတယ်။
တန်ခိုးချင်း ကွာခြားချက်က ထင်ရှားနေပြီ။ မှော်ကျင့်စဉ်က ရိုးရှင်းတဲ့ ရေလုံးမန္တန်ဖြစ်ပေမဲ့ ထွက်ပေါ်လာတဲ့ တန်ခိုးက ကြယ်ငါးပွင့်အဆင့်မှာ ရှိနေတာ။
အခုမှပဲ စစ်သားတွေက တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိသွားကြတယ်။ ဒါက ရိုးရိုးကောင်လေး မဟုတ်ဘူး။ သူတို့က မီးလျှံဓားတွေကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ကို တိုက်ခိုက်ဖို့ ပြင်လိုက်ကြတယ်။
ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့ မန္တန်ထုတ်လွှတ်မှုကို အပြီးသတ်လိုက်ပြီ။
မှော်စက်ဝိုင်းတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ဧရာမ မှော်စက်ဝိုင်းကြီးတစ်ခု ဖြစ်လာတယ်။
ပြီးတော့ ရုတ်တရက်ဆိုသလို ဝူးခနဲ အသံနဲ့အတူ ဧရာမ ရေတိုင်လုံးကြီးက မှော်စက်ဝိုင်းကြီးထဲကနေ ကောင်းကင်ယံဆီသို့ ပေါက်ကွဲထွက်သွားပြီး ပြောင်းပြန်စီးဆင်းတဲ့ ရေတံခွန်ကြီးတစ်ခုကို ဖန်တီးလိုက်တယ်။
စစ်သားတွေက အပေါ်ကို မော့ကြည့်လိုက်ပြီး သူတို့မျက်နှာပေါ်ကို ရေစက်တွေ ကျလာတာကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ရေတွေက အမြင့်ဆုံးအမှတ်ကို ရောက်သွားပြီးနောက် အောက်ကို ပြန်ကျလာတော့တာပဲ။
သူတို့အားလုံးကို ဝါးမြိုတော့မယ့် ဆူနာမီလှိုင်းကြီးရဲ့ အရိပ်မည်းကြီးကြောင့် သူတို့မျက်နှာတွေ မှောင်ကျသွားတယ်။
အချို့စစ်သားတွေက လည်ပတ်မြန်မြန်နဲ့ ထွက်ပြေးဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့လည်း တောအုပ်မြေပြင်ပေါ်ကို ပြိုကျပျက်စီးစေပြီး အပြင်ဘက်ကို စီးဆင်းသွားတဲ့ ဧရာမ ရေထုကြီးရဲ့ ဘေးကနေ သူတို့ မလွတ်မြောက်နိုင်ခဲ့ကြပါဘူး။
တောအုပ်တစ်ခုလုံးကို ဝါးမြိုနေတဲ့ မိစ္ဆာမီးတောက်ကြီးက ရေတွေ သူ့ဆီ ရောက်လာတာကို မြင်တော့ အသံကုန်အော်ဟစ်ပြီး ရုန်းကန်ပေမဲ့လည်း ရေတွေကတော့ အကုန်လုံးကို ငြှိမ်းသတ်သွားတာပါပဲ။
ဆယ်ယောက်ပါတဲ့ ဖလဲယားကော့ပ် စစ်တပ်ဟာ သူတို့ရှိနေတဲ့ နေရာကနေ မီတာတစ်ရာနီးပါးလောက်အထိ ရေထဲ မျောပါသွားကြတယ်။ သူတို့ရဲ့ ဓားတွေ၊ သူတို့ရဲ့ သံချပ်ကာတွေနဲ့ သူတို့ရဲ့ အဝတ်အစားတွေက ရွှဲရွှဲစိုကုန်ပြီး အထဲက စွမ်းအင်ပေးထားတဲ့ မီးတောက်တွေကို ဖျက်ဆီးပစ်လိုက်တယ်။
