အခန်း (၃၉၃-၃၉၄)
Vol. 33 Ch. 393-394
အခန်း(၃၉၃)
မိုက်ကယ်က စားဖိုမှူးဂူစတိုနား ကပ်ပြီး သူ့တောင်းဆိုချက်ကို တိုးတိုးလေး ပြောလိုက်တယ်။
“အို အဲဒါက လွယ်ပါတယ်ဗျာ” လို့ အသားညိုညို စားဖိုမှူးကြီးက ပြန်ဖြေတယ်။ “သူဌေး ဘယ်အချိန်ပဲ အလိုရှိရှိ ကျွန်တော် စီစဉ်ပေးပါ့မယ်”
“ကောင်းပြီ” မိုက်ကယ်က ပြန်ပြောလိုက်တယ်။
ဒီတောင်းဆိုချက်က ဘာလဲဆိုတာကိုတော့ သူက လျှို့ဝှက်ချက်အနေနဲ့ပဲ ထားချင်တယ်။
ဘာပဲပြောပြော ဒါက သူ့အမေနဲ့ ပတ်သက်နေတာကိုး။ ပြီးတော့ သတင်းစုံစမ်းရာမှာ အင်မတန် လက်စောင်းထက်တဲ့ ဖတ်ချ်တစ်ယောက် ဒီအကြောင်းကို သိသွားပြီး သူ့အမေကို သွားချောလိုက်မှာ သူ စိုးရိမ်နေမိတယ်။ အဲဒီနှစ်ယောက်က တော်တော်လေး ရင်းနှီးကြပြီး ခဏခဏလည်း ပူးပေါင်းကြံစည်တတ်ကြတာမို့ အဲဒီလို ဖြစ်လာဖို့ ရာခိုင်နှုန်း တော်တော်များနေတယ်။
ဒါကြောင့် လောလောဆယ်တော့ သူ နှုတ်ဆိတ်နေပြီး အန်ဂိုရာမြို့ဆီ ပြန်လာခဲ့လိုက်တယ်။
မြို့တော်ကို ရောက်တာနဲ့ မြေအောက်စနစ်တွေမှာ အပြောင်းအလဲ အများကြီး ဖြစ်နေတာကို သူ ချက်ချင်း သတိထားမိသွားတယ်။
ရေဆိုးမြောင်းတွေနဲ့ အိမ်တွင်း ရေပိုက်လိုင်းသွယ်တန်းတဲ့ စီမံကိန်းက နောက်ဆုံးတော့ စတင် အကောင်အထည်ပေါ်နေပြီပဲ။ အန်ဂိုရာမြို့က တရားဝင်မဟုတ်ပေမဲ့ ရီနေးတားနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကြောင့် မိုက်ကယ်က ဒီမြို့ကို သူတို့နိုင်ငံလိုမျိုး ခေတ်မီသွားစေချင်နေတာ။
“ကက်စတယ်နဲ့ ရှီနာတို့ကတော့ တော်တော်လေး ကြိုးစားပမ်းစား လုပ်နေကြပြီပဲ” သူက ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။
မနေ့တင်ကမှ ဘလေဇဲလ်နဲ့ လူယုတ်မာဓါးပြအဖွဲ့ကို တိုက်ခိုက်နှိမ်နင်းလို့ ပြီးစီးခဲ့တာ ဖြစ်ပေမဲ့ သူတို့ကတော့ အဲဒီတိုက်ပွဲကရတဲ့ အောင်နိုင်မှု ရလဒ်တွေကို စနစ်တကျ ခွဲဝေနေရာချထားပြီး ဖြစ်နေပြီ။
ဓါးပြတွေက ဂူထဲမှာ နေထိုင်ကြတာ ဆိုသော်လည်း ဆင်းရဲကြတယ်လို့တော့ ပြောလို့မရဘူး။ ရီနေးတားနိုင်ငံသားတွေက မနေ့က အဲဒီဂူကို ဝင်ရောက်စီးနင်းခဲ့ပြီး သူတို့ရဲ့ ဘဏ္ဍာတိုက်ထဲကနေ သိုက်တူးသလို ပစ္စည်းအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီပစ္စည်းတွေကတော့ ခရီးသွားတွေကို ဓါးပြတိုက် လုယက်ပြီး စုဆောင်းထားခဲ့ကြတာတွေပါပဲ။
တော်သေးတာက အခုတော့ အဲဒီလုယက်ထားတဲ့ ပစ္စည်းတွေကို ရီနေးတားရဲ့ စီမံကိန်းတွေမှာ အသုံးချဖို့ သိမ်းဆည်းလိုက်ပြီဖြစ်လို့ တစ်ဖက်တစ်လမ်းကနေ သာမန်လူထုကို ကူညီပေးရာ ရောက်သွားတာပေါ့။ ဒါကြောင့် အားလုံးက အဆင်ပြေပြေနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်။
သူတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရင်းအမြစ်တွေက အန်ဂိုရာမြို့ရဲ့ ရေဆိုးမြောင်းနဲ့ ရေပိုက်လိုင်း စီမံကိန်းအတွက် ကွက်တိလုံလောက်ရုံတင်မကဘူး။ ဒါကြောင့် အခု သူတို့ လုပ်ရမှာက တည်ဆောက်ရေး အပိုင်းပဲ ကျန်တော့တယ်။
မိုက်ကယ်က ကောင်းကင်ယံမှာ ပျံဝဲရင်း အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ လိမ္မော်ရောင် အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတွေ ရေဆိုးမြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတာကို ရံဖန်ရံခါ မြင်တွေ့နေရတယ်။
