← Chapters

အခန်း ၂၉၀၄

Vol. 231 Ch. 2904

အခန်း ၂၉၀၄

Vol. 231 Ch. 2904

အခန်း(၂၉၀၄)

“ဝုန်း..”

ထိုဓားချက်က အရှင်ပိမူ၏ အကာအကွယ် အလွှာအားလုံးကို မျက်တောင်တစ်ခတ် အတွင်း ဝါးမျိုဖျက်ဆီးပစ်လိုက်ပြီး အရှင်ပိမူထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်သွားခဲ့ကာ ပေပေါင်းသောင်းချီ အမြင့်ကနေ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဝုန်း..”

ဖုန်မှုန့်များက ကောင်းကင်ယံထက်သို့ လွင့်ပျံသွားခဲ့ပြီး မြေပြင်တစ်ခုလုံးက ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။

စန်းယဲ့မြို့၏ အပြင်ဘက်ရှိ လွင်ပြင်ပေါ်တွင် ဧရာမချောက်နက်ကြီး တစ်ခုအလား ပေပေါင်းသောင်းချီရှည်လျားသော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် သွေးပျက်မတတ် ထိတ်လန့်နေသော ပုံရိပ်တစ်ခုသည် ဧရာမ ချောက်နက်ကြီးထဲကနေ ကောင်းကင်ယံထက်သို့ ပျံတက်လာခဲ့သည်။

ထိုသူမှာ အခြားသူ မဟုတ်ဘဲ အရှင်ပိမူပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် အရှင်ပိမူ ထံ၌ တလော့အင်မော်တယ်တစ်ပါး၏ ခန့်ညားထည်ဝါမှုနှင့် အရှိန်အဝါများ တစ်စက်ကလေးမျှ မကျန်ရှိတော့ပေ။

သူ၏ မျက်နှာက အလွန်အမင်း ဖြူ‌ဖျော့နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများစိုရွှဲနေခဲ့ကာ ခန့်ထည်သော သူ၏ အင်မော်တယ် ဝတ်ရုံသည်ပင် စုတ်ပြတ်သတ်နေခဲ့၏။

သူက ဟင်းလင်းပြင်ထဲရှိ အရှင်နှင်းမှုန်ကို တစ်ချက်လေးမျှပင် လှမ်းမကြည့်ဝံ့ဘဲ ခြောက်လှန့်ခံရသော ငှက်တစ်ကောင်ကဲ့သို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

အရှင်နှင်းမှုန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် နေရာလွတ်ကို ခြေလှမ်း တစ်လှမ်းချင်း ဖြတ်ကျော်ကာ အရှင်ပိမူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အရှင်ပိမူ တစ်ယောက် ထိတ်လန့်တကြား အသည်းအသန် ထွက်ပြေးနေရသည်ကို မြင်လျှင် ကျန်းချန်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ပိကျန့်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။

ဤကဲ့သို့ အ‌ခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။

စန်းယဲ့မြို့ရှိ ယဲ့မိသားစု၏ နောက်ကွယ်မှ အင်မော်တယ်သည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကို ကိုင်ဆောင်ထားသည့် အရှင်ပိမူ ပင်လျှင် တစ်ဖက်လူ၏ လက်ထဲတွင် အလွယ်တကူရှုံးနိမ့်သွားရုံသာမက တိမ်တိုက်ဝါးမျိုဓားသည်လည်း တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပြီ ဖြစ်သည်။

ထိုလူ၏ ကြောက်မက်ဖွယ်စွမ်းရည်ဖြင့် ဆိုလျှင် တိမ်တိုက်ဝါးမျိုဓားကို ဆုံးရှုံးလိုက်ရသော အရှင်ပိမူ အနေဖြင့် ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုလူကို အရှင်ပိမူကို သတ်ဖြတ်ပြီးသည်နှင့် သူ့ကို လာရောက် သတ်ဖြတ်မည်မှာ သေချာနေခဲ့၏။

