အခန်း (၃၇၇-၃၇၈)
Vol. 32 Ch. 377-378
အခန်း(၃၇၇)
မိုက်ကယ်က သူတို့တွေ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် ကိုတောင် သုံးနိုင်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။
“နောက်နေတာနေမှာပါ” လို့ သူက လေထဲမှာ တိုးတိုးလေးရေရွတ်ရင်း နိုဗာကို လှမ်းပြောလိုက်မိတယ်။
အဲဒီနောက် စစ်သည်တော်တွေက မြေပြင်ပေါ်က သူတို့ရဲ့အရိပ်တွေထဲ လက်လှမ်းနှိုက်ပြီး ဓားအသစ်တစ်လက်စီ ဆွဲထုတ်လိုက်ကြတယ်။ အဲဒီလက်နက်တွေက တန်ခိုးတွေနဲ့ တဖျတ်ဖျတ်တောက်ပနေပြီး ဒါဟာ မိုက်ကယ်အတွက်တော့ အလွန်ရင်းနှီးနေတဲ့အရာပဲ။ ဓားကို လက်ထဲကိုင်လိုက်တဲ့ တစ်ခဏမှာတင် သူတို့ရဲ့ ကျင့်စဉ်တွေက နောက်ထပ် ကြယ်အဆင့်တစ်ခုဆီ ထိုးတက်သွားပြီး ကြယ်ခြောက်ပွင့်စစ်သည်တော်တွေ ဖြစ်သွားကြတော့တာပဲ။
ဒါတွေက တခြားမဟုတ်ဘဲ မစ်သရီ မှော်ဝင်ပစ္စည်းတွေပဲပေါ့။
ဒါပေမဲ့လည်း သူ့ရဲ့အံ့ဩမှုတွေက ဒီတင် ရပ်မသွားခဲ့ပါဘူး။ သူတို့က အိတ်ထဲ လက်နှိုက်ပြီး သေးငယ်တဲ့ အလုံးပုံသဏ္ဌာန် အရာတစ်ခုခုကို ထုတ်လိုက်ကြပြန်တယ်။ မိုက်ကယ် ချက်ချင်း ရိပ်မိလိုက်တယ်၊ ဒါတွေက ၃၅ ရာခိုင်နှုန်းမြှင့်ထားတဲ့ ကိုကိုးလုံးလေးတွေပဲ။
စစ်သည်တော်တွေက အဲဒါတွေကို မျိုချလိုက်တာနဲ့ သူတို့ရဲ့တန်ခိုးတွေက ကြယ်ခုနစ်ပွင့်အဆင့်နီးပါးကို ဒုန်းစိုင်းထိုးတက်သွားပြီး ခြေတစ်လှမ်းအလိုပဲ လိုတော့တယ်။ ကြည့်ရတာ နိုဗာ ဖန်တီးနိုင်တဲ့ အမြင့်ဆုံး ခက်ခဲမှုအဆင့်ဆိုတာ သူက သာမန် ရီနေးတား စစ်သည်တော်တစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာမျိုးပဲ ဖြစ်နေခဲ့တာကိုး။
“ကိုယ်စိုက်တာ ကိုယ်ရိတ်ရတာပေါ့လေ” လို့ သူက ဆိုလိုက်တယ်။
သူလည်း အိတ်ထဲက ကိုကိုးလုံးကို ထုတ်ပြီး တစ်လုတ်တည်းနဲ့ ကောက်မျိုချလိုက်တော့တာပဲ။ တန်ခိုးတွေက သူ့သွေးကြောတွေထဲ စီးဆင်းသွားပြီး ပုံမှန်ထက် ပိုမြင့်မားတဲ့အဆင့်ဆီ ရောက်ရှိသွားခဲ့ရတယ်။ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ကြောင့် ကိုကိုးလုံးတစ်လုံးတည်းနဲ့တင် ဖလဲယားကော့ပ် စစ်သည်တော်တွေရဲ့ အဆင့်ကို လိုက်မီသွားပြီး တိုက်ပွဲက မျှခြေဖြစ်သွားခဲ့ရတာပေါ့။
သူက လေထဲမှာ ဝဲပျံရင်း သဟဇာတသေနတ် ကို သူတို့ဆီ ချိန်ရွယ်လိုက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တယ်။ သူတို့ကလည်း မစ်သရီ မှော်ဝင်ပစ္စည်းတွေကို မြှောက်ပြီး အနေအထားပြင်လိုက်ကြတာပေါ့။
ဒီလိုနဲ့ မိုက်ကယ်ရဲ့ ဘဝနှစ်ခုလုံးမှာ တစ်ခါမှမကြုံဖူးသေးတဲ့ အခက်ခဲဆုံးတိုက်ပွဲကြီး စတင်ခဲ့ရတော့တယ်၊ အန်နီမေးတွေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ သူမြင်ဖူးခဲ့တဲ့ တိုက်ပွဲတွေအပါအဝင်ပေါ့။
