အခန်း (၃၉၅-၃၉၆)
Vol. 33 Ch. 395-396
အခန်း(၃၉၅)
တစ်ချိန်တည်းမှာပဲ အန်ဂိုရာမြို့က စစ်သည်တော်များရုံးတော်ထဲမှာတော့ အလုပ်သင်စစ်သည်တော်နဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ စစ်သည်တော်တချို့ဟာ သူတို့ရဲ့ ချောကလက်တောင့်တွေကို အားဖြည့်ဝယ်ယူဖို့ ရီနေးတားကုန်တိုက်ကြီးဆီ ရောက်နေကြတယ်။
ဒါက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သူတို့လုပ်နေကျ အလေ့အထတစ်ခုပဲ။ လေ့ကျင့်မယ်၊ ချောကလက်စားမယ်၊ ပြီးရင် အိပ်မယ်ပေါ့။
သူတို့ ကုန်တိုက်ထဲကို ဝင်ခါနီးမှာပဲ ဝင်ပေါက်နားက မှန်အရောင်းပြခန်းဘေးမှာ ကပ်ထားတဲ့ ပိုစတာတစ်ခုဆီကို သူတို့မျက်လုံးတွေ ရုတ်တရက် ရောက်သွားကြတယ်။
ဆယ်ကျော်သက်အရွယ် အလုပ်သင်စစ်သည်တော်တစ်ယောက်က ပိုစတာနားကို လျှောက်သွားပြီး အထဲကစာတွေကို ဖတ်လိုက်တယ်။
"သတိပေးချက်။ နှလုံးရောဂါရှိသူများ မလာရ"
အဲဒီစာကို ကြားလိုက်ရတော့ တခြားအလုပ်သင်စစ်သည်တော်တွေလည်း ချက်ချင်းပဲ စိတ်ဝင်စားသွားကြတယ်။ "အဲဒါ ဘာလဲ" လို့ သူတို့က မေးလိုက်ကြတယ်။
"ဒီပိုစတာလေ။ ကြည့်ရတာ ဒီ ရိုလာကိုစတာ က သတ္တိရှိတဲ့သူတွေပဲ စီးရဲမယ့် ထိတ်လန့်စရာ အတွေ့အကြုံမျိုး ထင်တယ်"
"ငါ့ကို ပေးကြည့်စမ်း" လို့ ဆယ်ကျော်သက်တစ်ယောက်က ပြောရင်း ပိုစတာဆီ လျှောက်သွားတယ်။ စာကို ဖတ်ပြီးတာနဲ့ သူက နားမလည်နိုင်သလိုမျိုး ခေါင်းကို စောင်းလိုက်မိတယ်။
"ဒါက ဘာလို့ ကြောက်စရာကောင်းရမှာလဲ။ မိစ္ဆာတွေ ဘာတွေလည်း ရှိတာမဟုတ်ဘဲ။ ပြီးတော့ ဒီမှာလည်း လုံးဝ ဘေးကင်းပါတယ်လို့ ရေးထားသားပဲ။ အဲဒါကို လူတွေက ဘာလို့ ကြောက်နေကြတာလဲ"
"အေးလေ။ ငါကတော့ အဲဒါကို ကြောက်မှာမဟုတ်ဘူး" လို့ မျက်မှန်နဲ့ အလုပ်သင်စစ်သည်တော်တစ်ယောက်က လေသံအပြည့်နဲ့ ပြောလိုက်တယ်။
သူ့သူငယ်ချင်းတွေကတော့ သူ့ကိုမယုံသလို ရယ်မောလိုက်ကြတယ်။
"ဟကောင်... မင်းက ဓားတစ်လက်နဲ့ အခုတ်ခံရတော့မယ်ဆိုရင်တောင် မျက်လုံး တဖျတ်ဖျတ် မှိတ်နေတဲ့ကောင်ပါ။ မင်းက လာပြောနေသေးတယ်"
"ဟဟ။ ငါတို့ထဲမှာ ဓားသခင်နှလုံးသား အားအနည်းဆုံးကောင်က ဒီမှာ အသတ္တိအရှိဆုံးလူလိုလို လာလုပ်နေတာကို မယုံနိုင်စရာပဲ"
မျက်မှန်နဲ့ကောင်လေးက သူ့သူငယ်ချင်းတွေရဲ့ နောက်ပြောင်မှုကို စိတ်ဆိုးပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ "ငါ မကြောက်ပါဘူး။ အဲဒါကို သက်သေပြမယ်။ ငါတို့အားလုံး ဒီရိုလာကိုစတာကို သွားကြမယ်၊ ဘယ်သူက အကြာဆုံး ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
သူ့သူငယ်ချင်းတွေက ရယ်မောပြီးမှ ခေါင်းညိတ်လိုက်ကြတယ်။ "အပေးအယူပဲ"
* * * * * * * *
တစ်ချိန်တည်းမှာပဲ အန်ဂိုရာမြို့ရဲ့ တခြားတစ်နေရာမှာတော့ လူအနည်းငယ်ဟာ နံရံက ပိုစတာကို စိုက်ကြည့်ရင်း စကားပြောနေကြတယ်။
