အခန်း (၅၀၇-၅၀၈)
Vol. 28 Ch. 507-508
အပိုင်း (၅၀၇) အိမ်ရှေ့စံ ညီလာခံ တက်ခြင်း။
အိမ်ရှေ့စံက တိုင်းပြည်ကို အုပ်ချုပ်ဖူးသည့် အတွေ့အကြုံ ရှိသည်။
သို့ပေမည့် အတွေ့အကြုံကတော့ သိပ်မပြည့်စုံသေးချေ။ ကျင်းဘုရင် မရှိသည့်အချိန်တွင် သူက နေမကောင်းဟု အကြောင်းပြကာ ကိုယ့်ဘာသာကိုယ် သီးသန့် နေ,နေခဲ့သည်။ အောက်က လူတွေ ဘယ်လိုပဲ ဆဲဆဲ၊ ဘယ်လိုပဲ တိုက်တွန်းတိုက်တွန်း သူက လုံးဝ ဂရုမစိုက်ခဲ့ပေ။
သို့သော်ငြား ဤတစ်ကြိမ်တွင်တော့ မတူတော့ပေ။ လီယွမ်ကျောက်သည် အောက်တန်းကျသော အပျော်အပါးများကို စွန့်လွှတ်ကာ အလုပ်ကိစ္စများကို စတင် အာရုံစိုက်လာပြီ ဖြစ်၏။
ထို့အပြင် ကျင်းဘုရင်ကလည်း သူ့ကို ဘေးမှ အနီးကပ် စောင့်ကြည့်နေသည်။
ဖန်ကျန်းရီနှင့် ပတ်သက်သည့် ကိစ္စဖြစ်သဖြင့် လီယွမ်ကျောက်လည်း မနေနိုင်ဘဲ အလေးအနက်ထားလာရ၏။
ညီလာခံ ခန်းမကြီးထဲတွင် လီယွမ်ကျောက်က နဂါးပလ္လင်၏ ဘယ်ဘက် အောက်ဘက်တွင် ထိုင်နေပြီး ကိုယ်ဟန် အနေအထားက တည့်မတ်ကာ မျက်နှာထားက တည်ကြည်နေပြီး ရှားရှားပါးပါး အလွန် အတည်ပေါက် ဆန်နေသည်။
ဘယ်ဘက် ထောင့်ကျကျ လျှို့ဝှက်သော နေရာတွင် ကျင်းဘုရင်က မျက်လုံးမှိတ်ကာ နားထောင်နေ၏။
ပင်နီဆီလင် နှစ်လုံး ထိုးပြီးနောက် သူ၏ ရောဂါမှာ ပျောက်ကင်းသွားပြီ ဖြစ်ပြီး ရက်အနည်းငယ် အနားယူပြီးနောက် စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
ဤတစ်ကြိမ်က ညီလာခံ ရပ်နားထားပြီးနောက် ပထမဆုံးအကြိမ် ညီလာခံ ပြန်လည် ကျင်းပခြင်း ဖြစ်ပြီး အိမ်ရှေ့စံက ကိုယ်စား တက်ရောက်ခြင်း ဖြစ်သဖြင့် အဓိပ္ပာယ်က သေချာပေါက် ကြီးမား၏။
အောက်သို့ သတင်းပေးပို့ထားပြီး ဖြစ်သဖြင့် အမတ်များက ပုံမှန်အတိုင်းပင် နှုတ်ဆက်စကား ပြောကြားကာ ခန်းမထဲသို့ ဝင်ရောက်လာကြသည်။
သို့ပေမည့် လျှောက်တင်ပြောဆိုမှုများထဲတွင် ရှင်းပြ၍မရသော အဓိပ္ပာယ်များ အနည်းငယ် ပါဝင်နေသည်။ အစပိုင်းတွင် အမတ်များက တိုင်းပြည်အနှံ့မှ ကိစ္စရပ်များကို ပုံမှန်အတိုင်း တင်ပြကြ၏။
လီယွမ်ကျောက်ကလည်း သူ့ကို စာအုပ်ဖတ်ပြသကဲ့သို့သာ သဘောထား တုံ့ပြန်ခဲ့ပြီး လေထုကတော့ သင့်တင့် မျှတသည်ဟု ဆိုနိုင်သည်။
တစ်ဝက်ခန့် ရောက်သောအခါ မသင့်တင့်သော အသံများ ထွက်ပေါ်လာသည်။ “အမှုထမ်း ရွေးချယ်ရေးဝန်ကြီးဌာ ၊ ၊ စာတမ်းဖတ် အရာရှိ ဖန်အာက တင်ပြစရာ ရှိပါတယ်။”
“ခွင့်ပြုတယ်။”
“အိမ်ရှေ့စံ .. ရုံးတော်က ဖန်ကျန်းရီကို အပြစ်တင်ချင်ပါတယ်။ သူက မြောက်ပိုင်းရုန်နိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ရဲ့ နိုင်ငံတော်ဆရာဆီက ငွေခြောက်သောင်း လာဘ်စားခဲ့ပါတယ်။ အသနားခံလွှာကို မနေ့က နန်းတော်ထဲ ပို့ထားပြီးပါပြီ။ အိမ်ရှေ့စံ ဖတ်ပြီးပြီလား မသိဘူး။”
စကားစလိုက်သည်နှင့် အမတ်များထဲမှ လူအတော်များများ မျက်နှာထားပြောင်းသွားကြ၏။
ရောက်လာပြီလား။
လီယွမ်ကျောက်က စိတ်ကို တည်ငြိမ်အောင်ထားပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “မမြင်မိဘူး … အသေးစိတ် ပြောပြစမ်းပါ။”
ဖန်အာက အေးအေးဆေးဆေး ပြောပြလိုက်သည်။ “ဟုတ်ကဲ့ပါ အိမ်ရှေ့စံ။ မြောက်ပိုင်းရုန်တွေ ကျုပ်တို့ တာ့ကျင်းအင်ပါယာကို သံတမန် လွှတ်တုန်းက မပြန်ခင်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပစ္စည်းတွေ ကျန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဖါးပါးက ကျုပ်တို့ နိုင်ငံကို လာတုန်း မှတ်ထားတဲ့ မှတ်တမ်းတွေ အကုန် ပါဝင်ပြီး ဖန်ကျန်းရီနဲ့ လျှို့ဝှက် ဆွေးနွေးခဲ့တဲ့ မှတ်တမ်းလည်း ပါပါတယ်။”
