← Chapters

အခန်း ၂၉၀၇

Vol. 231 Ch. 2907

အခန်း ၂၉၀၇

Vol. 231 Ch. 2907

အခန်း(၂၉၀၇)

အရှင်ပိယောင်၏ စကားကို ကြားလိုက်ရလျှင် တလော့အင်မော်တယ် သုံးပါးစလုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် သုန်မှုန်သွားခဲ့သည်။

အရှင်ပိမူနှင့် အရှင်ပိကျန့်၏ ပေါင်းစပ်မှု အပြင် အရှင်ပိမူသည် ဟန်ယွင်အဆင့် အင်မော်တယ်လက်နက် ဖြစ်သည့် တိမ်တိုက်ဝါးမျိုဓားကိုပါ ယူဆောင်သွားခဲ့ခြင်း ဖြစ်ရာ ကျိရှအင်မော်တယ်နန်းတော် ကဲ့သို့ ထိုက်ယီအဆင့် အင်အားစုပင်လျှင် အရှင်ပိမူတို့ နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤသည်ကို ကြည့်လျှင် စန်းယဲ့မြို့မှ ယဲ့မိသားစု၏ နောက်ကွယ်တွင် ထိုက်ယီအဆင့် အင်အားစုထက် ကျော်လွန်သော အင်အားစု ရှိနေနိုင်ခြေ အလွန်များနေခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ်များ ရှိနေသဖြင့် ထိုက်ယီအဆင့် အင်အားစုအချို့ကို သုံးပုံတစ်ပုံခန့် ကြောက်ရွံ့သွားစေနိုင်သော်လည်း အကယ်၍ ပြိုင်ဘက်ကသာ ထိုက်ယီအဆင့် အင်အားစုထက် ကျော်လွန်နေသည့် ဟန်ယွင်အဆင့် အင်အားစု ဖြစ်နေခဲ့လျှင် သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် မည်သည့် ခုခံမှုကိုမျှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ပိယွင်အင်မော်တယ် နန်းတော်သည် ထိုစဥ်က ကြီးမားသော အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးကတည်းကပင် သိုသိုသိပ်သိပ် နေထိုင်ခဲ့ပြီး မိုးကြိုးအင်မော်တယ် နယ်မြေအတွင်းရှိ မည်သည့် အဓိက အင်အားစုနှင့်မျှ ပြဿနာမဖြစ်ခဲ့ဖူးချေ။

အကယ်၍ ယဲ့မိသားစု၏ နောက်ကွယ်မှ အင်အားစုသည် ဟန်ယွင်အဆင့် အင်အားစု ဖြစ်နေခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်သည် သူတို့၏ ဘိုးဘေးကို ပြန်လည် ရှင်သန်လာစေရန် အလျင်အမြန် လုပ်ဆောင်ရတော့မည် မဟုတ်ပါလား။

“လုပ်စရာရှိတာကို ခပ်သွက်သွက် လုပ်မှဖြစ်မယ်.. ဘိုးဘေးကို ပြန်လည် ရှင်သန်လာအောင် လုပ်မဲ့ကိစ္စမှာ ဘယ်လို အမှားအယွင်းကိုမှ အဖြစ်ခံလို့ မဖြစ်ဘူး”

တလော့အင်မော်တယ် သုံးပါးစလုံး စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လျှင် အရှင်ပိယောင်က လေးနက်စွာ ပြောလိုက်သည်။

ထို့နောက်တွင် အရှင်ပိယောင်သည် နေရာကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အရှင်ပိယောင် ထွက်ခွာသွားပြီးနောက်တွင် တလော့ အင်မော်တယ် သုံးပါးက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။

သူတို့ထဲမှ တစ်ဦးက ခပ်တိုးတိုး ညည်းညူလိုက်သည်။

“ငါတို့တကယ်ပဲ ပိယွင်အင်မော်တယ်နန်းတော်က ပါရမီရှင်တပည့်တွေကို စတေးပြီး ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည် ရှင်သန်လာအောင် လုပ်ရတော့မှာလား”

သူတို့ ပိယွင်အင်မော်တယ် နန်းတော်မှ ဘိုးဘေးသည် လုံးဝသေဆုံးသွားခဲ့ခြင်း မဟုတ်သော်လည်း သေဆုံးသွားခြင်းနှင့် ဘာမျှ ကွာခြားမှုမရှိပေ။

ဘိုးဘေးကို ပြန်လည် ရှင်သန်စေသည့် မိစ္ဆာနည်းစနစ်ကို ရှာဖွေ တွေ့ရှိခဲ့သည့်တိုင် အမှန်တကယ် အောင်မြင်နိုင်မလား ဆိုသည်မှာ မရေရာသော ကိစ္စတစ်ခု ဖြစ်သည်။

