← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 28 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 28 Ch. 505-506

အပိုင်း (၅၀၅) ၅ သိန်း။

မြို့တော်ရှိ ယန်အိမ်တော်။

ကျန်းရှီက လက်ဖက်ရည်ခွက်ထဲမှ အရွက်များကို အဖုံးဖြင့် ညင်သာစွာ ဖယ်ရှားနေသည်။

ဘေးတွင် တည်ငြိမ်သော မျက်နှာထားနှင့် ယန်သခင်ကြီး ရှိနေ၏။ သူ၏ မှုန်ဝါးဝါး မျက်လုံးများကို အနည်းငယ် မှေးထားပြီး မည်သည့်အရာများကို တွေးတောနေမှန်း မသိချေ။

သိပ်မကြာခင်မှာပဲ ကျန်းရှီက မွှေးပျံ့သော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။ “သခင်ကြီးယန် … အခုက အချိန်ကောင်းပဲ၊ ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ။”

ယန်သခင်ကြီး၏ မှုန်ဝါးနေသော မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး ကျန်းရှီကို ကြည့်လိုက်သည်။ အနည်းငယ် အက်ရှနေသော အသံဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး တကယ် ဖျားနေတာ ဟုတ်၊ မဟုတ်ဆိုတာကို ကျုပ် စဉ်းစားနေတာပါ။ ညီလာခံကို မထွက်တာ ကြာပြီဆိုတော့ တခြားလူတွေ ပြောတာကိုပဲ နားထောင်နေရတာ၊ ကျုပ် သိပ်မယုံရဲဘူး။”

ကျန်းရှီက ရယ်မောလိုက်သည်။ လူတွေ အသက်ကြီးလာလေ သတ္တိလည်း ပိုငယ်လာလေပင်။ သို့ပေမည့် သတိထားသည်က အကောင်းဆုံးပင်။

“သခင်ကြီးယန် စိုးရိမ်တာလည်း သဘာဝကျပါတယ်။ မနေ့က အကြံပေးအမတ် အနည်းငယ်က စာကြည့်ဆောင်ကို သွားပြီး အရှင်မင်းကြီးကို တွေ့ခဲ့တယ်။ ပြန်လာတော့ သူတို့ မျက်နှာတွေ သိပ်မကောင်းဘူး။

နောက်ပိုင်း ကျုပ်လည်း တစ်ခေါက် သွားခဲ့သေးတယ်။ ဒါပေမဲ့ အိမ်ရှေ့စံကိုပဲ တွေ့ခဲ့ရတယ်။ သူလည်း စိတ်ဓာတ်ကျနေတဲ့ ပုံပဲ။ အိမ်ရှေ့စံက စိတ်ခံစားချက်ကို ဖုံးကွယ်ထားတတ်တဲ့သူ မဟုတ်ဘူးလေ။ ဒီရက်ပိုင်း အိမ်ရှေ့စံက နန်းတော်ထဲမှာပဲ အရှင်မင်းကြီးကို အမြဲ ပြုစုနေတာဆိုတော့ ဒါက အတုဖြစ်နိုင်စရာ အကြောင်းမရှိဘူး။

လွန်ခဲ့တဲ့ ရက်အနည်းငယ် အရှင်မင်းကြီး ညီလာခံ ထွက်တုန်းက ခန္ဓာကိုယ် အခြေအနေ မကောင်းတာကို လူတော်တော်များများ ရိပ်မိခဲ့ကြတယ်။ အခုတော့ အပြင်းအထန် ဖျားနာနေတာက ဖြစ်နိုင်ခြေ ရှိတဲ့ ကိစ္စပဲ။

တိတ်တဆိတ် ပြောနေကြတာက … အရှင်မင်းကြီးက ဝူမင်းသား လွှတ်လိုက်တဲ့ လူတွေရဲ့ လုပ်ကြံမှုကို ခံရတာတဲ့။ အခြေအနေ မဆိုးဘူးလို့ ထင်ပြီး ဖုံးကွယ်ထားခဲ့တာ၊ အခုတော့ ပြည်တည်နာအထိတောင် ဖြစ်သွားပြီတဲ့။ အခု အရှင်မင်းကြီးက ညီလာခံ မထွက်နိုင်ဘူး၊ အိမ်ရှေ့စံကလည်း တိုင်းပြည်တာဝန်တွေကို မယူဘူးဆိုတော့ ဒါက ဖန်ကျန်းရီကို ဖြုတ်ချဖို့ အကောင်းဆုံး အချိန်ပဲ။”

ယန်သခင်ကြီးက နားထောင်ပြီးနောက် မျက်လွှာကို ပင့်ကာ ကျန်းရှီကို ခပ်အေးအေး တစ်ချက် ကြည့်လိုက်၏။

“အရင်က ကျုပ် တပည့်တွေ ပြောတာ ကြားဖူးတယ်၊ အောက်ခြေမှာ သတင်းတွေ ထွက်နေတာက ဖန်ကျန်းရီက အရှင်မင်းကြီးရဲ့ လျှို့ဝှက်အမိန့်နဲ့ ဆားကုန်သည်တွေအကြောင်း စုံစမ်းဖို့ တောင်ပိုင်းကို သွားတာတဲ့။ ပြီးတော့ ဝူမင်းသားက တောင်ပိုင်းကို ထွက်ပြေးသွားတယ်။ ဒါကိုကြည့်ရင် ဝူမင်းသားနဲ့ ဆားကုန်သည်တွေ ဆက်သွယ်မှု ရှိတယ်ဆိုတာ သေချာတယ်။

