အခန်း (၅၀၉-၅၁၀)
Vol. 28 Ch. 509-510
အပိုင်း (၅၀၉) ကျင်းယီဝေတပ်ဖွဲ့ တပ်မှူး။
နန်းတော်ပြင်ပတွင် ကြိုတင်စီစဉ်ထားသော လူများက ချက်ချင်း ပြေးဝင်လာပြီး လူများကို ခေါ်ဆောင် သွားကြသည်။
အမတ်များ သတိမဝင်လာခင်မှာပင် ကျန်းရှီ ဦးဆောင်သော လူဆယ်ယောက်ကျော်ကို ဆွဲထုတ်သွားကြ၏။
ထို့နောက် နန်းတော်ပြင်ပမှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က နဂါးပလ္လင်ပေါ်တွင် ခန့်ညားတည်ကြည်စွာ ထိုင်နေပြီး အောက်ဘက်ရှိ အမတ်များကို စစ်ဆေးကြည့်ရှုနေ၏။
ကျန်သူများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ဒီအခြေအနေကို ကြည့်ရတာ အရှင်မင်းမြတ်က အစောကြီးကတည်းက ကြိုတင် စီစဉ်ထားခဲ့တာပဲ။
ဒီနေ့တော့ ပြဿနာ ကြီးမယ့်ပုံပဲ... ဒီဖန်ကျန်းရီကလည်း တကယ့်ကို ကောင်းကင်ဘုံနတ်သားပဲ။ မြို့တော်နဲ့ အဝေးကြီး ရောက်နေတာတောင် ကြီးမားတဲ့ ကုသိုလ်တစ်ခု ယူနိုင်သေးတယ်။
အရှင်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကလည်း ပိုကြီးလာပြီ။ အိမ်ရှေ့စံမင်းသားအပေါ်တောင် ဖန်ကျန်းရီလောက် ကောင်းမှာ မဟုတ်ဘူး။
မည်သူမှ စကားမပြောသည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ “ဘိုးဘေးမင်းမြတ်က ဌာနခြောက်ခုကို စစ်ဆေးဖို့နဲ့ အကျင့်ပျက်ခြစားမှုတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ။
ရွေးချယ်ခံရတဲ့ သူတွေဟာ ပြည်သူတွေထဲကနေ ရွေးချယ်ထားတာဖြစ်ပြီး တရားမျှတမှု၊ ရိုးသားမှုနဲ့ အတွေ့အကြုံရှိတဲ့ သူတွေချည်းပဲ။
ဒါပေမယ့် အခုကော ..မင်းတို့က နောက်ကွယ်မှာ အုပ်စုဖွဲ့ပြီး ကျင်းတိုင်းပြည်ရဲ့ ကျေးဇူးရှင်ကို လူပုံအလယ်မှာ လုပ်ကြံဖို့ ကြိုးစားနေကြတယ်။ သတင်းကြားရုံနဲ့ စွပ်စွဲဖို့ ကြိုးစားနေကြတယ်။
ငါကိုယ်တော် အမြင်မှာတော့ ကြီးကြပ်ရေးအဖွဲ့ဆိုတာ စကားကြီးစကားကျယ် ပြောပြီး အလုပ်မဖြစ်တဲ့ အသုံးမကျတဲ့သူတွေပဲ။
နောက်ဆိုရင် သေချာမသိဘဲနဲ့ အရှေ့ကို ထွက်မလာကြနဲ့။ သတင်းအမှားဆိုရင် အရှက်ကွဲရုံတင် မကဘူး၊ ကျင်းတိုင်းပြည်ရဲ့ မျက်နှာကိုပါ ထိခိုက်စေတယ်။
ဒီနေ့ကစပြီး သတင်းကြားလို့ တင်ပြချင်တယ်ဆိုရင် အတွင်းဝန်ရုံးကို အရင်တင်ပြရမယ်။ ညီလာခံမှာ သက်သေမရှိဘဲ စကားပြောရင် ငါကိုယ်တော် သက်ညှာမှာ မဟုတ်ဘူးလို့ မှတ်ထား။”
အောက်ဘက်ရှိ အမတ်များက အချင်းချင်း မျက်စိဖြင့် သတင်းစကားများ စတင် ဖလှယ်နေကြသည်။
အရှင်မင်းမြတ်က နေမကောင်းရာကနေ သက်သာခါစမှာတင် ညီလာခံကို ရောက်လာပြီး အာဏာပြရုံမက လူတော်တော်များများကိုလည်း ရိုက်နှက်လိုက်သေးသည်။ အားလုံး၏ စိတ်ထဲတွင်လည်း အလွန် ကြောက်ရွံ့နေကြ၏။
သို့ပေမည့် စောနက ပြောသွားသော စကားလုံးများက ပြင်းထန်လွန်းနေသည်။ တုတ်တစ်ချောင်း နှင့် အမတ်များ၏ ခြေလှမ်းကို တားဆီးပိတ်ပင်လိုက်ခြင်းပင်။
ငါတို့ကို စကားကြီးစကားကျယ် ပြောပြီး အလုပ်မဖြစ်ဘူးလို့ ပြောတာက အသုံးမကျတဲ့ အမှိုက်တွေလို့ ဆဲလိုက်တာပဲ မဟုတ်ဘူးလား။ သည်းခံနိုင်စရာ အကြောင်းမရှိဘူး။
ဖန်ကျန်းရီကို စွပ်စွဲရာတွင် မပါဝင်ခဲ့သော အမတ်တစ်ယောက်က မနေနိုင်တော့ဘဲ ထွက်လာပြီး ပြောသည်။ “အရှင်မင်းကြီး … သတင်းကြားတာနဲ့ တင်ပြရမယ်ဆိုတာက ဘိုးဘေးတွေရဲ့ စည်းမျဉ်းပါ။ ကြီးကြပ်ရေးအဖွဲ့က ဌာနခြောက်ခုကို စစ်ဆေးဖို့ တာဝန်ရှိပါတယ်၊ အခု ဖန်ကျန်းရီ ကိစ္စမှာ အမှားအယွင်း ရှိကောင်းရှိနိုင်ပေမဲ့ အုပ်စုဖွဲ့တယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အရှင်မင်းကြီးအနေနဲ့ တစ်ခုခုကို အကြောင်းပြပြီး အကုန်လုံးကို ဖျက်သိမ်းလို့ မရပါဘူး။”
