အခန်း (၅၀၂-၅၀၃ )
Vol. 28 Ch. 502-503
အပိုင်း (၅၀၂) တစ်ဖက်သတ် ခွေးရူးလို ကြိုက်နေသူများအတွက် သင်ခန်းစာ။
"သခင်လေးဖန်... ဒီမှာ မုန့်လေးတွေ ရှိသေးတယ်၊ စားအုံးမလား"
"အင်း... တစ်ခုလောက် မြည်းကြည့်လိုက်မယ်"
ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေပြီး ဘေးတွင် အစေခံလေးတစ်ယောက်က လက်ဖက်ရည် လာချပေး၏။ ပြီးနောက် မျက်နှာချိုသွေးလျက် ပြောလိုက်သည်။
"သခင်လေးဖန်... အစ်ကိုက တကယ်ကို အဆက်အသွယ် ကောင်းတာပဲ၊ ကျုပ်တို့ သခင်လေးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်နေမယ်လို့ မထင်ထားဘူး။ နောက်နေ့ကျရင် ကျုပ်အတွက် အခွင့်အရေးလေးများ ကြုံရင် ကောင်းကောင်းလေး ပြောပေးပါလား"
"လွယ်ပါတယ် လွယ်ပါတယ်။ ငါ သုံးခွန်းလောက် ပြောပြီး မင်းကို လစာ နှစ်ဆလောက် တိုးပေးခိုင်းလိုက်မယ်"
အစေခံလေးမှာ ထိုစကားကို ကြားသောအခါ အလွန် ဝမ်းသာသွား၏။ ကမန်းကတန်း နောက်ထပ် လက်ဖက်ရည် တစ်ခွက် ထပ်ငဲ့ပေးလိုက်သည်။
အပြင်ဘက်တွင် ကျယ်လောင်သော စာဖတ်သံများ ထွက်ပေါ်နေပြီ ဖြစ်သော်လည်း ဖန်ကျန်းရီကမူ ကုလားထိုင် ပေါ်တွင် အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေပြီး အတန်းတက်မည့် အရိပ်အယောင် လုံးဝ မရှိချေ။
လူတချို့ စတင်၍ သံသယ ဝင်လာကြ၏။
"သခင်လေးဖန်... အတန်းစနေပြီလေ၊ မသွားဘူးလား" အစေခံတစ်ယောက်က မေးလိုက်သည်။
ဖန်ကျန်းရီက ဗိုက်ဝသွားပြီဖြစ်ရာ လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။ "အတန်းတက်ရမယ်... ဘာအတန်းတက်ရမှာလဲ။ ငါလည်း အစေခံပဲဟာ"
ဤသို့သော လိမ်ညာမှုမျိုးက အချိန်အကြာကြီး ဖုံးကွယ်ထားလို့ မရနိုင်သလို အမြဲတမ်း အခမဲ့ လာစားသောက် နေလို့လည်း မဖြစ်ချေ။ ညီအစ်ကိုတွေ မရောက်လာသေးခင် ကိုယ့်ဘာသာ ပိုက်ဆံ နည်းနည်းရှာမှ ဖြစ်မည်။
ဘာ .. သူကလည်း အစေခံပဲ ဟုတ်လား။
အစေခံများ အားလုံး ထရပ်လိုက်ကြပြီး ဖန်ကျန်းရီကို မကျေမနပ် မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။
ဒီကောင်က အခန်းထဲ ဝင်လာတည်းက စားဖို့ သောက်ဖို့ တောင်းနေတာ၊ ဒီလို ဝတ်စားထားပြီးတော့ သူကလည်း အစေခံပဲ ဟုတ်လား။
"သခင်လေးဖန်... ခင်ဗျား ကျုပ်တို့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဒါပေါ့ နောက်နေတာ မဟုတ်ဘူး။ ကျုပ်လည်း အစေခံပဲလေ၊ မင်းတို့ ဘာပြဿနာ ရှိလို့လဲ" ဖန်ကျန်းရီက ပြုံးလျက် အေးအေးဆေးဆေး ဖြေလိုက်သည်။
"မင်းက အစေခံဆိုရင် ဘာလို့ ဒီမှာ လာပြီး လိမ်စားနေတာလဲ။ ငါတို့ သခင်လေးရဲ့ လက်ဖက်ရည်ကိုတောင် သောက်ရဲသေးတယ်" ချက်ချင်းပင် အစေခံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ဒေါသထွက်နေသော အစေခံ အနည်းငယ်က လက်သီးဆုပ်ကာ ဖန်ကျန်းရီ၏ အရှေ့သို့ ရောက်လာကြသည်။
"ငါ့ကို ရိုက်မလို့လား။ မင်းတို့ ငါ့ကို ရိုက်ရဲရင် ငါ အော်လိုက်မှာနော်။ အဲဒီအခါကျလို့ မင်းတို့ရဲ့ သခင်လေးတွေ ဒုက္ခရောက်ရင် ငါ့ကို အပြစ်မတင်နဲ့" ဖန်ကျန်းရီက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။
သူ ခြိမ်းခြောက်လိုက်သည်ကို ကြားသောအခါ အစေခံများက ရပ်တန့်သွားပြီး ရက်စက်စွာ ပြောလိုက်သည်။ "အတန်းဆင်းရင် ငါတို့ သေချာ စကားပြောကြတာပေါ့"
ဖန်ကျန်းရီက အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်၏။ "ဟေ့ ဟေ့ ဟေ့... မင်းတို့ အစားအသောက်လေး နည်းနည်း စားမိတာကို ဒီလောက်တောင် ဖြစ်နေရလား။ နောက်ဆိုရင် အမြဲ တွေ့နေရမယ့် သူတွေချည်းပဲ။
