အခန်း (၃၈၇-၃၈၈)
Vol. 33 Ch. 387-388
အခန်း(၃၈၇)
မြေကြီးထဲကနေ သံရိုင်းတုံးတွေ ပေါက်ကွဲထွက်လာပြီး မိုက်ကယ် လက်ရိပ်ပြခေါ်တဲ့နေရာဆီ လွင့်ပျံလာတယ်။ အဲဒါက သူ့လက်ဖဝါးပေါ်မှာတင် ဝဲပျံနေရင်း သူ့ရှေ့တည့်တည့်မှာ လာရပ်တန့်သွားတာပါ။
"နင် ဒါကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး။ စွမ်းရည်ဆိုတာ မှော်စွမ်းအင်ထက် အဆပေါင်းများစွာ သာလွန်တယ်ဟ" ဘလေဇဲလ်က သူ့ကို လှောင်ပြောင်သရော်လိုက်တယ်။
မိုက်ကယ်က သူ့ကို လူလည်ပြုံး ပြုံးပြရင်း ပြန်ကြည့်လိုက်တယ်။ "ဘယ်သူက မသာလွန်ဘူး ပြောလို့လဲ"
ပြီးတော့ မိုက်ကယ်က လက်ကို လှုပ်ရှားလိုက်တာနဲ့အမျှ သံရိုင်းတုံးကလည်း သူ့လက်လှုပ်ရှားမှုနောက်ကို လိုက်ပါလှုပ်ရှားလာတယ်။
ရုတ်တရက်ဆိုသလို သံရိုင်းတွေနဲ့အတူ ပါလာတဲ့ ကျောက်ခဲတွေ၊ မြေကြီးတွေက မမြင်ရတဲ့ စွမ်းအားတစ်ခုကြောင့် ကွာကျကုန်ပြီး ကြမ်းတမ်းတဲ့ သံရိုင်းသက်သက်ပဲ ကျန်ရစ်တော့တယ်။
ဘလေဇဲလ် မျက်လုံးအစုံ ပြူးကျယ်သွားရတယ်။ အဲဒီသံရိုင်းတုံးထဲမှာ မှော်စွမ်းအင်ရဲ့ အရှိန်အဝါကို သူမ မခံစားရလို့ပဲ။ အဲဒါကို အေးစိမ့်ပြီး ထူးဆန်းတဲ့ တစ်စုံတစ်ခုက ထိန်းချုပ်နေတာ ဖြစ်ပါတယ်။
အခြေအနေကို သဘောပေါက်သွားတဲ့အချိန်မှာပဲ သူမ အသက်ရှူရပ်မတတ် ဖြစ်သွားရတော့တယ်။
"ဒါ... စွမ်းရည်ပဲ" သူမ အော်ဟစ်လိုက်မိတယ်။
အဲဒီအချိန်မှာပဲ စက်ရုပ်လက်တံလိုမျိုး မိုက်ကယ်ရဲ့ ဒီဗာက မိုက်ကယ်ဆီကို အောက်ငိုက်ဆင်းလာပြီး သူ့ရှေ့က ဧရာမသံရိုင်းတုံးကြီးကို လှမ်းဖမ်းဆုပ်လိုက်တယ်။
သူမ မြင်နေရတဲ့ မြင်ကွင်းကို သူမကိုယ်တိုင်တောင် မယုံနိုင်ဘဲ ဖြစ်နေရတယ်။ သူ့ရဲ့ ဒီဗာက ပြင်ပလောကနဲ့ ထိတွေ့ဆက်ဆံနေတယ်ဆိုတဲ့ အဓိပ္ပာယ်က သူဟာ လက်ရှိမှာ စွမ်းရည်တစ်ခုကို သုံးနေတာပဲ ဖြစ်ရမယ်။ ဒါက သံသယဝင်စရာကို မလိုတော့တာပါ။
ဒါပေမဲ့ ဒါက မဖြစ်နိုင်ရိုးစုံပဲလေ။ ပထမအချက်အနေနဲ့ သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ပထမအဆင့်မှာပဲ ရှိသေးတာ။ သူ့ရဲ့ ဒီဗာက ပြင်ပလောကမှာ အစွမ်းပြနိုင်ဖို့အတွက် အများကြီး နုနယ်လွန်းပါသေးတယ်။ ဒုတိယအချက်အနေနဲ့လည်း ဒီဗာရဲ့စွမ်းအားကို စွမ်းရည်ထဲ စီးဆင်းစေဖို့အတွက် ဘယ်လို မီသရယ် မှော်ဝင်ပစ္စည်းကိုမှ သူ ကိုင်ဆောင်ထားတာ မရှိဘူး။
သူမ မြင်နေရတဲ့ အရာအားလုံးက လုံးဝကို ပုံမှန်မဟုတ်တဲ့ သွေဖည်မှုကြီး ဖြစ်နေခဲ့တယ်။
မိုက်ကယ်ရဲ့ ဒီဗာက သံရိုင်းတုံးကို ဖမ်းဆုပ်လိုက်တဲ့အခါမှာတော့ အဲဒီလက်တံတွေက ဘလေဇဲလ်လို လူမျိုးတစ်ယောက်အတွက် လုံးဝစိမ်းသက်လှတဲ့ အလင်းတန်းတွေ၊ အသံတွေနဲ့အတူ ရုတ်တရက် လင်းထိန်လာပါတော့တယ်။