"ဒီရိုလာကိုစတာက မြက်ခင်းပြင်ချိုင့်ဝှမ်းထဲမှာ ရှိတာလား" လို့ လူကုံထံတစ်ယောက်က အံ့ဩတကြီး ပြောလိုက်တယ်။ "အဲဒီဘက်မှာ ခြောက်ကပ်နေတဲ့ သဲကန္တာရပဲ ရှိတယ်လို့ ငါထင်ထားတာ"
သူ့သူငယ်ချင်းဖြစ်တဲ့ နောက်ထပ် လူကုံထံတစ်ယောက်က ချက်ချင်းပဲ ခေါင်းခါပြလိုက်တယ်။ "မင်း ရီနေးတားကုမ္ပဏီအကြောင်း မသိဘူးလား"
"သိတာပေါ့။ ဘယ်သူက မသိဘဲ နေမှာလဲ"
"အေး... သူတို့နိုင်ငံက မြက်ခင်းပြင်ချိုင့်ဝှမ်းထဲမှာ ရှိတာလေ။ ငါကိုယ်တိုင်တော့ မရောက်ဖူးသေးဘူး၊ ဒါပေမဲ့ အဲဒီအကြောင်း ကောင်းသတင်းတွေ အများကြီး ကြားဖူးတယ်။ ညဘက်ဆိုရင် အဲဒီနေရာကို ကြယ်တွေ ဆင်းသက်ကြတယ်လို့ ပြောကြတယ်" လို့ အဲဒီလူရဲ့ သူငယ်ချင်းက ပြောပြတယ်။
"အင်း... သူတို့က တက္ကစီခကိုလည်း လျှော့ပေးထားတာပဲ။ ငါလည်း ငါ့မိသားစုနဲ့အတူ အဲဒီကို သွားလည်ရမယ်" လို့ အဲ့ဒီ လူကုံထံက ပြောတယ်။
"အကြံကောင်းပဲ။ ငါလည်း အဲလိုပဲ လုပ်မယ်"
ကွင်းစ်နယ်မြေထဲမှာ အဲဒီလိုလူတွေ အများကြီး ရှိနေတယ်။ သူတို့ဟာ ရီနေးတားကုမ္ပဏီအကြောင်း ကြားဖူးကြပေမဲ့ ရီနေးတားနိုင်ငံတော်အကြောင်းကိုတော့ လူသိ သိပ်မများကြသေးဘူး။
ဒါကလည်း အရင်က မိုက်ကယ်အနေနဲ့ သူတို့နိုင်ငံအကြောင်းကို လူသိရှင်ကြား သိပ်ပြီး ကြော်ငြာမထားခဲ့လို့ပဲ။ အခု ရိုလာကိုစတာကို ပရိုမိုးရှင်းလုပ်တဲ့အခါကျမှပဲ လူတော်တော်များများက သူတို့နိုင်ငံ ရှိနေမှန်းကို သိသွားကြတော့တယ်။
ရိုလာကိုစတာ ကြော်ငြာတွေက မြို့ရဲ့ နေရာအနှံ့အပြားမှာ အုန်းအုန်းထနေတာကြောင့် မသိတဲ့သူ မရှိသလောက်ကို ဖြစ်သွားရတာ။
ဒါကြောင့်မို့လို့ ရီနေးတားနိုင်ငံတော်ဆီ သွားလည်ဖို့ ကင်းစ်နယ်မြေကို ဦးတည်ထွက်ခွာကြတဲ့လူတွေ အများကြီး ရှိလာခဲ့တယ်။
ရီနေးတားတက္ကစီတွေနဲ့ ဘတ်စ်ကားတွေကို စီးတဲ့လူဦးရေက အံ့မခန်းပါပဲ။ အန်ဂိုရာမြို့၊ ဂရက်ဖ်တက်ကလတ်စတာနဲ့ နီယိုအော်ကပ်စ်တို့က လူဦးရေရဲ့ ထက်ဝက်နီးပါးလောက်ဟာ မြက်ခင်းပြင်ချိုင့်ဝှမ်းဆီကို ရွှေ့ပြောင်းထွက်ခွာခဲ့ကြတယ်။
နောက်တစ်ကြိမ်မှာလည်း ကုမ္ပဏီတော်တော်များများဟာ ရီနေးတားကုမ္ပဏီရဲ့ ပါးနပ်ဆန်းသစ်လှတဲ့ စီးပွားရေးလုပ်ဆောင်ပုံတွေကို အံ့ဩချီးကျူးလို့ မဆုံး ဖြစ်နေကြရပြန်တယ်။
ဒါက လူတိုင်းအတွက် ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာတာကို မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ အဲဒါက ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာကို သူတို့ တစ်ခါမှ မတွေးမိခဲ့ကြဘူး။
* * * * * * * *
နောက်ဆုံးတော့ နောက်တစ်နေ့ကို ရောက်ရှိလာပြီး ရိုလာကိုစတာကို လူထုအတွက် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ။