"အဟွတ်။ အဟွတ်။ အဲဒီကောင်လေးက ဘယ်ကလဲကွာ" လို့ စစ်သားတစ်ယောက်က ကျိန်ဆဲလိုက်တယ်။ သူက သူ့ဓားကို ပြန်ကောက်ပြီး နောက်ထပ် မီးမန္တန်တစ်ခုကို ထုတ်လွှတ်လိုက်တာကြောင့် သူ့ဓားက မီးတွေ ပြန်တောက်လာတယ်။ "အားလုံး အဆင်ပြေရဲ့လား" လို့ သူက သူ့အဖွဲ့ကို လှမ်းမေးလိုက်တယ်။
သူတို့အားလုံးက အဆင်ပြေကြောင်း ပြန်ဖြေကြတယ်။ သူတို့ ရေစိုနေပေမဲ့လည်း ဆက်ပြီး တိုက်ခိုက်နိုင်သေးတာပဲ။
"ကောင်လေး။ မင်းက ဖလဲယားကော့ပ်ရဲ့ ရန်သူ ဖြစ်သွားပြီ" လို့ စစ်သားက အော်ပြောလိုက်တယ်။
မိုက်ကယ်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး သူတို့ဆီကို ဖြည်းဖြည်းချင်း ပျံသန်းလာတယ်။ "မင်းတို့က အစတည်းက ငါ့ရန်သူတွေပဲ" လို့ သူက ပြန်ပြောလိုက်တယ်။
"ဒါဆိုရင်တော့ မင်း အသက်နဲ့ လျော်ရလိမ့်မယ်" လို့ စစ်သားက ပြောရင်း သူ့ရဲ့ မီးလျှံဓားကို သူ့ဆီ မြှောက်လိုက်တယ်။
အဲဒီလူက မီးတောက်တွေကြားထဲမှာ နစ်မြုပ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်က ရေတွေကို အငွေ့ပျံသွားစေတယ်။
မိုက်ကယ်က သူ့ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ စစ်သားဆယ်ယောက်လုံးက ပထမစစ်သား ဖန်တီးခဲ့တဲ့ မှော်စက်ဝိုင်းအတိုင်း ထပ်တူ ပြန်လုပ်နေကြတာကို မြင်လိုက်ရတယ်။
“မီးတောဝက်ရဲ့ သံကြိုးစု”
ဧရာမ မီးလျှံသံကြိုးကြီးတစ်ခုက မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာ ပေါ်လာတယ်။ သူတို့ရဲ့ ကြယ်ငါးပွင့်အဆင့် တန်ခိုးတွေက တစ်ခုနဲ့တစ်ခု အပြန်အလှန် ပေါင်းစည်းသွားပြီး သူတို့ရဲ့ အစွမ်းကို အဆပေါင်းများစွာ ထပ်ပွားစေတဲ့ ဆက်သွယ်မှုတစ်ခုကို ဖန်တီးလိုက်တယ်။
ဒါက အခုဆိုရင် ကြယ်ခြောက်ပွင့်မန္တန် ဖြစ်သွားပြီ။
သံကြိုးက သူ့ပတ်ပတ်လည်မှာ ဖြည်းဖြည်းချင်း ရစ်ပတ်လာပြီး ကြယ်ခြောက်ပွင့်မန္တန်ရဲ့ မီးတောက်တွေက သူ့ပတ်ဝန်းကျင်က လေထုကို လောင်ကျွမ်းစေနေတဲ့အချိန်မှာ မိုက်ကယ်က လက်ကိုမြှောက်ပြီး စစ်သားတစ်ယောက်ဆီကို ညွှန်ပြလိုက်တယ်။
* * * * * * * *
စာစဉ်(၃၁)
အခန်း(၃၇၂)