အားလုံးက အစေခံတွေချည်းပဲ၊ ငါ့ရဲ့ အဝတ်အစားတွေ၊ ကျောက်စိမ်းပြားတွေကို ကြည့်စမ်း။ အားလုံးက အစေခံတွေချည်းပဲ ဖြစ်နေတာတောင် ဘာလို့ ငါက ဒီလောက် တောက်ပနေရတာလဲ။ ဒါကို မင်းတို့ စိတ်မဝင်စားဘူးလား"
"ဘာလို့လဲ" အစေခံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။ သူလည်း ဤသို့နေချင်သည်ဟု တွေးမိသွားသည်။
"ငါ့မှာ ပိုက်ဆံရှိလို့လေ၊ ပိုက်ဆံရှိရင် ဝတ်နိုင်၊ စားနိုင်တာပေါ့"
"မင်း ပြောတာ အပိုစကားတွေချည်းပဲ"
"ဒါဆို ငါ့ပိုက်ဆံတွေ ဘယ်က ရလာလဲဆိုတာ မင်းတို့ သိချင်ဘူးလား" စကားမဆုံးခင်မှာပင် ဖန်ကျန်းရီက အေးအေးဆေးဆေး ထပ်ပြောလိုက်၏။
ပိုက်ဆံအကြောင်း ပြောလာလျှင် စိတ်မဝင်စားသူ မရှိချေ။
"ဘယ်က ရလာတာလဲ"
တစ်ခန်းလုံးရှိ အစေခံများက နားစွင့်ကာ အဖြေကို စောင့်မျှော်နေကြ၏။
ဖန်ကျန်းရီက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ရာ လူအားလုံး၏ အကြည့်က လက်ညှိုးနောက်သို့ လိုက်သွားပြီး တစ်ပတ်လည်သွားမှ တိုးတိုးလေး ပြောလိုက်သည်။ "အရမ်း လွယ်ပါတယ်... ဂွင်ကျော်တာပဲ။”
ချက်ချင်းပင် လူတချို့၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာ၏။ "ဟက်... အရှက်မရှိတဲ့ ကောင်ပဲ"
"အရှက်မရှိတော့ ဘာဖြစ်လဲ။ မင်းတို့ အားလုံးက အစေခံတွေချည်းပဲ၊ မင်းတို့ကို ဘယ်သူကများ အထင်ကြီးဖူးလို့လဲ။ အင်း... ငယ်ရွယ်တုန်းမှာ ဒါမျိုးကိုမသိရင် ပျိုရွယ်မှုကို အလကား ဖြုန်းတီးနေကြတာပဲ။"
"မင်းတို့ သခင်ကြီးတွေ ယူထားတဲ့ မယားငယ်တွေ၊ သခင်လေးတွေ ဘေးက မိန်းမတွေကို ကြည့်ပြီး မင်းတို့ စိတ်မလှုပ်ရှားဘူးလား။ ဘာပဲဖြစ်ဖြစ် ငါကတော့ စိတ်လှုပ်ရှားတယ်၊ စိတ်လှုပ်ရှားရုံတင် မကဘူး လက်တွေ့လည်း လုပ်တယ်၊ ပြီးတော့ တကယ်လည်း အိပ်ခဲ့ရတယ်" ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်ကာ အရသာခံနေသည့် ပုံစံဖြင့် ပြောလိုက်သည်။
"အဲဒီတည်းက... ငါ ချမ်းသာသွားတာပဲ။ ဘဝဆိုတာ ဘာလဲ၊ ဒါမှ ဘဝဆိုတာ။ လှပတဲ့ မိန်းမတွေနဲ့ အိပ်ရတယ်၊ ပိုက်ဆံလည်း ရတယ်။ မင်းတို့ စိတ်မလှုပ်ရှားဘူးလို့ ပြောရဲလား"
အစေခံများမှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။
စိတ်လှုပ်ရှားစရာ ကောင်းပေမဲ့ ဒါက အသက်အန္တရာယ် ရှိတဲ့ ကိစ္စလေ။ စိတ်ကူးထဲမှာပဲ တွေးရဲတာ၊ တကယ် လုပ်ရဲတဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး။
"မင်းတို့က... အတွေးမရှင်းဘူး ဖြစ်နေတာ။ သေချာ စဉ်းစားကြည့်၊ တစ်သက်လုံး အလုပ်လုပ်လည်း နောက်ဆုံးတော့ အစေခံပဲ ဖြစ်မှာ မဟုတ်ဘူးလား။ အဲဒီအစား ငယ်ရွယ်တုန်းမှာ အားရပါးရ ပျော်လိုက်တာ ပိုမကောင်းဘူးလား။ အသက်ကြီးလာလို့ ခွန်အားမရှိတော့မှ ဒါမျိုးအရသာကို သိရင် နောက်ကျသွားပြီပေါ့။
ကဲ... ငါက မင်းတို့ အစားအသောက်တွေကို စားမိထားတော့ အလကားတော့ မစားပါဘူး။ ငါ့ဆီကနေ ပညာသင်ချင်တဲ့သူတွေ နာမည်လာစာရင်းပေးလို့ ရတယ်။ ငါ့ကို အစ်ကိုဖန်လို့ ခေါ်ရင် သင်တန်း အခမဲ့ ပေးမယ်"
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး အစေခံအုပ်စုက ဘာတွေ တွေးနေကြမှန်း မသိချေ။
အချိန်အတော်ကြာမှ လူအုပ်ထဲမှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ "အစ်ကို... အစ်ကိုဖန်"
...
