← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 33 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 33 Ch. 391-392

အခန်း(၃၉၁)

"နင့်ရဲ့ ဒီဗာကို အပြည့်အဝ ဖော်ထုတ်နိုင်ရင် ခလုတ်တွေ အများကြီး ထပ်ရနိုင်မှာလား" လို့ ယူနာက မေးတယ်။

"ရမယ် ထင်တာပဲ။ ကိုယ်ခန္ဓာဖွဲ့စည်းခြင်းအဆင့်မှာ ကျင့်စဉ်အဆင့် တက်လာတိုင်း ငါ့ရဲ့ စွမ်းရည်တွေ ပိုသန်မာလာလိမ့်မယ်လို့ ဗီရီယန်က ပြောတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။

"ခလုတ်တွေတင်မကဘဲ နောက်တစ်ခါကျရင် ဒီထက်ပိုပြီး ရှုပ်ထွေးတဲ့အရာတွေကိုတောင် ငါ ဖန်တီးနိုင်ရင် ဖန်တီးနိုင်မှာ"

"သခင်။ ခလုတ်တွေ အများကြီး ထပ်ရမယ့်အချိန်ကို ကျွန်တော်ဖြင့် မစောင့်နိုင်တော့ဘူး။ ဒါမှ လူတွေအများကြီးကို ပိုပြီး ချောင်းမြောင်းထောက်လှမ်းလို့ ရမှာ" လို့ ဖတ်ချ်က သူ့ခေါင်းပေါ်ကို ခုန်တက်ရင်း ပြောလိုက်တယ်။

"ဆုံးဖြတ်လိုက်ပြီ။ ကိုကြီးမိုက်ကယ်အတွက် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ထပ်ရှာကြရအောင်" လို့ ဇိုင်ယွန်က တက်ကြွလှုံ့ဆော်ပေးတယ်။

"ဖလဲယားကော့ပ်ထဲမှာ အခြား သံလိုက်စွမ်းအားရှင်တွေလည်း ရှိသေးတယ်လို့ ငါ မှတ်မိနေသလိုပဲ" ဖတ်ချ်က မကောင်းဆိုးဝါးအပြုံးနဲ့ ပြောလိုက်တယ်။

"ဒီည သူတို့ကို သွားတိုက်ခိုက်ကြမလား"

"ငါတော့ မပါဘူး" ဂျာကူက သမ်းဝေရင်းနဲ့ မြေပြင်ပေါ် ချက်ချင်း လှဲချလိုက်တယ်။

ဒါပေမဲ့ ဂရီးဗ်က ရှေ့ကို တက်လာပြီး

"ဟိုဟိုဟိုး... ကျူးကျော်တိုက်ခိုက်မယ် ဟုတ်လား။ အတိတ်က အမှတ်တရဟောင်းတွေကို ပြန်သတိရစေတာပဲ... အော် နေပါဦး... ငါ့မှာ ဦးနှောက်မှ မရှိတာ"

မိုက်ကယ်က သူတို့သုံးယောက်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ "ငါလည်း အဲဒါကို ငြင်းမှာမဟုတ်ဘူး" လို့ သူတို့ဆီ ပြောလိုက်တယ်။

ကောင်လေးလေးယောက်က ကလေးတွေလိုမျိုး 'နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ... နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ...' လို့ အော်ဟစ်ပြီး ဝိုင်းဖွဲ့ကခုန်ရင်း စိတ်လှုပ်ရှားနေကြတယ်။

ယူနာက လည်ချောင်း ခပ်မြန်မြန်ရှင်းလိုက်ပြီး အောင်ပွဲခံနေတာကို ရပ်တန့်လိုက်တယ်။

"အဟမ်း... ဒီတိုက်ပွဲကိုတောင် သေသေချာချာ မရှင်းလင်းရသေးဘူး နင်တို့က နောက်ထပ်တိုက်ပွဲအတွက် အစီအစဉ်ဆွဲနေကြပြီ" ယူနာက သူ့နားထင်ကို နှိပ်နယ်ရင်း ပြောတယ်။

"နင့်ကိုယ်နင်ကော မစိုးရိမ်ဘူးလား"

သူမက သူမရဲ့ အဖြူရောင်လက်ကိုင်ပဝါကို ထုတ်ပြီး မျက်မှောင်ကုတ်ရင်း မိုက်ကယ်ရဲ့ ပါးပြင်ပေါ်က မီးလောင်ဒဏ်ရာတွေကို သုတ်ပေးပါတော့တယ်။ သူက ရှက်ကိုးရှက်ကန်းနဲ့ သူမအနားကနေ ဖယ်ဖို့ ကြိုးစားပေမဲ့ ယူနာက သူ့ကို စိုက်ကြည့်ပြီး သူ့ကော်လာကနေ ဆွဲထားလိုက်တယ်။

"ငါ အဆင်ပြေပါတယ်" လို့ သူက ပါးပြင်ပေါ်က အနီရောင်တွေကို ဖုံးကွယ်ရင်း ပြောလိုက်တယ်။

"ငြိမ်ငြိမ်ထိုင်စမ်း ကောင်စုတ်လေး"

အဲဒီအချိန်မှာ လိုင်လီယာက သစ်ပင်တစ်ပင်ရဲ့ နောက်ကနေ ကြည်နူးပီတိဖြစ်နေတဲ့ အပြုံးနဲ့ စောင့်ကြည့်နေတယ်။ "ဟီးဟီးဟီးဟီး... အဆင်ပြေနေတာပဲ" လို့ သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဖလဲယားကော့ပ်ကို တိုက်ခိုက်မယ် ဟုတ်လား... ဟဲဟဲ။ ဖလဲယားကော့ပ် စစ်သားတွေရဲ့ ကြောက်ရွံ့တဲ့ ခံစားချက်တွေကို စားရမယ့် အလားအလာကို ငါ သဘောကျသားပဲ" ဗီဗီက ဆာလောင်မွတ်သိပ်နေတဲ့ ပုံစံနဲ့ ပျံသန်းဝဲပျံရင်း ပြောတယ်။