ဒါပေမဲ့ မိုက်ကယ်အတွက်တော့ ဒါဟာ ရိုးအီနေတဲ့ မြင်ကွင်းတစ်ခုပါ။ သူ့ရဲ့ ဒီဗာက အကြောတွေထဲမှာ အလင်းရောင်စုံတွေ၊ ထိတွေ့မျက်နှာပြင် စနစ်တွေ လင်းလက်နေတဲ့ အနာဂတ်ဆန်ဆန် စက်ရုပ်တစ်ရုပ်နဲ့ တူနေပြီး ဒါကို သူ့ရဲ့အရင်က ကမ္ဘာကလူတွေပဲ နားလည်နိုင်မှာ ဖြစ်ပါတယ်။
ပြီးတော့ ချက်ချင်းဆိုသလိုပဲ ဒီဗာဆီက စွမ်းအားတွေအားလုံးက သံရိုင်းတုံးထဲကို တိုက်ရိုက်စီးဆင်းသွားပြီး ရဲရဲနီလာအောင် အပူပေးလိုက်သလို ဖြစ်သွားတယ်။
သံတုံးကြီးက စပြီး အရည်ပျော်လာတဲ့အချိန်မှာပဲ ဒီဗာရဲ့ လက်ဖဝါးတွေဆီကနေ လက်တံအသေးလေးတွေ ထွက်လာပြီး သူဖြစ်ချင်တဲ့ ပုံစံအတိုင်း ပုံဖော်ပါတော့တယ်။
အဲဒီလုပ်ငန်းစဉ်က တော်တော်လေး မြန်ဆန်လွန်းလှပြီး လက်ဆစ်တွေ၊ လက်ဖဝါးတွေကနေ ထွက်လာတဲ့ လက်တံသေးသေးလေးတွေဟာ ပူပြင်းနေတဲ့ သံရိုင်းကို အရှိန်ပြင်းပြင်းနဲ့ ပုံဖော်နေတာကြောင့် ဝေဝါးသွားတဲ့အထိပါပဲ။
နောက်ဆုံးမှာတော့ သံရိုင်းတုံးက အေးသွားပြီး အနောက်ဘက်မှာ သေးငယ်တဲ့ ဝါယာကြိုးနှစ်မျှင် ပတ်ခွေထားတဲ့ စက်ဝိုင်းပုံစံတစ်ခု ဖြစ်လာတယ်။
ရီနေးတားနိုင်ငံက ဘယ်သူမဆို ဒီပုံစံကို သိကြပါတယ်။
ဒါက နာရီတစ်လုံးနဲ့ တူပေမဲ့ အပေါ်တည့်တည့်ကို ဦးတည်ပြီး တစ်စက္ကန့်ချင်းစီ ဆုတ်ဖြတ် လည်ပတ်နေတဲ့ လက်တံတစ်ခုပဲ ရှိတာပါ။
ဒါက အချိန်အမှန်ကို ကြည့်ဖို့ လုပ်ထားတာ မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ကျန်သေးလဲဆိုတာကို သိဖို့ လုပ်ထားတာပါ။
ထူးဆန်းတာက ဒါတင်မကသေးဘူး။ နာရီရဲ့ ဘေးနားမှာ ပတ်ခွေထားတဲ့ သံသယဖြစ်ဖွယ် ဝါယာကြိုးနှစ်မျှင်လည်း ရှိနေသေးတယ်။ တစ်ခုက အနီရောင်ဖြစ်ပြီး နောက်တစ်ခုကတော့ အပြာရောင် ဖြစ်ပါတယ်။
မိုက်ကယ်က သူ့ဒီဗာဆီကနေ ရလာတဲ့ ဒီနာရီကို ယူပြီး ဘလေဇဲလ်ရဲ့ ရင်ဘတ်ပေါ်မှာ တည့်တည့် တင်လိုက်တယ်။
နာရီက ဘလေဇဲလ်ရဲ့ ကိုယ်ထဲကို မဝင်ခင် တစ်စက္ကန့်လောက် အဖြူရောင်အလင်းတန်းနဲ့ လင်းထိန်သွားတယ်။
"နင် ဘာလုပ်လုပ် အရာထင်မှာ မဟုတ်ဘူး" ဘလေဇဲလ်က ပြောလိုက်တယ်။ သူမ ခန္ဓာကိုယ်ပတ်ပတ်လည်က မီးတောက်အမှတ်အသားတွေကတော့ ပိုပြီး မြန်မြန်ဆန်ဆန် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတုန်းပဲ။ နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာတင် သူမဟာ ပေါက်ကွဲတော့မှာ ဖြစ်ပါတယ်။
"နှုတ်ဆက်ခဲ့ပါတယ်" သူမက မျက်လုံးတွေကို မှိတ်ပြီး သူမရဲ့ ကံကြမ္မာကို လက်ခံလိုက်ရင်း ပြောလိုက်တယ်။
သူမရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်က မီးတောက်အမှတ်အသားတွေဟာ ပေါက်ကွဲခါနီးပြီဖြစ်ကြောင်း အချက်ပြတဲ့အနေနဲ့ ဆက်တိုက်ဆိုသလို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့ပြီ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဘလေဇဲလ်ရဲ့ နားထဲမှာ ပြတ်သားတဲ့ အသံတစ်ချက် မြည်ဟည်းသွားတာကို ရုတ်တရက် ကြားလိုက်ရတယ်။
ကလစ်…..