ဖလဲယားကော့ပ် စစ်သည်တွေက အဖွဲ့အစည်းနဲ့ စည်းစည်းလုံးလုံး လုပ်ဆောင်တတ်တာကြောင့် နာမည်ကြီးကြသူတွေပါ။ သူတို့က ကြယ်ငါးပွင့်တန်ခိုးကို သုံးပြီး သူတို့ထက် အဆမတန် သန်မာတဲ့သူတွေကို အနိုင်ယူဖို့ အထူးလေ့ကျင့်ထားရတာကိုး။ သူတို့ရဲ့ တွက်ချက်မှုအရ မိုက်ကယ်က အလွန်ဆုံးရှိလှ ကြယ်ငါးပွင့်အဆင့် မှော်ဆရာတစ်ယောက်ပဲ ဖြစ်ရမယ်ပေါ့။ ဒါကြောင့် သူတို့ရဲ့ ကြယ်ခြောက်ပွင့်မန္တန်ဖြစ်တဲ့ မီးမြင်းရိုင်း ကွင်းဆက်က မိုက်ကယ်လို လူမျိုးကို ထိန်းချုပ်ပြီး ပြာကျအောင် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ လေထုထဲမှာ တစ်ခုခု ပြောင်းလဲသွားတာကို သူတို့ ခံစားလိုက်ရတယ်။ တစ်ခုခုကြောင့် လေထုကြီးက ပိုပြီး လေးလံလာသလိုမျိုးပါပဲ။
နောက်တော့ သူတို့ရဲ့ အကြည့်တွေက မိုက်ကယ်ရဲ့ လက်ဆီကို ရောက်သွားကြပြီး မိုက်ကယ်ရဲ့ လက်ညှိုးဆီမှာတော့ သဟဇာတ ပေါင်းစည်းခြင်းရဲ့ တန်ခိုးတွေ စုစည်းနေတာကြောင့် တောက်ပတဲ့ အဖြူရောင်အလင်းတန်းကြီး လင်းထိန်လို့နေတယ်။
မိုက်ကယ်ရဲ့ အထက်နားမှာတော့ ငွေရောင်ဒီဂဲလ်သေနတ်ကို ကိုင်ဆောင်ထားတဲ့ စက်ရုပ်လက်မောင်းကြီးတစ်ခုရဲ့ အရိပ်အယောင်က ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပါပြီ။
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ဖလဲယားကော့ပ်စစ်သည် တစ်ဆယ်ယောက်စလုံး ဆွံ့အမှင်တက်သွားကြတယ်။ ဒီအရိပ်အယောင်က လုံးဝကို မထင်မှတ်ဘဲ ပေါ်လာတာမို့ သူတို့ထဲက အများစုဟာ အာရုံလွတ်သွားပြီး ကြယ်ခြောက်ပွင့်မန္တန်အပေါ် စူးစိုက်မှုကို ပျက်ပြယ်သွားစေခဲ့တာပါ။ လေထုထဲမှာ မီးပွားတွေ တဖျတ်ဖျတ်လွင့်စင်ရင်း မီးကြိုးကွင်းဆက်တွေဟာ ပြတ်တောက်ကုန်ကြတယ်။ နောက်ဆုံးမှာတော့ မီးတောက်တွေဟာ တန်ခိုးအရှိန်ကုန်ပြီး ဘာမှမရှိတဲ့ ဗလာအဖြစ် ပြောင်းလဲသွားတော့တာကြောင့် မိုက်ကယ်လည်း လွတ်မြောက်သွားခဲ့ရပါတယ်။
သူတို့က ဖလဲယားကော့ပ်ရဲ့ အဓိကစစ်တပ်ကနေ လာခဲ့ကြတာပါ။ ဒီဗာတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘုရင်နဲ့ အထက်အရာရှိကြီးတွေအားလုံးဟာ သူတို့ နားမလည်နိုင်တဲ့ ဒီလိုမျိုး ရှေးဟောင်းဆန်းကြယ်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာကိုး။
ဒီဗာတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ တန်ခိုးအာဏာမျိုးကို သူတို့ ကောင်းကောင်းသိကြပါတယ်။ ဒါပေမဲ့ ဒီလိုတန်ခိုးမျိုးက အော့စကော့ပ် မိသားစုမှာ မွေးဖွားလာတဲ့ တော်ဝင်သွေးမျိုးဆက် ဆက်နွှယ်မှု ရှိသူတွေသာ ပိုင်ဆိုင်နိုင်တာလို့ သူတို့ ထင်ထားခဲ့တာပါ။ လမ်းဘေးက ကောင်စုတ်လေးတစ်ယောက်က ဒီလိုတန်ခိုးမျိုးကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး။ နေပါဦး... မိုက်ကယ်က ရီနေးတားကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို သိရင်တောင် သူတို့ ယုံကြမှာမဟုတ်ပါဘူး။
သံလိုက်ဓာတ်ဆွဲငင်အား ရှိဖို့ဆိုတာ ပါရမီရှင်တွေနဲ့ မှန်ကန်တဲ့ သွေးမျိုးဆက် ရှိသူတွေသာ ရရှိနိုင်တဲ့ ပါရမီမျိုးဖြစ်တာကိုး။
မိုက်ကယ်က သူ့ရဲ့ သဟဇာတသေနတ်ကို မြှောက်ပြီး စစ်သည်တစ်ယောက်ဆီ ချိန်ရွယ်လိုက်တယ်။
"ငါ့ကို ဒီဗာတွေအကြောင်း ထပ်ပြောပြစမ်း။ ဖလဲယားကော့ပ် စစ်တပ်ထဲမှာ ဘယ်သူက ဒီဗာကို ပိုင်ဆိုင်ထားတာလဲ" လို့ သူက မေးလိုက်တယ်။
အဲဒီစစ်သည်ဟာ သူ့ဆီကို တည့်တည့်ချိန်ထားတဲ့ ဒီဗာရဲ့ လက်ယာဘက် လက်မောင်းကြီးရဲ့ ဖိအားဒဏ်ကို အပြည့်အဝ ခံစားလိုက်ရတာကြောင့် တွန့်ဆုတ်သွားခဲ့ရတယ်။ သူ့လက်ထဲက စက်ပစ္စည်းကြီးက ဘာလဲဆိုတာ မသိရင်တောင်မှ အဲဒါက အကန့်အသတ်မရှိတဲ့ တန်ခိုးတွေကို ဆုပ်ကိုင်ထားတယ်ဆိုတာ သူ သိနေတယ်။
ဒါပေမဲ့ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရတာတောင် အဲဒီစစ်သည်က ပါးစပ်ကို ပိတ်ထားဆဲပါပဲ။
"စစ်သည်တို့။ သူ့ကို ချက်ချင်း တိုက်ခိုက်ကြ" လို့ သူက အော်ဟစ်လိုက်တယ်။
လိမ္မော်ရောင် ဝတ်စုံဝတ်ထားတဲ့ လူတွေဟာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြပြီး သူတို့ရဲ့ ဓားတွေကို မြှောက်လိုက်တဲ့အခါမှာတော့ ဓားတွေဆီကနေ မီးမှော်စွမ်းအင်တန်ခိုးတွေ တောက်လောင်လာခဲ့ပါတယ်။
စစ်သည် သုံးယောက်က သူတို့ရဲ့ ဓားတွေကို ထိုးစိုက်လိုက်ပြီး ဓားသွားထိပ်ဖျားတွေဆီကနေ ကြယ်ငါးပွင့်တန်ခိုးပါတဲ့ မီးတောက်ငှက်ကြီးတစ်ကောင်ကို ဖန်တီးလိုက်ကြတယ်။ ဒီမီးတောက်သတ္တဝါ သုံးကောင်ဟာ မိုက်ကယ်ရဲ့ တိုက်စစ်ကို နှောင့်ယှက်ဖို့ မျှော်လင့်ချက်နဲ့ မိုက်ကယ်ဆီကို တည့်တည့် ပြေးဝင်သွားကြတော့တယ်။
