← Chapters

အခန်း ၂၉၀၃

Vol. 231 Ch. 2903

အခန်း ၂၉၀၃

Vol. 231 Ch. 2903

အခန်း(၂၉၀၃)

အရှင်းနှင်းမှုန်က သူ၏ ဦးခေါင်းအထက်သို့ ကျဆင်းလာသော ဓားချက်ကိုကြည့်ရင်း မျက်မှောင် အနည်းငယ်ကြုတ်သွားခဲ့သည်။

အရှင်ပိမူက ဟန်ယွင်အဆင့် အင်မော်တယ် ရတနာကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ခုတ်ပိုင်းလိုက်သော ဓားချက်သည် သူ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို လုံးဝနီးပါး ပိတ်ဆို့ထားသဖြင့် သူ့အတွက် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။

“ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ရဲ့ စွမ်းအားကို ငါနည်းနည်း အထင်သေးမိသွားတဲ့ပုံပဲ”

အရှင်နှင်းမှုန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ယခုအခါတွင် သူ့အနေဖြင့် အရှင်ပိမူ၏ ဓားချက်ကို တောင့်ခံရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ထိုအခိုက်အတန့်တွင် အရှင်နှင်းမှုန်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး အရပ်မျက်နှာ အသီးသီးမှ အင်မော်တယ် စွမ်းအင်များသည် အရှင်နှင်းမှုန် ထံသို့ ရူးသွပ်စွာ စုစည်းလာခဲ့ကြသည်။

အင်မော်တယ် စွမ်းအင်များက မျက်တောင်တစ်ခတ် အတွင်းမှာပင် စူးရှ တောက်ပသော သလင်းကျောက် အလင်းများ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အရှင်နှင်းမှုန်ကို ဖုံးလွှမ်းသွားခဲ့ရာ အရှင်နှင်းမှုန်သည် ကြယ်ပွင့်ကြီး တစ်ပွင့်နှယ် ဖြစ်နေခဲ့သည်။

ယင်းအခိုက်အတန့်တွင် အရှင်နှင်းမှုန်ကို ဗဟိုပြုထားသည့် ဟင်းလင်းပြင် တစ်ခုလုံးသည် သလင်းကျောက်ကမ္ဘာကြီးတစ်ခု ကဲ့သို့ ပြောင်းလဲသွားပုံရ၏။

“ဝုန်း..”

လောကတစ်ခုလုံးကို ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့သော အနက်ရောင် ဓားအလင်းသည် အရှင်နှင်းမှုန်၏ ပတ်ဝန်းကျင်ရှိ သလင်းကျောက်ကမ္ဘာနှင့် ထိမှန်ကာ ပေါက်ကွဲသွားခဲ့သည်။

ဟင်းလင်းပြင်ထဲတွင် ကြီးမားသော စွမ်းအားနှစ်ခု ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

စန်းယဲ့မြို့၏ အထက် ကောင်းကင်ယံရှိ ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာသည် တစ်ခဏအတွင်း ပရမ်းပတာ အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

အချိန်အတန်ကြာပြီးနောက်မှသာ ဟင်းလင်းပြင်တွင် တိုက်ခိုက်နေသော အဖျက်စွမ်းအင်မုန်တိုင်းက တဖြည်းဖြည်း ပျယ်လွင့်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် ဟင်းလင်းပြင်မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်သွားခဲ့ကြသည်။

အနက်ရောင် အလင်းတန်းများ ဝန်းရံနေသည့် တိမ်တိုက်ဝါးမျိုဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော အရှင်ပိမူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် ကျောက်ရုပ်ထုတစ်ခုနှယ် ရပ်တန့်နေခဲ့သည်။

သူ၏‌ ရှေ့မှောက်တွင်မူ အရှင်နှင်းမှုန်သည် တိမ်တိုက်ဝါးမျိုဓားကို လက်ဖဝါး နှစ်ဖက်ဖြင့် ပူးညှပ်ကာ ညှပ်ဖမ်းထားခဲ့သည်။