လီယွမ်ကျောက်က မျက်မှောင်ကုတ်လျက် မေးလိုက်၏။ “မှတ်တမ်းက ဘယ်မှာလဲ”
“မြောက်ပိုင်းရုန် လူတွေက ပစ္စည်းကျန်ခဲ့တာကို သိသွားလို့ ပြန်လာယူသွားပါပြီ။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ချန်ဟုန်က သက်သေပြနိုင်ပါတယ်။ သူကိုယ်တိုင် အဲဒီမှတ်တမ်းကို မြင်ခဲ့တာပါ။”
နိုင်ငံခြားရေးဝန်ကြီး ချန်ဟုန်က တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ ထွက်လာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ရင်ထဲတွင်လည်း မနေနိုင်ဘဲ ဆဲဆိုနေမိ၏။
မအေပေးတွေ၊ ဒီနေ့ အကြောင်းမဲ့ကြီး ဘာလို့ ရူးသွပ်နေကြတာလဲ။ ဖန်ကျန်းရီက အရှင်မင်းကြီးအတွက် အပြင်မှာ အမှုစစ်နေတာ၊ သတင်းအစအနတောင် မရသေးဘူး။ ဒီအချိန်ကြီးကို အခွင့်ကောင်းယူပြီး လာနှိပ်ကွပ်နေတာလား။ ရူးနေလား။
ဒါပေမဲ့ ကျန်းရှီရဲ့ အကြည့်က ငါ့ဆီကိုပဲ အမြဲ ရောက်နေတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ငွေတစ်သိန်း ရထားတာဆိုတော့ မတတ်သာဘဲ ရှေ့ထွက်ရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ငါက အမှန်တိုင်း ပြောမှာပဲ။ ငါနဲ့ ဘာမှ မဆိုင်ဘူး။
“ဟို … အိမ်ရှေ့စံ၊ တကယ်ပဲ ဒီကိစ္စ ရှိပါတယ်။ နိုင်ငံတော်ဆရာ ဖါးပါး ကျန်ခဲ့တဲ့ မှတ်တမ်းကို ကျုပ် ကိုယ်တိုင် မြင်ခဲ့တာပါ။ အဲဒီအထဲမှာ ဖန်ကျန်းရီက သူနဲ့ လျှို့ဝှက် ပူးပေါင်းပြီး သံထည်ပစ္စည်းတွေ ဝယ်ပေးမယ်လို့ ကတိပေးထားတာတွေ ရေးထားပါတယ်။”
လီယွမ်ကျောက်က လက်ရန်းကို ဒိုင်းခနဲ ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ရယ်စရာပဲ။ မြောက်ပိုင်းရုန်တွေ ချန်ထားခဲ့တဲ့ မှတ်တမ်းကို သက်သေအဖြစ် သုံးလို့ ရမလား။ မြောက်ပိုင်းရုန်တွေ ဘက်က ရန်တိုက်ပေးနေတာလား ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။”
ချန်ဟုန်က ခဏလောက် တွေဝေသွားပြီး ဆက်ပြော၏။ “ဒါ … အိမ်ရှေ့စံ ပြောတာ အကြောင်းပြချက် ရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ပစ္စည်းကျန်ခဲ့တဲ့ နေရာက တော်တော်လေး ကွယ်ဝှက်တဲ့ နေရာပါ။ ပြီးတော့ မြောက်ပိုင်းရုန်ဘုရင်ရဲ့ အမိန့်စာလည်း အဲဒီအထဲမှာ ပါပါတယ်။ ကျုပ် ထင်တာကတော့ … နိုင်ငံတော်ဆရာ ဖါးပါးက တမင်သတ်သတ် ဒီလို ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်မှာ မဟုတ်ပါဘူး။”
လီယွမ်ကျောက်က မနေနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားလာကာ ပြောလိုက်သည်။ “နှစ်နိုင်ငံကြားမှာ ကိုယ်ကျင့်တရားအကြောင်း ပြောနေစရာ လိုသေးလို့လား။ ကျုပ်အမြင်တော့ ဒီကိစ္စက လုံးဝ အခြေအမြစ်မရှိဘဲ ဖန်တီးထားတာပဲ။”
ခွေးမသားကြီးတွေ... ဖန်ကြီးက အပြင်ဘက်မှာ အသေအလဲ အလုပ်လုပ်ပေးနေရတာကို ခင်ဗျားတို့လို အမှိုက်ကောင်များက နောက်ကွယ်ကနေ ပြဿနာ လာရှာနေတယ်ပေါ့။
“ခင်ဗျားတို့ ဒါက သတင်းကြားရုံနဲ့ အစီရင်ခံတာပဲ။ ခိုင်လုံတဲ့ သက်သေ မရှိဘူး။ ဒီကိစ္စကို ထပ်မပြောနဲ့တော့၊ ဖန်ကြီး မြို့တော်ကို ပြန်ရောက်ရင် ကျုပ်ကိုယ်တိုင် သူ့ကို မေးမယ်။”
ကျင်းဘုရင်က မျက်လုံးမှိတ်ထားပြီး မျက်နှာထားက တည်ငြိမ်နေသော်လည်း နဖူးပေါ်တွင် အကြောများ ပြိုင်းပြိုင်း ထလာ၏။