မိုက်ကယ်က ခေါင်းကို ခါယမ်းလိုက်ပြီး "ငါက ရိုးရိုးရှင်းရှင်း အဖြေလေးပဲ လိုချင်ခဲ့တာပါ" လို့ ဆိုလိုက်တယ်။
ပြီးတော့ ခလုတ်ကို ဖြတ်ခနဲ ဆွဲလိုက်တဲ့အခါမှာတော့ သူ မေးခွန်းထုတ်ခဲ့တဲ့ စစ်သည်ဆီကို အနည်းဆုံး စွမ်းအားသုံးထားတဲ့ သဟဇာတသေနတ် အလင်းတန်းကို ပစ်လွှတ်လိုက်ပါတော့တယ်။
အလင်းတန်းက အဲဒီစစ်သည်ရဲ့ လိမ္မော်ရောင် ရင်ဘတ်အကာကို တစ်ဖက်ကနေ တစ်ဖက်သို့ ချက်ချင်းဆိုသလို ဖောက်ထွက်သွားခဲ့တယ်။
အဲဒီလူက နာကျင်မှုကြောင့် ကြမ်းပြင်ပေါ် လဲကျသွားပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတဲ့အချိန်မှာပဲ ဒဏ်ရာကို တခါတည်း ပိတ်ဆို့ပစ်လိုက်တာမို့ သေနတ်ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေဆုံးရမယ့် ဘေးကနေ ကင်းဝေးသွားစေတယ်။
ဒါပေမဲ့လည်း အဲဒီလူက ဆက်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ ပြင်းပြင်းထန်ထန် နာကျင်ခံစားနေရတာကြောင့် ကြမ်းပြင်ပေါ်မှာ လူးလှိမ့်လို့နေတယ်။ ဒါကြောင့် မိုက်ကယ် ရင်ဆိုင်ဖို့ ကိုးယောက်ပဲ ကျန်တော့တယ်။
အဲဒီအချိန်မှာပဲ မီးတောက်နေတဲ့ ငှက်သုံးကောင်က မိုက်ကယ်ဆီကို တိုးဝင်လာကြပေမဲ့ မိုက်ကယ်ရဲ့ အရေပြားအထက်မှာ ဝဲပျံနေတဲ့ မမြင်နိုင်တဲ့ သဟဇာတ ဘက်စုံအကာအကွယ်ကြောင့် တားဆီးခြင်း ခံလိုက်ရပါတယ်။
မီးငှက်တွေက အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကို တိုက်မိပြီး မီးတောက်ဗုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားကြပေမဲ့ အကာအကွယ်ရဲ့ ပင်ကိုယ်တန်ခိုးကြောင့် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရပြန်တယ်။
မိုက်ကယ်ကတော့ ကြယ်ငါးပွင့်မန္တန်တွေရဲ့ ရှေ့မှာ လုံးဝကို အဓိကရုဏ်းကင်းပြီး အနိုင်မခံ အရှုံးမပေးဘဲ ရှိနေတယ်။
ဒါပေမဲ့ ဒါက ဒီစစ်သည်တွေကို ဟန့်တားနိုင်ဖို့ လုံလောက်တဲ့ ပုံစံမျိုးတော့ မပေါ်သေးပါဘူး။ အခြား စစ်သည်သုံးယောက်က သူတို့ရဲ့ ဓားတွေကို ဟန်ချက်ညီညီ ဝှေ့ယမ်းလိုက်ကြပြီး လေထုထဲမှာ မီးတောက်အရိပ်အယောင်တွေကို ဖန်တီးလိုက်ကြတယ်။
"တြိဂံငရဲမီးတောက်" လို့ သူတို့က အော်ဟစ်လိုက်ကြတယ်။