အခု သတင်းတစ်ခု ထပ်ရလာပြန်ပြီ။ ဖန်ကျန်းရီ ပြန်ပေးဆွဲခံရတယ်တဲ့၊ ဝူမင်းသားက သင်္ဘောနဲ့ ထွက်ပြေး သွားတယ်တဲ့။ ကျုပ် အမြင်ကတော့ ဒီကိစ္စကို ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်။ သူ အပြင်မှာ သေသွားလောက်ပြီ။ တကယ်လို့ သူ မြို့တော်ကို အသက်ရှင်လျက် ပြန်ရောက်လာရင်တောင် အဲဒီအခါကျမှ အခွင့်အရေး ပြန်ရှာလည်း နောက်မကျပါဘူး။”

ကျန်းရှီက မျက်မှောင်ကုတ်သွားကာ ပြောလိုက်သည်။ “သခင်ကြီးယန် … အခွင့်အရေးကောင်းဆိုတာ ရခဲတယ်။ ဒီနိုင်ငံတော် သစ္စာဖောက်ကို အခု မရှင်းထုတ်ပစ်ရင် နောင်ကျလို့ အိမ်ရှေ့စံ နန်းတက်လာတဲ့အခါ သူ ဘယ်လောက်တောင် မောက်မာလာမလဲဆိုတာ မသိနိုင်ဘူး။”

ယန်သခင်ကြီးက ကျန်းရှီကို စိုက်ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။ “ဆရာကျန်း … ဖန်ကျန်းရီက ဘယ်လောက်ပဲ တော်နေပါစေ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အားကိုး နေထိုင်နေရတဲ့ ကောင်လေး တစ်ယောက်ပါ။ ဘာမှ မဟုတ်ပါဘူး။ နည်းနည်းလောက် ထပ်စောင့်ကြည့်တာ ပိုကောင်းပါတယ်။ ပြီးတော့ အခုလောလောဆယ် အိမ်ရှေ့စံနဲ့ အရှင်မင်းကြီးက သူ့ဘက်မှာ ရှိနေတာဆိုတော့ သူ မြောက်ပိုင်းရုန်ဆီကနေ လာဘ်ငွေ ခြောက်သောင်း ယူခဲ့တယ်ဆိုတဲ့ သက်သေလောက်နဲ့တင် လုံလောက်မှာ မဟုတ်ဘူး။”

ကျန်းရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။ “မဟုတ်ဘူး၊ ဒါအပြင် တခြား သက်သေတွေလည်း ရှိသေးတယ်။ ဝူမင်းသားရဲ့ အိမ်တော်ကို အခု ပိတ်ဆို့ထားပြီးပြီ။ သိမ်းဆည်းရမိတဲ့ စာရင်းစာအုပ်တွေကိုလည်း ဘဏ္ဍာရေး ဝန်ကြီးဌာနကို ပို့ထားပြီးပြီ။ ဖန်ကျန်းရီရဲ့ တောက်ယွမ်ခရိုင်နဲ့ ဝူမင်းသား အိမ်တော်ကြားမှာ ငွေကြေး အပေးအယူတွေ အများကြီး ရှိခဲ့တယ်။ ပမာဏက သိန်းဂဏန်းအထိ ရှိတယ်။ ဒီလောက် များပြားတဲ့ ပမာဏ ဆိုတော့ ဖန်ကျန်းရီက ပုန်ကန်သူနဲ့ နည်းနည်းလေးတောင် မပတ်သက်ဘူးလို့ ပြောလို့ရမလား။”

ယန်သခင်ကြီးက မေးလိုက်၏။ “သက်သေရော”

“သိန်းနဲ့ချီတဲ့ ငွေကြေး အပေးအယူတွေ ရှိနေတာ သက်သေလိုသေးလို့လား။ သတင်းကြားရုံနဲ့ အစီရင်ခံတာက အမတ်တွေရဲ့ တာဝန်ပဲလေ။ ပြီးတော့ စစ်ဆေးစရာ စာရင်းတွေ တကယ် ရှိနေတာပဲ။ သူ မြောက်ပိုင်းရုန်နဲ့ ပတ်သက်ခဲ့တယ် ဆိုတာကလည်း ငြင်းလို့မရတဲ့ ကိစ္စပဲ။ သေဒဏ်ကနေ လွတ်ဖို့ ခဲယဉ်းတယ်။”

နားထောင်ပြီးနောက် ယန်သခင်ကြီးက ရုတ်တရက် သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်ကာ ကျန်းရှီကို မျက်နှာမူလျက် ပြောလိုက်သည်။ “ဆရာကျန်း … ကျုပ် အမြင် ဒီကိစ္စကို ထားလိုက်ပါတော့၊ ဧည့်သည်ကို ပို့လိုက်။”

စကားဆုံးသည်နှင့် အစေခံမလေး တစ်ယောက်က ရှေ့တိုးလာပြီး ကျန်းရှီကို အပြင်သို့ ပို့ရန် ပြင်လိုက်၏။

အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသဖြင့် ကျန်းရှီ အံ့အားသင့်သွားကာ ပြောလိုက်သည်။ “သခင်ကြီးယန် … အရင်တုန်းက ယန်ကော်အန်းအတွက် ကလဲ့စားချေမယ်လို့ ကျုပ်ကို အမြဲ ပြောခဲ့တယ် မဟုတ်လား။”

“ဟင်း … ကျုပ်လည်း အသက်ကြီးပါပြီ၊ ယန်မိသားစုကလည်း လှိုင်းဒဏ်ကို နည်းနည်းလေးတောင် မခံနိုင်တော့ပါဘူး။ ဖန်ကျန်းရီက မြို့တော်မှာ မရှိဘူးဆိုတော့ သတင်းတွေ အကုန်လုံးက တခြားလူတွေ ဆီကနေ ကြားရတာချည်းပဲ၊ ကျုပ်လည်း သိပ်မယုံရဲဘူး။ သူ မြို့တော်ကို ပြန်မလာနိုင်တော့ရင်လည်း ပြီးသွားတာပဲ။ တကယ်လို့ ပြန်လာရင်တောင် နောင်ကျရင် သူ့ကို ရှင်းလင်းဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။”

ကျန်းရှီက မျက်မှောင်ကုတ်လျက် ပြောလိုက်၏။ “အခွင့်အရေး လက်လွတ်မခံသင့်ဘူး သခင်ကြီးယန်”

ယန်သခင်ကြီးက ထပ်မံ သက်ပြင်းချပြန်သည်။ “သခင်ကြီးကျန်း … ဒီပြည်တည်နာဆိုတာက မကုသနိုင်တဲ့ ရောဂါပဲ။ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကလည်း ချက်ချင်း ပြန်ကောင်းလာမှာ မဟုတ်ဘူး … အခွင့်အရေးက အမြဲတမ်း ရှိနေမှာပါ။

ဒါပေမဲ့ ကျုပ် နားမလည်တာက ဘာလို့ ဒီအချိန်မှာ ဖန်ကျန်းရီကို အပြစ်ပေးဖို့ အလောတကြီး ဖြစ်နေရတာလဲ။ ခင်ဗျား သူ မြို့တော်ကို ပြန်လာမှာ ကြောက်လို့လား၊ ဒါမှမဟုတ် … ခင်ဗျားနဲ့ ဝူမင်းသားနဲ့ အဆက်အသွယ် ရှိနေတာလား။ ဝူမင်းသားနဲ့ ဖန်ကျန်းရီကြားမှာ သိန်းနဲ့ချီတဲ့ ငွေကြေး အပေးအယူတွေ ရှိခဲ့တာကို ခင်ဗျားက ဖန်ကျန်းရီကို ဒီလောက် အာရုံစိုက်နေပြီး အရင်က ဘာလို့ မစစ်ဆေးခဲ့တာလဲ။ ဘာလို့ ဒီအချိန်ရောက်မှ ဒီကိစ္စကို ထုတ်ပြောရတာလဲ။”

ကျန်းရှီ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။ ဒီအဘိုးကြီးက အကြံမပေးရုံတင်မကဘူး၊ တွေးတာကလည်း အများကြီးပဲ။

ကျန်းရှီက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “သခင်ကြီးယန် စကားကို ဆင်ခြင်ပြောပါ။ ပုန်ကန်သူတွေရဲ့ လှုပ်ရှားမှုက လျှို့ဝှက်လွန်းတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျုပ်တို့ ကျန်းမိသားစုက မျိုးရိုးစဉ်ဆက် သစ္စာရှိခဲ့တာ၊ ပုန်ကန်သူတွေနဲ့ ဘယ်လိုလုပ် ပူးပေါင်းပါ့မလဲ။ သခင်ကြီးယန်က ကျုပ်ကို ဒီလို ထင်နေမှတော့ နောက်နောင် အကြီးအကဲကို လာပြီးဂါရဝပြုစရာ မလိုတော့ဘူးလို့ ထင်တယ်။ သွားခွင့်ပြုပါအုံး။”

ပြောပြီးသည်နှင့် ကျန်းရှီက လှည့်ထွက်ရန် ပြင်လိုက်၏။

ယန်သခင်ကြီးက တုတ်ကောက်ကို ထောက်ကာ မြေပြင်ကို ဆက်တိုက် ထုလျက် ခေါ်လိုက်သည်။ “ဆရာကျန်း … နေပါအုံး … ကျုပ် အသက်ကြီးလို့ သတိမေ့နေတာပါ၊ ခင်ဗျား စိတ်မဆိုးပါနဲ့”

ကျန်းရှီ၏ မျက်နှာ အနည်းငယ် ကောင်းသွားပြီး လှည့်လာကာ ယန်သခင်ကြီးကို စိုက်ကြည့်လိုက်၏။