“အိမ်ရှေ့စံ .. စကားကို ဆင်ခြင်ပြောပါ။ အိမ်ရှေ့စံက မင်းသားတစ်ပါး ဖြစ်နေပြီးတော့ အမတ်တစ်ယောက်ကို ဖန်ကြီး လို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။”
လီယွမ်ကျောက်က စူးစိုက်ကြည့်လိုက်ရာ ရှေ့ထွက်လာသူမှာ ဓလေ့ထုံးတမ်းဝန်ကြီးဌာန အရာရှိ ဝေ့မင် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။ “ဟမ့် … ကျုပ် ဒီလိုခေါ်ရတာ ကြိုက်တယ်လေ … ဘာဖြစ်လို့လဲ။ ဖန်ကြီး နန်းတော်ထဲ ဝင်ပြီးနောက် ဓလေ့ထုံးတမ်းဝန်ကြီးဌာနက သူ့ကို ဘယ်သူမှ မသင်ပေးဖူးဘူး။ ခင်ဗျားတို့ တာဝန်မဲ့တာလေ။ အခုကျမှ လာပြီး ကျုပ်ကို ဆုံးမနေတာလား။”
ဝေ့မင်မှာ ကြောင်အမ်းသွားကာ ဖြေလိုက်၏။ “အာ … ဒါ”
အထက်လူကြီးများကို လှမ်းကြည့်လိုက်ရာ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက လူများ အားလုံး မျက်လုံးမှိတ်ပြီး ခေါင်းခါနေကြသည်။
သူ စကားမဆုံးခင်မှာပဲ ဖန်အာက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဟွတ် … အိမ်ရှေ့စံ၊ ဒါက ကိစ္စနှစ်ခုပါ။ ဒီကိစ္စက ဓလေ့ထုံးတမ်းဝန်ကြီးဌာနရဲ့ ပေါ့ဆမှု မှန်ပေမဲ့ … အိမ်ရှေ့စံ .. ဖန်ကျန်းရီ ရန်သူနဲ့ ပူးပေါင်းတယ်ဆိုတာ ခိုင်လုံတဲ့ သက်သေ ရှိပြီးသားပါ။
သတင်းကြားရုံနဲ့ အစီရင်ခံတာလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ သတင်းကြားရုံနဲ့ အစီရင်ခံတာ ဆိုရင်တောင် ဘာဖြစ်လို့လဲ။ ကျုပ်တို့ စာတမ်းဖတ် အမတ်တွေက အရင်တည်းက သတင်းကြားရုံနဲ့ အစီရင်ခံခွင့် ရှိတယ်၊ စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်။
အစိုးရရဲ့ စည်းကမ်းတွေ အကုန်လုံးက ဒီအပေါ်မှာ မူတည်နေတာ။ စစ်ဆေးရေး တာဝန်က အရမ်းကို အရေးကြီးတယ်။ ဖန်ကျန်းရီရဲ့လုပ်ရပ်က နိုင်ငံတော် ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ အိမ်ရှေ့စံ သေချာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။”
လီယွမ်ကျောက်က သူ့ကို စိုက်ကြည့်ကာ ရင်ထဲတွင် အနည်းငယ် ဒေါသထွက်လာသည်။ သို့နှင့် မေးလိုက်သည်။ “ဒါဆို ခင်ဗျားက ကျုပ်ကို ဘယ်လို စုံစမ်းစစ်ဆေးစေချင်တာလဲ။”
“ဖန်ကျန်းရီရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပါ။”
လီယွမ်ကျောက်က ဒေါသတကြီး အော်လိုက်သည်။ “ရိုင်းစိုင်းလိုက်တာ … သတင်းကြားရုံနဲ့ အစီရင်ခံတာရယ်၊ သေချာရေရာမှု မရှိတဲ့ သက်သေရယ်ကို အားကိုးပြီး အစိုးရ အမတ်ကြီးတစ်ယောက်ရဲ့ အိမ်ကို ဝင်ရှာရမယ် ဟုတ်လား။”
ချက်ချင်းပင် နောက်ထပ် လူတစ်ယောက် ထွက်လာပြီး ပြောပြန်၏။ “အိမ်ရှေ့စံ … ဖန်ကျန်းရီမှာ ဒီအပြစ်တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝူမင်းသားရဲ့အိမ်ကို ရှာဖွေရာမှာ စာရင်းစာအုပ် ဆယ်အုပ်ကျော် တွေ့ခဲ့ပါတယ်။ အဲဒီအထဲမှာ ဝူမင်းသားနဲ့ ဖန်ကျန်းရီတို့ ငွေကြေး အပေးအယူ ရှိခဲ့တယ်၊ ပမာဏက အရမ်းများလို့ ထိတ်လန့်စရာကောင်းပါတယ်။”
လီယွမ်ကျောက်၏ ရက်စက်သော အကြည့်များက ထိုသူ့ဆီသို့ ရောက်သွားကာ မေးလိုက်သည်။ “ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ။ ဖန်ကြီးကလည်း ပုန်ကန်တဲ့အထဲ ပါနေတယ်လို့ ပြောချင်တာလား။”
“အိမ်ရှေ့စံ ဒေါသမထွက်ပါနဲ့၊ ကျုပ် အဲဒီလို သဘော မဟုတ်ပါဘူး။ ဒါပေမဲ့ ဖန်ကျန်းရီရဲ့ လုပ်ရပ်က ပုန်ကန်သူရဲ့ ကြံရာပါ ဖြစ်သွားစေတာ အသေအချာပါပဲ။ အိမ်ရှေ့စံ သူ့အိမ်ကို ဝင်ရှာဖို့ အမိန့်ပေးပါ။”