သူ့ရဲ့ ရီနေးတားတွေက စစ်တလင်းမှာ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာကို သူ အခုမှ အမှန်အကန် သဘောပေါက်သွားတော့တယ်၊ ဒြပ်စင် ရှစ်မျိုးလုံးကို ထိန်းချုပ်နိုင်တဲ့ သူတို့ရဲ့တန်ခိုး၊ သူတို့ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်၊ သူတို့ရဲ့ မစ်သရီ မှော်ဝင်ပစ္စည်းတွေနဲ့ သူတို့ရဲ့ အချိုဓာတ်အရှိန်အစွမ်းတွေက ခုခံဖို့ရာအတွက် တကယ့် အိပ်မက်ဆိုးကြီးပဲ။ အရာအားလုံးက သူတို့ရဲ့စွမ်းရည်တွေကို အမြင့်ဆုံးအဆင့်၊ အဲဒီထက်မကတဲ့ အဆင့်တွေအထိ မြှင့်တင်ပေးနေတာကိုး။
ပြီးတော့ နိုဗာက ဒီစစ်သည်တော်တွေအားလုံးကို ထိန်းချုပ်ထားတာဆိုတော့ သူတို့ရဲ့တန်ခိုးတွေကို မိုက်ကယ် တစ်ခါမှမမြင်ဖူးတဲ့ အကောင်းဆုံး စစ်ဗျူဟာတွေ၊ တိုက်ကွက်တွေနဲ့ ထိရောက်စွာ အသုံးပြုနေကြတာပေါ့။ သူတို့က အလွန်တိကျပြတ်သားပြီး မှန်ကန်လှတဲ့ ဆန်းကြယ်လှပတဲ့ မန္တန်တွေနဲ့ သူ့ကို တရစပ် ဗုံးကြဲတိုက်ခိုက်နေကြတာပဲ။
သူက သူတို့ရဲ့တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့ကိုပဲ အာရုံစိုက်နေရပြီး သူတို့ရဲ့ အကာအကွယ်ထဲက ဟာကွက်အသေးလေးတစ်ခုကို ရှာတွေ့မှသာ သဟဇာတသေနတ် ကို သုံးခွင့်ရတာ ဖြစ်တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ပစ်ချက်က တစ်မိနစ်အကြာမှာ ပြန်လည်ပြည့်ဖြိုးလာမယ့် သူတို့ရဲ့ အကာအကွယ်အသေးစားလေးကိုပဲ ဖျက်ဆီးနိုင်တာ၊ ဒါကြောင့် စစ်သည်တော်တစ်ယောက်ကို အနိုင်ယူဖို့အတွက် သူက ကပ်လျက်ပစ်ချက် နှစ်ချက် ဆက်တိုက်ပစ်ရမယ်၊ အခုအချိန်အထိတော့ သူ စစ်သည်တော်တစ်ယောက်ကိုမှ အနိုင်မယူနိုင်သေးပါဘူး။
“ဟူး... ဟူး...”
မိုက်ကယ်က လေထဲမှာ ဝဲပျံနေတဲ့ ဖလဲယားကော့ပ် စစ်သည်တော် ငါးယောက်လုံးကို မော့ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူနေရတယ်။ သူ့အဝတ်အစားတွေက စုတ်ပြဲ ညစ်ပတ်ပြီး သွေးတွေ ပေကျံနေပြီ၊ သဟဇာတစွမ်းအင်ရဲ့ တန်ခိုးတွေရှိနေတဲ့ စစ်သည်တော် ငါးယောက်နဲ့ တိုက်ခိုက်ရတာက တကယ့်ကို မဖြစ်နိုင်လောက်တဲ့ အလုပ်ကြီးပဲ။ ဒါက တိုက်ပွဲတစ်ခုမှာ သူ ရှုံးတော့မယ်လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရတာပဲ။
သူသုံးလိုက်တဲ့ မန္တန်တိုင်းကို သူတို့က ပြန်လည်ချေပနိုင်တယ်၊ ပြီးတော့ သူ သူတို့ဆီကနေ ထွက်ပြေးဖို့ ကြိုးစားတိုင်းလည်း သူတို့က သူ့ကို ရှာတွေ့သွားကြတာပဲ။
သူ သူတို့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက သဟဇာတသေနတ် ပဲရှိတယ်။ ဒါပေမဲ့ တစ်ကြိမ်မှာ ကျည်တစ်တောင့်ပဲ ပစ်နိုင်တဲ့ ကန့်သတ်ချက်က သူ့ကို စစ်သည်တော်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်နိုင်ဘဲ အဟန့်အတား ဖြစ်စေတယ်။ သူ နောက်ထပ် အပိုင်တစ်ချက် ထပ်မပစ်နိုင်ခင်မှာတင် သူတို့ရဲ့ အကာအကွယ်အသေးစားလေးက အမြဲတမ်း ပြန်ပြည့်သွားတာကိုး။
စစ်သည်တော် ငါးယောက်လုံးက သူတို့ရဲ့ဓားတွေကို လေထဲမြှောက်လိုက်ပြီး ကြယ်ခြောက်ပွင့်အမြင့်ဆုံးမန္တန်ရဲ့ တန်ခိုးတွေ ထွက်ပေါ်နေတဲ့ ဧရာမမှော်မန္တန်ကြီးတွေကို ဖန်တီးလိုက်ကြတယ်။ မကြာခင်မှာပဲ သူတို့ရဲ့ဓားသွားဖျားတွေဆီကနေ မှော်စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး လေထဲမှာ ရေလိုမျိုး ကူးခတ်နေတဲ့ ဧရာမမြွေနဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့တာပဲ။
