← Chapters

အခန်း ၂၉၀၅

Vol. 231 Ch. 2905

အခန်း ၂၉၀၅

Vol. 231 Ch. 2905

အခန်း(၂၉၀၅)

အင်မော်တယ်ဘုရင်အဆင့် အင်အားစုသည် အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော အင်အားစုဖြစ်သည်။

အင်မော်တယ်လောကထဲမှ အင်မော်တယ်ဘုရင် အဆင့် အင်အားစုတိုင်းသည် အလွန်အမင်း အစွမ်းထက်ပြီး အင်မော်တယ်ဘုရင် အဆင့် နည်းစနစ်များကို ပိုင်ဆိုင်ထားကြ၏။

မိုးကြိးအင်မော်တယ် နယ်မြေတွင် အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဟူ၍ တစ်ခုတည်းသာ ရှိပြီး ယင်းမှာ မိုးကြိုးအင်မော်တယ် နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားသည့် မိုးကြိုးအင်မော်တယ် နန်းတော်ပင် ဖြစ်သည်။

ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မိုးကြိုးအင်မော်တယ် နန်းတော်မှ လူတစ်ယောက် ဖြစ်နိုင်ခြေ အလွန်များနေခဲ့၏။

မိုးကြိုးအင်မော်တယ် နန်းတော်သည် မိုးကြိုးအင်မော်တယ် နယ်မြေကို အုပ်စိုးသော အင်အားစု ဖြစ်သည့်အလျောက် အင်အားအရဖြစ်စေ၊ နောက်ခံအကြောင်းအရင်း ဖြစ်စေ မိုးကြိုးအင်မော်တယ် နန်းတော်သည် ပိယွင်အင်မော်တယ် နန်းတော်၏ အထွတ်အထိပ် ကာလကထက်ပင် ပိုမို၍ အစွမ်းထက်၏။

သူ့အနေဖြင့် မိုးကြိုးအင်မော်တယ် နန်းတော်ကို ပြစ်မှားမိလျှင် မိုးကြိုးအင်မော်တယ် နယ်မြေ တစ်ခုလုံးတွင် ပိယွင်အင်မော်တယ်နန်းတော် အနေဖြင့် ခြေချစရာ‌ နေရာပင် ရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း မိုးကြိုးအင်မော်တယ် နန်းတော်သည် မြင့်မြတ်သော အဆင့်အတန်းတွင် ရှိပြီး မိုးကြိုးအင်မော်တယ်နယ်မြေ တစ်ခုလုံး၏ အရှင်သခင်လည်း ဖြစ်သည်။

ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်သည် ဆုတ်ယုတ်ပျက်စီးနေသော တလော့အဆင့် အင်အားစုလေး တစ်စုမျှသာဖြစ်ရာ မိုးကြိုးအင်မော်တယ် နန်းတော်၏ မျက်စိထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

သို့ဖြစ်ရာ မိုးကြိုး အင်မော်တယ် နန်းတော်သည် သူတို့ ပိယွင်အင်မော်တယ် နန်းတော်ကို အရေးယူရန် အဘယ်ကြောင့် လူလွှတ်ရပါအံ့နည်း။

ယင်းအခိုက်အတန့်တွင် ပိကျန့်သည် အရှင်ပိမူနှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် အင်မော်တယ်က ယဲ့မိသားစုမှ အသင်္ချေဝိညာဥ် ခန္ဓာကိုယ်ပိုင်ရှင်ကို သူ၏ တပည့် ဖြစ်သည်ဟု ပြောခဲ့မှန်း ရုတ်တရက် တွေးမိသွားခဲ့သည်။

မိုးကြိုးအင်မော်တယ် နန်းတော်မှ လူများသည် အသင်္ချေဝိညာဥ် အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင်ကို ရှာတွေ့သွားကြပြီး မိုးကြိုးအင်မော်တယ် နန်းတော် ထဲသို့ ဝင်ရောက်ရန် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်နိုင်ပါသလော။

အကယ်၍ ထိုအတိုင်းသာဆိုလျှင် သူတို့ ပိယွင်အင်မော်တယ်နန်းတော် အနေဖြင့် အသင်္ချေဝိညာဥ် ခန္ဓာကိုယ်ပိုင်ရှင်နှင့် ပတ်သက်၍ မည်သည့် အကြံအစည်မှ ဆက်လက် လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။

မိုးကြိုး အင်မော်တယ်နန်းတော်နှင့် အပြိုင် အသင်္ချေဝိညာဥ်ခန္ဓာကိုယ် ပိုင်ရှင်ကို လုယူရန် ကြိုးစားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် ဘာမှမခြားနားပေ။

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ငါ မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းက မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ဖျက်ဆီးပေးမယ်လို့ လူတစ်ယောက်ကို ကတိပေးထားခဲ့လို့ပဲ”

ထိုစကားကို ကြားလျှင် ပိကျန့်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်၏။

“မင်းတို့ မိုးကြိုးအင်မော်တယ် နန်းတော်က အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်စု ဖြစ်နေပြီးတော့ ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို လာပြီး အရေးယူနေတာလား”