"အရှင်မိုက်ကယ်... ဖလဲယားကော့ပ်ကို တိုက်ခိုက်ဖို့က အကောင်းဆုံးအချိန် မဟုတ်သေးဘူးလို့ ကျွန်မ အကြံပြုပါရစေ။ ကျွန်မတို့ ဒီတောအုပ်ထဲက ကိစ္စတွေကို ရှင်းလင်းဖို့နဲ့ နယ်မြေသစ်အားလုံးကို တည်ငြိမ်အောင် လုပ်ဖို့ လိုပါသေးတယ်။ ကျွန်မကို နောက်ထပ် သုံးရက်လောက် အချိန်ပေးပါ... ပြီးရင်တော့ သူတို့ကို အလုံးစုံစစ်ပွဲ ဆင်နွှဲလို့ ရပါပြီ" လို့ ရှီနာက ပြောတယ်။

ယူနာက အားမလိုအားမရဖြစ်စွာနဲ့ ရှီနာနဲ့ ဗီဗီကို ကြည့်လိုက်တယ်။

"နင်တို့ပါလား"

မိုက်ကယ်နဲ့ ကောင်လေးတွေက 'နောက်ထပ် သုံးရက်... နောက်ထပ် သုံးရက်...' လို့ အော်ဟစ်ပြီး ဝိုင်းဖွဲ့ကခုန်ရင်း အောင်ပွဲခံတာကို ဆက်လုပ်နေကြတယ်။

ဗီဗီကလည်း အဝိုင်းထဲမှာ နေရာယူပြီး အတူတူ ပျံသန်းဝဲပျံရင်း သူတို့နဲ့ ပူးပေါင်းလိုက်တယ်။ နောက်ဆုံးမှာတော့ ဂျာကူလည်း သုံးရက်လုံးလုံး နားနားနေနေ နေလို့ရမှန်း သိသွားပြီးနောက် အဝိုင်းထဲ ဝင်ပါသွားတော့တယ်။

အဲဒီအချိန်မှာ ယူမီစုက နောက်ဆုံးတော့ ဖွင့်ပြောဖို့ သတ္တိမွေးလိုက်တယ်။

"ဟို... ပြိုင်ပွဲရလဒ်ကကော ဘယ်လိုဖြစ်သွားလဲ"

သူမက အဲဒီလို တိုးတိုးလေး ပြောလိုက်တာ ဖြစ်ပေမဲ့ သူမရဲ့ စကားလုံးတွေက တောအုပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး အရာအားလုံးကို ငြိမ်သက်သွားစေပုံရတယ်။

ဗီဗီက မိုက်ကယ်နဲ့ ကောင်လေးတွေဆီကနေ ချက်ချင်း ပျံသန်းထွက်ခွာသွားပြီး ယူနာနဲ့ မိန်းကလေးတွေရှိရာဆီ သွားလိုက်တယ်။

"ဟုတ်သားပဲ။ ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ" ဇိုင်ယွန်က မာန်တက်နေတဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။ "ကဲ... အခု နင်တို့ အရှုံးကို ဝန်ခံချင်ပြီလား"

ရှီနာက ဇိုင်ယွန်ကို မာနတထောင်နဲ့ ပြန်ကြည့်လိုက်တယ်။ "နင် ဘာတွေ ပြောနေတာလဲ။ ငါတို့ နိုင်တာ"

မိုက်ကယ်နဲ့ ကောင်လေးတွေက စက္ကန့်အနည်းငယ်လောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ တဟားဟား အော်ရယ်ကြတော့တယ်။

"ဘာတွေ အဲလောက် ရယ်စရာကောင်းနေလို့လဲ" ယူနာက လက်ပိုက်ပြီး မိုက်ကယ်ကို မေးတယ်။

"ငါတို့က ရန်သူတွေကို အများဆုံး အနိုင်ယူခဲ့တာလေ" လို့ သူက သူမကို ပြန်ဖြေလိုက်တယ်။ "ပြီးတော့ ငါပြောတာ မှန်ကြောင်း သက်သေပြဖို့ နာရီတိုနဲ့ ဆာစူကီကို အမှတ်တွေ ရေတွက်ခိုင်းလိုက်မယ်"

အော့ခ်မျိုးနွယ်စု အကြီးအကဲ နှစ်ယောက်က သူတို့ရဲ့ အရိပ်အသွင်သဏ္ဌာန်ထဲကနေ မြေပြင်ပေါ် ပေါ်ထွက်လာတယ်။

"ဗူး တိုး တိုး။ ကောင်လေးတွေအဖွဲ့က စုစုပေါင်း ၉၄၂ မှတ် ရရှိခဲ့တယ်လို့ ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြောပါရစေ။ သခင် အောင်ပွဲခံလိုက်ပါပြီ"

မိုက်ကယ်က ယူနာ့ဘက်ကို လှည့်ကြည့်ပြီး ယုံကြည်ချက်အပြည့်နဲ့ ပုခုံးတွန့်ပြလိုက်တယ်။

ဒါပေမဲ့ ကောင်လေးတွေအဖွဲ့ အောင်ပွဲမခံရသေးခင်မှာပဲ ယူနာက လက်မြှောက်လိုက်တယ်။

"နေဦး။ ဆာစူကီ... ကျေးဇူးပြုပြီး တကယ့် အမှတ်စာရင်းကို ပြောပြပေးပါ။ အဖွဲ့တစ်ဖွဲ့ချင်းစီက ဓားပြ ဘယ်နှယောက်ကို အနိုင်ယူခဲ့လဲဆိုတဲ့ နေရာမှာ ဘယ်အဖွဲ့က နိုင်တာလဲ"