အကယ်၍ ပိယွင်အင်မော်တယ် နန်းတော်မှ ပါရမီရှင်တပည့်များကို စတေးခဲ့ပြီးမှ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်အောင် မလုပ်ဆောင်နိုင်ခဲ့လျှင် ယင်းသည် ပိယွင်အင်မော်တယ် နန်းတော် အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်လာပေလိမ့်​မည် မဟုတ်ပါလား။

“ဒီအခြေအနေအထိ ရောက်နေမှတော့ ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”

တလော့ အင်မော်တယ် အလယ်အလတ် အဆင့်ရှိ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်သည်။

“စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်က အင်အားစုက အတော်လေး လျှို့ဝှက်ဆန်းကြယ်လွန်းတယ်.. ဒါ့အပြင် ကျိရှအင်မော်တယ် နန်းတော်ကလည်း လှုပ်ရှားဖို့ တာဆူနေခဲ့ပြီ.. ပိယွင်အင်မော်တယ် နန်းတော်က အချိန်မရွေး အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတဲ့အတွက် ငါတို့ ဘာမှ မပြင်ဆင်ဘဲ နေမယ်ဆိုရင် ဖျက်ဆီးခံရမဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ်”

လက်ရှိအချိန်တွင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည် ရှင်သန်အောင် လုပ်ဆောင်ခြင်းသည် သူတို့ ပိယွင်အင်မော်တယ် နန်းတော် အတွက် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်သည်။

“သွားကြစို့.. ဒီကိစ္စကို ငါတို့သုံး‌ယောက်စလုံး ကိုယ်တိုင် လှုပ်ရှားဖို့ လိုအပ်တယ်.. ဒီသတင်းက ပေါက်ကြားသွားလို့ လုံးဝ မဖြစ်ဘူး.. မဟုတ်ရင် အစီအစဥ် မစသေးခင်မှာတင် ပိယွင်အင်မော်တယ် နန်းတော်ထဲမှာ ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်”

တလော့အင်မော်တယ် အလယ်အလတ် အဆင့်ရှိ ကျင့်ကြံသူက ထိုစကားကို ပြောပြီးနောက်တွင် သူတို့ တလော့အင်မော်တယ် သုံးပါးစလုံးသည် ခန်းမဆောင်ထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပိယွင်အင်မော်တယ် နန်းတော်၏ အဓိကတပည့်များ နေထိုင်သော နေရာတွင် လင်းရှီယောင်သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ချင်အာဟု ခေါ်သော မိန်းကလေးနှင့်အတူ ဘေးချင်းယှဥ်၍ ရပ်နေခဲ့သည်။

လင်းရှီယောင်က ပိယွင်အင်မော်တယ် နန်းတော်၏ အစည်းအဝေးခန်းမ ရှိရာ ဘက်သို့ လှမ်းကြည့်ရင်း ချင်အာကို စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

“ချင်အာ.. ဒီတစ်ခေါက် ပိယွင်အင်မော်တယ် နန်းတော်က သေဆုံးသွားတဲ့ တလော့ အင်မော်တယ်က ဘယ်သူလဲဆိုတာ သိလား”

“အသေအချာတော့ မသိသေးဘူး.. ပိယွင်အင်မော်တယ်နန်းတော်က ဒီတစ်ခေါက် စန်းယဲ့မြို့ကို တလော့အင်မော်တယ်နှစ်ပါး စေလွှတ်ခဲ့တယ်...သူတို့က အကြီးအကဲချုပ် အရှင်ပိမူနဲ့ အရှင်ပိကျန့်တို့ပဲ.. ဒါပေမဲ့ ဒီနှစ်ယောက်ထဲက ဘယ်သူကျဆုံးသွားလဲ ဆိုတာတော့ အခုထိ မသိရသေးဘူး”

ထိုစကားကိုပြောရင်း အပြာရောင်ဝတ်စုံဝတ် မိန်းကလေး၏ လေသံက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

ခဏအကြာမှ သူမက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံး စန်းယဲ့မြို့မှာ ကျဆုံးသွားတာလည်း ဖြစ်နိုင်တယ်”

[တလော့အင်မော်တယ် နှစ်ပါးက စန်းယဲ့မြို့မှာ ကျဆုံးသွားခဲ့တယ်လား]

လင်းရှီယောင်၏ လှပသော မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

စန်းယဲ့မြို့တွင် အရှင်ပိကျန့် ကျဆုံးသွားခြင်းသည် စန်းယဲ့မြို့မှ ယဲ့မိသားစု၏ အခြေအနေကို အသေအချာ မသိရှိဘဲ ယဲ့မိသားစု၏ နောက်ကွယ်မှ အင်အားစု၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဖြစ်သည် ဆိုလျှင် ယင်းသည် အနည်းငယ် ယုတ္တိတန်သေးသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ပိယွင်အင်မော်တယ် နန်းတော်သည် စန်းယဲ့မြို့မှ ယဲ့မိသားစုတွင် အစွမ်းထက် ကျင့်ကြံသူရှိနေမှန်း သိရှိပြီးသား ဖြစ်၏။