စာသင်ကျောင်းအတွင်း၌ စာဖတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး အစေခံများ၏ အခန်းထဲတွင်လည်း ဖန်ကျန်းရီက တံတွေးများ လွင့်စင်သည်အထိ ပြောဆိုနေသည်။
အောက်ခြေရှိ အစေခံများက မူလတန်းကျောင်းသားလေးများလို မြေပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်နေကြသည်။
ဖန်ကျန်းရီက အသက်ဝင်စွာ ပြောပြနေသဖြင့် အစေခံများမှာ ရယ်မောလွန်း၍ ခါးပင် မဆန့်နိုင်တော့ချေ။
"... အဲဒီတစ်ည ကုန်သွားတော့ ငါ့ကို အားဖြည့်ပေးဖို့ ဒုတိယသခင်လေးရဲ့ မိန်းမက သကြားရည်တောင် တိုက်သေးတယ်ကွ"
အစေခံများမှာ သွားရည်ကျလျက် မေးလိုက်ကြ၏။ "တကယ်လား အစ်ကိုဖန်။ တစ်ခါ အိပ်ရင် သူက အစ်ကို့ကို ပိုက်ဆံ ဘယ်လောက်ပေးလဲ။ ကျုပ်ဆို ငွေတစ်မူးလောက် ပေးရင်တောင် ကျေနပ်ပါပြီ"
ဖန်ကျန်းရီ၏ အသံက တဖြည်းဖြည်း ကျယ်လောင်လာသည်။ "ငွေတစ်မူး .. တစ်နေ့ကို မိန်းမဆီက ငွေတစ်မူးပဲ ရရင် မင်းက အောက်ခြေအဆင့်ပဲ ရှိသေးတယ်။
တစ်နေ့ကို မိန်းမဆီက ငွေတစ်တေလ်း ရရင် မင်းက အစ်ကိုကြီးအဆင့်၊ တစ်နေ့ကို မိန်းမဆီက ငွေငါးတေလ်း ရရင် ဘုရင်ပဲ။ ငါ့ရဲ့ တစ်နေ့တာကတော့... ငွေငါးကျပ်တောင် မကဘူးနော်။ မင်းတို့က ဘာဖြစ်ချင်တာလဲ။”
"ကျုပ် ဘုရင် ဖြစ်ချင်တယ်။ ကျုပ် ဘုရင် ဖြစ်ချင်တယ်" အစေခံများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
ခုနက ပြောပြသွားသည့် ဇာတ်လမ်းက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်။ ရှည်လျားလှပသော ခြေတံများ၊ သွယ်လျသော ခါးလေးများ၊ ပြီးသွားလျှင် ပိုက်ဆံလည်း ရသေးတယ်၊ အပြင်ထွက်လျှင်လည်း ဂုဏ်ရှိသေးသည်။
ထိုအရာက ဘဝ၏ အထွတ်အထိပ်ကို ဖြတ်လမ်းကနေ သွားနေခြင်းပင်။
အပြင်ဘက်မှ စာဖတ်သံများ ရပ်တန့်သွားပြီဖြစ်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရာ အနားယူချိန် ရောက်နေပြီ ဖြစ်၏။
ဖန်ကျန်းရီက လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်သည်။ "ကဲ... ဒီနေ့ သင်ခန်းစာ ဒီလောက်ပဲ။ မနက်ဖြန် ဆက်ကြမယ်။ ငါက တခြားရည်ရွယ်ချက် မရှိပါဘူး၊ ဆင်းရဲသားတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ပါ။
အဲဒီ အထက်တန်းလွှာ သခင်ကြီးတွေ၊ သခင်လေးတွေက မယားချောလေးတွေ၊ မယားငယ်လေးတွေ၊ အရသာရှိတဲ့ အစားအသောက်တွေနဲ့ နေ့တိုင်း ဇိမ်ကျနေပြီး ငါတို့ကတော့ ခွေးလို ဒုက္ခခံနေရတယ်။ ငါ လက်မခံနိုင်ဘူး။ အားလုံးပဲ ငါ့ရဲ့ နောက်ဆက်တွဲ သင်ခန်းစာတွေကို သေချာ သင်ယူရင် လိုချင်တဲ့ ဘဝကို ရနိုင်မှာ သေချာတယ်။