ဒါကလည်း အဲဒီတိုက်ပွဲကရတဲ့ နောက်ထပ် အကျိုးအမြတ်တစ်ခုပဲပေါ့။ ဓါးပြတွေကို အကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်တာနဲ့ ပြုပြင်ပြောင်းလဲရေး စနစ်က သူတို့ရဲ့ အမှားတွေကို ချက်ချင်း သိမြင်နားလည်သွားအောင် လုပ်ဆောင်ပေးခဲ့တယ်။ မိမိတို့ရဲ့ အပြစ်တွေကို နောင်တရပြီး နာခံလိုစိတ်ရှိတဲ့ သူတွေက ရီနေးတားရဲ့ တည်ဆောက်ရေး စီမံကိန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ကြတယ်။ သူတို့ထဲက အများစုက ကြယ်လေးပွင့်အဆင့်မှာ ရှိကြတာမို့ တော်တော်လေးကို အထောက်အကူ ဖြစ်စေတယ်။
နောက်ဆုံးတော့ သူက သူတို့ရဲ့ ကုန်တိုက်ကြီး ဘေးနားမှာ တည်ရှိတဲ့ ရီနေးတား ဌာနချုပ်ဆီကို ရောက်ရှိလာခဲ့တယ်။
သူ အတွင်းထဲ ဝင်လိုက်တာနဲ့ ရီနေးတားနိုင်ငံသား အများအပြားဟာ သူတို့ရဲ့ စားပွဲတွေမှာ အလုပ်ရှုပ်နေရင်း ကော်ဖီသောက်နေကြတာကို မြင်လိုက်ရတယ်။
“သခင်မိုက်ကယ်... အချိန်ကွက်တိ ရောက်လာတာပဲ” ရှီနာက ရုံးလုပ်ငန်းသုံး စာရွက်စာတမ်းအပုံကြီးကို ကိုင်ဆောင်ရင်း သူ့ကို နှုတ်ဆက်လိုက်တယ်။ “ဒါတွေက အန်ဂိုရာမြို့ရဲ့ ရထားလမ်းစနစ်အတွက် ခွင့်ပြုချက် မိတ္တူတွေပါ၊ ရေဆိုးမြောင်းနဲ့ ရေပိုက်လိုင်းစနစ် ပြီးရင် ဒါက ကျွန်မတို့ရဲ့ နောက်ထပ် စီမံကိန်းပဲ ဖြစ်ပါတယ်”
သူက အဲဒါကို အမြန်တစ်ချက် ဝေ့ကြည့်လိုက်ပြီး မှော်ပညာကို အသုံးပြုကာ အားလုံးကို လက်မှတ်ထိုးပေးလိုက်တယ်။
“ကက်စတယ်” သူက အမှုဆောင်အရာရှိချုပ် အစေခံမလေးကို လှမ်းခေါ်လိုက်တယ်။ “ငါတို့မှာ ဒီအတွက် အရင်းအမြစ်တွေ လုံလုံလောက်လောက် ကျန်သေးတယ် မဟုတ်လား”
“ကျန်ပါတယ် သခင်လေး၊ ကားကြီးရပ်နားစခန်းမှာ နေရာဦးထားကြတဲ့ စားသောက်ဆိုင်တွေက သူတို့ရဲ့ ဝန်ဆောင်ခအဖြစ် အရင်းအမြစ်တွေကို လုံလုံလောက်လောက် ပေးချေထားကြပါတယ်”
သူက ကျန်တဲ့ အချိန်တွေကို ရှီနာ၊ ကက်စတယ်တို့နဲ့အတူ ဖြတ်သန်းခဲ့ပြီး သူတို့က ရီနေးတားရဲ့ လက်ရှိ ဖြစ်ပျက်နေသမျှ အခြေအနေတွေကို သူ့ကို အစီရင်ခံကြတယ်။ အဲဒီအထဲမှာ ဇယားတွေ၊ ကိန်းဂဏန်း အစီရင်ခံစာတွေလိုမျိုး ပျင်းစရာကောင်းတဲ့ အရာတွေပဲ ပါဝင်တာပေါ့။
နောက်ဆုံးတော့ သူတို့ရဲ့ အစည်းအဝေးက ပြီးဆုံးသွားခဲ့တယ်။
သူ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ရှီနာက သူ့ရဲ့ နောက်ထပ် အစည်းအဝေးအကြောင်းကို ပြောပြလာတယ်။
“သခင်မိုက်ကယ်... နေ့လယ် ၁ နာရီမှာ အင်ဂျင်နီယာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်၊ သူတို့က ဗိသုကာပုံစံကို အချောသပ်ပြီးသွားပြီဖြစ်ကြောင်း သခင့်ကို အကြောင်းကြားပေးဖို့ ပြောထားပါတယ်”
မိုက်ကယ်က သူမကို ကျေးဇူးတင်စကားဆိုပြီး အင်ဂျင်နီယာတွေ ရိုလာကိုစတာကို လက်ရှိ တည်ဆောက်နေကြတဲ့ သူတို့ရဲ့ ဂိုဒေါင်ဆီကို ချက်ချင်းပဲ တယ်လီပို့လုပ်ပြီး ကူးပြောင်းသွားလိုက်တယ်။
အဲဒီနေရာမှာ ခုန်းနဲ့ အခြား အင်ဂျင်နီယာတွေက ဗိသုကာပုံစံတစ်ခုကို ဝိုင်းကြည့်နေကြတာကို သူ မြင်လိုက်ရတယ်။