ပိကျန့်၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့ပြီး အနည်းငယ်မျှပင် ဤနေရာ၌ ဆက်လက် မနေဝံ့တော့ဘဲ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

“မင်းထွက်ပြေးလို့ လွတ်နိုင်မယ်ထင်လား.. ဒီကို‌ ရောက်လာမှတော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထာဝရထားခဲ့ရလိမ့်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်က ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။

သူ၏ နောက်ကျောမှ ထိတ်လန့်ဖွယ်ရာ ကောင်းသော ဓားချက်ကို ခံစားမိလျှင် ပိကျန့်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤဓားချက်သည် ယခင်က သူ ကျန်းချန်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်က ဓားချက်ထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့သည်။

ပိကျန့်က နောက်သို့ လှည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ တလော့အင်မော်တယ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို အသုံးပြု၍ မိုးကြိုးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲလိုက်ပြီး ကျန်းချန်၏ ဓားအလင်း ဆီသို့ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

မိုးကြိုးနဂါးနှင့် ဓားအလင်း တို့သည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်မိခဲ့ကြပြီး ရုတ်တရက် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်လှိုင်းလုံးများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုအဖျက်စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ပိကျန့်၏ ပုံရိပ်သည် ပေထောင်ချီ နောက်ဆုတ်လိုက်ရသည်။

ပိကျန့်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်ရသေးမီမှာပင် ကျန်းချန်၏ ဓားအလင်းက ထပ်မံ၍ သူ့ထံသို့ သက်ရောက်လာခဲ့သည်။

ပိကျန့်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ကာ အင်မော်တယ်နည်းစနစ်ကို အလျင်အမြန် အသုံးပြု၍ ကျန်းချန်၏ ဓားချက်ကို ထပ်မံ ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

နှစ်ဦးစလုံးက လျှို့ဝှက်ဆန်းကြယ်သော တိုက်ကွက်များကို အသုံးပြုကာ တစ်ဦးကိုတစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်မော်တယ်စွမ်းအားသည်လည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာလိုအပ်တော့သည်။

ထို့အပြင် သူတတ်မြောက်ထားသော ထိပ်တန်းအဆင့် အင်မော်တယ် နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏ တိုက်ခိုက်‌ရေး စွမ်းရည်သည် သာမန် တလော့အင်မော်တယ်များထက်ပင် ပိုမို မြင့်မားနေခဲ့သည်။

ပိကျန့်သည် ပိယွင်အင်မော်တယ် နန်းတော်တွင် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် နာမည်ကျော်ကြားသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အစောပိုင်းအဆင့်မျှသာ ရှိသေး၏။

သို့ဖြစ်ရာ ကျန်းချန်၏ အဆက်မပြတ် ပြင်းထန်သော တိုက်ကွက်များအောက်တွင် ပိကျန့်သည် လျင်မြန်စွာပင် အားအင်ကုန်ခမ်းလာခဲ့ပြီး တဖြည်းဖြည်း အောက်စည်းသို့ ရောက်ရှိလာခဲ့သည်။

သူက တိုက်ခိုက်ရင်း ဆုတ်ခွာရင်းဖြင့် ပိယွင် အင်မော်တယ်နန်းတော် တည်ရှိရာ အရပ်မျက်နှာ ဆီသို့ အဆက်မပြတ်ထွက်ပြေးနေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်‌ရေး စွမ်းရည်က တလော့ အင်မော်တယ်ထက် မနိမ့်ကျဘဲ သူ့ကို လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိသော်လည်း သူ့ကို သတ်ဖြတ်ရန်မှာမူ လွယ်ကူသောကိစ္စ တစ်ခု မဟုတ်ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

သူတို့နှစ်ဦးက တစ်ဦးကလိုက် တစ်ဦးကပြေးဖြင့် အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြရာ မကြာမီမှာပင် စန်းယဲ့မြို့ကနေ မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ကြသည်။