နောက်ဆုံးအနေနဲ့... ငါ အားလုံးကို သတိပေးချင်တာက ဒီနေ့ ဒီမှာ သင်ခန်းစာ လာတက်တဲ့သူတွေ လျှို့ဝှက်ထားတာ အကောင်းဆုံးပဲ။ တကယ်လို့ ပေါက်ကြားသွားရင် အကျိုးဆက်က ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ အဲဒီအခါကျရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်၊ ငါက အသက်အန္တရာယ် ကိုတောင် ဂရုမစိုက်ဘဲ မင်းတို့ကို သင်ပေးနေတာနော်"
သတင်းများ ပေါက်ကြားသွားခဲ့လျှင်ပင် ကြောက်ရွံ့စိုးထိတ်စရာ အကြောင်းမရှိပေ။ ချူအိမ်တော်တွင် ဒုတိယသခင်လေး၏ မိန်းမဟူ၍ မရှိပေ။။ ဤအကြောင်းကို သူ စောစောတည်းကပင် စုံစမ်းသိရှိထားပြီး ဖြစ်သည်။ အကြီးဆုံးသခင်လေးသည် ဇနီးတစ်ဦးတည်းကိုသာ လက်ထပ်ထားခဲ့ပြီး အရှုပ်အရှင်းများကို ရှောင်ရှားလိုသဖြင့် အိမ်တော်ပြင်ပ၌သာ လွတ်လပ်စွာ ပျော်ပါးနေတတ်သည်။ ဒုတိယ သခင်လေးက အရွယ်ပင် မရောက်သေးချေ။
သို့သော်ငြားလည်း ကြိုတင်သတိပေးထားခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။ ဤအစေခံများအနက်မှ တစ်ဦးတစ်ယောက်က အပြင်သို့သွားကာ ပါးစပ်သရမ်း၍ လျှောက်ပြောနေမည်ဆိုပါက ပြဿနာများ ပိုမိုရှုပ်ထွေး ကြီးထွားလာနိုင်သည်။
"စိတ်ချပါ အစ်ကိုဖန်။ ဒီလို ကိစ္စမျိုးကို ကျုပ်တို့ ဘယ်လိုလုပ် လျှောက်ပြောရဲမှာလဲ။ မနက်ဖြန် ဘာအကြောင်း ဆက်ပြောမလဲ" အစေခံတစ်ယောက်က မေးလိုက်၏။
မနက်ဖြန်လား။
ဖန်ကျန်းရီက ရင်ထဲတွင် တွက်ချက်နေ၏။ မနက်ဖြန်တော့ အဆင့်မြင့် အခကြေးငွေယူတဲ့ သင်ခန်းစာတွေ ပြောပြရမှာပေါ့။ ဒါပေမဲ့ ဒီအစေခံတွေမှာ ပိုက်ဆံ သိပ်မရှိတော့ ဘယ်လောက် ကောက်ရင် ကောင်းမလဲ။
"ဒိုင်း"
တွေးနေစဉ်မှာပင် တံခါးက ဒိုင်းခနဲ ပွင့်လာ၏။
လုရှို့ဝမ်က ဒေါသတကြီး မျက်နှာထားဖြင့် တံခါးဝတွင် ရပ်နေပြီး ဖန်ကျန်းရီကို လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်။ "မင်း... ငါနဲ့ အပြင်လိုက်ခဲ့"
ချူယိုယီက သူ့ဘေးတွင် ရှိနေပြီး အသနားခံသည့် ပုံစံဖြင့် ပြောလိုက်၏။ "သခင်လေးလု... စိတ်လျှော့ပါတော့၊ ကျွန်မ သူ့ကိုယ်စား တောင်းပန်ပါတယ်"
ဖန်ကျန်းရီက မတတ်သာဘဲ ခေါင်းခါလိုက်သည်။ ကြည့်ရတာ ဒီကောင် အတန်းတက်နေတုန်းတည်းက ဒေါသတွေ ထွက်နေတာပဲ၊ တကယ့် ပြဿနာကောင်ပဲ။
"ဒုတိယသခင်မလေး၊ စိတ်မပူပါနဲ့။ ကျုပ် သူနဲ့ အပြင်မှာ သီးသန့် စကားသွားပြောလိုက်ပါ့မယ်" ပြောပြီးသည်နှင့် ဖန်ကျန်းရီက အခန်းထဲမှ ယုံကြည်မှုရှိစွာ ထွက်သွား၏။
အစေခံများ အားလုံး အသက်ရှူမှားသွားကြသည်။
ဒုတိယသခင်မလေးကိုယ်တိုင် တောင်းပန်ပေးရတယ်လား။ အစ်ကိုဖန်က တကယ် အစွမ်းထက်တာပဲ။ တကယ့် ဆရာကြီးပဲဟေ့။
အပိုင်း (၅၀၃) ရုပ်ရည်နှင့် ပတ်သက်၍ စိုးရိမ်စိတ် ဖန်တီးခြင်း။
စာသင်ကျောင်းတံခါးဝတွင်။
ဖန်ကျန်းရီ၊ ချူယိုယီနှင့် လုရှို့ဝမ်တို့သုံးယောက် ရပ်နေကြ၏။