ဆာစူကီက သူ့ရဲ့ ဆူးချွန်တွေကို တီးခတ်ရင်း ပြုံးပြီး ပြောလိုက်တယ်။

"ရာ့ တား တား။ ဓားပြတွေကို နှိမ်နင်းတဲ့ အမှတ်စာရင်းအရဆိုရင် မိန်းကလေးအဖွဲ့က ၇၂၁ မှတ်နဲ့ ကောင်လေးအဖွဲ့ရဲ့ ၆၈၉ မှတ်ကို အနိုင်ရရှိသွားပါတယ်"

မိုက်ကယ်က ခေါင်းခါလိုက်တယ်။ "နေပါဦး။ ငါတို့က ရန်သူတွေကို အများဆုံး နှိမ်နင်းခဲ့တာ ထင်ထင်ရှားရှားကြီးလေ။ ဖလဲယားကော့ပ် စစ်သားတွေ အားလုံးနီးပါးကို ငါတို့တစ်ဖွဲ့တည်းနဲ့တင် အနိုင်ယူခဲ့တာ"

ယူနာက ချစ်စဖွယ်ပုံစံနဲ့ သူမရဲ့ လက်ညှိုးလေးကို သူ့ဘက် လှည့်ပြီး ယမ်းပြလိုက်တယ်။ "အဲဒါက ဂိမ်းရဲ့ စည်းကမ်း မဟုတ်ဘူးလေ။ ဒီစာချုပ်ထဲမှာ ဘယ်သူက ဓားပြတွေကို အများဆုံး နှိမ်နင်းနိုင်လဲဆိုတာ ဂိမ်းရဲ့ အနိုင်အရှုံးလို့ ငါတို့ အတိအကျ ဖော်ပြထားတယ်။ စစ်သားတွေကို ထည့်မတွက်ဘူး"

ရှီနာ၊ ယူမီစု၊ လိုင်လီယာနဲ့ ဗီဗီတို့ အားလုံးက ယူနာ့ရဲ့ လိမ္မာပါးနပ်တဲ့ လုပ်ရပ်ကြောင့်မို့ သူမကို ဖက်လိုက်ကြတယ်။ သူမက သူတို့ကို ဖလဲယားကော့ပ် စစ်သားတွေကို အာရုံမစိုက်ဘဲ ဓားပြတွေကိုပဲ အာရုံစိုက်ဖို့ ညွှန်ကြားခဲ့တာကိုး။ အဲဒီအတွက်ကြောင့် ကောင်လေးတွေအဖွဲ့က ရန်သူတွေကို ပိုပြီး အနိုင်ယူနိုင်ခဲ့ပေမဲ့ မိန်းကလေးတွေကသာ အနိုင်ရရှိသွားခဲ့တာ ဖြစ်တယ်။

"နောက်ဆုံးတော့ ကုမ္ပဏီကို စီမံခန့်ခွဲတဲ့နေရာမှာ ကူညီမယ့်သူတွေ ရပြီ" ရှီနာက သူမရဲ့ မောင်နှစ်ယောက်ကို လက်ညှိုးထိုးရင်း ပြောတယ်။

"မဖြစ်နိုင်တာ" ဇိုင်ယွန်ရဲ့ မျက်နှာက နှင်းလိုမျိုး ဖြူဖျော့သွားတော့တယ်။

"မလုပ်ပါနဲ့... ငါ အိမ်မှုကိစ္စတွေ ထပ်မလုပ်နိုင်တော့ဘူး။ ငါ အိပ်ဖို့ လိုတယ်" ဂျာကူက စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။

"ဟိုးဟိုးဟိုး... ငါ စာချုပ်ချုပ်ခဲ့တာကို မမှတ်မိပါဘူး" လို့ ဂရီးဗ်က ငြင်းချက်ထုတ်တယ်။

"နင် ချုပ်ခဲ့တာလေ ဆာဂရီးဗ်" ရှီနာက စာမျက်နှာပေါ်က သူ့ရဲ့ အရိုးစုလက်ဝါးရာကို လက်ညှိုးထိုးပြရင်း ပြောတယ်။

"အိမ်မှုကိစ္စတွေ လုပ်မယ့်အစား နင့်ရဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကုသဖို့အတွက် ဆရာတစ်ယောက်ဆီမှာ နင် စာသင်ရလိမ့်မယ်"

ဂရီးဗ်ရဲ့ မေးရိုးက တကယ်ပဲ ပြုတ်ကျလုနီးပါး ဟသွားတော့တယ်။

အဲဒီအချိန်မှာ မိုက်ကယ်က ဒူးထောက်ကျသွားတယ်။ "မဖြစ်ရဘူး..."

"တစ်ပတ်လုံးလုံး ငါတို့အလိုရှိသမျှ အကုန်လုံးကို နင် လုပ်ပေးရမယ်" ယူနာက သူ့ကို စနောက်လိုက်တယ်။

"ဟုတ်တယ်။ အတိတ်က အချိန်တွေလို ပြန်ဖြစ်သွားတာပေါ့ မဟုတ်ဘူးလား။ ငါတို့ အမိုးတစ်ခုအောက်မှာ အတူတူ နေခဲ့ကြတုန်းက ဘယ်လောက် ကောင်းခဲ့လဲဆိုတာ မမှတ်မိတော့ဘူးလား။ ငါတို့ အဲဒီလိုပဲ ထပ်လုပ်ကြရအောင်လေ" လို့ လိုင်လီယာက စိတ်လှုပ်ရှားစွာနဲ့ လက်ခုပ်တီးရင်း ပြောတယ်။