သူမ မိမိကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တော့ ခန္ဓာကိုယ်က အကောင်းအတိုင်း ရှိနေတုန်းပဲ။ မကြာခင်မှာပဲ သူမ ခန္ဓာကိုယ်ပတ်ပတ်လည်က မီးတောက်အမှတ်အသားတွေက စွမ်းအားတွေ လျော့နည်းသွားပြီး အရေပြားထဲ ပြန်လည် ပျောက်ကွယ်သွားပါတော့တယ်။
"ဘာဖြစ်သွားတာလဲ" သူမ အော်ဟစ်လိုက်မိတယ်။
သူမ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ မိုက်ကယ် သူမရင်ဘတ်မှာ တပ်ဆင်ထားတဲ့ ထူးဆန်းတဲ့ နာရီကို မြင်လိုက်ရတယ်။
နာရီပေါ်က ဝါယာကြိုးတစ်မျှင် ပြတ်တောက်နေခဲ့ပြီ။
"ငါ နင့်ရဲ့ ဗုံးကို ဖြုတ်လိုက်တာ" မိုက်ကယ်က သူမကို ပြောလိုက်တယ်။
"ဒါ... ဒါပေမဲ့ ဘယ်လိုလုပ်ပြီးလဲ"
"ငါ အနီရောင် ဝါယာကြိုးကို ဖြတ်လိုက်တာလေ" သူက ရှင်းပြတယ်။
ဒါပေါ့... သူ ဘာအကြောင်း ပြောနေလဲဆိုတာ သူမ ဘယ်သိပါ့မလဲ။
ဒါပေမဲ့ မိုက်ကယ်ရဲ့ အရင်က ကမ္ဘာကလူသာဆိုရင် နာရီတစ်လုံးနဲ့ အနောက်က ရှုပ်ယှက်ခတ်နေတဲ့ ဝါယာကြိုးတွေကို မြင်တာနဲ့ အရာတစ်ခုတည်းကိုပဲ ပြေးမြင်ကြမှာပါ။ အဲဒါကတော့ အချိန်ကိုက်ဗုံးပဲ ဖြစ်ပါတယ်။
မိုက်ကယ် လုပ်လိုက်တာကလည်း အဲဒါ အတိအကျပါပဲ။
ဘလေဇဲလ်က ဗုံးတစ်လုံး ဖြစ်နေခဲ့ပြီဖြစ်လို့ သူလုပ်ခဲ့တာက အဲဒီဗုံး ဖြစ်စဉ် ပြီးပြည့်စုံသွားအောင် အချိန်မှတ်စက်တစ်ခု ထပ်ထည့်ပေးလိုက်တာပါပဲ။
ဘာဖြစ်လို့လဲလို့ မေးမလို့လား။
ဘာလို့လဲဆိုတော့ ဒီလိုမျိုး ထိပ်ထိပ်ပျာပျာ အခြေအနေတွေဟာ မီဒီယာတွေ၊ ရုပ်ရှင်တွေနဲ့ ရုပ်မြင်သံကြားတွေရဲ့ အဓိက အသက်သွေးကြောမို့လို့ပါပဲ။ သူရဲကောင်းက အနီရောင်ဝါယာကြိုး ဒါမှမဟုတ် အပြာရောင်ဝါယာကြိုးကို ဖြတ်ပြီး စက္ကန့်ပိုင်းအလိုမှာ ဗုံးကို အောင်မြင်အောင် ဖြုတ်ရတဲ့ ဇာတ်ကွက်တွေ အမြဲရှိတတ်တယ်လေ။
မိုက်ကယ် လုပ်ခဲ့တာကလည်း အဲဒါပါပဲ။
တစ်နည်းနည်းနဲ့ သူ့ရဲ့ ဒီဗာက ဘလေဇဲလ်ရဲ့ ပေါက်ကွဲမှုစွမ်းအားနဲ့ လျှို့ဝှက်စွာ ချိတ်ဆက်နိုင်မယ့် ဗုံးအချိန်မှတ်စက်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့တယ်။ ပြီးတော့ ရုပ်ရှင်တွေထဲကအတိုင်း အနီရောင်ဝါယာကြိုးကို ဖြတ်လိုက်ခြင်းအားဖြင့် မိုက်ကယ်ဟာ ဗုံးကို အောင်မြင်စွာ ဖြုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါက သူ့ရဲ့ စွမ်းရည်ပါပဲ။
ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် သူကိုယ်တိုင်လည်း ဒါကို ရေရေရာရာ အကုန်နားမလည်သေးပါဘူး။
ဘလေဇဲလ် မိမိကိုယ်ကို ဖျက်ဆီးတော့မယ့် အခြေအနေကို မြင်လိုက်ရတဲ့အချိန်တုန်းက သူက လူတိုင်းကို ကယ်တင်ဖို့အတွက် တောအုပ်ထဲကနေ သူနဲ့ တခြားလူတွေကိုပါ တခြားနေရာဆီ ရွှေ့ပြောင်းပေးဖို့ ဆုံးဖြတ်ချက် ချထားခဲ့တာပါ။
ဒါပေမဲ့ သူမ ခန္ဓာကိုယ်ပေါ်က မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ မီးတောက်အမှတ်အသားတွေကို ကြည့်နေရင်းနဲ့ ရုပ်ရှင်တွေထဲက အချိန်ကိုက်ဗုံးတွေအကြောင်းနဲ့ မှန်ကန်တဲ့ ဝါယာကြိုးကို ဖြတ်လိုက်ရင် ဗုံးဖြုတ်နိုင်တယ်ဆိုတာကို ရုတ်တရက် သတိရသွားခဲ့တယ်။
အဲဒီအချိန်မှာပဲ သူ့နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို လှုပ်ရှားလာတာကို သူ ခံစားလိုက်ရတယ်။ အဲဒါက သူ့ကို တိုက်တွန်းနေတာပါ။
သူ့ရဲ့ စွမ်းရည်ကို အသက်သွင်းလိုက်တဲ့အခါမှာတော့ သူ့ရဲ့စိတ်က သတိတစ်ဝက် မေ့လျော့တစ်ဝက် အခြေအနေထဲ ရောက်သွားခဲ့တယ်။ သူကိုယ်တိုင် ညွှန်ကြားချက် မပေးဘဲနဲ့တင် စွမ်းရည်က သံရိုင်းတုံးကို အချိန်ကိုက်ဗုံးပုံစံအဖြစ် ပုံဖော်ပေးလိုက်တာကို သူ ခံစားလိုက်ရတယ်။
ပြီးတော့ အဲဒီအရာ ပြီးဆုံးသွားတဲ့အချိန်မှာပဲ ဒီအချိန်မှတ်စက်ကို ဘလေဇဲလ်ပေါ် တင်လိုက်ရင် သူမရဲ့ မိမိကိုယ်ကို ဖျက်ဆီးမယ့်စွမ်းအားကို တစ်နည်းနည်းနဲ့ ပျယ်ပြယ်သွားအောင် လုပ်နိုင်မယ်ဆိုတာ သူ သိလိုက်ရတယ်။