မိုက်ကယ်က မနက်စောစော နိုးလာပြီး မြက်ခင်းပြင်ချိုင့်ဝှမ်းဆီကို ကိုယ်ယောင်ဖျောက် ရောက်ရှိသွားတယ်။
သူက နိုင်ငံတော်ရဲ့ အထက် ကောင်းကင်ယံမှာ ပျံဝဲနေရင်း ဟိုးမိုးကုပ်စက်ဝိုင်းဆီကနေ မောင်းနှင်ဝင်ရောက်လာကြတဲ့ ရီနေးတားတက္ကစီ အမြောက်အမြားကို ချက်ချင်းပဲ မြင်လိုက်ရတယ်။
လမ်းမရဲ့ လမ်းကြောတိုင်းမှာ နိုင်ငံတော်ရဲ့ တံခါးဝကနေ ဝင်ဖို့ စောင့်ဆိုင်းနေကြတဲ့ မော်တော်ကားတွေနဲ့ ပြည့်နှက်နေတာပဲ။ လော့လိုနဲ့ ရီနေးတားနိုင်ငံသားတွေဟာ အလုံးအရင်းနဲ့ ဝင်လာတဲ့ ခရီးသွားဧည့်သည်တွေကို နေရာချထားပေးဖို့ အလုပ်ရှုပ်နေကြတယ်။ ကံကောင်းထောက်မစွာပဲ သူတို့က ဒါကို ကြိုတင်ပြင်ဆင်ထားခဲ့ကြလို့ ခရီးသွားတွေအတွက် ကားပါကင်အသစ်ဆီကို ယာဉ်ကြောအားလုံးကို မြန်မြန်ဆန်ဆန်ပဲ လမ်းကြောင်းလွှဲပေးနိုင်ခဲ့တယ်။
ဒီနေ့ လာရောက်လည်ပတ်သူ အရေအတွက်က အရင်က အများဆုံးစံချိန်ထက်ကို အပြတ်အသတ် သာလွန်နေခဲ့တယ်။
‘ကြော်ငြာက အလုပ်ဖြစ်သွားပြီပဲ’ လို့ သူက ကိုယ့်ဘာသာ ရေရွတ်လိုက်တယ်။
ဒါက ကင်းစ်နယ်မြေက လာလည်ကြတဲ့လူတွေပဲ ရှိသေးတာ။ ကွင်းစ်နယ်မြေက လာမယ့်သူတွေကတော့ နေ့လယ်ပိုင်းကျမှ ရောက်လာကြမှာဖြစ်လို့ လမ်းမတွေက အခုထက်ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်လို့ မိုက်ကယ်က တွေးထားတယ်။
ခရီးသွားအချို့ကတော့ နိုင်ငံတော်ထဲကို အရင်ဆုံး လှည့်လည်ကြည့်ရှုကြတယ်။ လျှပ်စစ်မီးလုံးတွေ၊ မြင့်မားတဲ့ ကွန်ကရစ်အဆောက်အအုံတွေ၊ မျိုးစုံလှတဲ့ လူတစ်ပိုင်းသတ္တဝါ ရပ်ကွက်တွေနဲ့ ဧရာမ ဘေ့စ်ဘောကွင်းကြီးကိုပါ မြင်ပြီး အရာအားလုံးကို အံ့ဩမှင်တက်နေကြတာ။
ဒါပေမဲ့ ခရီးသွားအချို့ကတော့ နိုင်ငံတော်ရဲ့ ဘေးက ကန္တာရကွင်းပြင်ကြီးထဲမှာ ရှိနေတဲ့ ဧရာမ အဆောက်အအုံကြီးဆီကို ချက်ချင်းပဲ အာရုံရောက်သွားကြတယ်။
"ဝါး။ ဒါက ပိုစတာပေါ်က ပန်းချီကားထက်တောင် ပိုပြီး ကြီးသေးတယ်" လို့ အလုပ်သင်စသည်တော်တစ်ယောက်က ရိုလာကိုစတာ ဘေးက သံဇကာစည်းရိုးကို ကျော်ကြည့်ရင်း ပြောလိုက်တယ်။
"ဒါက ဟိုးအမြင့်ကြီးအထိ ရောက်တာပဲလား။ တိမ်တွေကိုတောင် သွားထိနေပြီ။ တကယ်ပဲ နည်းနည်းတော့ ကြောက်စရာကောင်းမယ့်ပုံပဲ"
မိုက်ကယ်က လာရောက်လည်ပတ်သူတွေကို အကဲခတ်ကြည့်လိုက်တဲ့အခါ သူတို့ထဲက အများစုဟာ သူတို့ဘာသာသူတို့ သန်မာကြတဲ့သူတွေဖြစ်မှန်း သတိထားမိတယ်။ သူတို့အားလုံးဟာ ကြယ်သုံးပွင့်မန္တန်အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ကျင့်စဉ်အဆင့် ရှိကြတဲ့သူတွေပဲ။
ဒီလူတွေက စွန့်စားရှာဖွေသူများ ဖြစ်လိမ့်မယ်လို့ မိုက်ကယ်က ခန့်မှန်းလိုက်တယ်။ သူတို့က ရိုလာကိုစတာရဲ့ စိန်ခေါ်မှုကို ဘာလို့ လာရင်ဆိုင်ကြလဲဆိုတာ အဓိပ္ပာယ်ရှိလှပါတယ်။
