အခန်း ၂၉၀၁
Vol. 231 Ch. 2901
အခန်း(၂၉၀၁)
ထိုစကားကိုကြားလျှင် အရှင်ပိမူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ့ရှေ့မှ လူအပြင် ယဲ့မိသားစုတွင် နောက်ထပ် အားကိုးရာ တစ်စုံတစ်ရာ ရှိနေပါသလော။
သို့သော်လည်း အရှင်ပိမူသည် ယခုအချိန်တွင် စကားများစွာ ပြောမနေတော့ချေ။
သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်အရှင်ထံကနေ ကြောက်မက်ဖွယ် ဖိအားများကို ခံစားနေခဲ့ရ၏။
သူ၏ လက်ထဲတွင် တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓား ရှိနေသည့်တိုင် အရှင်ပိမူသည် မဆင်မခြင် မလှုပ်ရှားဝံ့ခဲ့ပေ။
ဟင်းလင်ပြင်ထဲတွင် အရှင်နှင်းမှုန်နှင့် အရှင်ပိမူ တို့သည် တိတ်တဆိတ် ရပ်နေခဲ့ကြပြီး ဘယ်သူကမှ မဆင်မခြင် လှုပ်ရှားခြင်း မပြုခဲ့ကြပေ။
သူတို့နှစ်ဦး၏ အကြည့်က စန်းယဲ့မြို့ ဆီသို့ တဖြည်းဖြည်းဆင်းသက်နေသည့် ပိကျန်း ထံသို့ ကျရောက်နေခဲ့သည်။
ယဲ့ချင်းမင်က စန်းယဲ့မြို့ ဆီသို့ ဆင်းသက်လာသည့် ပိကျန့်ကို ကြည့်ရင်း စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။
ပိယွင်အင်မော်တယ် နန်းတော်သည် သူတို့ စန်းယဲ့မြို့မှ ယဲ့မိသားစုကို အမှန်တကယ်ပင် ချေမှုန်းရန် ရည်ရွယ်ထားပုံရ၏။
၎င်းတို့က တလော့အဆင့် အင်မော်တယ်နှစ်ပါးကိုပင် ယဲ့မိသားစုဆီ စေလွှတ်ခဲ့ကြသည် မဟုတ်ပါလား။
ယဲ့ချင်းမင် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး စကားပြောရန် ရှေ့သို့ တက်လှမ်းဖို့ ပြင်လိုက်စဥ်မှာပင် ပိကျန့်က လက်သီးချက်ကို ထုတ်ဖော်ကာ ယဲ့ချင်းမင်ကို တိုက်ခိုက်လိုက်သည်။
ထိုအခိုက်မှာပင် ကျန်းချန်က လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ လက်သီးစွမ်းအားကို ဖြတ်တောက်ပစ်လိုက်သည်။
သို့သော်လည်း လက်ကျန် လက်သီးစွမ်းအင်များသည် ယဲ့ချင်းမင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့ရာ ယဲ့ချင်းမင်သည် အနည်းငယ် ညည်းညူလိုက်ရပြီး ခြေလှမ်းပေါင်းဒါဇင်ပေါင်း များစွာ နောက်သို့ ဆုတ်သွားခဲ့ရသည်။
သူ၏ မျက်နှာကလည်း ချက်ချင်းဆိုသလိုပင် အလွန်အမင်း ဖြူဖျော့သွားခဲ့၏။
ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ပိကျန့် မှင်တက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပိကျန့်သည် ကျန်းချန်ကို အကဲခတ်လိုက်သည်။
“ရွှေအင်မော်တယ် နဝမအဆင့်ပါလား”
ပိကျန့်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
အစောပိုင်းက သူ၏ လက်ဝါးရိုက်ချက်သည် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။
သို့သော်လည်းသူ့ရှေ့မှ ရွှေအင်မော်တယ် နဝမအဆင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခဲ့သည်။
ပိကျန့်၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။
ယဲ့မိသားစု ထံတွင် အရှင်ပိကျန်းကို သတ်ဖြတ်နိုင်သော အစွမ်းထက် အင်မော်တယ်အရှင်တစ်ပါး ရှိနေရုံသာမက ရွှေအင်မော်တယ် နဝမအဆင့်ဖြင့် တလော့ အင်မော်တယ်ကိုပင် တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးလည်း ရှိနေခဲ့သည်။
ဤပုံအတိုင်းဆိုလျှင် ယဲ့မိသားစု၏ နောက်ကွယ်တွင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုတစ်စု သေချာပေါက် ရှိနေပုံရ၏။
သို့သော်လည်း ပိယွင်အင်မော်တယ် နန်းတော်သည် မိုးကြိုးအင်မော်တယ်နယ်မြေရှိ ထိုက်ယီအဆင့် အင်အားစုများနှင့် ပတ်သက်သမျှ အားလုံးနီးပါးကို သိရှိထားသည်။
ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ဟင်းလင်းပြင်ထဲမှ အရှင်ပိမူ ရင်ဆိုင်နေရသော သူတို့သည် မိုးကြိုးအင်မော်တယ် နယ်မြေရှိ မည်သည့် အင်အားစုနှင့်မျှ မသက်ဆိုင်ဘဲ သူနှင့် အတော်လေး အစိမ်းသက်သက် ဖြစ်နေခဲ့သည်။
ထိုလူနှစ်ယောက်က မည်သည့် နေရာမှ ရောက်ရှိလာသည်ကို ပိကျန့် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