ယန်သခင်ကြီးက တုန်တုန်ယင်ယင်ဖြင့် အနီးသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံက ဒီလူကို အရမ်း ယုံကြည်အားထားတော့ ကျုပ်လည်း သတိမထားလို့ မရဘူးလေ။ ခင်ဗျား ပြောတာတွေကလည်း အကြောင်းပြချက် ရှိပါတယ်။ ညီလာခံမှာ မရှိတော့ပေမဲ့ မကောင်းတဲ့သူတွေကို ရှင်းထုတ်တာကလည်း ကျုပ်တို့ရဲ့ တာဝန်ပဲလေ။ ဒါပေမဲ့ ကျုပ်က အခု သာမန် ပြည်သူ တစ်ယောက် အဖြစ်ပဲ ရှိတော့တာ။ တပည့်တွေ အကုန်လုံးကလည်း ရာထူးကြီးတွေ ရနေကြပြီဆိုတော့ စကားပြောရုံနဲ့ သိပ်အရာရောက်မှာ မဟုတ်ဘူး။ ပုံမှန်ဆို နှစ်သစ်ကူးတွေ ၊ ပွဲတော်တွေမှာ ခင်မင်မှုအရ အဆက်အသွယ် ရှိကြပေမဲ့ ကော်အန်း သေသွားပြီးတဲ့နောက်ပိုင်း ဒီနှစ်တွေထဲ ယန်မိသားစုလည်း အင်အားနည်းလာပြီ။”

ကျန်းရှီ၏ မျက်နှာတွင် ချက်ချင်း ရွံရှာသည့် အမူအရာ ပေါ်လာ၏။

ဤခွေးအိုကြီး၊ ဆိုသမျှစကား အားလုံးမှာ ဈေးဆစ်ရန်သာ ဖြစ်နေသည်။ ယခုမှပင် သူ၏ အကြံအစည် အစစ်အမှန်များ ပေါ်လွင်လာသည်။

ကျန်းရှီက အနည်းငယ် စိတ်မရှည်တော့ဘဲ မေးလိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောပါ သခင်ကြီးယန်။ ဘယ်လောက် လိုချင်တာလဲ”

ယန်သခင်ကြီးက လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ထောင်ပြလိုက်၏။

“ငါးသောင်းလား။”

“ငါးသိန်း …”

ကျန်းရှီက ချက်ချင်း အော်ဟစ်လိုက်သည်။ “ခင်ဗျား နောက်နေတာတော့ မဟုတ်ပါဘူးနော်”

ယန်သခင်ကြီး၏ မှုန်ဝါးသော မျက်လုံးများထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားကာ ပြောလိုက်၏။ “ဒါပေါ့ နောက်နေတာ မဟုတ်ပါဘူး … ဘဏ္ဍာရေးဝန်ကြီးဆိုတာ တစ်လောကလုံးမှာ ငွေကြေးနဲ့ အနီးစပ်ဆုံး လူပဲလေ၊ ဒီငါးသိန်းလောက်ကိုတောင် မထုတ်နိုင်ဘူးလား။

ဘာကြောင့် ဒီအချိန်မှ ဖန်ကျန်းရီကို အပြစ်ပေးဖို့ လောနေတာလဲဆိုတာ ကျုပ် မသိပေမဲ့ ကျုပ်က ဂရုလည်း မစိုက်သလို လောလည်း မလောပါဘူး။ ကျုပ် သိတာက ဖန်ကျန်းရီသာ တကယ် မြို့တော်ကို ပြန်ရောက်လာရင် ခင်ဗျားတို့ ကျန်းမိသားစုရဲ့ အနာဂတ် သေချာပေါက် မကောင်းနိုင်ဘူးဆိုတာပဲ။ ခင်ဗျားရဲ့ သားက နောင်ကျရင် ညီလာခံကို ရောက်လာမယ်၊ ဆွေမျိုးတွေကလည်း အစိုးရအလုပ် လုပ်ကြမယ်။

ဖန်ကျန်းရီလို ရန်ငြိုးကြီးတဲ့ လူယုတ်မာသာ အာဏာ ပိုရလာရင် ကျန်းမိသားစု ကောင်းစားနိုင်ပါ့မလား။ သူ အင်အား မကြီးခင် အခုချိန်မှာ နှိမ်နှင်းလိုက်တာ ပိုကောင်းတယ်။ ငါးသိန်းဆိုတာ … တကယ်ကို မများပါဘူး။”

ကျန်းရှီက နားထောင်ပြီးနောက် အချိန်အတော်ကြာ လှုပ်ရှားမှု မရှိချေ။

ယန်သခင်ကြီးက အနည်းငယ် ထပ်တိုးလာပြီး ညည်းတွားလိုက်သည်။ “ကျုပ်က … ဒါတိုင်းပြည်အတွက် နောက်ဆုံးအကြိမ် တာဝန်ထမ်းဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်တွေထဲ ခေါင်းက တကယ်ကို ပိုပိုပြီး ရှုပ်ထွေးလာပြီ၊ မသိတော့ဘူး …”

“ငါးသိန်း။ ကျုပ် ပေးမယ်။ သခင်ကြီးယန် … ယန်မိသားစုလည်း ဒီနှစ်တွေထဲ မလွယ်ဘူးဆိုတော့ ဒီငွေကို ကျုပ်က ယန်မိသားစုရဲ့ ပညာသင်နေတဲ့ ကလေးတွေကို သီးသန့် ထောက်ပံ့တာလို့ပဲ သတ်မှတ်လိုက်ပါ။”

ယန်သခင်ကြီးက အဓိပ္ပာယ်ပါပါ ပြုံးကာ ပြောလိုက်၏။ “ဒါဆိုလည်း ဆရာကျန်းရဲ့ စေသနာကို ကျေးဇူးတင်ပါတယ်”