ဒါက အောင်မြင်သွားခဲ့တယ်။ ဘယ်လိုကြောင့်လဲဆိုတာ သူ မသိပေမဲ့ အောင်မြင်သွားတာတော့ အမှန်ပဲ။ သူက သူ့ရဲ့ ပင်ကိုယ်သိစိတ်နောက်ကိုပဲ လိုက်ခဲ့တာဖြစ်ပြီး ကျန်တာတွေကိုတော့ သူ့ရဲ့ ဒီဗာက အကုန်လုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဘလေဇဲလ်ကတော့ စိတ်ရောလူပါ အလဲလဲအပြိုပြိုဖြစ်ပြီး မြေကြီးပေါ် ခွေကျသွားပါတော့တယ်။
ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ပထမအဆင့် သံလိုက်စွမ်းအား အသုံးပြုသူတစ်ယောက် ဖြစ်နေတာတောင် မိုက်ကယ်က သူ့ရဲ့ စွမ်းရည်ကို နိုးထစေနိုင်ခဲ့တယ်။ ဒါက တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ။ ဒါတင်မကသေးဘဲ သူ့ထက် အဆင့်တစ်ခု မြင့်နေတာတောင် သူ့ရဲ့ စွမ်းရည်က သူမရဲ့ စွမ်းရည်ကို တစ်နည်းနည်းနဲ့ လွှမ်းမိုးသွားနိုင်ခဲ့သေးတယ်။
သူမက သူမရဲ့ မိမိကိုယ်ကို ဖျက်ဆီးမယ့်ဗုံးကို သူ ဘယ်လိုဖြုတ်လိုက်လဲဆိုတာကို မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး။ သူမထက် ကျင့်စဉ်အဆင့် နိမ့်နေတာတောင် ဒါကို ဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာကိုပဲ တွေးမရ ဖြစ်နေတာပါ။
ဒီဗာကျင့်စဉ် အဆင့်ကသာ လောကရဲ့ အထက်အောက် စီမံမှုကို ဆုံးဖြတ်တာလို့ သူမ အမြဲ သင်ယူခဲ့ရတာလေ။
လက်တွေ့လောကကြီးကိုပါ ပြောင်းလဲပစ်နိုင်တဲ့ ဒီဗာတွေ အများကြီး ရှိပါတယ်။ စွမ်းရည်တွေနဲ့ဆိုရင် ဘာမဆို ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ လူတိုင်း လိုက်နာရတဲ့ မပြောင်းလဲတဲ့ စည်းမျက်နှာတစ်ခုကတော့ ကျင့်စဉ်အဆင့် ပိုမြင့်တဲ့သူကသာ နောက်ထပ် ဒီဗာတစ်ခုကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မိုက်ကယ်ကတော့ ဒါကို လုပ်ပြနိုင်ခဲ့တယ်။
"ငါ ဘာကိုမှ နားမလည်တော့ဘူး" သူမက ခေါင်းငိုက်စိုက်ချရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ငါ ဝန်ခံပါတယ်။ နင်က တကယ်ကို ထူးခြားတဲ့သူတစ်ယောက်ပဲ" သူမက ဖွင့်ဟလိုက်တယ်။
"ဒါပေမဲ့ နင် ငါ့ကို အခုပဲ သတ်ပစ်လိုက်ပါတော့ ဒါမှမဟုတ်ရင်လည်း မြေကြီးရဲ့ အောက်ဆုံးအလွှာမှာပဲ ချုပ်နှောင်ထားလိုက်ပါ။ ငါ ဒီနေ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တယ်ဆိုတာကို ဖလဲယားကော့ပ်က သိသွားလိမ့်မယ်လို့ ငါ ကတိပေးရဲတယ်။ သူတို့ နင့်နောက်ကို လိုက်လံ အမဲလိုက်ဖို့က အချိန်တစ်ခုပဲ ရှိတော့တယ်"
ဘလေဇဲလ်က သေခြင်းတရားကို လက်ခံတဲ့အနေနဲ့ လက်နှစ်ဖက်ကို ဘေးကို ဆန့်ထုတ်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဘလေဇဲလ်ဟာ သူမရဲ့ နှလုံးသားထဲကနေ တစ်စုံတစ်ခု ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူမ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူမမျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပြည့်နှက်သွားပါတော့တယ်။
သတ္တုရည်တစ်မျိုးက သူမရဲ့ အရေပြားထဲကနေ စိမ့်ထွက်လာပြီး သူမကိုယ်ထဲကနေ ဖြည်းဖြည်းချင်း စုပ်ယူခြင်း ခံနေရတာပါ။
အဲဒါကတော့ တခြားမဟုတ်ဘဲ သူမနှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတော့တယ်။
* * * * * * * *
စာစဉ်(၃၃)
အခန်း(၃၈၈)
ဘလေဇဲလ်ဟာ အရင်ကထက်စာရင် သူ့ရဲ့တန်ခိုးတွေ ပိုပြီးခမ်းခြောက်သွားသလို ခံစားလိုက်ရတယ်။ သူ့နှလုံးသားထဲမှာ ခွဲစိတ်ထည့်သွင်းထားတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစဟာ အခုဆိုရင် သူ့ခန္ဓာကိုယ်ရဲ့ အရွတ်တွေ၊ ကြွက်သားတွေကနေ တစ်ဆင့်ချင်း ကွာကျလာပြီး နောက်ဆုံးမှာတော့ အရေပြားအပြင်ဘက်ကို တိုးထွက်လာနေပြီ ဖြစ်နေတယ်။
နတ်ဘုရားပန်းပဲဖို အပိုင်းအစဟာ ချွေးတွေလိုမျိုး အရည်ပျော်ပြီး သူ့ခန္ဓာကိုယ်ထဲကနေ စီးထွက်လာပြီးတော့ မိုက်ကယ်ရဲ့ လက်ဖဝါးတွေဆီကို လွင့်မျောသွားရင်း ဖြည်းဖြည်းချင်း အစက်အပြောက်လေးတွေအဖြစ် ခဲသွားတယ်။
"ဘာ... ဘာတွေဖြစ်နေတာလဲ..."
