← Chapters

အခန်း ၂၉၀၆

Vol. 231 Ch. 2906

အခန်း ၂၉၀၆

Vol. 231 Ch. 2906

အခန်း(၂၉၀၆)

“ပိယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်က ဒီလိုပဲ သေဆုံးသွားပြီလား”

ကျန်းချန် ပျောက်ကွယ်သွားခဲ့သည့် နေရာကို ငေးကြည့်ရင်း လွင်ပြင်ထက်မှ လူတိုင်းသည် အချိန်အတော်ကြာသည် အထိ မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် ခဲယဥ်းနေခဲ့ကြသည်။

ဤသည်မှာ တလော့အင်မော်တယ်တစ်ပါး ဖြစ်သည့်အပြင် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်လည်းဖြစ်၏။

ယခုအခါတွင်မူ ထိုတလော့အင်မော်တယ်သည် ပိယွင်အင်မော်တယ် လွှမ်းမိုးထားသော နယ်မြေထဲတွင်ပင် အသတ်ခံလိုက်ရသည်။

“သွားကြစို့.. ပိယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ် ကျဆုံးသွားပြီ ဆိုတော့ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုခု သေချာပေါက် ဖြစ်လာတော့မှာပဲ.. ဒီသတင်းကို ကျိရှ အင်မော်တယ် နန်းတော်ဆီ အမြန်ဆုံးအကြောင်းကြားရမယ်”

ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည့် အဘိုးအိုသည် သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် မျက်ဝန်းထဲ၌ ထက်ရှသောအလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

သူတို့က ပိယွင် အင်မော်တယ်နန်းတော်နှင့် ကျိရှ အင်မော်တယ်နန်းတော်တို့ ကြားတွင် လှည့်လည်သွားလာနေသော ကုန်သည်အဖွဲ့ အဖြစ် အသွင်ယူထား‌သော်လည်း အမှန်စင်စစ်တွင်မူ သူတို့သည် ပိယွင်အင်မော်တယ်နန်းတော်၏ သတင်းအချက်အလက်ကို စုံစမ်းထောက်လှမ်းရန် အတွက် ကျိရှအင်မော်တယ် နန်းတော်မှ စေလွှတ်ထားသော သူများသာ ဖြစ်ကြသည်။

ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်သည် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ သေဆုံးသည်အထိ လိုက်လံ သတ်ဖြတ်ခြင်း ခံလိုက်ရပုံကိုထောက်လျှင် ပိယွင်အင်မော်တယ် နန်းတော် အတွင်း၌ ကြီးမားသော အပြောင်းအလဲ တစ်ခုခု သေချာပေါက် ရှိနေပေလိမ့်မည်။

သို့ဖြစ်ရာ သူတို့ အနေဖြင့် ထိုသတင်းကို ကျိရှအင်မော်တယ်နန်းတော်ဆီ အမြန်ဆုံး အကြောင်းကြားရလိမ့်မည် မဟုတ်ပါလော။

ကုန်သည်အဖွဲ့ အဖြစ် အသွင်ယူထားသော အုပ်စုက ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြပြီး အဆုံးမဲ့ လွင်ပြင်ကျယ်ကြီး ထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ကျန်းချန်က ပိကျန့်ကို သတ်ဖြတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ပိယွင်အင်မော်တယ်နန်းတော် အတွင်း၌ ခေါင်းလောင်းသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ယင်းအခိုက်အတန့်တွင် ခေါင်းလောင်းသံကို ကြားလိုက်ရသော မရေမတွက်နိုင်သည့် ပိယွင်အင်မော်တယ် နန်းတော်မှ တပည့်များသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားကြသည်။

ပိယွင်အင်မော်တယ် နန်းတော်မှ နောက်ထပ် တလော့အင်မော်တယ်တစ်ပါး ထပ်မံ၍ ကျဆုံးသွားခဲ့ပါသလော။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ပိယွင်အင်မော်တယ် နန်းတော်သည် ကြီးမားသောအပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

မိုးကြိုးအင်မော်တယ်နယ်မြေ၏ ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် ပိယွင်အင်မော်တယ်နန်းတော်ကို အလွယ်တကူ ရန်စရန် မဝံ့ရဲကြပေ။