သူတို့၏ ကြောက်မက်ဖွယ် တိုက်ပွဲကြောင့် လမ်းခရီးတစ်လျှောက်ရှိ လူအများအပြားသည်ပင် တုန်လှုပ်သွားခဲ့ကြသည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျယ်ပြောသော လွင်ပြင်တစ်ခု၏ ကောင်းကင်ယံထက်ကို ရောက်ရှိလာခဲ့ကြသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါလဲ.. တလော့အင်မော်တယ်တွေ တိုက်ခိုက်နေကြတာလား”

ထိုအချိန်တွင် လွင်ပြင်ကြီးကို ဖြတ်ကျော်နေသော ကျင့်ကြံသူ ဒါဇင်အနည်းငယ်ခန့် ပါဝင်သည့် ကုန်သည်အဖွဲ့ တစ်ဖွဲ့သည် ဟင်းလင်းပြင်ထဲမှ တိုက်ပွဲကို ချက်ချင်းပင် အာရုံခံမိသွားကြပြီး ကောင်းကင်ယံထက်ကို မော့ကြည့်လိုက်ကြသည်။

ထိုအခါ တလော့အင်မော်တယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် တလော့အင်မော်တယ် တစ်ပါးသည် လေလွင့်ခွေးတစ်ကောင်ကဲ့သို့ အသည်းအသန် ထွက်ပြေးနေသည်ကို သူတို့မြင်လိုက်ရသည်။

တလော့ အင်မော်တယ်၏ နောက်တွင်မူ ရွှေအင်မော်တယ်နဝမအဆင့်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် အရှိန်အဟုန်ဖြင့် လိုက်ပါလာခဲ့ပြီး သူ့ရှေ့မှ တလော့အင်မော်တယ်ကို ထပ်ကြပ်မကွာ လိုက်လံဖိအားပေးကာ တိုက်ခိုက်နေခဲ့သည်။

“‌လခွမ်း.. ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူက တလော့အဆင့်အင်မော်တယ်ကို လိုက်လံသတ်ဖြတ်နေတာလား”

လူတိုင်းသည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြသည်။

ရွှေအင်မော်တယ် နဝမအဆင့်နှင့် တလော့အင်မော်တယ်တို့ကြားတွင် ကျော်ဖြတ်ရန် ခဲယဥ်းသည့် ကွာဟချက်ကြီး တစ်ခုရှိသည်။

ဆိုရလျှင် တလော့ အင်မော်တယ်၏ ရှေ့မှောက်တွင် ရွှေအင်မော်တယ် နဝမအဆင့် ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်ပြီး လက်တစ်ဖက် မြှောက်ရုံဖြင့်ပင် အသာအယာ ချေမှုန်းပစ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း သူတို့ရှေ့မှ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကမူ တလော့အင်မော်တယ်ကို နောက်ကနေ ထပ်ကြပ်မကွာ လိုက်လံ သတ်ဖြတ်နေခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။

“ရွှေအင်မော်တယ် နဝမအဆင့်က တလော့အင်မော်တယ်ကို လိုက်သတ်နေတာလား.. ငါအမြင်မှောက်တာတော့ မဟုတ်ပါဘူးနော်”

ခန့်ညားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါက သာမန်‌ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ မဟုတ်ဘူး.. ဒီလူငယ်က ကမ္ဘာ‌လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားကို နားလည်ထားတဲ့ တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ယောက်ပဲ”

ကုန်သည်အဖွဲ့ထဲမှ အဘိုးအို တစ်ဦးက ဟင်းလင်းပြင်ထဲမှ တိုက်ပွဲကို အကဲခတ်ရင်း သုံးသပ်လိုက်သည်။

“အ‌ရှေ့ကနေ ပြေးနေတဲ့ တလော့ အင်မော်တယ်က ပိယွင်အင်မော်တယ်နန်းတော်က အရှင်ပိကျန့် ဖြစ်ပုံပဲ.. နောက်ကနေ လိုက်လံ သတ်ဖြတ်နေတဲ့ တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုတော့ ငါမသိဘူး”

