အခန်း ၂၉၀၈
Vol. 231 Ch. 2908
အခန်း(၂၉၀၈)
ပိယွင်အင်မော်တယ်နန်းတော်သည် တစ်ချိန်က ဟန်ယွင်အဆင့်အင်မော်တယ်ကို ပိုင်ဆိုင်ဖူးသည့် ဟန်ယွင်အဆင့်အင်အားစုတစ်စု ဖြစ်ခဲ့ဖူးမှန်း မိုးကြိုး အင်မော်တယ် နယ်မြေ တစ်ခုလုံးရှိ လူတိုင်းနီးပါး သိရှိကြ၏။
ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ် ကျဆုံးသွားပြီဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း အမှန်တကယ် ကျဆုံးသွားခြင်းရှိ မရှိကိုမူ မည်သူမျှ အသေအချာ မသိရှိကြပေ။
ဟန်ယွင်အဆင့် အင်မော်တယ်သည် အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါးသော အဆင့် ဖြစ်၏။
အင်မော်တယ်ဘုရင် အဆင့်နှင့် ရင်မဆိုင်ရသရွေ့ ဟန်ယွင်အဆင့် အင်မော်တယ်သည် လုံးဝ ပျက်စီးကျဆုံးသွားရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယင်းအတွက်ကြောင့် ပိယွင်အင်မော်တယ် နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးသည် ဤလောကတွင် အမှန်တကယ် ဆက်လက် တည်ရှိနေသည်မှာ ဖြစ်နိုင်ပေ၏။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည်ရှင်သန်လာရန် အတွက် ပိယွင်အင်မော်တယ် နန်းတော်သည် မည်သည့်အရာကို မဆို အမှန်တကယ် လုပ်ဆောင်ဝံ့ပေလိမ့်မည်။
ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်နိုင်သည်နှင့် တစ်ပြိုင်နက် ပိယွင်အင်မော်တယ် နန်းတော်သည် ၎င်း၏ အထွတ်အထိပ်ကာလသို့ ပြန်လည် ရောက်ရှိသွားနိုင်မည် ဖြစ်ပြီး မိုးကြိုးအင်မော်တယ်နယ်မြေ အတွင်းရှိ လက်ချိုးရေတွက်၍ ရသော ဟန်ယွင်အဆင့် အင်အားစုများထဲမှ တစ်စုအဖြစ် ထပ်မံ ရပ်တည်နိုင်မည် ဖြစ်သည်။
ယခုအခါတွင် ပိယွင်အင်မော်တယ် နန်းတော်သည် တလော့အင်မော်တယ် သုံးပါးကို တစ်ပါးပြီးတစ်ပါး ဆက်တိုက်ဆိုသလို ဆုံးရှုံးခဲ့ရသည့် အပြင် စန်းယဲ့မြို့မှ ယဲ့မိသားစု နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုနှင့် ရင်ဆိုင်နေရရုံသာမက ထိုက်ယီအဆင့် အင်အားစုများထဲမှ တစ်စု ဖြစ်သော ကျိရှ အင်မော်တယ် နန်းတော်နှင့်လည်း ရင်ဆိုင်နေရ၏။
အထူးသဖြင့် ကျိရှ အင်မော်တယ် နန်းတော်သည် ဤကဲ့သို့ အခွင့်အရေးကောင်းကို သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
လက်ရှိအချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်သည် သေရေး ရှင်ရေး အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်၏။
ဤကဲ့သို့သော အချိန်တွင် ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည်ရှင်သန်လာခြင်းကသာ သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးကိုသာ ပြန်လည် အသက်ရှင်အောင် လုပ်ဆောင်နိုင်မည် ဆိုလျှင် ပါရမီရှင်တပည့် တချို့ကို စတေးရသည့်တိုင် ပိယွင် အင်မော်တယ် နန်းတော်သည် ဂရုစိုက်နေမည် မဟုတ်လောက်ချေ။
“အစ်မရှီယောင် ဘာမှ ထပ်ပြီး တွေဝေမနေနဲ့တော့.. အချိန်မနှောင်းခင် ကျွန်မတို့ ပိယွင်အင်မော်တယ် နန်းတော်ကနေ အရင်ဆုံး ထွက်ခွာမှ ဖြစ်လိမ့်မယ်”
လျှိုမန်ချင်က လင်းရှီယောင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ကျွန်မတို့ ဒီနေရာက ထွက်သွားနိုင်တာနဲ့ ကျိရှအင်မော်တယ် နန်းတော်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်.. ကျိရှ အင်မော်တယ်နန်းတော်က အစ်မအတွက် ကလဲ့စားချေဖို့ သေချာပေါက် အကူအညီပေးမှာပါ”