ကမ္ဘာကြီးရဲ့ လက်ရှိအရှိတရားကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းရည်တစ်ခုကို ရရှိထားပေမဲ့ မိုက်ကယ်ဟာ အရင်ကထက်တောင် ပိုပြီး အစွမ်းမဲ့သွားသလို ခံစားလိုက်ရတယ်။

* * * * * * * *

အရာအားလုံး ပြီးဆုံးသွားပြီးနောက် လူတိုင်းဟာ အန်ဂိုရာမြို့မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ်အိမ်ဆီ ပြန်လာခဲ့ကြတယ်။

ဒီလောက် ရှည်လျားတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းပြီးနောက် သူတို့ အားလုံး နားနားနေနေ နေသင့်ကြပြီလေ။ ဒရာဂွန်ဘွန်းတွေက အိမ်ပြန်သွားကြပြီး ရှီနာကတော့ ကောင်လေးနှစ်ယောက်ကို စပြီး အမိန့်တွေ ပေးနေပြီ ဖြစ်တယ်။

သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မိုက်ကယ်ဟာ ယူနာနဲ့ သူ့အမေကို သူတို့ရဲ့ အခန်းတွေဆီ ကိုယ်တိုင် ပို့ဆောင်ပေးခဲ့ရတယ်။

လိုင်လီယာက မိုက်ကယ်ကို သူမနဲ့ ကုတင်တစ်ခုတည်းမှာ အတူတူ အိပ်စေချင်ပေမဲ့ သူက လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ပြောပြီး အဲဒီဘေးကနေ ခပ်မြန်မြန် ရှောင်လွှဲလိုက်တယ်။

အတိအကျပြောရရင် သူ လိမ်ပြောတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲရဲ့ နောက်ဆက်တွဲမှာ ရှင်းလင်းစရာ ကိစ္စတွေ အများကြီး ရှိနေသေးတာကိုး။

အခုဆို လူယုတ်မာဓါးပြအဖွဲ့ ပျက်စီးသွားပြီဖြစ်လို့ ရီနေးတားကုမ္ပဏီဟာ ဒီတောအုပ်တစ်ခုလုံးကို အပြည့်အဝ နီးပါး ထိန်းချုပ်နိုင်သွားပြီ ဖြစ်တယ်။

သူ လုပ်ဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ ဗီရီယန်ဆီ ပြန်သွားပြီး သူမကို ဒီနေရာကနေ ခေါ်ထုတ်ကာ ကျန်တဲ့ နတ်သူငယ်တွေ လက်ရှိ နေထိုင်နေကြတဲ့ ရီနေးတားနိုင်ငံတော်ဆီ ပြောင်းရွှေ့ပေးဖို့ပဲ ဖြစ်တယ်။

ဗီဗီက သူ သူတို့ရဲ့ ရွာကို သွားလည်မယ့်အကြောင်း ကြားလိုက်ရတဲ့အခါမှာတော့ သူမလည်း အတူတူ လိုက်ခဲ့မယ်လို့ ဇွတ်တောင်းဆိုတော့တယ်။

မကြာခင်မှာပဲ သူတို့ နှစ်ယောက်လုံး နတ်သူငယ်တွေရဲ့ မှော်ကမ္ဘာငယ်လေးဆီကို ကူးပြောင်းသွားကြတယ်။ ဗီဗီက အထဲကို ဝင်ဖို့ သူမရဲ့ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုခဲ့ပြီး မိုက်ကယ်ကတော့ သူ့ရဲ့ မှော်ပညာကို အသုံးပြုခဲ့တယ်။

သူတို့က ရွာဆီ ခပ်မြန်မြန် သွားလိုက်ကြပြီး မှိုသေတ္တာတစ်ခုထဲမှာ သူမရဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေတဲ့ ဗီရီယန်နဲ့ တွေ့ဆုံခဲ့ကြတယ်။

"ပြန်လာပြီလား။ ဘယ်လိုလဲ အခြေအနေ" လို့ သူမက မိုက်ကယ်ကို မေးတယ်။

"အမေ။ အဲဒါက အမေ ပထမဆုံး ပြောတဲ့ စကားလား။ သမီးကိုတောင် အရင် နှုတ်မဆက်ဘူး" လို့ ဗီဗီက ညည်းညူလိုက်တယ်။

"အို... နင်ကတော့ အမြဲတမ်း နင့်ဘာသာနင်ပဲ သွားနေတာပဲဥစ္စာ။ ဒါပေမဲ့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ သံလိုက်စွမ်းအားရှင်တစ်ယောက်ကို ငါ ပထမဆုံးအကြိမ် တွေ့ဖူးမြင်ဖူးတာ။ ကဲ... ပြောပါဦး မိုက်ကယ်။ နင့်ရဲ့ စွမ်းရည်က ဘယ်လိုလဲ"

* * * * * * * *

စာစဉ်(၃၃)

အခန်း(၃၉၂)

“မင်းက ပစ္စည်းတွေကို အဖွင့်အပိတ် လုပ်လို့ရတာလား။ အကုန်လုံးကိုလား။ ဒါကြီးက တကယ့်ကို အံ့ဩစရာပဲ”

မိုက်ကယ်က သူ့ရဲ့ အဖွင့်အပိတ် စွမ်းရည်အကြောင်း အကုန်ပြောပြလိုက်ပြီးတဲ့နောက်မှာ ဗီရီယန်က အံ့အားသင့်လွန်းလို့ လက်ခုပ်တီးပြီး အော်လိုက်မိတယ်။

“ဒီကမ္ဘာထဲကို နည်းပညာကို အသုံးချတာနဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ ငါထင်တယ်”

သူက ထပ်ပြောလိုက်တယ်။

“အင်း… သိပ်လိုက်ဖက်တာပဲ”