“ကျုပ်လည်း ထောက်ခံပါတယ်။”
“ကျုပ်တို့လည်း ထောက်ခံပါတယ်။”
ဆက်တိုက်ဆိုသလို ထောက်ခံသံများက အောက်ဘက်မှ ထွက်ပေါ်လာပြီး လူဆယ်ယောက်ကျော် ဆက်တိုက် ဒူးထောက်လာကြရာ လီယွမ်ကျောက်၏ မျက်နှာ အနည်းငယ် ဖြူလျော်သွား၏။
အခြေအနေက အရမ်း ရုတ်တရက် ဆန်တယ်၊ အချင်းချင်း တိုင်ပင်ထားသလိုပဲ။
ဒီလူတွေ အကုန်လုံး တစ်ပြိုင်နက်တည်း အုံကြွလာမယ်လို့ မထင်ထားခဲ့ဘူး၊ ငါ့ကို ဖိအားပေးလာသလို ခံစားရတယ်။
ကျန်ရှိသော ထောက်ခံမှု မပေးသည့် လူများကလည်း ခေါင်းငုံ့ကာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ကော်ထျန်းယန်က ဘေးတွင် အေးစက်စွာ ရပ်ကြည့်နေပြီး မြေပေါ်တွင် ဒူးထောက်နေသော အမတ် တစ်ယောက်ချင်းစီကို ကြည့်ကာ သူတို့၏နောက်ကွယ်က ဆက်ဆံရေးများကို စိတ်ထဲတွင် မှတ်သား သို့မဟုတ် ပြန်လည် စဉ်းစားနေ၏။
နိုင်ငံတော် အကြံပေးအမတ်ကြီးများသည်လည်း တစ်ခွန်းတစ်ပါဒမျှ ဝင်ရောက်ပြောဆိုခြင်း မရှိကြချေ။
လီယွမ်ကျောက်သည် ဤအတိုင်းသာ ငေးကြည့်နေမိပြီး သူ့အား ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဤအခိုက်အတန့်ဝယ် သူသည် အထီးကျန်ဆန်သော မင်းတစ်ပါးအလား ခံစားလိုက်ရသည်။
ဖိအားများ တစ်စတစ်စ စုပြုံများပြားလာချိန်တွင်... ဖန်ကျန်းရီ၏ အမြင်ကပ်ဖွယ်ကောင်းလှသော အပြုံးလေးသည် သူ၏ စိတ်အာရုံ၌ ရုတ်ခြည်း ပေါ်လွင်လာ၏။
ထိုအခါ သူ၏ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းဆိုသလို လွင့်စင်ပျောက်ကွယ်သွားပြီး ရုတ်တရက် သဘောပေါက် နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဪ... ခမည်းတော်၏ နေရာ၌ ထိုင်ရခြင်းသည် ဤကဲ့သို့သော ခံစားချက်မျိုးပါလား။ ခမည်းတော်ဆိုလျှင် မည်သို့ ဖြေရှင်းမည်နည်း၊ သူတို့ကို အမြဲတစေ ဒူးထောက်ခိုင်းထားမည်လား။
အကယ်၍ ဖန်ကြီးသာ ဤကဲ့သို့သော ကိစ္စရပ်မျိုးနှင့် ကြုံတွေ့လျှင်ကော။ ဖန်ကြီးကတော့ သေချာပေါက် ဆဲရေးတိုင်းထွာပေလိမ့်မည်။
အင်း... ညီလာခံ ခန်းမဆောင်၏ အပြင်ဘက်၌ ရေကန်တစ်ကန် တည်ဆောက်ထားသင့်သည်။ ဒူးထောက်လိုသူတိုင်း ထိုရေကန်ထဲ၌ သွားရောက် ဒူးထောက်ကြစေ။ ထို့နောက် ဘေးမှနေ၍ သရော်လှောင်ပြောင်ရမည်။
ထိုသို့ တွေးတောနေရင်းဖြင့်ပင် လီယွမ်ကျောက်၏ စိတ်အာရုံတို့သည် လွင့်မျောသွားလေရာ နားထဲသို့ ဝင်ရောက်လာသော အသံတို့သည်လည်း ဝေဝါးကာ မသဲမကွဲ ဖြစ်လာတော့သည်။
ကျင်းဘုရင်က လီယွမ်ကျောက်၏ တည်ငြိမ်အေးဆေးနေသော ပုံစံကို ခေါင်းစောင်းကာ ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။
ကောင်းတယ်၊ ဒီလို အခြေအနေမျိုးက အမြဲတမ်း ကြုံရမှာပဲ။ အိမ်ရှေ့စံက တကယ်ကို ရင့်ကျက်လာပြီ၊ အထက်လူကြီးကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေပြီ။
“အိမ်ရှေ့စံနဲ့ ဖန်ကျန်းရီက ရင်းနှီးတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒီလို နိုင်ငံတော် အရေးကိစ္စမှာ ကိုယ်ရေးကိုယ်တာ သံယောဇဉ်ကို ဦးစားပေးလို့ လုံးဝ မဖြစ်ပါဘူး။ အရှင်မင်းကြီးက အခု နာမကျန်းဖြစ်နေတာ၊ ကျုပ်တို့က အိမ်ရှေ့စံ တာဝန်ယူနိုင်ဖို့၊ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အိမ်ရှေ့စံက ဘာလို့ ရယ်နေတာလဲ။”
အခြေအနေက စတင် ပြင်းထန်လာသည်ကို မြင်သောအခါ ကျင်းဘုရင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