“သခင်... ဒါပါပဲ” လို့ ခုန်းက ပြောတယ်။ “ကျွန်တော်တို့ ဒါကို ဝံပုလွေရိုင်းမုန်တိုင်းလမ်း လို့ အမည်ပေးထားပါတယ်၊ ဒါကို ခွေးလူသား လူတစ်ပိုင်းသတ္တဝါတွေအတွက် ရည်ရွယ်ပြီး ပုံစံထုတ်ထားတာ ဖြစ်ပေမဲ့ အခြားလူတွေ ဒါမှမဟုတ် လူတစ်ပိုင်းသတ္တဝါတွေအတွက်လည်း ထိရောက်မှု ရှိပါတယ်”
မိုက်ကယ်က ဗိသုကာပုံစံကို သေချာကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ ရက်ပိုင်းက ဓါးပြတွေနဲ့ စမ်းသပ်ခဲ့တဲ့ အတွေ့အကြုံတွေထဲက လုပ်ဆောင်ချက် အတော်များများကို ထည့်သွင်းထားတာကို တွေ့လိုက်ရတယ်။
အဲဒီရထားစီးလုံးမှာ ကိုးဆယ်ဒီဂရီနီးပါး မတ်စောက်တဲ့ အကျအနတွေ၊ မတ်စောက်တဲ့ အတက်တွေ၊ လိမ်ကောက်နေတဲ့ အကွေ့တွေနဲ့ အရေးကြီးဆုံးကတော့ လျှပ်စစ်ရှော့ခ်တိုက်တဲ့ စနစ်တွေ ပါဝင်နေတယ်။ ဒါက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ စီးဖို့တော့ မဟုတ်ဘူး။
“မင်းတို့ သာမန်လူတွေအတွက်ကော ပိုပြီး ရိုးရိုးရှင်းရှင်းလေး ဖြစ်မယ့်အရာမျိုး မလုပ်ထားဘူးလား”
ခုန်းက ခေါင်းညိတ်ပြပြီး သေတ္တာထဲကနေ နောက်ထပ် ဗိသုကာပုံစံတစ်ခုကို ထုတ်လိုက်တယ်။ သူက အဲဒါကို စားပွဲပေါ်မှာ ဖြန့်ခင်းပြလိုက်ပြီး သူ့ရဲ့ အရင်ဘဝက ရိုလာကိုစတာတွေနဲ့ ဆင်တူတဲ့ ပိုပြီး ငြင်သာတဲ့ ရိုလာကိုစတာ ဗားရှင်းကို ပြသလာတယ်။
“ဒီနှစ်ခုလုံး ကောင်းပါတယ်” သူက သူတို့ကို ပြောလိုက်တယ်။ “တစ်ခုက အစွန်းရောက် ဝါသနာအိုးတွေအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ စိတ်လှုပ်ရှားမှုကို နည်းနည်းပါးပါး ခံစားချင်တဲ့ သာမန်လူတွေအတွက်ပေါ့”
ခုန်းနဲ့ အင်ဂျင်နီယာတွေက သူတို့ရဲ့ အောင်မြင်တဲ့ စီမံကိန်းအတွက် အောင်ပွဲခံတဲ့အနေနဲ့ လက်ဝါးချင်း ရိုက်လိုက်ကြတယ်။
“တည်ဆောက်ရေး လုပ်သားတွေနဲ့ ညှိနှိုင်းလိုက်ဦး၊ မင်းတို့ ဘာလုပ်ရမလဲ သိတယ်မဟုတ်လား”
* * * * * * * *
နောက်တစ်နေ့ ရောက်တော့ မိုက်ကယ်က ရိုလာကိုစတာ တည်ဆောက်မယ့် မြေနေရာကို ကွင်းဆင်း စစ်ဆေးဖို့အတွက် သဲကန္တာရနယ်မြေဆီကို ပြန်လည် ကူးပြောင်းသွားခဲ့တယ်။
“အဲဒီနေရာ ကောင်းတယ်” သူက နိုင်ငံတော်ရဲ့ ဆင်ခြေဖုံးက လွတ်နေတဲ့ မြေကွက်လပ်တစ်ခုကို လက်ညှိုးထိုးပြရင်း တည်ဆောက်ရေး လုပ်သားကို ပြောလိုက်တယ်။
သူက အနာဂတ်မှာ ရိုလာကိုစတာကို ထပ်မံ တိုးချဲ့မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အဲဒီနေရာကို အကျယ်ကြီး ဖြစ်စေချင်တာ။ သူက ရိုလာကိုစတာတင်မကဘဲ အခြား ဖျော်ဖြေရေး ဆွဲဆောင်မှု အမျိုးမျိုးကိုလည်း တည်ဆောက်ဖို့ ရည်ရွယ်ထားတာကိုး။
လောလောဆယ်တော့ ဒါက လွတ်နေတဲ့ မြေကွက်လပ်တစ်ခုပဲ ဖြစ်ပေမဲ့ မိုက်ကယ်ကတော့ ဒါဟာ ကစားကွင်းကြီးတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို သိနေခဲ့တယ်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ လေးလံတဲ့ သံမဏိတိုင်ကြီးတွေကို တင်ဆောင်လာတဲ့ ကားကြီးအုပ်စုက သဲကန္တာရထဲကို မောင်းဝင်လာကြတယ်။
ခုန်းလည်း ရောက်ရှိလာပြီး တည်ဆောက်ရေး လုပ်ငန်းကို စတင် ကြီးကြပ်တော့တယ်။ သူက သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုပြီး ရိုလာကိုစတာရဲ့ အသက်ဝင်တဲ့ သုံးဖက်မြင် ဗိသုကာပုံစံကို အဲဒီမြေကွက်လပ်ပေါ်မှာ ပုံဖော်လိုက်ရာ တည်ဆောက်ရေး လုပ်သားတွေအတွက် အုတ်မြစ်ချဖို့ ပိုမို လွယ်ကူသွားစေတယ်။
