အခန်း (၅၁၁-၅၁၂)
Vol. 28 Ch. 511-512
အခန်း (၅၁၁) ထမင်းမြိန်စေတဲ့ အစီအစဉ်။
ဖန်ကျန်းရီသည် ဒုတိယထပ် ပြတင်းပေါက်နားတွင် ထိုင်ကာ လက်တစ်ဖက်က လက်ရန်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က အရက်ခွက်ကို ကိုင်ကာ ခေါက်ဆွဲဆိုင်ဘက်သို့ လှမ်းကြည့်နေသည်။
အရက်သောက်ရင်း လေညင်းခံနေ၏။
အောက်ဘက်တွင် မျက်နှာရှုံ့မဲ့ကာ ခေါက်ဆွဲကို ဆွဲစားနေသော ချူယိုယီကို မြင်နေရသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် သာယာကြည်နူးဖွယ်ကောင်းသော လွမ်းဆွတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဒီလို နေရတဲ့ ဘဝလေးကလည်း မဆိုးပါဘူး။ ဒါပေမဲ့ တာဝန် ထမ်းဆောင်နေရတာဆိုတော့ အစောကြီးဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် ထွက်သွားရမှာပဲ။
အရင်တုန်းက ဘာလို့ အစေခံ တစ်ယောက် အဖြစ်နဲ့ ကူးပြောင်းမလာခဲ့တာလဲ။ အခုတော့ ခရိုင်ဝန် တစ်ယောက် ဖြစ်နေပြီး မိသားစုကြီး တစ်ခုလုံးကို ပြုစုပျိုးထောင်နေရတယ်။ ခွေးလောက်တောင် အဆင့်မရှိတဲ့ ဘဝမျိုးကို ဖြတ်သန်းနေရတယ်။
အစေခံ ဖြစ်တာက ပိုကောင်းအုံးမယ်။
ကဗျာလေးတွေ ကူးရေးမယ်၊ စာလေးတွေ ရေးမယ်၊ သခင်မလေးကို စနောက်မယ်၊ အားနေရင် ခေတ်သစ် စီးပွားရေး ဗဟုသုတတွေနဲ့ လူတွေကို အံ့အားသင့်အောင် လုပ်မယ်။
နောက်ဆုံးကျရင် အိမ်မက်ထဲကလို ပြီးပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်ရမှာပဲ။
ဟူး .. မွေးဖွားလာတဲ့ အချိန်က အချိန်မကိုက်လိုက်တာ။
“သခင်လေးဖန် … ဟင်းတွေ ရပါပြီခင်ဗျာ၊ ဒီနေ့ မီးဖိုချောင်ကနေ သိုးသားနဲ့ မုန်လာဥဖြူစွပ်ပြုတ် တစ်ပွဲ လက်ဆောင် ပေးလိုက်ပါတယ်၊ သခင်လေး မြည်းစမ်းကြည့်ပါအုံး။” စားပွဲထိုးက မြှောက်ပင့်သော မျက်နှာထားဖြင့် ဖန်ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
သူ့ရှေ့က လူက တကယ့် ဖောက်သည်ကြီး၊ တကယ့်ကို အစားအသောက် ဝါသနာရှင်ပဲ။
ဒီနှစ်ရက်အတွင်း စားသောက်ဖို့ လာတိုင်း အပြစ်ရှာတတ်ပေမဲ့ သူပြောတာက အကြောင်းပြချက် ခိုင်လုံလို့ စားဖိုမှူးကတောင် ပြန်မငြင်းနိုင်ဘူး။
အရေးအကြီးဆုံးက ပိုက်ဆံသုံးတာ ရက်ရောတယ်။
သူ သဘောကျရင် ပိုက်ဆံပေးတယ်။ ကောင်းကောင်း ပြုစုပေးနိုင်ရင် ကိုယ်တိုင် တစ်လလုံး အလုပ်လုပ်လို့ ရတဲ့ ငွေထက်တောင် ပိုများအောင် ရသေးတယ်။
ဖန်ကျန်းရီက ချူယိုယီဆီမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပျင်းရိစွာဖြင့် တူကို ယူကာ သိုးသားနှင့် မုန်လာဥကို ညှပ်စားလိုက်သည်။
ပါးစပ်ထဲတွင် သေချာ အရသာခံရင်း အကြည့်က ချူယိုယီဆီ ထပ်ရောက်သွားပြန်၏။
ပါးစပ်ထဲက ဟင်းက ပိုပြီး အရသာရှိသွားသလိုပဲ။
အရင်ဘဝတုန်းက အင်တာနက်က စာအုပ်တွေ ဖတ်ရင် ကမ္ဘာပျက်မယ့် အကြောင်းတွေ ဖတ်ရတာ သဘောကျတယ်၊ ဒါမှမဟုတ် တောထဲမှာ အသက်ရှင်သန်ရတဲ့ အစီအစဉ်တွေ ကြည့်ရင်း မုန့်လေး စားရတာက တကယ့်ကို အရသာရှိတာ။