ထို့ကြောင့် အရှင်ပိမူနှင့် အရှင်ပိကျန့် တို့သည် သေချာပေါက် အပြည့်အဝ ပြင်ဆင်ထားပေလိမ့်မည်။

သို့ဆိုလျှင် သူတို့သည် စန်းယဲ့မြို့တွင် အဘယ်ကြောင့် ကျဆုံးသွားခဲ့ပါသနည်း။

ကြည့်ရသည်မှာ စန်းယဲ့မြို့မှ ယဲ့မိသားစု၏ နောက်ကွယ်မှ အင်အားစုသည် ပိယွင်အင်မော်တယ် နန်းတော် မှန်းဆထားသည်ထက်ပင် ကျော်လွန်နေခဲ့ခြင်း ဖြစ်နိုင်လောက်၏။

သူတို့နှစ်ဦး လေသံတိုးတိုးဖြင့် စကားပြောဆိုနေကြစဥ်မှာပင် ကောင်းကင်ယံ အထက်တွင် လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး တလော့ အရှိန်အဝါ တစ်ခုသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။

ယင်းနောက်တွင် လူရိပ်တစ်ခုသည် ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

“ပိယွင်အင်မော်တယ် နန်းတော်က မကြာသေးခင်ကစပြီး ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရတယ်.. ဒီနေ့ကစပြီး အဓိကတပည့်တွေ အနေနဲ့ ခွင့်ပြုချက်မရှိဘဲ ပြင်ပကို ခြေတစ်လှမ်းတောင် ထွက်ခွင့် မရှိဘူး”

ထိုစကားကို ပြောပြီးသည်နှင့် တလော့အင်မော်တယ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို လင်းရှီယောင်တို့ အဓိကတပည့်များ နေထိုင်သည့် ဧရိယာ အပြင်ဘက်တွင် တားမြစ်အစီအရင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယင်းသို့ ပြုလုပ်ပြီးနောက်တွင် တလော့ အင်မော်တယ်သည် လင်းရှီယောင်နှင့် အဓိကတပည့်များကို စကားပြောခွင့်ပင် မပေးဘဲ အလင်းတန်းတစ်ခု အသွင်ဖြင့် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

“ချင်အာ ဒီကိစ္စက နည်းနည်း ထူးဆန်းနေတယ်လို့ ငါခံစားမိတယ်”

တလော့အင်မော်တယ် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း လင်းရှီယောင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

လင်းရှီယောင်က ချင်အာဟု ခေါ်ဆိုနေသော မိန်းကလေး၏ နာမည် အပြည့်အစုံမှာ လျှိုမန်ချင် ဖြစ်ပြီး သူမသည် ပိယွင်အင်မော်တယ် နန်းတော်၏ စီရင်ပိုင်ခွင့်နယ်မြေ အတွင်းရှိ ရွှေအင်မော်တယ်အဆင့် အင်အားစုတစ်စု ဖြစ်သည့် လျှိုမိသားစုမှ သခင်မလေး ဖြစ်သည်။

သို့သော် တကယ်တမ်းတွင် သူမသည် ကျိရှအင်မော်တယ်နန်းတော်မှ လူတစ်ဦး ဖြစ်ပြီး ကျိရှအင်မော်တယ် နန်းတော်က ပိယွင်အင်မော်တယ် နန်းတော်တွင် နှစ်ပေါင်းများစွာ ထည့်သွင်းထားသည့် သူလျှိုတစ်ဦး ဆိုလည်းမမှားပေ။

လင်းရှီယောင်က လျှိုမန်ချင် မည်သူမည်ဝါ ဖြစ်သည်ကို မတော်တဆ သိရှိသွားခဲ့ပြီးနောက်တွင် လျှိုမန်ချင်ကို ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ သူမ မည်သူမည်ဝါ ဖြစ်ကြောင်း လျှိုမန်ချင်ကို အမှန်အတိုင်း ပြောပြကာ လျှိုမန်ချင်နှင့် မဟာမိတ်များ ဖြစ်လာခဲ့ကြသည်။

ထိုအကြောင်းကြောင့်ပင် ဤနှစ်များ တစ်လျှောက်လုံးတွင် သူတို့နှစ်ဦးသည် အရာရာကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြသည့် ညီအစ်မကောင်းများ ဖြစ်လာခဲ့ကြ၏။

လင်းရှီယောင်၏ စကားကို ကြားလျှင် လျှိုမန်ချင်သည် သူမ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ခရမ်းရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ယူ၍ လှုံ့ဆော်လိုက်ရာ သူမနှင့် လင်းရှီယောင်ကို လွှမ်းခြုံထားသည့် အစီအရင် တစ်ခုသည် လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။