ရိုလာကိုစတာ ဝင်ပေါက်မှာ လူတန်းကြီး အရှည်ကြီး ဖြစ်နေတာကို မြင်တော့ မိုက်ကယ်က မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး ခုန်းနဲ့ တခြား အင်ဂျင်နီယာတွေဆီ သွားလိုက်တယ်။
သူတို့အားလုံးက ရိုလာကိုစတာရဲ့ ဘေးနားတင်ရှိတဲ့ ထိန်းချုပ်ရေးအဆောက်အအုံထဲမှာ ရှိနေကြတာ။ ဒီနေရာကနေ သူတို့က ရိုလာကိုစတာ စီးနင်းမှုကို အချိန်ပြည့် စောင့်ကြည့်နိုင်ပြီး အဆင်ပြေပြေ လည်ပတ်နေရဲ့လားဆိုတာ သေချာအောင် လုပ်နိုင်ကြတယ်။
"အဆင်သင့်ဖြစ်ပြီလား" လို့ သူက မေးလိုက်တယ်။
"အဆင်သင့် ဖြစ်တာထက်ကို ပိုပါတယ် သခင်" လို့ ခုန်းက သူ့ချွေးတွေကို သုတ်ရင်း ပြန်ဖြေတယ်။
"ငါ မစောင့်နိုင်တော့ဘူး" လို့ ဗီဗီက မှန်ပြတင်းပေါက်ကနေတစ်ဆင့် ရိုလာကိုစတာထဲ ဝင်ဖို့ စောင့်နေကြတဲ့ ခရီးသွားတွေကို ကြည့်ရင်း ပြောတယ်။ "သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဒီနေရာကနေတင် ငါ ခံစားလို့ရနေပြီ"
"ငါတို့ နောက်ဆုံးတော့ ကြောက်ရွံ့ခြင်းအရသာကို မြည်းစမ်းရတော့မယ်" လို့ ဗီဗီဘေးက နတ်သူငယ်တွေက ဝမ်းသာအားရ အော်ဟစ်ကြတယ်။
ဒီနေရာကို ဗီရီယန်တောင် ရောက်နေတာကို မိုက်ကယ် သတိထားမိသွားတယ်။
"ဘာလဲ။ ငါလို အဖွားကြီးလည်း တစ်ခါတလေကျရင် ဗိုက်ဆာတတ်တာပေါ့" လို့ မိုက်ကယ်ရဲ့ အကဲခတ်တဲ့ အကြည့်ကို သတိပြုမိပြီး သူက ပြောလိုက်တယ်။
မိုက်ကယ်က လက်နှစ်ဖက်ကို မြှောက်ပြီး အရှုံးပေးလိုက်တယ်။ နတ်သူငယ်တွေဟာ သီတင်းပတ်တစ်ခုလုံး အပင်ပန်းခံ အလုပ်လုပ်ခဲ့ကြတာဖြစ်လို့ ဒီဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။
"ကဲ... အဲဒါဆို ငါတို့ ဘာကို စောင့်နေကြဦးမှာလဲ။ သွားပြီးတော့ ဒီလူတွေကို သူတို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ပြသလိုက်ကြစို့"
မိုက်ကယ်က စက်ပေါ်က မောင်းတံကို ဆွဲချလိုက်တဲ့အခါမှာတော့ ရိုလာကိုစတာကြီးတစ်ခုလုံးဟာ အုန်းခနဲ အသက်ဝင် လည်ပတ်သွားတော့တယ်။ တံခါးဝက ဆိုင်းဘုတ်ပေါ်မှာ လင်းထိန်နေတဲ့ မီးလုံးတွေနဲ့ အခုလို ပေါ်လာခဲ့တယ် -
“ဝံပုလွေရိုင်းမုန်တိုင်းလမ်း”
ဝင်ပေါက်က လူအုပ်ကြီးဟာ အံ့ဩတကြီးနဲ့ အော်ဟစ်လိုက်ကြတယ်။
အဲဒီအချိန်မှာပဲ ရီနေးတားဝန်ထမ်းတွေက တံခါးဝဆီကို ရွှေ့သွားပြီး ဝင်ကြေးတွေကို စတင်ကောက်ခံတော့တယ်။
ပြီးတော့ သူတို့က ပထမဆုံး ရောက်လာတဲ့လူတွေထဲက ဆယ်ယောက်ကို ခေါ်ပြီး ရိုလာကိုစတာ စီးမယ့်နေရာဆီကို လမ်းပြခေါ်ဆောင်သွားတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရိုလာကိုစတာရဲ့ ပထမဆုံး ဖောက်သည်ဖြစ်ခွင့်ရတဲ့ ကံကောင်းသူ ဆယ်ယောက်ကတော့ ကွင်းစ်နယ်မြေကနေ လာကြတဲ့ အလုပ်သင်စစ်သည်တော် ဆယ်ယောက်အဖွဲ့ပဲ ဖြစ်နေခဲ့တယ်။