ဗီဗီက မှတ်ချက်ချတယ်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ယုံကြည်ပေးဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဒီမှာ ဗီရီယန်သာ မရှိခဲ့ရင် သူဟာ မက်ဂ်နက်တစ်နဲ့ ဒီဗာအကြောင်းကိုတောင် သိလိုက်ရမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့ တန်ဖိုးရှိလှတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစကိုသာ သူ့ကို မပေးခဲ့ရင် သူလည်း သူ့ရဲ့ စွမ်းရည်ကို နိုးထစေနိုင်ခဲ့မှာ မဟုတ်ပါဘူး။

အဲဒါကြောင့်ပဲ သူတို့ရဲ့ မှော်ကမ္ဘာငယ်လေးဟာ ဖြည်းဖြည်းချင်း မတည်မငြိမ် ဖြစ်လာနေပြီ။ မှောင်မိုက်နေတဲ့ မိုးကုတ်စက်ဝိုင်းပေါ်မှာ အက်ကြောင်းတွေ ထင်နေပြီး တကယ့် ကမ္ဘာကြီးက အပြင်ဘက်ကနေ ဖြည်းဖြည်းချင်း လှမ်းပေါ်နေတာကို သူ မြင်နေရတယ်။

“ဗီဗီလည်း ပါတာပေါ့။ ကျေးဇူးပဲ”

‘နတ်သူငယ်ဘုရင်မ’ လို့ အမည်ခံထားတဲ့ ဗီဗီဟာ မျက်နှာလေး နီမြန်းသွားပြီး မိုက်ကယ်နဲ့ ဝေးရာကို ခေါင်းလွှဲလိုက်တယ်။

“ဟွန်း… တကယ်ပဲ ကျေးဇူးတင်တယ်ဆိုရင် အဲဒီ ရိုလာကိုစတာကိုပဲ မြန်မြန် စလုပ်ပေးတော့။ ငါတို့မှာ ကြောက်ရွံ့ခြင်း အာဟာရကို ဆာလောင်မွတ်သိပ်နေရပြီ။ ဒီကြားထဲ မင်းကတော့ မင်းအတွက် အဖိုးအခဖြစ်တဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ရသွားပြီလေ”

မိုက်ကယ်က ခေါင်းကို ဘယ်ပြန်ညာပြန် စောင်းလိုက်ရင်း

“အင်း… သိပ်တော့ မဟုတ်ဘူးလေ။ အဲဒါကို ငါ့ကိုပေးခဲ့တာ ဗီရီယန်ပါ”

ဗီဗီက လက်နှစ်ဖက်ကို ခါးထောက်ပြီး မိုက်ကယ်ဘက်ကို လှည့်လာတယ်။

“ငါက နတ်သူငယ်ဘုရင်မပဲ။ နတ်သူငယ်တွေရဲ့ ဆုံးဖြတ်ချက်မှန်သမျှ အကုန်လုံးက ငါ့ဆီကလာတာ။ ငါသာ သဘောမတူရင် သူက မင်းကို ပေးမှာမဟုတ်ဘူး”

မိုက်ကယ်က လက်ခါပြလိုက်ပြီး

“အေးပါ၊ ဟုတ်ပါပြီဗျာ”လို့ သရော်သလို ပြောလိုက်တယ်။

“ငါက တကယ့် နတ်သူငယ်ဘုရင်မပါဆို”

သူမက အတင်း အခိုင်အမာ ပြောနေပြန်တယ်။

သူက သူမကို ဂရုမစိုက်တော့ဘဲ ဗီရီယန်ဆီ လျှောက်သွားလိုက်တယ်။

“မင်းတို့ ပစ္စည်းတွေအတွက် အကူအညီ လိုသေးလား။ မင်းတို့ရဲ့ မှိုအိမ်တွေကို ငါ ပြောင်းရွှေ့ပေးစေချင်ရင် ရတယ်နော်။ ဒါပေမဲ့ မြက်ခင်းပြင်ချိုင့်ဝှမ်းမှာဆိုရင်တော့ ငါ့ရဲ့ ပါရမီရှင် အင်ဂျင်နီယာတွေက မင်းတို့အတွက် အိမ်အသစ် ဆောက်ပေးနိုင်မှာ သေချာပါတယ်”

“မင်းက ဘာတွေ ပြောနေတာလဲ”

ဗီဗီက မိုက်ကယ်ဆီ တဝီဝီနဲ့ ပျံလာတယ်။

“ငါတို့ ဒါတွေအကုန်လုံး ယူသွားမှာ”

ဗီဗီက သူမရဲ့ တောင်ပံတွေကို ခတ်လိုက်ပြီး ရွှေရောင် ဖုန်မှုန့် အမှုန်အမွှားလေးတွေကို မြေပြင်ပေါ်ကို ဖြန့်ကြဲလိုက်တယ်။

မကြာခင်မှာပဲ မှိုရွာတစ်ခုလုံးဟာ အဲဒီ ရွှေရောင်တလက်လက် တောက်ပမှုတွေနဲ့အတူ လင်းထိန်လာတာကို မိုက်ကယ် ချက်ချင်း မြင်လိုက်ရတယ်။

ဗီဗီ့ဆီကနေ ဧရာမ မှော်စွမ်းအင်တွေ ဒလဟော ထွက်လာပြီး မှော်ကမ္ဘာငယ်လေး တစ်ခုလုံးကို လွှမ်းခြုံသွားတော့တယ်။

ဗီဗီ သုံးလိုက်တဲ့ မှော်စွမ်းအင် ပမာဏက ကြယ်ကိုးပွင့်မန္တန်တစ်ခုနဲ့ ညီမျှနေတာကို သတိပြုမိလိုက်တဲ့အခါ မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။