ကျင်းဘုရင်မင်းမြတ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြော၏။ “ဒါဆိုရင် ဖန်ကျန်းရီ မြောက်ပိုင်းရုန်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သတင်းကို ဘာလို့ ဒီနေ့မှ တင်ပြရတာလဲဆိုတာ ရှင်းပြစမ်း။ ဘာလို့ လူဒီလောက်များများက တစ်ပြိုင်တည်း ထွက်လာပြီး ပြောနေကြတာလဲ။ အမတ်မင်းတို့က အချင်းချင်း တိုင်ပင်ထားလို့ အချိန်ကိုက် စကားတွေ တူနေကြတာလား။
ဒါမှမဟုတ် ကိစ္စက ကြီးမားလို့ နောက်ကွယ်မှာ စုံစမ်းစစ်ဆေးပြီး အဖြေတစ်ခုရမှ နန်းတော်ကို တင်ပြမလို့လား၊။ အဲဒီလိုတော့ မဟုတ်ပါဘူးနော်။”
“ဒါက... ကျွန်တော်မျိုး... မသိပါဘူး။” အမတ်၏ နဖူးမှ ချွေးများ စီးကျလာပြီး ချက်ချင်း နောက်ဆုတ်သွားသည်။
ဒီအချက်က တကယ်ကို ရှင်းပြလို့ မရဘူး၊ သူ မပါဝင်ခဲ့ပေမဲ့ တစ်ဖက်က သက်သေအထောက်အထားတွေ ထုတ်ပြထားပြီးပြီဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး။ အရှင်မင်းမြတ်က နောက်ကွယ်ကနေ ဒီလို စီစဉ်ထားမယ်လို့ ဘယ်သူ ထင်မှာလဲ။
စကားပြောနေစဉ်မှာပင် အပြင်ဘက်တွင် ရိုက်နှက်၍ ပြီးသွားပြီ ဖြစ်၏။
သေချာ ရိုက်ခိုင်းထားသဖြင့် အလွန် ပြင်းထန်စွာ ရိုက်နှက်ထားသော်လည်း ကံကောင်းစွာဖြင့် ငါးချက်သာ ဖြစ်ပြီး ခန္ဓာကိုယ် အားနည်းသူများကိုလည်း အနည်းငယ် ညှာတာပေးခဲ့သည်။
အပြစ်ပေးခံရသူများမှာ ကြီးမားသော အတွင်းဒဏ်ရာများတော့ မရခဲ့ကြပေ။
သက်တော်စောင့်များက အရင် ဝင်လာပြီး သတင်းပို့၏။
ထို့နောက် လူဆယ်ယောက်ကျော်က ယိမ်းယိုင်စွာဖြင့် နန်းတော်ပြင်ပမှ ပြန်လည် ဝင်ရောက်လာကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုများ အပြည့် ရှိနေကြ၏။
ကျင်းဘုရင်မင်းမြတ်က သူတို့ကို မြင်သောအခါ မေးလိုက်သည်။ “မင်းတို့ မကျေမနပ် ဖြစ်နေကြသေးလား။”
“ကျွန်တော်မျိုးတို့ မဝံ့ရဲပါဘူး။” အမတ်များက တင်ပါးမှ နာကျင်မှုကို အောင့်ခံကာ ဒူးထောက်လိုက်ကြ၏။
“မင်းတို့ နှုတ်ကသာ လက်ခံနေတာ၊ စိတ်ထဲမှာတော့ ကျေနပ်မှာ မဟုတ်ဘူး။”
ကျင်းဘုရင်မင်းမြတ်က အနည်းငယ် ပြုံးလိုက်ပြီး “လာကြ …အဲဒီလူကို ခေါ်လာခဲ့။”
ခဏအကြာတွင် အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်၌ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အဘိုးအို တစ်ယောက်ကို သက်တော်စောင့် နှစ်ယောက်က ညီလာခံခန်းမပေါ်သို့ မတင် ခေါ်ဆောင်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က ပြုံးကာ ပြောလိုက်၏။ “ဆရာယန်..မတွေ့ရတာ ကြာပြီနော်။”
ယန်အဘိုးအိုသည် ဒူးနှစ်ဖက်ထောက်ကာ မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသည်။ ပြီးနောက် နက်ရှိုင်းစွာ ဦးညွှတ်၍ သနားစရာ အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော်မျိုး … အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
ကျင်းဘုရင်မင်းမြတ်၏ ပြုံးနေသော မျက်နှာသည် တဖြည်းဖြည်း အေးစက်လာပြီး “ဘာလို့ ကျွန်တော်မျိုးလို့ သုံးနှုန်းနေတာလဲ။”
မနေ့က သူတို့နှစ်ယောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ယန်မိသားစုနှင့် အခြားအမတ်များ၏ ဆက်ဆံရေးကို အရှေ့နန်းတော်က အကုန် သိထားပြီး ဖြစ်၏။
စာလွှာတင်သွင်းသူများကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီးနောက် ယန်မိသားစုဖြစ်ကြောင်း အမြန်ဆုံး အတည်ပြုနိုင်ခဲ့ကာ တပ်သားများစွာ စေလွှတ်၍ ယန်မိသားစု တစ်ခုလုံးကို ဝိုင်းရံထားခဲ့သည်။