တိမ်တိုက်ဝါးမျိုဓား၏ အထက်တွင် ကြောက်မက်ဖွယ် ဓားခွင်းသံများ ထွက်ပေါ်နေခဲ့ပြီး ဝါးမျိုခြင်းစွမ်းအားများကိန်းအောင်းနေသော အနက်ရောင် ဓားအလင်းများသည်လည်း အရှင်နှင်းမှုန်၏ လက်ဖဝါးနှစ်ဖက်ကနေ ရုန်းထွက်ရန် အဆက်မပြတ် ပေါက်ကွဲနေခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် တိမ်တိုက်ဝါးမျိုဓားသည် ချက်ကောင်းကို အကိုင်ခံထားရသည့် ဧရာမ မြွေတစ်ကောင် ကဲ့သို့ ဖြစ်နေခဲ့ပြီး အရှင်နှင်းမှုန်၏ လက်ဖဝါး နှစ်ဖက်ကြားကနေ ရုန်းထွက်ရန် ခဲယဥ်းနေခဲ့သည်။

အရှင်ပိမူက ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ကို အစွမ်းကုန် လှုံ့ဆော်၍ တိုက်ခိုက်လိုက်သည့်တိုင် အဆုံးသတ်တွင် အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်ဓားကို လက်ဖဝါး နှစ်ဖက်ဖြင့် ညှပ်ဖမ်းထားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်ကို လက်ဗလာဖြင့် ခုခံလိုက်ခြင်းသည် အားလုံးကို မှင်တက်သွားစေခဲ့၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏ လက်တစ်ကမ်း အကွာရှိ အရှင်နှင်းမှုန်၏ မျက်နှာကို စိုက်ကြည့်ရင်း အရှင်ပိမူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။

“ခင်ဗျားက ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ကို ဘယ်လိုလုပ်ပြီး လက်ဗလာနဲ့ ခုခံနိုင်ရတာလဲ.. ဒါမဖြစ်နိုင်ဘူး”

အရှင်ပိမူသည် ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်က မည်မျှ အစွမ်းထက်မှန်း ကောင်းစွာ သိရှိထားခဲ့သည်။

ထိုက်ယီအဆင့် အင်မော်တယ် ပင်လျှင် တိမ်တိုက်ဝါးမျိုဓားကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ခုတ်ပိုင်းလိုက်သော ဓားချက်ကို ရင်ဆိုင်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခုမဟုတ်ချေ။

သို့ရာတွင် သူ့ရှေ့မှ လူကမူ ထိုဓားချက်ကို ခုခံနိုင်ခဲ့သည့်အပြင် လက်ဗလာဖြင့်ပင် ရဲရဲဝံ့ဝံ့ ဖမ်းညှပ်ထားခဲ့သည်။

သူ့ရှေ့မှ လူသည် ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်နေနိုင်ခြေ အလွန်များ၏။

သို့သော်လည်း ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်နေစေကာမူ ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်ကို ဤကဲ့သို့ ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အရှင်နှင်းမှုန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ဟန်ယွင်အဆင့် အင်မော်တယ်လက်နက်က တကယ်ပဲအစွမ်းထက်ပါတယ်.. သာမန် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဆိုရင်တော့ မင်းရဲ့ဒီဓားချက်နဲ့ ရင်ဆိုင်ရရင် ဒုက္ခလှလှ တွေ့သွားမှာ အသေအချာပဲ.. စိတ်မကောင်းစရာက မင်းက ငါနဲ့မှ ထိပ်တိုက် လာဆုံနေရတာပဲ”

အရှင်နှင်းမှုန်သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးပြီး ယခုအခါတွင် စွမ်းအားများစွာ ကျဆင်းနေသော်လည်း ဟန်ယွင် အဆင့် အင်မော်တယ် တစ်ပါး၏ နည်းစနစ် တချို့ကို တတ်မြောက်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် သူက အရှင်ပိမူ၏ ဓားချက်ကို ခုခံရန်အတွက် သူနားလည်သဘောပေါက်ထားသည့် ဟန်ယွင်အဆင့် အင်မော်တယ် ဥပဒေသ တချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယင်းက ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်သော်လည်း အရှင်ပိမူ၏ ဓားချက်ကို ပိတ်ဆို့ရန် အတွက်မူ ကောင်းစွာ လုံလောက်၏။

ထို့အပြင် သူ ယခု အပိုင်စီးထားသော ခန္ဓာကိုယ်မှာ အင်မော်တယ်ဘုရင် ရုပ်အလောင်းမှ သန့်စင်ထားသော ရုပ်သေးရုပ် ဖြစ်၍ အလွန်အမင်း အစွမ်းထက်နေခဲ့သည်။