အခု ဖုန်းမရှိ၊ တီဗွီမရှိပေမဲ့ အောက်က ချူယိုယီက အကောင်းဆုံး ထမင်းမြိန်စေတဲ့ အစီအစဉ်ပဲ။
ဟင်းတစ်လုတ် မြိုချလိုက်ပြီးနောက် ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “မုန်လာဥက မရွေးထားဘူး။ အကြောတွေ အရမ်းများတယ်။ ညံ့တယ်။
သိုးသားက အရမ်းနူးနေတယ်၊ ပါးစပ်ထဲရောက်တာနဲ့ ပျော်သွားတယ်၊ ဝါးစရာ မလိုဘူး၊ ညံ့တယ်။
ပြီးတော့ ဒီဟင်းထဲမှာ ဆီတွေ အရမ်းများတယ်၊ ကြည့်ရတာနဲ့တင် အီနေပြီ၊ ညံ့တယ်။
စေတနာ မပါဘူး၊ မင်းတို့ ဒီလိုပဲ ဆက်ပြီး ဖြစ်သလို လုပ်နေမယ်ဆိုရင် ငါ နောက်တစ်ခါ မလာတော့ဘူး။”
ချူယိုယီဟူသော အရသာရှိလှသည့် အစားအစာ ရှိနေပါလျက်နှင့် အရသာမှာ ဤမျှလောက်ပင် ကွာဟနေသေးရာ ဖန်ကျန်းရီ၏ စိတ်နှလုံးအတွင်း၌ အမှန်တကယ်ပင် မကျေမချမ်း ဖြစ်သွားရ၏။
စားပွဲထိုးက အပြုံးဖြင့် တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ခင်ဗျာ၊ ကျုပ် ခဏနေကျရင် မီးဖိုချောင်ကို သွားပြောလိုက်ပါ့မယ်။ ဒါပေမဲ့ သခင်လေးဖန်ရယ်၊ ဆီများတာ မကောင်းဘူးလား။”
ဖန်ကျန်းရီက မျက်စောင်းထိုးလိုက်၏။ “ကောင်းတယ်၊ မင်းတို့ စားဖိုမှူးတွေကတော့ ကောင်းတယ်လို့ ထင်မှာပေါ့။ ဆင်းရဲသားတွေကလည်း ကောင်းတယ်လို့ ထင်မှာပဲ။ ငါတို့လို လူတွေက ဆီလိုနေလို့လား။ စားဖိုမှူး တစ်ယောက်ဖြစ်ပြီး ဟင်းချက်တာကို ဘာမှ နားမလည်ဘူး။ နောက်တစ်ခါ သိုးသားစွပ်ပြုတ် လုပ်ရင် မုန်လာဥကို အမျှင်လေးတွေ လှီးခိုင်းလိုက်၊ မုန်လာဥတုံးကြီးတွေ ထည့်ပြီး လိမ်စားနေတာလား။ ဒီတစ်လုတ် စားလိုက်တာနဲ့တင် ငါ အီသွားပြီ။ ပါးစပ်ရှင်းသွားအောင် အအေးစာ တစ်ခုခု ဖြစ်သလို လုပ်လာခဲ့လိုက်။”
ဖန်ကျန်းရီက လက်ကာပြလိုက်ရာ စားပွဲထိုးက ပြုံးပြီး ထွက်သွားသည်။
ထို့နောက် သူက ချူယိုယီကို ထပ်မံ အကဲခတ်ကြည့်နေလိုက်၏။
ချူယိုယီက ခေါက်ဆွဲဟင်းရည် တစ်ငုံ သောက်လိုက်၊ ဖန်ကျန်းရီက ဘဲကင်ပေါင် တစ်ကိုက် ကိုက်လိုက်။
သူမက ခေါက်ဆွဲတစ်ဖတ် ဆွဲလိုက်၊ ဖန်ကျန်းရီက ပုစွန်လုံး တစ်လုံး စားလိုက်...
စားကောင်းနေစဉ်မှာပဲ အောက်ထပ်မှ ဆူညံသံများ ထွက်ပေါ်လာရာ ဖန်ကျန်းရီက မျက်မှောင်ကုတ်ကာ လှေကားဘက်သို့ ကြည့်လိုက်သည်။
ရင်းနှီးနေသော ပုံရိပ် သုံးခု မျက်လုံးထဲ ဝင်လာပြီး ပါးစပ်ထဲတွင် စားလက်စ ငါးသားက ပန်းကန်ထဲသို့ 'ဘုတ်' ခနဲ ပြုတ်ကျသွား၏။
အဝတ်အစားများ စုတ်ပြတ်နေသော 'သူတောင်းစား' သုံးယောက်ကို မြင်လိုက်ရသည်၊ တစ်ကိုယ်လုံး အဝတ်အစားများ စုတ်ပြတ်နေပြီး မျက်နှာပေါ်တွင်လည်း ဘယ်က ကပ်လာမှန်းမသိသော အမည်းကွက်၊ အဖြူကွက်များ ရှိနေသည်။
သူတို့သုံးယောက်၏ မျက်နှာများမှာ စိတ်လှုပ်ရှားနေပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေကာ ဖန်ကျန်းရီကို ကြည့်ပြီး တုန်ယင်စွာဖြင့် အော်ခေါ်လိုက်၏။ “သခင်လေး...”
ကျိုးထျဲ့၊ ကျောက်လျဲ့၊ ရှဲ့ရှန်း...