ယန်မိသားစုသို့ ဝင်ထွက်သွားလာသော အမတ်များအားလုံးကို နိုင်ငံတော်၏ အင်အားသုံး၍ ညတွင်းချင်း စုံစမ်းစစ်ဆေးခဲ့ပြီး အပြန်အလှန် ပေးပို့ထားသော စာများကိုပါ အကုန် ရှာဖွေ သိမ်းဆည်းခဲ့၏။
ယန်အဘိုးသည် နန်းတော်ထဲသို့ ပထမဆုံး ဖမ်းဆီးခေါ်ဆောင်ခံရသူ ဖြစ်ပြီး တစ်ညလုံး ခြိမ်းခြောက် စစ်ဆေးခံရကာ ရှေ့တွင် သက်သေအထောက်အထားများစွာ ရှိနေသဖြင့် ဝန်ခံစရာရှိသည်များကို ဝန်ခံခဲ့ပြီး ဖြစ်သည်။
အသက်ရှင်ခွင့် ရ၊ မရ ဆိုသည်ကတော့ ယနေ့အပေါ်မှာပဲ မူတည်နေ၏။
ကျင်းဘုရင်မင်းမြတ်က ယခင်တုန်းက ဆက်ဆံရေးကို လုံးဝ ဂရုမစိုက်ဘဲ ဤမျှရက်စက်သော စကားမျိုး ပြောလာသည်ကို ကြားလိုက်ရသောအခါ ယန်အဘိုးမှာ ပြောစရာ စကားမရှိတော့ဘဲ ကျင်းဘုရင်မင်းမြတ်ကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့်သာ ကြည့်နေရသည်။
“ဆရာယန် … ငါကိုယ်တော် ယန်ကော်အန်းကို သတ်လိုက်လို့ ခင်ဗျားမှာ နာကြည်းချက်တွေ ရှိနေတာလား။” ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။
“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး။ သာမန်ပြည်သူ ကျွန်တော်မျိုး မဝံ့ရဲပါဘူး၊ ယန်ကော်အန်းက သေသင့်သေထိုက်လို့ပါ၊ အရှင်မင်းမြတ်က တရားမျှတပါတယ်။” ယန်အဘိုးက ခေါင်းမော့ကာ အလျင်အမြန် ပြောလိုက်သည်။
ယခုအချိန်တွင် ယန်ကော်အန်းက အရေးမကြီးတော့ပေ။ ယန်မိသားစု တစ်ခုလုံး အသက်ရှင်ခွင့် ရဖို့ကသာ အရေးကြီးဆုံး ဖြစ်၏။
နန်းတော်မှ ထွက်ခွာသွားခဲ့ရသည် တပည့်ဟောင်းများအား စုရုံးကာ ဂိုဏ်းဂဏဖွဲ့စည်းခြင်းသည် ပုန်ကန်ခြင်းနှင့် တူညီလှပေရာ အသက်ချမ်းသာခွင့် ရရှိနေသေးသည်ကပင်လျှင် ကံကောင်းလှချေပြီ။
“ဒါဆိုရင် ဘာလို့ အမတ်တွေနဲ့ ပူးပေါင်းပြီး ဖန်ကျန်းရီကို စွပ်စွဲရတာလဲ။ ခင်ဗျားက နန်းတော်ကနေ ထွက်သွားပြီပဲ။ အခုလို ညီလာခံကို နှောင့်ယှက်တာ ဘာအပြစ်လဲဆိုတာ သိရဲ့လား။” ကျင်းဘုရင်မင်းမြတ်က စကားပြောရင်း စောစောက အရိုက်ခံထားရသော အမတ်များကို အကဲခတ်ကြည့်လိုက်သည်။
ထိုလူများက မျက်လုံးချင်း ဆုံမိသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
ယန်အဘိုးက အံကို ကြိတ်ထားပြီး တစ်ခွန်းမှ မပြောတော့ပေ။
အခုအချိန်မှာ ဘာပြောရမလဲ။ ဘာပြောနိုင်မှာလဲ၊ အရေးမကြီးတော့ဘူး၊ ယန်မိသားစု တစ်ခုလုံးရဲ့ အသက်က အရှင်မင်းမြတ်ရဲ့ လက်ထဲမှာ ရောက်နေပြီ။
ဒါ့အပြင် မနေ့က စစ်ဆေးမေးမြန်းပြီးသွားပြီဆိုတော့ အခု ဒီမှာ ရှိနေတာကလည်း အရှင်မင်းမြတ်နဲ့ ဟန်ဆောင်ပူးပေါင်းပြီး တခြားသူတွေကို ခြိမ်းခြောက်ဖို့ သတ်သတ်ပဲ။
စကားများလေ မှားလေပဲမို့ ပါးစပ်ပိတ်ထားတာက ပိုကောင်းတယ်။
“ကောင်းပြီ၊ ခင်ဗျား စကားမပြောချင်လည်း ရတယ်။ ငါကိုယ်တော် ခင်ဗျားကိုယ်စား ပြောပေးမယ်။ အမတ်မင်းတို့ … ဒီနေ့ တုတ်ဒဏ်ခံရတဲ့သူတွေထဲက ဆယ်ယောက်မှာ ရှစ်ယောက်၊ ကိုးယောက်လောက်က နောက်ကွယ်မှာ ဆရာယန်နဲ့ ကြိုတင် ချိတ်ဆက်ထားကြတာပဲ။
မင်းတို့ ငြင်းဖို့ မကြိုးစားနဲ့၊ ထွက်ဆိုချက်တွေ၊ စာလွှာတွေ အကုန်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်လို့ ထင်ရင် ငါကိုယ်တော်ဆီ လာတောင်းလို့ရတယ်၊ မင်းတို့ ကျေနပ်အောင် လုပ်ပေးမယ်။
အခုလို နန်းတော်ပြင်ပက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံရေးကို လွှမ်းမိုးဖို့ ကြိုးစားတာ၊ နိုင်ငံ့ဝန်ထမ်းကို လုပ်ကြံတာ၊ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်သင့်တဲ့ အပြစ်ပဲ။”