နဂါးငါးကောင်လုံးက မတူညီတဲ့ ဒြပ်စင်တွေဖြစ်တဲ့ ရေ၊ မြေ၊ မီး၊ လေနဲ့ မိုးကြိုးတွေနဲ့ ဖွဲ့စည်းထားတာ။ သူတို့က ကောင်းကင်ယံမှာ ပျံသန်းရင်း လေထဲမှာ သူတို့ရဲ့အရှိန်အဝါကို ပြသနေကြတယ်၊ သူတို့ရဲ့အမြီးတွေက မှော်စွမ်းအင်တန်းတွေကို ချန်ထားခဲ့ပြီး ကောင်းကင်အလယ်မှာ စက်ဝိုင်းပုံစံ အစီအရင်တစ်ခု ဖန်တီးလိုက်ကြတယ်။
မိုက်ကယ်က လေပြင်းတွေ သူတို့ဆီကို တိုက်ခတ်လာတာကို ခံစားလိုက်ရပြီး အစီအရင်ရဲ့ ပတ်ပတ်လည်မှာ မှော်စွမ်းအင်တွေ စုစည်းလာတာနဲ့အမျှ လေတိုက်နှုန်းက ပိုမြန်လာခဲ့ရတယ်။ နောက်ဆုံးမှာတော့ နဂါးတွေက တစ်ကောင်နဲ့တစ်ကောင် တိုက်မိသွားပြီး သူတို့ရဲ့ဒြပ်စင်တွေ ပေါင်းစပ်ကာ ဒြပ်စင်ငါးမျိုးလုံး ပါဝင်တဲ့ ပိုပြီးတော့တောင် ကြီးမားတဲ့ နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့တယ်။
နဂါးကြီးက သူ့ရဲ့ခန္ဓာကိုယ်အပြည့်အစုံ ဖြစ်သွားတာနဲ့ မိုက်ကယ်ကို ငုံ့ကြည့်လိုက်ပြီး အလုပ်အပြတ်ရှင်းဖို့ အသင့်ပြင်လိုက်တော့တာပေါ့။
မိုက်ကယ် ဒါက အဆုံးသတ်ဖြစ်နိုင်တယ်ဆိုတာ သိလိုက်တယ်။ ပင်ပန်းနွမ်းနယ်မှု၊ နုံးခွေမှုတွေနဲ့အတူ စစ်သည်တော်တွေနဲ့ နာရီပေါင်းများစွာ ဆက်တိုက်တိုက်ခိုက်နေရတဲ့ အချက်တွေကြောင့် ဒါဟာ ပုံရိပ်ယောင်တိုက်ပွဲပုံစံ တစ်ခုသာဖြစ်တယ်ဆိုတာကို သူ လုံးဝမေ့သွားခဲ့တယ်၊ ဘာမှ အစစ်အမှန်မဟုတ်ပါဘူး။ သူ့ရဲ့နာကျင်မှုကအစ တကယ်ဖြစ်နေသလို ထင်ရအောင် နိုဗာ ဖန်တီးထားတဲ့ စိတ်လှည့်စားမှုတစ်ခုသက်သက်ပဲ။
ဒါပေမဲ့လည်း မိုက်ကယ်က သူ့လက်ထဲမှာ သေရေးရှင်ရေးတမျှ ဖိအားကို ခံစားနေရတုန်းပဲ၊ အကယ်၍ သူသာ ဒီနဂါးကြီးကို မခုခံနိုင်ရင် ဒါဟာ သူ့အတွက် အဆုံးသတ်ဖြစ်သွားနိုင်တယ်လို့ သူ ဗီဇအသိနဲ့ ခံစားနေရလို့ပါပဲ။ သူ့ရဲ့ သဟဇာတသေနတ် တောင်မှ ဒီလောက်ကြီးမားတဲ့ သတ္တဝါကြီးကို ယှဉ်ရင် လုံးဝထိရောက်မှုမရှိသလို ဖြစ်နေတယ်၊ ပြီးတော့ ဒါကို ဖန်တီးခဲ့တဲ့ စစ်သည်တော် ငါးယောက်ကိုလည်း အနိုင်ယူနိုင်မှာ မဟုတ်တာ သေချာလှတယ်။
ဒါပေမဲ့ ဒါက သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ။
ဝေါးးးးး
လေ၊ ရေ၊ မြေ၊ မီးနဲ့ မိုးကြိုး ဒြပ်စင်တွေ မျှတစွာ ပေါင်းစပ်ထားတဲ့ နဂါးကြီးက ကောင်းကင်က မိုးတိမ်တောင်ကြီးကို ဖောက်ထွက်ပြီး မိုက်ကယ်ဆီကို ဒုန်းစိုင်းဦးတည်လာတော့တယ်။ သူ့ရဲ့တန်ခိုးက ကြီးမားလွန်းလှပြီး နဂါးကြီးကြောင့် ဖြစ်ပေါ်လာတဲ့ လေပြင်းသက်သက်နဲ့တင် သစ်ပင်တွေ ကျွတ်ထွက်ကာ တောအုပ်ကြီး ပျက်စီးသွားရတာပေါ့။
သူက မိုက်ကယ်ဆီကို ထိုးဆင်းလာပြီး သူ့ကို ဝါးမြိုဖို့အတွက် ပါးစပ်ကြီးကို ဟကာ ဟိန်းဟောက်လိုက်တော့တယ်။