လင်းရှီယောင်က မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
“အခု ငါတို့ ဒီနေရာကနေ ထွက်သွားချင်တယ် ဆိုရင်တောင် သိပ်မလွယ်လောက်ဘူး ထင်တယ်”
သူမနှင့် လျှိုမန်ချင် တို့သည် ကောင်းကင်အင်မော်တယ် အဆင့်တွင်သာ ရှိနေသေးသော်လည်း ပိယွင် အင်မော်တယ်နန်းတော်၏ အထူးချွန်ဆုံး ပါရမီရှင်များထဲတွင် ပါဝင်နေခဲ့သည်။
အကယ်၍ ပိယွင်အင်မော်တယ် နန်းတော်ကသာ သူတို့ ခန့်မှန်းထားသည့် အတိုင်း ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေးပြန်လည် ရှင်သန်လာစေရန် အတွက် ဂိုဏ်းအတွင်းရှိ ပါရမီရှင် တပည့်များကို ယဇ်ပူဇော်မည် ဆိုလျှင် သူတို့ နှစ်ဦးစလုံးကို အလွယ်တကူ ထွက်ခွာခွင့်ပေးရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ထို့အပြင် လက်ရှိအချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်သည် အရေးပေါ် အခြေအနေအောက်သို့ ရောက်ရှိနေခဲ့ပြီး သူတို့ နေထိုင်သည့်နေရာကိုလည်း တလော့အင်မော်တယ် တစ်ပါး ကိုယ်တိုင် အစီအရင်ဖြင့် တားမြစ်ထားခဲ့သည်။
ဤကဲ့သို့သော အချိန်တွင် ပိယွင်အင်မော်တယ် နန်းတော်မှ အတင်းအကျပ် ထွက်ခွာရန် ကြိုးစားခြင်းမှာ မည်သို့မျှ မလွယ်ကူနိုင်ပေ။
“အဲဒီအတွက် စိတ်မပူပါနဲ့.. ညီမအားလုံး အဆင်သင့်ပြင်ထားပြီးသားပါ”
လျှိုမန်ချင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူမ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နောက်ထပ် ခရမ်းရောင်တံဆိပ်ပြား တစ်ခု လေထဲတွင် ပေါ်လာခဲ့သည်။
“ဒါက ထိုက်ယီအဆင့် အင်မော်တယ်ကိုယ်တိုင် ပြုလုပ်ထားတဲ့ ထွက်ပြေးလွတ်မြောက်ခြင်း တံဆိပ်ပြားပဲ.. ဒါက မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ ကျွန်မတို့ကို ပို့ဆောင်ပေးနိုင်တယ်.. ဒီတံဆိပ်ပြားနဲ့ဆိုရင် ပိယွင်အင်မော်တယ်နန်းတော်ရဲ့ လက်ကနေ လွတ်မြောက်ဖို့ လုံလောက်ပါတယ်”
ထိုစကားကို ပြောပြီးနောက်တွင် လျှိုမန်ချင်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ခရမ်းရောင် တံဆိပ်ပြားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ခရမ်းရောင်တံဆိပ်ပြားသည် လျှိုမန်ချင်၏ အရှေ့တွင် အမြင့်ဆယ်ပေရှိ ဟင်းလင်းပြင်တံခါးတစ်ချပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အစ်မရှီယောင် သွားကြစို့”
လျှိုမန်ချင်က လင်းရှီယောင်ကို တိုက်ရိုက်ပင် ဆွဲခေါ်လိုက်ပြီး ဟင်းလင်းပြင် တံခါးပေါက် ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
ယင်းနောက်တွင် သူမတို့ နှစ်ယောက်သည် ဟင်းလင်းပြင်တံခါးပေါက်နှင့် အတူ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်းရှီယောင်တို့ နေရာကို အစီအရင်ဖြင့် တားမြစ်ထားသည့် တလော့ အင်မော်တယ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့သည်။
“ဘာဖြစ်လို့လဲ”
သူ၏ နံဘေးရှိ အရှင်ပိယောင်က ထိုတလော့ အင်မော်တယ်၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ တားမြစ် အစီအရင်ကို အတင်းအကျပ် ထိုးဖောက်သွားပုံပဲ.. ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