သူမက ဂရုဗ်နဲ့ အဆင့်အတန်း တူတူပဲ ဖြစ်နေတာပဲ။

ဗီဗီက မိုက်ကယ်ရဲ့ မျက်နှာအမူအရာကို မြင်တော့ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး

“အခုကော ငါ့ကို ယုံပြီလား။ ငါတို့မှာ ရှိသမျှ အရာအားလုံးကို ယူပြီး ငါ့ခန္ဓာကိုယ်ထဲမှာ အကုန် ထည့်ထားလိုက်မယ်”

လို့ မေးလိုက်တယ်။

လေထုထဲမှာ ရွှေရောင် ဖုန်မှုန့်တွေ ပြည့်နှက်လာတာကို မိုက်ကယ် မြင်လိုက်ရတယ်။ ပြီးတော့ အဲဒီအမှုန်တွေက တောအုပ်ထဲက ဆန်းပြားတဲ့ အပင်တွေဖြစ်တဲ့ အလင်းဖြာနေတဲ့ သစ်ပင်တွေ၊ ရေဘဝဲလက်တံလို မြက်ပင်တွေနဲ့ မှိုအိမ်တွေဆီကို စုပြုံသွားကြတယ်။

ဒါတင်မကသေးဘူး၊ တိရစ္ဆာန် သက်ရှိအားလုံးလည်း ပါဝင်နေတာ။ ခေါင်းနှစ်လုံးပါတဲ့ ဇီးကွက်တွေ၊ ပျံလွှားကြွက်တွေနဲ့ မှိုဘုရင်ကြီးလည်း ပါတာပေါ့။ အရာအားလုံးဟာ ဗီဗီရဲ့ ပန်းရောင်သမ်းပြီး အလင်းမပေါက်တဲ့ တောင်ပံတွေဆီကနေ ထွက်ပေါ်လာတဲ့ ရွှေရောင် ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။

အဲဒီနောက် ဗီဗီ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ မြင့်တက်လာတာကို မိုက်ကယ် မြင်လိုက်ရပြီး ချက်ချင်းဆိုသလို ရွှေရောင်ဖုန်မှုန့်တွေ ဖုံးလွှမ်းထားတဲ့ အရာအားလုံး ပျောက်ကွယ်သွားတော့တယ်။

သူတို့ဟာ ဗီဗီရဲ့ တောင်ပံတွေဆီကို စုပ်ယူခံလိုက်ရပြီး တောင်ပံရဲ့ ပုံသဏ္ဍာန်ကို ဖန်တီးပေးတဲ့ ရွှေရောင်ဖုန်မှုန့်တွေအဖြစ် စုစည်းသွားပုံရတယ်။

အခုဆို မှော်ကမ္ဘာငယ်လေးက လုံးဝ ဆိတ်သုဉ်းသွားပြီ။ ပတ်ပတ်လည်မှာ ဘာမှမရှိတော့တဲ့ မှောင်မိုက်ပြီး အနန္တ လွတ်လပ်တဲ့ ဟာလာဟင်းလင်း ပြင်ကြီးတစ်ခုပဲ ကျန်တော့တယ်။

“မိုက်ကယ်၊ မင်း ဘာလုပ်နေတာလဲ”

ဗီဗီက ဗီရီယန်နဲ့အတူ အဆုံးမရှိတဲ့ အာကာသ ဟာလာဟင်းလင်းပြင်ထဲမှာ ပေါ်လောပေါ်ရင်း မေးလိုက်တယ်။

“လာလေ၊ ငါတို့ကို ရီနေးတား နိုင်ငံတော်ဆီ ပို့ပေးတော့”

သူကတော့ ဟာလာဟင်းလင်းဖြစ်သွားတဲ့ မှော်ကမ္ဘာငယ်လေးထဲမှာ ပေါ်လောမျောရင်း ဗီဗီဟာ တကယ့် စစ်မှန်တဲ့ နတ်သူငယ်ဘုရင်မ ဖြစ်နေတယ်ဆိုတဲ့ အချက်ကြောင့် အံ့ဩမှင်တက်နေတုန်းပဲ။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သူက သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး သူတို့အားလုံးကို မြက်ခင်းပြင်ချိုင့်ဝှမ်းဆီ ပြောင်းရွှေ့ပေးလိုက်တယ်။

…

…

…

မိုက်ကယ်၊ ဗီဗီနဲ့ ဗီရီယန်တို့ဟာ ရင်ပြင်ရဲ့ အလယ်တည့်တည့်ကို ရောက်ရှိလာကြပြီး သူတို့ ရောက်လာတာကို ကြိုဆိုဖို့ လော့လိုက အဆင်သင့် ရောက်နေခဲ့တယ်။

“ပြန်လာတာ ကြိုဆိုပါတယ် သခင်”

ဝါဂွမ်းရောင် ဟော့ဘ်မျောက်လူ အုပ်ချုပ်ရေးမှူးက ပုံမှန်ထက်စာရင် နည်းနည်း နွမ်းနယ်နေတဲ့ပုံ ပေါ်နေတယ်။

“ကျွန်တော် နတ်သူငယ်တွေကို ထိန်းသိမ်းထားဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ် သခင်။ ဒါပေမဲ့ သူတို့က တော်တော်လေး ပြဿနာရှာကြတယ်ဗျာ”

သူက လော့လိုရဲ့ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။

“မစိုးရိမ်ပါနဲ့။ ဗီရီယန်က ဒီကနေပဲ ဆက်ပြီး တာဝန်ယူသွားလိမ့်မယ်”

အဲဒီနောက် လော့လိုက မိုက်ကယ်နဲ့ နတ်သူငယ်နှစ်ယောက်ကို နတ်သူငယ်တွေအတွက် အသစ်တည်ဆောက်ထားတဲ့ ရပ်ကွက်ဆီကို ခေါ်သွားပေးတယ်။