ပိယွင်အင်မော်တယ် နန်းတော်သည် ကျိရှအင်မော်တယ်နန်းတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးကတည်းကပင် တလော့အင်မော်တယ် ကျဆုံးခြင်းမျိုး မရှိခဲ့ဖူးချေ။

မမျှော်လင့်ဘဲ ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်‌မော်တယ်များသည် တစ်ပါးပြီး တစ်ပါး ဆက်တိုက် ကျဆုံးနေခဲ့သည် အထိ ပိယွင်အင်မော်တယ်နန်းတော်တွင် မည်သည့် အရာများ ဖြစ်ပျက်နေခဲ့ပါသနည်း။

တလော့အင်မော်တယ် နှစ်ပါး ဆက်တိုက် ဆိုသလို ကျဆုံးသွားခြင်းသည် ပိယွင်အင်မော်တယ်နန်းတော် အတွက် နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြီးမားလှသည့် ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။

ပိယွင်အင်မော်တယ် နန်းတော်၏ အစည်းအဝေး ခန်းမထဲတွင် နန်းတော်သခင် ဖြစ်သည့် အရှင်ပိယောင်နှင့် ကျန်ရှိသော တလော့အင်မော်တယ် သုံးပါးသည် စုဝေးကာ ရှိနေခဲ့ကြသည်။

သူတို့ လေးဦးစလုံး၏ မျက်နှာအမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

ပိယွင်အင်မော်တယ်နန်းတော်တွင် တလော့အင်မော်တယ် ခုနစ်ပါး ရှိခဲ့ပြီး ဤရက်ပိုင်းအတွင်း တလော့အင်မော်တယ်များသည် တစ်ပါးပြီး တစ်ပါး ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့ရာ ယခုအခါ အစည်းအဝေး အတွက် ဤနေရာတွင် တလော့ အင်မော်တယ် လေးပါးသာ စုဝေးနိုင်တော့သည်။

“နန်းတော်သခင်.. ဒီတစ်ခေါက်ရော ဘယ်သူ ကျဆုံးသွားတာလဲ”

တလော့အင်မော်တယ် အလယ်အလတ်အဆင့်တွင် ရှိသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးနက်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။

အရှင်ပိယောင်က သုန်မှုန်သော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“အကြီးအကဲချုပ်ပိမူနဲ့ ပိကျန့်တို့ နှစ်ယောက်စလုံးက စန်းယဲ့မြို့မှာပဲ တစ်ချိန်တည်းနီးပါး ကျဆုံးသွားခဲ့ကြတယ်”

အရှင်ပိယောင်၏ စကားကိုကြားလျှင် ကျန်ရှိသော တလော့အင်မော်တယ် သုံးပါး၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ဤတစ်ခေါက်တွင် တလော့ အင်မော်တယ် တစ်ပါးသာ ကျဆုံးခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အကြီးအကဲပိမူရော ပိကျန့်ပါ ကျဆုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

အကယ်၍ ပိကျန့် တစ်ယောက်တည်းသာ ကျဆုံးခဲ့လျှင် သူတို့အနေဖြင့် လက်ခံနိုင်ပါသေး၏။

သို့သော်လည်း ဤတစ်ခေါက်တွင် အကြီးအကဲပိမူ ကဲ့သို့ တလော့ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ပင်လျှင် ကျဆုံးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် အကြီးအကဲ ပိမူသည် ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျို အင်မော်တယ်ဓားကိုပင် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စန်းယဲ့မြို့မှ ယဲ့မိသားစု၏ နောက်ကွယ်တွင် ထိုက်ယီအဆင့် အင်မော်တယ်တစ်ဦး ရှိနေခဲ့လျှင်ပင် အရှင်ပိမူသည် ဆုတ်ခွာနိုင်ခဲ့သင့်သည်။

အဘယ်ကြောင့် စန်းယဲ့မြို့တွင် ကျဆုံးသွားခဲ့ရပါသနည်း။

စန်းယဲ့မြို့မှ ယဲ့မိသားစု၏ နောက်ကွယ်မှနေ၍ သူတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ရင်ဆိုင်နေသောလူသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို မည်ကဲ့သို့ ပိုင်ဆိုင်ထားပါသနည်း။

“နန်းတော်သခင်.. စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်ကအင်အားစုက သာမန် မဟုတ်လောက်ဘူး.. သူတို့ရဲ့အချက်အလက်ကို အသေအချာ မသိရသေးခင် ကျွန်တော်တို့အနေနဲ့ အဆင်အခြင်မဲ့ မလှုပ်ရှားသင့်သေးဘူး ထင်တယ်”