“အရှင်မင်းကြီးခွင့်လွှတ်တော်မူပါ၊ အရှင်မင်းကြီးခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး တစ်ခဏတာ အမှားလုပ်မိတာပါ။ အရှင်မင်းကြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုးဆီမှာ... အရင်မင်းတရားကြီး ပေးသနားထားတဲ့ သေဒဏ်ကင်းလွတ်ခွင့် သံပြားရှိပါသေးတယ်။” ယန်အဘိုးက သနားစရာ အသံဖြင့် အော်ဟစ်ကာ ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်လိုက်သည်။
ဤစကား ထွက်လာသည်ကအပြစ်ကို ဝန်ခံလိုက်ခြင်းနှင့် အတူတူပဲ ဖြစ်သွား၏။
တုတ်ဒဏ်ခံထားရသော ကျန်အမတ်များလည်း ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားရပြီး ကျင်းဘုရင်မင်းမြတ်ကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကြည့်နေကြသည်။
လီယွမ်ကျောက်၏ မျက်လုံးများတွင်မူ အရောင်များ တလက်လက် တောက်ပနေ၏။
အရမ်းတော်တာပဲ။ ဒီနေ့ ခမည်းတော် တကယ်ကို အရမ်းကြမ်းနေတာပဲ၊ ဒီအဘိုးကြီးကို ဘယ်တုန်းက ဖမ်းလာမှန်းတောင် ငါ မသိလိုက်ဘူး၊ ခမည်းတော်က စာကြည့်ဆောင်ထဲမှာ ရှိနေပြီး ငါ့ကိုတောင် ဖုံးကွယ်ထားတယ်။ နောက်ကွယ်ကနေ ဒီလောက် ကိစ္စတွေ အများကြီး စီစဉ်ထားတာလား။
“ဟားဟား၊ ငါကိုယ်တော် မေ့နေတာ၊ ခင်ဗျားဆီမှာ အရင်မင်းတရားကြီး ပေးထားတဲ့ သေဒဏ်ကင်းလွတ်ခွင့် သံပြားရှိသေးတာပဲ။”
ကျင်းဘုရင်မင်းမြတ်က အနည်းငယ် ပြုံးလိုက်သည်။ “ဒါဆိုရင် ဒီအပြစ်ကို ခဏလွှတ်ထားပေးမယ်၊ ဒါပေမဲ့ ငါကိုယ်တော် ဆရာယန်ကို မတွေ့ရတာ ကြာပြီဆိုတော့ လွမ်းနေတာ၊ နန်းတော်ထဲမှာ ရက်အနည်းငယ်လောက် နေပြီး ငါကိုယ်တော်နဲ့ စကားလာပြောပါ။ လာကြ … ဆရာယန်ကို အနားယူဖို့ ခေါ်သွားလိုက်။”
သက်တော်စောင့်များက ရှေ့တိုးလာပြီး ကြောက်ရွံ့တုန်လှုပ်နေသော ယန်အဘိုးကို ဆွဲထုတ်သွားကြ၏။
“မင်းတို့ ပြောစရာ ရှိသေးလား။”
ဒူးထောက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အမတ်တစ်ယောက်က ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “အရှင်မင်းကြီးခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့ ဆရာယန်နဲ့ အဆက်အသွယ် ရှိခဲ့တာ မှန်ပါတယ်။ အမတ်မင်းဖန် လုပ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ဆရာယန်က ပြောပြလို့ သိရတာပါ၊ သိသိချင်းပဲ တင်ပြခဲ့တာပါ၊ အုပ်စုဖွဲ့ဖို့ ရည်ရွယ်ချက် မရှိပါဘူး... ကျွန်တော်မျိုးတို့ မတရားခံရတာပါ။”
ထို့နောက် ကျန်သူများကလည်း အလျင်အမြန် ထောက်ခံလိုက်ကြသည်။
ကျင်းဘုရင်မင်းမြတ်က သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး အားလုံး ပြောပြီးသွားမှသာ စကားစလိုက်၏။ “အသေးစိတ်ကိုတော့ ငါကိုယ်တော် ကိုယ်တိုင် စုံစမ်းမယ်။ လာကြစမ်း … ပါဝင်ပတ်သက်နေတဲ့ အမတ်တွေ အကုန်လုံးကို အကျဉ်းထောင်ထဲ ခေါ်သွားပြီး သေချာ စစ်ဆေးစမ်း။”
“ကျွန်တော်မျိုးတို့ မတရားခံရတာပါ။”
အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး အဝေးရောက်သွားသည်အထိ ကြားနေရသည်။
ကျန်းရှီမှာ တစ်ကိုယ်လုံး တုန်ယင်လျက် မတ်တပ်ရပ်နေပြီး စိတ်ထဲတွင် အလွန် နောင်တရနေမိ၏။
အရှင်မင်းမြတ်က လူငယ်ဘဝတုန်းကလိုပဲ... လုပ်ရပ်တွေက မြန်ဆန်ပြီး လုံးဝ မတွေဝေဘူး။
ပိုပြီး နောင်တရတာက ဘာလို့ ကိုယ်တိုင် ရှေ့ထွက်မိတာလဲ... ယန်အဘိုးက ငါ့နာမည်ကို မပြောဘူးဆိုရင် ကိစ္စက ပြောင်းလဲဖို့ အခွင့်အရေး ရှိနေသေးတယ်။ အခု ကြည့်ရတာတော့ မျှော်လင့်ချက်က သိပ်မရှိတော့ဘူး...