“အိုး... နင် တကယ် တည်ဆောက်တော့မှာလား” ဗီဗီက မိုက်ကယ်ရဲ့ နောက်နားမှာ တဝီဝီ ပျံဝဲရင်း ပြောလိုက်တယ်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကို လောလို့တော့ မရဘူး၊ ရိုးရိုး ပုံမှန်ဆိုရင် နှစ်ပတ်လောက် ကြာမလား၊ အလွန်ဆုံး သုံးပတ်ပေါ့”
ဗီဗီက အဲဒီစကားကို ကြားတော့ တော်တော်လေး စိတ်ပျက်သွားတဲ့ ပုံပဲ။ သူမက ခေါင်းလေးငုံ့ပြီး အရက်မူးနေတဲ့ သစ်ရွက်တစ်ရွက်လိုမျိုး ဟိုယိုင်ဒီယိုင်နဲ့ အောက်ကို ပျံဆင်းသွားတယ်။
ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူမက တစ်ခုခုကို တွေးမိသွားပြီး မျက်နှာလေး ဝင်းပလာကာ “ငါတို့ ကူညီပေးရင်ကော” လို့ သူ့ကို မေးလိုက်တယ်။
သူမက သူ့ရဲ့ ပြန်လည် ဖြေကြားမှုကိုတောင် မစောင့်ဘဲ မြေပြင်ပေါ်မှာ ချထားတဲ့ ဧရာမ သံမဏိတိုင်ကြီးတစ်တိုင်ဆီကို ချက်ချင်း ပျံသန်းသွားခဲ့တယ်။
ဒီလို သံမဏိအမျိုးအစားက ကီလိုဂရမ် တစ်ထောင်နီးပါး လေးလံတာကြောင့် တည်ဆောက်ရေး လုပ်သားတွေအတွက် ရွှေ့ပြောင်းဖို့ ခက်ခဲလှတယ်။ သူတို့ရဲ့ တစ်ဦးချင်း မန္တန်တွေနဲ့ စွမ်းရည်တွေက မလုံလောက်ဘူး။ ဒါကို ရွှေ့ဖို့အတွက် တည်ဆောက်ရေး လုပ်သား ၂၀ ခန့်ရဲ့ စုပေါင်းမှော်စွမ်းအား လိုအပ်တာ။
သို့သော်လည်း ဗီဗီက အဲဒီ ဧရာမ သံမဏိတိုင်ကြီးပေါ် ပျံဝဲလိုက်တဲ့အခါ သူမရဲ့ အမှတ်အသားဖြစ်တဲ့ ရွှေရောင် နတ်သူငယ် မှုန်ဝါးဝါးလေးတွေက တိုင်ရဲ့ မျက်နှာပြင်တစ်ခုလုံးပေါ်ကို ဖြန်းပက်သွားခဲ့တယ်။
မကြာခင်မှာပဲ အရာအားလုံးက လေထဲ ပျံတက်သွားပြီး အလေးချိန် လုံးဝ မရှိသလောက် ဖြစ်သွားတော့တယ်။
တည်ဆောက်ရေး လုပ်သားတွေက အံ့ဩမှင်တက်သွားကြပြီး သူတို့ကို ကူညီပေးတဲ့အတွက် ဗီဗီကို ကျေးဇူးတင် စကားဆိုကြတယ်။ သူတို့ အလိုရှိရင် ဒါကို လက်တစ်ဖက်တည်းနဲ့တောင် ကိုင်ထားလို့ ရနေပြီ။
ထို့နောက် ဗီဗီက မိုက်ကယ်ဆီကို ဂုဏ်ယူဝင့်ကြွားတဲ့ မျက်နှာပေးနဲ့ အမြန် ပျံသန်းလာခဲ့တယ်။ “နင် ငါတို့က ဘယ်သူလဲဆိုတာ မေ့နေတာလား၊ ငါတို့ နတ်သူငယ်တွေ ရှိနေရင် ဒီလို ပစ္စည်းတွေကို သယ်ရတာ အေးဆေးပဲပေါ့၊ နင် ငါ့ကို နတ်သူငယ်ဘုရင်မကြီးလို့ ခေါ်ရင် ငါတို့ ကူညီပေးမယ်လေ”
“အင်းပါ... ကောင်းပါပြီ၊ နင်က နတ်သူငယ်ဘုရင်မကြီးပါ...” သူက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
မိုက်ကယ်ကတော့ သူတို့ရဲ့ နတ်သူငယ်မှုန် အစွမ်းတွေက တကယ်ကို အံ့ဩဖို့ကောင်းတယ်ဆိုတာ ဝန်ခံရမှာပဲ။ ဒါက ရိုလာကိုစတာရဲ့ တည်ဆောက်ရေး အချိန်ကို သိသိသာသာ တိုတောင်းသွားစေလိမ့်မယ်။
ဒါကလည်း နတ်သူငယ်တွေ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီးကတည်းက သူတို့အတွက် တိုင်းပြည်ကို အကျိုးပြုခွင့် ရမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်တာပေါ့။ ဒါကြောင့် သူက တည်ဆောက်ရေး ကာလအတွင်း နတ်သူငယ်တွေရဲ့ အကူအညီကို တောင်းခံလိုက်တယ်။
နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ ဗီဗီက နတ်သူငယ် ရွာတစ်ရွာလုံးကို ခေါ်ဆောင်ပြီး ပြန်လာခဲ့တယ်။ သူတို့က တည်ဆောက်ရေး လုပ်သားတွေနဲ့အတူ တက်ညီလက်ညီ ပူးပေါင်း လုပ်ဆောင်ကြပြီး လေးလံတဲ့ သံမဏိတွေကို သူတို့ရဲ့ ရွှေရောင်မှုန်တွေနဲ့ ပေါင်းစပ်ပေးလိုက်ရာ ကိုင်တွယ်ရတာ အင်မတန် လွယ်ကူသွားစေတော့တယ်။
* * * * * * * *
စာစဉ်(၃၃)
အခန်း(၃၉၄)
မိုက်ကယ်က ရိုလာကိုစတာ တည်ဆောက်ရေးလုပ်ငန်းခွင်ဆီကို နေ့တိုင်းမပြတ် သွားကြည့်ဖြစ်တယ်။ သူကိုယ်တိုင် လုပ်ငန်းခွင်ထဲအထိ ဆင်းပြီး အောက်ခြေဖောင်ဒေးရှင်းတိုင်တွေကို မြေကြီးထဲ စိုက်ထူတဲ့နေရာမှာ ဆောက်လုပ်ရေးအလုပ်သမားတွေကို ကူညီပေးနေခဲ့တာပေါ့။ ဒီပရောဂျက်အတွက် သူ့ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေကို အကုန်ပုံအောပြီး စိုက်ထုတ်ပေးထားတာ။
တချို့ကတော့ ဒါဟာ သူက ရီနေးတားရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပီသလို့ လုပ်နေတာလို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ သူ့အမေနဲ့ မိန်းကလေးတွေလို တခြားသူတွေကတော့ သူတို့ကစားပွဲရဲ့ အပြစ်ပေးမှုကို ရှောင်ချင်လို့ ဆင်ခြေပေးပြီး ထွက်ပြေးနေတာလို့ပဲ မြင်ကြတာပေါ့။ ဘယ်အချက်က အမှန်လဲဆိုတာ ဘယ်သူက အတပ်ပြောနိုင်မှာလဲ။
ဒါပေမဲ့ အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီတစ်ခေါက်မှာ သူကိုယ်တိုင် လက်မောင်းထုပြီး အောက်ခြေကနေ ပင်ပင်ပန်းပန်း လုပ်ချင်နေတာလည်း ပါပါတယ်။ လူယုတ်မာဓါးပြအဖွဲ့၊ ပြီးတော့ ဘလေဇဲလ်တို့နဲ့ အသက်လုတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် နွှဲပြီးတဲ့နောက်မှာ သူ့ခေါင်းကို အနားပေးပြီး လက်လှုပ်ရှားရုံသက်သက်ပဲ အလုပ်လုပ်ဖို့ လိုအပ်နေလို့ပါ။
ဒီအချိန်က ဒီနိုင်ငံတိုးတက်မှုရဲ့ ကျောရိုးတိုင်တွေဖြစ်တဲ့ ရီနေးတားက ဆောက်လုပ်ရေးအလုပ်သမားတွေနဲ့ ပိုပြီးရင်းနှီးအောင် လုပ်ဖို့အတွက်လည်း အခွင့်ကောင်းတစ်ခုပဲလေ။ သူတို့သာမရှိရင် လွန်ခဲ့တဲ့ နှစ်နှစ်၊ အခုဆို သုံးနှစ်ထဲတောင် ဝင်တော့မယ့် အချိန်တိုအတွင်းမှာ နယ်မြေတွေကို ဒီလောက်အမြန်ကြီး ချဲ့ထွင်နိုင်မှာ မဟုတ်ဘူး။
ပြီးတော့ လူသစ်တွေဖြစ်တဲ့ ပြုပြင်ပြောင်းလဲထားတဲ့ လူယုတ်မာဓါးပြအဖွဲ့ကြောင့် ရီနေးတားအတွက် ပင်ပန်းဆင်းရဲတဲ့ အလုပ်ကြမ်းတွေကို လုပ်ဖို့ အသင့်ဖြစ်နေတဲ့ လက်လုပ်လက်စားသမား အသစ်အဆန်းတွေ အများကြီး ရလိုက်တာပေါ့။
ထောင်ထဲမှာ အဖမ်းခံရပြီးတဲ့နောက် ဒီဓါးပြတွေဟာ ရီနေးတားနိုင်ငံသားတစ်ယောက်ရဲ့ လူနေမှုဘဝပုံစံကို အမြန်ပဲ အသားကျသွားကြတယ်။ စလစ်ဇီနဲ့ သေမင်းလက်သည်းက ရှေ့ကနေ ဦးဆောင်ပြီး ဓါးပြတွေကို လမ်းမှန်ပေါ်ရောက်အောင် လမ်းပြပေးခဲ့တာပေါ့။ လူယုတ်မာဓါးပြအဖွဲ့ရဲ့ တည်ထောင်သူကိုယ်တိုင်က ရီနေးတားနိုင်ငံသား စစ်စစ်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်တွေကို စိတ်အားထက်သန်စွာ ရင်ဖွင့်ပြောပြတာက တခြားဓါးပြတွေအတွက် သူတို့ရဲ့ သတ်မှတ်ချက်အသစ်ကို လက်ခံဖို့ တကယ်ကို အထောက်အကူဖြစ်သွားစေတယ်။
ဒါကြောင့်လည်း ကုလားအုတ်လူသား ရဲတွေအတွက် ထောင်ထဲမှာ ဒီလောက်များပြားတဲ့ ဓါးပြတွေကို ထိန်းသိမ်းရတာ သိပ်ပြီး အခက်အခဲ မရှိခဲ့ဘူး။
အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသတဲ့သူတွေကိုတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးတာနဲ့ လဲလှယ်ပြီး ရီနေးတားရဲ့ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် လုပ်ကိုင်ခွင့် အခွင့်အရေး ပေးခဲ့တယ်။
ကျန်းမာသန်စွမ်းပြီး ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဓါးပြတွေကို ထောင်ထဲမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်ခိုင်းထားရင် တကယ် နှမြောစရာကြီးလေ။ သူတို့ရဲ့ ပါရမီတွေကို ရီနေးတားရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချတဲ့နေရာမှာ အသုံးချလို့ ရတာပဲ။
ဒါကြောင့်လည်း ရိုလာကိုစတာ လုပ်ငန်းခွင်မှာ သူ့ဘေးနားမှာ အတူတူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးအလုပ်သမား အတော်များများက လိမ္မော်ရောင် ထောင်ဝတ်စုံတွေကို ဝတ်ထားကြတာ ဖြစ်ပါတယ်။
"သမီး သိပ်စိတ်လှုပ်ရှားနေပြီ" ဗီဗီက ခြေထောက်တွေကို လေထဲမှာ ယမ်းခါရင်း ပြောလိုက်တယ်။ "ရိုလာကိုစတာကြီးက ပြီးတော့မယ်"
သူတို့နှစ်ယောက်လုံး မြေကြီးထဲမှာ စိုက်ထူထားတဲ့ တိုင်အစုအဝေးကြီးကို လှမ်းကြည့်လိုက်ကြတယ်။ အပေါ်က ရထားသံလမ်းတွေအတွက် ခိုင်ခံ့တဲ့ ဖောင်ဒေးရှင်းတစ်ခုအဖြစ် ပုံဖော်ပေးထားတာဖြစ်ပြီး သံလမ်းတွေကတော့ စီးတဲ့သူတိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံ ရစေဖို့ အထက်အောက် နိမ့်တုံ့မြင့်တုံ့နဲ့ ကွေ့ကောက်လိမ်ပတ်နေတာပေါ့။
သူမနဲ့ တခြားနတ်သူငယ်တွေဟာ စံချိန်တင် အချိန်တိုအတွင်း ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးအောင် အများကြီး ကူညီပေးခဲ့ကြတယ်။ ခန့်မှန်းခြေ နှစ်ပတ်ကြာမယ့် လုပ်ငန်းခွင်သက်တမ်းကနေ တစ်ပတ်တည်းနဲ့ ပြီးသွားအောင် လျှော့ချနိုင်ခဲ့တာလေ။
မနက်ဖြန်ဆိုရင် သူတို့ရဲ့ နောက်ဆုံးနေ့ ဖြစ်တော့မယ်။
"အားလုံးက မြန်မြန်ဆန်ဆန်ကြီး ပြီးသွားတာပဲ" သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒါပေမဲ့ ဒီထက်ပိုပြီး ကြာစေချင်တာ"
ဗီဗီက သူ့ပုခုံးကို လှမ်းထိုးလိုက်တယ်။
"အပြစ်ပေးခံရမှာကို ရှောင်ဖို့ ဆင်ခြေမရှိတော့မှာမို့လို့ အဲလိုပြောနေတာမလား"
ဒီရိုလာကိုစတာက ဗီဗီနဲ့ တခြားနတ်သူငယ်တွေအတွက် သိပ်အရေးကြီးတာမို့လို့ မိန်းကလေးအဖွဲ့တွေအားလုံးက တည်ဆောက်ရေးလုပ်ငန်းတွေ မပြီးမချင်း မိုက်ကယ်ရဲ့ အပြစ်ပေးမှုကို လောလောဆယ် ဆိုင်းငံ့ပေးထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အလုပ်တွေ ပြီးသွားတာနဲ့ သူဟာ လိုင်လီယာနဲ့ တခြားသူတွေရဲ့ လက်ထဲကို အဆင်သင့် ရောက်တော့မှာလေ။
မိုက်ကယ်က အဲဒီနေ့ကို သိပ်ကြောက်နေမိတယ်။ 'ဒီရိုလာကိုစတာကြီးကို ဖျက်ဆီးပစ်ပြီး ဆစ်ဆီဖတ်စ်လိုမျိုး အစကနေ ပြန်လုပ်ရရင် ကောင်းမလား' သူက စိတ်ရင်းနဲ့ကို တွေဝေသွားရင်း ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်နေမိတယ်။
* * * * * * * *
နောက်တစ်နေ့ နေမွန်းတည့်တည့် အချိန်မှာတော့ ဆောက်လုပ်ရေးအလုပ်သမားတွေက ရိုလာကိုစတာအတွက် နောက်ဆုံးပိတ် အချောသပ် ဂဟေဆော်တာတွေကို လုပ်ဆောင်ခဲ့ကြတယ်။
ဒါဆိုရင်တော့ အားလုံး ပြီးစီးသွားပြီ။