တလော့ အင်မော်တယ်တစ်ပါးက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

ပိယွင်အင်မော်တယ် နန်းတော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပွားခဲ့ပြီးကတည်းကပင် ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် ဤမျှလောက်အထိ ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

ကျိရှအင်မော်တယ် နန်းတော်နှင့် အပြင်းအထန် တိုက်ပွဲဝင်စဥ်ကပင် ပိယွင်အင်မော်တယ် နန်းတော်သည် တလော့အင်မော်တယ် တစ်ပါးသာ ဆုံးရှုံးခဲ့ရသည်။

ယခုအခါတွင် သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် တလော့အင်မော်တယ် သုံးပါးကို ဆက်တိုက်ဆိုသလို ဆုံးရှုံးခဲ့ရပြီဖြစ်ရာ ယင်းသည် သူတို့ ပိယွင်အင်မော်တယ် နန်းတော်၏ အင်အားကို အတော်လေး ထိခိုက်စေသည်ဟု ယူဆနိုင်၏။

အကယ်၍ သူတို့သာ စန်းယဲ့မြို့သို့ တလော့ အင်မော်တယ်များကို ဆက်လက် စေလွှတ်ပြီး တလော့အင်မော်တယ် တစ်ပါး သို့မဟုတ် နှစ်ပါး ထပ်မံ၍ ဆုံးရှုံးရမည် ဆိုလျှင် ယင်းသည် ပိယွင်အင်မော်တယ် နန်းတော် အတွက် ကြီးမားသော ကပ်ဘေးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

အရှင်ပိယောင်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ပြတ်သားသော အမူအရာတစ်ခုက သူ၏ မျက်ဝန်းထဲတွင် ပေါ်လာခဲ့သည်။

“စန်းယဲ့မြို့က ကိစ္စကို ခဏဘေးချိတ်ထားကြရအောင်.. ငါတို့ လက်ရှိ လုပ်နေတဲ့ အစီအစဥ်ကိုပဲ အမြန်ဆုံး ပြီးအောင် လုပ်ဆောင်ကြတာပေါ့”

အရှင်ပိယောင်၏ စကားကိုကြားလျှင် တလော့ အင်မော်တယ် သုံးပါးစလုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်များအနေဖြင့် သူတို့သည် အရှင်ပိယောင်၏ နှုတ်မှ ညွှန်းဆိုသော အစီအစဥ်က မည်ကဲ့သို့သော အစီအစဥ် ဖြစ်သည်ကို သဘာဝကျစွာပင် သိရှိထားကြသည်။

ထိုစဥ်က ပိယွင်အင်မော်တယ် နန်းတော်သည် အစွမ်းထက်ရန်သူတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး ပိယွင်အင်မော်တယ်နန်းတော်၏ ထိုက်ယီအဆင့်အင်မော်တယ်နှင့် ဟန်ယွင်အဆင့် အင်မော်တယ်တို့ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။

သို့သော်လည်း ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် ဘိုးဘေးသည် တိုက်ပွဲတွင် လုံးဝ သေဆုံးသွားခဲ့ခြင်း မဟုတ်ကြောင်းကိုမူ တလော့ အင်မော်တယ်များ ဖြစ်သည့် သူတို့သာ သိရှိထားကြသည်။

ဤနှစ်များအတွင်း ပိယွင်အင်မော်တယ် နန်းတော်က အစဥ်တစ်စိုက် လုပ်ဆောင်နေခဲ့သော အစီအစဥ်မှာ ဟန်ယွင်အဆင့်အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်လာစေရန် ဖြစ်၏။

သူတို့၏ ဘိုးဘေးကို အမြန်ဆုံး ပြန်လည် ရှင်သန်လာစေရန်အတွက် ပိယွင်အင်မော်တယ် နန်းတော်သည် မိစ္ဆာနည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုနည်းစနစ်သည် ထူးချွန်သော ပါရမီရှင်များကို ယဇ်ပူဇော်ရန် လိုအပ်ပြီး အထူးသဖြင့် အင်မော်တယ်လောကထဲရှိ အထူးခန္ဓာကိုယ်ပိုင်ရှင် ပါရမီရှင် အချို့သည် ထိုနည်းစနစ်အပေါ်တွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ပေးစွမ်းနိုင်စွမ်း ရှိ၏။