အပိုင်း (၅၀၈) ဘုရင်မင်းမြတ် ကြွချီလာခြင်း။
လီယွမ်ကျောက် သတိဝင်လာချိန်တွင် အောက်ဘက်၌ ဒူးထောက်နေကြသော အမတ်များအားလုံးမှာ ဒေါသထွက်နေသည့် မျက်နှာများ ရှိနေကြသည်။
သူတို့က အောက်ဘက်တွင် အပြင်းအထန် ဆွေးနွေးနေကြသော်လည်း အိမ်ရှေ့စံမင်းသားက တစ်ခွန်းမှ နားမထောင်ခဲ့သည်နှင့် တူနေ၏။
မင်းတရားနဲ့ မညီဘူး၊ လုံးဝကို မင်းတရားနဲ့ မညီဘူး။
ဒီလုပ်ရပ်က တော်တော်လေး ရက်စက်တာပဲ၊ နားမကြား၊ စကားမပြောနိုင်ဟန် ဆောင်နေတာလား။ အရင်တုန်းက အရှင်မင်းမြတ်တောင်မှ ဒီလိုမျိုး မလုပ်ခဲ့ဖူးဘူး၊ ညီလာခံကို တန်းပြီး သိမ်းပစ်လိုက်တာပဲ ရှိတာ။
အိမ်ရှေ့စံမင်းသားက အသက်ငယ်ငယ်လေးနဲ့ စိတ်နေစိတ်ထားက ဒီလောက်တောင် နက်နဲပြီး မျက်နှာက ဒီလောက်တောင် ပြောင်နေရတာလား။
ဒါတွေ အကုန်လုံး ဖန်ကျန်းရီဆိုတဲ့ ခွေးကောင် သင်ပေးထားလို့ ပျက်စီးသွားတာပဲ။
လီယွမ်ကျောက်၏ စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားမိသည်။
စောစောက သူ တော်တော်လေး စိတ်လွင့်သွားတာမို့ တကယ်ကို တစ်ခွန်းမှ နားမဝင်ခဲ့ပေ။
သူက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “သိပြီ။”
“အိမ်ရှေ့စံမင်းသား ဘာကို သိသွားတာလဲ။” အမတ်များက မကျေမနပ် မျက်နှာထားများဖြင့် မေးလိုက်ကြသည်။
ဒီလောက် အကြာကြီး ပြောနေတာကို သိပြီ ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြီးသွားတာလား။
“ကျုပ်စိတ်ထဲ ဘယ်လိုတွေးနေလဲဆိုတာ ခင်ဗျားတို့ကို အကုန်ပြောပြနေရအုံးမှာလား … ဒီနေ့ တင်ပြတဲ့ကိစ္စတွေကို စာလွှာပြန်ရေးပြီး တင်သွင်းခဲ့ကြ။”
စိတ်လွင့်သွားခြင်းက ဖိအားများကို လျှော့ချရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်မှာ ထင်ရှားပြီး လီယွမ်ကျောက် သည် စည်းချက်ကို ပြန်လည် ရှာတွေ့သွားပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ယနေ့ သူက အဓိက ဇာတ်လိုက် မဟုတ်ပေ။ ခမည်းတော် ထွက်လာမည့် အချိန်ကို စောင့်နေရဦးမည်။ ဘာတွေပြောပြော အလကားပဲမို့ ဟန်ဆောင်ပြရုံနှင့် လုံလောက်ပြီ ဖြစ်သည်။
ကျန်းရှီသည် မူလက ရှေ့ထွက်ရန် မရည်ရွယ်ထားခဲ့ပေ။ အောက်ဘက်တွင် အားလုံးကို စီစဉ်ထားပြီးဖြစ်သဖြင့် သူ ကိုယ်တိုင် ထွက်လာစရာ အကြောင်းမရှိပေ။ သို့ပေမည့် အိမ်ရှေ့စံမင်းသား လုံးဝ ဂရုမစိုက်သည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပိုမို တိုးပွားလာခဲ့၏။
ကျန်းရှီက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား … စောစောက အမတ်မင်းတွေ တင်ပြသွားတဲ့ ကိစ္စက တကယ်ကို အရေးကြီးလွန်းပါတယ်။
လတ်တလောမှာ ဖန်ကျန်းရီနဲ့ သူပုန်တွေ လျှို့ဝှက်ဆက်သွယ်နေတယ်ဆိုတာကို ဘဏ္ဍာရေးဌာနက စစ်ဆေးတွေ့ရှိထားပြီး ပါဝင်ပတ်သက်နေတဲ့ ငွေကြေးပမာဏကလည်း အလွန်များပြားပါတယ်။
နောက်ပြီး ကျုပ် မြောက်ပိုင်းရုန် သံတမန်အဖွဲ့ကို လိုက်လံပို့ဆောင်တဲ့နေ့က ချန်ဟုန်နဲ့အတူ နိုင်ငံတော်ဆရာ ဖါးပါး ချန်ရစ်ခဲ့တဲ့ မှတ်စုတွေကို မြင်တွေ့ခဲ့ရပါတယ်၊ အဲဒီအချိန်က သံတမန်အဖွဲ့တွေ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေ အများကြီးရှိနေပြီး ဒီလောက် ခိုင်မာတဲ့ လက်ရာမျိုးက အတုလုပ်ထားတာနဲ့ မတူပါဘူး။”
“ဪ … ဟုတ်လား။ ဘာဖြစ်လို့ ငါကိုယ်တော် အရင်က ဒီကိစ္စကို မသိခဲ့ရတာလဲ။”
...