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်တွေမှာ သဟဇာတစွမ်းအင်တွေကို စုစည်းလိုက်မိတယ်။ မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးလုနီးပါးဖြစ်နေတဲ့ ဒီအချိန်မှာ မိုက်ကယ်က သူ့နှလုံးသားထဲမှာ တန်ခိုးတွေ တိုးထွက်လာတာကို ခံစားလိုက်ရတယ်၊ နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်ဘဲ မြန်လာပြီး ထဲထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ပြင်းပြင်းထန်ထန် လှုပ်ရှားကခုန်လာကြတာကိုး။
သူ့သွေးကြောတွေထဲမှာ ဒီတန်ခိုးအသစ်တွေ စတင်စီးဆင်းလာတာကို သူ ခံစားနိုင်တယ်။ အကယ်၍ သဟဇာတစွမ်းအင်က ပွက်ပွက်ဆူနေတဲ့ ရေနွေးလိုမျိုး ပူပြင်းတယ်ဆိုရင် ဒီတန်ခိုးအသစ် ဖြစ်တဲ့ စွမ်းရည် ကတော့ ရေခဲလိုမျိုး အေးစိမ့်နေတာပဲ၊ ဒါက မှော်စွမ်းအင်နဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။
တစ်ချိန်တည်းမှာပဲ တကယ့်လက်တွေ့ကမ္ဘာမှာတော့ ဗီရီယန်က မိုက်ကယ် မျက်လုံးမှိတ်ပြီး တစ်နေရာတည်းမှာ ရပ်နေတာကို ဘေးကနေ စောင့်ကြည့်နေတယ်။ သူ့အမြင်အရဆိုရင် မိုက်ကယ် ဒီလိုလုပ်နေတာ မိနစ်ပိုင်းလောက်ပဲ ရှိသေးတာ၊ ဒါပေမဲ့ မိုက်ကယ်အတွက်ကတော့ နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရမှာပေါ့။
ဒါတောင်မှ အခု ဒီအချိန်မှာပဲ သူမက ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကို ရုတ်တရက် ခံစားလိုက်ရတယ်။ လေမတိုက်ဘဲနဲ့ သစ်ပင်ပေါ်က သစ်ရွက်တွေ လှုပ်ခတ်နေသလိုမျိုး၊ အနီးအနားမှာ မြစ်မရှိဘဲနဲ့ ရေစီးသံတွေကို ကြားနေရသလိုမျိုး ခံစားလိုက်ရတာကိုး။
နောက်ဆုံးမှာတော့ စက်ရုပ်ရိုဘော့လက်ကြီးက မိုက်ကယ်ရဲ့အပေါ်မှာ တဖျတ်ဖျတ် တောက်ပလာတယ်၊ ဒီ ဒီဗာက အတောင်ပံအထိပဲ ရှိသေးပြီး မပြည့်စုံသေးပါဘူး။ ဒီဗာက နှစ်နှစ်ခြိုက်ခြိုက် အိပ်မော်ကျနေရာကနေ နိုးထလာတဲ့ ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင်လိုမျိုး စတင်လှုပ်ရှားလာခဲ့ရတယ်။
ဗီရီယန်က အသက်ကို အောင့်ထားပြီး မိုက်ကယ် ဘာပဲလုပ်နေလုပ်နေ သူ့ကို အနှောင့်အယှက်မဖြစ်စေဖို့ မျှော်လင့်ရင်း အရာအားလုံးကို စောင့်ကြည့်နေမိတော့တာပေါ့။ သူမ ဘယ်လိုကြောင့်လဲဆိုတာ မသိပေမဲ့ သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ပထမအဆင့်မှာပဲ ရှိသေးတာတောင်မှ သူ့ရဲ့ဒီဗာကို စတင်ဆုပ်ကိုင်မိနေပြီ၊ သူက သဟဇာတသေနတ် ကို မသုံးဘဲနဲ့ ဒါကို ပုံဖော်နိုင်တယ်ဆိုတဲ့ အချက်က သူဟာ သူမ ထင်ထားတာထက်တောင် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်နေတယ်ဆိုတာကို ပြနေတာပဲလေ။
ပုံမှန်ဆိုရင် ဒီဗာ ဒါမှမဟုတ် စွမ်းရည် ဆိုတာ လေ့ကျင့်မှု ဒါမှမဟုတ် တိုက်ပွဲတွေကနေတစ်ဆင့်သာ နိုးထလာတတ်တာ ဖြစ်ပေမဲ့ မိုက်ကယ်ကတော့ ငြိမ်ငြိမ်လေးရပ်နေရင်းနဲ့တင် ဒါကို လုပ်နေခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့လည်း ဒါက သူ့ရဲ့စွမ်းရည် နိုးထလာဖို့အတွက် မလုံလောက်သေးပါဘူး။ ပုံမှန်ဆိုရင် လူတစ်ယောက်ရဲ့ ပင်ကိုယ်ပါရမီက သေရေးရှင်ရေး စတင်ကြုံတွေ့ရတဲ့ အခိုက်အတန့်မျိုးကျမှသာ နိုးထလာတတ်တာ၊ ဒါက သူတို့ကို သူတို့ရဲ့ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး ပုံမှန်ထက် သာလွန်သွားစေတာကိုး။