ယင်းအတွက်ကြောင့်ပင် ပိယွင်အင်မော်တယ် နန်းတော်သည် ဤနှစ်များတစ်လျှောက်လုံးတွင် ထူးချွန်သော ပါရမီရှင်တပည့်များကို နန်းတော်ထဲသို့ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ခြင်းပင်။

ပိယွင်အင်မော်တယ်နန်းတော်သည် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး အမြန်ဆုံး ပြန်လည် ရှင်သန်လာစေရန် အတွက် သူတို့၏ ဂုဏ်သတင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ်လောက ထဲတွင် သန်မာသူကိုသာ လေးစားကြမှန်း သူတို့ အားလုံး ကောင်းစွာ သိရှိထားကြသည်။

ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးသာ ပြန်လည် ရှင်သန်လာနိုင်မည် ဆိုလျှင် သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်ပြီး ဟန်ယွင်အင်အားစု အဆင့်အတန်းထဲကို ပြန်လည် ဝင်ရောက်နိုင်မည်ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ယခု ကျဆင်းနေသော သူတို့၏ ဂုဏ်သတင်းသည် ဘာမှ မဟုတ်တော့ချေ။

“နန်းတော်သခင်.. ယဲ့မိသားစုက အသင်္ချေဝိညာဥ် ခန္ဓာကိုယ်ပိုင်ရှင်ကို မရနိုင်ဘူး ဆိုရင် နောက်ထပ် ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ကို ရှာဖို့ မလွယ်လောက်ဘူး.. ဒီအတိုင်းဆို ကျွန်တော်တို့ရဲ့ အစီအစဥ် ပြီးမြောက်ဖို့ ခက်ခဲမယ်ထင်တယ်”

တလော့အင်မော်တယ် အလယ်အလတ်အဆင့်တွင် ရှိသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်သည်။

“အပြင်မှာ ရှာဖွေလို့ မရမှတော့ ပိယွင်အင်မော်တယ် နန်းတော်က ထူးချွန်တဲ့ ပါရမီရှင် တပည့်တွေကိုပဲ စတေးရတော့မှာပေါ့”

အရှင်ပိယောင်၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သူတို့ကို ပိယွင်အင်မော်တယ်နန်းတော်က ပျိုးထောင်ပေးခဲ့တာပဲ.. အခု ပိယွင်အင်မော်တယ်နန်းတော်ရဲ့သေရေး ရှင်ရေး အချိန်အခါကို ရောက်နေပြီ ဆိုတော့ သူတို့အနေနဲ့ ပိယွင်အင်မော်တယ်နန်းတော် အတွက် ပေးဆပ်ရမဲ့ အချိန်ပဲ”

အရှင်ပိယောင်၏ စကားကိုကြားလျှင် တလော့ အင်မော်တယ် သုံးပါးစလုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူတို့ထဲမှ တစ်ဦးက မနေနိုင်ဘဲ ပြောလိုက်သည်။

“နန်းတော်သခင်.. ကျွန်တော်တို့ ပိယွင်အင်မော်တယ် နန်းတော်က တလော့အင်မော်တယ် သုံးပါး ကျဆုံးသွားခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ နောက်ခံနဲ့ ဆိုရင် ထိုက်ယီအဆင့် အင်အားစုတွေကို ဟန့်တားနိုင်ပါသေးတယ်.. ဒီလောက်အထိ လုပ်ဖို့ မလိုအပ်သေးဘူး ထင်တယ်”

“ကျိရှ အင်မော်တယ်နန်းတော်က ငါတို့ ပိယွင် အင်မော်တယ်နန်းတော်ကို အမြဲတစေ စောင့်ကြည့်နေတယ်.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်က တလော့ အင်မော်တယ် တစ်ပါး ကျဆုံးသွားရင်‌တောင် သူတို့အနေနဲ့ အခွင့်ကောင်းယူမှာ အသေအချာပဲ”

အရှင်ပိယောင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

“စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်မှာ ထိုက်ယီအဆင့် အင်အားစုလောက်ပဲ ရှိနေတာလို့ မင်းတို့ ထင်နေတာလား”

အခန်း (၂၉၀၆)ပြီး၏။

All Chapters