ရုပ်သေးရုပ်၏ ကြံ့ခိုင်မှုသည် သခင် ဖြစ်သည့် ကျန်းချန်၏ စွမ်းအား တိုးတက်လာမှုနှင့်အတူ လိုက်ပါ တိုးတက်နေခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းရင်းကြောင့်ပင် အရှင်နှင်းမှုန်သည် တိမ်တိုက်ဝါးမျိုဓားကို လက်ဗလာဖြင့် ဖမ်းယူဝံ့ခဲ့ခြင်း ဆိုလည်းမမှားပေ။

သို့သော်လည်း သူ၏ လက်ရှိ အခြေအနေအရ ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသကို အတင်းအကျပ် အသုံးပြုခဲ့သဖြင့် သူသည်လည်း အဖိုးအခ တချို့ကို ပေးဆပ်ခဲ့ရပြီး သူ၏ အင်မော်တယ်ဝိညာဥ်က ထပ်မံ၍ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းက သူ၏ အင်မော်တယ်ဝိညာဥ်ကို ပြန်လည် ကောင်းမွန်လာစေရန် အတွက် အချိန်ပိုမို ကြာမြင့်သွားစေလိမ့်မည် ဖြစ်သည်။

“မင်းရဲ့ ဒီဓားချက်က ဒီအတောအတွင်း ငါ့ရဲ့ ကုသမှုတွေကို အလဟဿ ဖြစ်စေခဲ့ပြီ.. ဒါကြောင့် အဲဒီအတွက် ဒီဟန်ယွင်အဆင့် အင်မော်တယ်လက်နက်နဲ့ပဲ မင်းပြန်ပေးဆပ်ရလိမ့်မယ်”

အရှင်နှင်းမှုန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

သူ၏ လက်ဖဝါး နှစ်ဖက်ကြားကနေ ကြောက်မက်ဖွယ်အင်မော်တယ် စွမ်းအားများသည် တိမ်တိုက်ဝါးမျိုးဓား၏ ဓားသွားတစ်လျှောက် ပေါက်ကွဲထွက်သွားခဲ့သည်။

အရှင်နှင်းမှုန်သည် တိမ်တိုက်ဝါးမျိုဓားကို သူ၏ ခွန်အားများဖြင့် အစွမ်းကုန် ထုတ်သုံးထားခဲ့သည် ဖြစ်ရာ ယခုအခါတွင် အင်အားများ ပြန်လည် မပြည့်ဝသေးပေ။

သို့ဖြစ်ရာ အရှင်နှင်းမှုန်၏ စွမ်းအားကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး တိမ်တိုက်ဝါးမျိုဓားကို ဆက်လက် ဆုပ်ကိုင်ထားရန် ခဲယဥ်းသွားခဲ့ကာ ဓားကို လက်လွှတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း မီတာရာချီ အကွာအဝေးအထိ နောက်သို့ ဆုတ်သွားခဲ့ရသည်။

ဤသို့ဖြင့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားသည် အရှင်နှင်းမှုန်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

“မင်း.. မင်း ငါ့ရဲ့ တိမ်တိုက်ဝါးမျိုအင်မော်တယ်ဓားကို အခုချက်ချင်း ပြန်ပေးစမ်း”

အရှင်ပိမူက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

စကားဆုံးသည်နှင့် သူက အရှင်နှင်းမှုန်၏ လက်ထဲမှ တိမ်တိုက်ဝါးမျိုဓားကို ထိန်းချုပ်ရန် အလျင်အမြန် လုပ်ဆောင်လိုက်သည်။

ပိယွင်အင်မော်တယ် နန်းတော်တွင် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ်များ ရှိနေသော်လည်း ဟန်ယွင်အဆင့် အင်‌မော်တယ်ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲများကမူ သိပ်မကျန်တော့ချေ။

ထိုအထဲတွင် ဤတိမ်တိုက်ဝါးမျိုဓားသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။

ဆိုရလျှင် ယခုလို တိမ်တိုက်ဝါးမျိုဓား လုယူခံလိုက်ရခြင်းသည် သူတို့ ပိယွင်အင်မော်တယ်နန်းတော် အတွက် သေချာပေါက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

“ထပ်ပြီး မရုန်းကန်နဲ့တော့.. ဒီအရှင်ရဲ့နောက်ကိုသာ လိုက်ခဲ့စမ်းပါ.. အနည်းဆုံးတော့ မင်းကို ပိယွင်အင်မော်တယ် နန်းတော်မှာ ရှိနေတာထက် ပိုပြီး ကောင်းမွန်တဲ့အနာဂတ် ရလာစေရမယ်”