"ဝံပုလွေရိုင်းမုန်တိုင်းလမ်းကနေ ကြိုဆိုပါတယ်။ လူကြီးမင်းတို့ရဲ့ ပစ္စည်းတွေကို ဘယ်ဘက်က ဘီဒိုတွေထဲမှာ သေချာ ထည့်သွင်းသိမ်းဆည်းပေးပါ" လို့ တက်ကြွဖျတ်လတ်တဲ့ ခွေးလူသား ဝန်ထမ်းလေးက ဖောက်သည်တွေကို ပြောလိုက်တယ်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ၊ လူကြီးမင်းတို့ ထိုင်ရမယ့်နေရာတွေကို လမ်းပြပေးပါ့မယ်"
* * * * * * * *
စာစဉ်(၃၃)
အခန်း(၃၉၆)
ရိုလာကိုစတာ ဝန်ထမ်းလေးက ရီနေးတားစစ်သည်တော် ဆယ်ယောက်လုံးကို အဆင်ပြေပြေ ထိုင်ခုံခါးပတ် ပတ်ပေးလိုက်တယ်။
"ဒါကြီးက အမိုးမပါတဲ့ ရီနေးတား တက္ကစီနဲ့ တူသားပဲ"
စစ်သည်တော်တစ်ယောက်က အဲဒီလို ပြောလိုက်တာပေါ့။
"ငါတော့ ဒီခါးပတ်ကြီး မလိုပါဘူး။ ဒီအတိုင်းပဲ ကိုင်ထားရင် အေးဆေးပဲကို"
မျက်မှန်နဲ့ လူငယ်လေးက ဆိုတယ်။
အားလုံးကို အသေအချာ သော့ခတ်ပြီးတာနဲ့ ဝန်ထမ်းမလေးက လူတင်တဲ့နေရာကနေ ထွက်သွားပြီး ရိုလာကိုစတာရဲ့ အဝင်ဂိတ်တံခါးတွေကို ပိတ်လိုက်တယ်။
"ပျော်ပျော်ကြီး စီးခဲ့ကြနော်"
သူမက လှမ်းအော်ပြောလိုက်တာပါ။
လူငယ်တွေကတော့ ရယ်မောနေကြတုန်းပဲ။ ဒီကစားနည်းကို အပေါစား အတွေ့အကြုံလေးတစ်ခုလိုပဲ သဘောထားနေကြတာ။ လာမယ့်ဘေး ပြေးကြည့်လို့မရမှန်း မသိကြသေးဘဲ သူတို့မျက်နှာတွေမှာ ပျော်ရွှင်မှုနဲ့ အပြစ်ကင်းစင်မှုတွေ အပြည့် ရှိနေတုန်းပဲ။
ရှူးးး။
ရိုလာကိုစတာရဲ့ ဟိုက်ဒရိုးလစ်စနစ် စတင်အလုပ်လုပ်လိုက်တဲ့ အသံကြောင့် စစ်သည်တော်တွေ လန့်ဖျပ်သွားကြတယ်။ ဧရာမ ဝက်ဝံမိစ္ဆာကြီးတစ်ကောင် ရှေ့ရောက်နေသလိုမျိုးတောင် သူတို့ ခံစားလိုက်ရတာ။
အဲဒီနောက်မှာတော့ ကစားကွင်းရထားလေးက စတင်ရွေ့လျားပြီး အပေါ်ကို တရွေ့ရွေ့ တက်သွားတော့တယ်။ ရီနေးတားတစ်နိုင်ငံလုံးကို ငှက်မျက်စိလို အပေါ်စီးကနေ ကောင်းကောင်းမြင်ရတဲ့ အမြင့်အထိ ရောက်သွားတဲ့အထိပါပဲ။
စစ်သည်တော်တွေ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ မြေပြင်နဲ့ ဘယ်လောက်တောင် ဝေးနေပြီလဲဆိုတာ သဘောပေါက်သွားကြတယ်။
ဒီနေရာ ရောက်တော့မှပဲ သူတို့ မရယ်နိုင်တော့ဘူး။ အခြေအနေက တကယ်ကြီး စိုးရိမ်စရာ ဖြစ်သွားပြီလေ။ သူတို့မှာ ဘယ်လောက်ပဲ ထူးချွန်တဲ့ ကိုယ်ခံပညာရပ်တွေ ရှိနေပါစေဦးတော့၊ ဒီလောက် မြင့်တဲ့နေရာကနေ ပြုတ်ကျရင် ဒဏ်ရာမရဘဲ လွတ်ဖို့ဆိုတာ မလွယ်ဘူးလေ။
နောက်ဆုံးတော့ သူတို့ ရိုလာကိုစတာရဲ့ အမြင့်ဆုံး အထွတ်အထိပ်နေရာကို ရောက်သွားပြီး ခဏတာ စိတ်သက်သာရာ ရလိုက်ကြသေးတယ်။
ဒါပေမဲ့ အဲဒီလို စိတ်အေးလိုက်ရတာက ခဏလေးတင်ပါ။ ဘာလို့လဲဆိုတော့ ရထားသံလမ်းက ၉၀ ဒီဂရီနီးပါး ထိုးဆင်းသွားတဲ့ လမ်းကြောင်းဆီ ချက်ချင်း ဦးတည်နေတာကို မြင်လိုက်ရလို့ပဲ။
"ဝိုး ဝိုး ဝိုး။ နေဦး"
"ငါတို့ ပြုတ်ကျတော့မယ်။ မဖြစ်နိုင်တာ"
...ကလစ်...ကလစ်...ကလစ်...