အပိုင်း (၅၀၆) မှူးမတ်ဖန်သည် လောကတွင် အရိုးသားဆုံးသူ ဖြစ်သည်။

ကော်ထျန်းယန်က အသနားခံလွှာ အထပ်လိုက်ကို ကိုင်ကာ စာကြည့်ဆောင်သို့ ဝင်လာပြီး လျှောက်ထားလိုက်သည်။ “အရှင်မင်းကြီး … ဒါက ဒီနေ့ ပို့လာတဲ့ အသနားခံလွှာတွေပါ”

စာကြည့်ဆောင်အတွင်း၌ ကျင်းဘုရင်က ကုတင်ပေါ်တွင် မှီလျက်ရှိပြီး သူ့ဘေးတွင် လီယွမ်ကျောက်က ထိုင်ကာ အသနားခံလွှာများကို ဖတ်နေသည်။ ကြည့်ရသည်မှာ သားအဖ မေတ္တာတရား ပြည့်ဝနေသည့် မြင်ကွင်းမျိုး ဖြစ်၏။

ကော်ထျန်းယန်က မျက်နှာသေဖြင့် အသနားခံလွှာများကို ကျင်းဘုရင်၏ ဘေးတွင် ချထားလိုက်သည်။

ကျင်းဘုရင်က တစ်အုပ်ကို ကောက်ယူကာ အသေးစိတ် စတင် ဖတ်ရှုတော့၏။

ဆက်တိုက် ဆယ်အုပ်ကျော် ဖတ်ပြီးနောက် ကျင်းဘုရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အသနားခံလွှာကို ကုတင်ပေါ်သို့ ပစ်ချကာ မိန့်ကြားလိုက်သည်။ “တော်လောက်ပြီ၊ ကိုယ်တော်လည်း အပြင်ထွက် လမ်းလျှောက်သင့်တဲ့ အချိန်ရောက်ပြီ။ အိမ်ရှေ့စံ … မနက်ဖြန် ကိုယ်တော့်အစား ညီလာခံ တက်”

လီယွမ်ကျောက်က ခေါင်းမော့ကာ နားမလည်သည့် ပုံစံဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ ခမည်းတော်”

“ဖန်ကျန်းရီကို စပြီး အပြစ်တင်လာသူတွေ ရှိနေပြီ။ သူက စတုတ္ထညီတော်နဲ့ အဆက်အသွယ် ရှိတယ်၊ ပြီးတော့ မြောက်ပိုင်းရုန်တွေ ဆီကနေ လာဘ်ငွေ ခြောက်သောင်း ယူထားတယ်တဲ့။”

လီယွမ်ကျောက်က အံ့အားသင့်စွာ ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အပြစ်တင်တယ်ဆိုရင်တောင် အကြောင်းမဲ့ကြီး လျှောက်ပြောလို့ မရဘူးလေ။”

ကျင်းဘုရင်က ခေါင်းခါလျက် ရယ်မောလိုက်၏။ “အကြောင်းမဲ့သတ်သတ် မဟုတ်ဘူး။ ထောင်ယွမ်ခရိုင်နဲ့ စတုတ္ထညီတော်ကြားမှာ တကယ်ပဲ စီးပွားရေး အဆက်အသွယ် ရှိတယ်။ အရင်တုန်းက မျောက်အရက်တွေ ရောင်းဖို့ တိတ်တဆိတ် ပူးပေါင်းခဲ့ဖူးတယ်၊ ပမာဏကလည်း များတော့ သံသယဖြစ်စရာ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီကိစ္စတွေကို ကိုယ်တော် စောစောကတည်းက သိပြီးသားပါ။”

“ဒါဆို မြောက်ပိုင်းရုန်တွေ ဆီက လာဘ်ငွေ ခြောက်သောင်း ယူတယ်ဆိုတာကရော .. သားတော် တစ်ခါမှ မကြားဖူးပါဘူး။”

ကျင်းဘုရင်က ခေါင်းငုံ့ကာ ခဏစဉ်းစားပြီးနောက် စာအုပ်စင်ဘက်သို့ လက်ညှိုးထိုးကာ ကော်ထျန်းယန်ကို အမိန့်ပေးလိုက်သည်။ “သွား … အရင်က အသနားခံလွှာတွေကို သွားယူခဲ့”

ဘာယူရမလဲဆိုသည်ကို ကော်ထျန်းယန်က စောစောတည်းက သိပြီးသားဖြစ်ရာ စာအုပ်စင်ပေါ်မှ အသနားခံလွှာ နှစ်အုပ်ကို ကျွမ်းကျင်စွာ သွားယူလာခဲ့၏။

ကျင်းဘုရင်က ယူပြီး လီယွမ်ကျောက်ကို ကမ်းပေးလိုက်သည်။ “ဖတ်ကြည့် .. ဒီလာဘ်စားတယ်ဆိုတဲ့ စကားက ဘယ်ကလာလဲဆိုတာ မသိပေမဲ့ မှူးမတ်ဖန် မြောက်ပိုင်းရုန်တွေဆီက ငွေခြောက်သောင်း ယူခဲ့တာကိုတော့ ကိုယ်တော် သိတယ်။ သူက လူတွေဆီကနေ ငွေကို လိမ်ယူပြီး နောက်နေ့ကျတော့ အဲဒီကိစ္စကို ကိုယ်တော့်ကို လာပြောပြတာပဲ။ နောက်တော့ ဒီငွေတွေကို ပန်းရှန်းရပ်ကွက်မှာ သုံးမယ်လို့ သူပြောတယ်။ ကိုယ်တော်လည်း အများကြီး ထပ်မမေးတော့ဘူး။”