ဘလေဇဲလ် ခေါင်းတွေမူးနောက်လာပြီး အသက်ရှူလို့လည်း မဝတော့ဘူး။ သူ အော့အန်ချင်စိတ်ပါ ပေါက်လာရတယ်။
သူ ဒီလောက်အပင်ပန်းခံပြီး ကြိုးစားပမ်းစား ရယူထားခဲ့ရတဲ့ တန်ခိုးတွေ၊ သူတစ်ပါးထက် သာလွန်နေတယ်ဆိုတဲ့ စိတ်မူးယစ်စရာ ခံစားချက်ကြီးဟာ ခဏလေးအတွင်းမှာပဲ သူ့နှလုံးသားထဲကနေ ရက်ရက်စက်စက် အလုခံလိုက်ရပြီလေ။
မိုက်ကယ်ကတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဟာ သူ့ဆီကို ဖြည်းဖြည်းချင်း လွင့်မျောလာရာကနေ အနားရောက်လေလေ ပိုပြီးမြန်လာလေလေ ဖြစ်နေတာကို မြင်တော့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။
နောက်ဆုံးမှာတော့ အဲဒီအပိုင်းအစဟာ အသံထက်မြန်တဲ့ နှုန်းနဲ့ သူ့ရင်ဘတ်ဆီကို တည့်တည့်မတ်မတ် ပြေးဝင်သွားပြီး ခန္ဓာကိုယ်အတွင်းက အင်္ဂါအစိတ်အပိုင်းအားလုံးကို ကျော်ဖြတ်ကာ သူ့နှလုံးသားဆီကို အရောက် ရိုက်ခတ်သွားတော့တယ်။
'ဘလေဇဲလ်ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစက ငါ့ဆီမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရဲ့ ဆွဲငင်မှုကို ခံလိုက်ရတာပဲ'
သူ ဒါကို လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုမျိုး ဖြစ်နိုင်လိမ့်မယ်လို့လည်း မတွေးဖူးခဲ့ဘူး။ သူ အခုထိ ကြုံတွေ့ခဲ့ရတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအားလုံးဟာ သဟဇာတ ပေါင်းစည်းခြင်း မှော်စွမ်းအင်ကို အသုံးပြုနိုင်တဲ့ သူ့ရဲ့ပါရမီကြောင့် သူ့ဆီကို သံလိုက်လိုမျိုး ဆွဲငင်တဲ့ ခံစားချက် ရှိတာတော့ အမှန်ပဲ။
ဒါကြောင့်လည်း ဗီရီယန်က သူ့ကို 'သဘာဝကပေးတဲ့ သံလိုက်စွမ်းအားရှင်' လို့ တင်စားခဲ့တာပေါ့။
ဒါပေမဲ့ တခြားတစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နှင့်နေပြီးသား နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအပေါ်မှာပါ ဒီလိုမျိုး အစွမ်းပြလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
ဘလေဇဲလ်ရဲ့ အရေပြားပေါ်ကနေ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ အစက်အပြောက်လိုက် ထွက်လာပြီး မိုက်ကယ်ဆီကို ပိုပြီးတော့ တိုးဝင်သွားကြတယ်။
မကြာခင်မှာပဲ ဘလေဇဲလ်ရဲ့ ဒီဗာဟာ သူ့ခေါင်းပေါ်မှာ ရုန်းကန်လှုပ်ရှားရင်း ပေါ်လာတယ်။ အဲဒီဒီဗာဟာ သူ့ရဲ့အရေပြားပေါ်က မီးတောက်တွေကို ဆက်ပြီးတောက်လောင်နေစေဖို့နဲ့ သူ့ရဲ့တည်ရှိမှုကို ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေရှာတာ။ ဒါပေမဲ့ ဘလေဇဲလ်ရဲ့ ခန္ဓာကိုယ်ထဲကနေ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပိုပြီးထွက်ခွာသွားလေလေ သူ့ရဲ့ဒီဗာဟာလည်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။
နောက်ဆုံး အပိုင်းအစတွေပါ ဘလေဇဲလ်ရဲ့ နှလုံးသားထဲကနေ ထွက်သွားတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ ဟာလာဟင်းလင်းကြီး ဖြစ်ကျန်ခဲ့သလို ခံစားလိုက်ရတယ်။
သံလိုက်စွမ်းအားရှင် တစ်ယောက် ဖြစ်လာတာဟာ ကမ္ဘာကြီးကို အလင်းအသစ်နဲ့ မြင်ရမယ့် မျက်လုံးအစုံကို ရရှိလိုက်တာမျိုးဆိုရင် အခု သူ့ရဲ့ဒီဗာကို ဆုံးရှုံးလိုက်ရတာကတော့ မျက်စိကန်းသွားပြီး အာရုံခံစားမှု အားလုံးကိုပါ တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရသလိုပါပဲ။
"မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး..." သူက ခေါင်းကို တရစပ်ရမ်းရင်း လက်မခံနိုင်တဲ့ လေသံနဲ့ တိုးတိုးလေး ရေရွတ်နေမိတယ်။ ဒီလို လက်တွေ့ဘဝကြီးကို သူ လက်ခံဖို့ တော်တော်လေး ခက်ခဲနေရှာတာ။
ဒါဟာ သူ စိတ်အချရဆုံးလို့ ထင်ထားခဲ့တဲ့ အရာတစ်ခုပဲလေ။ ဒီနေ့ သူ ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန် သူ့ဒီဗာရဲ့ တန်ခိုးတွေ ပြန်ကောင်းလာရင် အချိန်မရွေး ပြန်ရုန်းထနိုင်လိမ့်မယ်လို့ သူ တွေးထားခဲ့တာ။
ဒါပေမဲ့ အခုတော့ သူ့မှာ ပြန်လည်နာလန်ထူဖို့ ဒီဗာဆိုတာလည်း မရှိတော့ဘူး။ အရာအားလုံး ဆုံးရှုံးသွားခဲ့ပြီ။ သူ ဘာမှကို မခံစားရတော့ဘူး။
သူ မိုက်ကယ်ကို မော့ကြည့်လိုက်တော့ မိုက်ကယ်က နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ သူ့ခန္ဓာကိုယ်ထဲ ဝင်လာတာနဲ့အမျှ မျက်လုံးတွေကို မှိတ်ထားတာကို တွေ့လိုက်ရတယ်။
သူ့ခေါင်းပေါ်က စက်ရုပ်လက်မောင်း ဒီဗာဟာ လက်တွေ့ဘဝထဲမှာ ပုံပေါ်လာပြီး အရင်ကထက် ပိုပြီးတော့ ထင်ထင်ရှားရှား ဖြစ်လာခဲ့တယ်။
မကြာခင်မှာပဲ ဖြူဖွေးတဲ့ အလင်းတန်းတစ်ခုက မိုက်ကယ်ကို ဝန်းရံသွားပြီး အဲဒီတန်ခိုးတွေ အားလုံးကို သူ့ခေါင်းပေါ်က ဒီဗာဆီကို ဖြည်းဖြည်းချင်း စုစည်းတွန်းပို့ပေးနေသလိုမျိုး လှိုင်းထလျက် ရှိနေတယ်။
ဘလေဇဲလ်ဟာ အဲဒီစက်ရုပ်လက်မောင်းကြီးက တံတောင်ဆစ်ကနေ ပခုံးအထိ ကြီးထွားလာပြီး ပြည့်စုံသွားတာကို မြင်တော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။
အဲဒီစက်မှု စက်ရုပ်လက်မောင်းကြီးဟာ နာနိုမှုန်တွေလိုမျိုး ကြီးထွားလာပြီး သူ့ရဲ့အနက်ရောင် သတ္တုကြိုးတွေက အပေါ်ကို ကွေးညွတ်တက်သွားကာ ပခုံးရဲ့ အဆစ်ခွက်အဖြစ် ပုံပေါ်လာတယ်။ အနာဂတ်ဆန်တဲ့ ပတ်လမ်းစနစ်တွေက နောက်ထပ် ပုံပေါ်လာပြီး လက်မောင်းရဲ့ အသားနဲ့ ကြွက်သားတွေ ဖြစ်လာတယ်။ ဒီဗာရဲ့ အတွင်းပိုင်း လုပ်ဆောင်ချက်တွေ ပြီးဆုံးသွားတဲ့အခါမှာတော့ နောက်ဆုံး ပုံပေါ်လာတဲ့ အစိတ်အပိုင်းကတော့ ပြောင်လက်ပြီး ပါးလွှာတဲ့ သတ္တုအရေပြားပဲ ဖြစ်တယ်။
မိုက်ကယ်ဟာ သူ့ဒီဗာရဲ့ ညာဘက်လက်မောင်းကို ပခုံးအထိ အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့ပြီ။ ရင်ဘတ်နဲ့ လည်ပင်းဘေး ကြွက်သားတွေရဲ့ အပြာရောင်အပြင်ဘက် အလွှာကတော့ ခပ်ဖျော့ဖျော့လေး ပေါ်နေတာမို့လို့ မိုက်ကယ်အနေနဲ့ နောက်ထပ် ဘာတွေဖြစ်လာဦးမလဲဆိုတာကို ကြိုတင် အရသာခံ ကြည့်ရှုနိုင်ခဲ့တယ်။
ဒါဟာ သူ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ ဒုတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဘလေဇဲလ်ရဲ့ မျက်ဝန်းထဲမှာ သူ့ရှေ့က ဆံပင်ရွှေဝါရောင်နဲ့ ကောင်လေးကို ကြည့်ရင်း အံ့ဩတုန်လှုပ်မှုတွေ ယှက်သန်းသွားရတယ်။
သူ့အဖိုး ပြောပြခဲ့ဖူးတဲ့ ရှေးဟောင်းခေတ်က လူတွေအကြောင်းကို သူ သတိရသွားတယ်။ အဲဒီလူတွေကို... လို့ ခေါ်ကြတာလေ။
"သဘာဝကပေးတဲ့ သံလိုက်စွမ်းအားရှင်..." သူက တိုးတိုးလေး ရေရွတ်လိုက်မိပြီး မိုက်ကယ်ဟာ တကယ်ပဲ ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်မျိုး ဖြစ်နေမှန်း သဘောပေါက်သွားတော့တယ်။