ဘေးနားရှိ စားပွဲထိုးက သူတို့သုံးယောက်ကို နှင်ထုတ်ရန် ကြိုးစားနေစဉ် ဖန်ကျန်းရီက ရုတ်တရက် ထရပ်ပြီး လျှောက်သွားကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “မင်းအလုပ် မင်းသွားလုပ်တော့။ ဒီလူတွေက ငါ့လူတွေချည်းပဲ။ နေအုံး … အရက်တစ်အိုးနဲ့ အရက်ခွက် နည်းနည်း ယူလာခဲ့။
မင်းတို့... ရောက်လာကြပြီပဲ။ မြန်မြန် ထိုင်ပြီး စကားပြောကြ။ စားကြ၊ အရင်စားကြအုံး .. ဗိုက်ဆာနေကြပြီမလား။”
ဖန်ကျန်းရီမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ပြောရင်းဆိုရင်း ကျိုးထျဲ့တို့ကို စားပွဲဆီသို့ ဆွဲခေါ်လာသည်။
တခြား စားသုံးသူများက ညစ်ပတ်နေသော လူသုံးယောက်ကို မြင်သောအခါ ရှောင်ဖယ်သွားကြပြီး ထိုင်ခုံများကို အတင်း နေရာရွှေ့လိုက်ကြ၏။
ထိုင်ပြီးသောအခါ ဖန်ကျန်းရီက သူတို့သုံးယောက်အတွက် အရက်စတင် ငှဲ့ပေးလိုက်ပြီး သုံးယောက်လုံး အရက်ခွက်ကို ကိုင်လိုက်မှသာ စိတ်အေးသွားသည်။
ကျိုးထျဲ့က အရက်တစ်ငုံ သောက်လိုက်ပြီး သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။ “သခင်လေး ... သခင်လေး ကို တောင်ပေါ်မှာ ဘယ်လောက်ကြာကြာ ရှာခဲ့ရလဲ သိလား။ ကျုပ်တို့က သခင်လေး သေပြီလို့တောင် ထင်နေတာ။”
ရှဲ့ရှန်းက ပြုံးပြီး ပြော၏။ “ဟင်း မခပ်ပါနဲ့တော့ သခင်လေး ၊ ကျွန်တော်တို့ ဗိုက်မဆာပါဘူး၊ တောင်ပေါ်မှာ စားစရာတွေ အများကြီး ရှိပါတယ်။ သခင်လေး ဘယ်လိုလုပ်ပြီး ဒီမြို့ထဲကို ရောက်လာတာလဲ။”
ဖန်ကျန်းရီက တူကို ချထားလိုက်ပြီး ရှဲ့ရှန်းကို ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။ “ခင်ဗျားက ဟိုင်ယွမ်မြို့မှာ ရှိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် သူတို့နဲ့ အတူတူ ရောက်နေတာလဲ။”
ကျောက်လျဲ့က ပြော၏။ “သခင်လေး … သုံးရက်မြောက်နေ့မှာ ဝူမင်းသားရဲ့ လူတွေကို အကုန်လုံး ရှင်းလင်းပစ်လိုက်နိုင်တယ်။ သခင်လေးကို ရှာမတွေ့တော့ ကျုပ်တို့က ဟိုင်ယွမ်မြို့ကို လူလွှတ်ပြီး ကျန်တဲ့သူတွေကို အကုန်ခေါ်လာခဲ့တာ။ အခု တောက်ယွမ်ခရိုင်က လူတွေ အကုန်လုံး မြို့ထဲ ရောက်နေပါပြီ။
စောစောက ညီအစ်ကိုတစ်ယောက်က သခင်လေး အစေခံမလေး တစ်ယောက်ကို ခေါ်ပြီး လမ်းမပေါ်မှာ လျှောက်သွားနေတာ တွေ့တယ်လို့ မပြောရင် သခင်လေး ဒီမှာရှိနေမှန်း ကျုပ်တို့ သိမှာ မဟုတ်ဘူး။ တခြား ညီအစ်ကိုတွေကလည်း ခွဲပြီး ရှာနေကြတယ်၊ သူတို့ကို သွားပြောဖို့ လူလွှတ်လိုက်ပြီ။ ခဏနေရင် အကုန် ရောက်လာကြပါလိမ့်မယ်။
ယမ်းမှုန့်တွေ အကုန်ကုန်သွားပြီ၊ ဓားတွေ လက်နက်တွေကိုလည်း မြို့ပြင်မှာ မြှုပ်ထားခဲ့ပြီး ယူမလာခဲ့ဘူး။”
ဖန်ကျန်းရီက ခေါင်းဆက်တိုက် ညိတ်ကာ ဆိုသည်။ “ကောင်းတယ်... ကောင်းတယ်၊ ကောင်းတယ်။ ညီအစ်ကိုတွေထဲမှာ ထိခိုက်ဒဏ်ရာ ရတဲ့သူ မရှိဘူးမလား။ ကောင်းတယ်... ကောင်းတယ်၊ ညီအစ်ကိုတွေ အကုန်ရောက်လာရင် ဒီမှာ သေချာ စားသောက်ပြီး ရက်အနည်းငယ်လောက် အနားယူကြ။ ဒီရက်ပိုင်း မင်းတို့ တော်တော် ပင်ပန်းသွားပြီ။”
ဖန်ကျန်းရီမှာ အလွန် စိတ်သက်သာရာ ရသွားသည်၊ ကိုယ့်လူတွေ ဘာမှမဖြစ်တာက အကြီးမားဆုံး နှစ်သိမ့်မှုပင် ဖြစ်၏။
တခြားကိစ္စတွေက အရေးမကြီးတော့ပေ။
“လူသေတာတော့ မရှိပါဘူး၊ ဒဏ်ရာအသေးစားလေးတွေပဲ ရထားတာပါ၊ ကိစ္စမရှိပါဘူး။” ကျောက်လျဲ့က ရှင်းပြသည်။
“သခင်လေး … သခင်လေး က မြောက်ဘက်ကို သွားတာ မဟုတ်ဘူးလား။ ကျုပ်တို့ ညတိုင်း အချက်ပြနေတာ၊ သခင်လေး တစ်ခုမှ မမြင်ဘူးလား။” ကျိုးထျဲ့က ထမင်းစားရင်း မပီမသ မေးလိုက်၏။