လုရှို့ဝမ်က ဖန်ကျန်းရီကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်း … ခွေးကောင် ….. ငါ တစ်မနက်လုံး သည်းခံနေတာ။”
ချူယိုယီမှာ ပြာယာခတ်နေပြီး လုရှို့ဝမ်ဒေါသထွက်နေသည်ကို ကြည့်ကာ ရင်ထဲတွင် အနည်းငယ်မကောင်း ဖြစ်နေ၏။
သို့ပေမည့် ဖန်ထန်ကျင့်က သူမ၏အစေခံ ဖြစ်နေသဖြင့် လျစ်လျူရှုထား၍လည်း မရချေ။ ရှေ့တိုးကာ ထပ်မံ ဖျန်ဖြေပေးရန် ပြင်လိုက်သည်။
ဖန်ကျန်းရီက သူမကို လှမ်းတားလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။ “ဒုတိယသခင်မလေး … ကျုပ် သခင်လေးလုနဲ့ သီးသန့်စကားပြောလိုက်ပါ့မယ်။ စိတ်ချပါ … ပြဿနာ မရှိပါဘူး။”
ပြောရင်း လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။
လုရှို့ဝမ်က လှောင်ပြုံး ပြုံးလိုက်၏။ “ကောင်းပြီ၊ မင်းက သတ္တိတော့ ရှိသားပဲ။”
ပြောပြီးသည်နှင့် လူသူကင်းမဲ့ရာသို့ တန်းတန်းမတ်မတ် လျှောက်သွားရာ ဖန်ကျန်းရီက နောက်မှ အနီးကပ် လိုက်သွားသည်။
ချူယိုယီကလည်း လိုက်သွားရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက ထပ်မံတားဆီးလိုက်ပြီး နှစ်သိမ့် ပေးလိုက်သည် “စိတ်ချပါ … ကျုပ် ကိစ္စတစ်ခုတည်းကို နှစ်ခါ ပြဿနာ မရှာပါဘူး။ သူ နောက်တစ်ခါ ကျုပ်ကို မြင်ရင် ပြုံးနေစေရမယ်လို့ အာမခံတယ်။ ယုံလား။”
“မယုံဘူး။ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်။”
ဖန်ကျန်းရီက သူမကို မျက်စောင်းထိုးကာ ပြောလိုက်သည်။ “ကဲပါ … အဲဒီကောင်က သခင်မလေးကို သဘောကျနေတာ မသိဘူးလား။ လိုက်သွားရင် သူ အပိုတွေ လုပ်ပြတော့မှာတော့။ ကျုပ်ကို ထိုးကြိတ်ချင်လည်း ထိုးကြိတ်သွားလိမ့်မယ်။”
ချူယိုယီမှာ ပါးပြင်နှစ်ဖက်လုံး နီမြန်းသွားပြီး ထိုနေရာတွင် ကြောင်အမ်းအမ်း ရပ်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်ပြီး လုရှို့ဝမ်၏ နောက်သို့ လိုက်သွား၏။
လူသူကင်းမဲ့ရာသို့ ရောက်သောအခါ လုရှို့ဝမ်က ချက်ချင်း ရုပ်ဆိုးသော မျက်နှာထားကို ပြသလိုက်သည်။ “ဒူးထောက်စမ်း။ ငါ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။”
ဖန်ကျန်းရီမှာ အံ့အားသင့်သွားသည်။ တစ်ဆက်တည်း စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်၏။ ‘ဒီကောင်က လူရှေ့သူရှေ့မှာတော့ ယဉ်ကျေးသယောင် ဟန်ဆောင်နေပြီး ကွယ်ရာမှာကျတော့ ဒီလောက်တောင် ရက်စက်တာလား။ ငါ့ထက်တောင် ဆိုးသေးတယ်။
ကြည့်ရတာ အိမ်မှာလည်း ဘုရင်လေးတစ်ပါး ဖြစ်လောက်တယ်၊ အစေခံတွေကို နည်းနည်းလေးတောင် သက်ညှာမှာ မဟုတ်ဘူး။
ချူယိုယီဆိုတဲ့ ကောင်မလေးကလည်း တကယ် မျက်စိကန်းတာပဲ။ ဒီကောင်နဲ့များ ပေါင်းမိသွားရင် နောင်ကျ အိမ်တွင်းအကြမ်းဖက် ခံရဖို့ပဲ ရှိတော့တယ်။’