လီယွမ်ကျောက်က ဖန်ကျန်းရီအကြောင်း အသနားခံလွှာကို လှန်လှောဖတ်ရှုရင်း အံ့အားသင့်စွာ ပြောလိုက်သည်။ “တကယ်ပဲ … ဖန်ကြီး က အရမ်း လည်တာပဲ၊ ဘာလို့ အကုန်လုံးကို ခမည်းတော်ကို ပြောပြနေတာလဲ။”

ကျင်းဘုရင်က တဟားဟား ရယ်မောလိုက်၏။ “ဒါက မှူးမတ်ဖန်ရဲ့ ဉာဏ်ကောင်းတဲ့ နေရာပဲ။ သူက ကိုယ်တော့်ကို ဘာမှ ဖုံးကွယ်မထားတော့ ကိုယ်တော်လည်း သူ့ကို အပြည့်အဝ ယုံကြည်တာပေါ့။ မှူးမတ်ဖန်က အပြင်ပန်းမှာ စကားသွက်ပေမဲ့ ကိုယ်တော့် အမြင်မှာတော့ သူက လောကမှာ အကြီးမားဆုံးသော ရိုးသားသူပဲ။ လောကက အမတ်တွေ အားလုံးသာ သူ့လိုမျိုး ဖြစ်မယ်ဆိုရင် တာ့ကျင်းအင်ပါယာ ကြီးပွားတိုးတက်ဖို့ ဘာပူစရာ ရှိတော့မှာလဲ။”

ဘေးနားရှိ ကော်ထျန်းယန်မှာ အလွန်အမင်း အထင်သေးသည့် မျက်နှာထား ဖြစ်သွားသည်။

ဖန်ကျန်းရီက ရိုးသားတယ် ဟုတ်လား။ အဲဒါဆို ငါက တကယ့် ယောက်ျားစစ်စစ် ဖြစ်သွားမှာပေါ့။ အင်း … အဲဒီကောင်က တကယ် လိမ်ပြောတတ်တယ်။ ဒေါသထွက်စရာကောင်းတာက အရှင်မင်းကြီးတောင် သူ့အကွက်ထဲ ဝင်သွားတာပဲ။

လီယွမ်ကျောက်က ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ဖန်ကြီးက ရိုးသားတဲ့သူနဲ့ လုံးဝ မတူဘူး။ သူက နေ့တိုင်း ခမည်းတော်ကို မြှောက်ပင့်နေတာလေ။ အလုပ်ကိစ္စလည်း မပြောဘူး။ သူပြောတဲ့ စကား ဆယ်ခွန်းမှာ နှစ်ခွန်းက လိမ်ပြောနေသလိုပဲ သားတော် ခံစားရတယ် …”

ကျင်းဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ထား။ မင်းလို ငတုံးကောင် … မြှောက်ပင့်တဲ့ နေရာမှာ မင်း သူ့ဆီက တစ်စိတ်လောက်တောင် သင်ယူနိုင်ခဲ့လို့လား။ ကိုယ်တော့်ကို ဒေါသထွက်အောင် လုပ်တာကလွဲပြီး မင်း ဘာလုပ်တတ်သေးလဲ။ တစ်နေ့လုံး စားလိုက် အိပ်လိုက်နဲ့၊ အသနားခံလွှာလေး တစ်စောင် ဖတ်ခိုင်းတာတောင် အထစ်ထစ်အငေါ့ငေါ့နဲ့။”

လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် ညည်းတွားလိုက်၏။ “အဲဒါ ခမည်းတော်က သားတော့်ကို အပြင်မထွက်ခိုင်းလို့လေ။ သားတော် ဒီမှာ စားလိုက် အိပ်လိုက်ကလွဲပြီး ဘာလုပ်ရမှာလဲ။”

ကျင်းဘုရင်က စာအုပ်စင်ကို ညွှန်ပြကာ ဒေါသတကြီး ပြောလိုက်သည်။ “ပါးစပ်ပိတ်ထား။ မင်းလို မိုက်ရိုင်းတဲ့ သားက ဆင်ခြေပေးရဲသေးတယ်။ မှူးမတ်ဖန်က ရိုးသားတယ်လို့ ကိုယ်တော် ပြောတာကို မင်း မယုံဘူးလား။ လာလာလာ … အသနားခံလွှာတွေကို ကိုယ်တော့်ဆီ ယူခဲ့။”

ကော်ထျန်းယန်က နှုတ်ခမ်းကို စူကာ စာအုပ်စင်ဆီသို့ လျှောက်သွားပြီး အသနားခံလွှာ အထပ်လိုက်ကို ကျင်းဘုရင်၏ အရှေ့သို့ ယူလာပေး၏။