ထိုကိစ္စကို ပြောလိုက်တော့ ဖန်ကျန်းရီက တော်တော်လေး ဒေါသထွက်သွားသည်။
“ချီးတဲ့မှ … ကျုပ်မှာ မီးမပါလို့ အချက်ပြလို့ မရခဲ့တာ။ လမ်းမှာ တောဝက်တွေနဲ့လည်း တွေ့သေးတယ်၊ တောင်ပေါ်မှာ အိပ်ရတာကလည်း ,,,, အရမ်းပင်ပန်းလွန်းလို့သာ အိပ်ရဲတာ၊ ဒုက္ခရောက်လိုက်တာ။ အားတဲ့အချိန်လေး ခဏအိပ်လိုက် လုပ်ရတယ်။ နောက်ပိုင်းကျတော့ လမ်းကြောင်းတွေ အကုန် ရှုပ်ကုန်တာပဲ။ ဒါပေမဲ့ သစ်ပင်တွေပေါ်မှာ အဝတ်စတွေ ချည်ထားခဲ့တာ ခင်ဗျားတို့ မမြင်ဘူးလား။ ပြန်သွားပြီး စစ်ဆေးကြည့်သေးလား။”
“တွေ့ပါတယ်။ ကျုပ်တို့ လွန်ခဲ့တဲ့ နှစ်ရက်တည်းက ယူတိန့်မြို့ကို ရောက်နေတာ။ အဲဒီ သေချင်စရာကောင်းတဲ့ မြို့စောင့်တပ်သားကလေ၊ ညီအစ်ကိုတွေ အကုန်လုံး ခရီးသွားလက်မှတ်တွေ ပါပါလျက်နဲ့ ကျုပ်တို့ ဝတ်ထားတာ စုတ်ပြတ်နေလို့ မြို့ထဲ အဝင်မခံဘူး။ လာဘ်ထိုးဖို့ကျတော့လည်း ပါလာတဲ့ ပိုက်ဆံက မရှိဘူး။
အဲဒါနဲ့ လမ်းမကြီးဘက် ပြန်လှည့်ပြီး နှစ်ကြိမ်လောက် လုယက်လိုက်ရသေးတယ်။ ခွေးကောင် မြို့စောင့်တပ်သား … လောဘက အရမ်းကြီးတာ၊ ငွေတုံး ဆယ်ဂဏန်းလောက် ကုန်မှပဲ ညီအစ်ကိုတွေ အကုန် မြို့ထဲ ဝင်ခွင့်ရတော့တယ်။ ဒီနေရာက သာမန်မဟုတ်ဘူး သခင်လေး။ မြို့စောင့်တပ်သား တစ်ယောက်တောင်မှ ဒီလောက် ငွေမက်နေတာ။” ကျောက်လျဲ့က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးသွား၏။
ငါ လာဘ်ထိုးခဲ့တဲ့ မြို့စောင့်တပ်သားတော့ မဟုတ်လောက်ပါဘူးနော်၊ အဲဒီအကောင်က ငါ့ဆီကနေ ပိုက်ဆံ အများကြီး ရလိုက်တော့ လောဘပိုကြီးသွားတာလား။
“အဲဒီကိစ္စကို ခဏထားလိုက်အုံး။ ဝူမင်းသားဘက်က အခြေအနေကိုရော ခင်ဗျားတို့ သွားစုံစမ်းသေးလား။” ဖန်ကျန်းရီက မေးလိုက်သည်။
“စုံစမ်းခဲ့ပါတယ်၊ ပဉ္စမနေ့ရောက်တော့ ကျုပ်တို့ လုံခြုံသွားပြီလို့ သေချာ ခံစားမိတယ်။ ဆိပ်ကမ်းကို ပြန်သွားပြီး အခြေအနေကို စစ်ဆေးကြည့်တယ်။ အဲဒီအချိန်ကျတော့ သင်္ဘောတွေ ထွက်သွားပြီ။ ကျုပ်တို့ ဖျက်ဆီးလိုက်တဲ့ သင်္ဘောကလည်း မီးလောင်ပြာကျသွားပြီ။ အပိုင်းအစ တချို့နဲ့ ဝူမင်းသား ချန်ထားခဲ့တဲ့ ပစ္စည်းတွေလောက်ပဲ ကျန်တော့တယ်။”
မီးရှို့လိုက်တာလား... ဝူမင်းသားဆိုတဲ့ ခွေးကောင်က သင်္ဘောအပျက်ကိုပါ မီးရှို့သွားတာပဲ။
အခုတော့ ပြဿနာ နည်းနည်း ကြီးသွားပြီ၊ ဝူမင်းသားရဲ့ သင်္ဘောကြီးက တကယ့် ပစ္စည်းကောင်းပဲ၊ အဲဒါကို ပြန်ယူပြီး အတုခိုး တည်ဆောက်နိုင်မယ်ဆိုရင် အချိန်တော်တော်များများကို သက်သာစေမှာ သေချာတယ်။
ရှဲ့ရှန်းက ဖန်ကျန်းရီ ရုတ်တရက် မျက်မှောင်ကုတ်ကာ စဉ်းစားနေသည်ကို ကြည့်ပြီး မေးလိုက်သည်။ “သခင်လေး … ကျုပ်ကျိုးထျဲ့တို့ ပြောတာ ကြားတယ်။ အစတုန်းက သခင်လေးက ဝူမင်းသားကို မသတ်ဖို့ တားထားတယ်ဆို၊ ဘာလို့ တားခဲ့တာလဲ၊ သူ့ကို သတ်လိုက်ရင် အရမ်းကြီးမားတဲ့ ကောင်းကျိုးတစ်ခု ရမှာ မဟုတ်ဘူးလား။”
အပိုင်း (၅၁၂) သမိုင်း၏ ဖြစ်စဉ်။
ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဝူမင်းသားကို သတ်လို့မရဘူး။ သူ ထွက်ပြေးသွားမှပဲ ကျင်းတိုင်းပြည်က ပြင်ပကမ္ဘာနဲ့ ကုန်သွယ်ဖို့ အခွင့်အရေး ရမှာ။"
"ဒါပေမဲ့ ကျုပ်တို့ ကျင်းတိုင်းပြည်က ပင်လယ်ရပ်ခြားနဲ့ ကုန်သွယ်နေတာ ကြာပြီမဟုတ်ဘူးလား။ ဒါက ဝူမင်းသားနဲ့ ဘာဆိုင်လို့လဲ။" ရှဲ့ရှန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ဖန်ကျန်းရီက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်၏။ "အဲဒီ ကုန်သွယ်ရေးဆိုတာက ကလေးကလား အသေးအဖွဲလေးတွေ။ ဘာမှ အရာမရောက်ဘူး။