သူတို့ရဲ့ ဓားခုတ်ချက်တွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားပြီး ပိရမစ်ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲကာ မိုက်ကယ်ဆီကို အရှိန်အဟုန်နဲ့ ပြေးဝင်သွားကြတော့တယ်။
ပိရမစ်ကြီးက မိုက်ကယ်ရဲ့ သဟဇာတ ဘက်စုံအကာအကွယ်ကို ရိုက်ခတ်သွားပြီး မီးခိုးလုံးကြီးအဖြစ် ထပ်မံ ပေါက်ကွဲသွားပြန်တယ်။
ဒါပေမဲ့ အကာအကွယ်ထဲမှာရှိတဲ့ သဟဇာတ ပေါင်းစည်းခြင်းရဲ့ တန်ခိုးကြောင့် ဒီမီးတောက်တွေ ငြိမ်းသတ်သွားတဲ့အချိန်မှာပဲ အခြားစစ်သည်သုံးယောက်က မိုက်ကယ်နဲ့ တစ်မီတာအကွာအဝေးမှာတင် ဓားတွေကို အသင့်ပြင်ပြီး ပေါ်လာခဲ့ကြပါပြီ။
သူတို့ရဲ့ နည်းဗျူဟာက မှန်ကန်ပါတယ်။ အကယ်၍ မှော်ပညာနဲ့ မိုက်ကယ်ကို မဖောက်ထွင်းနိုင်ရင် သူတို့ရဲ့ ဓားတွေနဲ့တော့ ဖြစ်နိုင်လောက်တယ်ပေါ့။
သူတို့ မိုက်ကယ်ကို နောက်ဆုံးတော့ အမိဖမ်းနိုင်ပြီလို့ ထင်မှတ်နေကြတာပါ။
ဒါပေမဲ့ ဓားသွားတွေက မိုက်ကယ်ဆီကို မရောက်ခင်မှာတင် မိုက်ကယ်ရဲ့ ခြေဖဝါးအောက်မှာ ကြီးမားတဲ့ မှော်ကွင်းပြင်နှစ်ခု ပေါ်လာခဲ့တယ်။
ရုတ်တရက်ဆိုသလို မျက်စိနဲ့ မြင်နိုင်တဲ့ အသံလှိုင်းတစ်ခုက မှော်ကွင်းပြင်ကနေ ထွက်ပေါ်လာပြီး မိုက်ကယ်ကို သူတို့ရဲ့ ဓားဝှေ့ယမ်းမှုတွေကနေ ဝေးရာသို့ တွန်းထုတ်ပေးလိုက်ပါတယ်။
သူတို့က မိုက်ကယ်ကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်း ချက်ချင်း အရှိန်မြှင့်တင်နိုင်ဖို့ သူတို့ရဲ့ ခြေထောက်တွေမှာ မီးတောက်ပေါက်ကွဲမှုတွေကို ဖန်တီးလိုက်ကြတယ်။
ဒါပေမဲ့ အဲဒီမြင်နိုင်တဲ့ အသံလှိုင်းတွေက သူတို့ရဲ့ ခြေထောက်ဆီကို ရောက်သွားတာနဲ့ မီးတောက်တွေက ရုတ်တရက် ငြိမ်းသတ်သွားပြီး မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားတော့တယ်။
"ဒါက မင်းတို့အတွက် ရူပဗေဒ သင်ခန်းစာပဲ" လို့ မိုက်ကယ်က သူတို့ကို ပြောလိုက်တယ်။ ကြိမ်နှုန်းနိမ့် အသံလှိုင်းတွေက ရေလိုပဲ မီးကို ငြိမ်းသတ်နိုင်စွမ်း ရှိတာကိုး။ ဒါကိုတော့ နိုဗာက သူ့ကို ပြောပြထားတာပါ။
သူက လက်ကို ထပ်မံမြှောက်လိုက်ပြီး သူ့ရဲ့ လက်ညှိုးထိပ်မှာ သဟဇာတသေနတ် ကို အားဖြည့်လိုက်ပြန်တယ်။