ကုန်သည်အဖွဲ့ တစ်ဖွဲ့လုံး အံ့ဩ တုန်လှုပ်နေကြစဥ်မှာပင် ကောင်းကင်ယံထက်မှ ကျန်းချန်သည် သူ၏ ဓားကျိုးကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ ပိကျန့်ကို တိုက်ခိုက်လိုက်သည်။

ထိုခဏဝယ် ပိကျန့်၏ လက်ထဲတွင် ငွေရောင်မိုးကြိုးလှံ တစ်စင်း ပေါ်လာခဲ့သည်။

သူက ချက်ချင်းဆိုသလို ငွေရောင်မိုးကြိုးလှံဖြင့် ငွေရောင်မိုးကြိုး ထောင်ပေါင်းများစွာကို ထုတ်ဖော်ကာ ကျန်းချန်၏ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ငွေရောင်မိုးကြိုးအလင်း ထောင်ပေါင်းများစွာနှင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် ဟင်းလင်းပြင်ထက်တွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက် ပိကျန့်၏‌‌ ငွေရောင်မိုးကြိုးအလင်းများသည် ကောင်းကင်ဧကရာဇ်စည်းတံဆိပ် စွမ်းအားအောက်တွင် ချေမှုန်းခံလိုက်ရကာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပိကျန့်ထံကနေ ညည်းညူသံ တစ်ချက် ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ပေပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ အင်မော်တယ်နည်းစနစ် အများအပြားကို တတ်မြောက်ထားရတာလဲ”

ပိကျန့်က သူ၏ ခန္ဓာကိုယ်ထဲမှာ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူ့ရှေ့မှ‌ ကောင်လေးသည် သူနှင့် ရင်ဆိုင်တိုက်ခိုက်နေစဥ်အတွင်း ထိပ်တန်း အင်မော်တယ်နည်းစနစ် အများအပြားကို အသုံးပြုခဲ့သည်။

ထိုကောင်လေး အသုံးပြုလိုက်သည့် အင်မော်တယ် နည်းစနစ်တိုင်းသည် ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အင်မော်တယ် ထံမှ လက်ဆင့်ကမ်း အမွေရရှိထားသည့် ဟန်ယွင်အဆင့် အင်မော်တယ် နည်းစနစ်များထက်ပင် ပိုမို သာလွန်နေခဲ့သည်။

“ဒါက အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်ပဲ”

ယခုအခါတွင် ပိကျန့်၏ စိတ်နှလုံးထဲ၌ ပို၍ သေချာသွားခဲ့သည်။

ဤပုံအတိုင်းဆိုလျှင် သူ့ရှေ့မှ တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင် လူငယ်သည် အင်မော်တယ်ဘုရင် အဆင့် အင်အားစုကနေ ဆင်းသက်လာသူ ဖြစ်နိုင်ခြေ အလွန်များနေခဲ့၏။

“ဒီကမိတ်ဆွေလေး.. နောက်နောင် စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်ဘူးလို့ငါကတိပေးပါတယ်.. ဒါ့အပြင် ငါတို့အနေနဲ့ ယဲ့မိသားစုကို အငြိုးအတေး မထားဘဲ အေးအေးဆေးဆေး နေသွားပါမယ်.. ဒါကြောင့် ငါ့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

ဤအခိုက်အတန့်တွင် ပိကျန့်ထံ၌ ဆက်လက် တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ချေ။

ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထပ်မံထုတ်ဖော်ရန် ပြင်နေသည်အား မြင်လျှင် သူက ကျန်းချန်ကို အလျင်အမြန်ပင် အော်ဟစ် တောင်းပန်လိုက်သည်။

အခန်း (၂၉၀၄)ပြီး၏။

All Chapters