စကားဆုံးသည်နှင့် ထိုတလော့ အင်မော်တယ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် သူ၏ ပုံရိပ်သည် လင်းရှီယောင်တို့နေထိုင်သော နေရာ၏ အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
အောက်ဘက်ရှိ အခြေအနေကို အကဲခတ်လိုက်ပြီးနောက်တွင် သူ၏ မျက်နှာ အမူအရာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။
“ငါ့ရဲ့တားမြစ် အစီအရင်ကို ချိုးဖျက်ပြီး မင်းတို့ ဘယ်အထိ ထွက်ပြေးနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် ထိုတလော့ အင်မော်တယ်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင် အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်၏ အနောက်မြောက်ဘက်အရပ် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာတွင် ရုတ်တရက် ဟင်းလင်းပြင် လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လူရိပ်နှစ်ခုသည် ဟင်းလင်းပြင်ထဲကနေ တိုက်ရိုက် ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်ဦးမှာ ပိယွင်အင်မော်တယ် နန်းတော်ကနေ ထွက်ပြေးလာခဲ့ကြသည့် လင်းရှီယောင်နှင့် လျှိုမန်ချင် တို့ပင် ဖြစ်သည်။
လျှိုမန်ချင်က ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်ပြီးနောက်တွင် လင်းရှီယောင်ကို လျင်မြန်စွာ ပြောလိုက်သည်။
“အစ်မရှီယောင် ကျွန်မတို့ အရင်ဆုံးပုန်းအောင်းဖို့ နေရာတစ်ခု အရင်ရှာကြရအောင်.. ပြီးမှပဲ ကျိရှ အင်မော်တယ်နန်းတော်က လူတွေနဲ့ ဆက်သွယ်ကြတာပေါ့”
“ချင်အာ.. ငါတို့ စန်းယဲ့မြို့ကိုပဲ တိုက်ရိုက် သွားကြစို့”
လင်းရှီယောင်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
တလော့အင်မော်တယ် အဆင့်သည် အလွန်အမင်း အစွမ်းထက်သဖြင့် သူတို့ ထွက်ပြေးသွားသည်ကို သိရှိပြီး လိုက်လံဖမ်းဆီးလာခဲ့လျှင် သူတို့အနေဖြင့် မည်မျှပင် အသေအချာ ပုန်းအောင်းနေသည်ဖြစ်ပါစေ၊ တလော့အင်မော်တယ်၏ ရှာဖွေမှုကနေ လွတ်မြောက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
လျှိုမန်ချင်က ကျိရှ အင်မော်တယ်နန်းတော်နှင့် ဆက်သွယ်နိုင်ခဲ့လျှင်ပင် အဝေးမှရေသည် အနီးမှမီးကို ငြှိမ်းသတ်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ စန်းယဲ့မြို့သို့ သွားရန်သာ ဖြစ်သည်။
စန်းယဲ့မြို့သည် ပိယွင် အင်မော်တယ်နန်းတော်နှင့် အလွန်အမင်း မဝေးကွာချေ။
ဆိုရလျှင် စန်းယဲ့မြို့သို့ ချောချောမွေ့မွေ့ ထွက်ပြေးနိုင်သရွေ့ ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် သူတို့ကို ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။
လျှိုမန်ချင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ အစ်မရှီယောင်.. ဒါဆို စန်းယဲ့မြို့ကိုပဲ သွားကြတာပေါ့”
ပိယွင်အင်မော်တယ် နန်းတော်သည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဟန်ယွင်အဆင့် အခြေခံအုတ်မြစ် ရှိနေဆဲ ဖြစ်သည်။
ကျိရှ အင်မော်တယ် နန်းတော် ပင်လျှင် ပိယွင် အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခု မဟုတ်ချေ။
စန်းယဲ့မြို့၏ နောက်ကွယ်တွင် ထိုက်ယီအဆင့် အင်အားစုထက် မနိမ့်ကျသည့် အင်အားစု တစ်စု ရှိနေခဲ့၏။
အကယ်၍ သူတို့သာ စန်းယဲ့မြို့၏ နောက်ကွယ်မှ အင်အားစုနှင့် ပူးပေါင်းနိုင်ခဲ့လျှင် ပိယွင် အင်မော်တယ် နန်းတော်ကို ရင်ဆိုင်ရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ ပိုမို လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။