ဒီကမ္ဘာကြီးက အရမ်းကျယ်ဝန်းတယ်။ စူးစမ်းလေ့လာဖို့ ကျန်နေသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ကန်စွန်းဥလိုမျိုး အံ့ဖွယ်သီးနှံတွေက ပင်လယ်ရပ်ခြားမှာ အများကြီး ရှိသေးတယ်။ ဒါတင်မကသေးဘူး၊ ရွှေတောင် ငွေတောင်တွေနဲ့ ရတနာသိုက်တွေတောင် သုံးမကုန်နိုင်အောင် ရှိနေတာ။"
ကျင်းတိုင်းပြည်က ပင်လယ်ရေကြောင်း ကန့်သတ်ချက်ကို တရားဝင် မကြေညာထားသော်လည်း တကယ်တမ်း တွင် ကန့်သတ်ထားသည်နှင့် သိပ်မကွာခြားလှချေ။
သာမန်ပြည်သူများ ပင်လယ်ပြင်သို့ ထွက်ချင်ပါက အစိုးရထံ အရင်ဆုံး ခွင့်ပြုချက် တောင်းခံရ၏။ ထိုလုပ်ငန်းစဉ်များတွင် အဆင့်မည်မျှ ရှိပြီး အချိန်မည်မျှ ကြာမည်၊ မည်မျှ လာဘ်ထိုးရမည်ဆိုသည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
စည်းမျဉ်းဆိုသည်မှာ စည်းမျဉ်းသာ ဖြစ်သည်၊ အပြင်ပန်းတွင် ကြည့်ကောင်းအောင် ပြထားသော်လည်း အမှန်တကယ် အကောင်အထည်ဖော်ရာတွင် တခြားစီ ဖြစ်နေတတ်၏။
အခြားတစ်ဖက်တွင်လည်း ကျင်းတိုင်းပြည် အစိုးရက ပင်လယ်ရပ်ခြားနှင့် ကုန်သွယ်မှု ရှိသော်လည်း အများစုမှာ လက်အောက်ခံ နိုင်ငံငယ်များနှင့်သာ ဖြစ်ပြီး အခွန်ဆက်သသည့် ကုန်သွယ်မှုမျိုးသာ ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ အပိုပြောစရာ မလိုတော့ပေ။ အကြောင်းမှာ အပြန်အလှန် လက်ဆောင်ပေးသည့် စနစ်ကို အဓိကထားသောကြောင့် နှစ်စဉ်နှစ်တိုင်း အရှုံးပေါ်နေခဲ့၏။
ပြည်သူများ ပင်လယ်ပြင်သို့ ထွက်ပါက ပင်လယ်ဓားပြရန်ကို စိုးရိမ်ရပြီး အစိုးရအနေဖြင့် ရေကြောင်း ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ရမည်။
တရားဝင် ကုန်သွယ်ရေး သင်္ဘောများ ထွက်ခွာပါကလည်း အကျိုးအမြတ် မရှိပေ။
ကျင်းတိုင်းပြည် ပြည်တွင်းရေးကို ကြည့်မည်ဆိုပါကလည်း မြေဆီလွှာ ကောင်းမွန်ပြီး သယံဇာတ ကြွယ်ဝကာ ပြည်သူများက အေးချမ်းစွာ နေထိုင်နေကြသဖြင့် အသက်စွန့်ကာ ပင်လယ်ပြင်သို့ ထွက်ရမည့် အကြောင်းပြချက် လုံးဝ မရှိပေ။
ထိုအရာက သယံဇာတများ၏ ကျိန်စာပင် ဖြစ်သည်။ အေးအေးဆေးဆေး ထိုင်စား၍ရပြီး စည်းစိမ်ချမ်းသာ ပြည့်စုံနေသူများက အပြောင်းအလဲကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။
ထို့ကြောင့် အစိုးရအဖွဲ့အထက်မှ အောက်အထိ မည်သူကမှ ဘဏ္ဍာငွေ အမြောက်အမြား အကုန်ခံကာ မသိသေးသော နယ်မြေများကို စူးစမ်းလေ့လာလိုသည့် အကြောင်းပြချက် မရှိကြခြင်းပင်။
မုန်းတီးမှုဆိုသည်မှာ အကောင်းဆုံးသော တွန်းအားတစ်ခု ဖြစ်သည်။ ယခု ဝူမင်းသား ထွက်ပြေးသွားပြီ ဖြစ်ရာ သူ ပင်လယ်ရပ်ခြားသို့ အောင်မြင်စွာ ရောက်သွားသည်ဖြစ်စေ၊ လမ်းတစ်ဝက်တွင် သေဆုံးသွားသည်ဖြစ်စေ အရေးမကြီးတော့ချေ။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် မြို့တော်သို့ ပြန်ရောက်ပါက အခြေအနေကို ပိုမို ကြီးကျယ်အောင် လုပ်ဆောင်ပြီး အစိုးရကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေမိ၏။
သို့ပေမည့် ယခင်ကလည်း သူ မကြိုးစားခဲ့ဖူးသည် မဟုတ်ပေ၊ အနာဂတ် ရေစီးကြောင်း အပြောင်းအလဲနှင့် သက်ဆိုင်နေသဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို သူ အနည်းငယ် စိတ်ဝင်စားခဲ့သည်။
စာလွှာများတွင် နှစ်ကြိမ်ခန့် ထည့်သွင်း ရေးသားခဲ့ဖူးသော်လည်း ကျင်းဘုရင်မင်းမြတ် ၏ လျစ်လျူရှုခြင်းကို အောင်မြင်စွာ ခံခဲ့ရ၏။