"ဟေး" ဗီဗီက သူမဘေးနားက တခြားနတ်သူငယ်တွေနဲ့အတူ အော်ဟစ်ပြီး အောင်ပွဲခံလိုက်တယ်။
"မပြီးသေးဘူးလေ" သူက သူမကို ပြောလိုက်တယ်။ "ငါတို့ရဲ့ ဘေးကင်းလုံခြုံရေး စံနှုန်းတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ သိရအောင် စမ်းသပ်မှုတချို့ လုပ်ဖို့ လိုသေးတယ်"
"အဲဒါတွေ ဘယ်သူက ဂရုစိုက်နေမှာလဲ။ လူထုအတွက် အခုပဲ ဖွင့်ပေးလိုက်တော့" ဗီဗီက ဇွတ်ငြင်းတယ်။
မိုက်ကယ်က ခေါင်းခါလိုက်တယ်။ "အနည်းဆုံးတော့ နောက်ထပ် တစ်ရက် ဒါမှမဟုတ် နာရီပိုင်းလောက်ပဲ ကြာမှာပါ။ ပြီးတော့ ငါတို့က ဖွင့်ပွဲအခမ်းအနားကြီးကို မနက်ဖြန်အတွက် စီစဉ်ထားပြီးသားလေ"
ဒါနဲ့ပတ်သက်ပြီး စကားစပ်မိလို့ သူက ကက်စတယ်လာနဲ့ ရှီနာတို့ကို သွားပြီး စစ်ဆေးချင်နေတာ။
ဒါကြောင့် သူက သူ့ရဲ့ အတွင်းရေးမှူးနဲ့ စီအီးအိုကို တွေ့ဖို့ အန်ဂိုရာမြို့မှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်ဆီကို ချက်ချင်းပဲ မှော်ပညာနဲ့ ကူးပြောင်းသွားလိုက်တယ်။ သူ အစည်းအဝေးခန်းထဲကို ဝင်လိုက်တဲ့အခါမှာ ရှီနာ၊ ကက်စတယ်လာနဲ့ ဂျင်မီတို့ကို တွေ့လိုက်ရတယ်။
"ပရိုမိုးရှင်း ကိစ္စတွေ ဘယ်လိုလဲ" သူက သူတို့ကို မေးလိုက်တယ်။
"သခင်လေး။ ဂျင်မီက ကျွန်တော်တို့ရဲ့ ရိုလာကိုစတာ အသစ်အကြောင်းကို သတင်းစာ ပထမစာမျက်နှာမှာ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းဆောင်းပါးအဖြစ် ရေးသားပြီးပါပြီ"
ရီနေးတားရဲ့ သတင်းထောက်ဖြစ်တဲ့ ဂျင်မီက သူရေးထားတဲ့ ဆောင်းပါးမိတ္တူကို စားပွဲပေါ် ချက်ချင်း ချလိုက်တယ်။
"စိတ်မပူပါနဲ့ မိုက်ကယ်။ ကျွန်တော် ဘာရေးထားလဲဆိုတာကိုပဲ ကြည့်လိုက်ဦး"
မိုက်ကယ်က စက္ကူကို ဖတ်ကြည့်ပြီး သဘောကျလို့ ခေါင်းညိတ်လိုက်တယ်။ ဆောင်းပါးရဲ့ အကြောင်းအရာက ကြော်ငြာတစ်ခုလည်း ဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေတာကိုး။
ရိုလာကိုစတာအကြောင်းကို ပျင်းစရာကောင်းတဲ့ ဖော်ပြချက်တွေ ရေးမယ့်အစား ဂျင်မီက စာဖတ်သူတွေကို ဒီကစားကွင်းကို စီးပြီးရင် အဆုံးမှာ သတိမေ့မလဲဘဲ ပြန်ဆင်းလာနိုင်မှာ မဟုတ်ဘူးလို့ စိန်ခေါ်ထားတာ ဖြစ်ပါတယ်။
ဒါက ဆောင်းပါးထဲမှာ ရေးထားတာတွေကို မဟုတ်ကြောင်း သက်သေပြဖို့အတွက် စွန့်စားရတာ ကြိုက်တဲ့သူတွေအားလုံး လာရောက်စမ်းသပ်ချင်အောင် ဆွဲဆောင်ဖို့ လုံလောက်တဲ့ အစာကွက်ပဲလေ။
"ကောင်းတယ် ဂျင်မီ။ ဒါကို ထုတ်ဝေပြီး နေရာအနှံ့ကို ဖြန့်ချလိုက်တော့"
ဂျင်မီ့မျက်နှာမှာ အပြုံးကြီး ပေါ်လာပြီး မိုက်ကယ်ကို အလေးပြုလိုက်ပြီးနောက် အခန်းထဲကနေ အမြန် ပြေးထွက်သွားတယ်။
ဒါက ရီနေးတားနိုင်ငံရဲ့ ပထမဆုံးသော ဖျော်ဖြေရေးနေရာ ဖြစ်တာမို့လို့ မိုက်ကယ်က ရိုလာကိုစတာ ပရိုမိုးရှင်းအတွက် မနှမြောဘဲ သတင်းစာတွေရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ကြော်ငြာတွေ ရိုက်နှိပ်ဖို့ ပိုက်ဆံအမြောက်အမြား အသုံးခံခဲ့တာ ဖြစ်ပါတယ်။
အန်ဂိုရာမြို့၊ ဂရက်ဖ်တက်ကလတ်စတာ၊ နီယိုအော်ကပ်စ်၊ ပြီးတော့ ကင်းစ်နယ်မြေ တစ်ခုလုံးအထိတောင် ပါဝင်တာပေါ့။ ရီနေးတားနိုင်ငံက ဖျော်ဖြေရေးနေရာအသစ်ဆီကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်တဲ့ ကမ်ပိန်းတွေရဲ့ ပစ်မှတ်တွေ ဖြစ်ခဲ့ကြတယ်။ လမ်းဆုံလမ်းခွ တိုင်းမှာ လူတွေဟာ ရီနေးတားနိုင်ငံရဲ့ ရိုလာကိုစတာ ပိုစတာတွေကို တွေ့နိုင်ကြတာပေါ့။