အဲဒီနောက်မှာတော့ ရထားတွဲက သူတို့တစ်ခါမှ မကြုံဖူးတဲ့ အရှိန်အဟုန်မျိုးနဲ့ အောက်ကို ထိုးဆင်းသွားတော့တယ်။ သူတို့ နှလုံးသားတွေ တစ်ကိုယ်လုံး လည်ပတ်ပြီး လည်ချောင်းဝအထိ ဆောင့်တက်လာမတတ်ပဲ။
"အားးးး"
"မေမေရေ ကယ်ပါဦး"
"ကျားးးး"
လူငယ်စစ်သည်တော်တွေဆီကနေ မိန်းကလေးအသံလိုမျိုး အော်ဟစ်သံတွေ ထွက်လာတော့တာပေါ့။ သူတို့ရဲ့ အသက်က ဒီခါးပတ်ပေါ်မှာပဲ တည်မှီနေသလိုမျိုး ခါးပတ်တွေကို အတင်း ဆုပ်ကိုင်ထားကြတယ်။
တွဲတစ်တွဲမှာ လူနှစ်ယောက်စီပဲ ထိုင်လို့ရတာဆိုတော့ စစ်သည်တော်တွေဟာ ကြောက်လန့်တကြားနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိကြပြီး ဒါဟာ သူတို့ အသက်ရှင်လျက် နောက်ဆုံးတွေ့ရခြင်းပဲလို့တောင် ထင်နေကြတာ။
အဆိုးဆုံးကတော့ သူတို့က မြေပြင်ပေါ်ကို ဆောင့်မိတော့မယ့်အတိုင်း တည့်တည့်ကြီး ထိုးဆင်းနေတာပဲ။
ဒါပေမဲ့ နောက်ဆုံးစက္ကန့်ကျမှ သံလမ်းက ဘေးဘက်ကို ကွေ့ဝိုက်သွားတာမို့ သူတို့အားလုံး ဆန့်ကျင်ဘက်အရပ်ကို အရှိန်နဲ့ ယိမ်းထိုးသွားကြတယ်။
ပြီးတော့ ရိုလာကိုစတာက ဇောက်ထိုး လှည့်ပတ်တဲ့ လမ်းကြောင်းတွေထဲ ဝင်သွားတာမို့ သူတို့အားလုံး ခေါင်းတွေပါ မူးနောက်ကုန်တော့တာပေါ့။
သူတို့ရဲ့ အော်ဟစ်သံတွေက ရိုလာကိုစတာ တစ်ခုလုံးမှာ သာမက ရီနေးတားရဲ့ လမ်းမတွေအထိပါ ပျံ့လွင့်သွားခဲ့တယ်။
ရိုလာကိုစတာ ဂိတ်တံခါးဝမှာ အလှည့်စောင့်နေတဲ့ လူတွေလည်း သံလမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးနေတဲ့ ရထားတွဲတွေကို ကြည့်ပြီး မစိုးရိမ်ဘဲ မနေနိုင်ကြတော့ဘူး။
"သူတို့ ဘာဖြစ်နေကြတာလဲ။ သေရော့မှာလား"
"ဒီလောက်တောင် မြန်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
ရထားတွဲက ဇောက်ထိုးလမ်းကြောင်းတွေကနေ ထွက်လာတဲ့အခါမှာတော့ စစ်သည်တော်တွေဟာ မောဟိုက်ပန်းနွမ်းပြီး အသက်ကို ပြင်းပြင်းရှူနေကြရတယ်။ ဒီအတွေ့အကြုံကြီးကြောင့် သူတို့ခမျာ ဘယ်က ဘယ်လမ်းမှန်းတောင် မခွဲခြားနိုင်တော့ဘူး။
"ဟူးးး... မပြီးသေးဘူးလား"
တကယ်တမ်းကျတော့ အဖြေက မပြီးသေးပါဘူး။ ရထားတွဲတွေက မှောင်မည်းနေတဲ့ မြေအောက်လိုဏ်ဂူထဲကို ဆက်ဝင်သွားပြန်တာမို့ စစ်သည်တော်တွေခမျာ ရှေ့မှာ ဘာလာဦးမလဲဆိုပြီး ပိုလို့တောင် ထိတ်လန့်ကုန်ကြပြန်တယ်။
စောစောကတော့ ကွေ့တာ ဝိုက်တာတွေကို မြင်နေရသေးလို့ ကြိုတင်ပြင်ဆင်လို့ ရသေးတာပေါ့။ အခုတော့ မြေပြင်နဲ့ ဆောင့်မိတော့မမှာလား ဆိုတာတောင် မသိရတော့ဘူး။ အရှိန်ပြင်းပြင်းနဲ့ ပြေးနေတဲ့ ရထားပေါ်မှာ မြေဆွဲအားရဲ့ ဆွဲငင်မှုကိုပဲ တရားသေ ခံစားနေရတော့တာ။
အဲဒီအချိန်မှာပဲ လျှပ်စီးအလင်းတန်းက ဖြန်းခနဲ ဖြစ်သွားတယ်။
စစ်သည်တော်တွေရဲ့ လက်မောင်းက အမွှေးအမျှင်တွေအထိ ထောင်ထသွားရတယ်။ ဒီလိုဏ်ဂူထဲမှာ ဧရာမ မိုးသက်မုန်တိုင်းကြီးတစ်ခု ရှိနေသလိုမျိုး အသံတွေ မြည်ဟည်းနေတာလေ။