သို့ပေမည့် ယခုတစ်ကြိမ်တွင်တော့ မတူတော့ပေ၊ ဝူမင်းသား မထင်မှတ်ဘဲ ပင်လယ်ပြင်သို့ ထွက်ပြေးသွားခြင်း က ရင်ထဲတွင် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။
ယင်တုန်းကတော့ လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ သူ၏ဘဝကို ပိုမို ကောင်းမွန်အောင် ဖြတ်သန်းဖို့သာ တွေးခဲ့ဖူးသည်။ သို့ပေမည့် ဝူမင်းသား၏ သင်္ဘောကြီး ပေါ်လာချိန်မှာတော့ ဖန်ကျန်းရီသည် သမိုင်း၏ ဘီးကြီးက သူ့မျက်နှာပေါ်သို့ ဖြတ်ကြိတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုက အရေးကြီးသော်လည်း သမိုင်း၏ ဖြစ်စဉ်ကိုလည်း ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်သည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သယံဇာတများက အဓိက မဟုတ်ဘဲ လောကကြီးကို အမြင်ကျယ်ကျယ် ကြည့်ရှုကာ အခွင့်အရေးကို လက်ဦးမှု ရယူနိုင်ရန်ပင်။
ကျင်းတိုင်းပြည်၏ မြေပေါ်တွင် သိပ္ပံပညာ ထွန်းကားလာရန် အခြေခံ အုတ်မြစ် မရှိသည်ကို ဖန်ကျန်းရီ လုံးဝ သိသည်။ ယခင်ဘဝ သမိုင်းစာအုပ်များထဲမှ အဖြစ်ဆိုးများသည် နောက်ထပ် နှစ်ပေါင်း ထောင်ချီ ကြာပြီးနောက်တွင် မလွဲမသွေ ပြန်လည် ပေါ်ပေါက်လာနိုင်ခြေ ရှိနေသည်။
ကျင်းတိုင်းပြည်၏ အထက်အောက် လူတန်းစားများက ဉာဏ်မကောင်း၍ မဟုတ်ဘဲ အုပ်ချုပ်သူ လူတန်းစားက အလွန် ပါးနပ်လွန်းပြီး နိုင်ငံရေး စနစ်က အလွန် ရင့်ကျက်နေသောကြောင့် ဖြစ်၏။
ဘုရင်စနစ် အုပ်ချုပ်မှုအောက်တွင် ပြည်သူများ ဆင်းရဲဒုက္ခရောက်ခြင်းသည် ဒုတိယ အရေးကြီးသည့် ကိစ္စသာ ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ တိုင်းပြည် ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဘုရင့်အာဏာ ခိုင်မာရေးပင် ဖြစ်သည်။
ထိုအရာက ခေတ်အဆက်ဆက် ဧကရာဇ်တိုင်း ရှောင်လွှဲ၍မရသော နာတာရှည် ရောဂါကြီး ဖြစ်သည်။ နည်းပညာသစ်များက လူမှုဖွဲ့စည်းပုံကို ကြီးမားစွာ ပြောင်းလဲစေနိုင်သဖြင့် ထိုသို့သော ဂယက်ရိုက်ခတ်မှုများကို တားဆီးရန် သိပ္ပံပညာကို ကိုယ်တိုင် ဖျက်ဆီးကာ တံခါးပိတ်ဝါဒကိုပင် ကျင့်သုံးရန် ဝန်လေးမည် မဟုတ်ချေ။
ထင်ရှားသည့် ဥပမာတစ်ခုကတော့ ချင်မင်းဆက်က ဧကရာဇ်များပင် ဖြစ်၏။
ရုပ်သံဇာတ်လမ်းများထဲတွင် ချင်မင်းဆက် ဧကရာဇ်များကို မျက်စိမှိတ် နားပိတ်ထားပြီး အနောက်တိုင်း၏ နည်းပညာများကို အထင်သေးသည့် အရူးများလို ပုံဖော်ထားကြသည်။
သို့ပေမည့် တကယ်တမ်းတော့ ထိုသို့ မဟုတ်ချေ။ ခန်းရှီးဧကရာဇ် ကိုယ်တိုင်က နက္ခတ္တဗေဒနှင့် သင်္ချာ ပညာရပ်များကို လေ့လာခဲ့ပြီး လက်လှည့်ဂဏန်းတွက်စက်ကို သုံးကာ နှစ်ထပ်ကိန်းရင်း တွက်ချက်မှုများကိုပင် လုပ်နိုင်ခဲ့၏။
ရေကာတာ တည်ဆောက်ရေး စီမံကိန်းများတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး မြစ်ရေစီးဆင်းမှုကို မည်သို့ တွက်ချက်ရမည် ဆိုသည်ကို အရာရှိများအား သင်ပေးခဲ့သေးသည်။
ထို့အပြင် ခန်းရှီးဧကရာဇ်က ခေတ်သစ် ဆေးပညာကိုလည်း လေ့လာခဲ့ပြီး တိရစ္ဆာန်များကို ခွဲစိတ် လေ့လာခြင်းများ၊ ကျောက်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ကိုယ်တိုင် လုပ်ဆောင်ရုံသာမက လက်အောက်ငယ်သား များကိုပါ လိုက်လုပ်ခိုင်းခဲ့၏။