ထိုသို့ ပြုလုပ်ပြီးနောက်တွင် လျှိုမန်ချင်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

“အစ်မရှီယောင်.. ပိယွင်အင်မော်တယ် နန်းတော်မှာ ဆက်နေလို့မဖြစ်တော့ဘူး.. ကျွန်မတို့ အမြန်ဆုံးထွက်ပြေးမှ ဖြစ်မယ်”

ထိုစကားကိုကြားလျှင် လင်းရှီယောင်၏ လှပသောမျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး တစ်စုံတစ်ရာကို အလျင်အမြန် စဥ်းစားမိသွားခဲ့ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ပိယွင်အင်မော်တယ်နန်းတော်က ငါတို့ကို အသုံးချတော့မယ်လို့ နင်ဆိုလိုတာလား.. ငါတို့က ပိယွင်အင်မော်တယ် နန်းတော်ထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ကြတဲ့ အဲဒီ ပါရမီရှင်တွေလို ဖြစ်လာတော့မှာလား”

“ဖြစ်နိုင်ခြေ အရမ်းများတယ် အစ်မရှီယောင်”

လျှိုမန်ချင်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

လင်းရှီယောင်က မယုံကြည်နိုင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

“ပိယွင်အင်မော်တယ် နန်းတော်က သူတို့ရဲ့ ထိပ်တန်းပါရမီရှင်တွေကိုတော့ မထိလောက်ဘူး ထင်တယ်”

“မဖြစ်နိုင်တာ ဘာမှမရှိဘူး အစ်မရှီယောင်”

လျှိုမန်ချင်က ခပ်တိုးတိုး ပြောလိုက်သည်။

“သိပ်မကြာခင်ကပဲ ကျိရှအင်မော်တယ် နန်းတော်က ထိုက်ယီအဆင့် အင်မော်တယ်ဘိုးဘေးနဲ့ ညီမ တစ်ကြိမ် ဆက်သွယ်ခဲ့တယ်.. ပိယွင်အင်မော်တယ်နန်းတော်က ဘာတွေလုပ်နေတာလဲဆိုတာ အစ်မရှီယောင် သိလား”

ထိုစကားကိုကြားလျှင် လင်းရှီယောင်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

“ကောလာဟလတွေ ထွက်နေသလို ပိယွင်အင်မော်တယ်နန်းတော်က ထိုက်ယီအဆင့် အင်မော်တယ် တစ်ဦးကို အတင်းအကျပ် ပျိုးထောင်နေတာ မဟုတ်ဘူးလား”

“တလော့အဆင့်ကနေစပြီး အဆင့်သစ်တစ်ခုကို ထိုးဖောက်ချင်ရင် အင်မော်တယ် ဥပဒေသကို ပိုမိုနက်ရှိုင်းတဲ့ အဆင့်တစ်ခုအထိ နားလည် သဘောပေါက်ဖို့ လိုအပ်တယ်.. ဒီလိုနည်းလမ်းနဲ့ ဆိုရင် ပိယွင်အင်မော်တယ်နန်းတော်အနေနဲ့ အလွန်ဆုံး ခြေလှမ်းတစ်ဝက် ထိုက်ယီ အင်မော်တယ်အဆင့်ကိုပဲ ပျိုး‌ထောင်နိုင်လိမ့်မယ်...စစ်မှန်တဲ့ ထိုက်ယီအဆင့်အင်မော်တယ်ကို ပျိုးထောင်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ဒါ့အပြင် ကျိရှအင်မော်တယ် နန်းတော်က ထိုက်ယီအဆင့် ဘိုးဘေးက ညီမကို လျှို့ဝှက်ချက်တစ်ခု ပြောပြခဲ့တယ်.. ပိယွင်အင်မော်တယ် နန်းတော်က ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးက လုံးဝ သေဆုံးသွားတာ မဟုတ်ဘူးတဲ့.. ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ရည်ရွယ်ချက်က အဲဒီ ဟန်ယွင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကို ပြန်လည် ရှင်သန်အောင် လုပ်ဆောင်ဖို့ပဲ”

ထိုစကားကို ကြားလျှင် လင်းရှီယောင်၏ လှပသော မျက်ဝန်းလေးတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ပိယွင်အင်မော်တယ် နန်းတော်က လျှို့ဝှက်စွာ လုပ်ဆောင်နေခဲ့သော အရာသည် ဤမျှလောက်အထိ တုန်လှုပ်ချောက်ချားသွားစေလောက်မည့် ကိစ္စဟု သူမ ထင်မထားခဲ့ပေ။

အခန်း (၂၉၀၇)ပြီး၏။

All Chapters