အရှင်ပိမူက တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားအား ထိန်းချုပ်ရန် ကြိုးစားနေသည်ကို အရှင်နှင်းမှုန် လုံးဝ ဂရုစိုက်မနေခဲ့ပေ။

သူက တိမ်တိုက်ဝါးမျိုဓားထံသို့ စည်းတံဆိပ်တစ်ခုကို တိုက်ရိုက်ပင် ထည့်သွင်းလိုက်ရာ တိမ်တိုက်ဝါးမျိုဓားသည် လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင် သူက တိမ်တိုက်ဝါးမျိုဓားကို မြှောက်ပြလိုက်ကာ အရှင်ပိမူကို ခနဲ့၍ ပြောလိုက်သည်။

“တိမ်တိုက်ဝါးမျိုဓားက ဒီမှာရှိတယ်.. ဟားဟား...မင်းမှာ အစွမ်းရှိရင် လာယူလေ”

အရှင်ပိမူ၏ မျက်နှာအမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ဟန်ယွင့်အဆင့် အင်မော်တယ်ရတနာကို ထိန်းချုပ်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခု မဟုတ်ပေ။

သူတို့ ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ်ရတနာကို ထိန်းချုပ်နိုင်သည်မှာ ဟန်ယွင်အဆင့် အင်မော်တယ် ချန်ထားရစ်ခဲ့သော လျှို့ဝှက်နည်းလမ်းကြောင့် ဖြစ်သည်။

ထို့ကြောင့် အရှင်ပိမူသည် သူ့ရှေ့မှ လူက တိမ်တိုက်ဝါးမျိုဓားကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဤလူ၏ စွမ်းအားသည် အတိုင်းအဆမရှိ နက်ရှိုင်းပြီး သာမန် ထိုက်ယီအဆင့် အင်မော်တယ်ထက်ပင် သာလွန်နေခဲ့သည်။

ယခုအခါ တိမ်တိုက်ဝါးမျိုဓားသည် ထိုလူ၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ရာ ထိုလူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပိုမို မြင့်မားသွားမည်မှာ သေချာသလောက်ပင်။

ယင်းကြောင့် သူ့အနေဖြင့် ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် ယနေ့တွင် ဤနေရာ၌ ကျဆုံးမည်မှာ ဆယ်ပုံ ကိုးပုံခန့် သေချာနေခဲ့၏။

ယင်းအခိုက်အတန့်တွင် အရှင်ပိမူသည် တိမ်တိုက်ဝါးမျိုဓားကို ပြန်လည် လုယူရန် ဂရုမစိုက်နိုင်တော့ဘဲ အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။

“မင်းဒီနေ့ ပြေးမလွတ်ပါဘူးလို့ ငါပြောပြီးပြီပဲ”

စကားဆုံးသည်နှင့် အရှင်နှင်းမှုန်က ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် နေရာလွတ်ကို ဖြတ်သန်းသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အရှင်ပိမူ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် အရှင်နှင်းမှုန်က တိမ်တိုက်ဝါးမျိုဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေပြင်ကိုပင် ဝါးမျိုပစ်တော့မည့် အလား ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းတန်း တစ်ခုသည် အရှင်ပိမူ ဆီသို့ ဦးတည်လာခဲ့သည်။

အရှင်ပိမူက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် အင်မော်တယ် စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်ကာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ အကာအကွယ်အလွှာများ ဖန်တီးလိုက်သည်။

အရှင်နှင်းမှုန်သည် ယခင်က ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူး၍ ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်ကို အသုံးပြုပုံသည် တလော့ အင်မော်တယ်တစ်ပါး ဖြစ်သည့် အရှင်ပိမူထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

ထို့ကြောင့် အရှင်နှင်းမှုန် ထုတ်ဖော်လိုက်သော ဓားချက်သည် အရာအားလုံးကို အစအနပင် မကျန်ရှိသည် အထိ ချေမှုန်းဖျက်ဆီးပစ်တော့မည့် အလား အနှိုင်းမဲ့ စွမ်းရည် ရှိနေခဲ့သည်။

အခန်း (၂၉၀၃)ပြီး၏။

All Chapters