“ကြည့်စမ်း။ မှူးမတ်ဖန် ရုံးတော်ကို ဝင်လာပြီး တစ်လအကြာမှာ နေ့တိုင်း ကိုယ်တော့်ဆီကို အသနားခံလွှာ တင်ပြီး နှုတ်ဆက်တယ်။ မနက်ကနေ ညအထိ ဘာကိစ္စ ကြုံကြုံ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ပြောပြတယ်။ မင်းလို မိုက်ရိုင်းတဲ့ သားက နေ့တိုင်း လာမနှုတ်ဆက်နိုင်တဲ့အပြင် ကိုယ်တော့်ရှေ့မှာ ဆင်ခြေပေးရဲသေးတယ်။”

လီယွမ်ကျောက်က အသနားခံလွှာကို လှန်ကြည့်လိုက်ပြီး မျက်မှောင်ကုတ်ကာ အသံကျယ်ကျယ်ဖြင့် ပြန်လည် ချေပလိုက်သည်။ “ဒါက ဒိုင်ယာရီပဲလေ။ ဒိုင်ယာရီထဲ ရေးတာတွေကို ရင်တွင်းစကားလို့ ခေါ်လို့ရမလား။ ဒီမှာကြည့်အုံး။ ပုရွက်ဆိတ်တွေ ရန်ဖြစ်တာကိုတောင် သူက ထည့်ရေးထားသေးတယ်။ ဒါက လုံးဝ အဓိပ္ပာယ် မရှိတာပဲ။ အင်း … အနားယူတဲ့ရက်က နေ့လယ်မှ ထတယ်ဆိုတာကတော့ … ဒါကတော့ အမှန်ပဲ … ခမည်းတော် ဒိုင်ယာရီ ဖတ်ရတာ ကြိုက်တယ်ဆိုရင် သားတော်လည်း ရေးပေးနိုင်တာပဲ။”

ကျင်းဘုရင်က လှောင်ပြုံး ပြုံးလိုက်၏။ “ဟမ့် … နောက်ကျသွားပြီ၊ သူများလုပ်တာကို လိုက်တုနေတာပဲ။”

လီယွမ်ကျောက်မှာ ဆွံ့အသွားသည်။

ကော်ထျန်းယန်က နားထောင်ရင်း ရင်ထဲတွင် အလွန် ဝမ်းနည်းသွား၏။

နောက်ဆုံးတော့ အိမ်ရှေ့စံလည်း သူ့လို ဖြစ်လာပြီပဲ။ သူ အရင်က အရှင်မင်းကြီးရဲ့ ဆဲဆိုတာကို ခံရတယ်၊ ကြက်တူရွေးလို လိုက်ပြောတယ်လို့ မာန်မဲဖူးတယ်။ ဒီနေ့တော့ အိမ်ရှေ့စံလည်း သူများလုပ်တာ လိုက်တုတယ်ဆိုပြီး အဆဲခံရပြီ။

“အကျင့်ဆိုးတွေချည်းပဲ။ မှူးမတ်ဖန် ပြန်လာရင် သူ့ဆီက သေချာ သင်ယူစမ်း။”

လီယွမ်ကျောက်မှာ အလွန်အမင်း မကျေမနပ် ဖြစ်နေသောကြောင့် ပြန်ပြောလိုက်သည်။ “သားတော် သင်ယူခဲ့တာပဲလေ။ အဲဒါကို ခမည်းတော်က ဆဲသေးတယ်”

ငါလည်း ဖန်ကြီးဆီက သင်ယူနေတာပဲလေ။ ဒါပေမဲ့ အရိုက်ခံရတာနဲ့ အဆဲခံရတာကလွဲရင် တခြား ဘာမှ မရဘူး။ ဘယ်နေရာမှာ ပြဿနာရှိနေတာလဲ။

ကျင်းဘုရင်က မတတ်သာဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။ “တော်ပြီ … ဆက်မပြောနဲ့တော့။ သူ့ရဲ့ ပိုက်ဆံရှာတဲ့ အရည်အချင်း နှစ်ဆယ်ရာခိုင်နှုန်းလောက် မင်းဆီမှာ ရှိရင် ကိုယ်တော် ကျေနပ်ပြီ။”

လီယွမ်ကျောက်က အသံတိုးတိုးဖြင့် ဖြေလိုက်သည်။ “အင်း”

ဒါကတော့ တကယ်ကို မယှဉ်နိုင်ဘူး၊ ပြန်ချေပစရာလည်း မရှိဘူး။ ဖန်ကြီးက လိမ်တဲ့နေရာမှာ ကလေးကစားသလိုပဲ ကျွမ်းကျင်တယ်။ ငတုံးတွေကလည်း ပိုက်ဆံကို အလုအယက် လာပေးကြတာ။

လီယွမ်ကျောက်က ပြဿနာ၏ အဓိက အချက်ကို ရုတ်တရက် သတိပြုမိသွားကာ မေးလိုက်သည်။ “အဲ … မဟုတ်သေးဘူးလေ ခမည်းတော်။ ဖန်ကြီးရဲ့ အသနားခံလွှာတွေ ဒီလောက်အများကြီးကို ခမည်းတော်က ဘာလို့ စာကြည့်ဆောင်မှာ ထားထားတာလဲ။ ဒါဘာမှ အသုံးမဝင်ဘူးလေ။”

အလျင်အမြန် နောက်ထပ် အသနားခံလွှာ နှစ်အုပ်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတွေပင် ထသွား၏။