ဖလဲယားကော့ပ်အတွက် ဒီအခြေအနေက ဘယ်လောက်အထိ ဆိုးရွားသွားပြီလဲဆိုတာကို တွေးမိတော့ သူ့လက်မောင်းက အမွှေးအမျှင်တွေအထိ ထောင်ထသွားရတယ်။ သူတို့တွေဟာ ဘယ်လိုလူမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို ဘာမှ မသိခဲ့ကြဘူး။
လူတိုင်းက ရီနေးတားဆိုတာ ကမ္ဘာကြီးအကြောင်း ဘာမှမသိတဲ့ တောသားကုမ္ပဏီလေးတစ်ခုလို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ရဲ့တန်ခိုးဟာ လက်ရှိ ကမ္ဘာ့အထက်တန်းလွှာ အဆင့်အတန်းကြီးတစ်ခုလုံးကိုတောင် ဖြိုချပစ်နိုင်လောက်တဲ့ အထိအတွေ့မျိုး ဖြစ်နေခဲ့ပြီ။
အထူးသဖြင့် သူတို့ရဲ့ခေါင်းဆောင်ဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ။
မိုက်ကယ်က သဘာဝကပေးတဲ့ သံလိုက်စွမ်းအားရှင် ဖြစ်နေတာ။ ဒါဟာ ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်တွေကို တက်လှမ်းဖို့အတွက် လိုအပ်တဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ရရှိဖို့ ဘာခွဲစိတ်မှုမှ လုပ်စရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူက ဘယ်လိုဘေးအန္တရာယ်မျိုးကိုမှ ရင်ဆိုင်စရာ မလိုဘူး။ ဒါတွေကို ပိုင်ဆိုင်ဖို့က သူ့အတွက် သဘာဝအတိုင်းပဲ ဖြစ်နေလိမ့်မယ်။
သူနဲ့ ကြုံတွေ့ရတဲ့ ဘယ်လို သံလိုက်စွမ်းအားရှင်မဆို သတိထားရလိမ့်မယ်ဆိုတာ သူ သေချာပေါက် သိလိုက်ပြီ။ မဟုတ်ရင်တော့ အခု သူ့လိုမျိုး အဖြစ်ဆိုးနဲ့ပဲ လမ်းဆုံးကြရလိမ့်မယ်။
သူ မိုက်ကယ်ကို ရှုံးနိမ့်သွားမှုက သူ့ရဲ့ဒီဗာကို အားနည်းသွားစေပြီး သူ့နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအပေါ် ထိန်းချုပ်မှုကိုပါ လျော့ပါးသွားစေခဲ့တယ်။ အဲဒီလို ဖြစ်သွားတာကြောင့်ပဲ သဘာဝကပေးတဲ့ သံလိုက်စွမ်းအားရှင်ရဲ့ ဆွဲငင်မှုအောက်မှာ အလွယ်တကူပဲ ပါသွားခဲ့ရတာပေါ့။
မိုက်ကယ်က သူ့ရဲ့နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို လုယူပြီး ကိုယ့်အတွက်ကိုယ် အသုံးချလိုက်တာပဲ။
ဖလဲယားကော့ပ်က သူတို့ကို လိုက်လံအမဲလိုက်လိမ့်မယ်လို့ သူ ပြောခဲ့တုန်းက သူ လုံးဝ မှားသွားခဲ့မှန်း အခုမှ သဘောပေါက်တော့တယ်။
မိုက်ကယ်ကသာ အပိုင်းအစတွေ ပိုရဖို့အတွက် သူတို့ကို လိုက်ပြီး အမဲလိုက်တော့မှာ။
သူက မိုက်ကယ်အကြောင်းကို ဖလဲယားကော့ပ်က သူ့ရဲ့အပေါင်းအသင်းတွေနဲ့ သူ့ဝမ်းကွဲမောင်နှမတွေကို သတိပေးချင်ခဲ့တာ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူ့ရဲ့ကံကြမ္မာက ရီနေးတားရဲ့ လက်ထဲကို ရောက်သွားခဲ့ပါပြီ။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကျဆင်းသွားတာနဲ့အမျှ သူ့ရဲ့သတိစိတ်တွေကလည်း မကြာခင်မှာပဲ လွတ်ထွက်သွားတော့တယ်။ အဆုံးစွန်ထိ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် သူ သတိလစ်မေ့မြောသွားခဲ့ရတယ်။ နောက်ဆုံး သူ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ မိုက်ကယ်က သူ့လက်တွေကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့အပေါ်က စက်ရုပ်လက်မောင်းကြီးကလည်း အဲဒီလှုပ်ရှားမှုအတိုင်း လိုက်လုပ်နေတာပဲ ဖြစ်နေတယ်။
...
...
...