သို့သော်လည်း ဤအချိန်တွင် ပိကျန့်သည် သူ၏ စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ပိယွင်အင်မော်တယ်နန်းတော်က မင်းနဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိခဲ့ဘူး.. မင်းက ဘာဖြစ်လို့ ငါတို့ ပိယွင်အင်မော်တယ် နန်းတော်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာလဲ”
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“င့ါမှာ ဘာအကြောင်းပြချက်မှ မရှိဘူး.. မင်းတို့ ပိယွင်အင်မော်တယ်နန်းတော်ကို ကြည့်မရရုံသက်သက်ပဲ”
ကျန်းချန်၏ မထီမဲ့မြင် ပြောဆိုလိုက်သော စကားကိုကြားလျှင် ပိကျန့်သည် ဒေါသတကြီး ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လူသတ်ငွေ့များဖြင့် ပြည့်နှက်သွားခဲ့သည်။
“မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ပိယွင် အင်မော်တယ် နန်းတော်ရဲ့ ရန်သူ ဖြစ်ဝံ့မှတော့ မင်း အဲဒီအတွက် ပေးဆပ်ရလိမ့်မယ်”
စကားဆုံးသည်နှင့် ပိကျန့်က လေထုထဲတွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ဦးခေါင်း အထက်၌ ပေါ်လာခဲ့သည်။
သူ၏ ကျောဘက်တွင် ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအင်များက မိုင်ပေါင်းထောင်ချီ ရှည်လျားသော မိုးကြိုးစပါးအုံး မြွေကြီးတစ်ကောင် အဖြစ် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး စန်းယဲ့မြို့ကို အပေါ်စီးကနေ အုပ်မိုးကာ ကြည့်နေခဲ့သည်။
ပိကျန့်၏ ကြောက်မက်ဖွယ် တလော့အရှိန်အဝါ ဖိအားအောက်တွင် ယဲ့ချင်းမင်နှင့် အခြားသူများသည် မျက်နှာများ ဖြူဖျော့သွားခဲ့ပြီး မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြပေ။
ယဲ့ချင်းမင် ကဲ့သို့ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူပင်လျှင် စစ်မှန်သော တလော့အင်မော်တယ် တစ်ပါး၏ ရှေ့မှောက်၌ မြေပြင်ပေါ်မှ ပုရွက်ဆိတ်များနှင့် ဘာမှမကွာခြားသလောက် ဖြစ်နေခဲ့သည်။
ကျန်းချန်ကမူ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထုထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး ကမ္ဘာလောကကြီးကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်မော်တယ် စွမ်းအားကို အသုံးပြုကာ ပိကျန့်၏ တလော့အင်မော်တယ် အရှိန်အဝါ ဖိအားကို ခုခံလိုက်သည်။
“ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားပါလား.. ဒီကောင်လေးက တလော့ အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတယ်လား”
ပိကျန့်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုကောင်လေးသည် ရွှေအင်မော်တယ် နဝမအဆင့်ဖြင့် သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။
အကြောင်းရင်းမှာ ထိုကောင်လေးသည် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်မော်တယ်စွမ်းအားကို နားလည်ထားသည့် တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသောကြောင့်ပင်။
“တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ.. ဒီအရှင်ရဲ့ ရှေ့မှောက်မှာ မာနထောင်လွှားချင်တယ် ဆိုရင်တော့ မင်းမှာ အရည်အချင်း လိုအပ်ပါသေးတယ်”
ပိကျန့်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်သီးချက်သည် ကောင်းကင်ယံထက်မှ မိုးကြိုးတစ်စင်းနှယ် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
ယင်း လက်သီးချက်သာ စန်းယဲ့မြို့ပေါ် ကျရောက်သွားလျှင် စန်းယဲ့မြို့သည် တစ်ခဏအတွင်း ပြာပုံအတိ ဖြစ်သွားလောက်သည်။
ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့်ပင် အေးအေးလူလူ ရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏ လက်ဖဝါးပေါ်၌ ဓားကျိုးတစ်လက် ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ အင်မော်တယ် စွမ်းအင်များသည် အရပ်မျက်နှာ အသီးသီးကနေ ဓားကျိုး ဆီသို့ စုစည်းလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကို တစ်ပြိုင်နက် တုန်ခါသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဓားကျိုးထံကနေ သတ်ဖြတ်ခြင်း ဓားအရှိန်အဝါများ ကိန်းအောင်းနေသည့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုဓားအလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံး ပျက်စီးကြေမွသွားခဲ့သည်။
ပိကျန့်၏ လက်သီးချက်သည်ပင် ဓားအလင်းအောက်တွင် ပြိုလဲ ပျက်စီးသွားခဲ့၏။
သတ်ဖြတ်ခြင်း အရှိန်အဝါများ ကိန်းအောင်းနေသည့် ဓားအလင်းက ပိကျန့်၏ လက်သီးချက်ကို ချေမှုန်းလိုက်ပြီးနောက်တွင် ပိကျန့်ကို အသက်ရှူရန်ပင် အခွင့်အရေး တစ်စုံတစ်ရာ မပေးဘဲ ပိကျန့်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပိကျန့်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထိုဓားအလင်းကြောင့် မိုင်ပေါင်းထောင်ချီ အထိ လွင့်စင်သွားခဲ့သည်။
ပိကျန့်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို မနည်းပင် ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရ၏။
ပိကျန့်ကို ဓားချက် တစ်ချက်တည်းဖြင့် နောက်ဆုတ်အောင် တိုက်ခိုက်လိုက်ပြီးနောက်တွင် ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ခနဲ့လိုက်သည်။
“မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်က တလော့အင်မော်တယ်ရဲ့ စွမ်းရည်က ဒီလောက်ပဲလား”
“ဒီကောင်လေးရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ”
ပိကျန့်က သူ၏ မျက်နှာချင်းဆိုင်တွင် ဝင့်ကြွားစွာ ရပ်နေသော လူရိပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ အဆုံးသတ်တွင် ဖြစ်ပေါ်လာခဲ့၏။
ပိကျန့်သည် တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင်များကို မြင်တွေ့ဖူးသည်။
ယင်းကဲ့သို့ ပါရမီရှင်မျိုးသည် တလော့ အင်မော်တယ်များကို ကောင်းစွာ ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။
သို့သော် ထိုကောင်လေးကမူ တိုက်ခိုက်ရေးစွမ်းရည်တွင် သူ့ထက်ပင် သာလွန်နေခဲ့သည်။
ဟင်းလင်းပြင်ထက်မှ အရှင်နှင်းမှုန်သည် အရှင်ပိမူကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မင်းအနေနဲ့ ဒီနေ့ ယဲ့မိသားစုကို ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလို့ ငါမင်းကို ပြောခဲ့သားပဲ မဟုတ်လား”
အရှင်ပိမူ၏ မျက်နှာအမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။
သူ့အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်ကို အသုံးပြု၍ သူ့ရှေ့မှ လူကို ထိန်းထားနိုင်သရွေ့ ပိကျန့်၏ စွမ်းအားဖြင့် ဆိုလျှင် ယဲ့မိသားစုကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် ယဲ့မိသားစုတွင် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုပါရမီရှင်သည် တလော့အင်မော်တယ် တစ်ပိုင်းအဆင့်ဖြင့်ပင် တလော့ အင်မော်တယ် တစ်ပါး ဖြစ်သော ပိကျန့်ကို ဓားချက် တစ်ချက်တည်းဖြင့် နောက်သို့ ဆုတ်သွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် အရှင်ပိမူ၏ စိတ်ထဲ၌ ဆုတ်ခွာလိုသော ရည်ရွယ်ချက်သာ ရှိနေခဲ့သည်။
စန်းယဲ့မြို့ရှိ ယဲ့မိသားစု၏ နောက်ကွယ်မှ အင်အားစုသည် သူတို့ ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်ပုံရပြီး သူတို့ ပိယွင်အင်မော်တယ် နန်းတော်အနေဖြင့် သတိမထား၍ မရတော့ပေ။
သို့မဟုတ်လျှင် အနည်းငယ်မျှ ဂရုမစိုက်မိသည်နှင့် ပိယွင်အင်မော်တယ် နန်းတော် အတွက် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရနိုင်ခြေ ရှိနေခဲ့၏။
အရှင်ပိမူက အရှင်နှင်းမှုန်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။
ထို့နောက်တွင် သူက ပိကျန့် ထံသို့ ဆုတ်ခွာရန် စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ချာခနဲ ထွက်ခွာသွားခဲ့သည်။
အခန်း (၂၉၀၁)ပြီး၏။