အထဲက အကြောင်းအရာတွေက တကယ်ကို မျက်နှာပူစရာ ကောင်းလိုက်တာ။ ဒိုင်ယာရီ အပြင် မျိုးစုံတဲ့ မြှောက်ပင့်စကားတွေ ပါသေးတယ်။

ကျင်းဘုရင် မျက်နှာနီသွားပြီး ကမန်းကတန်း ရှင်းပြလိုက်သည်။ “ကိုယ်တော်လည်း အမတ်တွေရဲ့ နေ့စဉ်ဘဝကို သိအောင် လုပ်ရမယ်လေ၊ မဟုတ်ရင် မျက်စိကန်း နားပင်း ဖြစ်နေမှာပေါ့။ ကဲပါ … အလုပ်ကိစ္စ ပြောမယ်။ ကုန်းကုန်းကော် … ဒါတွေ အကုန်လုံးကို ပြန်ယူသွားလိုက်၊ မျက်စိနောက်တယ်။”

ကော်ထျန်းယန်က မျက်နှာသေဖြင့် အသနားခံလွှာများကို သယ်ဆောင်သွားပြီး လမ်းခုလတ်တွင် မနေနိုင်ဘဲ တစ်အုပ်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ရာ မျက်နှာအမူအရာများ ရှုပ်ထွေးသွားပြီး ခေါင်းများပင် မူးဝေသွား၏။

သောက်ကျိုးနည်း။ ဒီဖန်ကျန်းရီက တကယ်ကို ရွံစရာကောင်းတာပဲ၊ ပညာတတ် လူယုတ်မာ … တိရစ္ဆာန် …

အသနားခံလွှာများကို သေချာ သိမ်းဆည်းပြီးနောက် ကျင်းဘုရင်က စိတ်အခြေအနေကို ပြန်လည် ထိန်းချုပ်ပြီး မိန့်ကြားလိုက်သည်။ “မနက်ဖြန် မင်း ညီလာခံ တက်ရင် စကားအများကြီး မပြောနဲ့၊ နားထောင်ရုံပဲ နားထောင်။ တကယ်လို့ တစ်ယောက်ယောက်က မျက်နှာချင်းဆိုင် ဖန်ကျန်းရီကို အပြစ်တင်လာရင် မင်း သရုပ်ဆောင်စရာ ရှိတာ ဆက်သရုပ်ဆောင်။

သေချာ ကြည့်ထား၊ နောက်ကွယ်က ဘယ်သူ ကြိုးကိုင်နေလဲဆိုတာကို။ ဒီအထဲက အများစုက ဖန်ကျန်းရီကို အမြင်မကြည်လို့ အခွင့်ကောင်းယူပြီး လာနှိပ်ကွပ်တာ ဖြစ်လောက်တယ်။

ကုန်းကုန်းကော် … ဒီနေ့ ဖန်ကျန်းရီကို အပြစ်တင်တဲ့ လူတွေရဲ့ စာရင်းကို ထုတ်ပြီး စုံစမ်းဖို့ အမိန့်ပေးလိုက်။ ပြီးတော့ ကျင်းယိဝေ အသစ် ဖွဲ့စည်းဖို့ အမိန့်စာ ရေးလိုက်။”

လီယွမ်ကျောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ကျင်းယိဝေ .. ခမည်းတော် .. ဖန်ကြီး ပြောတာကို သားတော် ကြားဖူးတယ်၊ ဒါပေမဲ့ သေချာ မမှတ်မိတော့ဘူး။ ကျင်းယိဝေ အသစ်ဖွဲ့တာက ဘာအသုံးဝင်လို့လဲ။”

“အရှေ့ပိုင်းထောက်လှမ်းရေးအဖွဲ့ အသစ်လို့ပဲ သတ်မှတ်လိုက်။”

ကော်ထျန်းယန်မှာ ငိုလုနီးပါး ဖြစ်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်ကာ ကျင်းဘုရင်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။

“ဒါပေမဲ့ ခမည်းတော် ဘာလို့ ဒီအချိန်မှ လုပ်ရတာလဲ။ ဖန်ကြီးက သားတော့်ကို ပြောခဲ့တာ ကြာလှပြီ။”

ကျင်းဘုရင်က အနည်းငယ် ပြုံးလိုက်သည်။ “မင်း သင်ယူစရာတွေ အများကြီး လိုသေးတယ်။ ကိုယ်တော်က အချိန်မရွေး ကျင်းယိဝေကို အသစ်ဖွဲ့စည်းလို့ ရတယ်၊ ဒါပေမဲ့ … မနက်ဖြန်ကတော့ အတားအဆီး အနည်းဆုံး အချိန်ပဲ။

ဘုရင်တစ်ပါးအနေနဲ့ အမတ်တွေရဲ့ သဘောထားကို လျစ်လျူရှုလို့ မရဘူး၊ မဟုတ်ရင် ဘုရင်နဲ့ အမတ် ထိပ်တိုက်တွေ့ပြီး မငြိမ်မသက် ဖြစ်လွယ်တယ်။ အလုပ်တစ်ခု လုပ်ချင်ရင် အချိန်အခါ ရွေးချယ်တတ်ဖို့က အရမ်း အရေးကြီးတယ်။”

All Chapters