ဖန်ကျန်းရီက ရှေ့တိုးကာ လုရှို့ဝမ်ကို ဖက်လိုက်ရင်း ပြောလိုက်သည်။ “သခင်လေးလု … စကားကို ကောင်းကောင်းပြောလို့ ရပါတယ်။”
လုရှို့ဝမ်မှာ ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။
အတင်းရုန်းကန်ရင်း အလန့်တကြား အော်ဟစ်လိုက်သည်။ “မင်း ဘာလုပ်မလို့လဲ။”
လုရှို့ဝမ်က ခန္ဓာကိုယ် သေးသွယ်သဖြင့် ဖန်ကျန်းရီလောက် မသန်မာပေ။ ရုန်းမထွက်နိုင်တော့ချေ။
ဖန်ကျန်းရီက ခပ်အေးအေး ပြောလိုက်၏။ “သခင်လေးလု … တကယ်တော့ ကျုပ် သခင်လေးကို ဆဲချင်လို့ မဟုတ်ပါဘူး၊ ဒုတိယသခင်မလေးက ကျုပ်ကို ဆဲခိုင်းတာပါ။”
လုရှို့ဝမ် ကြောင်အမ်းသွားကာ ပြောလိုက်သည် “ဘာ … မင်း ဘာတွေ လျှောက်ပြောနေတာလဲ။”
“ကျုပ် လိမ်မပြောတတ်ပါဘူး။ သခင်လေးရဲ့ ရုပ်ရည်သွင်ပြင်က ချောမောခန့်ညားတော့ မိန်းကလေး တော်တော်များများက သဘောကျကြတာလေ။ ကျုပ်တို့ ဒုတိယသခင်မလေးကလည်း သခင်လေးကို စိတ်ဝင်စားနေတာ ကြာပြီ … ဒါပေမဲ့ သူက ရှက်တတ်တော့ ဘယ်လို ဖော်ပြရမှန်း မသိဖြစ်နေတာ။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဒီလို အကြံဆိုးကြီး ရသွားတာပဲ။ သခင်လေးကို ဆဲခိုင်းပြီး သခင်လေးနဲ့ နီးစပ်အောင်၊ စကားပိုပြောခွင့်ရအောင် အခွင့်အရေး ဖန်တီးလိုက်တာလေ။”
လုရှို့ဝမ်၏ ပခုံးများ တုန်ခါသွားရာ ဖန်ကျန်းရီက အလိုက်တသိ လွှတ်ပေးလိုက်လေ၏။
လုရှို့ဝမ်က မယုံကြည်နိုင်သေးဘဲ မေးလိုက်သည်။ “မင်း ပြောတာ တကယ်လား။”
ဖန်ကျန်းရီက ညှိုးငယ်စွာ ပြောလိုက်၏။ “တကယ်ပါ … တကယ့်ကို တကယ်ပါ။ ကျုပ်လို အစေခံတစ်ယောက်က သခင်လေးကို ဆဲရဲပါ့မလားလို့ စဉ်းစားကြည့်လေ။ ကျုပ်က အရူးမှ မဟုတ်တာ။ သခင်လေးလုရဲ့ နာမည်ကြီးမှုကို ဘယ်သူက မသိဘဲ နေမလဲ။”
လုရှို့ဝမ်က ငြိမ်သက်စွာ တွေးလိုက်ပြီး ရင်ထဲတွင် ဝမ်းသာသွားသည်။ အဝေးရှိ ချူယိုယီကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အင်း … အဲဒါလည်း ဟုတ်တာပဲ။ မင်းလို ခွေးကျွန်တစ်ယောက်က ဒီလောက် သတ္တိကြီးပါ့မလား။”
“ဟက် … ဟက်။ ယိုယီက ငါ့ကို စိတ်ဝင်စားနေတာကိုး။”
ဖန်ကျန်းရီမှာ ရင်ထဲမှနေ၍ ဆဲဆိုလိုက်၏။ ‘ငတုံး .. သောက်ပေါပဲ’
သို့ပေမည့် မျက်နှာတွင်မူ အပြုံးလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “ဟုတ်ပါတယ် … ကျုပ်မှာတော့ တော်တော်လေး အနစ်နာခံလိုက်ရတယ်။ ဒုတိယသခင်မလေး စာသင်ကျောင်းကို လာတာ စာသင်ဖို့ ဟုတ်လို့လား။ ကျုပ်တောင် မပြောချင်တော့ပါဘူး။”
လုရှို့ဝမ်၏ ပါးစပ်က ပိုမိုကျယ်ပြန့်စွာ ပြုံးလာတော့သည်။ သို့နှင့် မေးလိုက်၏။ “ဒီလိုကိုး … ယိုယီက တိုက်ရိုက်ပြောရင် ဘာဖြစ်လို့လဲ။”