ဒါကြောင့် သူမက မိုက်ကယ်အနေနဲ့ သူ့ရဲ့စွမ်းရည် နိုးထလာဖို့အတွက် ဒီထက်မက ပိုလိုလိမ့်မယ်လို့ ထင်နေမိတာပေါ့။
အဲဒီအချိန်မှာပဲ သူမရဲ့နောက်ကွယ်က သတ္တုရိုင်းအကျိုးအပဲ့တွေက လေထဲကို စတင်ပျံတက်လာတော့တာပဲ ဖြစ်တယ်။
* * * * * * * *
စာစဉ်(၃၂)
အခန်း(၃၇၈)
ဒီအတောအတွင်းမှာတော့ တိုက်ပွဲပြင်ပကွင်းပြင်ကြီးထဲမှာ အဖွဲ့နှစ်ဖွဲ့စလုံးဟာ တစ်ယောက်ပြီးတစ်ယောက် ဓားပြတွေကို မရပ်မနားဘဲ ဖမ်းဆီးနေကြတုန်းပဲ။
နောက်ဆုံးတော့ သူတို့ တောအုပ်တစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးတဲ့နောက်မှာတော့ ဖရိုဖရဲ ထွက်ပြေးနေတဲ့ ဓားပြတစ်ယောက်မှ မရှိတော့ဘူးဆိုတာ သေချာသွားခဲ့တယ်။ ကျန်တဲ့ဓားပြတွေအကုန်လုံးကတော့ သူတို့ရဲ့ ဂူထဲမှာ ပြန်ပုန်းအောင်းနေကြပြီး နောက်ဆုံးထွက်သက်အထိ ခုခံဖို့ ပြင်ဆင်နေကြတယ်။
ဂျာကူ၊ ဇိုင်ယွန်၊ ဖတ်ချ်နဲ့ ဂရီးဗ်တို့အားလုံးဟာ ဧရာမကျောက်တုံးကြီးတစ်ခုနဲ့ ပိတ်ထားတဲ့ ဂူအဝကြီးရဲ့ ရှေ့မှာ ရပ်နေကြတယ်။ ဂူထဲမှာတော့ ပုန်းအောင်းနေတဲ့ ဓားပြတွေကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ အငွေ့အသက်တွေကို သူတို့ အာရုံခံမိနေကြတာပါ။
"ငါ အဲဒီကျောက်တုံးကြီးကို အစိမ်းလိုက် မှုတ်ထုတ်ပစ်မယ်။ ခဏပဲ စောင့်" ဇိုင်ယွန်က ဂူထဲကို အတင်းဝင်ဖို့ သူ့လက်မောင်းကို လွှဲရင်း ပြောလိုက်တယ်။
ဂျာကူက သူ့ကို အချိန်မီ လှမ်းတားလိုက်ပြီး "မရဘူး။ သခင် မရောက်သေးဘူး"
"ဒါပေမဲ့ ငါတို့ ပွဲရှုံးသွားနိုင်တယ်လေ။ ဓားပြတွေကို ပိုဖမ်းနိုင်မှ အမှတ်ရမှာ" ဇိုင်ယွန်က ပြန်ငြင်းတယ်။ "အစ်ကို မိုက်ကယ်က ငါတို့ကို ဘာပဲဖြစ်ဖြစ် နိုင်အောင်တိုက်ဖို့ ပြောထားပြီးသား။ သူလည်း ဒီပွဲကို အရှုံးမခံနိုင်ဘူး။ အဲဒါကြောင့် ငါတို့ အထဲကို မဝင်ခင်…."
သူ စကားပြောလို့မှ မဆုံးသေးခင်မှာပဲ သူတို့ ဘေးနားတင် မြက်ပင်တွေ လှုပ်ရှားသွားတဲ့ အသံကို ကြားလိုက်ရတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ အဆိုးဆုံး ရန်သူတွေ ဖြစ်တဲ့ မိန်းကလေးအဖွဲ့ကို မြင်လိုက်ရတယ်။
"အထဲဝင်ဖို့ ကြောက်နေတာလား" ရှီနာက တခြားမိန်းကလေးတွေနဲ့ တခိခိ ရယ်မောရင်း လှမ်းမေးလိုက်တယ်။
"မကြောက်ပါဘူး။ ပြီးတော့ ငါတို့က ဒီကို အရင်ရောက်တာ။ ငါတို့ အရင်ပိုင်တယ်" ဇိုင်ယွန်က အတင်းပြောတယ်။
"ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ အရင်ပိုင်တာ" ဖတ်ချ်ကလည်း သူ့ဘက်ကနေ ကူပြောပေးတယ်။
"...ဒါဆို... ဒါဆို ဘာလို့ အထဲကို မဝင်ကြတာလဲ" ယူမီစုက ဝင်ပြောတော့ ရှီနာကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြတယ်။
"ငါတို့က သခင်ကြီးကို စောင့်နေတာ" ဖတ်ချ်က သူ့ရပ်တည်ချက်အတိုင်း ပြောလိုက်တာပါ။
"ငါ့သားလေး ဘယ်ရောက်သွားလဲ" လိုင်လီယာက လှမ်းမေးတယ်။ "ဖတ်ချ်လေး... သူ ဘယ်မှာလဲဆိုတာ အမေ့်ကို ပြောပြလို့ ရမလား"