အဲဒါက မြွေလူသား မြစ်နဲ့ ဆိတ်လူသား တောအုပ်ရဲ့ အလယ်မှာ တည်ရှိတာပါ။ နတ်သူငယ်တွေက သေးငယ်တာကြောင့် သူတို့ကို နေရာအသစ်တစ်ခုထဲမှာ ထည့်ပေးဖို့က လွယ်ကူပါတယ်။

“ဒါက ဒီအတိုင်း ကွင်းပြင်သက်သက်ပဲ ရှိသေးတာဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပါရမီရှင် အင်ဂျင်နီယာတွေက နတ်သူငယ်တွေရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို ဘာမှမသိလို့ပါ။ သူတို့ကို ခေါ်ပေးရမလား”

လော့လိုက မေးတယ်။

“မလိုဘူး”

ဗီဗီက ပြန်ဖြေလိုက်တယ်။ ပြီးတော့ အရင်ကလိုပဲ သူမရဲ့ တောင်ပံတွေကို ခတ်လိုက်ပြီး အတွင်းထဲမှာ သိမ်းဆည်းထားတဲ့ ရွှေရောင်ဖုန်မှုန့်တွေကို အကုန် ထုတ်လွှတ်လိုက်တယ်။

ဒီအမှုန်အမွှားတွေ မြေပြင်ပေါ် ထိမိတာနဲ့ တပြိုင်နက် အလင်းဖြာနေတဲ့ သစ်ပင်တွေ၊ ဆန်းပြားတဲ့ တိရစ္ဆာန်တွေနဲ့ နတ်သူငယ်တွေရဲ့ မှိုရွာကြီးအဖြစ်ကိုပါ ချက်ချင်း ပြောင်းလဲသွားတော့တယ်။

သူတို့ မှော်ကမ္ဘာငယ်လေးရဲ့ ဂေဟစနစ်တစ်ခုလုံးကို ရီနေးတားမှာရှိတဲ့ နတ်သူငယ် ရပ်ကွက်အသစ်ထဲဆီ ကူးယူပြီး အချောသပ် ထည့်သွင်းလိုက်သလိုပါပဲ။

“တို့ရဲ့ အိမ်လေးက အကောင်းဆုံးပဲ”

ဗီဗီက ပြောတယ်။

ဒါက နတ်သူငယ်တွေအတွက် သတင်းကောင်း ဖြစ်ပေမဲ့ လော့လိုအတွက်တော့ သတင်းဆိုးပါပဲ။ ဒီ တိရစ္ဆာန်အသစ်တွေနဲ့ သစ်ပင်တွေ ရှိနေတာက နိုင်ငံတော်တစ်ခုလုံးကို စီမံခန့်ခွဲရမယ့် သူ့အတွက် ပြဿနာတစ်ခု ဖြစ်လာစေတယ်။

လောလောဆယ်တော့ မိုက်ကယ်က လော့လိုကိုပဲ ဒီရှုပ်ထွေးမှုတွေကို ရှင်းခိုင်းထားလိုက်တယ်။ ဗီရီယန်ကလည်း တာဝန်ယူပြီး နတ်သူငယ်တွေအားလုံးကို သူတို့ရဲ့ အိမ်အသစ်ရွာလေးဆီ ပြန်ဖို့ အချက်ပြလိုက်တယ်။ အနည်းဆုံးတော့ အခုဆို လော့လိုအနေနဲ့ သူတို့အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။

သူ လုပ်ရမယ့် အလုပ်အတွက်ကတော့ မိုက်ကယ်က ကွင်းစ်နယ်မြေဆီ ပြန်သွားပြီး ရီနေးတားရဲ့ နယ်မြေချဲ့ထွင်မှုကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

“မိုက်ကယ်။ တို့ရဲ့ ရိုလာကိုစတာကို မမေ့နဲ့ဦးနော်၊ ဟုတ်ပြီလား”

ဗီဗီက နှုတ်ဆက်တဲ့အနေနဲ့ လက်လှမ်းပြရင်း ပြောလိုက်တယ်။

မိုက်ကယ်က ခေါင်းငြိမ့်ပြပြီး အရှေ့ဘက် တောအုပ်ဆီကို ကိုယ်ယောင်ဖျောက် ပြောင်းရွှေ့သွားတော့တယ်။

အခုဆို သူ့လက်ထဲမှာ ဒီနယ်မြေအကျယ်အဝန်းကြီး ရှိနေပြီဖြစ်လို့ ဒီနေရာမှာ အခြေစိုက်စခန်းအသစ် ဒါမှမဟုတ် မြို့ငယ်လေးတစ်မြို့ တည်ဆောက်ဖို့ အလားအလာကောင်းတွေ အများကြီး ရှိနေတာကို သူ မြင်လိုက်ရတယ်။

လူတွေက ဒီမြေကွက်ကို သူတို့အကျိုးအတွက် မဖော်ထုတ်နိုင်ခဲ့ကြတဲ့ အကြောင်းရင်းက ဓားပြတွေနဲ့ နတ်သူငယ်တွေကြောင့်ပါ။ အဲဒီ နှစ်ဖွဲ့လုံးက ပူးပေါင်းပြီး အထဲမှာ လာအခြေချမယ့်သူ မှန်သမျှကို ခြောက်လှန့် မောင်းထုတ်ခဲ့ကြတာ ဖြစ်တယ်။

ဒါပေမဲ့ အခုတော့ အဲဒါက ဖော်ထုတ်ဖို့ စောင့်ဆိုင်းနေတဲ့ သာမန်တောအုပ်တစ်ခုပဲ ဖြစ်သွားပြီ။ အဦးဆုံး လုပ်ရမယ့်အရာကတော့ သဘာဝအတိုင်း သယံဇာတတွေ ရှာဖွေဖို့ပါပဲ။