“ငါက မိုးကြိုးအင်မော်တယ်နန်းတော်ကလူ မဟုတ်ဘူး.. မိုးကြိုးအင်မော်တယ် နန်းတော်နဲ့လည်း ဘာမှမပတ်သက်ဘူး.. စကားများမနေနဲ့ သေဖို့သာ ပြင်ထားပေတော့”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မိုင်တစ်ရာ ပတ်ပတ်လည်ရှိ အင်မော်တယ် အဆီအနှစ်စွမ်းအားများကို အတွေးတစ်ချက်ဖြင့်ပင် လျင်မြန်စွာ စုစည်းလိုက်ပြီး စည်းတံဆိပ်တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. တောင်တန်းနှင့်မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း”

ကြောက်မက်ဖွယ် စည်းတံဆိပ်ကြီးသည် ပိကျန့် ထံသို့ ထပ်မံ၍ တိုးဝင်လာခဲ့သည်။

ပိကျန့်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ထဲမှ ငွေရောင်မိုးကြိုးလှံ ဆီသို့ သူ၏ စွမ်းအားများကို အလျင်အမြန် ထည့်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ‌ငွေရောင်မိုးကြိုးလှံကနေ ငွေရောင်မိုးကြိုး အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ငွေရောင်မိုးကြိုး အလင်းတန်းများသည် အလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းပြီး မိုးကြိုးနတ်မင်း၏ ကောင်းကင်ပြစ်ဒဏ် ကဲ့သို့ ဖြစ်နေခဲ့၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကောင်းကင်ဧကရာဇ်စည်းတံဆိပ်နှင့် ငွေရောင်မိုးကြိုးအလင်းတန်းများသည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့သည့် မိုးကြိုး အလင်းတန်းသည် ကျန်းချန်၏ စည်းတံဆိပ် ဖိနှိပ်မှုအောက်တွင် လုံးဝ ကြေမွပျက်စီးသွားခဲ့သည်။

“ကောင်းပြီ ဒီတစ်ခေါက်တော့ သေဖို့သာ ပြင်ထားပေတော့”

ပိကျန့်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထိုခဏဝယ် သူ၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေခဲ့ပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။

ကြောက်မက်ဖွယ် တလော့အင်မော်တယ်စွမ်းအားများသည် မိုင်ပေါင်းရာချီ ဟင်းလင်းပြင်ထဲတွင် ပြည့်နှက်သွားခဲ့၏။

မည်သည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူမဆို ထိုဟင်းလင်းပြင် ထဲသို့ ခြေချမိသည်နှင့် ပြင်းထန်သောမိုးကြိုးလျှပ်စီးများ၏ လက်ချက်ဖြင့် အပိုင်းပိုင်းအစစ ကြေမွသွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ နောက်ဆုံးစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ကောင်းကင်နှင့်မြေပြင် ငြိမ်သက်တိတ်ဆိတ်ခြင်း”

ထိုစည်းတံဆိပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ပိကျန့်၏ စွမ်းအားများသည် စည်းတံဆိပ်၏ ပြင်းထန်သော သက်ရောက်အောက်မှုတွင် အဆုံးသတ်၌ တောင့်မခံနိုင်တော့ဘဲ ဝုန်းခနဲ မြည်သံနှင့်အတူ ကြေမွပျက်စီးသွားခဲ့သည်။

ပိကျန့်သည်လည်း ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ လက်ချက်ဖြင့် အတော်လေး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

“ဒီအင်မော်တယ် နည်းစနစ်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ”

ပိကျန့်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး မျက်နှာ တစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

သူက ပိယွင်အင်မော်တယ် နန်းတော်တွင် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် နာမည်ကျော်ကြားသော တလော့အင်မော်တယ် တစ်ပါး ဖြစ်ပြီး အဆင့်တူ အတွင်း သူ့ကို ယှဥ်ပြိုင်နိုင်သည့် ပြိုင်ဘက်မှာ အနည်းငယ်မျှသာ ရှိသည်။

သူ ကျင့်ကြံထားသည့် ထူးခြားသော ကျင့်စဥ်ကြောင့်သာမက သာမန် တလော့ အင်မော်တယ်များထက် သာလွန်အောင် သူ၏ ခန္ဓာကိုယ်ကို ကျင့်ကြံထားခြင်းသာ မရှိခဲ့လျှင် အစောပိုင်းက တိုက်ကွက်သည် သူ့ကို နေရာမှာပင် အသက်ပျောက်သွားစေရန် လုံလောက်နေခဲ့၏။

သူက ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့ပြီး အတွင်းကလီစာများ အထိ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

သူ့အနေဖြင့် တိုက်ပွဲသာ ဆက်လက်ဆင်နွှဲရဦးမည် ဆိုလျှင် ယနေ့ ဤနေရာမှာပင် အမှန်တကယ် သေဆုံးသွားရလိမ့်မည် ဖြစ်၏။