"ရတယ်။ သခင်ကြီးက အခု တောထဲမှာ…"
ဒါပေမဲ့ သူ စကားမဆုံးခင်မှာပဲ ဇိုင်ယွန်နဲ့ ဂျာကူတို့ နှစ်ယောက်စလုံးက ဖတ်ချ်ရဲ့ ခေါင်းကို လှမ်းဖမ်းပြီး အချက်အလက်တွေ ပိုမပြောမိအောင် တားလိုက်ကြတယ်။
"သခင်က လျှို့ဝှက်ချက် အမြင့်ဆုံး မစ်ရှင်တစ်ခု လုပ်နေတာ" ဂျာကူက ပြောလိုက်တယ်။
"ဟုတ်တယ်။ သူ တခြားဓားပြတွေကို သွားတိုက်နေတာ" ဇိုင်ယွန်ကလည်း ထပ်လောင်းပြောတယ်။
"မသင်္ကာစရာပဲ..." ယူနာက ဒရာဂွန်ဘွန်းတွေကို ကြည့်ပြီး စိုက်ကြည့်လိုက်တဲ့အတွက် သူတို့တွေ ဖိအားကို ခံစားလိုက်ရတယ်။ "ဂရီးဗ်... မိုက်ကယ် ဘယ်မှာလဲဆိုတာ မင်း ငါတို့ကို ပြောပြမလား"
အရိုးစုစစ်သူကြီးက ရယ်မောလိုက်ပြီး "ဟိုဟိုး။ ရတယ်။ သူက... သူက.... အာ.... ကျွန်ုပ် မေ့သွားတဲ့ပုံပဲ ဟိုဟိုဟိုး"
"ဘယ်လိုပဲဖြစ်ဖြစ် နင်တို့အားလုံး ဘေးဖယ်ပေးပြီး ငါတို့ကို ဂူထဲ ပေးဝင်သင့်တယ်" ရှီနာက အကြံပြုတယ်။ "ဒီကိစ္စကြောင့် ငါတို့ပဲ အနိုင်ရလဒ်ကို အိမ်ပြန်သယ်သွားတော့မယ်" သူက ဝင့်ကြွားစွာ ပြောလိုက်တာပါ။
"အို... မရပါဘူး"
ဇိုင်ယွန်က တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရက် သူတို့ရှိတဲ့ နေရာကို အရိပ်တွေ စုပြုံရောက်ရှိလာတာကို မြင်လိုက်ရတယ်။
အရိပ်ဝံပုလွေတွေဟာ တောအုပ်တစ်ခုလုံးရဲ့ ပတ်ပတ်လည်မှာ ပေါ်လာပြီး ရီနေးတားရဲ့ အဆင့်မြင့်အရာရှိတွေကို ရိုသေတဲ့အနေနဲ့ ဒူးထောက်လိုက်ကြတယ်။
နောက်ဆုံးတော့ အော့ခ်မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ အဖွဲ့နှစ်ဖွဲ့ရဲ့ အလယ်မှာ ပေါ်လာခဲ့တယ်။
နာရီတိုက ယောက်ျားလေးအဖွဲ့ကို စကားပြောပြီး ဆာစူကီက မိန်းကလေးအဖွဲ့ကို စကားပြောတာပါ။
"ဘူ တို တို။ ကျွန်တော်တို့ တောအုပ်ဒေသတစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးသွားပြီ။ ကျန်ခဲ့တဲ့ ဓားပြတစ်ယောက်မှ မရှိတော့ဘူး" နာရီတိုက သူ့ရင်ဘတ်ကို ထုရင်း ပြောလိုက်တယ်။
"ရာ တာ တာ။ သခင်ရဲ့ အမိန့်အတိုင်း ရီနေးတား တပ်မတော်တစ်ခုလုံးဟာ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ပုန်းအောင်းရာနေရာကို ဝင်ရောက်စီးနင်းရာမှာ ကူညီဖို့ ရောက်လာခဲ့ပြီ"
"ကျွန်တော် ဘယ်လောက်ပဲ အားနည်းပါစေ၊ ကျွန်တော်တို့ကိုလည်း ကူညီဖို့ ခေါ်ထားတာပါ"
လူတိုင်းက ဘေးဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ စလစ်ဇီနဲ့ လိမ္မော်ရောင် အကျဉ်းထောင်ဝတ်စုံ ဝတ်ထားတဲ့ တခြားအကျဉ်းသားအချို့ကို မြင်လိုက်ရတယ်။ ဒရာဂွန်ဘွန်းတွေက သူတို့ထဲက အချို့ကိုတောင် မှတ်မိကြသေးတယ်၊ ဘာလို့လဲဆိုတော့ သူတို့အားလုံးက ခြောက်သွေ့တဲ့နယ်မြေတွေဆီက ရီနေးတားနိုင်ငံတော်ကို ရောက်ရှိလာပြီး ရီနေးတားအပေါ် သစ္စာရှိသူတွေအဖြစ် ပြောင်းလဲသွားတဲ့ ဓားပြတွေ ဖြစ်နေလို့ပဲ။
ပြီးတော့ သူတို့တင် ကင်းစ်နယ်မြေကနေ လာကြတာ မဟုတ်ဘူး။
မြေပြင်ပေါ်မှာ မြင်းခွာသံတွေ တဒုန်းဒုန်း မြည်ဟည်းသွားတဲ့ အသံက တောအုပ်ထဲမှာ ပဲ့တင်ထပ်သွားတယ်။