"အရှင်မိုက်ကယ်။ ကျွန်မတို့ရဲ့ အရိပ်အဖွဲ့ဆီကနေ လူတွေ လာချင်နေကြတဲ့ အသံတွေကို အများကြီး ကြားနေရပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘတ်ဂျက်က ကျပ်တည်းနေတော့ သွားလာရေးစရိတ် သက်သက်ကိုတင် ပေးဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်" ရှီနာက ပြောတယ်။
"ဒီလိုလုပ်လိုက်။ ရီနေးတားတက္ကစီတွေနဲ့ ရထားခရီးစဉ်အားလုံးမှာ ကန့်သတ်ပွဲတော်တစ်ခု လုပ်လိုက်ပါ။ ရီနေးတားနိုင်ငံကို လာမယ့် လမ်းခရီးစရိတ်တွေကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်။
မြို့တိုင်းမှာ ရီနေးတားရဲ့ ဧည့်လမ်းညွှန်တွေကို လွှတ်ဖို့လည်း သေချာအောင်လုပ်ဦး။ သူတို့က မြက်ခင်းပြင်ခြိုင့်ဝှမ်းဆီကို တစ်ပတ်လုံးစာ ခရီးစဉ်အတွက် အစစအရာရာ အခမဲ့ ဝန်ဆောင်မှုကို လျှော့စျေးနဲ့ ကမ်းလှမ်းပေးလိမ့်မယ်"
ရှီနာနဲ့ ကက်စတယ်လာ နှစ်ယောက်လုံး မျက်လုံးတွေ ဝိုင်းသွားကြပြီး စီးပွားရေးနဲ့ ပတ်သက်လာရင် မိုက်ကယ်ရဲ့ ပါရမီပါပုံကို အံ့ဩသွားကြတယ်။
"ဒါကို သေချာပေါက် ပြီးစီးအောင် လုပ်ဆောင်လိုက်ပါ့မယ်" ကက်စတယ်လာက ဦးညွှတ်ရင်း ပြောတယ်။
"အော်... ပြီးတော့ သူတို့က မြက်ခင်းပြင်ခြိုင့်ဝှမ်းဆီကို ဘာပဲဖြစ်ဖြစ် လာလည်ကြမှာဆိုတော့ နိုင်ငံမှာ ပွဲတော်တစ်ခု စတင်လိုက်ပါ။ ဒါက အရှေ့ဘက်တောအုပ်မှာ အောင်ပွဲရခဲ့တာကို အထိမ်းအမှတ်အနေနဲ့ ဆင်နွှဲတဲ့ပွဲလည်း ဖြစ်တာပေါ့။ အချိန်က သိပ်ကပ်နေမှန်း သိပေမယ့် မင်းတို့ လုပ်နိုင်မလား" သူက သူတို့ကို မေးလိုက်တယ်။
ရှီနာနဲ့ ကက်စတယ်လာတို့က မိုက်ကယ်က ဒီလိုမျိုး မေးတာကိုတောင် စိတ်ဆိုးသွားမယ့်ပုံပဲ။ သူတို့က စိတ်ပိုင်းဖြတ်ထားတဲ့ မျက်လုံးတွေနဲ့ အစည်းအဝေးခန်းထဲကနေ ချက်ချင်း ထွက်သွားကြတယ်။ နှစ်ဆယ့်လေးနာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပွဲတော်တစ်ခုကို မစီစဉ်ပေးနိုင်ဘူးဆိုရင် သူတို့က မိုက်ကယ်ရဲ့ လက်ထောက်တွေအဖြစ် လုပ်ဖို့ မထိုက်တန်တော့ဘူးလေ။
အစည်းအဝေး ပြီးသွားတဲ့နောက်မှာ မိုက်ကယ်က အခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ဝန်ထုပ်ဝန်ပိုးတွေ အားလုံးကို သူတို့အပေါ် ပုံချလိုက်သလို ဖြစ်သွားလို့ သူ့စိတ်ထဲမှာ မဆိုစလောက်တော့ အားနာစိတ် ဖြစ်မိတာပေါ့။ မဆိုစလောက်ကလေးပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့မှာလည်း ပျင်းတတ်တဲ့ အကျင့်ရှိတာကိုး။
"မိုက်ကယ်ရေ... အထဲမှာ ရှိလား။ မင်းနဲ့ ယူနာ စကားမပြောဖြစ်တာ တော်တော်ကြာပြီနော်။ မိန်းကလေးတစ်ယောက်ကို အဲလိုမျိုး အကြာကြီး စောင့်ခိုင်းထားတာ မကောင်းဘူးလေ သိရဲ့မလား။ သူမကို ဒီဘက် လာဖို့ ဖိတ်လိုက်ရမလား"
လိုင်လီယာ တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘဲ လုံးဝ လွတ်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကုလားထိုင်ကတော့ လူတစ်ယောက် ခုနတင်ပဲ ရှိနေခဲ့ပြီး အမြန် ထွက်ပြေးသွားသလိုမျိုး လဲကျနေခဲ့တာပေါ့။
* * * * * * * *