"ငါ ဒီလိုမျိုး မလုပ်ချင်ဘူး၊ ဒါပေမဲ့ မင်းတို့က ရွေးချယ်စရာ မပေးဘူးလေ" လို့ ပြောရင်း သူက ခလုတ်ကို ဆွဲလိုက်ပါတော့တယ်။
အလင်းတန်းက စစ်သည်တစ်ယောက်ဆီကို တည့်တည့် စိုက်ဝင်သွားပြီး သူ့ကို ချက်ချင်းပဲ လဲကျသွားစေခဲ့တယ်။ မိုက်ကယ်က အချိန်ဆွဲမနေတော့ဘဲ နောက်ထပ် တစ်ချက်ကို ထပ်မံ အားဖြည့်လိုက်ပြန်တယ်။ သူ့ရဲ့ လက်ညှိုးထိပ်က သဟဇာတ ပေါင်းစည်းခြင်းရဲ့ တန်ခိုးကြောင့် ထပ်မံ တောက်ပလာခဲ့ပါပြီ။
မိုက်ကယ် အဲဒီလို လုပ်နေတုန်းမှာပဲ စစ်သည်တစ်ယောက်က မိုက်ကယ်ရဲ့ နောက်ကျောဘက်မှာ နေရာယူဖို့ အောင်မြင်သွားခဲ့တယ်။ သူက ကိုယ်ကို ခပ်နိမ့်နိမ့် နှိမ့်လိုက်ပြီး မီးတောက်တွေနဲ့အတူ မိုက်ကယ်ဆီကို အရှိန်နဲ့ ပြေးဝင်လာခဲ့တာပါ။ မိုက်ကယ်က ခလုတ်ကို ဆွဲလိုက်တဲ့အခါမှာတော့ သူ့နောက်က စစ်သည်ဟာ နံရိုးအောက်နားကနေ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရတော့တယ်။
အဲဒီလူက အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ သဟဇာတသေနတ် ကြောင့် သူ့ရဲ့ ဖလဲယားကော့ပ် ဝတ်စုံမှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ဖြစ်သွားတာကို မြင်လိုက်ရတယ်။ သူ မော့ကြည့်လိုက်တော့ မိုက်ကယ်ရဲ့ လက်က နောက်ပြန်လှည့်နေပြီး သူ့ရဲ့ လက်ညှိုးကတော့ သေနတ်ပစ်လိုက်တာကြောင့် မီးခိုးတွေ ထွက်နေတုန်းပဲ ရှိပါသေးတယ်။
'သုံးယောက်တော့ ကျသွားပြီ၊ ခုနစ်ယောက် ကျန်သေးတယ်' လို့ မိုက်ကယ် တွေးလိုက်မိတယ်။
သူကတော့ ပျော်ရွှင်မြူးတူးနေပေမဲ့ စစ်သည်တွေကတော့ ဖိအားတွေနဲ့ စိတ်ရှုပ်ထွေးနေကြပါပြီ။ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေ တစ်ချက်တည်းနဲ့ လဲကျသွားတာကို မြင်ရတာက စိတ်ပျက်စရာ ပုံရိပ်တစ်ခုပဲ ဖြစ်နေတာကိုး။ ဒါကြောင့် သူတို့က မိုက်ကယ်ရဲ့ ဖောက်ထွင်းလို့မရတဲ့ အကာအကွယ်ကို ချိုးဖျက်ဖို့ မျှော်လင့်ချက်နဲ့ သူတို့ ဖန်တီးနိုင်သမျှ မှော်မန္တန်အားလုံးကို ထုတ်သုံးလိုက်ကြပါတော့တယ်။
ဒါပေမဲ့ သူတို့ ဘာပဲလုပ်လုပ် သူတို့ရဲ့ မီးတောက်တွေက မမြင်နိုင်တဲ့ သဟဇာတ ဘက်စုံအကာအကွယ်ကို မီးရှို့နိုင်ခြင်း မရှိခဲ့ပါဘူး။ အကာအကွယ်က သူတို့ ဖန်တီးသမျှ မီးတောက်အားလုံးကို ဆက်လက် ဝါးမြိုနေခဲ့တာပါ။