နောက်ဆုံးတော့ ဒီဧရာမ ကုလားအုတ်လူသားတွေဟာ သူတို့ရဲ့ ဦးတည်ရာကို ရောက်တာနဲ့ ဘရိတ်အုပ်ပြီး ရပ်လိုက်ကြတယ်။ သူတို့ရဲ့ အပေါ်မှာတော့ လက်ထဲမှာ မီသရယ် မှော်ဝင်ပစ္စည်း လှံတိုတွေကို ကိုင်ထားတဲ့ အနီရောင် ဟော့ဘ်မျောက်လူတွေ ရှိနေတာပါ။
"ရွှေလမ်းမကြီးရဲ့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ဖို့ သတင်းပို့ပါတယ်" အနီရောင် ဟော့ဘ်မျောက်လူတစ်ယောက်က လူတိုင်းကို အလေးပြုရင်း ပြောလိုက်တယ်။
သူတို့ အရေအတွက် နည်းပါးပေမယ့် သူတို့ရဲ့ ပေါင်းစပ်အစွမ်းကတော့ အဲဒီအချက်ကို အများကြီးကျော်လွန်သွားစေတယ်။ သူတို့ဟာ တိုက်ခိုက်မှုအတွက် အဓိက ရှေ့တန်းတပ်သားတွေ ဖြစ်ဖို့ လုံလောက်တာထက်ကို ပိုပါတယ်၊ အထူးသဖြင့် သူတို့ရဲ့ နောက်ကွယ်မှာ တကယ့်ကို အစွမ်းထက်တဲ့ ပံ့ပိုးမှုအဖွဲ့ ရှိနေလို့ပဲ။
အရိပ်ဝံပုလွေတွေဟာ သူတို့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး သူတို့ရဲ့ ဘေးနားမှာ မီသရယ် မှော်ဝင်တူရိယာတွေကို ကိုင်ထားတဲ့ ရီနေးတား ဂီတပညာရှင်တွေကို တယ်လီပို့လုပ်ပြီး ခေါ်လာခဲ့တယ်။
သူတို့ထဲက အများစုကတော့ စည်းချက်တီးခတ်တဲ့ တူရိယာတွေကို တီးခတ်ကြပြီး သူတို့ရဲ့ စည်းချက်တွေက လေထုထဲနဲ့ မြေပြင်ထဲကနေတစ်ဆင့် ဖြတ်သန်းသွားတဲ့အတွက် စစ်တပ်ကို အဝေးကနေ အားပေးမြှင့်တင်ဖို့ အကောင်းဆုံး ဖြစ်နေတယ်။
ဒါဟာ လောလောဆယ်မှာတော့ ရီနေးတား တပ်မတော်တစ်ခုလုံးပဲ။ အမှန်အတိုင်း ပြောရရင် နည်းနည်းတောင် လွန်နေသလိုပဲ။ ဒါပေမဲ့ မိုက်ကယ်က တကယ်ကို တော်တဲ့ ရန်သူအချို့နဲ့ သူတို့ စစ်တပ်ရဲ့ အင်အားကို စမ်းသပ်ချင်ရုံသက်သက်ပါ။ ပြီးတော့ ဒါက သူတို့အတွက် ကောင်းမွန်တဲ့ လေ့ကျင့်မှုလည်း ဖြစ်စေတယ်၊ အထူးသဖြင့် နောက်တန်းမှာ ဂီတပညာရှင်တွေကို အသုံးချတဲ့အပိုင်းပေါ့။
ဇိုင်ယွန်က သူတို့ရဲ့ ပံ့ပိုးမှုအားလုံးကို ကြည့်ပြီး ဂျာကူကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။ "သူတို့က ဓားပြတွေကို နိုင်သွားရင် အမှတ်တွေကို ဘယ်သူရမှာလဲ"
အဲဒါက ဘယ်သူမှ အဖြေမရှိတဲ့ တကယ့်ကို ပြင်းထန်တဲ့ မေးခွန်းတစ်ခုပဲ။
"သိသာတာပေါ့၊ ငါတို့အဖွဲ့ရဲ့ အမှတ်ထဲ ထည့်တွက်မှာ မဟုတ်လား" ဖတ်ချ်က ငြင်းတယ်။ "သူတို့က သခင်ကြီးရဲ့ လက်အောက်ငယ်သားတွေပဲလေ"
"ခဏလောက် စောင့်ပါဦး။ ငါက မိုက်ကယ်ရဲ့ အမေလေ၊ အဲဒီတော့ ငါ့မှာ ငါ့သားနဲ့ တန်းတူ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်။ သူတို့ရဲ့ အမှတ်တွေက ငါတို့အဖွဲ့ဆီ ရောက်ရမယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး"
အဖွဲ့နှစ်ဖွဲ့စလုံးဟာ ရမှတ်ကို မပြတ်သားနိုင်ဘဲ အငြင်းပွားနေကြတယ်။
အဲဒီအချိန်မှာပဲ သူတို့ရဲ့ စကားဝိုင်းဟာ မြေပြင်ကနေ လှုပ်ခတ်လာတဲ့ ငလျင်တစ်ခုကြောင့် ရုတ်တရက် ပြတ်တောက်သွားခဲ့တယ်။
သူတို့အားလုံးဟာ ဂူအဝကို ပိတ်ထားတဲ့ ကျောက်တုံးကြီးဆီကို လှည့်ကြည့်လိုက်ကြပြီး...