သူတို့ခေါင်းပေါ်တည့်တည့်မှာ ဧရာမ လျှပ်စီးလှိုင်းကြီးတစ်ခု ဖြတ်ကူးသွားပြီး ခေါင်းကို ထိလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါက သူတို့ကို အသိဉာဏ် လွတ်ထွက်သွားမတတ် ကြောက်လန့်စေခဲ့တာပေါ့။ အဲဒီ လျှပ်စီးရဲ့ တန်ခိုးက ကြယ်လေးပွင့်မန္တန် တစ်ခုရဲ့ စွမ်းအားနဲ့တောင် တူနေတာ။ အကယ်၍ အဲဒါသာ သူတို့ကို ထိမှန်သွားရင် သူတို့လည်း ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး။
"အားးးး"
သူတို့အားလုံး သေရတော့မယ်အထင်နဲ့ အော်ဟစ်လိုက်ကြပြီး နောက်ဆုံးတော့ ကစားနည်းက လိုဏ်ဂူထဲကနေ ထွက်လာပြီး ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့တယ်။
စစ်သည်တော်တွေကတော့ ကစားနည်း မပြီးသေးဘူးအထင်နဲ့ အဲဒီအချိန်အထိ လည်ချောင်းကွဲမတတ် အော်နေကြတုန်းပဲ။
ထိုင်ခုံခါးပတ်တွေ ဝုန်းခနဲ ပွင့်ထွက်လာတော့မှပဲ သူတို့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ရဲကြတော့တယ်။
"ကစားရတာ သဘောကျရဲ့လား ခင်ဗျာ"
ဝန်ထမ်းလေးက သူတို့ကို မေးလိုက်တယ်။
ဝန်ထမ်းတွေက သူတို့ကို ရထားတွဲထဲကနေ ထွက်ဖို့ ကူညီပေးကြရတယ်။ အကယ်၍ သာ မကူညီရင် စစ်သည်တော်တွေဟာ လမ်းလျှောက်ရင်း ယိုင်တိုင်တိုင်ဖြစ်ပြီး ဟန်ချက်ပျက်ကုန်ကြမှာ။
သူတို့ကို ထွက်ပေါက်ဆီ ခေါ်သွားပေးတဲ့အခါမှာတော့ တန်းစီစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးက စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြတာပေါ့။
"ညီလေးတို့... ဘယ်လိုလဲဟင်"
စစ်သည်တော်တွေက လူအုပ်ကြီးကို ပြန်ကြည့်လိုက်တဲ့အခါ သူတို့ မျက်တွင်းတွေ ဟောက်ပက်ဖြစ်ပြီး မျက်နှာတွေကလည်း နှင်းပွင့်လို ဖြူလျော့နေကြပြီ။
"ဒါကြီးက... ကြောက်စရာကြီးဗျာ။ ငါ သေပြီလို့တောင် အောက်မေ့တာ..."
"ငါတော့ အန်ချင်လာပြီ"
တန်းစီနေတဲ့ စွန့်စားရှာဖွေသူတစ်ယောက်က ဇဝေဇဝါ ဖြစ်သွားတယ်။
"အဲဒါဆို ညံ့တာပေါ့ ဟုတ်လား"
ဒါပေမဲ့ စစ်သည်တော်တွေက ခေါင်းယမ်းလိုက်ကြတယ်။
"နှလုံးသားတစ်ခုလုံး လည်ချောင်းဝအထိ ဆောင့်တက်လာသလို ခံစားရပေမဲ့... ဒါက ငါ့တစ်သက်မှာ အရင်လှုပ်ရှားဆုံး အကောင်းဆုံး အတွေ့အကြုံပဲဗျာ"
"ငါ ရူးသွားတာလားတော့ မသိဘူး၊ ဒါကြီးကို နောက်တစ်ခေါက် ထပ်စီးချင်သေးတယ်..."
သူတို့ပြောတဲ့အတိုင်းပဲ စစ်သည်တော်တွေအားလုံး တန်းစီတဲ့နေရာဆီ ပြန်သွားကြပြီး ရိုလာကိုစတာကို နောက်တစ်ကျော့ ပြန်စီးဖို့ ပြင်ဆင်ကြတော့တာပေါ့။
* * * * * * * *
မိုက်ကယ်ကတော့ လူတွေအများကြီး ရိုလာကိုစတာ စီးနေကြတာကို စောင့်ကြည့်နေခဲ့တယ်။ လူတွေရဲ့ အော်ဟစ်သံတွေက နိုင်ငံတော်အနှံ့ ပျံ့လွင့်သွားပြီး လူတွေကို ဘာဖြစ်နေတာလဲဆိုပြီး ဒီဘက်ကို ရောက်လာအောင် ဆွဲဆောင်နေတာကို သူ ကြားနေရတာ။
"အောင်မြင်ပြီ သခင်"
ခုန်းက ဝမ်းသာအားရ အောင်ပွဲခံလိုက်တယ်။
"သေချာတာပေါ့"
မိုက်ကယ်က ပြန်ပြောလိုက်ရင်း...