ကျင်းဘုရင်မင်းမြတ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မိန့်သည်။ “ငါကိုယ်တော် နေမကောင်းဖြစ်တဲ့ တစ်ခဏလေးအတွင်းမှာ ဒီလောက် ကိစ္စတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဝူမင်းသားက ပုန်ကန်တယ်၊ အမတ်တွေက အုပ်စုဖွဲ့တယ်၊ ကြီးကြပ်ရေးအဖွဲ့က အလုပ်မလုပ်ဘူး။ ပြောရရင် ငါကိုယ်တော် လူကဲခတ်ညံ့လို့ပဲ။ အခုကစပြီး စည်းမျဉ်းတချို့ကို ပြောင်းလဲသင့်ပြီလို့ ငါကိုယ်တော် ထင်တယ်။ ကော်ပန်ပန် … အမိန့်တော် ဖတ်ကြားစမ်း။”
ကော်ပန်ပန်က ကြိုတင် ပြင်ဆင်ထားသော အမိန့်တော်ကို ကိုင်ကာ ကျယ်လောင်စွာ ဖတ်ကြားလိုက်၏။ “ကောင်းကင်ဘုံ၏ အလိုတော်အရ ကျင်းဘုရင်မင်းမြတ်၏ အမိန့်တော်... ယခုမှစ၍ ရီလွမ်ဌာနအား ကျင်းယီဝေတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ အဆင့်သုံးအဖြစ် သတ်မှတ်ပြီး မြင်းယဉ်ပါးရေး ဌာန ခုနစ်ခုကို အဆင့်ခြောက်အဖြစ် သတ်မှတ်သည်။
နောင်တွင် ပုန်ကန်မှုများ၊ ကောလာဟလ ဖြန့်ဝေမှုများ၊ နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ခိုးယူမှုများ၊ ပြည်ပနိုင်ငံများနှင့် လျှို့ဝှက်ဆက်သွယ်မှုများ၊ သူခိုးဓားပြများကို လက်ခံသိမ်းဆည်းမှုများ အားလုံးကို စုံစမ်းဖော်ထုတ်ရန် တာဝန်ပေးအပ်သည်။
ဖန်ကျန်းရီသည် ငယ်ရွယ်သော်လည်း စွမ်းဆောင်ရည် ပြည့်ဝပြီး နိုင်ငံအတွက် အကျိုးပြုခဲ့သဖြင့် ကျင်းယီဝေတပ်ဖွဲ့၏ တပ်မှူးအဖြစ် အထူး ခန့်အပ်လိုက်သည်။ အမိန့်တော်အတိုင်း ဖြစ်စေရမည်။”
အခန်း (၅၁၀) ယန်ချွန်းခေါက်ဆွဲ မစားချင်တော့ဘူး။
ဘာ။
အမိန့်တော် ဖတ်ကြားပြီးသွားသောအခါ အမတ်များအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ကျင်းယီဝေတပ်ဖွဲ့။ အာဏာက စိတ်ကူးလို့တောင် မရနိုင်လောက်အောင် ကြီးမားနေပြီ မဟုတ်လား။
စောစောက ဖတ်သွားသည့် အမိန့်တော်အရ ကျင်းယီဝေ၏ လုပ်ပိုင်ခွင့်က တစ်နိုင်ငံလုံးရှိ အမှုအခင်းအားလုံး နီးပါးကို လွှမ်းခြုံထား၏။
ဤသို့ကြီးမားသော အာဏာကို ဖန်ကျန်းရီ၏ လက်ထဲ ထည့်ပေးလိုက်လျှင် နောင်ကျ သူတို့ ကောင်းကောင်း နေရပါဦးမည်လား။
“အရှင်မင်းမြတ် .. ဒီအမိန့်တော်ကို အတွင်းဝန်ရုံးကနေ စိစစ်ပြီးပါပြီလား။” ချက်ချင်းပင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်သည်။
ကျင်းဘုရင်မင်းမြတ်က တစ်ချက်စောင်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “ငါကိုယ်တော် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းက သင်ပေးချင်နေတာလား။”
“ကျွန်တော်မျိုး မဝံ့ရဲပါဘူး...” စကားပြောသူမှာ ချက်ချင်း နောက်ဆုတ်သွားသည်။
ကျင်းဘုရင်မင်းမြတ်က ထပ်မေးလိုက်၏။ “အဲဒီတော့ အတွင်းဝန်ရုံးကကော ဘယ်လိုသဘောရလဲ။ ဆရာလီ … ပြောကြည့်ပါအုံး။”
လီယန်စုန့်က တံတွေးမြိုချလိုက်ပြီး စိတ်ထဲတွင် အလွန် ခါးသက်နေသည်။
ဘာပြောနိုင်မှာလဲ။ ဒီနေ့ အရှင်မင်းကြီးထွက်လာတာနဲ့ အခြေအနေ အားလုံးကို ထိန်းချုပ်လိုက်ပြီ၊ လူတော်တော်များများကိုလည်း အပြစ်ပေးလိုက်သေးတယ်။ ကြည့်ရတာ အစောကြီးကတည်းက ကြိုတင် စီစဉ်ထားတာပဲ။
အတွင်းဝန်ရုံးက အရှင်မင်းမြတ်ဘက်က ရပ်တည်တယ် ဆိုရင်တောင် ကျင်းယီဝေလို ထူးဆန်းတဲ့ အဖွဲ့မျိုး ပေါ်လာတာကို လုံးဝ မလိုလားဘူး။
ဒါက လူတိုင်းရဲ့ လည်ပင်းပေါ်ကို ဓားတင်ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဓားကိုင်ထားတဲ့ သူကလည်း အရူးတစ်ယောက် ဖြစ်နေသေးတယ်။
ဒါပေမဲ့... အခြေအနေက အရမ်းမြန်မြန် ပြောင်းလဲသွားတယ်၊ အရှင်မင်းမြတ်က အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားပြီဆိုတော့ ဝင်ပြောဖို့၊ ငြင်းဆန်ဖို့ အခွင့်အရေး မရှိတော့ဘူး။
လီယန်စုန့်က ခါးညွှတ် အရိုအသေပေးကာ တိုးညင်းစွာ ပြောလိုက်သည်။ “ကျွန်တော်မျိုး ထင်တာကတော့... ကျင်းယီဝေ ဖွဲ့စည်းတာက အချိန်ကိုက်ပါပဲ။”
“ကောင်းပြီ။ အားလုံးက သဘောတူတယ်ဆိုမှတော့ ဒီအမိန့်တော်ကို စာလွှာတွေထဲ ထည့်ရေးပြီး နေရာတိုင်းကို အသိပေးလိုက်။ ညီလာခံ သိမ်းမယ်။”
ကျင်းဘုရင်မင်းမြတ်က အင်္ကျီလက်စကို ခါလိုက်ပြီး အနောက်မလှည့်ခင် ကျန်းရှီကို အေးစက်စွာ တစ်ချက် ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် ကျန်းရှီ၏ ဝိညာဉ်များ လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
...