ဘာသာစကားပိုင်းတွင်ဆိုလျှင် မန်ချူးဘာသာစကားကတော့ ပြောစရာမလိုပေ။ ခန်းရှီး ကိုယ်တိုင်က တိဗက်၊ တရုတ်၊ မွန်ဂို၊ လက်တင်၊ အင်္ဂလိပ်နှင့် စပိန် ဘာသာစကားတချို့ကိုလည်း တတ်ကျွမ်းသေးသည်။ သာသနာပြု ပုဂ္ဂိုလ်များနှင့် တွေ့သည့်အခါ နိုင်ငံခြားဘာသာစကားဖြင့် ရိုးရှင်းသော စကားဝိုင်းများကိုပင် ပြောဆိုနိုင်ခဲ့သည်။
ခန်းရှီး အုပ်ချုပ်သည့် ခေတ်သို့ ရောက်လာချိန်တွင် ကမ္ဘာ့သမိုင်းက တိုးတက်ပြောင်းလဲနေပြီး တခြားနိုင်ငံများက နည်းပညာကို အသုံးပြုကာ လူမှုအသိုင်းအဝိုင်းကို ပြုပြင်ပြောင်းလဲရန် စတင်နေကြပြီ ဖြစ်သည်။ဤသို့သော လူမျိုးက ထိုအရာကို မသိဘဲ နေပါ့မည်လား။ တကယ်တော့ သိရုံတင်မကပေ၊ ကိုယ်တိုင်လည်း လေ့လာခဲ့သည်၊ ထို့အပြင် အရမ်းကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ခြင်း ဖြစ်၏။
ခန်းရှီးက သာသနာပြု ပုဂ္ဂိုလ်များကို အနောက်တိုင်း စာအုပ်များအား မန်ချူးဘာသာသို့ ဘာသာပြန်ခိုင်းပြီး သူကိုယ်တိုင် ဖတ်ရှုခဲ့သည်၊ အပြင်လူများ မသိစေရန် ဘာသာပြန်သည့် အလုပ်ကို နန်းတော်ထဲ၌သာ လုပ်ခိုင်းပြီး သူကိုယ်တိုင် ကြီးကြပ်ခဲ့သည်။
ချင်မင်းဆက်က ဧကရာဇ်များသည် အနောက်တိုင်း ဥရောပ၏ တိုးတက်မှု ဖြစ်စဉ်များကို ရှင်းရှင်းလင်းလင်း သိနေပြီး နည်းပညာ၏ စွမ်းအားကိုလည်း ကောင်းကောင်းကြီး သိထားကြ၏။
သို့ပေမည့် ထိုအရာများကို သိသိကြီးနှင့် တံခါးပိတ်ဝါဒကို ရွေးချယ်ခဲ့ကြသည်။ တစ်ခုတည်းသော အကြောင်းပြချက်က ပြည်သူများကြားတွင် မငြိမ်မသက်မှုများ မဖြစ်ပေါ်စေရန်ပင်။
တခြားနိုင်ငံများတွင် ဤသို့သော မငြိမ်မသက်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို ရိုးရာယဉ်ကျေးမှု အတွေးအခေါ်အောက်တွင် ကြီးပြင်းလာသော ဧကရာဇ်တစ်ပါး အနေဖြင့် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိချေ။
ကံကောင်းသည်မှာ ယခု အရာအားလုံးက အစပျိုးသည့် အခြေအနေတွင်သာ ရှိနေသေးသည်။
ကမ္ဘာကြီးက သီးခြားစီ ဖြစ်နေသေးပြီး ပင်လယ်ရပ်ခြား သင်္ဘောတည်ဆောက်ရေး နည်းပညာများကလည်း သိပ်ပြီး မတိုးတက်သေးပေ၊ ထို့အပြင် ဝူမင်းသား၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ပင်လယ်ရပ်ခြားတွင် ယမ်းမှုန့် မပေါ်ပေါက်သေးသည်မှာ သေချာ၏။
ကျင်းဘုရင်မင်းမြတ် သည်လည်း ရည်မှန်းချက် ကြီးမားသော ဘုရင်တစ်ပါး ဖြစ်ပြီး ကျင်းတိုင်းပြည် ကိုယ်တိုင်က ကြီးမားသော အားသာချက်များ ရှိနေသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို ဖွင့်လှစ်ပြီး ပင်လယ်ရပ်ခြားမှ ကြီးမားသော အကျိုးအမြတ်များကို ရရှိလာပါက အစိုးရတစ်ဖွဲ့လုံးသည် လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းသစ် တစ်ခုဆီသို့ ဦးတည်သွားပေမည်။
လူမှုအဖွဲ့အစည်း မငြိမ်မသက် ဖြစ်လာမည် ဆိုလျှင်တောင်မှ ထိုအရာက တကယ့် အနာဂတ် အစစ်အမှန် ဖြစ်သည်။ ဖန်ကျန်းရီက မည်သူ့ထက်မဆို ပိုမို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ကိုယ့်တစ်ယောက်တည်း အင်အားဖြင့် သမိုင်း၏ စက်သွားကို ပြောင်းလဲစေမည့် ကြီးကျယ်ခမ်းနားသော မြင်ကွင်း ကို တွေးကြည့်ပြီးနောက် ဖန်ကျန်းရီ အနည်းငယ် စိတ်လှုပ်ရှားမိခဲ့၏။
"သခင်လေး ပင်လယ်ရပ်ခြားမှာ ရတနာသိုက်တွေ ရှိတယ်ဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ။" ရှဲ့ရှန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ကျုပ်အဖေက ငယ်ငယ်တုန်းက သင်္ဘောသား တစ်ယောက်လေ၊ သူ ရောက်ဖူးလို့ ကျုပ်ကို ပြန်ပြောပြထားတာ။" ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ပင် ဖြေလိုက်၏။
"..."