နောက်ဆုံးမှာ ဘလေဇဲလ်ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဒီစစ်မြေပြင်မှာ ရီနေးတားရဲ့ အောင်ပွဲ ဖြစ်သွားခဲ့ပြီ။
"ဟုတ်ပြီဟေ့... ငါတို့ နိုင်ပြီ..." ဇိုင်ယွန်က သူ့ဘေးနားက ဂျာကူ၊ ဖတ်ချ်တို့နဲ့အတူ ပျော်လွန်းလို့ ဝမ်းသာအားရ ခုန်ပေါက်ရင်း အော်ဟစ်လိုက်တယ်။
"ဟိုဟိုဟိုး... တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ။ အဲဒီအရာတွေကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒါမှမဟုတ်လည်း ငါ ထင်နေတာပဲ ဖြစ်မှာပါ။ ငါ မေ့သွားတာလည်း ဖြစ်နိုင်တာပဲ ဟိုဟိုဟိုးဟိုး..." ဂရီးဗ်က မိုက်ကယ်ရဲ့ ဒီဗာကို ကြည့်ရင်း ပြောလိုက်တယ်။
အရိပ်ဝံပုလွေတွေနဲ့ ရွှေလမ်းမကြီးအစောင့်တပ်ဖွဲ့ဝင်တွေဟာ ကျန်ရှိနေတဲ့ ဓားပြတွေနဲ့ ဖလဲယားကော့ပ် စစ်သားတွေကို အမြန်ပဲ ဖမ်းဆီးလိုက်ကြတယ်။ သူတို့က အညံ့ခံပြီးသား ဖြစ်တာကြောင့် ဘာမှပြန်မခုခံဘဲ ရီနေးတားနိုင်ငံသားတွေ ခေါ်ဆောင်ရာနောက်ကိုပဲ လိုက်သွားကြတယ်။
အောက်ခြေအရိပ်တွေကတော့ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို အသုံးပြုပြီး အဲဒီလူတွေအားလုံးကို ပြုပြင်ပြောင်းလဲရေး စခန်းအကျဉ်းထောင်ဆီကို ပို့ဆောင်လိုက်ကြတယ်။
တစ်ချိန်တည်းမှာပဲ လူတိုင်းက မိုက်ကယ်ရှိတဲ့နေရာကို စုရုံးရောက်ရှိလာကြပြီး ပြတ်သားတဲ့အောင်ပွဲအတွက် ဂုဏ်ပြု စကားဆိုကြတယ်။
"အစ်ကိုကြီး မိုက်ကယ်... အစ်ကို့ခေါင်းပေါ်က မိုက်လှချည်လားဆိုတဲ့ စက်ရုပ်ကြီးက ဘာကြီးလဲ..." ဇိုင်ယွန်က စိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ်။
"ဇိုင်ယွန်... အဲဒါက သခင် မိုက်ကယ်ရဲ့ လျှို့ဝှက်ချက်လေ..." ရှီနာက သူ့မောင်လေးကို တို့လိုက်ရင်း ပြောတယ်။
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး "ရပါတယ်... ငါ အားလုံးကို ရှင်းပြပါ့မယ်..." လို့ ပြောလိုက်တယ်။
ပြီးတော့ သူက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအကြောင်းနဲ့ အဲဒီအရာတွေက သူ့ကို ဘယ်လိုမျိုး သံလိုက်စွမ်းအားရှင် ဖြစ်လာစေခဲ့လဲဆိုတာကို အကုန်ပြောပြလိုက်တယ်။ သူက ဆက်ပြီးတော့ ဗီရီယန်က သူ့ကို တိုးတက်ဖို့အတွက် လိုအပ်တဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ပေးခဲ့လို့သာ သူ့ရဲ့စွမ်းရည်ကို နှိုးဆွနိုင်ခဲ့တာ ဖြစ်ကြောင်းကိုပါ ပြောပြခဲ့တယ်။
"ထူးဆန်းလိုက်တာ... ငါ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး..." ယူနာက မျက်မှောင်ကုတ်ရင်း ပြောလိုက်တယ်။ သူ လုံးဝ မသိနားမလည်တဲ့ အရာတစ်ခု ရှိနေတာကြောင့် သူ့ရဲ့မာနကို ထိခိုက်သွားပုံပဲ။
"သံလိုက်စွမ်းအားရှင်တွေက အထက်တန်းလွှာ လူ့အဖွဲ့အစည်းမှာ ဒီလောက်တောင် ခေတ်စားနေတာဆိုရင် ငါ ဘာလို့ မကြားဖူးတာလဲ..."
"ဒါက သူတို့တွေ အဲဒီအကြောင်းကို သေချာ လျှို့ဝှက်ထားကြလို့ ဖြစ်လိမ့်မယ်..." သူက ပြောလိုက်တယ်။ "ဒါမှမဟုတ်လည်း မင်းရဲ့မိဘတွေက မင်းကို အဲဒီအကြောင်း ဖုံးကွယ်ထားချင်လို့ နေမှာပေါ့..."
"ငါလည်း အဲဒီအကြောင်း မသိဘူး။ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအကြောင်းကိုတော့ ဟိုတစ်စ ဒီတစ်စ ကြားဖူးပေမဲ့ သံလိုက်စွမ်းအားရှင်တွေအကြောင်းတော့ တစ်ခါမှ မကြားဖူးဘူး..." လိုင်လီယာက ဝင်ပြောလိုက်တယ်။
"ဒါပေမဲ့ ငါ့သားပီပီပဲ... မင်းက ဘယ်နေရာမှာမဆို ပါရမီရှင်ပဲ ဟုတ်တယ်မလား..."
လိုင်လီယာက သူ့သားကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖက်လိုက်တာကြောင့် မိုက်ကယ်ခမျာ နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရရှာတယ်။
* * * * * * * *