စာကြည့်ဆောင်သို့ ပြန်ရောက်သောအခါ ကျင်းဘုရင်မင်းမြတ်က သဘာဝကျကျပင် ခုတင်ပေါ်သို့ ပြန်လှဲလိုက်၏။
ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီနေရာက ပိုသက်တောင့်သက်သာ ရှိတယ်။ ငါကိုယ်တော် ရက်အနည်းငယ်လောက် လဲနေပြီး ညီလာခံတောင် မတက်ချင်တော့ဘူး။”
“ဟုတ်တယ် ခမည်းတော်၊ လှဲနေရတာက ပိုကောင်းတယ်။” လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်၏။
“ပါးစပ်ပိတ်ထား၊ အသုံးမကျတဲ့ကောင်။ ဒါပေမဲ့ ဒီနေ့ မင်းရဲ့ လုပ်ပုံကိုင်ပုံလေးတော့ မဆိုးပါဘူး။” ကျင်းဘုရင်မင်းမြတ်က ဆူပူလိုက်ပြီးနောက် ချိုချဉ်တစ်လုံးကို ကမ်းပေးလိုက်သည်။
“ခမည်းတော် … ဒီနေ့ ဘာလို့ ဆရာယန်ကို နန်းတော်ထဲမှာ ခေါ်ထားပြီး အပြစ်မပေးတာလဲ၊ သူက ဖန်ကြီးကို ဒုက္ခပေးချင်နေတာမလား။” လီယွမ်ကျောက်က မေးလိုက်၏။
“အင်း... သူတော့ မဟုတ်လောက်ဘူး၊ ကျန်းရှီ ဖြစ်မယ်။ မနေ့ညက လူလွှတ်ပြီး စစ်ဆေးခဲ့တယ်။ သူက ကျန်းရှီအကြောင်း မပြောပေမဲ့ ယန်မိသားစုရဲ့ တံခါးစောင့်က ကျန်းရှီကို အကြိမ်အနည်းငယ် တွေ့ဖူးတယ်။
ကျန်းရှီက အာဏာရှိတော့ ယန်မိသားစုကို ကြောက်စရာ မလိုဘူး၊ ဒီနေ့ သူကိုယ်တိုင် ထွက်လာတာက သူ လုပ်ချင်လို့ပဲ ဖြစ်ရမယ်။
ယန်မိသားစုလည်း လွတ်မှာ မဟုတ်ဘူး၊ သက်သေအထောက်အထားတွေ ထပ်စုပြီးမှ တစ်ခါတည်း အပြစ်ပေးရမယ်။
စတုတ္ထညီတော် နောက်ကွယ်ကနေ စုဆောင်းထားတဲ့ အင်အားတွေကို ဘဏ္ဍာရေး ဌာနကပဲ ဖုံးကွယ်ပေးနိုင်မှာ... ငါကိုယ်တော် အစောကြီးတည်းက စဉ်းစားမိသင့်တာ၊ ဒါပေမဲ့ စိတ်ထဲမှာ သေချာ မသိခဲ့ဘူး။ စဉ်းစားလို့ကို မရဘူး၊ သူက တုံးတဲ့သူမှ မဟုတ်တာ။ ငွေလေးတစ်ခုတည်းအတွက်နဲ့ ဒီလိုလုပ်ပါ့မလား။”
ကျင်းဘုရင်မင်းမြတ်လည်း အလွန် စိတ်ရှုပ်ထွေးနေပြီး နားထင်ကို ဖြည်းညှင်းစွာ နှိပ်နယ်နေသည်။
“ဒါဆို ဘာလို့ သူ့ကို တန်းပြီး မဖမ်းလိုက်တာလဲ။” လီယွမ်ကျောက်က ထပ်မေးလိုက်၏။
“သူတို့ကို ခဏထားလိုက်အုံး.. ကျင်းယီဝေ စတင်ဖွဲ့စည်းတာဆိုတော့ အရှိန်အဝါ ပြဖို့ အခွင့်အရေး တစ်ခုလိုတယ်၊ ငါကိုယ်တော် လူလွှတ်ပြီး ကျန်းမိသားစုနဲ့ ယန်မိသားစုကို သေချာ ပိတ်ဆို့ထားလိုက်ပြီ။ ကော်ပန်ပန် … အမြန်ဆုံး သတင်းပို့လိုက်၊ ဖန်ကျန်းရီကို ရှာပြီး မြို့တော်ကို ချက်ချင်း ပြန်လာခိုင်းလိုက်။”
“မှန်လှပါ အရှင်မင်းမြတ်၊ ကျွန်တော်မျိုး အခုပဲ သွားစီစဉ်လိုက်ပါ့မယ်။”
ကော်ပန်ပန်က အနောက်လှည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားကာ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေသည်။ စိတ်ထဲတွင်လည်း အလွန် နာကြည်းနေသည်။
အရှေ့နန်းတော်က နေ့တိုင်း အဆဲခံနေရတာ။ အခုတော့ လူသစ်က လူဟောင်းကို ကျော်သွားပြီလား။ ကျင်းယီဝေကို ဖွဲ့စည်းပြီး လက်ဆောင်တောင် ပေးလိုက်သေးတယ်။
...