“တလော့ အင်မော်တယ်တစ်ပါးကို သတ်ဖို့က တကယ်ကို မလွယ်ဘူးပဲ.. မင်း ငါ့ရဲ့ တိုက်ကွက်ကို တောင့်ခံနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ပိကျန့် တစ်ယောက် အလွန်အမင်း ထိတ်လန့်နေစဥ်မှာပင် ကျန်းချန်သည် ပိကျန့်ကို အသက်ရှူရန် အခွင့်အရေးအနည်းငယ်မျှပင် မပေးဘဲ ရှေ့သို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့သည်။

သူက ပိကျန့်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ငါ မင်းနဲ့အချိန်မဖြုန်းတော့ဘူး.. ငါတို့ ဒီမှာပဲ အဆုံးသတ်ကြတာပေါ့”

စကားဆုံးသည်နှင့် အင်မော်တယ် အလင်းတန်းများ ဖြာထွက်နေသော ရှေးဟောင်းအင်မော်တယ်ကျောက်တိုင် တစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်ကျောက်တိုင်သည် မျက်တောင်တစ်ခတ်အတွင်း ဧရာမ နတ်ဘုရားကျောက်တိုင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. သက်ရောက်စမ်း”

ကျန်းချန်က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ပါးစပ်ကနေ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်နှင့် အင်မော်တယ်ကျောက်တိုင် ထံကနေ အင်မော်တယ်များနှင့် နတ်ဘုရားများကိုပါ ဖျက်ဆီးပစ်နိုင်လောက်သည့် အဖျက်စွမ်းအား တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ ပိကျန့်ကို လွှမ်းခြုံသွားခဲ့သည်။

အင်မော်တယ်ကျောက်တိုင် ထံမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ကြည့်ရင်း ပိကျန့်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သေခြင်းတရား၏ အရိပ်အငွေ့က သူ၏ တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

သူက ခန္ဓာကိုယ်ထဲမှ ဒဏ်ရာများကို အနည်းငယ်မျှပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ကျန် စွမ်းအားများကို အစွမ်းရှိသမျှ အလျင်အမြန် လှုံ့ဆော်ကာ သူ၏ လက်ထဲမှ တလော့အဆင့် အင်မော်တယ် လက်နက်ကို ဝှေ့ယမ်း၍ သူ့ထံသို့ သက်ရောက်လာသည့် စွမ်းအားများကို ခုခံလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် အင်မော်တယ်ကျောက်တိုင် ထံမှ အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။

ထို့အပြင် ပိကျန့်သည် အစောပိုင်းက တိုက်ခိုက်မှုတွင် ဒဏ်ရာ အပြင်းအထန် ရရှိထားပြီ ဖြစ်ရာ စွမ်းအား ဆယ်ပုံတစ်ပုံမျှပင် မကျန်ရှိတော့ချေ။

သို့ဖြစ်ရာ အင်မော်တယ် ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားများ ပြည့်နှက်နေသော အင်မော်တယ် ချေမှုန်းခြင်း စွမ်အားသည် ဟင်းလင်းပြင်ထဲကနေ ကျဆင်းလာခဲ့သည်။

၎င်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ ဟင်းလင်းပြင် အားလုံးသည် မျက်တောင်တစ်ခတ် အတွင်း ဘာမှမကျန်ရှိသည်အထိ ပျက်စီးသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပိကျန့်သည် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားအောက်တွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။

သူက အော်ဟစ်ညည်းညူဖို့ပင် အချိန်မရလိုက်ဘဲ အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားအောက်တွင် လုံးဝ အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်တစ်ပါး ဖြစ်သည့် ပိကျန့် သေဆုံးသွားခဲ့ချေပြီ။

“နောက်ဆုံးတော့ ငါရှင်းပစ်နိုင်ခဲ့ပြီ”

ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို ပြန်လည်သိမ်းဆည်းခဲ့သည်။

သူ၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဤတိုက်ပွဲတွင် သူက ပိကျန့်ကို မိုင်ပေါင်းသောင်းချီ လိုက်လံ သတ်ဖြတ်ခဲ့ရပြီး သူ၏ နည်းစနစ် အားလုံးနီးပါးကို အသုံးပြုခဲ့ရကာ အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ် ချေမှုန်ခြင်း စွမ်းအားကိုပါ အသုံးပြုခဲ့ရသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် တလော့အင်မော်တယ်အဆင့်နှင့် ရွှေအင်မော်တယ်အဆင့် ကြားတွင် အလွန်ကြီးမားသော ကွာဟချက် တစ်ခု ရှိနေသည်မှာ သိသာနေခဲ့သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် သာမန် တလော့အင်မော်တယ် တစ်ပါးကို အနိုင်ယူရန် မခဲယဥ်းသော်လည်း ပိကျန့်ကဲ့သို့ တလော့အင်မော်တယ်ကို သတ်ဖြတ်ရန်မှာမူ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။

“စီနီယာနှင်းမှုန်ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ မသိဘူး”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ ထဲသို့ တိုးဝင်၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း (၂၉၀၅)ပြီး၏။

All Chapters