တိတ်ဆိတ်သွားသည်။
လွန်စွာမှ တိတ်ဆိတ်သွားသည်။
ရင်းနှီးကျွမ်းဝင်နေပြီး ခမ်းနားကြီးကျယ်လှသော ပုံရိပ်တစ်ခုသည် ဘေးဘက်မှ ထွက်ပေါ်လာကာ နဂါးပလ္လင်ဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။
ကျင်းဘုရင်မင်းမြတ်၏ ပုံရိပ်သည် နဂါးပလ္လင်ပေါ်တွင် ပြန်လည် ပေါ်ပေါက်လာသည်ကို အမတ်များက ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပြီး တချို့က ပါးစပ်ကို အုပ်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ တချို့က မျက်ရည်များ ဝဲလာကာ ရှိုက်ငင်နေကြသည်။ တချို့ကမူ ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
အတွင်းဝန်ရုံးမှ အမတ်ကြီးများလည်း အံ့ဩတုန်လှုပ်သွားကြသည်။ အထူးသဖြင့် လီယန်စုန့် ဖြစ်သည်။ သူက စာကြည့်ဆောင်သို့ ကိုယ်တိုင် သွားရောက် မေးမြန်းခဲ့ပြီး ကျင်းဘုရင်မင်းမြတ်ကလည်း သူ့ကို ဝင်ခွင့်ပြုခဲ့သည်။
ထိုစဉ်က အရှင်မင်းမြတ်၏ အခြေအနေမှာ အသက်ရှူရခက်ခဲနေပြီး သေလုမြောပါး ဖြစ်နေသည်ကို မြင်ခဲ့ရသည်။ အခန်းထဲတွင်လည်း ထူးဆန်းသော အနံ့အသက်များ ပြည့်နှက်နေခဲ့၏။
အချိန်ဘယ်လောက်မှ မကြာသေးဘူး၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကျန်းမာသွက်လက်နေရတာလဲ။
ဤရက်ပိုင်းအတွင်း အရှင်မင်းမြတ် တစ်ခုခု ဖြစ်သွားမည်ကို သူ အရမ်းစိုးရိမ်သောကြောင့် ထမင်းလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင် ဖြစ်နေခဲ့ရသည်။ တိုင်းပြည်၏ ခေါင်းဆောင် တစ်ခုခုဖြစ်သွားလျှင် တိုင်းပြည် ကစဉ့်ကလျား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
“အရှင်မင်းမြတ် ကျန်းမာတော်မူပါစေကြောင်း ကျွန်တော်မျိုးတို့ ဂါရဝပြု ဆုတောင်းပေးပါတယ်။”
လီယန်စုန့်က ဖြည်းညှင်းစွာ ဒူးထောက်ချလိုက်ပြီး အင်္ကျီလက်စဖြင့် မျက်ထောင့်များကို တိတ်တဆိတ် သုတ်လိုက်သည်။
ကျန်အမတ်ကြီးများကလည်း သူ၏နောက်မှ လိုက်၍ ဒူးထောက်လိုက်ကြ၏။
တစ်ယောက်ပြီး တစ်ယောက်၊ နောက်ဆုံးတွင် အားလုံး ဒူးထောက်လိုက်ကြပြီး တပြိုင်နက် အော်ဟစ် လိုက်ကြသည်။ “အရှင်မင်းမြတ် ကျန်းမာတော်မူပါစေကြောင်း ကျွန်တော်မျိုးတို့ ဂါရဝပြု ဆုတောင်း ပေးပါတယ်။”
“ငါကိုယ်တော် လာတာ နောက်ကျသွားတယ်၊ ကဲ … အားလုံး ထကြပါတော့။ အရိုအသေပေးစရာ မလိုပါဘူး။ မင်းတို့ကတော့ တစ်ခုကောင်းတယ်၊ ငါကိုယ်တော် တစ်ခုခုဖြစ်တယ်ဆိုရင် သတင်းက ဘာထက်မဆို ပိုမြန်နေတတ်တယ်။
အခုတော့ ငါကိုယ်တော်ရဲ့ ကျန်းမာရေးက ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ အမတ်မင်းတို့ စိတ်ပူစရာ မလိုတော့ဘူး။” ကျင်းဘုရင်မင်းမြတ်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြုံးကာ ပြောလိုက်၏။
“အရှင်... အရှင်မင်းမြတ် ဘာရောဂါ ခံစားနေရတာလဲ။” ကျန်းရှီ၏ စိတ်ထဲတွင် အလွန် စိုးရိမ်ပူပန်နေပြီး ပြင်းထန်သော မလုံခြုံမှုများက စိတ်ထဲတွင် လှိုင်းထန်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က သူ့ကို မကြည့်ဘဲ အမတ်များကို မျက်နှာမူကာ ပြောလိုက်သည်။ “တချို့ကိစ္စတွေကို ငါကိုယ်တော် မပြောချင်ပေမဲ့ မင်းတို့ မသိတာတော့ မဟုတ်လောက်ဘူး။
ငါကိုယ်တော် ဘာမှမဖြစ်တော့မှတော့ အခြေအနေအားလုံးကို အကုန်ပြောပြလိုက်တာက ကောင်းလိမ့်မယ်၊ ဒါမှ မင်းတို့တတွေ နောက်ကွယ်မှာ ကောလာဟလတွေ မဖြန့်ကြမှာ၊ လေးယောက်မြောက်ညီတော်က တကယ်ပဲ ပုန်ကန်ခဲ့တာ။ အခုဆိုရင် ပင်လယ်ရပ်ခြားကို ထွက်ပြေးသွားလောက်ပြီ၊ ငါကိုယ်တော် ဒဏ်ရာရခဲ့တာကလည်း သူ့လက်ချက်ပဲ၊ ခံစားခဲ့ရတဲ့ ရောဂါကတော့ ပြည်တည်နာပဲ။”