သူက ရှီနာ့ကို ချက်ချင်းပြောပြီး ပရီယာနဲ့ ဆက်သွယ်ခိုင်းလိုက်တယ်၊ ဒါမှ သူမက ဒီတောအုပ်ထဲမှာ နောက်ထပ် မိုင်းတွင်းစီမံကိန်းတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီတောအုပ်ကနေ ရမယ့် သတ္တုရိုင်းတွေက သူတို့ရဲ့ လောလောဆယ် သယံဇာတ ပြတ်လပ်မှုကို ဖြေရှင်းပေးနိုင်လိမ့်မယ်။

လောလောဆယ်တော့ မိုက်ကယ်က ဆောက်လုပ်ရေး လုပ်သားတွေကို ဆက်သွယ်လိုက်ပြီး ရွှေလမ်းမကြီးကို ပြန်စလို့ရပြီဖြစ်ကြောင်း အသိပေးလိုက်တယ်။

* * * * * * * *

နောက်တစ်နေ့မှာ မိုက်ကယ်က မက်တိုနီစ်ဆီ သွားလည်ခဲ့ပြီး ဆိုင်ထဲက လူတန်းကြီးက အပြင်ဘက်အထိ ရောက်နေတာကို မြင်လိုက်ရတယ်။

အထူးသဖြင့် ပါဆယ်မှာယူတဲ့စနစ်ကို အကောင်အထည်ဖော်ပြီးတဲ့နောက်မှာ ဆိုင်က ပိုပြီးတော့တောင် တိုးတက် စည်ကားလာခဲ့တယ်။

သူက ဆိုင်ထဲကို ဝင်သွားပြီး လူအုပ်ကြားထဲကနေ တိုးဝှေ့ကာ မီးဖိုချောင်ဆီကို သွားလိုက်တယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် မီးဖိုရဲ့ အပူရှိန်က သူ့မျက်နှာဆီကို ဖြတ်ပြေးသွားတာ ခံစားလိုက်ရတယ်။

“ကြက်သား သုံးပွဲ ထပ်လိုမယ်”

တိုနီက သူ့ဝန်ထမ်းတွေကို အော်ပြောနေတယ်။

“အခု ကြက်မွေး နှုတ်နေပါပြီ”

ရီမီက ပြန်ဖြေတယ်။

“ဆော့စ် ဆမ်းနေပြီ စားဖိုမှူးကြီး”

ပြီးတော့ အံ့ဩစရာကောင်းတာက စားဖိုမှူး ဂူစတိုတောင်မှ ဒီမှာ မက်တိုနီစ်ရဲ့ ကြက်သားတွေကို ချက်ပြုတ်ပေးနေတာပဲ။ ဒီ အသားညိုညိုနဲ့ စားဖိုမှူးကြီးက တိုနီ့လက်အောက်မှာ အလုပ်လုပ်နေရတာကို တကယ်ပဲ ပျော်ရွှင်နေပုံရတယ်။ သူ့ရဲ့ ကျန်တဲ့ စားဖိုမှူးအဖွဲ့သားတွေကတော့ ပါဆယ်ဘူးတွေ ခေါက်တဲ့အလုပ်ဆီ ရောက်သွားကြရရှာတယ်။

“မိုက်ကယ်။ မင်း ရောက်လာပြီပဲ”

သူ့ကို မြင်တာနဲ့ အားလုံးက ဝိုင်းပြီး နှုတ်ဆက်ကြတယ်။

အဲဒီနောက် သူက စားဖိုမှူး ဂူစတိုဘက် လှည့်လိုက်ပြီး

“ခင်ဗျား ဒီမှာ အလုပ်လုပ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“ကျွန်တော်က ဒီအတိုင်း လာလည်တာပါ။ ဒါပေမဲ့ ကိုယ်တိုင် လက်တွေ့ လုပ်ကိုင်ကြည့်ပြီး မင်းပြောတဲ့ အသင့်စားအစားအစာ စီးပွားရေးအထဲမှာ နစ်မြုပ်ကြည့်ချင်လို့ပါ။ ဒါက ကျွန်တော့်အတွက် ဒီလို ချက်ပြုတ်မှုပုံစံနဲ့ အသားကျအောင် လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲလေ”လို့ ဂူစတိုက ပြန်ဖြေတယ်။

မိုက်ကယ်က ခေါင်းငြိမ့်လိုက်ပြီး

“အင်း၊ အဲဒါ ကောင်းတာပေါ့။ ကျွန်တော်က ခင်ဗျားတို့ကို နေရာအသစ်တစ်ခု ရထားပြီလို့ လာပြောတာ၊ အရှေ့ဘက် တောအုပ်လေ။ မင်းတို့ရဲ့ ဆိုင်ကို အဲဒီမှာ ဖွင့်ရင် ကောင်းလိမ့်မယ်လို့ ငါထင်တယ်”

စားဖိုမှူး ဂူစတိုနဲ့ သူ့ရဲ့ တခြားစားဖိုမှူးတွေက အဲဒါကို ကြားလိုက်ရတဲ့အခါမှာ အလွန်အမင်း ဝမ်းသာသွားကြတယ်။ သူတို့ရဲ့ ဆိုင်ကို ချဲ့ထွင်ဖို့ မူလအစီအစဉ်ကလည်း အရှေ့ဘက် တောအုပ်မှာပဲ ဖြစ်နေခဲ့တာကိုး။

“မင်းကို ကျေးဇူးဆပ်ဖို့ ကျွန်တော် ဘာလုပ်ပေးရမလဲ”

စားဖိုမှူး ဂူစတိုက မေးလိုက်တယ်။

“အင်း… လုပ်ပေးရမယ့်အရာ တစ်ခုတော့ ရှိတာပေါ့”

* * * * * * * *

All Chapters