ယူတိန့်မြို့။
ဖန်ကျန်းရီက ချူယိုယီကို ခေါ်ကာ လမ်းမပေါ်တွင် လျှောက်သွားနေသည်။
ချူယိုယီက စာအုပ်သေတ္တာကို လွယ်ထား၏။
ကလေးကို ကျောင်းဆင်းချိန် သွားကြိုလာသကဲ့သို့ပင်။ သို့သော်ငြား ကျောင်းဆင်းလာခြင်း မဟုတ်ဘဲ ခေါက်ဆွဲစားရန် သွားနေခြင်း ဖြစ်သည်။
ဖန်ကျန်းရီက မျက်နှာသေဖြင့် အရှေ့မှ လျှောက်သွားနေ၏
မြို့ထဲက မက်မွန်ပန်းတွေ သူ ဆွဲလွန်းလို့ တစ်မြို့လုံးက နံရံတွေလည်း မက်မွန်ပန်းပုံတွေ ဖြစ်နေပြီ။ အခုထိ ငါ့ကို လာရှာတဲ့သူ မရှိသေးဘူး။ ညီအစ်ကိုတွေက ငါ ဝံပုလွေစားခံရပြီလို့ ထင်ပြီး မရှာတော့တာလား။
ဒီနှစ်ရက်အတွင်း ပိုက်ဆံနည်းနည်း ထပ်စုပြီး လမ်းစရိတ်ရရင် ကိုယ့်ဘာသာ ထွက်ပြေးရတော့မယ်။
ချူယိုယီမှာ ဖျားနာနေသူ တစ်ယောက်လို လက်နှစ်ဖက်ကို တွဲလောင်းချကာ အလောင်းကောင်ကဲ့သို့ အနောက်မှ လိုက်လာသည်။ ထိုအရာက အာဟာရ ပြတ်လပ်နေခြင်းကြောင့် ဖြစ်သည်။
တစ်နေ့လုံး ယန်ချွန်းခေါက်ဆွဲ တစ်ပွဲတောင် အပြည့်မစားပေ၊ အိမ်ပြန်ရောက်လို့ ကြည့်လိုက်လျှင် အသားငါးတွေ အများကြီး ရှိပေမဲ့သူမ တစ်လုပ်မှ မစားရဲပေ။
“ဖန်ထန်ကျင့် … ကျွန်မ ယန်ချွန်းခေါက်ဆွဲ မစားချင်တော့ဘူး။” ချူယိုယီက အားမရှိသော အသံဖြင့် ပြောလိုက်၏။
“ဒါဆို ရေလွတ်ခေါက်ဆွဲ စားလေ။” ဖန်ကျန်းရီက စိတ်မပါ့တပါဖြင့် ငွေဘယ်လိုရှာရမလဲ ဆိုသည်ကိုသာ တွေးနေသည်။
“မရဘူး။ လုံလောက်ပြီ။ ကျွန်မ အသားစားချင်တယ်။ ဒီနေ့ သခင်လေးလုက နေ့လယ်စာ ကျွေးမယ်လို့တောင် ပြောသေးတယ်၊ ကျွန်မ ယန်ချွန်းခေါက်ဆွဲ မစားတော့ဘူး။” ချူယိုယီက ရုတ်တရက် ပေါက်ကွဲသွားပြီး ဖန်ကျန်းရီကို ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သခင်မလေးရောဂါ ထလာပြန်ပြီ။ အလိုလိုက်ထားလို့ မရဘူး။
ဖန်ကျန်းရီက အနောက်လှည့်ကြည့်ကာ အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။ “အဲဒီ လုရှို့ဝမ်ကိုလေ၊ သခင်မလေး သူနဲ့ ဝေးဝေးနေတာ ကောင်းမယ်၊ သူက မိန်းကလေးတွေရဲ့ ခံစားချက်ကို ကစားတဲ့ လူရှုပ်ပဲ။”
“လူရှုပ်ဆိုတာ ဘာလဲ။”
“ယောက်ျားတွေထဲက အမှိုက်။”
“ရှင် လျှောက်ပြောနေတာပဲ။ ရှင် သူ့ကို မနာလိုဖြစ်နေတာမလား။ သူက မျိုးရိုးလည်း ကောင်းတယ်၊ ရုပ်လည်း ချောတယ်၊ ဘယ်သူ့ကိုတွေ့တွေ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တယ်။ မိန်းကလေးတွေရဲ့ ခံစားချက်ကို ကစားတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ သူ ပြည့်တန်ဆာရုံကို သွားတယ်လို့ ရှင် ပြောပေမဲ့ သူ တကယ် မသွားခဲ့ဘူး။ ကျွန်မ မေးကြည့်ပြီးပြီ။ ရှင်ပဲ သူ့နောက်ကွယ်မှာ လျှောက်ပြောနေတာ။” ချူယိုယီက ကျယ်လောင်စွာ ငြင်းဆိုလိုက်၏။
သူမ ကြိတ်ကြိုက်နေသောသူကို စွပ်စွဲသည်ကိုတော့ လုံးဝ လက်မခံနိုင်ပေ။
“ဒုတိယသခင်မလေး၊ မိန်းကလေးတွေရဲ့ ခံစားချက်ကို တစ်ခါမှ မကစားဖူးတဲ့သူက မိန်းကလေးတွေကို ကစားတဲ့ နည်းလမ်းတွေ အကုန်လုံးကို သိနေတယ်ဆိုရင် သူက မိန်းကလေးတွေရဲ့ ခံစားချက်ကို ကစားနေတာ သေချာနေပြီပေါ့။ အဲဒီလိုလူမျိုးက အမှိုက်တွေထဲမှာမှ ထိပ်တန်းအမှိုက်ပဲ … ကျုပ် ပြောတာ ယုံစမ်းပါ။