ပြည်တည်နာ။ အဲဒါက ကုမရတဲ့ ရောဂါ မဟုတ်ဘူးလား။
အမတ်များကြားတွင် ပွက်လောရိုက်သွားပြီး တီးတိုး စတင် ဆွေးနွေးလာကြ၏။
ကျင်းဘုရင်မင်းမြတ်က အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောသည်။ “ဒါပေမယ့် ကံကောင်းလို့ ဖန်ကျန်းရီက ငါကိုယ်တော်ကို အသက်ကယ်ပေးခဲ့တယ်၊ သူက မြို့တော်မှာ မရှိပေမဲ့ တောက်ယွမ်ခရိုင်က ထုတ်လုပ်တဲ့ ပင်နီဆီလင်က ပြည်တည်နာကို ကုသနိုင်တဲ့ နတ်ဆေးတစ်ပါးပဲ။
ဒီနတ်ဆေးရှိနေတာကြောင့် ကျင်းတိုင်းပြည်က စစ်သည်တွေနဲ့ ပြည်သူတွေဟာ ဒီရောဂါရဲ့ ခြိမ်းခြောက်မှုကနေ လွတ်မြောက်နိုင်ပြီး လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်၊ ဒါဟာ အရမ်းကြီးမားတဲ့ ကုသိုလ်ပဲ။
အရင်တုန်းက ဖန်ကျန်းရီက ကန်စွန်းဥကို ဆက်သပြီး တိုင်းပြည်အတွက် အကျိုးပြုခဲ့တယ်။ အခု နတ်ဆေးကို ထပ်မံဆက်သပြန်တယ်၊ ငါကိုယ်တော် သူ့ကို ဘယ်လို ဆုချီးမြှင့်ရမလဲဆိုတာ တော်တော်လေး ခေါင်းခဲနေတယ် … မင်းတို့ကော ဘယ်လိုထင်လဲ။”
ကျန်းရှီက အနားရှိ လူကို အမြန် မျက်ရိပ်ပြလိုက်သည်။
အမတ်တစ်ယောက်က ချက်ချင်း ထွက်လာပြီး ပြောသည်။ “အရှင်မင်းမြတ် .. အမတ်မင်းဖန်ရဲ့ လုပ်ရပ်က တိုင်းပြည်အတွက် အကျိုးရှိတာ မှန်ပေမဲ့ မြောက်ပိုင်းရုန် အပြင် ဝူမင်းသားနဲ့ လျှို့ဝှက် ဆက်သွယ်တယ် ဆိုတာကလည်း အမှန်ပါပဲ။ အဲဒီအတွက် အဆုံးအဖြတ် တစ်ခုရမှပဲ ဆုပေးဒဏ်ပေး ကိစ္စကို စဉ်းစားသင့်ပါတယ်။”
ကျင်းဘုရင်မင်းမြတ်က ထိုသူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “ကော်ပန်ပန်၊ စာလွှာတွေ အကုန်လုံးကို ယူခဲ့။”
ကော်ပန်ပန်က ခေါင်းညိတ်ပြပြီးနောက် စာလွှာတစ်ပုံကို ယူဆောင်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က အပေါ်ဆုံးမှ နှစ်အုပ်ကို ယူလိုက်ပြီး မိန့်၏။ “ဒီနှစ်အုပ်ကို အောက်ယူသွားပြီး အကုန်လုံးကို ဖတ်ခိုင်းလိုက်။”
အမတ်များက စာလွှာများကို စတင် လက်ဆင့်ကမ်း ဖတ်ရှုနေကြစဉ် ကျင်းဘုရင်မင်းမြတ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “မင်းတို့က ဖန်ကျန်းရီကို ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်တယ်၊ ပြည်တွင်းက သူပုန်တွေနဲ့ ဆက်သွယ်တယ်လို့ ပြောနေကြတယ်၊ ဒါပေမဲ့ သူရှာသမျှ ငွေကြေးတိုင်းက ဘယ်ကလာတယ်ဆိုတာကို ငါကိုယ်တော်ဆီ အတိအကျ တင်ပြထားတယ်။
အမတ်မင်းတို့ကို ငါကိုယ်တော် မေးချင်တယ်၊ မင်းတို့ထဲမှာ ဖန်ကျန်းရီလောက် လုပ်နိုင်တဲ့သူ တစ်ယောက် လောက် ရှိသလား။”
အောက်ဘက်ရှိ အမတ်များက စာလွှာများကို အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် လက်ဆင့်ကမ်း ဖတ်ရှုနေကြပြီး ဖတ်ပြီးသူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လွင်နေ၏။
ယနေ့ ဖန်ကျန်းရီကို စွပ်စွဲထားသည့် သက်သေအထောက်အထား အားလုံးသည် ချက်ချင်း အမှိုက်စက္ကူများ ဖြစ်သွားခဲ့သည်။
ဒီခွေးကောင် .. သူလုပ်တဲ့ ကိစ္စတိုင်းက ဒီလောက်တောင် သေချာနေရတာလား... ကိစ္စတိုင်းကို အရှင်မင်းမြတ်ဆီ အကုန်ပြောပြထားတာလား။
ချန်ဟုန်၏ မျက်နှာသည်လည်း ဖြူရော်သွားခဲ့၏။
ငါက အပြစ်ကင်းတယ်။ အရှင်မင်းမြတ်က မျက်နှာထား ဘာမှမပြောင်းလဲပေမဲ့ ဒီနေ့ အခြေအနေကို ကြည့်ရတာ လွယ်လွယ်နဲ့ ပြီးမယ့်ပုံ မပေါ်ဘူး... ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