မိုက်ကယ်ရဲ့ လက်ညှိုးက စူးရှတဲ့ အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး နောက်ထပ် စစ်သည်တစ်ယောက်ကို ထပ်မံ လဲကျသွားစေခဲ့ပြန်တယ်။
ဒါပေမဲ့ ဒီလူတွေက အရှုံးမပေးနိုင်ကြသေးပါဘူး။ သူတို့ထဲက နှစ်ယောက်က ဓားရေးတစ်ခုတည်းနဲ့တင် မိုက်ကယ်ဆီကို ပြေးဝင်လာကြတယ်။
သူတို့က မိုက်ကယ်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးရင်း မတူညီတဲ့ ဘက်အသီးသီးကနေ ဓားတွေနဲ့ ထိုးစိုက်လိုက်ကြတယ်။
မိုက်ကယ်က လက်ကို မြှောက်ပြီး သဟဇာတသေနတ် နဲ့ ထပ်မံ ပစ်ခတ်ဖို့ ပြင်လိုက်စဉ်မှာပဲ စစ်သည်တစ်ယောက်က သူ့အောက်ကနေ ပေါ်လာပြီး သူ့ရဲ့ လက်မောင်းကို ဖြတ်တောက်ဖို့ ဓားကို အပေါ်သို့ ဝှေ့ယမ်းလိုက်ပါတယ်။
မိုက်ကယ်က သူ့ရဲ့ ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး ဓားကိုပဲ တည့်တည့် ပစ်ခတ်လိုက်တယ်။ ဓားက စစ်သည်ရဲ့ လက်ထဲကနေ ချက်ချင်း လွင့်ထွက်သွားခဲ့ပြီး ဓားသွားကတော့ ထိမှန်မှုကြောင့် အရည်ပျော်သွားတဲ့ သံရည်ပူတွေအဖြစ် ပြာကျသွားခဲ့ရတော့တယ်။
စစ်သည်တွေက ဒီအခွင့်အရေးကို ယူပြီး မိုက်ကယ်ဆီကို ဓားတွေနဲ့ ပြေးဝင်လာကြတယ်။ သူတို့ မိုက်ကယ်ကို တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ မိုက်ကယ်က သဟဇာတသေနတ် ကို ပစ်ခတ်ပြီးနောက် မှော်စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်တဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြစ်တာကိုး။
'ဒါက တကယ်ကို ထိရောက်မှု မရှိတာပဲ' လို့ မိုက်ကယ် ကိုယ့်ဘာသာ တွေးလိုက်မိတယ်။
သူ အဲဒီလို ပြောလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် တစ်ခုခု လှုပ်ရှားသွားတာကို သူ ခံစားလိုက်ရတယ်။
သူ အောက်ကို ငုံ့ကြည့်လိုက်တော့ သဟဇာတသေနတ် ကြောင့် ကြမ်းပြင်ပေါ်မှာ အရည်ပျော်ကျနေတဲ့ ဓားကျိုးရဲ့ သံရည်ပူတွေက အေးခဲစပြုနေတာကို မြင်လိုက်ရတယ်။
နောက်တော့ အဲဒါက တုန်ခါသွားခဲ့တယ်။ အနည်းငယ်မျှသော လှုပ်ရှားမှုနဲ့တင် အဲဒီအရည်ပျော်နေတဲ့ သံရည်ပူတွေက လှုပ်ရှားသွားခဲ့တာပါ။
ဒါကို သူ လုပ်တာ မဟုတ်သလို စစ်သည်တွေထဲက ဘယ်သူမှလည်း လုပ်ခဲ့တာ မဟုတ်ပါဘူး။
* * * * * * * *