ဒိုင်း။
ကျောက်တုံးကြီးဟာ အပိုင်းပိုင်းအစစ ဖြစ်ပြီး ပေါက်ကွဲသွားခဲ့ပြီး ဧရာမ ကျောက်ခဲကြီးတွေဟာ နေရာအနှံ့ကို လွင့်စင်သွားတဲ့အတွက် အနီးနားမှာ ရှိတဲ့သူမှန်သမျှ ပေါက်ကွဲမှုဒဏ်ကို ခံရနိုင်ခြေ ရှိနေတယ်။
ဓားပြတွေဟာ ရုတ်တရက် ဂူထဲကနေ ရာနဲ့ချီပြီး လျှံထွက်လာခဲ့တယ်။ သူတို့ဟာ ဒီရင်ဆိုင်မှုကို သေမင်းနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ ရူးသွပ်တဲ့ မျက်နှာပေးတွေနဲ့ ဂူထဲကနေ ပြေးထွက်လာကြတာပါ။
သူတို့အားလုံးက ပေါက်ကွဲမှုကနေ အခွင့်ကောင်းရလိမ့်မယ်လို့ ထင်နေကြတာ၊ ဘာလို့လဲဆိုတော့ အဲဒီပေါက်ကွဲမှုက ရီနေးတားအချို့ကို သေချာပေါက် ထိခိုက်စေမှာမို့လို့ပဲ။
ဒါပေမဲ့ ရောင်စုံအကာအကွယ်ဒိုင်းတစ်ခုက လွင့်စင်လာတဲ့ အရာမှန်သမျှကို သူတို့ရဲ့ ခန္ဓာကိုယ်တွေဆီကနေ ဖယ်ရှားပေးလိုက်တဲ့အတွက် သူတို့တွေ ပေါက်ကွဲမှုဒဏ်ကနေ ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားတာကိုတော့ သူတို့ မသိခဲ့ကြဘူး။
"တိုက်ကြစို့။ ဒါက ငါတို့ အသက်ရှင်ဖို့အတွက် တိုက်ပွဲပဲ" ဓားပြတစ်ယောက်က အော်ဟစ်လိုက်တယ်။ "ငါတို့ သူတို့ကို သတ်ရင် သတ်၊ မသတ်ရင် ငါတို့ အသတ်ခံရမယ်"
ဓားပြပေါင်း လေးရာလောက်က သူတို့ရဲ့ ဓားတွေကို လေထဲမှာ မြှောက်ပြီး သူတို့ ရဲဘော်တွေရဲ့ စကားကို အော်ဟစ်ထောက်ခံလိုက်ကြတယ်။ သူတို့ဟာ သူတို့အုပ်စုထဲကနေ ကျန်ရစ်တဲ့ တစ်ဦးတည်းသောသူတွေ ဖြစ်ပြီး ဒါက သူတို့ရဲ့ နောက်ဆုံး ခုခံမှုပဲ။
သူတို့သာ ဒီရီနေးတားတွေကို မမောင်းထုတ်နိုင်ရင် ဘလေဇဲလ်နဲ့ သူမရဲ့ ဖလဲယားကော့ပ် စစ်သည်တော် အထူးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတော့မှာ။
သူတို့ထက် အရေအတွက် နည်းပေမယ့် ရီနေးတားတွေကတော့ လုံးဝ မထိတ်လန့်ကြဘူး။ အဲဒီအစား ဒရာဂွန်ဘွန်းတွေက ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာကြသေးတယ်။
"အခမဲ့အမှတ်တွေဟေ့" ဇိုင်ယွန်က သူ့ရဲ့ လက်အိတ်တွေကို တစ်ခုနဲ့တစ်ခု ရိုက်ရင်း အော်ပြောလိုက်တယ်။
"ငါတို့ အရင်မရောက်ရင်တော့ ဟုတ်တာပေါ့" ရှီနာက ပြန်ပြောပြီး သူမရဲ့ လေးထဲမှာ မြှားတစ်စင်းကို တပ်ဆင်လိုက်တယ်။
ဓားပြအုပ်စုကြီးက သူတို့ဆီကို ပြေးဝင်လာတာနဲ့အမျှ ယောက်ျားလေးအဖွဲ့ရော မိန်းကလေးအဖွဲ့ပါ ဒီအခွင့်အရေးကို သုံးပြီး သူတို့ရဲ့ အင်အားအကောင်းဆုံး တိုက်ခိုက်မှုတွေကို ထုတ်သုံးကာ ဓားပြတွေကို တတ်နိုင်သမျှ အများဆုံး အနိုင်ယူဖို့ ရွေးချယ်လိုက်ကြတယ်။
ဇိုင်ယွန်က လေထဲကို ခုန်တက်လိုက်ပြီး သူ့ရဲ့ လက်အိတ်တွေက အမှောင်ထုနဲ့ ခရမ်းရောင်အဆင်းတွေ တောက်ပလာတယ်။
ဓားပြအုပ်စုကြီးက သူ့ဆီကို ပြေးလာတာနဲ့အမျှ ဇိုင်ယွန်က အောက်ဘက်ကို ထိုးချလိုက်ပြီး အောက်က ဟင်းလင်းပြင်ထဲမှာ ဧရာမ အက်ကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်တယ်။
ဒီအက်ကြောင်းက အောက်ဘက်ကို ပြန့်နှံ့သွားပြီး နောက်ဆုံးမှာတော့ ဓားပြတွေဆီကို ရောက်ရှိသွားခဲ့တာပါ။
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သူတို့ရဲ့ ကိုယ်ပိုင် ကြယ်လေးပွင့်မန္တန်တွေကို သုံးထားကြပေမယ့်လည်း ဇိုင်ယွန်ရဲ့ လက်သီးချက်က မြေပြင်မှာ ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်တဲ့အတွက် လေထဲကို လွင့်စင်သွားကြရပြီး တစ်ချက်တည်းနဲ့တင် ဓားပြပေါင်း ဆယ်ဂဏန်းလောက်ကို ထိခိုက်သွားစေတယ်။
* * * * * * * *