သခင်လေး အဖေက ဘယ်နှစ်ယောက်လဲ။
"ကောင်းပြီ၊ အခုတော့ ပြဿနာတချို့ ရှိလာပြီ။ ဝူမင်းသားက သင်္ဘောကို မီးရှို့သွားလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဝူမင်းသား ပြောစကားအရဆိုရင် သူ့သင်္ဘောတွေကို ယူတိန့်မြို့က မိသားစုတစ်ခုက တည်ဆောက်ပေးထားတာတဲ့၊ ခင်ဗျားတို့ အရင် နားကြအုံး။ ပြီးရင် ဘယ်မိသားစုလဲဆိုတာကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်။ သိရပြီဆိုတာနဲ့ ကျုပ်တို့ ချက်ချင်း မြို့တော်ကို ပြန်ကြမယ်။ ဪ .. ဒါနဲ့ ဒီက အရာရှိတွေက ဝူမင်းသားနဲ့ အဆက်အသွယ် ရှိကောင်းရှိနိုင်တယ်။ အစိုးရမင်းတွေ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ်ပဲ လှုပ်ရှားကြ။"
"ဟိုလေ ... သခင်လေး .. ကျုပ်တို့ဆီမှာ ပိုက်ဆံမရှိတော့ဘူး။ ခရီးစရိတ် သက်သာအောင်ဆိုပြီး သခင်လေးကို တောင်ပေါ်မှာ လိုက်ရှာတုန်းက စားစရာလောက်ပဲ ယူလာခဲ့တာ၊ အခုလည်း စားစရာ နည်းနည်းလောက်ပဲ ကျန်တော့တယ်။ အဲဒါလေ … ဟိုင်ယွမ်မြို့ကို ပြန်ပြီး ငွေသွားယူဖို့ လူလွှတ်လိုက်ရမလား။" ကျောက်လျဲ့က အနည်းငယ် အားနာစွာဖြင့် မေးလိုက်သည်။
ဖန်ကျန်းရီ မှင်တက်သွားသည်။ ညီအစ်ကိုများကို လမ်းဘေးမှာ အိပ်ခိုင်း၍မဖြစ်ပေ။ ငွေပြန်ယူဖို့ဆိုသည်ကလည်း အချိန်တွေ အရမ်း ဖြုန်းရာကျလွန်း၏။
ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီက ဆုံးဖြတ်ချက်ချလိုက်သည်၊ "ခင်ဗျားတို့ဆီမှာ ပိုက်ဆံ နည်းနည်းပါးပါးတော့ ပါသေးတယ်မလား။ ဈေးပေါတဲ့ တည်းခိုခန်းတစ်ခု ရှာပြီး နှစ်ရက်လောက် ဖြစ်သလို နေကြအုံး။ ကျုပ် ခင်ဗျားတို့အတွက် ငွေရအောင် နည်းလမ်းရှာလိုက်မယ်၊ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုဘူး။"
ငွေကိစ္စကို ပြောလိုက်တော့ ကျိုးထျဲ့က မေးစေ့ကို ပွတ်ကာ ဆိုသည်။ "သခင်လေး၊ ဒီရက်ပိုင်း မြို့ထဲမှာ ဘာတွေ လုပ်နေတာလဲ၊ ဘယ်လိုလုပ်ပြီး အစေခံမလေး တစ်ယောက် ရလာတာလဲ။
လွန်ခဲ့တဲ့ နှစ်ရက်က မြို့ထဲမှာ မီးရှူးမီးပန်းတွေ လွှတ်နေတာ တွေ့တယ်၊ ကျုပ်တို့ မြို့ပြင် ရောက်နေပြီဆိုတာကို သခင်လေး ခန့်မှန်းမိလို့လား၊ ဒါမှမဟုတ် သူဌေးအိမ်က သခင်မလေးတွေကို သွားလိမ်နေတာတော့ မဟုတ်ပါဘူးနော်။"
သူတို့သုံးယောက်လုံးက စပ်စုချင်သော မျက်လုံးများဖြင့် ဖန်ကျန်းရီကို တပြိုင်နက် ကြည့်လိုက်ကြရာ ဖန်ကျန်းရီ၏ မျက်နှာမှာ ရဲတက်သွား၏။ "ခင်ဗျားတို့ ဘယ်လိုတွေ ပြောနေတာလဲ၊ သခင်လေး ကျုပ်က အဲဒီလို အဆင့်အတန်း မရှိတဲ့ အလုပ်မျိုး လုပ်ပါ့မလား။"