“ချန်ဟုန် …. မင်းကို ငါကိုယ်တော် မေးမယ်၊ သံတမန်အဖွဲ့တွေ မြို့တော်ကနေ ထွက်သွားတာ ကြာလှပြီ။ ဖန်ကျန်းရီက မြောက်ပိုင်းရုန် နိုင်ငံတော်ဆရာနဲ့ လျှို့ဝှက်ဆက်သွယ်တယ်ဆိုတဲ့ သတင်းကို ဘာလို့ မတင်ပြခဲ့တာလဲ။ ငါကိုယ်တော်ရဲ့ အမတ်တွေကတောင် ငါကိုယ်တော်ထက် အရင် သတင်းရနေကြတာလား။ ပြီးတော့ မင်း …. ကျန်းရှီ၊ ရှင်းပြစမ်း။”
သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များမှာ တောင့်တင်းသွားခဲ့သည်၊ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း အခုအချိန်တွင် ငြင်းဆန်စရာ စကား တစ်ခွန်းမှ မရှိတော့ပေ။
ဟုတ်တယ်လေ။ ဒီကိစ္စက ဖြစ်သွားတာ ကြာလှပြီ၊ အခုမှ လာပြောတယ်ဆိုတာ အရှင်မင်းမြတ် မရှိတဲ့အချိန် ဖန်ကျန်းရီကို လုပ်ကြံချင်လို့ဆိုတာ သိသာလွန်းနေတယ်။
ကျင်းဘုရင်မင်းမြတ်က အောက်ဘက်ကို ရယ်သွမ်းသွေးသည့် အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။ “ဒီကိစ္စက အရေးကြီးလို့ သေချာစုံစမ်းပြီးမှ ငါကိုယ်တော်ဆီ တင်ပြမလို့ဆိုပြီး မင်းတို့ ပြောချင်နေတာတော့ မဟုတ်ပါဘူးနော်။”
ကျန်းရှီ၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။
“ကျွန်တော်... ကျွန်တော်မျိုး...” ချန်ဟုန်မှာ ရေပြတ်နေသော ငါးတစ်ကောင်ကဲ့သို့ ပါးစပ်က လှုပ်ရှားနေသော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဆက်လက်၍ ရှင်းလင်းပြောဆိုရန် လမ်းစမရှိတော့ချေ။ သူသည် အစဦးကတည်းက ဤကိစ္စရပ်အား တင်ပြလိုခဲ့သော်ငြား ကျန်းရှီဟူသော ထိုခွေးယုတ်မာကြောင့်သာ ဤသို့ဖြစ်ခဲ့ရသည်။ ထို့အပြင် တံစိုးလက်ဆောင်များ ရယူထားမိသောကြောင့် နှုတ်မှဖွင့်ဟ၍ ထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိတော့ချေ။
ကျင်းဘုရင်မင်းမြတ်က သူတို့နှစ်ယောက်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး စားပွဲပေါ်ရှိ စာလွှာများကို ပုတ်ကာ ပြောလိုက်သည်။ “ဒီစာလွှာတွေက မနေ့က ဖန်ကျန်းရီကို စွပ်စွဲထားတဲ့ စာလွှာတွေပဲ … တင်သွင်းတဲ့သူတွေကို ငါကိုယ်တော် တစ်ယောက်ချင်းစီ မှတ်ထားပြီးပြီ။
ဘယ်သူက မင်းတို့ကို အခွင့်အရေး ပေးထားတာလဲ၊ ကျင်းတိုင်းပြည်ရဲ့ ကျေးဇူးရှင်ကို လူပုံအလယ်မှာ စွပ်စွဲရဲတဲ့ သတ္တိ ဘယ်ကရလာတာလဲ။ ဖန်အာ … ဒါက မင်းတို့ပြောတဲ့ ဌာနဆိုင်ရာ အမတ်တွေရဲ့ သတင်းကြားတာနဲ့ တင်ပြရမယ်ဆိုတဲ့ တာဝန်လား။”
ဖန်အာမှာ ကြောက်လန့်တကြားဖြစ်နေပြီး စကားမပြောရဲတော့ပေ။ အခြား စာလွှာတင်သွင်းသူများလည်း ထိုနည်းတူပင် ဖြစ်သည်။
လီယွမ်ကျောက်က ကျင်းဘုရင်မင်းမြတ်ကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်နေ၏။
လွယ်ကူလိုက်တာ၊ အရမ်းကို လွယ်ကူလိုက်တာ။ အရင်တုန်းက ခမည်းတော် ညီလာခံတက်ရင် ဒီလိုမျိုး မခံစားခဲ့ရဘူး။ ဒီနေ့မှ တကယ့်ကို မြင်လိုက်ရတာပဲ။
အောက်က လူတွေ အကုန်လုံး ကြက်ကလေးတွေလို ဖြစ်နေပြီ၊ ဘယ်သူမှ စကားမပြောရဲတော့ဘူး။
“အကျိုးပြုတဲ့သူက အပြင်မှာ ဒုက္ခရောက်နေချိန် မင်းတို့က နောက်ကွယ်ကနေ လုပ်ကြံနေတယ်၊ ဒီနေ့သာ ငါကိုယ်တော် အပြစ်မပေးဘူးဆိုရင် တိုင်းသူပြည်သားတွေ စိတ်ပျက်သွားလိမ့်မယ်။
လာကြစမ်း .. မနေ့က ဖန်ကျန်းရီကို စွပ်စွဲတဲ့သူတွေကို နန်းတော်အပြင်ဘက် ခေါ်သွားပြီး ကြိမ်ဒဏ် ငါးချက်စီ ပေးလိုက်။ သေချာ ရိုက်ကြစမ်း။”