"ဗီဗီနဲ့ နတ်သူငယ်တွေကို ကြည့်ဦး။ သူတို့ ပျော်နေကြတာ"
ရိုလာကိုစတာရဲ့ အပေါ်ဘက်မှာတော့ ရထားတွဲတွေရဲ့ ဘေးနားမှာ ပျံသန်းနေတဲ့ အလင်းတုံးလေးတွေ ရှိနေတယ်။ အဲဒါကတော့ အစာစားဖို့ ပြင်ဆင်နေကြတဲ့ နတ်သူငယ်တွေပဲ ဖြစ်ပြီး သုံးစွဲသူတွေ အော်ဟစ်လိုက်တိုင်း အောက်ကို ထိုးဆင်းပြီး သူတို့ ရိတ်သိမ်းနိုင်သမျှ ကြောက်ရွံ့မှု စိတ်ခံစားချက်တွေကို စုပ်ယူစားသောက်နေကြတာ။
"ကောင်းလိုက်တာ။ ကောင်းလိုက်တာ။ ဒါက ငါ မြည်းစမ်းဖူးသမျှ ထဲမှာ အသန့်စင်ဆုံး ကြောက်ရွံ့မှုပဲ"
ဗီဗီက စွဲလမ်းနေတဲ့သူတစ်ယောက်လို အော်ဟစ်နေတာပေါ့။
နတ်သူငယ်တွေက သိပ်ကို စိတ်လှုပ်ရှားနေကြတာမို့ ရိုလာကိုစတာကြီးတစ်ခုလုံး ရွှေရောင်အမှုန်အမွှားတွေနဲ့ ပြည့်နှက်နေသလိုမျိုး တောက်ပနေခဲ့တယ်။ သူတို့ တောင်ပံတွေကို ခတ်ပြီး စိတ်ခံစားချက်တွေကို စုပ်ယူလိုက်တိုင်း ရွှေရောင်ဖုန်မှုန့်တွေကို လေထဲမှာ ထုတ်လွှတ်ပေးနေကြတာလေ။
မိုက်ကယ်အနေနဲ့လည်း သူတို့ကို အပြစ်မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရိုလာကိုစတာကို စီးတဲ့လူတွေ ပိုများလာလေလေ၊ စိတ်လှုပ်ရှားမှုကို မျှော်လင့်စောင့်စားတဲ့လူတွေ ပိုများလာလေလေ ဖြစ်နေလို့ပဲ။
စီးတဲ့သူတိုင်းကတော့ အဆုတ်ကွဲမတတ် အော်ဟစ်ကြတာပဲ။ ဒါပေမဲ့ ကစားနည်းအဆုံးမှာတော့ ဒါဟာ သူတို့ ကြုံဖူးသမျှ အကောင်းဆုံး အတွေ့အကြုံပါပဲလို့ ဝန်ခံကြရတာချည်းပဲ။
ဒါကြောင့် ရိုလာကိုစတာကို မြင်ရုံရုံနဲ့တင် သုံးစွဲသူတွေဆီကနေ ကြောက်ရွံ့မှုတွေ ထွက်ပေါ်လာစေပြီး နတ်သူငယ်တွေအတွက် ပိုပြီး အာဟာရဖြစ်စေခဲ့တာပေါ့။
ရိုလာကိုစတာရဲ့ အောင်မြင်မှုကို မြင်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က ရီနေးတား အကျဉ်းသားတွေအားလုံးကို ဒီနေရာမှာ ဖြစ်ပျက်နေတာတွေကို သူတို့ မျက်စိနဲ့တပ်အပ် မြင်တွေ့နိုင်ဖို့ ခေါ်လာခဲ့တယ်။
ဒီပရောဂျက်ကို တစ်ပတ်တိတိ ဆက်တိုက် လုပ်ဆောင်ခဲ့ကြရတဲ့ လူယုတ်မာဓါးပြအဖွဲ့ဟာ အခုတော့ သူတို့ရဲ့ လုပ်အားအကျိုးအမြတ်ကို မြင်တွေ့ခွင့်ရကြပြီ။
"ဒါတွေက မင်းတို့ရဲ့ ကြိုးစားမှုကြောင့်ပဲ"
သူက အကျဉ်းသားတွေကို ပြောလိုက်တယ်။
အကျဉ်းသားတွေက ရိုလာကိုစတာ ဂိတ်ဝမှာ တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ကြတယ်။ ကစားနည်းကို ကြောက်နေကြပေမဲ့လည်း သူတို့မျက်နှာတွေမှာ အပြုံးတွေ ရှိနေကြတာလေ။
"ဒါကို ငါတို့ လုပ်ခဲ့တာလား..."
ဓါးပြတစ်ယောက်က မေးလိုက်တယ်။
သူတို့လုပ်ခဲ့တဲ့အရာတစ်ခုက တစ်စုံတစ်ယောက်ကို ဒီလောက်တောင် ပျော်ရွှင်စေလိမ့်မယ်လို့ သူတို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ တကယ်ဖြစ်လာခဲ့ပြီလေ။
ဒီအတွေ့အကြုံကပဲ သူတို့ကို ရီနေးတားစနစ်အပေါ် တကယ်တမ်း ယုံကြည်လာစေခဲ့တာ ဖြစ်တော့တယ်။
* * * * * * * *