ယင်းနောက်တွင်မူ နှစ်ဦးစလုံးသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ စန်းယဲ့မြို့ ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
သို့ရာတွင် သူတို့နှစ်ဦးသည် အဆုံးသတ်၌ ပိယွင်အင်မော်တယ် နန်းတော်ကို လျှော့တွက်မိခဲ့ကြ၏။
သူတို့က စန်းယဲ့မြို့ ရှိရာအရပ် ဆီသို့ မိုင်ပေါင်းသောင်းချီမျှသာ ပျံသန်းရသေးသည့် အချိန်မှာပင် ကြောက်မက်ဖွယ်တလော့ အရှိန်အဝါ ဖိအားတစ်ခုသည် သူတို့ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်ကနေ တိုက်ရိုက်ဆိုသလို ကျဆင်းလာခဲ့သည်။
သူတို့က ဟင်းလင်းပြင်ထက်ကို မော့ကြည့်လိုက်ရာ သူတို့နှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုပုံရိပ်ကို မြင်သည်နှင့် လင်းရှီယောင်နှင့် လျှိုမန်ချင် တို့သည် သူမတို့၏ စိတ်နှလုံးက အေးစက်သွားသလို ခံစားခဲ့ရ၏။
ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် ဖြစ်သည့် ပိချွမ် ဖြစ်သည်။
ပိယွင်အင်မော်တယ် နန်းတော်က သူမတို့ ထွက်ပြေးသွားသည်ကို ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် သိရှိသွားလိမ့်မည်ဟု သူမတို့ ထင်မှတ်မထားခဲ့ကြပေ။
“ပိယွင်အင်မော်တယ် နန်းတော်ရဲ့ အဓိက တပည့်တွေက ခွင့်ပြုချက်မရှိဘဲ အပြင်ကို ထွက်ခွာခွင့်မရှိဘူး.. မင်းတို့က ငါ့ရဲ့ အမိန့်ကို လျစ်လျူရှုဝံ့တယ် ဆိုတော့ အတော် သတ္တိကောင်းနေပါလား”
ဤအခိုက်အတန့်တွင် အရှင်ပိချွမ်၏ အေးစက်စက် စကားသံက ထွက်ပေါ်လာခဲ့သည်။
လျှိုမန်ချင်က နှာခေါင်းရှုံ့လိုက်ပြီး အရှင်ပိချွမ်ကို တုံ့ပြန်ပြောဆိုလိုက်သည်။
“ရှင်တို့က ဟန်ယွင်အဆင့် အင်မော်တယ်ဘိုးဘေး ပြန်လည်ရှင်သန်လာဖို့ အတွက် ဂိုဏ်းထဲက ပါရမီရှင်တွေကို ယဇ်ပူဇော်ဖို့ စီစဥ်နေတာ မဟုတ်လား.. တကယ်လို့ ကျွန်မတို့က ပိယွင်အင်မော်တယ် နန်းတော်ကနေ ထွက်မပြေးခဲ့ဘူး ဆိုရင် ရှင်တို့ရဲ့ သတ်ဖြတ်တာကိုပဲ ခံရမှာပဲလေ”
လျှိုမန်ချင်၏ စကားကို ကြားလိုက်ရလျှင် အရှင်ပိချွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ပိယွင်အင်မော်တယ် နန်းတော်၏ ဟန်ယွင်အဆင့် ဘိုးဘေး ပြန်လည် ရှင်သန်အောင် လုပ်ဆောင်မည့် အစီအစဥ်သည် အလွန်ပင် လျှို့ဝှက်ထားသည့် ကိစ္စတစ်ခု ဖြစ်သည်။
တလော့အင်မော်တယ်များမှ လွဲ၍ ပိယွင် အင်မော်တယ်နန်းတော် တစ်ခုလုံးတွင် ဤကိစ္စကို မည်သူမျှ မသိရှိကြပေ။
ပိယွင်အင်မော်တယ် နန်းတော်မှ ဤတပည့်မလေးသည် ထိုကိစ္စကို မည်ကဲ့သို့ သိရှိသွားပါသနည်း။
“မင်းတို့နှစ်ယောက်က ငါ့ရဲ့ တားမြစ်အစီအရင်ကို ချိုးဖျက်ပြီး ပိယွင် အင်မော်တယ် နန်းတော်ကနေ ထွက်ပြေးနိုင်ခဲ့ကြပုံထောက်တော့ မင်းတို့က သာမန် ပိယွင်အင်မော်တယ်နန်းတော်က တပည့်တွေလောက်တော့ မရိုးရှင်းလောက်ဘူး ထင်တယ်.. ဟုတ်တယ်မလား”
အရှင်ပိချွမ်က ကြောက်မက်ဖွယ် တလော့အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး မိန်းကလေးနှစ်ဦးကို ဖိအားပေးကာ အေးစက်စက် မေးမြန်းလိုက်သည်။
“ပြောစမ်း.. မင်းတို့က ဘယ်သူလဲ.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ထဲကို ခိုးဝင်လာရတဲ့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
အခန်း (၂၉၀၈)ပြီး၏။