သူများတွေက သခင်မလေးကို လိမ်ချင်လိမ်မယ်၊ ကျုပ်ကတော့ ဘယ်တော့မှ မလိမ်ဘူး။ အားလုံးက သခင်မလေးကို ပိန်တယ်လို့ ပြောပေမဲ့ ကျုပ်တစ်ယောက်တည်းကပဲ ဝတယ်လို့ ပြောပြီး ဝိတ်ကျအောင် ကူညီပေးနေတာလေ။ ဒီနှစ်ရက်အတွင်းမှာ ရလဒ်ထွက်လာတာကို မသိဘူးလား။ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်လုပ်ကြည့် … သေချာပေါက် အောင်မြင်မှာ။”
“ဟင်...” ချူယိုယီက ခြေလှမ်း ရပ်သွားပြီး လက်ချောင်းများကို ရေတွက်ကာ စဉ်းစားနေသည်။
ဖန်ကျန်းရီလည်း ခြေလှမ်း ရပ်လိုက်ပြီး သူမကို ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။
မိန်းမတွေ အချစ်နဲ့ ပတ်သက်လာရင် ဉာဏ်ရည် သုညပဲ၊ လူရှုပ်မှန်း သိသိကြီးနဲ့ ကိုယ်တိုင် သွားကပ်နေတာ၊ တကယ် အတုမရှိ ငထူပဲ။
ဖန်ကျန်းရီက လမ်းသွားလမ်းလာ တစ်ယောက်ကို ဆွဲလိုက်ပြီး ချူယိုယီကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“သူ ဝသလား။”
လမ်းသွားလမ်းလာက မျက်နှာကို ကုတ်ကာ ဖြေ၏။ “မဝပါဘူး၊ ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ဘူး၊ သွားတော့ သွားတော့။ တွေ့လား ဒုတိယသခင်မလေး၊ ကျုပ် သခင်မလေးကို မလိမ်ပါဘူး၊ ကျုပ် ငယ်ငယ်ကတည်းက လိမ်ပြောတတ်တဲ့သူမှ မဟုတ်တာ။ နောက်ထပ် နှစ်ရက်လောက် ယန်ချွန်းခေါက်ဆွဲ စားပြီး အခြေခံကို ခိုင်မာအောင် လုပ်လိုက်အုံး။ အဲဒီနောက်ပိုင်းကျရင် စားချင်တာ စားလို့ရပြီ။ လာ … ခေါက်ဆွဲသွားစားရအောင်။” ဖန်ကျန်းရီက မတတ်သာစွာဖြင့် ခေါင်းယမ်းလိုက်သည်။
“ကျွန်မ တကယ် ပိန်သွားတာလား။” ချူယိုယီ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လွင်လာပြီး အာရုံစိုက်မှုက လုရှို့ဝမ်ဆီမှ ချက်ချင်း ပြောင်းသွား၏။
ဖန်ကျန်းရီက ဦးဆောင်ကာ ခေါက်ဆွဲဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။
ချူယိုယီက ခါးကို နှစ်ချက်လောက် စမ်းကြည့်ပြီး ဝမ်းသာအားရဖြင့် အနောက်မှ လိုက်သွား၏။
ခေါက်ဆွဲဆိုင်သို့ ရောက်သောအခါ ဖန်ကျန်းရီက ယန်ချွန်းခေါက်ဆွဲ တစ်ပွဲ မှာလိုက်ပြီး ချူယိုယီကို ပြောလိုက်သည်။ “ဒုတိယသခင်မလေး … အရင်စားနှင့်။ ကျုပ် စက္ကူအဖြူ နည်းနည်း သွားဝယ်လိုက်အုံးမယ်၊ စက္ကူတွေ ကုန်တော့မယ် ထင်တယ်။”
“ဟင် …. မနေ့ကမှ ဝယ်ထားတာ မဟုတ်ဘူးလား။” ချူယိုယီက မျက်လုံးပြူးကာ အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ကျုပ် အမှတ် မှားသွားတာ၊ မင် ကုန်သွားတာ။”
“ဪ …..ဒါဆိုလည်း သွားလေ။”
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး ခေါက်ဆွဲဆိုင်မှ ထွက်လာခဲ့ကာ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် စားသောက်ဆိုင် တစ်ဆိုင်၏ တံခါးဝသို့ ရောက်သွားသည်။ အထဲသို့ ယုံကြည်မှုရှိရှိ ဝင်သွားလိုက်သည်။
စားပွဲထိုးက ဧည့်သည်လာသည်ကို မြင်သောအခါ အလျင်အမြန် လာကြို၏။ “အို … သခင်လေးဖန် လာပြီပဲ။ ဒီနေ့ ဘာများ သုံးဆောင်မလဲ ခင်ဗျာ။”
“ပုစွန်လုံးခေါက်ဆွဲ တစ်ပွဲ၊ ဘဲကင် ပေါင်တစ်ခြမ်း၊ ညာဘက်ပေါင်ကို ယူမယ်နော်၊ ပြီးတော့ ကျောက်ငါးပေါင်း တစ်ကောင်၊ ဟွာတျောက်အရက် တစ်ဝက်လောက် ပေး။ ဒီလောက်ပဲ … မြန်မြန်လုပ်။”
“ဟုတ်ကဲ့ပါ … သခင်လေးအတွက် နေရာ ဖယ်ထားပေးပါတယ်၊ ဒုတိယထပ်ကို ကြွပါခင်ဗျာ။”