“အင်း … မိန်းကလေးတွေက ရှက်တတ်တယ်လေ။ သခင်လေးလု … သခင်လေး လုံးဝ ဖွင့်မပြောရဘူးနော်။ အေးအေးဆေးဆေးပဲ ဆက်ထားလိုက်၊ တစ်နေ့နေ့ကျလို့ သူ မခံနိုင်တော့တဲ့ အချိန်ကျရင် အဲဒီအခါကျမှ …”
လုရှို့ဝမ်၏ မျက်လုံးများ လင်းလက်သွားပြီး မကောင်းဆိုးဝါး အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ … စိတ်ဝင်စားစရာပဲ။ မင်း ပြောတာ မှန်တယ်။”
ထို့နောက် ဖန်ကျန်းရီကို နှစ်ချက်ခန့် အကဲခတ်ကြည့်လိုက်ပြီး ပြောလိုက်၏။ “မင်းလို အစေခံကလည်း အခြေအနေ နားလည်သားပဲ။ ငါ့ကို ဆဲခဲ့တဲ့ ကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်မယ်။ နောက်တစ်ခါ မလုပ်နဲ့တော့။”
“ဒါဆို ကျုပ် သွားတော့မယ်။”
“သွားတော့။”
ချူယိုယီ၏ ဘေးသို့ ပြန်ရောက်သောအခါ ဖန်ကျန်းရီက ပေါ့ပါးစွာ ပြောလိုက်သည်။ “သွားမယ်၊ ဖြေရှင်းပြီးပြီ … ထမင်းသွားစားကြမယ်။”
ချူယိုယီက အလျင်အမြန် မေးလိုက်၏။ “ဘယ်လို ဖြေရှင်းလိုက်တာလဲ။”
“တစ်လအတွင်း ပြည့်တန်ဆာအိမ်မှာ မိန်းမ အယောက်နှစ်ဆယ်နဲ့ အိပ်ဖို့ ဒကာခံမယ်လို့ ကျုပ် သူ့ကို ကတိပေးလိုက်တယ်။”
ချူယိုယီ၏ မျက်နှာပေါ်မှ သွေးရောင်များ ပျောက်ကွယ်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်ဘူး။ မင်း လျှောက်ပြောနေတာ၊ သူ အဲဒီလို လူမျိုး မဟုတ်ဘူး။”
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်ပြီး လုရှို့ဝမ်ကို လက်ယပ်ခေါ်ပြလိုက်၏။ “သခင်လေးလု။”
လုရှို့ဝမ်က အော်သံကို ကြားရပြီး ဖန်ကျန်းရီ မျက်စိမှိတ်ပြနေသည်ကို မြင်သဖြင့် ပြန်လည် လက်ယပ် ခေါ်ပြလိုက်လေသည်။
လုရှို့ဝမ်က ရင်ထဲတွင်လည်း အနည်းငယ် ဂုဏ်ယူမိသွားကာ တွေးလိုက်သည်။ “ဒီအစေခံက တော်တော် အခြေအနေ နားလည်တာပဲ၊ ငါ့အတွက် သူလျှိုလုပ်ပေးဖို့တောင် သဘောတူလိုက်သေးတယ်။ မဆိုးဘူး။”
ချူယိုယီ၏ ရင်ထဲတွင် ရုတ်တရက် ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်လာကာ ရေရွတ်လိုက်၏။ “ဘယ်လိုလုပ် … ဒီလို ဖြစ်သွားရတာလဲ။”
‘အရင်တုန်းက သူက ယဉ်ကျေးပျူငှာပြီး စကားပြောတာလည်း နူးညံ့တယ်၊ စိတ်ထားလည်း ကောင်းတယ်၊ ဘယ်လိုကြည့်ကြည့် ဒီလိုလူမျိုးနဲ့ မတူပါဘူး။’
ဖန်ကျန်းရီက သူမ၏ နားထဲသို့ ဆက်တိုက် တတွတ်တွတ် ပြောနေတော့သည်။ “ယောက်ျားတွေဆိုတာ ဒီလိုပဲလေ။ ယောက်ျားတွေ လူရှုပ်မလုပ်ရင် ခန္ဓာကိုယ် မကျန်းမာဘူးလို့တောင် ပြောကြတယ်။ လုရှို့ဝမ်လို အိမ်မှာ အစားအသောက် ကောင်းကောင်းစားရတဲ့သူတွေက ပိုပြီး လူရှုပ်လုပ်တတ်တယ်။ နေ့တိုင်း ပြည့်တန်ဆာ အိမ် မသွားရရင် တစ်ကိုယ်လုံး မအီမသာ ဖြစ်နေတာ။ သူ ဘယ်လောက်တောင် ကောက်ကျစ်လဲဆိုတာ သခင်မလေး စဉ်းစားလို့တောင် ရမှာမဟုတ်ဘူး။”
ချူယိုယီက ခြေဆောင့်ကာ လှည့်ထွက်သွားရင်း ပြောလိုက်၏။ “ပါးစပ်ပိတ်ထား။ ထမင်းသွားစားမယ်။”
ဖန်ကျန်းရီက သူမ၏ ကျောပြင်ကို ကြည့်ရင်း ရယ်မောနေမိသည်။
‘“ထမင်းစားနိုင်သေးတယ်ဆိုတော့ အဲဒီလောက်ကြီးလည်း သဘောမကျသေးဘူးပေါ့၊ ကယ်လို့ရသေးတယ်။’
ချူယိုယီက မျက်နှာမကောင်းဘဲ ယွီဟွာစံအိမ်ဘက်သို့ လျှောက်သွားသည်။
ဖန်ကျန်းရီက သူမ၏ နောက်မှ လိုက်သွားရင်း ကျောက်ခဲတစ်လုံးကို ကိုင်ကာ ညီအစ်ကိုများ မြို့ထဲဝင်လာလျှင် သူ့ကို ရှာမတွေ့မည်စိုးသဖြင့် နံရံတစ်ခုကို ဖြတ်သွားတိုင်း မက်မွန်ပန်း အမှတ်အသားတစ်ခု ရေးဆွဲသွား၏။
ယွီဟွာစံအိမ်သို့ ရောက်ခါနီးတွင် ဖန်ကျန်းရီက ချူယိုယီ၏ အရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားပြီး ဘေးရှိ ခေါက်ဆွဲဆိုင်ကို ညွှန်ပြကာ ပြောလိုက်သည်။ “ဒုတိယသခင်မလေး … ဆက်မသွားနဲ့တော့၊ ဒီမှာပဲ စားလိုက်ရအောင်။”
ချူယိုယီက အသက်မဲ့နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး ထူးဆန်းသော အသံတစ်ခုခု ကြားလိုက်ရသကဲ့သို့ ဖြစ်နေ၏။
“ဒီမှာပဲ စားလိုက်ရအောင်၊ ဒီက ယန်ချွန်းခေါက်ဆွဲက အရမ်း စားကောင်းတယ်လို့ ကြားတယ်။”
ချူယိုယီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ရှင် ရူးနေလား။ ကျွန်မ ယွီဟွာစံအိမ်ပဲ သွားမှာ။ အစ်မက ရှင့်ကို ငွေနှစ်တေလ်း ပေးလိုက်တယ်လို့ ပြောတယ်၊ ရှင် ကျွန်မကို ဒီမှာ စားခိုင်းမလို့လား။ ငွေတွေကို ရှင့် အိတ်ကပ်ထဲ ထည့်လိုက်ပြီလား။”
ဖန်ကျန်းရီက မျက်နှာသေဖြင့် ပြောလိုက်၏။ “သခင်မလေး လျှောက်မပြောနဲ့နော်။ ညကျရင် အစ်မကြီးဆီကို စာရင်းပြန်ရှင်းရမှာ၊ ဒီပိုက်ဆံကို ကျုပ်က ဘယ်လိုလုပ် ရမ်းသုံးရဲမှာလဲ။”
ချူယိုယီက ရှေ့ဆက် လျှောက်သွားကာ ပြောလိုက်သည်။“ဒါဆို ယွီဟွာစံအိမ်ကို သွားမယ်။”
ဖန်ကျန်းရီက စိတ်ထဲမှ ရေရွတ်လိုက်၏။ “ယွီဟွာစံအိမ် သွားမယ် ဟုတ်လား။ ယွီဟွာစံအိမ်သွားဖို့ ဘယ်မှာ ပိုက်ဆံရှိတော့မှာလဲ။ အကုန် သုံးပစ်လိုက်ပြီလေ။”
ဖန်ကျန်းရီက ရှေ့တိုးကာ သူမကို ဖမ်းဆွဲလိုက်ပြီး ခေါက်ဆွဲဆိုင်ကို ထပ်မံညွှန်ပြကာ အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။ “ဒီမှာပဲ စားမယ်။ ခေါက်ဆွဲစားမယ်၊ ယန်ချွန်းခေါက်ဆွဲ။”
ချူယိုယီက မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ဖန်ထန်ကျင့် … ရှင် တကယ် ရူးနေတာပဲ။ ကျွန်မ ဘာစားချင်တယ်ဆိုတာ ရှင်နဲ့ ဘာဆိုင်လို့လဲ။ ယွီဟွာစံအိမ်ကို သွားမယ်။”
ဖန်ကျန်းရီက သူမကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်ကာ ပြောလိုက်သည်။ “ယွီဟွာစံအိမ်ကို သွားအုံးမလို့လား။ သခင်မလေး ဝနေတာကို ကြည့်အုံး။ ရေအိုးလို ဖြစ်နေပြီ။ ဒီမှာပဲ စား၊ ဒါစားရင် ဝိတ်ကျတယ်။”